ထာဝရကြယ်မီးတောက်
Vol. 61 Ch. 835
ဝမ်ပေါင်လဲ့၏ အမြင်တွင် မြေနက်ကြယ် သန့်စင်ခြင်းပညာရပ်မှာ တမူထူးခြားသည့် သန့်စင်ခြင်းပညာရပ်တစ်ခု ဖြစ်ပေသည်။ သူ၏ လက်ရှိ ကျွမ်းကျင်မှုအဆင့်အတန်းနှင့်ပင် ထိုပညာရပ်၏ ပထမဆုံးအခန်းအား နားလည်နိုင်အောင် မနည်းကြိုးစားခဲ့ရ၏။
ထို သန့်စင်ခြင်းပညာရပ်မှာ အခန်းကိုးခန်းပါပြီး ဗဟုသုတ အချက်အလက်မျိုးစုံကို ခြုံငုံမိပေသည်။ အထူးသဖြင့် အခန်းရှစ်ထဲတွင်ဆိုလျှင် တာအိုနယ်မြေတစ်ခုလုံးအား သန့်စင်နိုင်ကြောင်း ဖော်ပြထားသေးသည်။ ထိုသို့ သန့်စင်ပြီးပါက ထို တာအိုနယ်မြေမှာ မိမိ၏ ကိုယ်ပိုင်နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။ ထို့နောက် စကြဝဠာကြီးအား ကြီးစိုးကာ မဟာတာအိုအား ရရှိပိုင်ဆိုင်သွားနိုင်မည် ဖြစ်သည်။
သို့သော် ဝမ်ပေါင်လဲ့မှာမူ ထို အခန်းရှစ်ထဲ၌ ဖော်ပြထားသည့် အရာများမှာ စိတ်ကူးယဉ် ဖြစ်ရပ်များသာ ဖြစ်ကြောင်း ခံစားနေရ၏။
အခန်းကိုးထဲ၌ ရေးသားထားသည့် အရာများဆိုလျှင် ပို၍ပင် အဓိပ္ပါယ်မရှိပေ။ ထိုအခန်းထဲ၌ ဖော်ပြထားသည့် သီးခြားနယ်မြေထဲတွင်ဆိုလျှင် သက်ရှိများအားလုံးမှာ အခြား သက်ရှိများကို အလွယ်တကူ သတ်ဖြတ်ချေမှုန်းနိုင်စွမ်း ရှိနေ၏။
ထိုအခန်းအား ရေးသားခဲ့သည့် စာရေးသူမှာ စာဖတ်သူများ သူ၏ဖော်ပြချက်အား ရှင်းရှင်းလင်းလင်း နားမလည်မည် စိုးသောကြောင့် ဥပမာတစ်ခု ထည့်သွင်းဖော်ပြထား၏။ ထိုဥပမာမှာ လူတစ်ယောက်၏ ပုံအား စာရွက်တစ်ရွက်ပေါ်၌ ရေးဆွဲပြီးလျှင် ထိုစာရွက်အား ဆုတ်ဖြဲဖြစ်လိုက်ခြင်းပင်။ ထိုအခါ ထိုပုဂ္ဂိုလ်မှာ ခုခံကာကွယ်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ သာမန်လူများသာမက ကြောက်မက်ဖွယ်ရာ သားရဲကြီးများနှင့် အစွမ်းအထက်ဆုံးသော ကျင့်ကြံသူများကိုပင် ရေးဆွဲလျှင်တောင် ရလဒ်မှာ ပြောင်းလဲသွားမည်မဟုတ်ပေ။
သို့ဖြစ်ရာ အခန်းကိုးထဲ၌ ဖော်ပြထားသည့် နည်းလမ်းများမှာ သီးခြားနယ်မြေတစ်ခုထဲ၌ စာရွက်ပေါ်ရှိ ရုပ်ပုံများအား သက်ရှိအစစ်များအဖြစ် အမှန်တကယ် ပြောင်းလဲပစ်နိုင်သည့် စိတ်ကူးယဉ် နည်းလမ်းများ ဖြစ်ပေသည်။
ဝမ်ပေါင်လဲ့မှာ ထိုအခန်းအား ဖတ်ရှုလိုက်ပြီးနောက် ပင့်သက်များ ရှိုက်မိသွားရ၏။ ထို ကျင့်ကြံခြင်းပညာရပ်မှာ အလွန်အင်အမတန်မှ ရူးသွပ်ဖွယ်ရာ ကောင်းနေသည်မဟုတ်ပါလော။ သို့သော် ထိုပညာရပ်ထဲ၌ ဖော်ပြထားသည့်အရာများမှာ မှားမှား မှန်မှန် သူ့အတွက် အရေးမကြီးပေ။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ထိုအရာများအား ထည့်သွင်းစဉ်းစားရလောက်သည့် အဆင့်အထိ မရောက်သေးပေ။ သို့သော် သူသည် အခန်းကိုးထဲ၌ ရေးသားဖော်ပြထားသည့် အကြောင်းအရာများကို ခေါင်းထဲမှ မထုတ်နိုင်ဘဲဖြစ်နေရ၏။ ထို့နောက် သူသည် ခေါင်းမော့လာပြီး အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများမှာ ဓမ္မစစ်သင်္ဘောကြီး၏ နံရံများကို ထိုးဖောက်ကာ အပြင်ဘက်ရှိ စကြဝဠာကြီးအား မြင်နေရသည့်ပုံပင်။
အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ ဝူလေးဘက်သို့ ပြန်လှည့်လာပြီး မေးလိုက်၏ " မင်းက ဘယ်ကလဲ "
ထိုအခါ ဝူလေးမှာလည်း မျက်စိပေကလပ်ပေကလပ် ဖြစ်သွား၏။ ထို့နောက် သူသည် ဖြည်းဖြည်းချင်း မတ်တတ်ထလာပြီး သူ၏ အင်္ကျီလက်အား အသာအယာ ခါယမ်းလိုက်သည်။ သူ၏ မျက်ဝန်းများမှာ မိန်းမောတွေဝေနေသည့်ပုံ မပေါ်တော့ပေ။ သူသည် မျက်နှာအမူအရာ တည်ကြည်နေပြီး သူ၏မျက်လုံးများမှာလည်း ထူးဆန်းစွာ တောက်ပနေ၏။ ထိုအခိုက်အတန့်တွင် သူသည် ဝမ်ပေါင်လဲ့အား ဖေဖေကြီးဟု ခေါ်ခဲ့သည့် ဝူလေး မဟုတ်တော့ဘဲ လျှို့ဝှက်ဆန်းကြယ် ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီဖြစ်သည်။
" ငါ မင်းကို ပြောပြပြီးပြီလေ။ ငါက မြေနက်အင်ပါယာက မင်းသားတစ်ပါးလို့။ မင်းမေးရမယ့် မေးခွန်းက ငါ ဘယ်သူလဲဆိုတဲ့ မေးခွန်းမဟုတ်ဘူး။ မြေနက်အင်ပါယာက ဘယ်မှာလဲဆိုတဲ့ မေးခွန်းပဲကွ "
ထိုအခါ ဝမ်ပေါင်လဲ့မှာ နှုတ်ဆိတ်သွား၏။ ထို့နောက် သူသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး လေသံအောအောကြီးဖြင့် ပြန်မေးလိုက်ပြန်သည် " မြေနက်အင်ပါယာက ဘယ်မှာလဲ "
" အဲတာ မင်း မေးရမယ့်မေးခွန်း မဟုတ်ဘူးကွ။ မင်းက မြေနက်အင်ပါယာ ဒီတာအိုနယ်မြေထဲမှာ ရှိမရှိကို မေးရမှာ " ဝူလေး ထိုသို့ ပြန်ပြောလိုက်ချိန်တွင် သူ၏ အငွေ့အသက်များမှာ ပြောင်းလဲသွား၏။
ထိုအခါ မြည်းလေးမှာလည်း မျက်လုံးများ ပြူးသွားရပြီး ပင့်သက်ရှိုက်မိသွားတော့သည်။ ၎င်းမှာ အဓိပ္ပါယ် လေးနက်သည့် မျက်ဝန်းများဖြင့် ဝူလေးအား အကဲခတ်နေ၏။ သို့ဖြစ်ရာ ၎င်းမှာ ဝူလေး၏ စိတ်ဝိညာဉ်ထဲအထိ ဖောက်ထွင်းမြင်နိုင်ရန် ကြိုးစားနေသည့်ပုံ ပေါက်နေတော့သည်။
ဝမ်ပေါင်လဲ့မှာမူ အချိန်အတော်အတန်ကြာအောင် နှုတ်ဆိတ်သွား၏။ ထို့နောက် သူသည် ဖြည်းဖြည်းချင်း ထပ်မေးလိုက်ပြန်သည် " မြေနက်အင်ပါယာအစစ်က ဘယ်မှာလဲ "
" အဲတာမင်းမေးရမယ့် မေးခွန်း မဟုတ်.... "
" ချီးကို ငါမေးရမယ့် မေးခွန်း မဟုတ်ဦးကွာ... " ဝူလေးတစ်ယောက် စကားမဆုံးနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့၏ ဒေါသစိတ်များမှာ ယမ်းပုံမီးကျသကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ သူသည် နှစ်ကြိမ်တိတိ သည်းခံနေခဲ့ပါသော်လည်း ထိုကောင်လေးမှာ အတင့်ရဲလွန်းနေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ သူ့အား စိန်စိန်ဝါးဝါး စိုက်ကြည့်ကာ ခြေထောက်ဖြင့် လှမ်းကန်လိုက်တော့သည်။
ထိုအခါ ဝူလေးမှာလည်း အော်ဟစ်မြည်တမ်းကာ အဝေးသို့ လွင့်ထွက်သွားရ၏။ သို့သော် သူသည် အရေထူသောကြောင့် ဒဏ်ရာမရခဲ့ပေ။ သို့သော်ငြားလည်း နာကျင်မှုများကိုတော့ ခံစားနေရဆဲပင်။ ထို့ကြောင့် သူ ပထမဆုံးအကြိမ်အဖြစ် ဝမ်ပေါင်လဲ့၏ ရိုက်နှက်ကန်ကျောက်ခြင်းများကို ခံခဲ့ရသည့် မှတ်ဉာဏ်များမှာ သူ၏အတွေးထဲ၌ ပြန်လည်ပေါ်ပေါက်လာတော့သည်။ ဝမ်ပေါင်လဲ့မှာ သူ့အား ဖေဖေကြီးဟု ခေါ်ခိုင်းခဲ့သည့် မဟုတ်ပါလော။ ထို့ကြောင့် သူသည် တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားရပြီး ယခင်ပုံစံအတိုင်း ပြန်ဖြစ်သွား၏။ ထို့နောက် သူသည် မျက်နှာချိုသွေးသည့် မျက်နှာအမူအရာဖြင့် အလောတကြီး ဆိုလိုက်တော့သည်။
" ဖေဖေကြီးရာ။ စိတ်မဆိုးပါနဲ့ဗျ။ ကျွန်တော် အမှားကြီး မှားသွားပါတယ်။ ကျွန်တော်က မြေနက်အင်ပါယာက မဟုတ်ပါဘူး။ အသေးစားတိုင်းပြည်လေးတစ်ခုရဲ့ မင်းသားတွေ အများကြီးထဲက တစ်ယောက်ပါ။ ဒီ ကျောက်စိမ်းပေလွှာက ကျွန်တော်တို့တိုင်းပြည်ရဲ့ နိုင်ငံတော်ရတနာတစ်ခုပါ။ ကျွန်တော်က အဲတာကို ခိုးလာခဲ့တာ... " ဝူလေးမှာ သနားကမား မျက်နှာအမူအရာဖြင့် ဝမ်ပေါင်လဲ့အား ထိုကျောက်စိမ်းပေလွှာ၏ မူလဇစ်မြစ်ကို ရှင်းပြလိုက်၏။
ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါမှ ဒေါသပြေသွား၏။ သူ၏ မေးခွန်းများအား ထိုကဲ့သို့သာ ပြန်ဖြေသင့်ပေးသည်။ သို့သော် ဝမ်ပေါင်လဲ့မှာ ဝူလေး ပြောသမျှ စကားတိုင်းကို ယုံကြည်နေမည်တော့ မဟုတ်ပေ။ သူသည် ထိုကောင်လေး၏ နောက်ကြောင်းရာဇဝင်နှင့် ပတ်သတ်၍ သံသယစိတ်များ ရှိနေဆဲပင်။ ထို့အပြင် မြေနက်ကြယ် သန့်စင်ခြင်းပညာရပ်၏ အခန်းကိုးထဲ၌ ဖော်ပြထားသော အချက်အလက်များကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်သေးသည်... ထိုအတွေးများကြောင့် သူသည် တအံတသြ ဖြစ်သွားရပြီး ဝူလေး အပေါ်ထားရှိသည့် သူ၏အမြင်များမှာလည်း ပြောင်းလဲသွားရ၏။
" ဒီကောင်လေးက အခန်းကိုးထဲမှာ ရေးထားတဲ့ နယ်မြေထဲကများ ဖြစ်နေမလား။ မဟုတ်နိုင်ပါဘူးလေ။ သူက ဒီလောက်တောင် အားနည်းနေတာကို "
ဝမ်ပေါင်လဲ့မှာ မြေနက်ကြယ် သန့်စင်ခြင်းပညာရပ်အကြောင်း ဆက်လက် စဉ်းစားတွေးတောနေလိုက်၏။ တစ်အောင့်ခန့်ကြာပြီးနောက် သူသည် ဝူလေးအား လျစ်လျူရှုကာ အောက်သို့ထိုင်ချလိုက်သည်။ ထို့နောက် သူသည် သူ၏ လက်ထဲမှ ကျောက်စိမ်းပေလွှာကို စိုက်ကြည့်ကာ အခန်းတစ်အား စတင်လေ့လာလိုက်တော့သည်။
ထိုသို့ဖြင့် အချိန်များ ကုန်လွန်သွားပြီး တစ်လတိတိ ကုန်ဆုံးသွား၏။ ထိုတစ်လအတွင်းတွင် ဝမ်ပေါင်လဲ့၏ ဧရာမ စစ်သင်္ဘောတပ်ကြီးမှာ ကြယ်အဖွဲ့အစည်းပေါင်း မြောက်မြားစွာကို ကျော်ဖြတ်ခဲ့ပြီး အာကာသ ခရီးသွားဧည့်သည်အဖွဲ့မျိုးစုံနှင့် ကြုံတွေ့ခဲ့ရ၏။ ထို ခရီးသွားဧည့်သည်များမှာ ဝမ်ပေါင်လဲ့၏ စစ်သင်္ဘောတပ်ကြီးဆီမှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ်ရာ အငွေ့အသက်များကို အာရုံမိလိုက်သည်နှင့် ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့ရသည်သာဖြစ်သည်။ သူတို့မှာ ဝမ်ပေါင်လဲ့ ထွက်ခွာသွားသောအခါမှ စိတ်အေးလက်အေးနှင့် သက်ပြင်းချနိုင်ခဲ့ကြ၏။
ဝမ်ပေါင်လဲ့မှာ သူစိမ်းများအပေါ် အာရုံရောက်နေရန် ဆန္ဒမရှိပေ။ သူသည် မြေနက်ကြယ် သန့်စင်ခြင်းပညာရပ်၏ အခန်းတစ်ထဲ၌သာ အာရုံအပြည့်စိုက်ထား၏။ သူသည် ထို အခန်းအား တစ်လလုံး လေ့လာနေခဲ့သည့်တိုင်အောင် ၎င်း၏ တစ်စိတ်တစ်ပိုင်းမျှသာ နားလည်သေးသည်။
သူ နားလည်သွားသည့် အပိုင်းမှာ ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်အား အဆောင်ပစ္စည်းတစ်ခုအဖြစ် သန့်စင်သည့် အပိုင်း ဖြစ်ပေသည်။
" ငါ ထာဝရကြယ်တစ်လုံး ရှာဖို့လိုတယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်လိုက်ပြီး ခေါင်းမော့ကာ သူ၏ ဓမ္မစစ်သင်္ဘောကြီး၏ အပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။ ထို့နောက် သူ၏ နတ်ဘုရားအာရုံမှာ ဓမ္မစစ်သင်္ဘောကြီးနှင့် တစ်သားတည်း ပေါင်းစည်းသွားသည်။ ထို ဓမ္မစစ်သင်္ဘောကြီး၏ အားဖြည့်မှုကြောင့် သူ၏ နတ်ဘုရားအာရုံများမှာ ရှေ့သို့ ဆက်လက်ဆန့်တန်းသွားပြီး အဝေးတစ်နေရာရှိ စကြဝဠာကြီးထဲအထိ ရောက်ရှိသွား၏။ ထို့နောက် သူသည် ကြယ်မြေပုံတစ်ခုကို ထုတ်ယူကာ ၎င်းအား အသေးစိတ် အကဲခတ်ကြည့်ရှုလိုက်သည်။နောက်ဆုံးတွင် သူသည် ဓမ္မစစ်သင်္ဘောကြီး၏ လမ်းကြောင်းအား ပြောင်းလဲလိုက်ပြီးနောက် သူနှင့် အနီးဆုံးတွင် ရှိနေသည့် ထာဝရကြယ်ဆီသို့ ဦးတည်သွားလိုက်တော့သည်။
ခုနစ်ရက်အကြာတွင် ဝမ်ပေါင်လဲ့၏ စစ်သင်္ဘောတပ်ကြီးမှာ ထို ကြယ်အဖွဲ့အစည်းဆီသို့ ရောက်ရှိသွား၏။ ထိုကြယ်အဖွဲ့အစည်းထဲတွင် အခြေချနေထိုင်နေသည့် လူမှုအဖွဲ့အစည်းတစ်ခု ရှိပေသည်။ သို့သော် ၎င်းမှာ ရှေးကျသော လူမှုအဖွဲ့အစည်းတစ်ခုသာ ဖြစ်သောကြောင့် ဝမ်ပေါင်လဲ့ ရောက်ရှိလာသည့်အချက်ကို အာရုံခံနိုင်စွမ်းမရှိပေ။ ဝမ်ပေါင်လဲ့မှာလည်း ထိုလူမှုအဖွဲ့အစည်းအား ကျူးကျော်လိုခြင်းမဟုတ်ပေ။ ထိုသို့ဖြင့် သူသည် ထို ကြယ်အဖွဲ့အစည်းထဲရှိ ထာဝရကြယ်ကြီး၏ အနီးသို့ ချဉ်းကပ်သွားနေရင်း နောက်ဆုံးတွင် သူ၏ရှေ့၌ ရဲရဲနီနေသည့် နေမင်းကြီးတစ်စင်း ပေါ်ပေါက်လာတော့သည်။
၎င်း၏ အရွယ်အစားနဲ့ အပူချိန်မှာ နေအဖွဲ့အစည်းထဲရှိ ထာဝရကြယ်ကြီးနှင့် အတူတူပင်ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထိုထာဝရကြယ်ကြီး ထုတ်လွှတ်နေသည့် ချစ်ချစ်တောက် ပူပြင်းနေသော အပူချိန်ကြီးနှင့် ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားများကို ခံစားရင်း မျက်လုံးများမှေးသွား၏။ ထို့နောက် မြေနက်ကြယ် သန့်စင်ခြင်းပညာရပ်၏ အခန်းတစ်ထဲ၌ ဖော်ပြထားသော ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်အား သန့်စင်သည့် နည်းလမ်းမှာ သူ၏အတွေးထဲ၌ ပေါ်ပေါက်လာတော့သည်။
" ထာဝရကြယ်မီးတောက်ရဲ့ အတွင်းပိုင်းတည်ဆောက်ပုံကို ပြောင်းလဲပြီးရင် အဲဒီမီးတောက်ကို နတ်ဘုရားအသိစိတ်ထဲမှာ သန့်စင်ရမယ်။ ပြီးရင် အဲဒီမီးတောက်ကို ကိုယ့်ရဲ့ ကိုယ်ပိုင် ရုပ်သေးရုပ်တစ်ခုအဖြစ် ပြောင်းလဲပစ်ရမယ် "
" အဲဒီအဆင့်တွေက လုပ်ရတာ လွယ်တဲ့ပုံ ပေါ်ပေမဲ့ အခက်ဆုံးအပိုင်းက ထာဝရကြယ်တစ်လုံးရဲ့ မီးတောက်ကို ဝါးမျိုရတဲ့အပိုင်းပဲ "
ဝမ်ပေါင်လဲ့မှာ အတွေးများထဲတွင် နစ်မျောသွား၏။ ထာဝရကြယ်မီးတောက်အား ဝါးမျိုခြင်းမှာ မြေနက်ကြယ် သန့်စင်ခြင်းပညာရပ်၏ ပထမဆုံးအဆင့် ဖြစ်ပေသည်။ ထိုပညာရပ်အား လေ့ကျင့်မည့်သူမှာ ခန္ဓာကိုယ်ထဲ၌ မီးစာတစ်ခု လိုအပ်သည်။ သူသည် ထိုပညာရပ်အား လေ့ကျင့်နေရင်း သူ၏ခန္ဓာကိုယ်ထဲမှ မီးတောက်အား ဆက်လက်တောင်လောင်နေအောင် ထိန်းသိမ်းထားနိုင်ရန် မီးစာများ အဆက်မပြတ် ထည့်သွင်းပေးနေရမည် ဖြစ်သည်။ သို့မှသာ သူသည် တဖြည်းဖြည်းနှင့်ပို၍ အစွမ်းထက်ကာ ရူးသွပ်လာမည်ဖြစ်သည်။
ထို ပထမအဆင့်မှာ အလွန်အင်မတန်မှ အန္တရာယ်များ၏။ အမှားတစ်ခုလုပ်မိရုံနှင့် သူသည် အရှင်လက်လက် မီးတင်ရှို့ခံလိုက်ရသကဲ့သို့ ဖြစ်သွားနိုင်ပေသည်။ ထို့ကြောင့်လည်း ကျောက်စိမ်းပေလွှာထဲတွင် မြေနက်ကြယ် သန့်စင်ခြင်းပညာရပ်အား အထူးသတ်မှတ်ထားသည့် အခြေအနေများနှင့် ကိုက်ညီမှသာ လေ့ကျင့်သင့်ကြောင်း သတိပေးထားခြင်းဖြစ်သည်။ ထိုသို့သာမဟုတ်ပါက ထိုပညာရပ်အား လုံးဝလေ့မကျင့်သင့်ပေ။
ထိုအခန်းထဲ၌ ဖော်ပြထားသည့် အထူးသတ်မှတ်ထားသော အခြေအနေနှစ်ခု ရှိပေသည်။ ၎င်းတို့မှာ ပျက်စီးတော့မည်ဆဲဆဲ အနေအထားသို့ ရောက်နေသည့် ထာဝရကြယ်တစ်လုံးနှင့် အသစ်စက်စက် ပေါ်ပေါက်လာသည့် ထာဝရကြယ်တစ်လုံးပင် ဖြစ်သည်။
ထိုကဲ့သို့သော အခြေအနေများနှင့် ကိုက်ညီနိုင်ရန် ကံကောင်းဖို့ လိုအပ်ပေသည်။ သို့သော် ယခုတွင် ဝမ်ပေါင်လဲ့မှာ ကံမကောင်းခဲ့ပေ။ သို့ရာတွင် မြေနက်ကြယ် သန့်စင်ခြင်းပညာရပ်မှာ ထို အခြေအနေများနှင့် ကိုက်ညီမှုမရှိပါက ထိုပညာရပ်အား လေ့ကျင့်ရန် မသင့်တော်ကြောင်းသာ သတိပေးထားခြင်း ဖြစ်သည်။ အကယ်၍ လေ့ကျင့်မည်ဆိုပါက သေချာပေါက် ကျရှုံးလိမ့်မည်ဟု ဖော်ပြထားခြင်းမရှိပေ။
ထို့ကြောင့်လည်း... ဝမ်ပေါင်လဲ့မှာ ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ သူသည် အခြားသူများတွင် မရှိသော အားသာချက်တစ်ခုကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။ သူ၏ လက်ရှိ ခန္ဓာကိုယ်ကြီးမှာ ပုံရိပ်ယောင်ပညာရပ်ဖြင့် ဖန်တီးထားသည့် ကိုယ်ပွားတစ်ခု ဖြစ်နေခြင်းပင်။
" တကယ်လို့ ဒီတစ်ခေါက် မအောင်မြင်ဘဲ ကျရှုံးသွားခဲ့ရင် နောက်ထပ် ဆယ်ခါ ထပ်ပြီးတော့ ကြိုးစားပြမယ်။ ဆယ်ခါနဲ့မှ မရသေးရင်လည်း အကြိမ်တစ်ရာထပ်ပြီး ကြိုးစားပြမယ်ကွာ " ဝမ်ပေါင်လဲ့မှာ ထိုသို့ စိတ်ပိုင်းဖြတ်ကာ မျက်ဝန်းများ အရောင်လက်သွားပြီး သူ၏ ညာဘက်လက်ကို မြှောက်၍ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်၏။ ထိုအခါ သူ၏ အပြင်ခန္ဓာကိုယ်ကြီးမှာ ချက်ချင်းဆိုသလိုပင် မှုန်ဝါးဝါးဖြစ်သွားသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲမှ မြူခိုးအမျှင်အတန်းများ ထိုးထွက်လာကာ သူ၏ရှေ့၌ စုစည်းသွားကြပြီးနောက် သူနှင့်ပုံစံတူ အသေးစား လူရိပ်တစ်ခုအသွင် ပြောင်းလဲသွား၏။ ထို လူရိပ်လေးမှာ ဓမ္မစစ်သင်္ဘောကြီး၏ နံရံများအား ကျော်ဖြတ်သွားလိုက်ပြီးနောက် နေမင်းကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားသည်။
၎င်းမှာ နေမင်းကြီး၏ အနီးဆုံးသို့ တတ်နိုင်သမျှ သွားလိုက်ပြီးနောက် အသက်ပြင်းပြင်းရှူလိုက်၏။ ထိုအခါ မီးတောက်များမှာ ထို လူရိပ်လေးဆီသို့ မျောလွင့်လာကြပြီး သူ၏ပါးစပ်ထဲ၌ ပြည့်နှက်သွားတော့သည်။ တစ်အောင်ခန့်အကြာတွင် ထိုလူရိပ်လေးမှာ တစ်ကိုယ်လုံး တုန်ရီသွားပြီး မီးတောက်များအဖြစ် ပေါက်ကွဲသွား၏။ ထို့နောက် ၎င်းမှာ ချက်ချင်းဆိုသလိုပင် ပြာကျသွားတော့သည်။
ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားပြီး သူ ခံစားလိုက်ရသည့် အရာများကို သေသေချာချာ အကဲခတ်လေ့လာကြည့်လိုက်၏။
" ငါက စွမ်းအင်တွေအများကြီး စုပ်ယူမိသလို ဖြစ်သွားတာပဲ။ လျှော့ပြီးတော့ စုပ်ယူမှ ရမယ်။ ပြီးရင် ငါ့ရဲ့ကိုယ်ပွား စွမ်းအင်တွေကိုစုပ်ယူပြီးရင် ဆက်လုပ်ရမယ့် အလုပ်ကိုလည်း ပြောင်းလဲဖို့ လိုတယ် " ဝမ်ပေါင်လဲ့မှာ သူ၏ ကျရှုံးမှုအား ခွဲခြမ်းစိတ်ဖြာ သုံးသပ်လိုက်ပြီးနောက် ဒုတိယမြောက်ကိုယ်ပွားအား ချက်ချင်းဆင့်ခေါ်လိုက်ပြန်သည်။
ထိုသို့ဖြင့် ဝမ်ပေါင်လဲ့၏ စစ်သင်္ဘောတပ်ကြီးမှာ ထာဝရကြယ်ကြီး၏ အနီး၌ တစ်လတိတိ စခန်းချထားတော့သည်။
ထို တစ်လအတွင်းတွင် ဝမ်ပေါင်လဲ့မှာ အသိစိတ်ပျောက်လုမတတ် ရူးသွပ်သွားခဲ့ရ၏။ သူသည် တစ်ကြိမ်ပြီးတစ်ကြိမ် ကျရှုံးခဲ့ရပြီး အားအင်ချည့်နဲ့လာသည်ဟု ခံစားလိုက်ရသည့် အချိန်တိုင်း ဆေးလုံးများ သောက်သုံးကာ ဝိညာဉ်ကျောက်တုံးများကဲ့သို့ အခြား အဆင့်မြင့်ပစ္စည်းများကို မှီဝဲ၍ အံကြိတ်ရင်း ဆက်လက်ကြိုးစားခဲ့သည်သာဖြစ်သည်။ သို့သော်ငြားလည်း သူသည် သူ၏ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားများ ကုန်ခန်းလာပြီး သူ၏ခန္ဓာကိုယ်ကြီး တဖြည်းဖြည်းနှင့် မှေးမှိန်ပျောက်ကွယ်သွားတော့မည့်အလား ခံစားလာရဆဲပင်။
သို့သော် သူ၏ ကြိုးစားအားထုတ်မှုများမှာ အချည်းနှီးတော့ မဟုတ်ပေ။ ဝမ်ပေါင်လဲ့မှာ တစ်ကြိမ် ကျရှုံးပြီးသွားတိုင်း အတွေ့အကြုံသစ်များ ရရှိခဲ့သည်သာ ဖြစ်သည်။ သူ၏ တစ်ရာခုနစ်ဆယ့်သုံးကြိမ်မြောက် ကြိုးစားအားထုတ်မှုတွင် သူ၏ ကိုယ်ပွားမှာ ထာဝရကြယ်မီးတောက်တစ်ခုအား စုပ်ယူနိုင်ခဲ့ပြီးနောက် ပေါက်ကွဲသွားခြင်းမရှိဘဲ စစ်သင်္ဘောကြီးဆီသို့ အောင်မြင်စွာပြန်လည်ရောက်ရှိလာ၏။
၎င်း ပြန်လည်ရောက်ရှိလာသောအခါ ဝမ်ပေါင်လဲ့မှာ ပျော်ရွှင်မြူးထူးသွားရ၏။ ထို့နောက် သူ၏ အပြင်ခန္ဓာကိုယ်မှာ မြူ။ခိုးများအဖြစ် ပြောင်းလဲသွားကာ သူ၏ ကိုယ်ပွားဆီသို့ မျောလွင့်သွားပြီနောက် ပုံရိပ်ယောင်ပညာရပ်ဖြင့် ၎င်းအား သူ၏ ဝိညာဉ်ခန္ဓာကိုယ်အစစ်အဖြစ်သို့ ပြောင်းလဲလိုက်တော့သည်။ ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အပြင်းထန်တုန်ရီသွား၏။ သူသည် သူ၏ခန္ဓာကိုယ်ထဲ၌ အပူဓာတ်များ စီးဆင်းနေသည်ကို ခံစားနေရပြီဖြစ်သည်။
သူ၏ နတ်ဘုရားအာရုံထဲ၌ ထိုနေမင်းကြီးနှင့် ပုံစံတူနေမင်းတစ်စင်း ပေါ်ပေါက်လာပြီဖြစ်သည်။ ၎င်းမှာ အရှိန်အဟုန်ပြင်းစွာ တောက်လောင်နေ၏။ အမှောင်မီးတောက်များမှာ ဝင်းလက်တောက်ပစွာ တောက်နေသည့် ထိုနေမင်းကြီးအား ဝန်းရံထားသဖြင့် ထို မီးတောက်နှစ်မျိုးမှာ သာတူညီမျှ ဖြစ်နေသည်။
" ရပြီကွ " ဝမ်ပေါင်လဲ့မှာ သူ၏ခန္ဓာကိုယ်ထဲ၌ ထာဝရကြယ်မီးတောက်အား အာရုံခံမိလိုက်သောအခါ မျက်လုံးများပွင့်လာပြီး မျက်ဝန်းများထဲ၌ မီးတောက်များ တောက်လောင်လာတော့သည်။ ထိုမီးတောက်များကြောင့် ဝူလေးနှင့် မြည်းလေးတို့မှာ ခန္ဓာကိုယ်များ အပြင်းအထန် တုန်ရီသွားရ၏။ ဝမ်ပေါင်လဲ့မှာ ထာဝရဝိညာဉ်တစ်ပိုင်းအဆင့်တွင်သာ ရှိနေသေးသည့်တိုင်အောင် သူ ထုတ်လွှတ်နေသည့် ကြောက်မက်ဖွယ်ရာ အငွေ့အသက်များမှာ ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ အငွေ့အသက်များထက်ပင် ပို၍ အစွမ်းထက်နေပြီ ဖြစ်သည်။