← Chapters

ရှီချိုက်ဟယ်၏ စုံစမ်းမှု

Vol. 71 Ch. 990

ရှီချိုက်ဟယ်၏ စုံစမ်းမှု

Vol. 71 Ch. 990

ရှီချိုက်ဟယ်လား ….

မိုဝူကျိ စိတ်ထဲ မရေမရာ ဖြစ်မိသွားသည်။

ရှီချိုက်ဟယ်က ဘယ်သူလဲ … သူက တစ်ခါမှ မကြားဖူးပေ။

ရှီလင်းယုက ထိုနာမည်ကို ကြားသောအခါ အံ့အားသင့်သည့် အမူအယာက သူ့မျက်နှာပေါ် ထင်းခနဲ ပေါ်လာသည်။ သူက မိုဝူကျိအား လှည့်ကြည့်လိုက်သည့်အခါ မိုဝူကျိသည် ရှီချိုက်ဟယ်ကို မသိကြောင်း သိလိုက်၍ မြန်မြန် ရှင်းပြလိုက်သည်  “ ဝူကျိ … ရှီချိုက်ဟယ်က နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်မှာ နတ်ဘုရားဘုရင် အဆင့် ၇ နဲ့ ထိပ်တန်းအဆင့် နတ်ဆေးလုံးဘုရင်ထဲက တစ်ယောက်ပဲ။ သူ့က နတ်ဘုရားကုန်းမြေတစ်လျှောက် ကျော်ကြားတဲ့ ပုဂ္ဂိုလ်ပဲ  ”

“ ဒါပေမဲ့ ကျုပ် တစ်ခါမှ မကြားဖူးဘူး။ သူက ကျုပ်ကို ဘာလို့ လာရှာတာလဲ။ ကျုပ် မျိုးရိုးနာမည်က မို ဆိုတာကို ဘယ်လိုလုပ် သိနေတာလဲ ” မိုဝူကျိက အတော်လေး စိတ်ရှုပ်ထွေးမိသွားသည်။ ယခင် ဆေးလုံးတာအို ဂုဏ်ထူးဆောင်မျှော်စင်၌ သူက အဆင့် ၄ နတ်ဆေးလုံးဆရာအဖြစ်သာ ရရှိခဲ့သည်။ သူက နတ်ဆေးလုံးဘုရင်ပင် မဟုတ်ပေ။

ထို့အပြင် သူ့နာမည်သည် မိုဝူကျိ ဖြစ်ကြောင်း လူနည်းစုသာ သိထား၏။ သူ နိဗ္ဗာန်တာအိုမြို့သို့ ရောက်လာကြောင်း သိထားသူမှာ ပို၍ နည်းပါးပေသည်။ ရှီချိုက်ဟယ်သည် သူ့အကြောင်း စုံစမ်းခဲ့ကြောင်း အမှန်တကယ် မယုံနိုင်ပေ။

သူ ပြိုင်ပွဲမှ ထွက်လာသည်မှာ မည်မျှ ကြာမြင့်သေးလို့လဲ ….

ရှီချိုက်ဟယ်က အချိန်တိုလေးအတွင်း သူ့အကြောင်း အကုန်စုံစမ်းပြီးဖို့ရာ မဖြစ်နိုင်လောက်ချေ။

ရှီလင်းယုက တစ်ခုခုကို အမှတ်ရသွားဟန်ဖြင့် ချက်ချင်း အားနာစွာ ပြောလိုက်သည် “ ငါ့ကြောင့် ထင်တယ် ”

မိုဝူကျိလည်း နားလည်သွားတော့သည်။ သူက ရှီလင်းယုအား ပြောလိုက်၏  “ အစ်ကိုကြီး အမှား မဟုတ်ပါဘူး။ ပြီးတော့ သူ့စကားထဲမှာ အချက်အလက်တွေ အများကြီး ပါနေပြီးသားပါ။ သူ့ကို အထဲဖိတ်ခေါ်လိုက်မယ်။ ဘာအတွက် ရောက်လာတာလဲဆိုတာ ကြည့်ရအောင် ”

မိုဝူကျိသည် နိဗ္ဗာန်တာအိုမြို့၏ အလုပ်အစည်းအရုံးရှေ့ သူတို့ တွေ့ဆုံမှုကြောင့် ဖြစ်မည်မှန်း သတိပြုမိလိုက်သည်။ ထိုအခါက ရှီလင်းယုသည် အသံလုံ အတားအဆီးလေးသာ ချထားခဲ့သည် မဟုတ်ပါလော။ ရှီချိုက်ဟယ်က  ရှီလင်းယု သူ့အား နှုတ်ဆက်စဉ်အခါက နာမည်ကို ကြားသွားခြင်း ဖြစ်ပေလိမ့်မည်။

ရှီချိုက်ဟယ်က သူတို့ နောက်လိုက်နေမှန်း သိသာလှသည်။ မဟုတ်လျှင် ရှီချိုက်ဟယ်က ရှီလင်းယုနှင့် သူ့ကြားရှိ စကားဝိုင်းအား အာရုံစိုက်ထားမည် မဟုတ်ချေ။ ရှီချိုက်ဟယ်က သူ့ပြိုင်ပွဲအကြောင်း အကုန်သိပြီး အလုပ်အစည်းအရုံးအထိ လိုက်လာခြင်း ဖြစ်ပေမည်။

မိုဝူကျိက ထိုအရာအားလုံးကို တွက်ချက်ပြီးနောက် သူ့နောက်ကျော၌ ချွေးအေးများ စီးကျလာတော့သည်။ သူက အဆင့် ၅ နတ်ဆေးလုံးဘုရင် စစ်ဆေးမှုကို မအောင်မြင်ခဲ့သော်လည်း ရှီချိုက်ဟယ်က ဆေးလုံးတာအို ဂုဏ်ထူးဆောင် မျှော်စင်ကတည်းက သူ့နောက်လိုက်နေသည်မှာ သိသာလှသည်။

ဤလူက နတ်ဘုရားဘုရင် နောက်ပိုင်းအဆင့် ဖြစ်ပြီး အဆင့် ၅ နတ်ဆေးလုံးဘုရင်လည်း ဖြစ်ပေသည်။ ဤသို့လူမျိုးက သူ့လိုမျိုး ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူနောက် တစ်ရက်တာလုံးလုံး နောက်ယောင် လိုက်နေလေသည်။ မိုဝူကျိက မစိုးရိမ်ဘဲ မနေနိုင်တော့ချေ။

သို့သော်လည်း ရှီချိုက်ဟယ်လို ပညာရှင်မျိုးက မိုဝူကျိဆီ လာတွေ့သည် ဖြစ်ရာ မိုဝူကျိအနေနှင့် ကြိုဆိုရမည် ဖြစ်၏။ လေးစားမှု ပြသသည့်အနေနှင့် သူက ရှီချိုက်ဟယ်အား စစ်ဆေးဖို့ရာ စိတ်စွမ်းအားလည်း အသုံးမပြုနိုင်ချေ။

မိုဝူကျိက အတားအဆီးကို ဖြေလျော့ပြီးနောက် တံခါးနားတွင် ရပ်နေသော လူငယ်လေးကို တွေ့လိုက်ရသည်။ မိုဝူကျိကို အံ့ဩသွားစေသည်က ထိုလူငယ်လေးတွင် လက်မောင်းတစ်ဖက် မရှိနေပေ။

နတ်ဘုရားဘုရင် နောက်ပိုင်းအဆင့်နှင့် အဆင့် ၅ နတ်ဆေးလုံးဘုရင်တစ်ယောက်က လက်တစ်ဖက် ပြတ်နေသည်။ ဤသည်က အတော်လေး ထူးဆန်းလှသည်။

“ဆေးလုံးဆရာမို … နိဗ္ဗာန်အသိပညာရပ်ကျောင်းတော် ဆေးလုံးပင်လယ်ရဲ့ ရှီချိုက်ဟယ်က မင်းဆီ ဗြုန်းခနဲ ရောက်လာတာ ဘာမှ အနှောင့်အယှက် မဖြစ်ဖို့ မျှော်လင့်ပါတယ် ” ရှီချိုက်ဟယ်က အပြုံးလေးဖြင့် အထဲဝင်လာသည်။ သူ့လေသံက နွေးထွေးကာ ဖော်ဖော်ရွေရွေ ရှိလှသည်။

မိုဝူကျိက တွေးလိုက်မိ၏။

 ခင်ဗျားရောက်လာတာ ဗြုန်းခနဲလား  … ခင်ဗျား ကျုပ်နောက်ကို တစ်ရက်လုံး လိုက်နေတာ မဟုတ်ဘူးလား

သို့သော်လည်း မိုဝူကျိက တစ်ဖက်လူသည် မကောင်းသည့် ရည်ရွယ်ချက် မရှိကြောင်း သိလိုက်သည်။ မဟုတ်ပါက သူ သတိပြုမိပြီးသည်မှာ ကြာမြင့်လောက်လေပြီ။

“ ကိစ္စမရှိပါဘူးဗျာ … စီနီယာရှီ ရောက်လာတာက ဒီဂျူနီယာလေးအတွက် ဂုဏ်ယူစရာပါပဲ။ ဒီဂျူနီယာလေးက ဆေးလုံးဆရာလို့ အခေါ်မခံရဲပါဘူး။ စီနီယာက ကျုပ်ကို ဂျူနီယာ ဒါမှမဟုတ်  မိုဝူကျိဆိုပြီး နာမည်တည့်တိုး ခေါ်လို့ ရပါတယ် ” ယခု ရှီချိုက်ဟယ်သည် သူ့နာမည်ကို နှစ်ခေါက်တိတိ ထုတ်ပြောခဲ့၍ မိုဝူကျိလည်း သူ့နာမည် အပြည့်အစုံကို ပြန်လည် ထုတ်ပြောရမည် ဖြစ်၏။

ရှီလင်းယုကလည်း လက်နှစ်ဖက် ယှက်ကာ  “ မိုးကောင်းကင်ဂိုဏ်းရဲ့ ရှီလင်းယုကလည်း တာအိုရောင်းရင်းရှီကို နှုတ်ဆက်ပါတယ် ”

ရှီချိုက်ဟယ်က လက်နှစ်ဖက် ပြန်ယှက်ကာ  “ ကျုပ်လည်း ဂိုဏ်းချုပ်ရှီရဲ့ နာမည်ကို ကြားဖူးနေတာ ကြာပါပြီ။ အခုမှပဲ တွေ့ဖူးတော့တယ်။ ကြည့်ရတာ ဒဏ္ဍာရီတွေက အမှန်ဖြစ်နေပုံပါပဲဗျာ ”

အပြန်ပြန်အလှန်လှန် ဧည့်ဝတ်စကားဆိုပြီးနောက် မိုဝူကျိနောက် လိုက်၍ အခန်းထဲ ဝင်လာသည်။

မိုဝူကျိက ချီပင်းသည် ရှီချိုက်ဟယ် ရောက်လာကြောင်း သိမည် ဖြစ်ကြောင်း အသေအချာ သိလိုက်သည်။ ချီပင်းက ထွက်မလာသည့်အတွက် မိုဝူကျိက တမင် သွားမခေါ်နေတော့ချေ။

မိုဝူကျိက လက်ဖက်ရည်ကြမ်း ဧည့်ခံပြီးနောက် ရှီချိုက်ဟယ်က ပြုံးကာ  “ ဝူကျိကို ကျုပ် ဒီနေ့ ကူညီပေးခဲ့တယ် ”

ရှီချိုက်ဟယ်က လောကဝတ် အလွန်အကျုး မပြုမူနေတော့ဘဲ မိုဝူကျိအား နာမည်အရင်းအတိုင်းသာ ခေါ်ဝေါ်လိုက်သည်။

မိုဝူကျိက သူ့အား မရေမရာ ကြည့်လိုက်သည်ကို မြင်၍ ရှီချိုက်ဟယ်က ဆက်ပြောလိုက်သည်  “ စောစောလေးက နတ်ဘုရားဘုရင် တာဝန်ခံတစ်ယောက် မင်းကို အတင်း ခေါ်သွားချင်နေတာလေ။ ဒါပေမဲ့ ကျုပ်က သူ့ကို လှမ်းပြောလိုက်တော့ သူက ကျုပ်ကို မျက်နှာသာပေးသွားတာ ”

မိုဝူကျိ စိတ်ထဲ လေးလံမိသွားသည်။ သူ့သလင်းကျောက်သည် ပြဿနာ ဖြေရှင်းပေးလိုက်သည်ဟု ထင်မှတ်မိခဲ့သည်။ အမြင်နှင့်တင် ပြဿနာကား သူ စိတ်ကူးထားသည်ထက် ပို၍ လေးနက်နေပုံ ရသည်။ ရှီချိုက်ဟယ်က ထပ်မရှင်းပြလျှင်ပင် မိုဝူကျိက သူ့အား အတင်းခေါ်သွားချင်သည့် နတ်ဘုရားဘုရင်မှာ နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးနှင့် တစ်ဖွဲ့တည်း ဖြစ်ကြောင်း သိလိုက်သည်။

အကယ်၍ သူသာ ခေါ်သွားခံရပါက ရလဒ် မည်သို့ ဖြစ်လာမည်ကို စိတ်ကူးကြည့်လို့ ရပေသည်။ သူ့တွင် သလင်းကျောက် ရှိနေလျှင်လည်း ဘာအရေးလဲ။ ထိုလူများက သူ့အရိုးကိုပင် စွတ်ပြုတ် လုပ်သောက်မည့်သူများ ဖြစ်၏။

မိုဝူကျိက ထရပ်ကာ ရှီချိုက်ဟယ်အား ဦးညွှတ်လိုက်ပြီး “ ကျုပ်ကို ကယ်ပေးတဲ့အတွက် စီနီယာကို ကျေးဇူးတင်ပါတယ် ”

ရှီချိုက်ဟယ်က လက်ဝှေ့ပြကာ  “ အသက်ကြွေးဆိုတာတော့ များလွန်းသွားပါပြီ။ ဂိုဏ်းချုပ်ရှီလည်း ရှိနေတာဆိုတော့ မင်းကို အတင်းအဓမ္မ ခေါ်မသွားရဲပါဘူး။ အများဆုံး ဂိုဏ်းချုပ်ရှီက လူတချို့ကို စိတ်အနှောင့်အယှက် ပေးမိရုံလောက်ပါပဲ ”

ရှီချိုက်ဟယ်က အပိုလျှောက်ပြောနေခြင်း မဟုတ်ပေ။ သို့သော်လည်း ဤသည်မှာ ရှီလင်းယု၏ ရပ်တည်မှုအပေါ် မူတည်သွားလေပြီ။ အကယ်၍ ရှီလင်းယုက မိုဝူကျိအား ဆက်လက် ကာကွယ်ပေးထားလျှင် ထိုနတ်ဘုရားဘုရင်က မိုဝူကျိအား ခေါ်သွားရဲမည် မဟုတ်ပေ။ သို့သော် အကယ်၍ ရှီလင်းယုက နိဗ္ဗာန်တာအိုမြို့၏ နတ်ဘုရားဘုရင်အား ရန်မစလိုလျှင် မိုဝူကျိကား သေချာပေါက် ခေါ်ဆောင်သွားခံရမည် ဖြစ်၏။

ရှီလင်းယုက သူ့အတွက် နိဗ္ဗာန်တာအိုမြို့ နတ်ဘုရားဘုရင်အား ရန်စရဲသည့်အကြောင်းကိုတော့ မိုဝူကျိအနေနှင့် သိပ်မသေချာပေ။ ဤသည်မှာ ကိစ္စအသေးလေး မဟုတ်ချေ။ အကယ်၍ ရှီလင်းယုသာ နိဗ္ဗာန်တာအိုမြို့၏ နတ်ဘုရားဘုရင်အား အကြောင်းပြချက်မရှိ ရန်စမိခဲ့လျှင် သူ့မိုးကောင်းကင်ငယ်ဂိုဏ်းက ပို၍ ခက်ခဲလာနိုင်သည်။ ထို့ကြောင့် ရှီချိုက်ဟယ် မည်သို့ပင် ပြောစေကာမူ မိုဝူကျိ၏ ကျေးဇူးတင်မှုမှာ သူ့နှလုံးသားထဲမှ ဖြစ်တည်လာခြင်း ဖြစ်၏။

“ တကယ်လို့ စီနီယာဆီမှာ လုပ်ခိုင်းချင်တာ ရှိရင် ဂျူနီယာလေး တတ်စွမ်းသမျှ လိုက်လုပ်ပေးပါ့မယ် ” သူက ရှီချိုက်ဟယ်ကို ကျေးဇူးတင်မိနေသော်လည်း ရှီချိုက်ဟယ်သည် သူ့နောက် တစ်နေကုန် လိုက်နေသည့် အကြောင်းအရင်းကို သိချင်မိသေး၏။

ရှီချိုက်ဟယ်က ခေါင်းညိတ်ကာ မိုဝူကျိအား ထိုင်ရန် လက်ဟန်ပြလိုက်ပြီး  “ မင်းရဲ့ တာအိုပညာရပ်တွေက အားကောင်းတယ်။ မင်းထက် အဆင့်မြင့်တဲ့သူတွေကိုတောင် နိုင်မယ်ဆိုတာ ခန့်မှန်းမိတယ်။ ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူတချို့ပဲ မင်းနဲ့ ရင်ဆိုင်နိုင်လိမ့်မယ် ”

မိုဝူကျိက သက်ပြင်းချလိုက်မိသည်။ ဤလူက သူ့နောက် တစ်ရက်လုံးလုံး လိုက်နေခဲ့သည်။

အကြောင်းအရင်း အတိအကျမှာ ….

မိုဝူကျိ စိတ်ထဲ တုန်လှုပ်မိသွား၏။ နောက်ဆုံးတွင် အကြောင်းအရင်းကို တွေးမိသွားသည်။ ဤလူက ဆေးလုံးဖော်စပ်ရာ၌ သူ့စွမ်းဆောင်ရည်ကို သတိပြုမိသွား၍ ဖြစ်သည်။ သူ့ဆေးလုံးများက သာမာန် ဖြစ်သော်လည်း သူ့ဆေးပင် သန့်စင်နှုန်းကား ထိပ်တန်းအဆင့် ဖြစ်နေ၏။ ထိုမျှတင် မကသေးဘဲ သူ့ဆေးလုံးဖော်စပ်နှုန်းမှာ အလွန်မြန်ဆန်ပေသည်။ သူက သူ့ကိုယ်သူ နှေးကွေးဖို့ ကြိုးစားသော်လည်း အမြန်နှုန်းမှာ သာမာန်ဆေးလုံးဆရာများ လိုက်မယှဉ်နိင်သေးချေ။

ယခု ရှီချိုက်ဟယ် သူ့နောက် လိုက်လာသည့် အကြောင်းအရင်းကို နားလည်သွားသောကြောင့် မိုဝူကျိက သက်ပြင်းချလိုက်သည်။ ဆေးလုံးဖော်စပ်နှုန်း မြန်ဆန်ခြင်းမှာ ဘာမှမဟုတ်ပေ။ ဤသည်က အများဆုံး သူ့စိတ်စွမ်းအားကား အင်မတန် အားကောင်းကြောင်း ပြသရုံသာ ဖြစ်၏။ ထို့အပြင် သူက အဆင့် ၅ ဆေးလုံးကို မဖော်စပ်ခဲ့ဘဲ အဆင့် ၄ နှင့်အောက် ဆေးလုံးများသာ ဖော်စပ်ခဲ့၏။

မိုဝူကျိက ထိုင်ချကာ လေးလေးနက်နက် ပြောလိုက်သည်  “ အဲဒါက ကျုပ်ရဲ့ အခြေခံအုတ်မြစ်က ကျစ်လစ်လို့ နေမယ်။ ကျုပ်က ကနဦး နတ်ဘုရားအဆင့်မှာ တစ်နေတာ ကြာလှပြီလေ ”

အကယ်၍ ရှီလင်းယုနှင့် ရှီချိုက်ဟယ်သည် မိုဝူကျိ၏ အလွန်ကြာလွန်းသော အဓိပ္ပါယ်မှာ ဆယ်နှစ်ကနေ နှစ်နှစ်ဆယ်အတွင်း ဖြစ်ကြောင်း သိလျှင် သူတို့နှစ်ယောက် မိုဝူကျိ မျက်နှာကို တံတွေးထ ထွေးမိပေလိမ့်မည်။ ထို့နောက် မိုဝူကျိအား လက်ညိုးထိုးကာ ဆူငေါက်ပစ်လောက်၏

 “ မင်းဘာသာ တခြားနည်းနဲ့ ကြည့်ကောင်းအောင် ပြောလို့ မရဘူးလား ”

ကံကောင်းစွာဖြင့် ရှီချိုက်ဟယ်က မိုဝူကျိသည် အလွန်ငယ်သေးကြောင်းသာ ပြောနိုင်သည်။ မိုဝူကျိ၏ လူသားတာအိုနှင့် ထာဝရကမ္ဘာ ပုံပန်းသဏ္ဍာန် ဖွဲ့တည်မှုကြောင့် မိုဝူကျိ၏ အသက်အရွယ်အား မျက်စိသပ်သပ်ဖြင့် ခွဲခြားဖို့ရာ မဖြစ်နိုင်ချေ။

ရှီချိုက်ဟယ်က ခေါင်းညိတ်ကာ  “ ဝူကျိ … မင်းကို မေးခွန်းတစ်ခုလောက် မေးချင်တယ်။ မင်း ဘာကျင့်စဉ်ကို သုံးနေတာလဲ ”

မိုဝူကျိက ဘာကိုမှ လျို့ဝှက်မထားပေ။ အင်မော်တယ် မော်တယ်ကျင့်စဉ်သည် နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်မှ အစပြုလာခြင်း ဖြစ်ပြီး သူသည် နိဗ္ဗာန်အသိပညာရပ်ကျောင်းတော် သေမျိုးနယ်မြေသို့ သွားရောက်ရန် ဤနေရာအထိ ရောက်ရှိလာခြင်း ဖြစ်၏။ ထို့ကြောင့် သူ့အနေနှင့် ထိုအချက်အား ဖုံးကွယ်ထားဖို့ မလိုအပ်ပေ။

“ ဒီဂျူနီယာလေးက အင်မော်တယ် မော်တယ်ကျင့်စဉ်ကို ကျင့်ကြံပါတယ်။ ဒီတစ်ခါ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ကို ဝင်ချင်တာကလည်း သေမျိုးနယ်မြေဆီ သွားချင်လို့ပါ ”

မိုဝူကျိသည် အင်မော်တယ် မော်တယ်ကျင့်စဉ် ကျင့်ကြံကြောင်း ကြားလိုက်သည့်အခါ ရှီချိုက်ဟယ်က သူပခုံးပေါ်မှ ဝန်ထုပ်ကြီး ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။ လက်တွေ့၌ သူ မိုဝူကျိနောက် တစ်ရက်လုံးလုံး လိုက်လာပြီးနောက် မိုဝူကျိအပေါ် သူ့အမြင်မှာ အလွန်ကောင်းလှသည်။

မိုဝူကျိ ပြိုင်ပွဲဝင်နေစဉ်အတွင်း လူက တိုက်ပွဲ ၂၉ ပွဲတွင် လူတစ်ယောက်ကိုမှ မသတ်ခဲ့ပေ။ နောက်ဆုံး၌ ခပ်ကြမ်းကြမ်း အမျိုးသားတစ်ဦးက မိုဝူကျိကို သတ်ရန် ကြိုးစားခဲ့သောကြောင့် မိုဝူကျိက ရက်စက်လိုက်ရခြင်း ဖြစ်သည်။ မိုဝူကျိသည် သွေးဆာရက်စက်သည့်သူ မဟုတ်မှန်း သိသာလှသည်။ သူ ရှီချိုက်ဟယ်က သွေးဆာရက်စက်သူများအတွက် ဆေးလုံး မဖော်စပ်ရန် ကိုယ်ပိုင်စည်းမျည်း တစ်ခု ရှိပေသည်။

သူ့လက်မောင်းတစ်ဖက်က နတ်ဘုရားဘုရင် ပြီးပြည့်စုံခြင်းအဆင့်ရှိ ကျင့်ကြံသူတစ်ဦးကြောင့် ဒဏ်ရာရခဲ့ခြင်း ဖြစ်ပေသည်။ ဤလူက အရမ်းကို ရူးသွပ်ကာ သွေးဆာလွန်းနေသည့်အတွက် သူက ထိုလူအတွက် ဆေးလုံး‌ဖော်စပ်ပေးဖို့ ငြင်းဆိုခဲ့သည်။ ထို့ကြောင့် ထိုလူက သူ့လက်မောင်းအား ဖြတ်ပစ်လိုက်ခြင်း ဖြစ်၏။

အကယ်၍ မိုဝူကျိကသာ အဆုံးမဲ့မြစ် ဆေးလုံးတာအို၏ မျိုးဆက် ဖြစ်နေလျှင် ရလဒ်မှာ မိုဝူကျိအပေါ် မည်သို့ ကျရောက်လာမည်ကို မှန်းဆကြည့်၍ ရပေသည်။ ဆေးလုံးပင်လယ် ကျန်းရှား၏ လက်အောက်တွင် သူ ရှီချိုက်ဟယ်က မိုဝူကျိအား ကယ်တင်ပေးနိုင်မည် မဟုတ်ပေ။

မိုဝူကျိက သူ့စကားများသည်  ရှီချိုက်ဟယ်အား သူ့အပေါ် ပို၍ နွေးထွေးလာစေသည်ကို ခံစားမိလိုက်၏။

“ မင်းရဲ့ ကျင့်စဉ်ကို ပြလို့ ရမလား ” ရှီချိုက်ဟယ်က မေးကြည့်လိုက်သည်။

မိုဝူကျိက တုံ့ဆိုင်းမနေဘဲ သူ တျန်းဂျီဂိုဏ်းမှ ရရှိထားသည့် အင်မော်တယ် မော်တယ်ကျင့်စဉ်ကို ထုတ်ပြလိုက်သည်။ တခြားသူများအတွက် တခြားသူ၏ ကျင့်စဉ်ကို မေးမြန်းခြင်းက ရန်စခြင်းဟု သတ်မှတ်နိုင်ပေသည်။ သို့သော်လည်း မိုဝူကျိက ရှီချိုက်ဟယ်သည် အလွန်လေးနက်စွာဖြင့် ကျင့်စဉ်ကို အမှန်တကယ် ကြည့်လိုကြောင်း ခံစားမိပေ၏။

ရှီချိုက်ဟယ်သည် အင်မော်တယ် မော်တယ်ကျင့်စဉ်ကို လက်ခံလိုက်ပြီး ပထမစာမျက်နှာကို လှန်ကြည့်လိုက်စဉ် ရင်းနှီးသောစာလုံးများက သူ့ရှေ့ ပေါ်လာသည်။

“ မိုးမြေ ပွင့်လာပြီး သဘာဝစွမ်းအားတွေ ဖြစ်တည်လာပြီးရင် ရလဒ်အနေနဲ့ ရုတ်ရုတ်သည်းသည်း ဖြစ်သွားစေမယ်။ ဝိညာဉ်စွမ်းအားနဲ့ မိုးမြေ သဟဇာတဖြစ်မှုက သက်ရှိကို မွေးထုတ်ပေးတယ်။ တာအိုလမ်းစဉ် မလိုက်နိုင်တဲ့သူတွေကို သေမျိုုးတွေအဖြစ် မှတ်ယူကြတယ်။ ငါ သေမျိုးတစ်ယောက်အနေနဲ့ သဘာဝစွမ်းအားတွေကို စုစည်းပြီး အသက်ရှည်မှုကို ရရှိခဲ့တယ်  …. ”

“ ဒါက စိုက်ပျိုးရေး ဧကရာဇ် ချန်ခဲ့တာ အမှန်ပဲ။ ဟုတ်တယ်  … မင်းက အင်မော်တယ် မော်တယ်ကျင့်စဉ်ကို ကျင့်နေတာပဲ။ မင်းက တော်တော် ကံကောင်းတာပဲ။ စိုက်ပျိုးရေး ဧကရာဇ် ကိုယ်တိုင် ရေးထားတဲ့ ကျင့်စဉ်ကိုတောင် ရခဲ့သေးတယ် ” ရှီချိုက်ဟယ်က စာအုပ်ကို ပိတ်ကာ မိုဝူကျိအား ပြန်ပေးလိုက်သည်။

မိုဝူကျိက သူသည် နောက်စာရွက်များ မဖတ်ကြည့်ရသေးကြောင်း မထုတ်ဖော်ပေ။ အကြောင်းမှာ သူ့အင်မော်တယ် မော်တယ်ကျင့်စဉ်သည် ဤစာအုပ်နှင့် မတူညီသော လမ်းကြောင်းကို သွား၍ ဖြစ်သည်။ အကယ်၍ ရှီချိုက်ဟယ်သာ နောက်စာရွက်ကို လှန်ကြည့်လျှင် တစ်ခုခု လွဲမှားနေကြောင်း တွေ့သွားနိုင်သည်။

မိုဝူကျိက ရှီချိုက်ဟယ်သည် သူ့အင်မော်တယ် မော်တယ်ကျင့်စဉ်ကို အဘယ်ကြောင့် စုံစမ်းစစ်ဆေးလိုမှန်း မသိပေ။ ပြဿနာကို ရှောင်ရှားခြင်းက အကောင်းဆုံး ဖြစ်၏။

မိုဝူကျိက အင်မော်တယ် မော်တယ်ကျင့်စဉ်ကို အသေအချာ ဂရုတစိုက် ပြန်သိမ်းလိုက်သည်ကို မြင်ပြီး  ရှီချိုက်ဟယ်က ခေါင်းညိတ်ကာ မေးလိုက်သည်  “ ဝူကျိ  … မင်း အဆုံးမဲ့မြစ် ဆေးလုံးတာအိုဆိုတာ ကြားဖူးလား ”

မိုဝူကျိက ကြောင်အမ်းစွာဖြင့် ခေါင်းခါလိုက်သည်  “ အဆုံးမဲ့ မြစ်ဆေးလုံးတာအိုက အတော်လေး အံ့ဩဖို့ ကောင်းလား။ ကျုပ် တစ်ခါမှ မကြားဖူးဘူး ”

All Chapters