တည်တည်ငြိမ်ငြိမ် တုံံ့ပြန်ခြင်း
Vol. 71 Ch. 989
“ ဂိုဏ်းချုပ်ရှီ … ဒီကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူက မောက်မာတာက ထားပါတော့။ ဒါပေမဲ့ ခင်ဗျားက ဂိုဏ်းချုပ် ဖြစ်ပြီးတော့ နတ်ဘုရားဘုရင်အဆင့် ဖြစ်ရက်နဲ့ ကျုပ်ရဲ့ နယ်လှည့်ကျင့်ကြံသူ အစည်းအရုံး ကာကွယ်ရေး အစီအရင်ကို လာတိုက်ခိုက်လိုက်သေးတယ်။ ဒါက အကျိုးအကြောင်းမသင့်သလို ဖြစ်မနေဘူးလား ” နယ်လှည့်ကျင့်ကြံသူ အစည်းအရုံး၏ နတ်ဘုရားဘုရင် လော့ယွီက အနီဝတ် တာဝန်ခံအား နှုတ်ဆက်ပြီးနောက် ရှီလင်းယုကို ပြောလိုက်သည်။
ရှီလင်းယုက မိုဝူကျိကို လှည့်ကြည့်လိုက်သည်။ မိုးကောင်းကင်ငယ်ဂိုဏ်းတွင် မိုဝူကျိ၏ အပြုအမူအရ ရှီလင်းယုသည် မိုဝူကျိတွင် လှည့်ကွက်မရှိကြောင်း မယုံပေ။
“ ဒီမှာ ဘာတွေဖြစ်နေတာလဲ။ ဘယ်သူက အရင်ဆုံး တိုက်ခိုက်လိုက်တာလဲ ” ခက်ထန်ထန် အသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် ပုံရိပ်နှစ်ခု ထပ်မံ ရောက်ရှိလာသည်။
နှစ်ယောက် ရောက်ရှိလာသည့်အခါ မိုဝူကျိက နှစ်ယောက်လုံးမှာ နတ်ဘုရားဘုရင် ဖြစ်ကြောင်း သိလိုက်၏။ ထို့အပြင် မည်သူကမှ ရှီလင်းယုထက် အားနည်းခြင်း မရှိပေ။ သူက စိတ်လှုပ်ရှားစွာ သက်ပြင်းသာ ချလိုက်၏။ နိဗ္ဗာန်တာအိုမြို့က အမှန်ပင် အားကောင်းလှသည်။ သူတို့က မြန်မြန်ဆန်ဆန် တုံ့ပြန်ရုံသာမက သူတို့တွင် ဟင်းရွက်ကန်စွန်းကဲ့သို့ နတ်ဘုရားဘုရင်များ ပေါပေါများများ ရှိပေရာ နှစ်ယောက်ကိုပင် လွှတ်ပေးလိုက်သည်။
နတ်ဘုရားနယ်မြေ၌ ဂိုဏ်းတစ်ဂိုဏ်းတွင် နတ်ဘုရားဘုရင် နှစ်ယောက် ရှိခြင်းက ထိပ်တန်းအဆင့် ဖြစ်နေလေပြီ။
မိုဝူကျိက နိဗ္ဗာန်တာအိုမြို့ထဲ၌ တာဝန်ခံ နတ်ဘုရားဘုရင် သုံးယောက်သာ ရှိကြောင်း မသိထားပေ။ သူတို့နှစ်ယောက်လုံးက သူတို့နတ်ဘုရားဘုရင်၏ ၆၆ ရာခိုင်နှုန်းအား ကိုယ်စားပြုပေသည်။ အကြောင်းအရင်းမှာ နိဗ္ဗာန်တာအိုမြို့၏ အင်အားက မြို့တာဝန်ခံများ မဟုတ်ဘဲ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ အင်အားသာ ဖြစ်၍ ဖြစ်သည်။
အကယ်၍ ဤနေရာ၌ ပြစ်မှု ကျူးလွန်လျှင် မည်မျှပင် အားကောင်းနေသည့်သူ ဖြစ်စေကာမူ ပြစ်ဒဏ်အား ရှောင်လွဲ၍ မရပေ။ အကြောင်းအရင်းတစ်ချက်မှာ နိဗ္ဗာန်တာအိုမြို့၏ ကာကွယ်ရေး အစီအရင်သည် အဆင့် ၆ နတ်အစီအရင် ဖြစ်နေပြီး နတ်ဘုရားဘုရင်ပင် အလွယ်တကူ မချိုးဖောက်နိုင်ပေ။
မိုဝူကျိက အရင်ဦးစွာ လက်ဦးမှု ယူလိုက်သည်။ သူက အစိမ်းဝတ် နတ်ဘုရားဘုရင် နှစ်ယောက်နှင့် အနီဝတ် တာဝန်ခံထံ လေးလေးစားစား ဦးညွှတ်ပြီးနောက် ဘာကိုမှ သိုဝှက်မထားဘဲ အပိုအလိုမရှိ အခြေအနေအားလုံးကို ရှင်းပြလိုက်သည်။
“ မင်းတို့ နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးက ဒီဝင်ခွင့် နေရာတွေကို ထိန်းချုပ်ဖို့ အကျဉ်းချ အစီအရင်ကိုတောင် ခင်းထားရဲတယ်ပေါ့ ” အစိမ်းဝတ် နတ်ဘုရားဘုရင်က လော့ယွီအား စိုက်ကြည့်လိုက်သည်။ သူတို့နှစ်ယောက်လုံးက အရှိန်အဝါများဖြင့် လော့ယွီအား ဖိအားပေးထား၏။
“ ပေါက်ကရတွေ ” လော့ယွီ၏ အသံက ဒေါသကြောင့် တုန်တုန်ယင်ယင် ဖြစ်နေဟန် ရှိ၏။ သူက မိုဝူကျိအား လက်ညိုးငေါက်ငေါက် ထိုးကာ ဒေါသတကြီး အပြစ်တင်လိုက်သည် “ နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးရဲ့ စီမံမှုက စည်းစည်းလုံးလုံး မရှိတာ မှန်တယ်။ မင်းဆီက နတ်ဘုရားကျောက်တောင်းတဲ့ ကျင့်ကြံသူက ငါတို့အစည်းအရုံးရဲ့ စီမံမှု ဉာဏ်ဖျင်းမှုကြောင့်ပဲ။ ဒါပေမဲ့ မင်းက အဲဒီအကြောင်းပြချက်ကို သုံးပြီး နတ်ဘုရားဘုရင် နောက်ခံနဲ့ ရုတ်ရုတ်သည်းသည်း လာလုပ်လို့တော့ မရဘူးလေ။ တကယ်လို့ တာဝန်ခံတွေကြောင့်သာ မဟုတ်ရင် မင်းအသက်ကို ချမ်းသာပေးမယ် ထင်နေလား။ ပြီးတော့ အကျဉ်းချ အစီအရင် ဘယ်လိုလုပ် ရှိရမှာလဲ။ နတ်ဘုရားဘုရင် နှစ်ယောက် သေချာကြည့်ကြည့်ကြပါ။ ဒါက သာမာန် ကာကွယ်ရေး အစီအရင်လေးပါပဲ ”
လော့ယွီက မိုဝူကျိကို အခေါက်တစ်သောင်းမက သတ်ပစ်ချင်နေသည်။ ဤသည်က ရိုးရှင်းသည့် ကိစ္စလေး ဖြစ်သော်လည်း ဤငတိကြောင့် အကုန်ပေါ်သွားခဲ့သည်။
“ မင်းက တော်တော် သတ္တိကောင်းနေတယ်ပေါ့” နတ်ဘုရားဘုရင် နှစ်ယောက်က ဘာမှမပြောခင် အနီဝတ် လောကနတ်ဘုရားအဆင့် ကျင့်ကြံသူက မိုဝူကျိအား ကြိမ်းမောင်းလိုက်သည်။ သူ့အနေအထားအရ နတ်ဘုရားဘုရင် နှစ်ယောက်သာ ပြောလိုက်သည်နှင့် မိုဝူကျိအား ချက်ချင်း တိုက်ခိုက်မည် ဖြစ်၏။
မိုဝူကျိက တစ်ချက်တည်း ကြည့်ရုံဖြင့် ထိုအနီဝတ် တာဝန်ခံသည် နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးနှင့် တစ်ကျိတ်တည်း တစ်ဉာဏ်တည်း ဖြစ်ကြောင်း မှန်းဆမိလိုက်သည်။ သူက အစိမ်းဝတ် နတ်ဘုရားဘုရင် နှစ်ယောက်ထံ လှည့်ကာ လက်နှစ်ဖက် ယှက်လိုက်ရင်း “ တာဝန်ခံ စီနီယာတို့ … ဒီဂျုနီယာလေးက အစီအရင်တာအိုကို နည်းနည်း နားလည်ပါတယ်။ အကျဉ်းချ အစီအရင်ကို ကာကွယ်ရေး အစီအရင်အဖြစ် ပြောင်းလဲပစ်ဖို့က အရမ်းကို ရိုးရှင်းလွန်းလို့ ဒီဂျူနီယာလေးတောင် လုပ်နိုင်ပါသေးတယ် ”
အစိမ်းဝတ် နတ်ဘုရားဘုရင် တစ်ယောက်က လက်ဝှေ့ပြကာ အေးစက်စွာ ပြောလိုက်သည် “ ဒါက မင်းအပြောပဲ ရှိတာလေ။ သက်သေ အထောက်အထား မလုံလောက်သေးဘူး။ ငါတိုနဲ့အတူ နိဗ္ဗာန်တာအိုမြို့ တာဝန်ခန်းမဆီ လိုက်ခဲ့ … မင်းကို ဝိညာဉ် ရှာဖွေရေး လုပ်ရမယ်။ အဲဒါက မင်းလိုမျိုး ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူက နတ်ဘုရားဘုရင် တစ်ယောက်ကို ရန်စရဲလို့ပဲ ”
မိုဝူကျိ စိတ်ထဲ လေးလံသွားတော့သည်။ သူက ဤနေရာတွင် တရားမျှတမှု နည်းပါးလိမ့်မည်ဟု မထင်ပေ။ သူက ချက်ချင်းဆိုသလို သလင်းကျောက်တစ်ခု ထုတ်လိုက်ရင်း “ စီနီယာတို့ ဒီသလင်းကျောက် မှတ်တမ်းကို တစ်ချက် ကြည့်ကြည့်ပါ ”
မိုဝူကျိက သလင်းကျောက် ထုတ်ယူလိုက်သည်ကို မြင်၍ လော့ယွီ၏ စိတ်နှလုံးသားက ရေခဲရေကန်ထဲ ပြုတ်ကျသွားသလို ဖြစ်သွားသည်။ သူက မိုဝူကျိသည် သလင်းကျောက်ဖြင့် မှတ်တမ်းတင်ထားလိမ့်မည်ဟု မတွေးမိခဲ့ပေ။ ဤနေရာတွင် စိတ်စွမ်းအား အသုံးပြုမှု တားဆီးထားသောကြောင့် မိုဝူကျိအနေနှင့် သလင်းကျောက် မှတ်တမ်းတင်ဖို့ရာ စိတ်စွမ်းအား လိုအပ်ပေသည်။
သူက ထိုသလင်းကျောက်သည် အတုဖြစ်ကြောင်း ဝင်မပြောရဲသလို သလင်းကျောက်ကို မဖျက်စီးပစ်ရဲပေ။ နတ်ဘုရားဘုရင် နှစ်ယောက်က မျက်လုံးမှိတ်ထားလျက်နှင့်ပင် ထိုမှတ်တမ်းသည် အမှန်ဖြစ်ကြောင်း သိပေလိမ့်မည်။
မိုဝူကျိက အကျဉ်းချ အစီအရင်အတွင်း ပိတ်မိနေပြီး မိုဝူကျိ၏ မေးခွန်းများနှင့် လော့ယွီသည် မိုဝူကျိအား သတ်ပစ်မည်ဆိုသော စကားများပင် သလင်းကျောက်ထဲ အသေအချာ ထင်ဟပ်နေလေ၏။
ထိုအစိမ်းဝတ် နတ်ဘုရားဘုရင်အဆင့် ကျင့်ကြံသူက သလင်းကျောက်အား ကြည့်လိုက်ပြီးနောက် လော့ယွီဘက် လှည့်ကာ “ မင်းမှာ ဘာပြောစရာ ရှိသေးလဲ ”
လော့ယွီ၏ မျက်နှာမှာ ဖြူဖျော့သွားလေသည်။ အကယ်၍ တခြားနေရာ ဖြစ်နေပါက သူက ချက်ချင်း ထွက်ပြေးမိလိမ့်မည်။ သို့သော် ဤသည်မှာ နိဗ္ဗာန်တာအိုမြို့ ဖြစ်နေသည်။ သူက သူ့ထက် အားကောင်းသော နတ်ဘုရားဘုရင် နှစ်ယောက်နှင့် ရင်ဆိုင်နေသည့် အကြောင်းကို ထည့်မပြောလျှင်ပင် သူ့အနေနှင့် ကောင်းကင်နတ်ဘုရား အဆင့် တာဝန်ခံနှင့် ကြုံတွေ့ရလျှင်ပင် လွတ်မြောက်နိုင်မည် မဟုတ်ပေ။
“ ကျုပ် ဘာမှပြောစရာ မရှိတော့ပါဘူး ” လော့ယွီက ဤငတိ ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်ကြောင့် ကျရှုံးသွားမည်မှန်း သိလျှင် နေရာဝင်ခွင့် တစ်ခုအတွက် စွန့်စားမှု လုပ်မိမည် မဟုတ်ပေ။
ဝင်ခွင့်နေရာ တစ်နေရာက သူ့အား ကျင့်ကြံရေး အရင်းအမြစ်များစွာ ပေးနိုင်သော်လည်း နိဗ္ဗာန်တာအိုမြို့၏ နတ်ဘုရားဘုရင် နှစ်ယောက်၏ ဆွဲခေါ်သွားခြင်းကို ခံရလျှင် သူ့အတွက် ပြန်ထွက်လာဖို့ အလွန်ခက်ခဲပေမည်။ အကယ်၍ သူ ပြန်ထွက်လာနိုင်လျှင်ပင် သူ့အရေပြားတစ်လွှာ ပျောက်သွားလောက်လေပြီ။ သူ့ကိုယ်ပိုင် ပိုင်ဆိုင်မှုများကိုတော့ ပြောနေဖို့ မလိုတော့ပေ။
လော့ယွီက အနီဝတ် တာဝန်ခံအား တစ်ချက် ကြည့်လိုက်သည်။ ထိုစဉ် သူက ဤကိစ္စရပ် အဆုံးအစွန်အထိ ထုတ်ဖော်ခံဖို့သာ မျှော်လင့်မိတော့သည်။ အကယ်၍ ဤကိစ္စသာ ပို၍ နက်နဲလာပါက လူများစွာ ပါဝင်လာမည် ဖြစ်ပြီး သူ့အတွက် မျှော်လင့်ချက် ပိုရှိလာလိမ့်မည်။
အနီဝတ် တာဝန်ခံက မိုဝူကျိ၏ သလင်းကျောက်ကို ကြည့်လိုက်ပြီး သူ့အမူအယာက အနည်းငယ် ပြေလျော့လာသည်။ သူက မိုဝူကျိအား ခေါင်းညိတ်ပြကာ ပြောလိုက်သည် “ မင်း ကောင်းကောင်း လုပ်ခဲ့တာပဲ … ဒီဟာက ကိုယ့်ဘာသာ ကာကွယ်မှုအဖြစ် သတ်မှတ်လို့ ရတယ်။ တကယ်လို့ နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးက ဒီလိုလုပ်ရပ်မျို ကျူးလွန်ထားတယ်ဆိုတော့ တခြားကိစ္စတွေရော ရှိသေးလား။ မင်း နယ်လှည့်ကျင့်ကြံသူ အစည်းအရုံး ပြိုင်ပွဲ ဝင်ပြိုင်တုန်းက တစ်ခုခု လွဲမှားနေတာမျိုး သတိထားမိသေးလား ”
မိုဝူကျိက လက်နှစ်ဖက် ယှက်ကာ “ ကျုပ် ရှိတဲ့ စင်မြင့်က တရားမျှတပါတယ်။ အနည်းဆုံးတော့ ကျုပ် ဘာမှမတွေ့ခဲ့ရပါဘူး ”
ဒီကောင်စုတ်လေးက တော်သားပဲ …
လော့ယွီက မိုဝူကျိအား တစ်ချက် ကြည့်လိုက်သည်။ မိုဝူကျိ မျက်နှာပေါ်မှ ဖြောင့်မတ်သည့် အမူအယာကို ကြည့်ရင်း မိုဝူကျိအား အသားစိုင်အဖြစ် ချေမွပစ်ချင်လာသည်။ အကယ်၍ မိုဝူကျိက အနီရောင်လိုင်းအပေါ် နေရာ ရထားနိုင်လျှင် မိုဝူကျိက တစ်ခုခုတော့ ရှာဖွေတွေ့ရှိပေလိမ့်မည်။ သို့သော်လည်း ဤငတိက ထိုကိစ္စကို ထုတ်ဖော်မပြောပေ။ သူက အတော်လေး သရုပ်ဆောင်ကောင်းလွန်းလှသည်။
မိုဝူကျိက စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။ သူက ဤတာဝန်ခံသည် နယ်လှည့်ကျင့်ကြံသူ အစည်းအရုံး၏ ကလိမ်ကကျစ်များကို မသိဘဲ မဖြစ်နိုင်ကြောင်း မယုံပေ။ အကယ်၍ သူက ဤမစင်ပုံကို ထုတ်ဖော်လိုက်ပါက အရင်ဆုံး ထိုမစင်က သူ့အား အရင်လာစင်ပေလိမ့်မည်။
“မင်း ရိုးရိုးသားသား ပြောဖို့ လိုတယ်။ တကယ်လို့ မင်းက တစ်ခုခု ဖုံးကွယ်ထားတယ်ဆိုရင် ငါ ရက်စက်တယ်ဆိုပြီး လာအပြစ်မတင်နဲ့ ” အနီဝတ် တာဝန်ခံက ထိုအစိမ်းဝတ် နတ်ဘုရားဘုရင် နှစ်ယောက်အား မကြောက်ရွံ့ဟန်ဖြင့် မိုဝူကျိအား သိသိသာသာ ခြိမ်းခြောက်နေသည်။
မိုဝူကျိက မထူးမခြားနား ပြောလိုက်သည် “ ကျုပ်က ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူလေးပါ။ တကယ်လို့ တစ်ခုခု ဖြစ်ရင်လည်း တာဝန်ခံတွေက ရှာတွေနိုင်မှာပဲလေ။ ကျုပ်လိုမျိုး ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူလေးက ပြိုင်ပွဲလေး နည်းနည်း ပြိုင်ပြီး တစ်ခုခု လွဲမှားတာကို တွေ့သွားရင် ကျုပ်က နယ်လှည့်ကျင့်ကြံသူ မဟုတ်ဘဲ ဂိုဏ်းကြီးတစ်ခုရဲ့ ပင်မတပည့် ဖြစ်နေမှာပေါ့ ”
အနီဝတ် တာဝန်ခံက မိုဝူကျိ၏ စကားကြောင့် ဆွံအသွားလေသည်။ အစိမ်းဝတ် နတ်ဘုရားဘုရင် တစ်ဦးက မိုဝူကျိနှင့် ရှီလင်းယုအား ပြောလိုက်၏ “ မင်းတို့နှစ်ယောက် သွားလို့ ရပြီ ”
ထိုသို့ပြောပြီးနောက် အစိမ်းဝတ် နတ်ဘုရားဘုရင် ကျင့်ကြံသူက သဘာဝ စွမ်းအား လက်တစ်ဖက် ထုတ်ဖော်ကာ လော့ယွီနှင့် အမျိုးသမီး ကျင့်ကြံသူ နှစ်ဦးအား ခေါ်ဆောင်သွားတော့သည်။ နတ်ဘုရားဘုရင် နှစ်ယောက်၏ ပုံရိပ်ကား ဖြတ်ခနဲ ပျောက်ကွယ်သွားတော့သည်။
………….....
မိုဝူကျိက ရှီလင်းယုကို ပျော်ရွှင်မှု ရိပ်သာသို့ ခေါ်လာပြီးနောက် ရှီလင်းယုက ရယ်ရယ်မောမောဖြင့် “ ဝူကျိ … ငါ ထင်ထားတဲ့အတိုင်း မင်း အဲဒီ သလင်းကျောက် ထုတ်မယ်ဆိုတာ သိနေတယ် ”
“ကျုပ်ဆီလည်း တခြားရွေးချယ်စရာ မရှိတော့ဘူးလေ။ ကျုပ်က အားနည်းလွန်းနေတာကိုး … ဒီတစ်ခါတော့ အစ်ကိုကြီးကို ကျေးဇူးတင်ရမှာပဲ။ အစ်ကိုကြီးကြောင့်သာ မဟုတ်ရင် ကျုပ်တော့ အဲကောင်ကြောင့် သေနေလောက်ပြီ ” မိုဝူကျိက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ သူက အမှန်တကယ် ကူကယ်ရာမဲ့ ဖြစ်မိသွားသည်။ အကယ်၍ သူက အားကောင်းလျှင် သလင်းကျောက် မှတ်တမ်းတင်နေဖို့ လိုအပ်မည် မဟုတ်ချေ။
မိုဝူကျိက နတ်ဘုရားဘုရင်နှင့် ကနဦး နတ်ဘုရားအဆင့်တို့ ပဋိပက္ခကြား ကနဦးနတ်ဘုရားအဆင့် ကျင့်ကြံသူသည် မှားယွင်းကြောင်း ကြးလိုက်ရစဉ်အခါက သူသည် စွန့်စားမှုအကြီးကြီး လုပ်ခဲ့ကြောင်း သိလိုက်သည်။ အကယ်၍ လော့ယွီသည် ပြစ်ဒဏ်အား လက်ခံပြီး သူ့အား သတ်ဖို့ ဆုံးဖြတ်ထားလျှင် သူက နောင်တဖြင့် သေဆုံးရပေမည်။ သူ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ကို ဝင်ပြီးသည့်နောက် သူ့စွမ်းအားကို မြှင့်ရမည်။
“ ဝူကျိ .. မင်း နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ကို သေချာပေါက် ဝင်ခွင့် ရမှာပါ။ တကယ်လို့ မလိုအပ်ရင်တော့ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ကနေ ထွက်မသွားနဲ့ပေါ့ကွာ။ အဲဒီ လော့ယွီက အသတ်ခံရမှာ မဟုတ်လောက်ဘူး။ အများဆုံး နယ်လှည့်ကျင့်ကြံသူ အစည်းအရုံး ပါမလာခင် အပြစ်ခံရရုံလောက်ပဲ နေမယ်။ ပြီးတော့ နိဗ္ဗာန်တာအိုမြိုက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော် မဟုတ်ဘူးလေ ” ရှီလင်းယုက သတိပေးလိုက်သည်။
ရှီလင်းယုသည် လော့ယွီအား မကြောက်ပေ။ သို့သော် မိုဝူကျိအတွက်တော့ မဟုတ်ချေ။ မိုဝူကျိသည် အမှန်တကယ် အားနည်းလွန်းနေသေး၏။
မိုဝူကျိက ခေါင်းညိတ်ပြကာ “ ကျုပ် သိပါပြီ။ အစ်ကိုကြီးက ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန်အတွက် ရောက်လာတာမလား ”
ရှီလင်းယုက ပြုံးကာ “ မင်းဆီက ဖုံးကွယ်ထားလို့ မရဘူးဆိုတာ ခန့်မှန်းမိပါတယ်ကွာ။ ငါ နှင်းစက်စိမ်းဆန်ကြောင့် ရောက်လာတာ။ တကယ်လို့ ဖြစ်နိုင်ရင် မင်းဆီကနေ နှစ်တိုင်း နှင်းစက်စိမ်းဆန် ဆယ်ကာတီလောက် လိုချင်တယ်။ ငါ အတော်လေး လိုအပ်နေလို့ပါကွာ။ တကယ်လို့ မင်းဆီမှာ ကျင့်ကြံရေး အရင်းအမြစ် ဒါမှမဟုတ် ဆေးပင်တွေ လိုအပ်နေတယ်ဆိုရင် ငါ့ဆီကနေ တောင်းလို့ ရတယ် ”
မိုဝူကျိက တုံ့ဆိုင်းမနေဘဲ အဝတ်အိတ်လေး ထုတ်ယူလိုက်ပြီး ရှီလင်းယုအား ပေးလိုက်သည် “ အစ်ကိုကြီးလင်းယု … ဒီမှာ ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန် နှစ်ဆယ် ကာတီ။ ဒါကို အရင်ဆုံး ယူထားလိုက်ဦး။ ကျုပ် နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ထဲ အခြေကျသွားရင် နှင်းစက်စိမ်းဆန် ထပ်စိုက်လိုက်မယ် ”
“ ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန် နှစ်ဆယ်ကာတီလား ” ရှီလင်းယုက ရုတ်ချည်း ထရပ်မိသွားသည်။ သူ့လက်များပင် တုန်ယင်နေလေ၏။ သူက အဆင့်မြင့် နှင်းစက်စိမ်းဆန် နှစ်ဆယ်ကာတီကို တစ်ခါတည်း ရရှိခဲ့သည်။
အလွန်အံ့ဩဖို့ ကောင်းမနေဘူးလား ….
ယခင် သူက မိုဝူကျိသည် ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန် အနည်းငယ်သာ စိုက်ပျိုးနိုင်ခဲ့သည်ဟု တွေးခဲ့မိသည်။ အမြင်နှင့်တင် သူ့အတွေးများက အမှန်တရားနှင့် ကွာဝေးနေသေးကြောင်း သိလိုက်ရ၏။ မိုဝူကျိ၏ အံ့ဩဖွယ်နှုန်းမှာ သူ့စိတ်ကူးထက်ပင် ကျော်လွန်နေသေးသည်။
“ ဝူကျိ … ဒါက …” ချီပင်း၏ အသံက ထွက်ပေါ်လာသည်။ ထို့နောက် ချီပင်းသည် မိုဝူကျိ အခန်းတံခါးဝသို့ ရောက်ရှိလာသည်။
သူမက အခန်းအတွင်း နတ်ဘုရားဘုရင် တည်ရှိမှုကို ခံစားမိ၍ လာကြည့်ခြင်း ဖြစ်သည်။
မိုဝူကျိက မြန်မြန် ပြောလိုက်သည် “ အစ်မပင်း … ဒါက မိုးကောင်းကင်ငယ်ဂိုဏ်းချုပ် ရှီလင်းယုပါ။ သူက ကျုပ်မိတ်ဆွေလေ။ သိပ်မကြာခင်က သူက ကျုပ်ကို နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးမှာ ကယ်ပေးခဲ့တာ ”
ထို့သို့ ပြောပြီးနောက် မိုဝူကျိက ရှီလင်းယုအား ချီပင်းနှင့် မိတ်ဆက်ပေးလိုက်သည်။
နှင်းစက်စိမ်းဆန် အိတ်လေးကို အားရပါးရ ဆုပ်ကိုင်ထားသည့် ရှီလင်းယုက သူ့ရွေးချယ်မှုကို ကျေနပ်မိသွားသည်။ မိုဝူကျိ၏ စွမ်းဆောင်ရည်ဖြင့် သူသာ မိုဝူကျိအား အကျပ်ကိုင်ခဲ့လျှင် သူ့အနေနှင့် နှင်းစက်စိမ်းဆန် ရလာမည် မဟုတ်ပေ။ မိုဝူကျိအနားတွင် နတ်ဘုရားဘုရင် တစ်ယောက် ရှိနေသေးသည် မဟုတ်ပါလော။ သူက ထိုအကြောင်းကို သိပင် မသိထားခဲ့ချေ။
မိုဝူကျိလို လူမျိုးက နတ်ဘုရားဘုရင်နှင့် မိတ်ဆွေ ဖြစ်နိုင်ခြင်းမှာ သာမာန်သာ ဖြစ်၏။ သူပင် မိုဝူကျိကို ရှာဖို့ရန်အတွက် နတ်ဘုရားမြေနိမ့်မှ ဤနေရာအထိ အပြေးအလွှား ရောက်လာခဲ့သေးသည် မဟုတ်ပါလော။
“ ဝူကျိ ကျေးဇူးပါ .. မင်းက ငါ့ကို အများကြီး ကူညီပေးခဲ့တာပဲ ” ရှီလင်းယုက နှင်းစက်စိမ်းဆန်အား သေချာသိမ်းဆည်းထားလိုက်သည်။
ဤတစ်ကြိမ် အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည် “ ဆေးလုံးဆရာမို ရှိလားဗျ။ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော် ဆေးလုံးပင်လယ်ရဲ့ ရှီချိုက်ဟယ်က လာတွေ့တာပါ ”
***