← Chapters

နိဒါန်းမဟုတ်သော နိဒါန်း

Vol. 7 Ch. Prologue

နိဒါန်းမဟုတ်သော နိဒါန်း

Vol. 7 Ch. Prologue

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V7 Prologue - နိဒါန်းမဟုတ်သော နိဒါန်း

အချိန်အနည်းငယ်အတွင်းမှာပဲ ဒီကမ္ဘာကြီးက ကိုယ်မရင်းနှီးတဲ့ နေရာတစ်ခုအဖြစ် ပြောင်းလဲသွားသလိုပဲ။ နေ့တိုင်း ကိုယ့်အနားကလူတွေ ပျောက်ဆုံးသွားတတ်တယ်။ ဒါပေမဲ့ ကမ္ဘာကြီးက လူတွေပျောက်နေတာကို လုံးဝဂရုမစိုက်တော့သလိုပဲ။

ပျောက်ဆုံးသွားတဲ့ လူတချို့က တကယ်ပဲ ပြန်ရောက်လာတတ်ပါရဲ့။ ဒါပေမဲ့ သူတို့က သူတို့မဟုတ်တော့သလိုပဲ။ အေးစက်ပြီးတော့ စိတ်ခံစားချက်မရှိတော့သလိုမျိုး သူတို့အပြုအမူတွေက အတုတွေလိုပဲ။

သူတို့နေရာမှာ တခြားအမည်မသိရတဲ့ အရာတစ်ခုက ဝင်အစားထိုးသွားသလိုပေါ့။ ခင်ပွန်းတွေက ဇနီးဖြစ်သူအပေါ် အေးစက်သွားတယ်။ သူငယ်ချင်း အရင်းကြီးတွေက သူစိမ်းတွေလို ဖြစ်ကုန်ကြတယ်။ ချစ်သူတွေက ဘယ်တုန်းကမှ မတွေ့ခဲ့ကြဖူးသလိုပဲ။

အဲဒီအရာကို သတိထားမိနေသူတွေကလည်း သူတို့မိတ်ဆွေတွေကို ပြောရဲကြမှာမဟုတ်ဘူး။ သူတို့မိတ်ဆွေတွေကရော အဲဒီလိုအစားထိုးခံထားရတဲ့ သူတွေဖြစ်နေရင် ဘယ်လိုလုပ်မလဲ။

အကူအညီတောင်းဖို့ကရော၊ ခင်ဗျားဟီးရိုးတွေကို အားကိုးလို့မရတော့ဘူး။ သူတို့လည်း အလားတူ အစားထိုးခံထားရရင်ရော။ အခုအချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမှ မယုံရဲကြဘူး။

ကူရာမဲ့နေတဲ့သူတွေက တဖြည်းဖြည်းနဲ့ သူတို့အလှည့်ရောက်လာမှာကို ရင်တထိတ်ထိတ်နဲ့ စောင့်နေကြတယ်။

အမှောင်ထုထဲမှာရှိနေတဲ့ အန္တရာယ်ကို သူတို့အာရုံခံမိကြတယ်။ ဒါပေမဲ့ ရင်မဆိုင်နိုင်ကြဘူး။ အဲဒီအမှောင်ထုက သူတို့ကို ဝါးမျိုမသွားခင်အချိန်အထိ ဘာမှမဖြစ်သလိုမျိုး ဟန်ဆောင်နေတတ်ကြတယ်။

တစ်နေ့ ငါတို့အလှည့်လည်း ရောက်လာနိုင်တာပဲလေ။

....

မီးဖွင့်မထားသော အခန်းတစ်ခန်းတွင်ဖြစ်သည်။ တီဗီအလုံးပေါင်းများစွာကို တစ်ပြိုင်နက်ဖွင့်ထားသောကြောင့် အခန်းမှာ မှောင်မိုက်နေသည်ဟု ဆို၍မရပါ။

ထို့အစား တီဗီမှပုံရိပ်များအပြောင်းအလဲအလိုက် အခန်းတွင်း အလင်း​ရောင်က ပြောင်းလဲလို့နေပါသည်။

တီဗီများကို ကြည့်မည်ဆိုပါက သတင်းရုပ်သံလိုင်းတွေကိုသာ တစ်ပြိုင်နက်တည်း ဖွင့်ထားခြင်းဖြစ်သည်ကို တွေ့ရပေလိမ့်မည်။ သတင်းကြေညာသူများစွာက သူတို့ရရှိထားသည့် သတင်းများကို အစီရင်ခံ တင်ပြနေကြပြီး သတင်းအစီအစဥ်များစွာကို တစ်ပြိုင်နက်ကြည့်ရခြင်းက လွန်စွာ စိတ်အနှောင့်အယှက်ဖြစ်စေသည်ကို ငြင်း၍မရကြောင်း တွေ့ရပေလိမ့်မည်။

အမျိုးသမီးသတင်းတင်ဆက်သူများ၏အသံနှင့် အမျိုးသားသတင်းတင်ဆက်သူတို့၏အသံများမှာ တစ်ခုနှင့်တစ်ခုတိုက်ဆိုင်မိကာ ပဲ့တင်သံထပ်ပြီး သူတို့ဘာပြောနေလဲဆိုသည်ကိုပင် သေချာမကြားနိုင်လောက်အောင်ရှိ၏။

ထိုအခန်း၏အလယ်တွင်တော့ စုံလည်ကုလားထိုင်တွင်ထိုင်ကာ သတင်းဌာနပေါင်းစုံမှ သတင်းများကို တစ်ပြိုင်နက်တည်း နားထောင်နေသူတစ်ဦး ရှိနေ၏။မှောင်မိုက်နေသော အခန်း၏သဘောသဘာဝကြောင့် ထိုလူကို နောက်မှကြည့်မည်ဆိုပါက မည်သူမည်ဝါဟု သိနိုင်ဖို့ဝေးစွ။ ကျားလားမလားပင် သေချာခွဲခြားဖို့ မဖြစ်နိုင်ပေ။

"ယခင်လဆန်းပိုင်းက အမေရိကန်သမ္မတဝဲလ်ဆင် မိတ်ဆက်ပြသခဲ့တဲ့ နည်းပညာဝတ်စုံသစ်တွေဟာ စစ်မြေပြင်တွေဆီကို အလုံးအရင်းနဲ့ရောက်ရှိနေပြီလို့ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

အကျိုးဆက်အနေနဲ့ အရှေ့အလယ်ပိုင်းမှာ စစ်ရေးပိုမိုတင်းမာလာနေပြီး ဂရိတ်​ဗြိတိန်နဲ့မဟာမိတ်‌‌တွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။" အမျိုးသမီး သတင်းတင်ဆက်သူတစ်ယောက်က ပြောလိုက်သည်။

"ဒီနေ့ ရုရှားစစ်မြေပြင်မှာတော့ အရှေ့ရုရားစစ်တပ်ဟာ ရှေ့တန်းခံစစ်စခန်း တစ်ဒါဇင်ကျော်ကို စွန့်ခွာခဲ့ရပါတယ်။

မြူတန့်မဟာမိတ်ရဲ့ခေါင်းဆောင်အပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်း လက်ရှိခေါင်းဆောင်သစ်လော့ဒ်မာရှယ်က ပိုမိုအကြမ်းဖက်ဆန်တဲ့ နည်းဗျူဟာတွေနဲ့အတူ တိုက်စစ်ဆင်နေတာဖြစ်ပါတယ်။ မြူတန့်မဟာမိတ်နဲ့ဗီလိန်တွေဖျက်ဆီးခဲ့တဲ့ မြို့ပေါင်း အနည်းဆုံးငါးမြို့အထိရှိလာပြီဖြစ်ပြီး S rank အဆင့် လူလုပ်မြူတန့်အများအပြားကိုလည်း မြူတန့်မဟာမိတ်ဘက်က ထုတ်သုံးလာနေပါတယ်။ အိမ်နီးချင်းတရုတ်နိုင်ငံကတော့ အနောက်ရုရှားရဲ့ထပ်ဆင့် ရန်ပြုနိုင်ခြေကို တွက်ဆပြီး ခံစစ်တွေကို စတင်အားဖြည့်နေပြီဖြစ်ပါတယ်။" တခြားသတင်းဌာနတစ်ခုမှ အမျိုးသား သတင်းကြေညာသူက ပြောသည်။

"ဩစတေးလျှနိုင်ငံဝန်ကြီးချုပ် ဝီလီယံ ဘစ်စမက်က ဒီနေ့မှာပဲ နိုင်ငံတော်အရေးပေါ်ကာလအဖြစ်သတ်မှတ်ကြောင်း တရားဝင်ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

လွန်ခဲ့တဲ့ သုံးရက်ခန့်က ဩစတေးလျှနိုင်ငံမြောက်ပိုင်းပြည်နယ် Alice Spring မြို့တစ်ခုလုံးကလူတွေ ထူးဆန်းစွာ ပျောက်ကွယ်သွားတဲ့အမှုနဲ့ပတ်သက်ပြီး အရေးပေါ် စုံစမ်းစစ်ဆေးဖို့ ဒီအမိန့်ကို ကြေညာခဲ့တာပါ။

လူဦးရေသုံးထောင်လောက်သာရှိတဲ့ မြို့ငယ်လေးဖြစ်ပေမဲ့ မြို့နဲ့လုံးဝအဆက်အသွယ်မရတော့ဘဲ သွားရောက်ကြည့်ရှုတဲ့အခါမှာ တစ်မြို့လုံးက လူတွေ ခြေရာလက်ရာမကျန် ပျောက်ဆုံးနေတာကို တွေ့ခဲ့ရတဲ့အတွက် ဝန်ကြီးချုပ်က အခုလိုမျိုး အရေးပေါ်အခြေအနေ ကြေညာလိုက်ရတာဖြစ်ပါတယ်။" တခြား သတင်းဌာနမှ အမျိုးသမီး သတင်းတင်ဆက်သူက ပြောသည်။

"ရိုမေးနီးယားနိုင်ငံမှာတော့ သာမန်အရွယ်အစားထက် လွန်စွာကြီးမားတဲ့ လူမျက်နှာပုံစံပါ ကျိုင်းကောင်ကြီးတွေ သောင်းကျန်းနေတာကြောင့် ကမ္ဘာ့ဟီးရိုးအစည်းအရုံးကို အကူအညီတောင်းခံထားရပါတယ်။

ကျိုင်းကောင်တိုင်းဟာ အနည်းဆုံး နှစ်ပေခန့်ကြီးမားပြီး သီးနှံတွေကို ဖျက်ဆီးပစ်နေတာပါ။ သတ္တဗေဒပညာရှင်တွေအဆိုအရတော့ အလွန်အမင်းမြန်ဆန်တဲ့ ဆင့်ကဲပြောင်းလဲမှုတစ်ခုကြောင့် ကျိုင်းကောင်တွေ အခုလိုကြီးထွားလာတာလို့ ကောက်ချက်ချကြပေမဲ့ ဘာကြောင့်မြန်မြန်ဆန်ဆန် ဆင့်ကဲပြောင်းလဲကုန်တာလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။"

သတင်းများကို နားထောင်နေရင်း ထိုင်ခုံပေါ်ကလူ အေးစက်စက်ရယ်မောလိုက်၏။ အမှောင်ထုက ကြီးထွားလာနေပြီ။

All Chapters