← Chapters

ဂိုဏ်းပေါင်းစုံစည်းဝေးပွဲ

Vol. 15 Ch. 198

ဂိုဏ်းပေါင်းစုံစည်းဝေးပွဲ

Vol. 15 Ch. 198

ထူစွန်းရှစ်နှင့် ဟန်မူယဲ့တို့ ထွက်သွားပြီးမှသာ တိမ်မြုံကမ်းပါးမှ လူများအားလုံး ကိုယ်စီ သတ်မှတ်ထားသော စခန်းနေရာများသို့ ပြန်သွားကြ၏။

ထိုအခိုက်တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက စစ်ကူသုံးသိန်းခန့် ပို့ဆောင်ထားပြီး ဖြစ်သည်။ ၎င်းသည် တိမ်မြုံကမ်းပါး၏ သုံးဆယ်ရာနှုန်းသော အင်အားလည်း ဖြစ်၏။

မှန်သည်၊ အရေအတွက်က တိုက်ပွဲ၏တစိတ်တစ်ပိုင်းသာ ဖြစ်သည်။ တကယ့် အင်အားအစစ်အမှန်သည် ကမ္ဘာမြေအဆင့်များအပေါ်တွင်သာ မူတည်၏။ ကောင်းကင်ဘုံအဆင့်များသည်ကား စစ်ပွဲ၏ထောက်တိုင်ကြီးများ ဖြစ်သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ စစ်ကူသုံးသိန်းခန့်တွင် နှစ်သိန်းခန့်မှာ လက်အောက်ခံဂိုဏ်းများနှင့် တကိုယ်တော်ကျင့်ကြံသူများ ဖြစ်ကြသည်။ ထောင်သောင်းချီသော လူများမှာ ယခုမှ ပူးပေါင်းလာကြခြင်းလည်း ဖြစ်သည်။

ထန်ချီက သူ့လူများအား ဦးဆောင်လျှက် ထိုလူများအား လေ့ကျင့်ပေးသည်။

ကမ်းပါးတွင် လီသုံးသည် ကျောက်နံရံတစ်ခုတွင် မှီလျှက် အဝေးတွင် လေ့ကျင့်နေကြသော တပည့်များအား နှာခေါင်းရှုံ့သည်။

“မြင်လား… ဒါက ဂိုဏ်းတစ်ဂိုဏ်းရဲ့ လုပ်ထုံးလုပ်နည်းပဲ။ ထန်ချီက အသုံးဝင်တော့ မဟာအကြီးအကဲလည်း သူ့ကို ဆက်သုံးနေဦးမှာပဲ”

လီသုံး၏မျက်လုံးတွင် ရွံရှာသော အငွေ့အသက်များ ရှိနေပြီး တစ်ဖက်ကို အကြည့်လွှဲသွားသည်။

ဟန်မူယဲ့က လှမ်းကြည့်လျှင် ထန်ချီ၏လေ့ကျင့်ပေးမှုအောက်တွင် ဂိုဏ်းသားများသည် လေးထောင့်ဝင်္ကပါအခင်းအကျင်း၌ စနစ်တကျ ရွေ့လျားနေသည်ကို မြင်ရ၏။

၎င်းမှာ ထန်ချီ၏အားသာချက်များ ဖြစ်သည်။

တခြားတစ်ဖက်တွင် လီသုံးနှင့် တခြားတိုက်ရိုက်တပည့်များသည် တကိုယ်တော်ကျင့်ကြံသူများနှင့် လက်အောက်ခံဂိုဏ်းမှ တပည့်များကို စီစဉ်လေ့ကျင့်ပေးရသည်။

ဂိုဏ်းသည် တစ်စုံတစ်ဦး၏ ကောင်းခြင်းဆိုးခြင်းထက် စွမ်းရည်ကိုသာ အလေးထားသည်။

မဟာအကြီးအကဲကဲ့သို့ နှစ်ပေါင်းများစွာ အသက်ရှင်လာသူများအတွက်ကား တစ်စုံတစ်ယောက်က သူ့အတွက် အသုံးဝင်သလား၊ အသုံးမဝင်သလားကိုသာ အလေးထားကြည့်၏။

ဟန်မူယဲ့က လေးထောင့်ဝင်္ကပါအတွင်း၌ သန်မာသော စစ်သည်အတော်များများကို တွေ့သည်။

ထိုလူများမှာ မီးတောက်နီစစ်တပ်၏မျိုးဆက်များ ဖြစ်သည်မှာ သေချာ၏။ သို့သော်လည်း လတ်တလောတွင် ဟန်မူယဲ့က သူတို့အား အပြစ်တစုံတစ်ရာ ရှာဖွေရန် ဆန္ဒမရှိသေးပါ။ သူတို့က အနောက်ဘက်ကုန်းမြေကို သစ္စာဖောက်မသေးသရွေ့ ဖြစ်သည်။

ထို့အပြင် ထိုအဆင့်နိမ့်တပည့်များသည် သာမန်နင်းပြားများသာ ဖြစ်သည်။

ကောင်းကင်ဘုံအဆင့်တစ်ဦး၏နည်းစနစ်များကို မြင်တွေ့ပြီးနောက်တွင် ဟန်မူယဲ့၏စိတ်နှလုံးတွင် သာမန်ထက်ပိုသော နားလည်မှုအလွှာတစ်ခု ရှိနေခဲ့သည်။

စစ်မှန်သော ပညာရှင်များသည် အဆင့်နိမ့်ကျင့်ကြံသူများ၏အရေအတွက်ဖြစ်စေ၊ အသက်ကိုဖြစ်စေ ဂရုမစိုက်ပါ။

အဆင့်နိမ့်မိစ္ဆာများ၏ သေခြင်းရှင်ခြင်းကို မည်သူ ဂရုစိုက်ပါသနည်း။

ယွမ်ထိုက်တောင်ကုန်းတစ်ဖက်မှ မိစ္ဆာများကို တွေးမိရင်း ဟန်မူယဲ့ အဝေးကို လှမ်းကြည့်သည်။

မိုင်ငါးဆယ်အဝေး၌ မိစ္ဆာတိမ်တိုက်များသည် ကောင်းကင်ယံ၌ လူးလိမ့်နေကြသည်။

သူ၏အမူအရာက သိပ်မကောင်းပါ။

ကောင်းကင်ဘုံအဆင့်မိစ္ဆာငါးဦး။

ကောင်းကင်ဘုံအဆင့်တစ်ဦးကို သတ်ဖြတ်ကာ နောက်တစ်ဦးအား ဒဏ်ရာပြင်းပြင်းထန်ထန် ရစေခဲ့သည့်တိုင် တောင်ပိုင်းကုန်းမြေတွင် ကောင်းကင်ဘုံအဆင့်မိစ္ဆာငါးဦး ကျန်ရှိနေသေးသည်။

အနောက်ဘက်ကုန်းမြေတွင်ကား ကောင်းကင်ဘုံအဆင့် လေးဦးသာ ရှိသည်။

ထူစွန်းရှစ်က ကောင်းကင်ဘုံအဆင့်တစ်ဦးအား သတ်ဖြတ်ခဲ့ခြင်းကြောင့် တစ်ဘက်လူများက ကြောက်လန့်ကာ တုံ့ဆိုင်းနေခြင်းကြောင့်သာ မဟုတ်ပါက တိုက်ပွဲသည် တိမ်မြုံကမ်းပါး၌ စတင်နေပြီး ဖြစ်ပေမည်။

ထိုကောင်းကင်ဘုံမိစ္ဆာကား ဟန်မူယဲ့ကြောင့် သေဆုံးသွားခြင်း ဖြစ်သော်လည်း မည်သူက တပည့်ငယ်တစ်ဦးသည် ကောင်းကင်ဘုံအဆင့်တစ်ဦးအား သတ်ဖြတ်နိုင်ကြောင်း ယုံကြည်မည်နည်း။

ဒင်…

တိမ်မြုံကမ်းပါး၌ ခေါင်းလောင်းသံတစ်သံ ကြည်လင်ပြတ်သားစွာ ဖြစ်ပေါ်လာကာ လူတစ်ဦး ပျံသန်းလာသည်။

ထိုက်ရီဓားဂိုဏ်း၏ပင်မဂိုဏ်းသားတစ်ဦးဖြစ်သည့် စွန်းကျင်းရှစ်သည် ကမ်းပါးထံသို့ ဆင်းသက်လာ၏။

သူက ရှုပ်ထွေးသော ခံစားချက်များဖြင့် ဟန်မူယဲ့နှင့် လီသုံးတို့အား ဦးညွှတ်ကာ ပြောသည်။

“စီနီယာအစ်ကိုဟန်… စီနီယာအစ်မလီ… ဆရာဘိုးဘိုးက ခင်ဗျားတို့ကို တိမ်မြုံကမ်းပါးက ဂိုဏ်းပေါင်းစုံအစည်းအဝေးသို့ ဖိတ်လိုက်တယ်”

ထိုက်ရီဓားဂိုဏ်းမှ ပြိုင်စံရှားလူငယ်ပါရမီရှင် စွန်းကျင်းရှစ်အနေဖြင့် အမှန်တကယ် ရိုကျိုးနေသော ပုံစံကို မြင်ရသည်မှာ ရှားပါးသော ကိစ္စဖြစ်သည်။

လီသုံးက ဟန်မူယဲ့အား ကြည့်သည်။

ဟန်မူယဲ့က ခေါင်းယမ်းကာ လက်ဝှေ့ယမ်းသည်။

“ဂျူနီယာညီလေးစွန်း… ကျုပ်တို့အားလုံးက အနောက်ဘက်ကုန်းမြေကပါပဲ။ ဒီလောက် အားနာနေစရာ မလိုပါဘူး”

စွန်းကျင်းရှစ်က ဟန်မူယဲ့အား လက်နှစ်ဖက်ဆုပ်ကာ ပြောသည်။

“အစ်ကိုဟန်က သဘောထားကြီးတာပဲ။ ကျုပ်က တခြားလူတွေကို အသိပေးရဦးမယ်။ နှုတ်ဆက်ပါတယ်”

ထို့နောက် သူသည် အစိမ်းရောင်အလင်းအဖြစ် အသွင်ပြောင်းလျှက် အဝေးကို ပျံသန်းသွားခဲ့သည်။

“သူက ဒီလောက် ရိုကျိုးနေတာ ဘာလို့ထင်လဲ။ သူက မင်းရဲ့ဓားသန့်စင်မှုကြောင့် အကျိုးကျေးဇူးရခဲ့တာပဲလေ”

လီသုံးက တီးတိုးပြောကာ တိမ်မြုံကမ်းပါးထိပ်သို့ လှမ်းသွားခဲ့သည်။

ဟန်မူယဲ့က ဓားတစ်သောင်းကို ဆင့်ခေါ်ကာ ကောင်းကင်ဘုံအဆင့်မိစ္ဆာအား သတ်ဖြတ်ခဲ့စဉ်က ထိုဓားများသည် ကောင်းကင်ဘုံအဆင့်၏သွေးချီများဖြင့် သန့်စင်ခြင်း ခံခဲ့ရကာ ဓားများ၏အရည်အသွေးများမှာ ဆထက်တိုး ကောင်းမွန်လာခဲ့သည်။

သူတို့က စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဓားပိုင်ရှင်များအားလုံးမှာ ဟန်မူယဲ့အား ကျေးဇူးတင်ရန် လိုသည်။

“ဒီလို အစည်းအဝေးမျိုးဆိုတာ ဘယ်သူက အရင်သေမယ်… ဘယ်သူ သွေးပိုထွက်မယ်ဆိုတာမျိုးကို ဆွေးနွေးတာ”

ရှေ့မှ လမ်းလျှောက်နေသော လီသုံးက တည်ငြိမ်စွာ ပြောသည်။

ထို့နည်းတူ အကယ်၍ သူတို့ စစ်ပွဲနိုင်ခဲ့ပါကလည်း အကျိုးအမြတ်များအား မည်သို့ ခွဲဝေမည်ကို ဆုံးဖြတ်ဆွေးနွေးရပေမည်။

ယခု အခြေအနေကား ဆိုးဝါးနေရာ မည်သည့်အင်အားစုက ဖိအားကို ပိုခံမည်အား ဆွေးနွေးရပေမည်။

လီသုံးပြောသကဲ့သို့ သေဆုံးရန် ရွေးချယ်သူမှာ အသေအပျောက်များပေမည်။

ဟန်မူယဲ့ ခေါင်းယမ်းကာ သူမနောက်မှ လိုက်ပါသွားခဲ့သည်။

…

အစည်းအဝေးကျင်းပရာ ဖျင်တဲကား ကြီးမားကာ အတွင်း၌ စားပွဲရှည်များနှင့် ထိုင်ရန် နေရာများ ပြင်ဆင်ထားသည်။

အတွင်း၌ လေးနက်သော အမူအရာများဖြင့် ကျင့်ကြံသူ အများအပြားကို ဟန်မူယဲ့ တွေ့ရသည်။

သူနှင့် လီသုံးအပြင် တခြားသော ဂျူနီယာတချို့မှ လွဲ၍ အများစုမှာ ဝိညာဉ်နိုးထခြင်းနှင့် အထက် ကျင့်ကြံဆင့်များ ရှိကြသည်။

ဦးဆောင်သူနေရာတွင်ကား မတုန်မလှုပ် ထိုင်နေသော ထူစွန်းရှစ်အား မြင်ရသည်။ သူ့ဘေးတွင် ယန်တင်းရှန်၊ ယွမ်ထိုက်တာအိုဂိုဏ်းခေါင်းဆောင်၊ လုဟောင်နှင့် တခြားလူများ တည်ငြိမ်စွာ ထိုင်နေကြသည်။

သည်နေရာ၌ ကောင်းကင်ဘုံအဆင့်တစ်ဦး၊ ကောင်းကင်ဘုံတစ်ဝက် ကိုးဦး၊ အမြုတေဖွဲ့စည်းခြင်းတစ်ဆယ်ကျော်တို့ ရှိနေကြသည်။

သည်အင်အားမှာ အနောက်ဘက်ကုန်းမြေ၏ သုံးဆယ်ရာနှုန်းသော အင်အားဖြစ်ပေသည်။

သည်လူများ အလုပ်တွဲလုပ်နိုင်မည်လားဆိုသည်ကား တခြားကိစ္စတစ်ခုဖြစ်သည်။

ဟန်မူယဲ့နှင့် လီသုံးတို့ လှမ်းသွားလိုက်လျှင် လူအများအပြားက သူတို့အား လှမ်းကြည့်ကြသည်။

တချို့က ပြုံးလျက် ခေါင်းညိတ်ကြသော်လည်း အများစုမှာ မျက်နှာသေကြီးနှင့်သာ ကြည့်နေကြသည်။

သိပ်မဝေးသောနေရာတွင် အဖိုးအိုတစ်ဦးက ဟန်မူယဲ့အား ပြုံးလျက် လက်ဝှေ့ယမ်းပြသည်။

ဟန်မူယဲ့နှင့် လီသုံးတို့ သူ့ဘေးသို့ သွားထိုင်ကြသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အမြုတေဖွဲ့စည်းခြင်း အကြီးအကဲ စွန်းမူသည် ဖုန်းရှို့တောင်တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ အင်အားစုများကို ဦးဆောင်ရသူ ဖြစ်သည်။

သူ၏ကျင့်ကြံခြင်းကား ယခင်ကတည်းက ရပ်တန့်သွားပြီး ဖြစ်ကာ သက်တမ်းကုန်ဆုံးခါနီးခြင်းကြောင့် ရှေ့တန်းစစ်မျက်နှာပြင်ကို မိမိသဘောဖြင့် လာရောက်ခဲ့သူလည်း ဖြစ်သည်။

ဟန်မူယဲ့နှင့် လီသုံးတို့ လှမ်းသွားကာ စကားတချို့ ပြောလျှက် နှုတ်ဆက်ကြသည်။ သူတို့က ထိုင်လိုက်ပြီးမှ ဖျင်တဲအတွင်းမှ တခြားလူများအား လှမ်းကြည့်လိုက်သည်။

“လေလွင့်ဓားလီရှီးရှီး… တဖက်ကမ်းခပ်ဓားအင်မော်တယ် ဟန်မူယဲ့… ဟားဟား မဆိုးဘူး”

စွန်းမူက ဟန်မူယဲ့နှင့် လီရှီးရှီးတို့အား ကြင်နာသော အပြုံးဖြင့် ကြည့်သည်။

“မင်းတို့ကျင့်ကြံဆင့်နဲ့ တိုက်ရည်ခိုက်ရည်က အနောက်ဘက်ကုန်းမြေရဲ့ ထိပ်ဆုံးတစ်ဆယ်ထဲမှာ ရှိတယ်”

ထိပ်ဆုံးတစ်ဆယ်။

ဟန်မူယဲ့က အနောက်ဘက်ကုန်းမြေမှ အင်အားစုများ မည်မျှ နောက်ခံအင်အားကောင်းသည်ကို သိပေသည်။

ဥပမာအားဖြင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် နာမည်ကျော် တင်းချွန်ကန်း ရှိသည်။ သူသည် သေချာပေါက် လူငယ်မျိုးဆက်များထဲ၌ အထူးချွန်ဆုံးတစ်ယောက် ဖြစ်၏။

လင်တောက်ဂိုဏ်းနှင့် ထိုက်ရီဂိုဏ်းတွင်လည်း လူငယ်တချို့ ရှိသည်။ ဟန်မူယဲ့က အဖြူရောင်ဝတ်စုံနှင့် အေးစက်သော မိန်းကလေးတစ်ဦးအား မြင်သည်။

သူမဘေးတွင်ကား အစိမ်းရောင်ဝတ်တာအိုလူငယ်တစ်ဦး ရှိ၏။

လင်တောက်ဂိုဏ်းမှ ပါရမီရှင် လော့ရှောင်ယွီ။

ဟန်မူယဲ့ လှမ်းကြည့်လျှင် သူတို့ကလည်း သူ့အား ခေါင်းညိတ်နှုတ်ဆက်ကြသည်။

“အားလုံးပဲ… အချိန်က တန်ဖိုးရှိတယ်။ ကျုပ်တို့ မြန်မြန်ပြောဆိုကြတာပေါ့”

ထိုအခိုက်တွင် ထူစွန်းရှစ်ဘေးမျ အဖိုးအိုတစ်ဦး ထရပ်ကာ လက်နှစ်ဖက်ဆုပ်လျှက် ပြောသည်။

လင်တောက်ဂိုဏ်းမှ ကောင်းကင်ဘုံတစ်ဝက်ပညာရှင် ကျန်းဝမ့်ယွမ်။

လင်တောက်ဂိုဏ်းသည် အနောက်ဘက်ကုန်းမြေ၌ အင်အားအကြီးဆုံးဂိုဏ်း ဖြစ်သည်။ ထူစွန်းရှစ်သည် ဤနေရာတွင် ရှိသော်လည်း ကာကွယ်ရေးအစီအစဉ်များအားလုံးကို ထိုလူက စီစဉ်ဆုံးဖြတ်ပေသည်။

အမှန်တကယ်အားဖြင့် ထူစွန်းရှစ်မှာ ထိုအသေးအမွှားကိစ္စများဖြင့် အချိန်ကုန်စရာလည်း မလိုပါ။

သူက တိုက်ရိုက်အားဖြင့် တိုက်ခိုက်ရသည်ကို ပိုသဘောကျ၏။

All Chapters