← Chapters

ကလိမ်ကကျစ် လှည့်ကွက်

Vol. 71 Ch. 986

ကလိမ်ကကျစ် လှည့်ကွက်

Vol. 71 Ch. 986

အားကောင်းသည့် စွမ်းအားစက်ကွင်းက မိုဝူကျိ၏ ဝဲကတော့ စွမ်းအားစက်ကွင်းဆီ ပြေးဝင်လာသည်။ ကံဆိုးစွာဖြင့် မိုဝူကျိ၏ ဝဲကတော့ စွမ်းအားစက်ကွင်းသည် အလွန်တရာ အားကောင်းနေသည်။ မိုဝူကျိ၏ ပြိုင်ဖက်မှာ ကနဦး နတ်ဘုရား အဆင့် ၉ ကျင့်ကြံသူ ဖြစ်သော်လည်း သူတို့ စွမ်းအားစက်ကွင်း အချင်းချင်း တွေ့ဆုံသွားသည့်အခါ စမ်းချောင်းက သံမဏိနံရံကြီးနှင့် ထိတွေ့သွားသည့်အလား ဖြစ်သွားသည်။ မိုဝူကျိ၏ ဝဲကတော့ စွမ်းအားစက်ကွင်းအပေါ်တွင်  သက်ရောက်မှု မရှိပေ။

ထိုစဉ် မိုဝူကျိက ကနဦး နတ်ဘုရားအဆင့် ၉ ကျင့်ကြံသူအား စင်ပေါ်မှ လွင့်စင်သွားစေရန် လက်ဝါးတစ်ချက်သာ လိုအပ်တော့သည်။

မိုဝူကျိက သက်ပြင်းချလိုက်၏။ သူက ကနဦး နတ်ဘုရား အဆင့် ၉ ကျင့်ကြံသူကို အလွယ်လေး ဖိနှိပ်ထားနိုင်ခဲ့သောကြောင့် အားလုံး၏ အာရုံစိုက်မှုကို ဖမ်းစားသွားလိမ့်မည်ဟု သတိထားလိုက်မိ၏။

မိုဝူကျိက ထိုအတွေးဖြင့် သူ့ဝဲကတော့ စွမ်းအားစက်ကွင်းကို ကူကယ်ရာမဲ့စွာ ဖြေလျော့လိုက်ရတော့သည်။

ဤကနဦး နတ်ဘုရားအဆင့် ၉ ကျင့်ကြံသူက မိုဝူကျိကို မျက်လုံးထဲပင် မထည့်ပေ။ သို့သော် သူ့စွမ်းအားစက်ကွင်းက ကျောက်ဆောင်ဆီ သွားပေါက်သည့် ကြက်ဥကဲ့သို့ ဖြစ်နေကြောင်း သတိထားမိလိုက်သည့်အခါ တုန်လှုပ်သွားတော့သည်။ ထိုစဉ် တစ်ဖက်လူက အားကောင်းသည့် စွမ်းအားစက်ကွင်းကို ထုတ်လွှင့်လိုက်လျှင် သူ့အသက်လေး ခြိမ်းခြောက်ခံရနိုင်ကြောင်း သိလိုက်သည်။

သူ့တွင် အချိန်မရှိတော့သည်ကို သိသော်လည်း ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူက သူ့ မှော်ရတနာ အသွားသုံးချောင်း ခရင်းခွကို ထုတ်ယူလိုက်သည်။

ကနဦး နတ်ဘုရားအဆင့် ၉ ကျင့်ကြံသူက အားကုန်ထုတ်တော့မည့်အချိန်လေး၌ သူ့စွမ်းအားစက်ကွင်းမှာ တစ်ဖက်လူ၏ ထူးထူးဆန်းဆန်း ဝဲကတော့ စွမ်းအားစက်ကွင်းကို ချိုုးဖောက်သွားကြောင်း ရုတ်ချည်း ခံစားမိလိုက်သည်။ သူ့တစ်ကိုယ်လုံးမှာ ဖိအားများအောက်မှ ကင်းလွှတ်သွားလေ၏။

ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူက ဝမ်းသာဝမ်းမြောက်စွာဖြင့် မိုဝူကျိထံ အလင်းတန်းတစ်ချက် ပို့လွှတ်လိုက်တော့သည်။ ဤသည်မှာ သူ့အားအကောင်းဆုံး တိုက်ကွက် ဖြစ်သည့် အာကာပြင်ဓားတော တိုက်ကွက် ဖြစ်၏။

မိုဝူကျိက ထိုတိုက်ကွက်ကို ရှောင်ရှားလိုက်ပြီးနောက် လက်သီးတစ်ချက် ပြန်လည် ပို့လွှတ်လိုက်သည်။

စင်အောက်ရှိ ကျင့်ကြံသူအားလုံးက မိုဝူကျိ၏ လက်သီးချက်သည် အာကာပြင်ခွင်းထွက်လာသည့် နေတစ်စင်းအလား ခံစားမိလိုက်ကြသည်။ ဤသည်က ကနဦး နတ်ဘုရားအဆင့် ၉ ကျင့်ကြံသူ၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ကျရောက်လာသည်။

ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူသည် လွှင့်ထွက်သွားလေ၏။ သူက သွေးတစ်ပွက် အန်ထုတ်လိုက်ပြီးနောက် စင်အောက်သို့ ဘုန်းခနဲ ပြုတ်ကျလာသည်။

မိုဝူကျိက သူ့စွမ်းအားစက်ကွင်း ချေဖျက် လက်သီးချက်ကို အသုံးပြုလိုက်ခြင်းမှာ သူ့ကိုယ်သူ မီးဓာတ် သဘာဝ ကျင့်ကြံသူအဖြစ် ပြသထား၍ ဖြစ်ပေသည်။ ထို့အပြင် သူ့ကျင့်ကြံဆင့်က ကနဦး နတ်ဘုရားနောက်ပိုင်းအဆင့်ပင် မရောက်သေးကြောင်း သိသာနေသောကြောင့် ကနဦး နတ်ဘုရားအဆင့် ၉ ကျင့်ကြံသူ စင်ပေါ်မှ ပြုတ်ကျသွားဖို့ရာ သူ့အားအကောင်းဆုံး တိုက်ကွက်ကို ထုတ်သုံးပြရန် လိုအပ်ပေသည်။

မီးဓာတ် သဘာဝ ကျင့်ကြံသူအနေနှင့် သူ့အကောင်းဆုံး တိုက်ကွက်မှာ မီးဓာတ် လျို့ဝှက်တိုက်ကွက် ဖြစ်သင့်ပေ၏။

မိုဝူကျိက တစ်ဖက်လူ စင်ပေါ်မှ လွှင့်စင်သွားသည်ကို ကြည့်ရင်း မပျော်မရွှင် ခံစားမိလာသည်။ သူက သူ့စွမ်းအားစက်ကွင်းကို ထိန်းချုပ်ရရုံတင်မက စွမ်းအားစက်ကွင်း ချေဖျက် လက်သီးချက် အင်အားကိုလည်း တစ်ဝက်မျှ လျော့ချထားရသေးသည်။

ထိုလက်သီးချက်ကို ထုတ်လွှင့်ပြီးနောက် သူက အသက်တစ်ရှိုက်စာမျှပင် မလိုလိုက်ပေ။ သူ့ဟန်ဆောင်မှုအား ဆက်လက် ထိန်းထားရန် ဆေးလုံးတစ်လုံး မသောက်ပြဘဲ မနေနိင်တော့ပေ။

မိုဝူကျိက သူ့စွမ်းအားစက်ကွင်း ချေဖျက် လက်သီးချက် အင်အား တစ်ဝက်လျော့ချထားသော်လည်း စင်အောက်မှ လူများအား ကြောင်အမ်းသွားစေသေးသည်။

“ အားကောင်းလိုက်တဲ့ တိုက်ကွက်ပဲ။ ဒီလူရဲ့ ကျင့်ကြံဆင့်က သိပ်မမြင့်ပေမဲ့ သူက အားကောင်းသား။ ဒီမီးဓာတ် တိုက်ကွက်ကလည်း သူ့မီးဓာတ် သဘာဝ ဝိညာဉ်ကြောကို အဆုံးအစွန်အထိ အသက်ဝင်လာစေတာ နေမယ် ” လူအုပ်ထဲမှ တစ်ယောက်က တအံ့တဩ ပြောလိုက်သည်။

“ တကယ်လို့ ငါ့မှာ အဲလိုတိုက်ကွက်မျိုးသာ ရှိရင် ကနဦး နတ်ဘုရား အဆင့် ၅ ဆိုရင်တောင် စင်ပေါ် တက်ရဲတယ် ”

………….…

လူများစွာက မိုဝူကျိ၏ အားကောင်းလှသည့် လျိူ့ဝှက်တိုက်ကွက်အကြောင်း ဆွေးနွေးနေကြသော်လည်း ခပ်ပုပု အမျိုးသားက စင်ပေါ် တက်သွားသေး၏။ သူက မိုဝူကျိရှေ့တွင် မတ်မတ် ရပ်နေသည်။

ဤသူက ကနဦး နတ်ဘုရား အဆင့် ၈ ကျင့်ကြံသူ ဖြစ်၏။ သူ စင်ပေါ် တက်လာသည်နှင့် မိုဝူကျိဆီ ရွယ်၍ ခုတ်ချလိုက်သည်။

မိုဝူကျိက ရှောင်လိုက်၏။ ဤကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူ၏ ဓားသွားမှာ ရေဖြန်းလိုက်သလို ဖြစ်ပြီး စင်မြင့် တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ စင်အောက်ရှိ လူများကလည်း ဓားသွားက စင်ပေါ်တစ်ခုလုံး ဖြတ်ပြေးသွားသည်ကို မြင်လိုက်ကြသည်။ တစ်ချိန်တည်းဆိုသလို မိုဝူကျိက ဓားအလင်းအတွင်း ဘယ်ညာ ခုန်ရှောင်နေသည်ကို မြင်လိုက်ရသည်။

အမွေးတိုင်ဝက်စာ ရှောင်နေပြီးနောက် စင်အောက်ရှိ လူများက မိုဝူကျိသည် အခွင့်အရေးကို အမိအရ ဖမ်းဆုပ်၍ လက်သီးတစ်ချက် ပစ်လွှတ်လိုက်ကြောင်း တွေ့လိုက်ရသည်။ ဤသည်မှာ ယခင်တိုက်ပွဲက သုံးခဲ့သည့် လက်သီးချက်နှင့် အတူတူ ဖြစ်၏။

ခပ်ပုပု အမျိုးသားလည်း မိုဝူကျိကြောင့် စင်ပေါ်မှ လွှင့်စင်သွားတော့သည်။ သူလည်း သွေးတစ်ပွက် အန်ပြီး စင်အောက်သို့ ပြုတ်ကျလာ၏။ ထို့နောက် မိုဝူကျိက ဆေးတစ်လုံးကို ထပ်မျိုချလိုက်သည်။

မိုဝူကျိက ဆေးလုံး မသောက်ခင် လက်သီးတစ်ချက်သာ ထုတ်လွှင့်လိုက်သည်ကို သတိပြုမိပြီး မြောက်များစွာသော ကျင့်ကြံသူများက စင်ပေါ်ဆီ အပြေးအလွှား တက်ဖို့ ကြိုးစားကုန်ကြသည်။ နောက်ဆုံး၌ အမျိုးသမီး ကျင့်ကြံသူ တစ်ဦးက အခွင့်အရေးကို ဖမ်းဆုပ်နိုင်လိုက်သည်။

နောက်တိုက်ပွဲ၌လည်း မိုဝူကျိက အမျိုးသမီး၏ တိုက်ခိုက်မှုများကို ဆက်လက် ရှောင်ရှားရင်း အခွင့်အရေး ရလာသည့်အခါ လက်သီးတစ်ချက်သာ ပစ်လွှတ်လိုက်ပြီး ဆေးလုံးကိုသာ သောက်သုံးလိုက်သည်။

တူညီသည့် လက်သီးချက်၊ တူညီသည့် မီးတောက်၊ တူညီသည့် ရလဒ်မျိုးသာ ထွက်လာခဲ့သည်။

လေးနာရီကြာမြင့်ပြီးနောက် မိုဝူကျိ၏ တိုက်ပွဲစင်မြင့်ဘေးတွင် ရှိနေသော အားလုံးက  မိုဝူကျိသည် မည်သို့လူစား ဖြစ်ကြောင်း ကောင်းကောင်း သိသွားကြသည်။ မီးဓာတ် ဝိညာဉ်ကြောပိုင်ရှင် ကနဦး နတ်ဘုရား အဆင့် ၆ ကျင့်ကြံသူ ဖြစ်၏။ သူ့ဝိညာဉ်ကြောမှာ မဆိုးလှသော်လည်း အနည်းဆုံးတော့ အားလုံးက သူ့မီးဓာတ် အငွေ့အသက်ကို ခံစားမိကြပေသည်။

ဤကျင့်ကြံသူတွင် လှုပ်ရှားကွက် သုံးမျိုးသာ ရှိပြီး ပထမလှုပ်ရှားမှုမှာ တစ်ဖက်လူ၏ တိုက်ခိုက်မှုကို ရှောင်ရှားခြင်း ဖြစ်သည်။ ထို့နောက် သူက အခွင့်အရေးကို အသုံးချ၍ ဒုတိယလှုပ်ရှားကွက် ဖြစ်သည့် မီးဓာတ် လက်သီးချက်ကို ထုတ်ဖော်လိမ့်မည်။ ထို့နောက် တတိယလှုပ်ရှားကွက်မှာ ဆေးလုံးကို သောက်ပြီး ပြန်လည် ကောင်းမွန်လာမည် ဖြစ်၏။

အဓိက လှုပ်ရှားကွက်မှာ သူ့မီးဓာတ် လက်သီးချက်သာ ဖြစ်၏။ စင်ပေါ်ရှိ မည်သူကမှ မရှောင်ရှားနိုင်ကြပေ။

ထိုသို့ဆိုလျှင်ပင် ကျင့်ကြံသူများစွာက သူ့စင်ပေါ်ရှိ အဆုံးမရှိ တက်နေကြဆဲ ဖြစ်သည်။ ယခုအချိန်အထိ မိုဝူကျိ၏ စင်မြင့်အထက်၌ မည်သူမှ အသတ်မခံရသေးပေ။

ဤသည်မှာ မြင်ရခဲ၏။ အကြောင်းမှာ တိုက်ပွဲဆယ်ပွဲကျော် ဆက်တိုက် တိုက်ခိုက်ပြီးနောက် မည်သူကိုမှ မသတ်ရသေးသည်မှာ အံ့ဖွယ် ဖြစ်နေလေပြီ။ သို့သော်လည်း အားလုံးက မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ နိမ့်ကျလွန်းပြီး နည်းလမ်းမှာ ရိုးရှင်းလွန်းသည်ဟုသာ တွေးနေမိကြသည်။

ကနဦး နတ်ဘုရားအဆင့် ၆ ကျင့်ကြံသူက တစ်ဖက်လူ၏ တိုက်ခိုက်မှုများကို ရှောင်ရှားပြီး လက်သီးတစ်ချက် ပစ်လွှတ်ခြင်းသာ ဖြစ်သည့်အတွက် သူ့တွင် သတ်ဖြတ်စွမ်း ရှိနေသည်မှာ မဖြစ်နိုင်သလောက် ဖြစ်ပေသည်။

နေရောင်က ရှိနေသေးပြီး မိုဝူကျိက တိုက်ပွဲ ၂၈ ပွဲ ဆက်တိုက် အနိုင်ရခဲ့သည်။ ပိတ်ကားချပ်၌ နောက်ဆုံးလူ ရထားသည့် အမှတ်မှာ ၂၉ မှတ် ဖြစ်၏။ မိုဝူကျိက တိုက်ပွဲ နှစ်ပွဲ နိုင်လျှင် သူ့နာမည်လည်း ပိတ်ကားချပ်၌ ပေါ်လာမည် ဖြစ်ကြောင်း မှန်းဆမိလိုက်သည်။

“ ဒီလူတော့ ကြာကြာ တောင့်မခံနိုင်လောက်တော့ဘူး။ ကြည့်ကြည့်  … သူ့တိုက်ကွက်က ဖြည်းဖြည်းချင်း အားနည်းလာပြီ။ ပြီးတော့ သူက တစ်ဖက်လူကို တိုက်ဖို့ အတော် စောင့်နေရတာပဲ ”

“အဓိက အကြောင်းအရင်းက အဲဒီလူ သဘာဝစွမ်းအား သိုလှောင်ဆေးလုံးတွေ အများကြီး စားလို့ နေမယ်။ အကောင်းဆုံး ဆေးလုံးတောင် ဆေးအဆိပ် ရှိတာပဲ မဟုတ်ဘူးလား။ တကယ်လို့ သူသာ မဖယ်ရှားရင် သူ့ဝိညာဉ်လမ်းကြောင်းတွေ ပိတ်ပြီးတော့ စိတ်စွမ်းအားနဲ့ သဘာဝစွမ်းအားအပေါ် သက်ရောက်မှု ရှိလာလိမ့်မယ်။ သူ့ကျင့်ကြံရေးပေါ်လည်း အများကြီး ထိခိုက်သွားလိမ့်မယ် ”

“ ဒါပေမဲ့ သူက ဆေးလုံး သောက်တာအပြင် ဘာလုပ်နိုင်မှာလဲ။ တကယ်လို့ မင်းသာ ကနဦး နတ်ဘုရားအဆင့် ၆ ကျင့်ကြံသူဆိုရင် တိုက်ပွဲ ဆက်တိုက် နိုင်ဖို့ တခြားဘာနည်းလမ်း ရှိလို့လဲ ”

“ ကျုပ်တော့ တိုက်ပွဲအတွင်း ဆေးလုံး မသောက်ခိုင်းသင့်ဘူး ထင်တာပဲ။ ဒါက မသမာတာပဲ ”

…………..…

စင်အောက်ရှိ ဆွေးနွေးမှုများက မိုဝူကျိအပေါ် သက်ရောက်မှု မရှိချေ။ ယခု မိုဝူကျိက ၂၉ ပွဲ နိုင်ထားလေပြီ။ သူ့နာမည်က ပိတ်ကားချပ်‌ပေါ် ပေါ်မလာသေးသော်လည်း နောက်တစ်ပွဲ နိုင်ပါက သူ့နာမည် ပေါ်လာတော့မည် ဖြစ်ကြောင်း အသေအချာ သိနေသည်။

အကယ်၍ မိုဝူကျိက လုပ်နိုင်လျှင် ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန်မှ ထုတ်လုပ်ထားသော ဆေးလုံးများကို စာစရာ မလိုတော့ပေ။ သူ့အမြင်အရ ဆန်ကို ပျော်ရွင်ဖို့ရာသာ ချက်ပြုတ်စားသင့်ပေသည်။ သူက အလကား ဖြုန်းတီးနေခြင်းသာ ဖြစ်နေ၏။ သို့သော် သူက မစားလျှင် ကနဦး နတ်ဘုရားအဆင့် ၆ ကျင့်ကြံသူအနေနှင့် မည်သို့ တိုက်ပွဲ ဆက်တိုက် နိုင်မည်နည်း။

“ ဒီလူက မီးစာကုန်တဲ့ ဖယောင်းတိုင်လိုပဲ … ငါ သူ့ကို ရှင်းပစ်မယ် ” ခပ်ကြမ်းကြမ်း အမျိုးသားက သရော်ကာ စင်ပေါ်သို့ တက်လာ၏။

သူ စင်ပေါ်သို့ တက်လာသည်နှင့် သူ့အားကောင်းလှသည့် စွမ်းအားစက်ကွင်းဖြင့် မိုဝူကျိအား ပိတ်လှောင်ထားလိုက်သည်။ ကနဦး နတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့်ရှိ ကျင့်ကြံသူ တစ်ဦး၏ အင်အားကား ထွက်ပေါ်လာလေ၏။

မိုဝူကျိက စွမ်းအားစက်ကွင်းအတွင်း ဆွဲသွင်းခံလိုက်ရသည့်အခါ လေးတိလေးကန် ဖြစ်သွားပြီး သူ့လှုပ်ရှားမှုများကိုလည်း ဖိအားပေးခံရသလို ဖြစ်လာသည်။

“ ကောင်စုတ်လေး မင်းက ငါတို့ နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးရဲ့ အကျိုးစီးပွားကို လိုက်ဖျက်စီးရဲတယ်ပေါ့။ သေစမ်း  ” ခပ်ကြမ်းကြမ်း အမျိုးသားက အလျှင်စလို ပြောလိုက်သည်။ ထို့နောက် လွှသွား ဓားချက်က မိုဝူကျိဆီ ကျရောက်လာသည်။

မိုဝူကျိက လွတ်မြောက်ဖို့ ရုန်းကန်လိုက်သော်လည်း ဤလူ၏ စွမ်းအားစက်ကွင်းမှာ အတော်လေး အားကောင်းသောကြောင့် သူ့အနေနှင့် ဘာမှမလှုပ်ရှားနိုင်ပေ။

မိုဝူကျိက ကပျာကယာဖြင့်  “ကျုပ်က ဒီကို စည်းမျည်းအတိုင်း လာတာလေ။ နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးရဲ့ အကျိုးစီးပွားကို ဘာများ ထိခိုက်စေလို့လဲ။ ကျုပ်လည်း နယ်လှည့်ကျင့်ကြံသူပဲ ”

ခပ်ကြမ်းကြမ်းအမျိုးသားက ခပ်တိုးတိုးဖြင့်  “ကောင်စုတ်လေး မင်းကို နောင်တမရှိဘဲ သေစေရမယ်။ ငါတို့ နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးက ဘယ်သူတွေ နေရာရမလဲဆိုတာ သတ်မှတ်ပြီးသား … မင်းလိုမျိုး နယ်လှည့်ကျင့်ကြံသူ တစ်ယောက်က နေရာကို လိုချင်နေမှတော့ သေစမ်း ”

ဤလူလည်း  နယ်လှည့်ကျင့်ကြံသူ တစ်ယောက် ဖြစ်ကာ နယ်လှည့်ကျင့်ကြံသူ တစ်ယောက်အား အဘယ်ကြောင့် နှိမ်နေရသနည်း။ ထိုအခိုက်အတန့် မိုဝူကျိက နားလည်သွားတော့သည်။ တိုက်ပွဲအများစုက အတုအယောင်သာ ဖြစ်လိမ့်မည်။ နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးက အမှတ်ရစေရန် ပွဲကို သပ်သပ်စီစဉ်ပေးထားလောက်၏။ အမှတ် ပေးလိုက်ရသည့် လူများလည်း ရှိပေမည်။ တစ်ဖက်တွင် သူ့လိုမျိုး ဘာမှမသိသူများက မကြာခင် အသတ်ခံလိုက်ရခြင်းသာ ဖြစ်လိမ့််မည်။

နေရာရှစ်ဆယ်၌ ပထမနေရာမှာ အမှတ်တစ်ရာကျော်နေခြင်းမှာ မထူးဆန်းတော့ပေ။ အဆိုးဆုံးလူမှာ ၂၉ မှတ် ဖြစ်နေသည်။ အားအကောင်းဆုံး ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူပင် တိုက်ပွဲ ၁၀၀ ဆက်တိုက် တိုက်ဖို့ ခက်ခဲပေလိမ့်မည်။ မိုဝူကျိက ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူတိုင်းသည် သူ့လိုမျိုး ချီသွေးကြော ကျင့်စဉ်ကို လေ့ကျင့်လိမ့်မည်ဟု မထင်ပေ။ ထို့အပြင် သူ့တွင် ချီသွေးကြော ၁၀၈ ခု ရှိထားပြီး စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းလည်း ပါရှိသည်။ သူက အသိစိတ်ပင်လယ်အတွင်း ခရမ်းရေကန်လည်း ပိုင်ဆိုင်ထားသေး၏။

အမြင်နှင့်တင် နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်ရှိ နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးကို ကိုယ်စားပြုသော သူများမှာ ဂိုဏ်းကြီးများ သို့မဟုတ် မျိုးနွယ်စုများမှသာ ဖြစ်လိမ့်မည်။

နယ်လှည့်ကျင့်ကြံသူများက နယ်လှည့်ကျင့်ကြံသူများသာ ဖြစ်၏။ သူတို့က ခပ်ကြမ်းကြမ်း လူကြီး ပြောသည့်အတိုင်း “ ပါးမွှား” သာ ဖြစ်ပေသည်။

ဤသည်မှာ ကလိမ်ကကျစ် ကျခြင်းသာ ဖြစ်၏။

မိုဝူကျိက သက်ပြင်းချလိုက်သည်။ ဂုဏ်ထူးဆောင် မျှော်စင်တွင် ဖြစ်စေ၊ ပြိုင်ပွဲတွင် ဖြစ်စေ တရားမျှတသည့် နေရာဟူ၍ မရှိပေ။

မိုဝူကျိက ယခင် နယ်လှည့်ကျင့်ကြံသူများကို အသက် ချမ်းသာပေးခဲ့သည့် သူ့အတွေးက မည်မျှပင် ရယ်မောဖွယ် ဖြစ်နေကြောင်း သတိပြုမိလိုက်သည်။

ဤသို့ဆိုမှတော့ သတ်ပစ်ရမည်။ သူ မိုဝူကျိ အသက်ကို လိုချင်သူများသည် သူတို့အသက်နှင့် ပြန်ပေးဆပ်သင့်၏။ ယခင် သူက လူများ သူ့ကို သတိမပြုမိစေလိုပေ။ ယခု သူက ဘာမှဂရုမစိုက်နိုင်တော့ချေ။ အကုန်တွေးပြီး စိုးရိမ်နေခြင်းက သူ့အကျင့်နှင့် မကိုက်ညီပေ။

လွှသွားဓားချက်က မိုဝူကျိ၏ ဦးခေါင်းအထက်သို့ ရောက်ရှိလာသည်။ ယခင် ပိတ်လှောင်ခံထားရသော မိုဝူကျိက လျိူ့ဝှက်နည်းစနစ်တချို့ ထုတ်သုံးလိုက်ဟန် ပေါ်သည်။ သူ့ပုံရိပ်က ရုတ်ချည်း ပျောက်ကွယ်သွားပြီး လက်သီးချက်ကို ထုတ်လွှင့်လိုက်သည်။

“ ဝုန်း ” မိုဝူကျိနှင့် ရင်ဆိုင်နေသည့် လူကြီးက ထိုလက်သီးချက်ကြောင့် လွှင့်စင်သွားပြန်သည်။

အားလုံးက မိုဝူကျိ၏ အပြုအမူကြောင့် တအံ့တဩ ဖြစ်ကုန်ကြပြီး ထိုလွှသွားဓားချက်ကို ရှောင်ရှားလိုက်သည့် အပြုအမူကို အထင်ကြီးကုန်ကြသည်။ သို့သော်လည်း မည်သူကမှ ခပ်ကြမ်းကြမ်း လူကြီးအား စိုးရိမ်ခြင်း မရှိပေ။ အကြောင်းမှာ မိုဝူကျိ၏ တိုက်ခိုက်စွမ်းအားတွင် သတ်ဖြတ်စွမ်း ကင်းမဲ့နေကြောင်း သိထား၍ ဖြစ်သည်။ အများဆုံး ထိုလူက သွေးတစ်ပွက်အန်၍ အပေါ်ယံ ဒဏ်ရာတချို့သာ ရသွားလိမ့်မည်။

သို့သော် နောက်အခိုက်အတန့်လေး၌ အားလုံးက တုန်လှုပ်ကုန်ကြသည်။ ခပ်ကြမ်းကြမ်း အမျိုးသား စင်ပေါ်မှ လွှင့်စင်သွားသည့်အခါ သူ့တစ်ကိုယ်လုံးမှာ သွေးမြူအဖြစ် ပေါက်ကွဲထွက်သွား၏။ သူ့ကမ္ဘာဦး စိတ်ဝိညာဉ် ထွက်လာသည့်အခါ မီးတောက်၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး အစအနမရှိ ပျောက်ကွယ်သွားရတော့သည်။

ဤသည်မှာ ဝိညာဉ်တစ်ခုအား ဇိဝိန်ချုပ်ပေးလိုက်ခြင်း ဖြစ်၏။

***

All Chapters