← Chapters

မင်း ငယ်ပါသေးတယ်

Vol. 15 Ch. 197

မင်း ငယ်ပါသေးတယ်

Vol. 15 Ch. 197

ထူစွန်းရှစ်က ဟန်မူယဲ့အား လျစ်လျူရှုလိုက်သည်။ သူက ယွမ်ထိုက်တာအိုဂိုဏ်းမှ လူများအား ပြောလိုက်၏။

“မြန်မြန် သိမ်းဆည်းကြ။ ငါနဲ့အတူ တိမ်မြုံကမ်းပါးကို ဆုတ်ကြမယ်”

ထုစွန်းရှစ်က အဝေးမှ မိစ္ဆာထုထည်ကြီးအား လှမ်းကြည့်ကာ တင်းမာသော လေသံဖြင့် ပြောသည်။

“ငါ နောက်တစ်ခါ မလုပ်တော့ဘူး”

မူလက ဝမ်းနည်းပူဆွေးစွာ အော်ဟစ်နေသော အစိမ်းရောင်ဝတ် တာအိုအဖိုးကြီးသည် ဝမ်းသာအားရ ဖြစ်သွားသည်။ သူက ထူစွန်းရှစ်ထံသို့ ဦးညွှတ်ကာ အော်လိုက်သည်။

“လက်ခံတယ်… လက်ခံတယ်… ကျုပ်တို့ တိမ်မြုံကမ်းပါးသို့ ဆုတ်ခွာမယ်”

ထို့နောက် တာအိုအဖိုးကြီးက လက်ဝှေ့ယမ်းလိုက်လျှင် ပေတစ်ထောင်ခန့် ကြီးမားသော လှေပျံကြီးတစ်စီး‌‌ လေထဲ ပေါ်လာသည်။

အဆင့်နိမ့်တပည့်များအားလုံး ထိုလှေကြီးထံသို့ တက်ရောက်ကြသည်။ တခြားကမ္ဘာမြေအဆင့်နှင့်အထက် ကျင့်ကြံသူများအားလုံးသည် သူတို့၏ ပျံသန်းနိုင်သော ရတနာများဖြင့် ယွမ်ထိုက်တာအိုဂိုဏ်းမှ တပည့်များကို ဦးဆောင်ကာ တိမ်မြုံကမ်းပါးထံသို့ ဆုတ်ခွာကြသည်။

ထိုအခိုက်တွင် ဟန်မူယဲ့သည် ထူစွန်းရှစ်ပေးသော ဝိညာဉ်ဓားချီများအား သူ့စိတ်နယ်ပယ်၌ ဖိနှိပ်ထားလိုက်ပြီ ဖြစ်သည်။ ထူစွန်းရှစ်ပေးသော ဓားချီများမှာ အလွန်အားကောင်း၏။ ၎င်းသည် ဓားမာန်ဟုန်အဆင့်သို့ ရောက်ရှိပြီး ဖြစ်သည်။ သူက စိတ်နယ်ပယ်ထဲ၌ ဖိနှိပ်ထားကာ တဖြေးဖြေး သန့်စင်ရန် လိုအပ်၏။

ထိုဖြစ်စဉ်မှာ တခဏအတွင်း၌ ပြီးစီးအောင်မြင်နိုင်သော ကိစ္စမဟုတ်ပါ။

ယွမ်ထိုက်တာအိုဂိုဏ်းမှ လူများအားလုံး ထွက်သွားပြီးသောအခါ ဟန်မူယဲ့က မိစ္ဆာမြူခိုးတိမ်တိုက်များအား လှမ်းကြည့်လျှက် တီးတိုးပြောသည်။

“စီနီယာ… သွားကြရအောင်…”

သူတို့က ယခု ထွက်မသွားပါက မိစ္ဆာများ ထပ်မံလာရောက်တိုက်ခိုက်နိုင်သည်။

အကျိုးအမြတ်မရှိဘဲ သူက မတိုက်ခိုက်လိုပါ။

ထူစွန်းရှစ်က လက်ဝှေ့ယမ်းကာ ပြုံးသည်။

“ယွမ်ထိုက်တာအိုဂိုဏ်းထဲမှာ ရှိတဲ့ ပစ္စည်းကောင်းလေးတွေ အရင်ရှာကြည့်ရအောင်… ဒါတွေကို မိစ္ဆာတွေဆီ ပေးထားခဲ့ရတာ နှမြောစရာ မကောင်းဘူးလား”

နှာမြောစရာမကောင်းဘူးလား…

ဟန်မူယဲ့ နားမလည်ပါ။ ယွမ်ထိုက်တာအိုဂိုဏ်းတွင် ရတနာများစွာ ရှိသော်လည်း သူတို့တွင် ၎င်းပစ္စည်းများအား ရှာဖွေသိမ်းဆည်းရန် အချိန်သိပ်မရပါ။

ယွမ်ထိုက်တာအိုဂိုဏ်းသည် အနောက်ဘက်ကုန်းမြေတွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်တံ့လာခဲ့ကာ သူတို့စတည်းချရာ ယွမ်ထိုက်တောင်ကုန်းသည် ဧရာမကြီးမားပြီး မရေမတွက်နိုင်သော အဆောက်အအုံများ ရှိသည်။ သူတို့က တစ်နေရာချင်း လိုက်လံသိမ်းဆည်း၍ မဖြစ်နိုင်ပါ။

“ကောင်လေး… ငါ့ကို မမျှတဘူးလို့တော့ မပြောနဲ့။ ငါ မင်းကို နှစ်ဆယ်ရာနှုန်းလောက်ပဲ ပေးနိုင်မယ်”

ထူစွန်းရှစ်က လက်နှစ်ဖက်ပွတ်သပ်ကာ သူ့လက်ကို မြှောက်လိုက်သည်။

ဓားအလင်းတစ်ခု ကောင်းကင်မှ ဆင်းသက်လာကာ ယွမ်ထိုက်တောင်ကုန်းအား ခုတ်ပိုင်းချလိုက်သည်။

ဝုန်း…

တောင်ကုန်းတစ်ခုလုံး သိမ့်သိမ့်တုန်သွား၏။

ထူစွန်းရှစ်က လက်ဝှေ့ယမ်းကာ ဧရာမတောင်ကုန်းကြီး၏အစိတ်အပိုင်းအများစုကို လက်ဝှေ့ယမ်းလျှက် သိမ်းဆည်းယူလိုက်သည်ကို ကြည့်ပြီး ဟန်မူယဲ့ မျက်လုံး ပြူးနေသည်။

သူတို့က ရတနာများကို ယူငင်ခြင်းက ကျိုးကြောင်းဆီလျော်သော်လည်း…

သူက တောင်ကုန်းတစ်ခုလုံးကိုပင် တူးဖော်ယူနေသည်။

မျက်နှာတစ်ခုလုံး နီမြန်းနေသော ထူစွန်းရှစ်အား ကြည့်ကာ ယွမ်ထိုက်တာအိုဂိုဏ်းမှ လူများအားလုံးကို ထွက်ခွာသွားရန် တိုက်တွန်းသော မြေခွေးအိုကြီး၏ဉာဏ်နီဉာဏ်နက်များအား ဟန်မူယဲ့ သဘောပေါက်လိုက်သည်။

ထိုလူများ ထွက်မသွားပါက သည်မြေခွေးအိုကြီးသည် မည်သို့ တောင်ကုန်းတစ်ခုလုံးအား တူးဖော်ရဲမည်နည်း။

“ပြန်သွားရအောင်… ငါ အကျိုးအမြတ်တွေကို တွက်ချက်ပြီးရင် မင်းကို ဝိညာဉ်ကျောက်တုံးတွေနဲ့ ခွဲပေးမယ်”

ထို့နောက် သူက ထွက်မသွားခင် မိစ္ဆာများရှိနေရာသို့ မျက်လုံးများနီမြန်းလျှက် ဒေါသတကြီး အော်ဟစ်လိုက်သည်။

“တောင်ပိုင်းကုန်းမြေက မိစ္ဆာတွေ… ယွမ်ထိုက်တာအိုဂိုဏ်း ပျက်စီးသွားတဲ့ကိစ္စအတွက် မင်းတို့ကို ငါ ဘယ်တော့မှ ခွင့်မလွှတ်ဘူးကွ”

ဟန်မူယဲ့ ခေါင်းယမ်းကာ ထူစွန်းရှစ်နောက်မှ လိုက်ပါလာခဲ့သည်။

သူတို့က ဓားအလင်းများအဖြစ် အသွင်ပြောင်းကာ တိမ်မြုံကမ်းပါးဆီသို့ ပျံသန်းလာကြ၏။

သို့သော်လည်း သူက ထူစွန်းရှစ်နှင့် နီးနီးကပ်ကပ် မပျံသန်းရဲပါ။ မြေခွေးအိုကြီးက ယွမ်ထိုက်တာအိုဂိုဏ်းမှ ရတနာများကို တစ်ဦးတည်း မောင်ပိုင်စီးရန် သူ့အား နှုတ်ပိတ်လိုက်နိုင်သည်။

ထိုအခိုက်တွင် ဖုန်းရှို့တောင်မှ ဆုတ်ခွာလာကြသော ဂိုဏ်းမျိုးစံမှ လူများအပါအဝင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ စစ်ကူများနှင့် ယွမ်ထိုက်တာအိုဂိုဏ်းမှ လူများအားလုံး တိမ်မြုံကမ်းပါး၌ စုစည်းမိပြီ ဖြစ်သည်။ သူတို့အားလုံး၏အရေအတွက်မှာ ကျင့်ကြံသူတစ်သန်းခန့် ရှိ၏။

ထိုစဉ် တိမ်မြုံကမ်းပါးထံသို့ ဓားအလင်းနှစ်ခု ဆင်းသက်လာခဲ့သည်။

တစ်ဦးကား အစိမ်းရောင်တာအိုဝတ်စုံဖြင့် အဖိုးကြီးတစ်ဦးဖြစ်ကာ နောက်တစ်ဦးမှာ အဖြူရောင်ဝတ်စုံဖြင့် လူငယ်တစ်ဦး ဖြစ်သည်။

အစိမ်းရောင်ဝတ်ဓားသမားကား အနောက်ဘက်ကုန်းမြေ၏ နံပါတ် ၁ ဓားသမား ထူစွန်းရှစ် ဖြစ်သည်။

အဖြူရောင်ဝတ်လူငယ်ကား တဖက်ကမ်းခပ်ဓားအင်မော်တယ်ဟု လတ်လော၌ နာမည်ကျော်ကြားလာသောသူ ဖြစ်သည်။

သူ၏နာမည် ကျော်ကြားလာခြင်းမှာ နေ့တစ်ဝက်ပင် မရှိသေးသော်လည်း သူသည် တိမ်မြုံကမ်းပါးတစ်ခုလုံး မသိသူ မရှိတော့ပါ။

သူသည် ဓားနှစ်လက်တည်းဖြင့် မိစ္ဆာစစ်တပ်ကြီးအား ဟန့်တားခဲ့သည်။

လူအများအား ဆန့်ကျင်ကာ အနောက်ဘက်ကုန်းမြေမှ နံပါတ် ၁ ဓားသမားအား ဖိတ်ကြားလျှက် မိစ္ဆာများ ဝန်းရံထားသော ယွမ်ထိုက်တာအိုဂိုဏ်းသို့ သွားရောက်တိုက်ခိုက်ရဲသည်။

သူ၏ဝိညာဉ်လိပ်ပြာဓားဖြင့် ထူစွန်းရှစ်ကို ကူညီကာ ကောင်းကင်ဘုံအဆင့်မိစ္ဆာအား သတ်ဖြတ်ခဲ့၏။ သူသည် ထောင်ပေါင်းများစွာသော ယွမ်ထိုက်တာအိုဂိုဏ်းသားများအား ကယ်တင်ခဲ့သူလည်း ဖြစ်သည်။

ထိုသို့သောလူသည် ဓားအင်မော်တယ် ဂုဏ်ပုဒ်ဖြင့် အမှန်တကယ်လည်း ထိုက်တန်လှသည်။

တိမ်မြုံကမ်းပါးတွင် ယွမ်ထိုက်တာအိုဂိုဏ်းချုပ်က ထူစွန်းရှစ်အား ဦးညွှတ်ကာ ပြောသည်။

“တာအိုရောင်းရင်းထူရဲ့ ကူညီပေးမှုကို ကျုပ် ဒီတစ်သက် မမေ့ပါဘူး”

ထူစွန်းရှစ်သာ ရောက်မလာပါက ယနေ့တွင် သေချာပေါက် သူတို့းဂိုဏ်း အမြစ်ဖြုတ်သုတ်သင်ခံရပေမည်။

ယွမ်ထိုက်တာအိုဂိုဏ်းမှ လူများအားလုံး ဦးညွှတ်ကြ၏။

ထို့နောက် ယွမ်ထိုက်တာအိုဂိုဏ်းချုပ်က ဟန်မူယဲ့အား လှမ်းကြည့်သည်။

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက မိတ်ဆွေလေးဟန်… ယွမ်ထိုက်တာအိုဂိုဏ်းကိုယ်စား ကျုပ်က ကျေးဇူးတင်ပါတယ်”

သူက လက်နှစ်ဖက်ဆုပ်ကာ တီးတိုးပြောသည်။

“ဒီနေ့ မင်း ကြိုးစားကျင့်ကြံထားတဲ့ ဝိညာဉ်လိပ်ပြာဓား ကုန်ဆုံးသွားခဲ့တယ်။ ကျုပ်တို့ဂိုဏ်းက ဒီကျေးဇူးကို သေချာပေါက် ပြန်ဆပ်မှာပါ”

ဟန်မူယဲ့က ဘေးမှ ထူစွန်းရှစ်အား ကြည့်သည်။

သူ မသက်မသာ ခံစားရ၏။

သူသည် ထူစွန်းရှစ်အား ကူညီရန် ဝိညာဉ်လိပ်ပြာဓားချီ ကုန်ခမ်းသွားခဲ့သော်လည်း ထူစွန်းရှစ်က ပို၍ ကောင်းမွန်သော ဝိညာဉ်ဓားချီများအား ပေးခဲ့သည်။ ၎င်းတို့အား သန့်စင်ပြီးပါက ဟန်မူယဲ့သည် ယခင်ထက် ပိုမိုစုစည်းသော ဝိညာဉ်လိပ်ပြာဓားချီများကို ရရှိနိုင်၏။

ယခု ယွမ်ထိုက်တာအိုဂိုဏ်းက သူ့အား ကျေးဇူးတင်နေသည်။

ဟန်မူယဲ့က ထိုမျှ အရေထူခြင်း မရှိပါ။

“အဟမ်း… စီနီယာ… ဒီလောက် အလေးအနက်ထားစရာ မလိုပါဘူး”

ဟန်မူယဲ့က ကြည်လင်သော အသံဖြင့် ပြောသည်။

“အနောက်ဘက်ကုန်းမြေက ကျင့်ကြံသူတစ်ယောက်ဖြစ်တဲ့ ကျုပ်က သေချာပေါက် ယွမ်ထိုက်တာအိုဂိုဏ်း ဒုက္ခရောက်နေချိန်မှာ ကူပေးရမှာပေါ့”

သူက ထိုသို့ ပြောလိုက်သည်နှင့် အစိမ်းရောင်ဝတ်အဖိုးအိုက လက်ဝှေ့ယမ်းကာ အော်လိုက်သည်။

“မိတ်ဆွေလေးဟန်က အလေးမထားဘူးဆိုပေမဲ့… တိမ်မြုံကမ်းပါးမှာ ထောင်သောင်းချီတဲ့ ကျင့်ကြံသူတွေ ရှိကြတယ်။ဟင်း… ဒီနေ့ ဒီလို သူရဲကောင်းဆန်တဲ့ စိတ်သဘောထားကို မိတ်ဆွေလေးတစ်ယောက်ဆီမှာပဲ တွေ့ရတယ်။ ကျုပ်တို့ ယွမ်ထိုက်တာအိုဂိုဏ်းက မိတ်ဆွေလေးကျေးဇူးကို သေချာပေါက် မေ့မှာ မဟုတ်ဘူး”

ဠီးပဲ…

ထူစွန်းရှစ်က မတိုက်ခိုက်ခင် ဆဲတာ မထူးဆန်းတော့ဘူးပဲ…

ယွမ်ထိုက်တာအိုဂိုဏ်းမှ အဖိုးကြီးကား သူ့အတွက် သေတွင်းတူးပေးနေခြင်းပင်။

တိမ်မြုံကမ်းပါးတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများ ရှိသော်လည်း ယွမ်ထိုက်တာအိုဂိုဏ်း ပျက်စီးတော့မည့် အခြေအနေ၌ မည်သူမှ လာရောက်မကူညီကြပေ။ ထိုအဖြစ်က ယွမ်ထိုက်တာအိုဂိုဏ်းအား အလွန် မကြေမနပ် ဖြစ်စေသည်။

ယခု သူက ထိုကိစ္စကို အော်ပြောရာ ဟန်မူယဲ့က တိမ်မြုံကမ်းပါး၌ ဟန်မူယဲ့တစ်ဦးတည်းသာ လူကောင်းဟု ကြွေးကျော်ခြင်းနှင့် အတူတူဖြစ်သည်။

၎င်းက သူ့အား အများရန်သူအဖြစ် တွန်းပို့နေခြင်း မဟုတ်ပေဘူးလား။

ထိုအခိုက်တွင် မူလက လေးစားအားကျစွာ ကြည့်နေကြသော ကျင့်ကြံသူများအားလုံး၏အမူအရာက ထူးဆန်းလာခဲ့သည်။

ထူစွန်းရှစ်က ဟက်ခနဲ ရယ်မောကာ ဟန်မူယဲ့အား ကြည့်သည်။

“မင်း ငယ်ပါသေးတယ်…”

ထို့နောက် သူ လေထဲလှမ်းတက်ကာ ပျံသန်းပျောက်ကွယ်သွားသည်။

ဟန်မူယဲ့ ခေါင်းယမ်းကာ ယွမ်ထိုက်တာအိုဂိုဏ်းမှ လူများအား နှုတ်ဆက်၏။ ထို့နောက် သူက အံ့ဖွယ်ကိုးပါးဓားဂိုဏ်း စခန်းချရာနေရာသို့ ထွက်လာခဲ့သည်။

သူက သေချာတွေးထားပြီး ဖြစ်သည်။ ယွမ်ထိုက်တာအိုဂိုဏ်းက သူ့အား ကျေးဇူးဆပ်မည့် အခြေအနေနှင့် ကြုံပါက သူက သေချာပေါက် အားနာနေတော့မည် မဟုတ်ပါ။

ရက်စက်ကြမ်းကြုတ်စွာ အသုံးချရမည်။

All Chapters