← Chapters

ငါ့ကို ဘယ်သူ အနိုင်ကျင့်ရဲသလဲ

Vol. 61 Ch. 836

ငါ့ကို ဘယ်သူ အနိုင်ကျင့်ရဲသလဲ

Vol. 61 Ch. 836

သို့သော် ၎င်းမှာ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သည်။

ထို ပုံရိပ်ယောင်မှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲ၌ တောက်လောင်နေသည့် ထာဝရကြယ်မီးတောက်ဆီမှ ထွက်ပေါ်နေသော အပူဓာတ်များကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်သည်။ ဝမ်ပေါင်လဲ့အနေနှင့် လက်ရှိတွင် ဂြိုဟ်အဆင့် ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်နိုင်ရန်မှာ မဖြစ်နိုင်ပေ။ သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်နှင့်သာ ဆိုပါက သူ့ကိုယ်သူ ဖောက်ခွဲပစ်လျှင်တောင် ဂြိုဟ်အဆင့်ကျင့်ကြံသူတစ်ယောက်အား သတ်ဖြတ်နိုင်မည်မဟုတ်ဘဲ ဒဏ်ရာရရှိသွားရုံလောက်သာ လုပ်နိုင်ဦးမည်ဖြစ်သည်။

သို့သော် အခြားသူများ၏ အမြင်မှာ မတူပေ။ ထာဝရကြယ်မီးတောက်၏ အပူဓာတ်များကို ထုတ်လွှတ်နေသော ဝမ်ပေါင်လဲ့မှာ သူ၏ရန်သူများအား ခြောက်လှန့်နိုင်စွမ်း ရှိနေဆဲပင်။

အကယ်၍ သူ၏ တာအိုဂါထာတော်နှင့် ထာဝရကြယ်မီးတောက်တို့အား တစ်ပြိုင်နက်တည်း အသုံးပြုလိုက်မည်ဆိုပါက ပို၍ပင် အကျိုးသက်ရောက်မှု ရှိနိုင်ပေသည်။

ဝမ်ပေါင်လဲ့မှာ သူ၏ခန္ဓာကိုယ်ထဲ၌ လောင်ကျွမ်းနေသော ထာဝရကြယ်မီးတောက်အား အကဲခတ်ကြည့်လိုက်ပြီးနောက် ဝမ်းသာအားရနှင့် အောက်သို့ ထိုင်ချလိုက်၏။ ထို့နောက် သူသည် အဆုံးမဲ့မျိုးနွယ်စုဝင် ဂြိုဟ်အဆင့် ကျင့်ကြံသူကြီး၏ လက်ဖဝါးပြတ်ကြီးကို ထုတ်ယူကာ ၎င်းအား ချက်ချင်းလက်ငင်း သန့်စင်ရန် ပြင်လိုက်တော့သည်။

" ငါ ဒါကို သန့်စင်ပြီးသွားရင် ဂြိုဟ်အဆင့် တိုက်ရည်ခိုက်ရည်စွမ်းအား နည်းနည်းပါးပါး ပိုင်ဆိုင်သွားမှာပဲ... " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်လုံးများ မှေးသွား၏။ ၎င်းမှာ အရေးကြီးကိစ္စရပ်တစ်ခု ဖြစ်ပေသည်။ သူသည် နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲသို့ ပြန်ရောက်သည့်အချိန်တွင် ၎င်းအား သူ၏ဝှက်ဖဲအဖြစ် အသုံးပြုမည် ဖြစ်သည်။ ၎င်းမှာ သူ၏ အသက်ကိုပင် ကယ်တင်နိုင်သည့် လက်နက်တစ်ခု ဖြစ်လာနိုင်ပေသည်။

ထိုသို့ဖြင့် အချိန်များတရွေ့ရွေ့ ကုန်လွန်သွားပြီး နောက်ထပ် တစ်လတိတိ ထပ်၍ ကုန်ဆုံးသွားပြန်သည်။ ဝမ်ပေါင်လဲ့ ခရီးစဉ်မှာလည်း ပြီးဆုံးတော့မည် ဖြစ်သည်။ သူ၏ စစ်သင်္ဘောတပ်ကြီးမှာ နတ်မျက်လုံးလူမှုအဖွဲ့အစည်း၏ နယ်စပ်ဒေသဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေ၏။ ရှေ့သို့ အနည်းငယ်ခန့် ခရီးဆက်ပြီးလျှင် သူတို့မှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲသို့ ရောက်ရှိသွားတော့မည် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ တစ်လတိတိ ဇွဲရှိရှိနှင့် ကြိုးစားအားထုတ်ခဲ့ပြီးနောက် လက်ဖဝါးကြီးအား အောင်မြင်စွာ သန့်စင်နိုင်ခဲ့၏။ သူသည် ထိုလက်ဖဝါးကြီးအား သူ၏ခန္ဓာကိုယ်ထဲရှိ ထာဝရကြယ်မီးတောက်ထဲတွင် သိမ်းဆည်းထားပြီး ၎င်းအား ထိုမီးတောက်ဖြင့် အားဖြည့်ပေးနေသည်။

" ဒီ လက်ဖဝါးကြီးကို အားဖြည့်ပေးဖို့ပဲ ကျန်တော့တယ်။ အချိန်အကြာကြီး အားဖြည့်ပေးလေလေ စွမ်းအားတွေ ပိုပြီးတော့ စုဆောင်းနိုင်လေလေပဲ "

ဝမ်ပေါင်လဲ့မှာ သူ၏ ထာဝရကြယ်မီးတောက်ထဲရှိ ဂြိုဟ်အဆင့် လက်ဖဝါးကြီးအား အကဲခတ်ကြည့်ရှုရင်း စိတ်ဓာတ်များ တက်ကြွလာတော့သည်။ ထို့နောက် သူသည် သူ၏ နတ်ဘုရားအာရုံကို အရပ်မျက်နှာအနှံ့သို့ ဖြန့်ကြက်လိုက်ပြီးနောက် မျက်လုံးများ မှေးကာ သူ၏ ညာဘက်လက်အား ဝှေ့ယမ်းလိုက်၏။ ထိုအခါ အစင်းရေ တစ်သောင်းကျော်ပါသော သူ၏ စစ်သင်္ဘောတပ်ကြီးထဲရှိ စစ်သင်္ဘောအစင်းရေ ဒါဇင်အနည်းခန့်မှလွဲ၍ အခြားစစ်သင်္ဘောကြီးများ အားလုံးမှာ ချက်ချင်းဆိုသလိုပင် အတူတကွ စုဝေးသွားကြသည်။ ထို့နောက် သူသည် ၎င်းတို့အား သူ၏ သိုလှောင်အိတ်ထဲ၌ ချက်ချင်းသိမ်းဆည်းလိုက်၏။ ကျန်နေခဲ့သည့် စစ်သင်္ဘောကြီးမှာ ပျက်စီးယိုယွင်းနေသည့်ပုံ ပေါက်နေသောကြောင့်သာ ဝမ်ပေါင်လဲ့မှာ ၎င်းတို့အား အပြင်ဘက်၌ တမင်တကာ ချန်ရစ်ထားခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ သူ၏စစ်တပ်ကြီးတစ်ခုလုံးမှာ ခက်ခဲကြမ်းတမ်းသော ခရီးစဉ်တစ်ခုမှ အသက်လုကာ အမိမြေသို့ ပြန်လည်ဆုတ်ခွာလာရသည့်ပုံ ပေါက်နေတော့သည်။

ဝမ်ပေါင်လဲ့မှာ နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲသို့ ရောက်ရှိလာပြီးနောက် သူ၏ စစ်သင်္ဘောကြီးများ၏ ပုံပန်းသွင်ပြင်အား ကျေနပ်မှု မရှိသေးသောကြောင့် ‌ဓမ္မစစ်သင်္ဘောကြီးကို ထိန်းချုပ်ကာ ၎င်း၏ ပုံပန်းသွင်ပြင်အား ပို၍ပင် ဟောင်းနွမ်းစုတ်ပြတ်နေသည့်ပုံပေါက်အောင် ပြောင်းလဲလိုက်သေးသည်။ ထို့နောက် သူသည် ၎င်း၏ အစွမ်းထက်အငွေ့အသက်များကိုပါ ဖုံးကွယ်လိုက်သဖြင့် ၎င်းမှာ သာမန်စစ်သင်္ဘောတစ်စင်းနှင့်သာ တူနေတော့သည်။

" ဒီလိုမှပေါ့ " ဝမ်ပေါင်လဲ့မှာ သူ၏ရလဒ်များကို အကဲခတ်ရင်း သူ့ကိုယ်သူ ကျေနပ်သွား၏။ ထို့နောက် သူသည် ဓမ္မစစ်သင်္ဘောကြီးအား ထိန်းချုပ်ကာ နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲသို့ မောင်းနှင်ပျံသန်းသွားလိုက်တော့သည်။ သူသည် နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်း၏ ပိုင်နက်ထဲသို့ ချက်ချင်းဝင်ရောက်သွားခြင်းမရှိဘဲ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းဆီသို့ ဦးတည်သွားလိုက်၏။

" ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းက ငါ့ကို ဖမ်းဝရမ်း ထုတ်ထားတာမလား။ ဘယ်လို အရူးကောင်မျိုးက ငါ့ရှေ့မှာ မျက်နှာလာပြရဲမလဲဆိုတာ ကြည့်ကြတာပေါ့။ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းထဲက ဘယ်တပ်ရင်းနဲ့ပဲ ကြုံရကြုံ ငါက ဂရုစိုက်နေမှာမဟုတ်ဘူး။ ငါ့ရဲ့ အစွမ်းတွေကို သူတို့သိသွားအောင် ထုတ်ပြလိုက်ရုံပဲ " ဝမ်ပေါင်လဲ့မှာ မေးငေါ့ကာ မောက်မာဝင့်ကြွားမှုအပြည့်ဖြင့် ကြိမ်းဝါးလိုက်ပြီးနောက် ခရမ်းရွှေတာအိုသစ်ဂိုဏ်းဆီသို့ ဦးတည်သွား၏။ သူ၏ဘေးတွင်မူ ဝူလေးနှင့် မြည်းလေးတို့မှာ စိတ်လှုပ်တရှားနှင့် မျှော်လင့်တကြီး ဖြစ်နေကြသည့် မျက်ဝန်းများဖြင့် ရှေ့သို့ လှမ်းမျှော်ကြည့်နေကြတော့သည်။

သို့သော် ဝမ်ပေါင်လဲ့၏ ဆန္ဒများမှာ မပြည့်ဝခဲ့ပေ။ သူသည် ခရမ်းရွှေတာအိုသစ်ဂိုဏ်း၏ အတွင်းပိုင်းထဲအထိ ဝင်ရောက်၍ မဖြစ်ပေ။ ထိုသို့သာမဟုတ်ပါက သူသည် ထိုဂိုဏ်း၏ စစ်တပ်များကိုသာ မကဘဲ ဂိုဏ်း‌ခေါင်းဆောင်ကြီးကိုပါ သွား၍ စိန်ခေါ်နေသလို ဖြစ်နေမည်မဟုတ်ပါလော။

သူသည် ထိုဂိုဏ်း၏ ပိုင်နက်ထဲရှိ အစွန်းပိုင်း ဒေသများတွင်သာ ဝေ့လည်ကြောင်ပတ် လုပ်နေရသဖြင့် မည်သည့်စစ်တပ်နှင့်မှ မကြုံတွေ့ခဲ့ရပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် စိတ်ပျက်သွားရပြီး ထွက်ခွာသွားရန် ပြင်လိုက်တော့သည်။ သို့သော် ထိုအချိန်တွင် မိုးကောင်ကင်ကြီးမှာ ဝမ်ပေါင်လဲ့အား ကောင်းချီးပေးရန် ဆုံးဖြတ်လိုက်သည့်ပုံပင်။ သူ ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်ပြီး သူ၏ စစ်သင်္ဘောတပ်ကြီးအား နောက်သို့ပြန်လှည့်လိုက်စဉ်မှာပင် သူ၏ရှေ့ရှိ အာကာသကြီးထဲ၌ အင်အားကြီး စစ်တပ်တစ်ခု ပေါ်ပေါက်လာ၏။

ထို စစ်တပ်ကြီးမှာ ခမ်းနားထည်ဝါပြီး ၎င်းတို့၏ အနက်ရောင် စစ်သင်္ဘောကြီးများမှာ ဖိနှိပ်အားကောင်းသည့် အငွေ့အသက်များကို ထုတ်လွှတ်နေကြသည်။ ၎င်းတို့မှာ လေထုအား ထိုးခွင်းလာသည့် ဓားတစ်လက်ကဲ့သို့ ရှေ့သို့ ပျံသန်းလာနေကြ၏။ သို့ဖြစ်ရာ သူတို့မှာ မည်သူ့ကိုမှ ရှောင်တိမ်းလေ့မရှိသည့် စစ်တပ်တစ်ခုဖြစ်ကြောင်း သိသာထင်ရှားပေသည်။ သူတို့၏ လမ်းတွင်ရှိနေသည့် လူများကသာလျှင် သူတို့အတွက် လမ်းဖယ်ပေးကြရမည် ဖြစ်သည်။

ထို စစ်သင်္ဘောတပ်ကြီးထဲမှ ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် အငွေ့အသက်သုံးခု ထွက်ပေါ်နေ၏။ ထို အငွေ့အသက်များကို အာရုံခံမိလိုက်သည့် လူတိုင်းမှာ နတ်ဘုရားသုံးပါး၏ စွမ်းအားများအောက်သို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရပြီး တုန်လှုပ်ချောက်ချားသွားရမည်သာ ဖြစ်သည်။ ထို ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် အငွေ့အသက် သုံးခုအပြင် ၎င်းတို့ထက် ပို၍အစွမ်းထက်သည့် အခြား အငွေ့အသက်တစ်ခုလည်း ရှိနေသေးသည်။

၎င်းမှာ.... ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ အငွေ့အသက် ဖြစ်ပေသည်။

ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားပြီး ထို စစ်သင်္ဘောတပ်ကြီး၏ အလယ်ရှိ တမူထူးခြားသည့်ပုံ ပေါက်နေသော စစ်သင်္ဘောကြီးတစ်စင်းကို ချက်ချင်းသတိထားမိသွားသည်။ ၎င်းမှာ ရက်စက်ကြမ်းကြုတ်သော ကျားသစ်နက်ကြီးတစ်ကောင်နှင့် တူနေပြီး ဓမ္မစစ်သင်္ဘောကြီးတစ်စင်း ဖြစ်ကြောင်း အထင်အရှား မြင်နိုင်ပေသည်။

" အက်ကွဲကြောင်းနက် တပ်ရင်းပါလား " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများအရောင်လက်သွား၏။ သူသည် ဂိုဏ်းကြီးသုံးဂိုဏ်းထဲမှ အခြားနှစ်ဂိုဏ်း၏ အကြောင်းများကို သိရှိထားခြင်းမရှိသေးသော လူနုံလူအလေးတစ်ယောက် မဟုတ်တော့ပေ။ သို့ဖြစ်ရာ သူသည် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း၏ လက်အောက်ရှိ တတိယမြောက် အစွမ်းအထက်ဆုံးဖြစ်သော စစ်တပ်၏အကြောင်းကို သိရှိထားပြီးသားဖြစ်သည်။ ထိုစစ်တပ်မှာ ကျားသစ်နက်တစ်ကောင်ပုံစံ တည်ဆောက်ထားသော ဓမ္မစစ်သင်္ဘောကြီးတစ်စင်း၏ ဦးဆောင်မှုအောက်တွင် ရှိပြီး ၎င်း၏အမည်မှာ... အက်ကွဲကြောင်းနက်တပ်ရင်း ဖြစ်ပေသည်။

" ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံသူသုံးယောက်ပဲ... ထားလိုက်ပါတော့လေ။ ငါနဲ့ အက်ကွဲကြောင်းနက်တပ်ရင်းကြားမှာ ဘာ အငြိုးအတေးမှ မရှိဘဲ။ ပြီးရင် ငါတို့ စစ်တပ်နှစ်ခုစလုံးရဲ့ နာမည်တွေထဲမှာ ' အက်ကွဲကြောင်း ' ဆိုတဲ့ စကားလုံးလည်း ပါနေသေးတယ်။ ရေစက်ပဲ ဖြစ်မှာပါလေ။ အဲတာမလို့ ငါ သူတို့ကို လွှတ်ပေးလိုက်ပါ့မယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ ချောင်းဟန့်လိုက်ပြီး သူ့အား မယုံသင်္ကာဖြစ်နေသည့် မျက်ဝန်းများဖြင့် ကြည့်နေသော ဝူလေးနှင့် မြည်းလေးတို့အား လျစ်လျူရှုထားလိုက်၏။ ထို့နောက် သူသည် သူ၏ ဓမ္မစစ်သင်္ဘောကြီးနှင့် စစ်သင်္ဘောတပ်ကြီးအား ထိန်းချုပ်ကာ အက်ကွဲကြောင်းနက်တပ်ရင်းအတွက် လမ်းဖယ်ပေးလိုက်တော့သည်။

ဝမ်ပေါင်လဲ့၏ စစ်သင်္ဘောတပ်ကြီး လမ်းဖယ်ပေးလိုက်သည်နှင့် အက်ကွဲကြောင်းနက်တပ်ရင်းမှာ အရှိန်အဟုန်ဖြင့် ရှေ့သို့ ပျံသန်းလာပြီး ၎င်း၏ဘေးမှ ဖြတ်ပျံသွားရန် ပြင်လိုက်၏။ သို့သော် ထို အခိုက်အတန့်တွင် ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်မှာ သူမ၏ နတ်ဘုရားအာရုံများကို ရုတ်တရက်ဆိုသလို ထုတ်လွှတ်လိုက်တော့သည်။ ထိုအခါ သူမ၏ နတ်ဘုရားအာရုံများမှာ ဝမ်ပေါင်လဲ့အား ချက်ချင်းဆိုသလိုပင် လွှမ်းခြုံသွား၏။ ထို့နောက် အမျက်ချောင်းချောင်းထွက်နေသည့် စကားသံကြီးနှင့် အံကြိတ်သံများမှာ အာကာသထဲ၌ ထွက်ပေါ်လာတော့သည်။

" လုံနန်ကျစ် "

ထို့နောက် အက်ကွဲကြောင်းနက်တပ်ရင်းထဲရှိ စစ်သင်္ဘောတစ်စင်းထဲမှ လူတစ်ယောက် ခုန်ထွက်လာ၏။ ထို စစ်သင်္ဘောကြီးမှာ ထိုစစ်တပ်ထဲရှိ ဓမ္မစစ်သင်္ဘောကြီးပြီးလျှင် အစွမ်းအထက်ဆုံးသော စစ်သင်္ဘောကြီးများထဲမှ တစ်စင်းဖြစ်ပေသည်။ ထို စစ်သင်္ဘောကြီးထဲမှ ခုန်ထွက်လာသည့် ကျင့်ကြံသူမှာမူ အမျိုးသမီးတစ်ယောက်ဖြစ်၏။ သူမသည်... နဂါးနက်တပ်ရင်း၏ ခေါင်းဆောင်ဟောင်းကြီး ဖြစ်ပေသည်။

နဂါးနက်တပ်ရင်းမှာ ဝမ်ပေါင်လဲ့၏ လက်ချက်ကြောင့် မွဲပြာကျသွားခဲ့ရသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူတို့မှာ ပြန်လည်ဖွဲ့စည်းပြီးလျှင်တောင် ယခင်တုန်းက အခြေအနေသို့ ပြန်ရောက်နိုင်တော့မည် မဟုတ်ပေ။ အက်ကွဲကြောင်းနက်တပ်ရင်းမှာ ထိုအခွင့်အရေးကို အသုံးချကာ နဂါးနက်တပ်ရင်းထဲမှ ကျန်ရစ်ခဲ့သည့် လူများအား သူ၏ စစ်သင်္ဘောတပ်ကြီးထဲ‌၌ ခိုလှုံခွင့် ပေးခဲ့၏။ နဂါးနက်တပ်ရင်း၏ ခေါင်းဆောင်ဟောင်းကြီးမှာလည်း အက်ကွဲကြောင်းနက်တပ်ရင်းနှင့် ပူးပေါင်းခဲ့ပြီးနောက် ထို စစ်သင်္ဘောတပ်ကြီး၏ တတိယမြောက် လက်ထောက်ခေါင်းဆောင်ကြီး ဖြစ်လာခဲ့သည်။

ထို အမျိုးသမီးမှာ ဝမ်ပေါင်လဲ့၏ စစ်သင်္ဘောတပ်ကြီးအား မြင်ဖူးနေသလို ခံစားနေရသောကြောင့် သူမ၏ နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်ရှုခဲ့ခြင်း ဖြစ်သည်။ သူမသည် ဝမ်ပေါင်လဲ့အား အာရုံခံမိလိုက်သည်နှင့် သူမ၏ ရင်ထဲရှိ မုန်းတီးစိတ်များမှာ ချက်ချင်းဆိုသလိုပင် ပေါက်ကွဲထွက်ပေါ်လာတော့သည်။

ထိုအခါ ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ဖျတ်ခနဲ တောက်ပသွား၏။ သူသည် လိုက်လံဖမ်းဆီးခံခဲ့ရသည့် နေ့တုန်းက ခံစားခဲ့ရသော နာကြည်းချက်များကို ဖြေသိမ့်နိုင်ရန် စိတ်ထဲ၌ တေးထားဆဲပင်။ ထို့အပြင် သူသည် အက်ကွဲကြောင်းနက်တပ်ရင်းအား လမ်းဖယ်ပေးခဲ့သည် မဟုတ်ပါလော။ သို့သော် ထို အမျိုးသမီးမှာ စစ်သင်္ဘောကြီးထဲမှ ခုန်ထွက်လာပြီးနောက် သူ့အား ပြဿနာရှာနေခြင်း ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ အမျက်ချောင်းချောင်း ထွက်သွားရသည့်တိုင်အောင် သူ့ကိုယ်သူထိန်းချုပ်ကာ သူ၏ စစ်သင်္ဘောတပ်ကြီးအား အဝေးသို့မောင်းနှင်သွားရန် ပြင်လိုက်၏။

" အက်ကွဲကြောင်းနက်တပ်ရင်း။ ကျုပ်က နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်းရဲ့ လက်အောက်က ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်းရဲ့ ခေါင်းဆောင်ကြီး လုံနန်ကျစ်ပဲ။ ကျုပ်က အခုမှ ခရီးရှည်ကြီးတစ်ခုကနေ ပြန်ရောက်လာတာပါ။ ခဗျားတို့ကို ကျုပ် လမ်းဖယ်ပေးထားပြီးသားပဲလေ။ ဘာလို့ အခုလိုလုပ်နေရတာလဲ။ ခဗျားတို့တွေ တရားလွန်မလာနဲ့နော် " ဝမ်ပေါင်လဲ့မှာ အမျက်ချောင်းချောင်းထွက်ကာ ဆောက်တည်ရာမရ ဖြစ်နေသည့်လေသံ ပေါက်နေ၏။

သူ၏စကားသံအား ကြားလိုက်ရသည့် လူတိုင်းမှာ သူသည် ကြောက်စိတ်မွှန်နေခြင်း ဖြစ်သည်ဟု ထင်လိုက်ကြမည်သာ ဖြစ်သည်။ ထို့ကြောင့်လည်း သူသည် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ အမည်ကို ထုတ်ပြောကာ ဘေးအန္တရာယ်မှ လွတ်မြောက်နိုင်ရန် ကြိုးစားခဲ့သည်မဟုတ်ပါလော။

သူ၏ သရုပ်ဆောင်မှုမှာ ပီပြင်သည်ဟု ဆိုရပေမည်။ နဂါးနက်တပ်ရင်း၏ ခေါင်းဆောင်ဟောင်းကြီးမှာ ချက်ချင်းဆိုသလိုပင် မျက်ဝန်းများထဲ၌ ဒေါသမီးတောက်များ တောက်လောင်လာတော့သည်။ သူမသည် ခက်ခက်ခဲခဲ ကြိုးစားကာ သူမကိုယ်သူမ ထိန်းချုပ်လိုက်ပြီးနောက် အက်ကွဲကြောင်းနက်တပ်ရင်း၏ ခေါင်းဆောင်ကြီး ရှိနေသော ဓမ္မစစ်သင်္ဘောကြီးအား လှမ်းကြည့်လိုက်၏။

" ခေါင်းဆောင်ကြီး " သူမ၏ စူးရှကျယ်လောင်သော အော်ဟစ်သံကြီး ထွက်ပေါ်လာပြီးနောက် တစ်အောင့်ခန့် အကြာတွင် အက်ကွဲကြောင်းနက်တပ်ရင်း၏ ဓမ္မစစ်သင်္ဘောကြီးထဲမှ တည်ကြည်မှုအပြည့်ရှိသော စကားသံကြီးတစ်သံ ထွက်ပေါ်လာတော့သည်။

" လုံနန်ကျစ်က အက်ကွဲကြောင်းနက်တပ်ရင်းရဲ့ စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်တွေကို ခိုးယူဖို့ကြိုးစားခဲ့တာ။ သူ့ကို ဖမ်းကြစမ်း "

နဂါးနက်တပ်ရင်း၏ ခေါင်းဆောင်ဟောင်းကြီးမှာ သူမ၏ ခေါင်းဆောင်ကြီး၏ အမိန့်များကို ကြားလိုက်ရသောအခါ ကျေနပ်အားရသွား၏။ ထို့နောက် သူမသည် ရှေ့သို့ပြေးထွက်သွားပြီး ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်သွားတော့သည်။ အက်ကွဲကြောင်းနက်တပ်ရင်း၏ အခြား ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံသူနှစ်ယောက်မှာလည်း သူတို့၏ စစ်သင်္ဘောကြီးများထဲမှ ခုန်ထွက်လာကြပြီးနောက် ဝမ်ပေါင်လဲ့ဆီသို့ ဥက္ကာပျံနှစ်လုံးကဲ့သို့ ဦးတည်ပျံသန်းလာကြ၏။

သူတို့မှာ ထိုတိုက်ပွဲကြီးအား အလျင်အမြန် အဆုံးသတ်နိုင်ရန် ကြံရွယ်ထားကြခြင်း ဖြစ်သည်။ ဝမ်ပေါင်လဲ့အား ဖမ်းဆီးရန်မှာ သူတို့အတွက် ထမင်းစားရေသောက် အဆင့်တွင်သာ ရှိသည်ဟု သူတို့က မှတ်ယူထားကြ၏။ ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံသူသုံးယောက်မှာ အတူတကွ ပူးပေါင်းကာ ဝမ်ပေါင်လဲ့အား တိုက်ခိုက်ကြမည်ဖြစ်ရာ ထိုတိုက်ပွဲကြီးမှာ စက္ကန့်ပိုင်းအတွင်း ပြီးဆုံးသွားမည်သာဖြစ်သည်။

ဝမ်ပေါင်လဲ့မှာမူ ထိုကျင့်ကြံသူများ သူ့ဆီသို့ ပျံသန်းလာကြသည်ကို မြင်လိုက်ရသောအခါ ရယ်မောလိုက်၏။ သူသည် အကျိုးသင့်အကြောင်းသင့် ဆွေးနွေးလိုသောကြောင့်သာ စောစောတုန်းက သူ့ကိုယ်သူ ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သူသည် အက်ကွဲကြောင်းနက်တပ်ရင်း၏ သူ့အပေါ်ထားရှိသော သဘောထားများကိုလည်း အကဲဖြတ်ချင်နေခဲ့၏။ သူတို့မှာ ရန်ငြိုးမရှိကြသောကြောင့် သူ့ဘက်မှ စ၍တိုက်ခိုက်ရန်မှာ မသင့်တော်ပေ။ သို့သော် ယခုတွင်မူ အခြေအနေများမှာ ပြောင်းလဲသွားပြီဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ပြုံးဖြဲဖြဲလုပ်ကာ မြူခိုးများအဖြစ် ပြောင်းလဲသွား၏။ ထို့နောက် သူသည် သူ၏ ဓမ္မစစ်သင်္ဘောကြီး၏ အပြင်ဘက်တွင် ပြန်လည်ပေါ်ပေါက်လာပြီး သူ၏ လက်သီးဖြင့် နဂါးနက်တပ်ရင်း၏ ခေါင်းဆောင်ဟောင်းကြီးအား လှမ်းထိုးလိုက်တော့သည်။

" လစ်လိုက်တော့ " ထိုအခါ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာ၏။ ထို လက်သီးချက်ထဲတွင် လေမုန်တိုင်းတစ်ခု၏ စွမ်းအားများ ကိန်းအောင်းနေသည်။ ထို့ကြောင့် နဂါးနက်တပ်ရင်း ခေါင်းဆောင်ဟောင်းကြီးမှာ မျက်လုံးများ ပြူးသွားရပြီး အံ့သြတုန်လှုပ်သွားရတော့သည်။ ထိုအချိန်တွင် အုန်းခနဲ မြည်သံကြီးတစ်သွ ထွက်ပေါ်လာပြီးနောက် စကြဝဠာကြီးမှာ တုန်ရီသွားရပြီး အာကာသထဲ၌ ဝိညာဉ်စွမ်းအင် တုန်ခါမှုလှိုင်းများ ပေါ်ပေါက်လာတော့သည်။ နဂါးနက်တပ်ရင်း ခေါင်းဆောင်ဟောင်းကြီးမှာမူ တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားရပြီး အားကောင်းသော တုန်ခါမှုလှိုင်းတစ်မျိုး၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရ၏။ ထို့ကြောင့် သူမသည် ပါးစပ်ထဲမှ သွေးတစ်ပွက်အန်ထွက်လာရပြီး ကြိုးပြတ်သွားသည့် စွန်တစ်ခုကဲ့သို့ နောက်သို့ လွင့်ထွက်သွားတော့သည်။

ထိုမြင်ကွင်းကြောင့် အခြား ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်မှာလည်း မှင်တက်သွားရပြီး မျက်လုံးများ မှေးသွားကြ၏။ ထိုအချိန်တွင် အက်ကွဲကြောင်းနက်တပ်ရင်း ဓမ္မစစ်သင်္ဘောကြီးပေါ်ရှိ သူတို့၏ ခေါင်းဆောင်ကြီး၏ စကားသံကြီးမှာ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

" အက်ကွဲကြောင်းနက်တပ်ရင်း။ နေရာယူကြ။ သူ့ကို အရှင်လက်လက် ဖမ်းနေစရာ မလိုဘူး။ မိတာနဲ့ သတ်ပစ်လိုက် " သူ၏ အမိန့်ပေးသံနှင့်အတူ အက်ကွဲကြောင်းနက်တပ်ရင်း၏ ထောင်ပေါင်းများစွာသော စစ်သင်္ဘောကြီးများမှာ ဝမ်ပေါင်လဲ့အား ဝန်းရံထားနိုင်ရန် စနစ်တကျ နေရာယူလိုက်ကြတော့သည်။

" အသတ်ခံရမှာ ခဗျားဗျ " ဝမ်ပေါင်လဲ့မှာ သူ၏ ဓမ္မစစ်သင်္ဘောကြီးပေါ်တွင် ရပ်ကာ စစ်မြေပြင်ကြီးအား ငေးကြည့်ရင်း လှောင်ပြုံးပြုံး၍ ဆိုလိုက်၏။

" ခဗျားရဲ့ စစ်တပ်က ဘယ်ဆိုးလို့လဲ။ ဒါပေမဲ့ ကျုပ်မှာလည်း ရှိတယ်လေ " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏လက်ကို ဝှေ့ယမ်းကာ အလိုအလျောက် ပေါက်ကွဲနိုင်သည့် သူ၏ စစ်သင်္ဘောတပ်ကြီးအား ရှေ့သို့ စေလွှတ်လိုက်တော့သည်။ ထိုအချိန်တွင် ထို စစ်သင်္ဘောတပ်ကြီးထဲ၌ စစ်သင်္ဘောအစင်းရေ တစ်သောင်းကျော်တိတိ ထပ်၍ ပေါ်ပေါက်လာကြ၏။

ထို့ကြောင့် စစ်မြေပြင်ကြီးတစ်ခုလုံးမှာ ချက်ချင်းဆိုသလိုပင် ငြိမ်ကျသွားရ၏။ မကြာသေးမီတုန်းက ဘဝင်လေဟပ်ကာ မောက်မာဝင့်ကြွားနေခဲ့သည့် အက်ကွဲကြောင်းနက်တပ်ရင်းထဲမှ ကျင့်ကြံသူများအားလုံးမှာ ဆွံ့အမှင်တက်သွားကြပြီ ဖြစ်သည်။

အကယ်၍ ထိုစစ်မြေပြင်ကြီးအား အဝေးမှ ကြည့်လိုက်မည်ဆိုပါက... အက်ကွဲကြောင်းနက်တပ်ရင်းမှာ ဝမ်ပေါင်လဲ့အား ဝိုင်းထားခြင်း မဟုတ်ဘဲ ဝမ်ပေါင်လဲ့၏ ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်းမှာ အက်ကွဲကြောင်းနက်တပ်ရင်းအား ပြန်ဝိုင်းထားသလို ဖြစ်နေသည်ကို မြင်ရပေမည်။

" မင်းတို့က ငါ့ကို အနိုင်ကျင့်ချင်တယ်ပေါ့ ဟုတ်လား " ဝမ်ပေါင်လဲ့မှာ အက်ကွဲကြောင်းနက်တပ်ရင်း ရှိရာဘက်သို့ လှမ်းကြည့်လိုက်ပြီး တည်ကြည်မှုအပြည့်ရှိသော‌ လေသံဖြင့် မေးမြန်းလိုက်၏။

All Chapters