← Chapters

ရွေးချယ်ခံ

Vol. 15 Ch. 199

ရွေးချယ်ခံ

Vol. 15 Ch. 199

တိမ်မြုံကမ်းပါးရှေ့တန်းမှာ ဂိုဏ်းပေါင်း ၄၀၀ နီးပါး စုစည်းနေကြတယ်။ ကျင့်ကြံသူပေါင်း ၁.၃ သန်းလောက် ရှိတယ်”

ကျန်းဝမ်ယွမ် ပြောသော အရေအတွက်ကား များပြားလွန်းသည်။ သို့သော်လည်း သူ၏အမူအရာက သက်တောင့်သက်သာ ရှိ၏။

“ငါတို့မှာ အရေအတွက်အားဖြင့် ပိုများတယ် ထင်ရပေမဲ့ မိစ္ဆာစစ်တပ်ထက် အားနည်းတယ်”

သူ့စကားက ပတ်ဝန်းကျင်လေထုကို ပိုမို၍ အုံ့ဆိုင်းစေသည်။

သူတို့က ထိုသို့သော ရန်သူအား မည်သို့ ရင်ဆိုင်ရမည်နည်း။

“ကျုပ်တို့ လင်တောက်ဂိုဏ်းက အမိန့်တော်တစ်ခု ထုတ်ပြန်ဖို့ ရှိတယ်”

ကျန်းဝမ်ယွမ်က လူတိုင်းကို ဝေ့ကြည့်ကာ ပြောသည်။

“အားလုံးပဲ… တောင်ပိုင်းကုန်းမြေက အလွယ်တကူ လက်လျှော့မယ်လို့ မထင်ကြနဲ့။ သူတို့က တကယ်ဘဲ အနောက်ဘက်ကုန်းမြေကို ကျူးကျော်ဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်”

ထို့နောက် သူက သက်ပြင်းရှိုက်ကာ ပြောသည်။

“တောင်ပိုင်းကုန်းမြေက လာတဲ့သတင်းတွေအရ အံ့ဖွယ်နေမင်းကိုယ်ရံတော်တွေဟာ တောင်ပိုင်းကုန်းမြေကို တိုက်ခိုက်ပြီးတော့ ကုန်းမြေတစ်ခုလုံးကို စိုးမိုးဖို့ ရည်ရွယ်ထားတယ်လို့ သိရတယ်”

“တောင်ပိုင်းကုန်းမြေက မိစ္ဆာတွေ အနောက်ဘက်ကုန်းမြေကို ရွှေ့ပြောင်းချင်နေကြတယ်”

အနောက်ဘက်ကုန်းမြေသို့ ရွေ့ပြောင်းမည်လား။

နယ်မြေများအတွက် တိုက်ခိုက်ရာ၌ ၎င်းသည် အမြဲတမ်းအားဖြင့် သေခြင်းရှင်ခြင်းအရေးကိစ္စဖြစ်သည်။ အတူယှဉ်တွဲနေထိုင်ခြင်းသည် အတော်လေး မဖြစ်နိုင်သော ကိစ္စဖြစ်၏။

ထို့အပြင် တောင်ပိုင်းမိစ္ဆာများသည် အနောက်ဘက်ကုန်းမြေသို့ အတူယှဉ်တွဲနေထိုင်ရန် ရောက်လာသည် မဟုတ်ပေ။

ဖျင်တဲကြီးထဲ၌ လူအများ၏မျက်လုံးများထဲတွင် တိုက်ခိုက်လိုစိတ်များ သိပ်မတွေ့ရပါ။

သည်ကိစ္စသည် အနောက်ဘက်ကုန်းမြေတစ်ခုလုံး၏ သေရေးရှင်ရေးကိစ္စဖြစ်သည်။

“အားလုံးပဲ… ကျုပ်တို့က တိမ်မြုံကမ်းပါးကို အချိန်သုံးလပဲ ကာကွယ်ဖို့ လိုတယ်။ နောက်သုံးလကြာရင် စစ်ကူတွေ ရောက်လာလိမ့်မယ်”

ကျန်းဝမ်ယွမ်က ထူစွန်းရှစ်အား ခေါင်းညိတ်ပြသည်။ ထို့နောက် သူက ဆက်ပြောသည်။

“ဂိုဏ်းအားလုံး စုပေါင်းပြီး ခံစစ်စည်း တည်ဆောက်ဖို့ စီနီယာအစ်ကိုထူနဲ့ ကျုပ် ဆွေးနွေးပြီးပြီ”

“အလင်းဓားတောင်ကုန်းက တိမ်မြုံကမ်းပါးရဲ့ အနောက်ဘက်ခြမ်းကို ကာကွယ်ရမယ်”

“ဖုန်းလင်ဓားဂိုဏ်းက ကမ်းပါးရဲ့ အနောက်ဘက်ခြမ်းကို ကာကွယ်မယ်”

“လင်တောက်ဂိုဏ်းဟာ တောင်ထိပ်ကို ကာကွယ်မယ်”

…

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းဟာ တိမ်မြုံကမ်းပါးရဲ့ တောင်ခြေကနေ အရှေ့ဘက် ဆယ်မိုင်ပတ်လည်ကို ကာကွယ်မယ်”

…

အစည်းအဝေးပြီးနောက်တွင် ဂိုဏ်းအသီးသီးမှ ကိုယ်စားပြုများသည် ကိုယ်စီထွက်ခွာသွားကြသည်။

ဟန်မူယဲ့ ကောင်းကင်ထက်ကို မော့ကြည့်ကာ သက်ပြင်းရှိုက်လိုက်သည်။

“ဆိုတော့… ဒီကို ရောက်နေတဲ့ ထန်ချီရဲ့ လူနှစ်သိန်းစစ်တပ်ဟာ သေဖို့အတွက်သီးသန့်ပဲပေါ့”

သူက နောက်လှည့်ကာ ဖြေးလေးစွာ လမ်းလျှောက်လာသော လုဟောင်အား ကြည့်သည်။

“ငါက အခြေအနေအရ အကောင်းဆုံး အသုံးချရတာပါပဲ”

လုဟောင်က ဟန်မူယဲ့အား တည်ငြိမ်စွာ ကြည့်ကာ ပြောသည်။

“မင်းက သူ့ထက် ပိုသာကြောင်း သက်သေပြပြီးပြီလေ”

“သူကတော့ သူ့ကိုယ်ပိုင်သွေးနဲ့ပဲ သက်သေပြရဦးမှာပေါ့”

ဟန်မူယဲ့၏အမူအရာကို ကြည့်ကာ လုဟောင်က ထူးမခြားနားစွာ ပြောသည်။

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ အနာဂတ်ခေါင်းဆောင်နေရာအတွက် တိုက်ပွဲဟာ သာမန်ကိစ္စရပ်တစ်ခုလို့ မင်း တွေးနေတာလား”

သည်ကိစ္စက အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏အနာဂတ်ခေါင်းဆောင်နေရာနှင့် သက်ဆိုင်သည်လား။

မိမိနှင့် ထန်ချီတို့အကြား တစ်ဦးကို ရွေးချယ်ရန် လိုသည်လား။

ဟန်မူယဲ့က သူသည် ဂိုဏ်းခေါင်းဆောင်နေရာအတွက် ရွေးချယ်ရန် ပစ်မှတ်ဖြစ်လာမည်ဟု မထင်ထားခဲ့ပေ။

သို့သော်လည်း လုဟောင် ပြောသည်မှာ မှန်ကန်ပေသည်။ အာဏာနှင့် အခွင့်အလမ်းတို့အတွက် ယှဉ်ပြိုင်ရာတွင် နောက်ဆုတ်၍ မရပါ။

လုဟောင်က ထပ်ပြောသည်။

“ပြန်သွားပြီး အသင့်ပြင်ထားလိုက်။ ငါတို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းဟာ သတ်မှတ်ထားတဲ့ စတည်းချနေရာသို့ ရောက်ခါနီးပြီ”

ထို့နောက် သူသည် ဓားအလင်းအသွင်ပြောင်းလဲကာ အဝေးကို ပျံသန်းထွက်ခွာသွား၏။

“သိပ်အများကြီး မတွေးနဲ့… ဒီလို ရွေးချယ်မှုဆိုတာ အစီအစဉ်အများကြီးထဲက တစ်ခုပဲ။ မင်းက တစ်ကြိမ်တည်းပဲ အနိုင်ရသေးတယ်”

လီသုံးက ဟန်မူယဲ့၏ပုခုံးအား ပုတ်ကာ အဝေးသို့ ပျံသန်းသွားသည်။

မှန်ပေသည်၊ ဂိုဏ်းချုပ်ကျင်းကျီ နေရာလွှဲပေးလျှင်ပင် သူ့နောက်တွင် ဆက်ခံမည့် ထို့ပါ့ချန် ရှိနေသေးသည်။

ဟန်မူယဲ့က ထိုနေရာကို ဆက်ခံရန် အနည်းဆုံး ရာစုနှစ်တချို့ ကြာပေဦးမည်။

နောက်နှစ်သုံးရာခန့်တွင် ဖြစ်ပျက်မည့်ကိစ္စအား ဟန်မူယဲ့က စိတ်ပူပန်စရာ မလိုပေ။

“ဟန်မူယဲ့…”

နောက်မှ ခေါ်သံတစ်သံအား ကြားရသည်။

ဟန်မူယဲ့က နောက်လှည့်ကြည့်လျှင် အလင်းတောင်ကုန်းဓားဂိုဏ်းခေါင်းဆောင် ယန်တင်းရှန်အား မြင်သည်။

“ဂိုဏ်းချုပ်ယန်…”

ဟန်မူယဲ့က လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်သည်။

“မနေ့က ကျုပ်တို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ကူညီတဲ့အတွက် ဂိုဏ်းချုပ်ယန်ကို ကျေးဇူးတင်ပါတယ်”

ယမန်နေ့က ယန်တင်းရှန်သည် တော်ဝင်ဝိညာဉ်ဓားဂိုဏ်းက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို အပြစ်တင်ပြီး အကြောင်းပြချက်ရှာကာ ထွက်ပြေးသွားတော့မည့် အရေး၌ ကူညီခဲ့သည်။

ထိုသို့သော အခြေအနေ၌ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ကိုယ်တိုင် အရေးယူဆောင်ရွက်၍ မဖြစ်ပေ။ သူတို့က ကြားနေတစ်ဦးက ဝင်၍ ဖြန်ဖြေပေးရန် လိုသည်။

“ဒီလိုပဲ ဖြစ်သင့်တာကိုး…”

ယန်တင်းရှန်က လက်ဝှေ့ယမ်းသည်။ ထို့နောက် သူက မေးသည်။

“မင်ရွှမ် အဆင်ပြေလား”

ယန်မင်ရွှမ်။

ယန်တင်းရှန်၏မြေး။

ဟန်မူယဲ့က ခေါင်းညိတ်ကာ ယန်မင်ရွှမ် ဓားစံအိမ်သို့ ရောက်လာပုံ၊ ဓားစံအိမ်၏ဓားနည်းစနစ်များအား လေ့ကျင့်ပုံတို့အား ပြောပြသည်။

ယန်မင်ရွှမ် အမှန်တကယ် ကျင့်ကြံနိုင်ကြောင်း သိလိုက်ရသောအခါ ယန်တင်းရှန်၏အမူအရာက စိတ်လှုပ်ရှားဝမ်းသာလာသည်။

“ဟင်း… သူက ငါ့အလောင်းကို လာကောက်ရဲတယ်လို့ တကယ်ပြောတာလား”

ဟန်မူယဲ့၏စကားဆုံးလျှင် ယန်တင်းရှန်က ရယ်မောလိုက်သည်။ ထို့နောက် သူက အဝေးကို ကြည့်သည်။

“အဲဒီနေ့ တကယ်ရောက်လာခဲ့ရင် ငါ့အလောင်းကို လာကောက်ဖို့ သူ့ကို ပြောလိုက်”

ဟန်မူယဲ့ ပြန်ပြောသည်ကို စောင့်မနေတော့ဘဲ ယန်တင်းရှန် အဝေးကို ပျံသန်းထွက်ခွာသွားသည်။

ဟန်မူယဲ့ ခေါင်းယမ်းသည်။ သူကလည်း ဓားတစ်လက်အား စီးနင်းကာ တောင်အောက်သို့ ဆင်းလာခဲ့သည်။ ထိုနေရာတွင်ကား အံ့ဖွယ်ကိုးပါးဓားဂိုဏ်း အခြေစိုက်စခန်း တည်ရှိသည်။

ဒုန်း…

ဒုန်း…

ကောင်းကင်ထက်တွင် စည်တီးသံများအား ကြားနိုင်သည်။ အဝေးမှ မိစ္ဆာချီအငွေ့အသက်များသည် ရေလှိုင်းများကဲ့သို့ လိမ့်ဝင်လာခဲ့ကာ မရေမတွက်နိုင်သော သားရဲမိစ္ဆာများသည် တိမ်မြုံကမ်းပါးဆီသို့ ချီတက်လာကြ၏။

ထိုသားရိုင်းများသည် အဆင့်နိမ့်မိစ္ဆာများ ဖြစ်ကြသည်။ သူတို့၏ကျင့်ကြံခြင်းနှင့် တိုက်ခိုက်စွမ်းရည်မှာ ချီစုစည်းခြင်းအဆင့်၌သာ ရှိသည်။

သို့သော်လည်း သူတို့၏ကျင့်ကြံခြင်းက နိမ့်ပါးလျှင်ပင် ထိုမျှ များပြားသော အရေအတွက်အား ခုခံရန်မှာ မလွယ်ကူလှပါ။

“အဲဒီမိစ္ဆာသားရိုင်းတွေကို တားကြ…”

“ငါတို့ ဒီနေ့ သူတို့ကို မတားနိုင်ရင် ငါတို့လည်း ဒီမှာ သေရမယ်”

“ကျုပ် ထန်ချီ မင်းတို့နဲ့အတူ သေမယ် ရှင်မယ်”

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း စောင့်ကြပ်ရသော ခံစစ်စည်း၌ ထန်ချီသည် အဖြူရောင်ဝတ်စုံနှင့် ဓားတစ်လက်ကို ကိုင်ကာ ရပ်နေသည်။

သူ့ဘေးတွင်ကား ဂိုဏ်းငယ်များမှ ကမ္ဘာမြေအဆင့်တချို့နှင့် တကိုယ်တော်ကျင့်ကြံသူများ ရှိနေကြသည်။

သူတို့နောက်တွင်ကား မရေမတွက်နိုင်သော ကျင့်ကြံသူများသည် လက်နက်အသီးသီးကို ကိုင်ကာ စိတ်လှုပ်ရှားစွာ ရပ်နေကြ၏။

မိစ္ဆာသားရိုင်းများသည် ဒီရေလှိုင်းအလား လိမ့်ဝင်လာနေသည်။

“သတ်…”

ထန်ချီက ဝမ်းခေါင်းသံဖြင့် အော်ဟစ်လိုက်သည်။ သူ၏လက်ထဲမှ ဓားသည် ပေတစ်ရာခန့် ဓားအလင်းအဖြစ် ပြောင်းလဲသွားကာ တစ်ဘက်မှ မိစ္ဆာအုပ်ကြီးထံသို့ တိုးဝင်သွား၏။

ဝုန်း…

ပေသုံးဆယ်ခန့် မြင့်မားသော ကျားကြီးတစ်ကောင် နှစ်ပိုင်း ပြတ်သွားသည်။

ထန်ချီက သူ၏ဘေးမှ ကမ္ဘာမြေအဆင့်ကျင့်ကြံသူများအား ဦးဆောင်ကာ သားရိုင်းများထံသို့ ပြေးဝင်သွားသည်။

တောင်ကုန်းငယ်တစ်ခုပေါ်၌ ဟန်မူယဲ့ တိုက်ပွဲကို စောင့်ကြည့်နေသည်။

ထန်ချီ၏စစ်ပွဲကို ဦးဆောင်နိုင်စွမ်းမှာ သိပ်မဆိုးပေ။ သူ၏တိုက်ခိုက်စွမ်းရည်သည်လည်း အတော်လေး ကောင်းသည်။ သူသည် ထိုကျင့်ကြံသူများအား ဦးဆောင်ရန် အမှန်တကယ် သင့်တော်၏။

နောက်တွင်ကား အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသားများသည်လည်း သူတို့၏ဓားများကို ကိုင်ကာ အဆင်သင့်ပြင်ထားကြသည်။

လက်ရှိအခြေအနေတွင် သူတို့၏သေခြင်းရှင်ခြင်းမှာ သူတို့ကိုယ်တိုင် ဆုံးဖြတ်နိုင်သော အရာမဟုတ်တော့ပါ။

“ဝုန်း…”

ရှေ့ကို ပြေးဝင်သွားသော ထန်ချီအား အနက်ရောင်အလင်းတစ်ခုက တားဆီးသည်။

ရှစ်ပေရှည်ကာ ချပ်ဝတ်နက်ဝတ်ထားသော ကျားခေါင်းလူတစ်ဦးသည် ဓားမော့အား ကိုင်ကာ ထန်ချီအား ခုတ်ပိုင်းလိုက်၏။

ကမ္ဘာမြေအဆင့်၊ ဝိညာဉ်နိုးထခြင်းအဆင့်၌ ရှိသော ထိုကျားမိစ္ဆာသည် အားကောင်းသော သွေးမျိုးဆက်ပိုင်ရှင် ဖြစ်သည်။

ထိုကျားမိစ္ဆာ၏တိုက်ခိုက်စွမ်းရည်မှာ ထန်ချီထက် မနိမ့်ပေ။

ကျားမိစ္ဆာ၏တားဆီးမှုကြောင့် ထန်ချီနှင့် အပေါင်းအပါများမှာ ရှေ့ဆက်မတိုးနိုင်ကြတော့ချေ။

“ဂါး…”

မရေမတွက်နိုင်သော မိစ္ဆာသားရိုင်းများသည် လူသားကျင့်ကြံသူများထံသို့ ပြေးဝင်လာနေကြ၏။ သူတို့က မာန်သွင်းအော်ဟစ်ကာ ပြေးဝင်တိုက်ခိုက်ကြသည်။

All Chapters