နယ်လှည့်ကျင့်ကြံသူ အစည်းအရုံး
Vol. 71 Ch. 987
ပွဲကြည့်ပရိတ်သတ်အားလုံး၏ စိတ်နှလုံးလည်း အေးစက်သွားကြသည်။
ဒီ မီးဓာတ် သဘာဝ ဝိညာဉ်ကြောပိုင်ရှင် ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူက ဘယ်တုန်းက အားကောင်းသွားတာလဲ …
သိပ်မကြာခင် အများစုက အဖြစ်အပျက်ကို နားလည်သွားကြသည်။ ယခင် ဤကျင့်ကြံသူက သနားညှာတာပေးနေခြင်းသာ ဖြစ်၏။ သို့သော် ဤတစ်ကြိမ်၌ တစ်ဖက်လူက သူ့အသက်ကို လိုချင်လာပြီ ဖြစ်ရာ ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူက ရက်စက်ပြလိုက်ခြင်း ဖြစ်သည်။
လူအုပ်ကြီးက ခဏတာ တိတ်ဆိတ်သွားလေ၏။ ယခင်ကဲ့သို့ စင်ပေါ် အလုအယက် တက်ရန် ကြိုးစားကြသည့် မြင်ကွင်းမှာ ယာယီ ပျောက်ကွယ်သွားတော့သည်။
မိုဝူကျိက ကောင်းကင်နတ်ဘုရား တပိုင်း အဆင့် ကျင့်ကြံသူအား လက်သီးတစ်ချက်တည်းဖြင့် အမှန်တကယ် သတ်ပစ်လိုက်နိုင်သည်။ ဤအပြုအမူက အားလုံးအား ကြက်သေ သေသွားကြသည်။ ထိုစဉ် မည်သူကမှ သူ့အား စိမ်မခေါ်ရဲကြတော့ပေ။
သို့သော်လည်း သိပ်မကြာလိုက်ပေ။ ကနဦး နတ်ဘုရားအဆင့် ၉ ကျင့်ကြံဆင့်ရှိသည့် မီးခိုးရောင် ဝတ်စုံနှင့် ကျင့်ကြံသူ တစ်ဦးက စင်ပေါ် တက်လာသည်။သူ စင်ပေါ် တက်လှမ်းလာပြီးနောက် စကားတစ်ခွန်းမှ မပြောပေ။ သူက မှော်ရတနာကိုသာ ထုတ်လိုက်သည်။ သတ်ဖြတ်ငွေ့များက စင်မြင့်တစ်ခုလုံး ပြည့်နှက်သွားလေ၏။ စင်မြင့်အထက်တွင် အတားအဆီးများ ရှိသော်လည်း စင်ဘေးရှိ ကျင့်ကြံသူများက ခံစားမိနေဆဲ ဖြစ်သည်။ ဤကျင့်ကြံသူက မိုဝူကျိအား သတ်ရန် ဆုံးဖြတ်ထားသည်မှာ သိသာလှသည်။
မိုဝူကျိက တစ်ဖက်လူ၏ တိုက်ခိုက်မှုများကို တမင် ရှောင်လိုက်သေး၏။ ထို့နောက် လက်သီးတစ်ချက် ပစ်ခွင်းလိုက်သည်။
ချွင်းချက်မရှိ ထိုမီးခိုးရောင် ဝတ်စုံနှင့် ကျင့်ကြံသူသည်လည်း စင်ပေါ်မှ လွှင့်စင်သွားတော့သည်။ ဤတစ်ကြိမ်၌ မည်သူကမှ မိုဝူကျိကို မကြည့်ကြတော့ဘဲ မီးခိုးရောင် ဝတ်စုံနှင့် ကျင့်ကြံသူကိုသာ ကြည့်လိုက်ကြသည်။
ထိုမီးခိုးရောင် ဝတ်စုံနှင့် ကျင့်ကြံသူက လေထဲ၌ ပေါက်ကွဲထွက်သွားကာ ဝိညာဉ် ပျက်သုန်းခြင်းနှင့်ပါ ရင်ဆိုင်လိုက်ရသည်။
ပွဲကြည့်ပရိတ်သတ်အားလုံးက ပွစိပွစိ ဆွေးနွေးကုန်ကြသည်။ မည်သူကမှ မိုဝူကျိသည် သဘောကောင်းသူ ဖြစ်ကြောင်း ဆက်လက်၍ မယုံတော့ပေ။
အားလုံးနီးပါးက ဤနယ်လှည့်ကျင့်ကြံသူသည် ဒေါသူပုန်ထနေသည်ကို မြင်တွေ့နိုင်ပေသည်။ နောက်ထပ် တက်သွားသူမှာ ဝိညာဉ် ပျက်သုန်းခြင်း ရလဒ်နှင့်သာ ရင်ဆိုင်ရမည် ဖြစ်ကြောင်း ထုတ်မပြောဘဲ သိထားကြသည်။
အမွေးတိုင်တစ်တိုင်စာ ကုန်လွန်သွားသော်လည်း မည်သူကမှ မိုဝူကျိအား စိမ်မခေါ်ရဲကြတော့ပေ။
မိုဝူကျိက အောက်ခြေရှိ သူ့နာမည်သည် ကိုးခုမြောက် နေရာသို့ ရောက်သွားကြောင်း မြင်လိုက်ရသည်။ သူက အနီရောင်လိုင်း အပေါ် ရောက်သွားလေပြီ။
ယခု ဝင်ခွင့်နေရာမှာ သူ့လက်ထဲ ရောက်ရှိလာပြီ ဖြစ်ရာ မိုဝူကျိက စင်ပေါ်မှ ဆင်းသွားလိုက်တော့သည်။
မိုဝူကျိက ရှေ့တိုက်ပွဲများအား သနားညှာတာပြခဲ့သည်ကို နောင်တမရပေ။ သူက နှစ်ယောက်ကို သတ်လိုက်၍ စိမ်ခေါ်မှု မရှိတော့ခြင်း မဟုတ်ကြောင်း သိပေသည်။ ထို့အစား သူက ရှေ့ပွဲများအား မည်သူကိုမှ မသတ်ဘဲ ဆက်တိုက် နိုင်လာ၍ ဖြစ်သည်။ ဤသည်က အားလုံးကို သူ့တွင် လူ ၂၉ ယောက်အား ဆက်တိုက် သတ်နိုင်စွမ်း ရှိကြောင်း အသိပေးလိုက်သလို ဖြစ်သွားသည်။ သူက မလုပ်ခဲ့ရုံမျှသာ ဖြစ်၏။
လူ ၂၉ ယောက်ကို စင်ပေါ်မှ လွှင့်စင်ထွက်သွားစေခြင်းနှင့်အတူ လူနှစ်ယောက်ကို သတ်ပစ်လိုက်ခြင်းက တခြားသူများအား သူ့ကို စိမ်မခေါ်ရဲအောင် ဖြစ်သွားစေသည်။ ယခု သူက ယခင်တိုက်ပွဲများ၌ သက်ညှာပေးနေပြီး ယခုအခါ ထိုသို့ဆက်မလုပ်တော့ကြောင်း အရူးပင် သိပေမည်။ အကယ်၍ တစ်ယောက်ယောက် သူ့အား စိမ်ခေါ်ရဲမည်ဆိုလျှင် ကိုယ့်သေတွင်းကို တူးမိသလို ဖြစ်လိမ့်မည်။
…………….
မိုဝူကျိက ရင်ပြင်မှ ထွက်လာပြီးနောက် စစ်ဆေးမှု ဝင်ခွင့် ကျောက်စိမ်းပြား ဖြန့်ဝေပေးသည့် နေရာသို့ ဦးတည်လိုက်သည်။
ဘုရင်ဂုဏ်ပုဒ်ဖြင့် လူများသည် သူတို့ ကျောက်စိမ်းပြားကို တန်းရကြောင်း သိထားသည်။ သူ့တွင် ဘုရင်ဂုဏ်ပုဒ် မရှိသော်လည်း သူက နယ်လှည့်ကျင့်ကြံသူ ပြိုင်ပွဲ၌ အနီရောင်လိုင်းအပေါ်တွင် ရှိသောသူ ဖြစ်၏။ စည်းမျည်းအရ အနီရောင်လိုင်းအပေါ်ရှိ ကျင့်ကြံသူများသည် နိဗ္ဗာန်အသိပညာရပ်ကျောင်းတော် စစ်ဆေးမှု ဝင်ခွင့် တစ်နေရာစာ အလိုလို ရမည် ဖြစ်၏။
“ ရှင်က ဘုရင်ဂုဏ်ပုဒ် မရှိဘူးမလား။ ရှင်က စစ်ဆေးမှုမှာ နေရာ ရထားတယ်ဆိုပေမဲ့ နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးက ကျောက်စိမ်းပြားကို ယူဖို့ လိုသေးတယ် ” ကျောက်စိမ်းပြား ဖြန့်ဝေရေး နေရာရှိ ကျင့်ကြံသူမှာ ကောင်းကင်နတ်ဘုရားအဆင့်ရှိ လူလတ်အရွယ် အမျိုးသမီး တစ်ဦး ဖြစ်၏။ သူမက မိုဝူကျိ၏ အခြေအနေကို နားလည်ပြီးနောက် အေးစက်စက် ပြောလိုက်ခြင်း ဖြစ်ပေသည်။
မိုဝူကျိ စိတ်ထဲ လေးလံမိသွားသည်။ သူက နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးနှင့် မပတ်သတ်လိုပေ။ နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးရှိ တချိုု့လူများမှာ ထိန်းချုပ်ခံထားရသည်မှာ သိသာလှသည်။ ထိုသူများက နယ်လှည့်ကျင့်ကြံသူ ဟန်ဆောင်ကာ လက်တွေ့၌ ကလိမ်ကကျစ် လုပ်နေခြင်းသာ ဖြစ်၏။
သို့သော်လည်း သူက အားနည်းလွန်းနေသည်။ နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးသို့ သွားရုံမှအပ တခြားရွေးချယ်စရာ မရှိတော့ပေ။
နိဗ္ဗာန်တာအိုမြို့၌ နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးကို အစည်းအရုံးဟု ခေါ်သော်လည်း ဂိုဏ်းကြီးများ သိုမ့ဟုတ် မျိုးနွယ်စုများနှင့် ရင်မဆိုင်နိုင်ပေ။
နယ်လှည့်ကျင့်ကြံသူ အစည်းအရုံး၏ စခန်းမှာ သိပ်မကြီးလှပေ။ သူတို့က နိဗ္ဗာန်တာအိုမြို့ အလုပ် အစည်းအရုံး၏ ပထမအထပ်တွင် ရှိပေသည်။
“ ဆေးလုံးဆရာမို …” မိုဝူကျိက ဝင်တော့မည့်ဆဲဆဲတွင် အသံတစ်သံက သူ့အား ရုတ်ချည်း လှမ်းခေါ်လိုက်လေ၏။
မိုဝူကျိက လှည့်ကြည့်လိုက်သည့်အခါ မိုးကောင်းကင်ငယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ရှီလင်းယု ဖြစ်နေသည်။ ရှီလင်းယုက အညိုရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မိုဝူကျိဆီ ပြုံးပြုံးကြီး ရောက်ရှိလာသည်။
မိုဝူကျိက လက်နှစ်ဖက် ယှက်ကာ “ ဂိုဏ်းချုပ်ကို ဒီနိဗ္ဗာန်တာအိုမြို့ထဲ တွေ့ရမယ်လို့ ထင်မထားမိဘူး ”
ရှီလင်းယုက စိတ်အားတက်ကြွစွာ ပြောလိုက်သည် “ ကျုပ် ဆေးလုံးဆရာမိုကို လာရှာတာပါ ”
မိုဝူကျိက ရှီလင်းယုသည် ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန်ကြောင့် ရောက်လာကြောင်း မှန်းဆမိလိုက်သည်။ သို့သော်လည်း သူက စိတ်ထဲ မထားပေ။ သူနှင့် ရှီလင်းယု၏ ဆက်ဆံရေးမှာ မဆိုးလှပေ။ ရှီလင်းယုက သူ့အပေါ် တစ်ခုခု အကြံဆိုးထားနေသည်လည်း မဟုတ်ချေ။
ထို့အပြင် သူက နောက်ခံမရှိသည့် လူတစ်ယောက် မဟုတ်တော့ပေ။ သူ့တွင် ချီပင်း ရှိပေသည်။ ချီပင်းက နတ်ဘုရားဘုရင်အဆင့် ၁ ဖြစ်၍ အထင်မသေးသင့်ပေ။ သူမ ကြောက်မက်ဖွယ် တိုက်ခိုက်စွမ်း ပိုင်ဆိုင်ထားသောသူ ဖြစ်၏။
မိုဝူကျိ မျက်နှာပေါ်မှ မရေမရာမှုအား သတိပြုမိကာ ရှီလင်းယုက သူတို့ဘေးပတ်လည်၌ အသံလုံ အတားအဆီးချကာ “ ကျုပ်က ခင်ဗျားရဲ့ လက်ဆောင်ကို ကျေးဇူးတင်ဖို့ ရောက်လာတာပါ။ ပြီးတော့ ဆေးလုံးဆရာက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော် စစ်ဆေးမှုမှာ ပါဝင်လောက်တယ်ဆိုတာ တွေးမိလို့ ဒီကို လာစောင့်နေတာ။ ဒါနဲ့ ဒါလေးကို ဆေးလုံးဆရာမိုဆီ ပေးချင်လို့ပါ ”
ရှီလင်းယုက ပြောလိုက်ပြီးနောက် မိုဝူကျိအား ရှေးဟောင်းစာအုပ် တစ်အုပ် ထုတ်ပေးလိုက်သည်။
မိုဝူကျိက စာအုပ်ကို လှန်ကြည့်လိုက်သည့်အခါ စာလုံးသုံးလုံးက သူ့အား စောင့်ကြိုနေလေ၏။
“ မဟာ အစီအရင် တာအို ”
အစီအရင်စာအုပ် လက်ဆောင်တဲ့လား … ဘာအဓိပ္ပါယ်လဲ …
မိုဝူကျိက ရှီလင်းယုအား နားမလည်စွာ ကြည့်လိုက်သည်။ သူက မိုးကောင်းကင်ငယ်ဂိုဏ်းရှိ မည်သူကိုမှ သူ အစီအရင်တာအို တတ်ကျွမ်းကြောင်း မပြောခဲ့ဖူးပေ။
ရှီလင်းယုက မြန်မြန် ရှင်းပြလိုက်သည် “ ကျုပ်လည်း ဆေးလုံးဆရာမိုက အစီအရင်ဆရာတစ်ယောက်ဆိုတာကို သိပ်မကြာသေးခင်ကမှ သိတာပါ။ အဲဒါနဲ့ ကျုပ် မလာခင် ဆေးလုံးဆရာမိုအတွက် ကွမ်းတင်းကို သတ်ပစ်ခဲ့တယ် ”
မိုဝူကျိက အကင်းမပါးသောသူ မဟုတ်ပေ။ သူက ရှီလင်းယု စကားကို ကြားလိုက်သည်နှင့် အသေအချာ နားလည်သွားတော့သည်။ ရှီလင်းယုက သူ ကွမ်းကျစ်အား သတ်လိုက်ကြောင်း သိသွားခြင်းသာ ဖြစ်၏။
သူကိုယ်တိုင်က အဆင့် ၄ အစီအရင်ဆရာ တစ်ယောက် ဖြစ်သော်လည်း မိုးကောင်းကင်ငယ်ဂိုဏ်း၏ အကြီးအကဲအား သူ့အတွက် အဆင့် ၄ ကာကွယ်ရေး အစီအရင်ကို ခင်းကျင်းစေခဲ့သည်။ ကိစ္စများက ထူးဆန်းနေကြောင်း သတိမပြုမိမှသာ ထူးဆန်းနေပေလိမ့်မည်။ ရှီလင်းယု၏ စွမ်းဆောင်ရည်ဖြင့် အနည်းငယ်မျှ စုံစမ်းရုံဖြင့် သူသည် ကွမ်းကျစ်ကို သတ်လိုက်ကြောင်း သိသွားတော့သည်။
ကွမ်းကျစ်က ကနဦး နတ်ဘုရားအဆင့် ၇ ကျင့်ကြံသူ ဖြစ်၏။ သူ မိုဝူကျိက ကွမ်းကျစ်အား မည်သူမှ သတိမပြုမိစေဘဲ သတ်ပစ်နိုင်ခဲ့သည်။ ဤသည်က သူသည် ကွမ်းကျစ်ထက် များစွာ အားကောင်းကြောင်း သက်သေပြပြီးသား ဖြစ်သွား၏။
မိုဝူကျိက ကွမ်းကျစ်ထက် အားကောင်းပြီး အစီအရင်တာအို၊ ဆေးလုံးတာအို၌ ထူးချွန်ကာ နှင်းစက်စိမ်းဆန် စိုက်ပျိုးရာ၌လည်း ဆရာတစ်ဆူ ဖြစ်ပေရာ သူ့အနေနှင့် နိဗ္ဗာန်အသိပညာရပ်ကျောင်းတော် စစ်ဆေးမှု၌ ပါဝင်မယှဉ်ပြိုင်မှသာ ထူးဆန်းနေပေလိမ့်မည်။
မိုဝူကျိက မဟာအစီအရင်တာအိုအား သိမ်းထားကာ လက်နှစ်ဖက် ယှက်လိုက်ပြီး “ ဂိုဏ်းချုပ် .. ကွမ်းကျစ်က ကျုပ်ကို အရင်တိုက်ဖို့ ကြိုးစားတာပါ။ အဲဒါနဲ့ ကျုပ်လည်း ရက်စက်ရာ ကျသွားတယ်။ ရလဒ်အနေနဲ့ ကျုပ် မိုးကောင်းကင်ငယ်ဂိုဏ်းရဲ့ ကာကွယ်ရေး အစီအရင်ကို ပျက်စီးစေမိတယ်။ ဂိုဏ်းချုပ် ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ် ”
မိုဝူကျိက ရိုးရိုးသားသား ဝန်ခံလိုက်သည်။
ရှီလင်းယုက ရယ်မောကာ “ ဆေးလုံးဆရာမို ကျုပ်က ကိစ္စအသေးလေးတွေကို လိုက်ဂရုစိုက်နေရင် ဒီကို မလာခင် ကွမ်းတင်းကို သတ်ခဲ့မှာ မဟုတ်ဘူး ”
ထိုသို့ပြောပြီးနောက် ရှီလင်းယုက အသံတိုးတိုးဖြင့် ဆက်ပြောလိုက်သည် “ ကျုပ် ဆေးလုံးတာအို ဂုဏ်ထူးဆောင်မျှော်စင်ရှေ့မှာ မိုးကောင်းကင်ဂိုဏ်းရဲ့ အကြီးအကဲရန်ဖေးကိုတောင် မြင်ခဲ့မိသေးတယ်။ ခင်ဗျား သူ့ကို သတိထားရမယ်နော် ”
မိုဝူကျိက ခေါင်းညိတ်ပြလိုက်ပြီး “ စိတ်ချနေပါ … ချီခွန်းနဲ့ ယွီလောအပြင် တခြားဘယ်သူကမှ ကျုပ်ရဲ့ လက်ရှိ ရုပ်ဖျက်ထားတာကို မသိကြဘူး။ ရန်ဖေးလည်း ကျုပ်ကို ရှာတွေ့မှာ မဟုတ်ဘူး ”
ရှီလင်းယုက ချီးကျူးလိုက်သည် “ ဆေးလုံးဆရာမိုရဲ့ အနာဂတ်က တောက်ပနေမှာ အသေအချာပဲ။ ကျုပ်က မိုးကောင်းကင်ငယ်ဂိုဏ်းကို မိုးကောင်းကင်ဂိုဏ်းကနေ ခွဲထွက်ပြီးတော့ နတ်ဘုရားမြေမြင့်ဆီ လာချင်တာ … ကံဆိုးတာက ကျုပ်စွမ်းရည်နဲ့ ဗဟုသုတတွေက ကန့်သတ်ချက် ရှိနေတာပဲ။ အဲဒါကြောင့် ကျုပ် အိပ်မက်ပဲ မက်နိုင်တယ် ”
“ ဂိုဏ်းချုပ်ရှီနဲ့ ကျုပ်နဲ့ မိတ်ဆွေတွေပါ။ တကယ်လို့ ကျုပ်သာ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ထဲ ဝင်ခွင့် ရခဲ့လို့ ဂိုဏ်းချုပ်ရှီကိုသာ အကူအညီ ပေးနိုင်မယ်ဆိုရင် ကျုပ်ကို လာတောင်းဆိုလို့ ရပါတယ် ” မိုဝူကျိက ရှီလင်းယု ဤနေရာသို့ ရောက်လာသည့် ရည်ရွယ်ချက်မှာ သူနှင့် မိတ်ဆွေဖွဲ့လို၍ ဖြစ်ကြောင်း သိလိုက်သည်။ ရှီလင်းယုက မဆိုးပေ။ သူက မိုးကောင်းကင်ငယ်ဂိုဏ်းမှ နိဗ္ဗာန်တာအိုမြို့အထိ ရောက်လာခဲ့ပေသည်။ သူသည် အင်မတန် အလေးအနက် ထားကြောင်း သိသာလှသည်။
ထို့အပြင် ရှီလင်းယုက သူ့ဂိုဏ်းအား မိုးကောင်းကင်ဂိုဏ်းမှ ခွဲထုတ်လိုသည့် သူ့အိပ်မက်ဆန္ဒကိုပင် ထုတ်ဖော်ပြောကြားခဲ့သည်။ သူက မိုဝူကျိနှင့် မိတ်ဆွေဖွဲ့ရန် အမှန်တကယ် ရောက်ရှိလာခြင်း ဖြစ်၏။
ရှီလင်းယုက ရယ်မောကာ “ မိတ်ဆွေလေး မို … မင်းရဲ့ စကားတွေကြားရတော့ ကျုပ်တော့ စိတ်အေးမိသွားပြီ။ တကယ်လို့ ကျုပ်က မင်းထက် အသက်အများကြီး ကြီးနေတာကို စိတ်ထဲ မထားရင် ကျုပ်ကို အစ်ကိုယုလို့ ခေါ်လို့ ရပါတယ် ”
မိုဝူကျိက စိတ်ထဲ မထားပေ။ ရှီလင်းယုသည် ဂိုဏ်းချုပ် တစ်ယောက် ဖြစ်ပြီး နတ်ဘုရားဘုရင် ဖြစ်သော်လည်း သူသည်လည်း ဂိုဏ်းချုပ် တစ်ယောက် ဖြစ်ပေသည်။ ထို့အပြင် သူက အဆင့်အတန်းအားဖြင့် ရှီလင်းယုထက် သေချာပေါက် မနိမ့်ကျသည့် နတ်ဆေးလုံးဘုရင် ဖြစ်ပေသည်။
“ ဝူကျိ အခု ဘယ်သွားမှာလဲ။ ကျုပ် မင်းအကူအညီ တောင်းချင်တာလေး ရှိတယ် ” ရှီလင်းယုက တည့်တိုးသာ ပြောလိုက်သည်။
မိုဝူကျိက စိတ်ထဲ မထားပေ။ သူက ကွေ့ပတ်ပြောနေသည့်သူများကို သဘောမကျပေ။ ထို့အပြင် သူက ရှီလင်းယုသည် ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန်ကြောင့် ရောက်လာကြောင်း မှန်းဆမိပြီးသား ဖြစ်၏။
“ ကျုပ်က နယ်လှည့်ကျင့်ကြံသူ ပြိုင်ပွဲကို ဝင်ပြိုင်တော့ နေရာတစ်နေရာစာ ရလာတာလေ။ အဲဒါနဲ့ အခု နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးဆီ သွားပြီးတော့ ဝင်ခွင့် ကျောက်စိမ်းပြား သွားယူမလို့ ” မိုဝူကျိက အရိုးသားဆုံး ပြောလိုက်သည်။
“ ကောင်းပြီလေ မင်းနဲ့အတူတူ လိုက်ခဲ့မယ် ” ရှီလင်းယုက တုံ့ဆိုင်းမနေပေ။ ထို့နောက် သူက ပြုံးကာ “ ဆေးလုံးဆရာမိုရဲ့ ကျင့်ကြံဆင့် အစစ်က ဘာလဲ။ နောက်ဆုံးတစ်ခေါက် မင်းကို တွေ့တုန်းက မင်းရဲ့ အရှိန်အဝါက သိပ်မသိသာဘူး။ ဝိညာဉ်ကြောကလည်း ဆိုးတယ်။ ကျင့်ကြံဆင့်ကလည်း ကနဦး နတ်ဘုရား အစောပိုင်းအဆင့်ပဲ ရှိသေးတယ်။ အချိန်တိုလေးအတွင်း မင်းရဲ့ ဝိညာဉ်ကြော အရည်အသွေးက သိပ်မဆိုးတော့သလို မင်းက မီးဓာတ် သဘာဝရှိတဲ့ ကနဦး နတ်ဘုရားအဆင့် ၆ ကျင့်ကြံသူ ဖြစ်လာတယ်မလား ”
မိုဝူကျိက ပြုံးကာ “ ကျုပ်ဆီမှာ အားလုံးကို လုပ်ပေးနိုင်တဲ့ အံ့ဖွယ် ကျင့်စဉ် ရှိတယ်လေ။ လာလာ … နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးထဲ သွားကြည့်ကြစို့ ”
မိုဝူကျိက များများမပြောချင်သည်ကို သတိထားမိကာ ရှီလင်းယုက ဆက်မမေးတော့ပေ။
အကယ်၍ မိုဝူကျိက ရိုးရှင်းသည့်သူ ဖြစ်လျှင် သူ့အနေနှင့် ဆေးလုံးတာအိုနှင့် အစီအရင်တာအို နှစ်မျိုးလုံး၌ ကျွမ်းကျင်နေမည် မဟုတ်သလို ကနဦး နတ်ဘုရား နောက်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးကိုလည်း အလွယ်လေး သတ်သွားနိုင်မည် မဟုတ်ပေ။ ပြိုင်ပွဲ၌ နေရာရလာသည်ကလည်း ရိုးရှင်းမည် မဟုတ်လောက်ပေ။
ရှီလင်းယုက ပြိုင်ပွဲစည်းမျည်းများကို မသိထားသောကြောင့် မိုဝူကျိသည် မည်သို့ နေရာတစ်နေရာစာ ရလာကြောင်း မသိပေ။
…………….
မိုဝူကျိနှင့် ရှီလင်းယုတို့ အလုပ်အစည်းအရုံး ခုနှစ်လွှာသို့ ရောက်ရှိလာသည်။ သူတို့က ကြီးကျယ်ခမ်းနားသည့် စာလုံးများကို မြင်လိုက်ရ၏။
“ နယ်လှည့်ကျင့်ကြံသူ အစည်းအရုံး ”
“ မင်းကို ဒီမှာ စောင့်နေမယ်။ အထဲဝင်ပြီး မင်း လုပ်စရာရှိတာ လုပ်ခဲ့လေ ” ရှီလင်းယုက မဝင်တော့ပေ။
မိုဝူကျိက ရှီလင်းယု တွေးတောနေသည်ကို သိပေသည်။ ရှီလင်းယုသည် နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးက အနည်းငယ် ကလိမ်ကျထားသည်ကို သိထားလောက်၏။ ရှီလင်းယုက နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးနှင့် ဖြေရှင်းစရာ ရှိလာမည်ကို စိုးရိမ်၍ အပြင်ဘက်၌ နေရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
နယ်လှည့်ကျင့်ကြံသူ အဝင်ဝ၌ စိတ်စွမ်းအား အတားအဆီး ချထားပြီး လူများ ဝင်ရောက်လာခြင်းကို မတားဆီးပေ။ မိုဝူကျိက အတားအဆီးကို ဖြတ်ကျော်သွားပြီးနောက် ကြီးမားသော ခန်းမ အဝိုင်းကြီးကို မြင်လိုက်ရသည်။
သူ့ရှေ့တွင် ပိတ်ကားချပ် အစီအရင်တစ်ခုကို မြင်လိုက်ရသည်။ ပြိုင်ပွဲနေရာ ဝင်ခွင့်များမှာ ပိတ်ကားချပ်ပေါ်တွင် ရှိပြီး နယ်လှည့်ကျင့်ကြံသူ ၂၇၀၅ သည် အနီရောင်လိုင်းပေါ်တွင် ရှိနေသည်။
“ ဘာကိစ္စရှိလို့လဲ ” ကောင်းကင်နတ်ဘုရားအဆင့်ရှိ အမျိုးသမီး ကျင့်ကြံသူက မိုဝူကျိအား တားကာ သတိထားရင်း မေးလိုက်သည်။
အကယ်၍ ယခင်ကသာ ဖြစ်လျှင် မိုဝူကျိက စိတ်ရှုပ်ထွေးမိမည် ဖြစ်၏။ နယ်လှည့်ကျင့်ကြံသူအနေနှင့် နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးထဲ ဝင်သည်မှာ ပုံမှန်ကိစ္စသာ ဖြစ်ပေသည်။ အဘယ်ကြောင့်များ သတိထားနေရသနည်း။ သို့သော် ယခုတွင် မိုဝူကျိက ဤသည်မှာ ပုံမှန် ဖြစ်ကြောင်း တွေးမိလိုက်သည်။ ဤသည်မှာ ကလိမ်ကျထားသော နေရာတစ်ခု ဖြစ်ပြီး သူတို့က နယ်လှည့်ကျင့်ကြံသူ အစည်းအရုံး ဆိုင်းဘုတ် ချိတ်ဆွဲထားရုံမျှသာ ဖြစ်၏။
မိုဝူကျိက စကားများများစားစား ပြောမနေပေ။ သူက ပိတ်ကားချပ်ကြီးကို လက်ညိုးထိုးပြ၍ ပြောလိုက်သည် “ ကျုပ်က နယ်လှည့်ကျင့်ကြံသူ ၂၇၀၅ ပဲ။ ကျုပ်က နိဗ္ဗာန်အသိပညာရပ်ကျောင်းတော် စစ်ဆေးမှု ဝင်ခွင့် တစ်နေရာစာ ရထားလို့ ကျုပ်ရဲ ကျောက်စိမ်းပြား လာယူတာ ”
မိုဝူကျိ၏ ကျောက်စိမ်းပြား လာယူသည့်အကြောင်းကို ကြားပြီး အမျိုးသမီး ကျင့်ကြံသူက ဘာမှမပြောပေ။ သူမက ချက်ချင်းဆိုသလို လက်ကောက်ဝတ်ရှိ ကြယ်အလင်း ပုံရိပ်လေးအား နှိပ်ချလိုက်သည်။
***