← Chapters

ဉာဏ်အလင်း

Vol. 15 Ch. 200

ဉာဏ်အလင်း

Vol. 15 Ch. 200

ဓားအလင်းများနှင့် ချီစွမ်းအားများသည် ထိုမိစ္ဆာများအား ကြိုဆို၏။

ဝုန်း…

သွေးချီများနှင့် သဘာဝချီစွမ်းအားများ ထိတွေ့ပေါက်ကွဲကြ၏။ အနီရောင်သွေးချီသည် ကောင်းကင်ယံသို့တိုင်အောင် ထိုးတက်သွားသည်။

ထိုအခိုက်တွင် သတ်ဖြတ်ခြင်းသည်သာ အားလုံး၏ရွေးချယ်ရာ ဖြစ်သည်။

ဟန်မူယဲ့က ထိုမြင်ကွင်းအား ခံစားချက်ကင်းမဲ့စွာ ကြည့်နေသည်။

သူ၏အမြင့်ဆုံးအဆင့် သိမြင်နားလည်နိုင်စွမ်းကြောင့် မဟုတ်လျှင် သူသည် ထိုအဆင့်နိမ့်ကျင့်ကြံသူများကဲ့သို့ သေခြင်းရှင်ခြင်းမျဉ်းကြောင်းပေါ်၌ လျှောက်လှမ်းနေရမည်မှာ သေချာသည်။

ဝုန်း…

ထန်ချီနှင့် ကျားမိစ္ဆာတို့၏တိုက်ပွဲမှာလည်း ပိုမိုပြင်းထန်လာသည်။ သူတို့အနီးပတ်လည် ပေတစ်ထောင်ဝန်းကျင်သို့ မည်သူမှ မချဉ်းကပ်နိုင်ပေ။

“သူက သူ့အသက်နဲ့ရင်းပြီးပဲ တိုက်ခိုက်နိုင်တယ်”

လီသုံးက အနက်ရောင်ဓားအား ကိုင်ကာ တင်းမာသော လေသံဖြင့် ပြောသည်။

အရှုံးသမားသည် အသက်ရှင်ရန် သူ၏အသက်နှင့်ရင်း၍ တိုက်ခိုက်ရသည်။

တိုက်ပွဲသည် ခြောက်နာရီခန့် ကြာမြင့်၏။ မိစ္ဆာသားရိုင်းများနှင့် ကျင့်ကြံသူများ၏အလောင်းများ မြေပြင်တွင် အထပ်ထပ်ရှိနေကာ ယခုတွင် မိစ္ဆာသားရိုင်းများသည် ထိုးစစ်အား အရှိန်လျှော့လိုက်ကြဟန်ရှိသည်။

ကမ္ဘာမြေအဆင့်ကျင့်ကြံသူတချို့အား ဦးဆောင်တိုက်ခိုက်နေသော ထန်ချီသည် အနားယူခြင်း မပြုပေ။ သူသည် ကျင့်ကြံသူတချို့အား ဦးဆောင်ကာ တိုက်ပွဲနေရာအား ရှင်းလင်းရေး ပြုလုပ်သည်။

မိစ္ဆာသားရိုင်းများ၏အရိုးနှင့်အသွေးအသားများသည် ဝိညာဉ်ကျောက်တုံးများ ဖြစ်သည်။ ၎င်းတို့အား သူတို့က ဝိညာဉ်ကျောက်တုံးများဖြင့် ပြန်လည်လဲလှယ်နိုင်၏။

ထိခိုက်သေဆုံးသွားသော ကျင့်ကြံသူများအားလည်း စာရင်းလုပ်ရသည်။ အလောင်းများအား စုဆောင်းကာ ဒဏ်ရာရသူများအား ကုစားရသည်။

နေဝင်သောအခါတွင်မှ ပင်ပန်းနွမ်းနယ်စွာဖြင့် ထန်ချီသည် သူ့နောက်မှ တောင်ကုန်းငယ်အား လှမ်းကြည့်သည်။

တခြားတစ်ဖက်တွင် ဟန်မူယဲ့သည်ကား တောင်ကုန်းငယ်တစ်ခုပေါ်တွင် ရပ်ကာ တိုက်ပွဲသည် သူနှင့် မသက်ဆိုင်သည့်အလား ရပ်ကြည့်နေခဲ့၏။

ထန်ချီ အံကြိတ်ကာ သူ၏ခေါင်းငုံ့လိုက်သည်။

တိုက်ပွဲနှင့် မသက်ဆိုင်ဘဲ ရပ်နေသူသည် သူ ဖြစ်သင့်၏။

တဖက်ကမ်းခပ်ဓားအင်မော်တယ်ဘွဲ့သည်လည်း သူနှင့်သာ သက်ဆိုင်သင့်သည်။

သို့သော်လည်း သူသည် ပြိုင်ပွဲ၌ ရှုံးနိမ့်ခဲ့ကာ အသက်နှင့်ရင်း၍ တိုက်ခိုက်နေရ၏။

“စိတ်မပူနဲ့… မကြာခင် သွေးယဇ်ပူဇော်တာ ပြီးဆုံးတော့မယ်။ မင်းနဲ့သက်ဆိုင်တဲ့ဟာတွေ ပြန်ရလိမ့်မယ်”

ထန်ချီဘေးမှ အနက်ရောင်ဝတ်အဖိုးအိုက တီးတိုးပြောသည်။

ထန်ချီ ခေါင်းညိတ်ကာ ခံစစ်စည်းရှေ့သို့ လှမ်းသွားလိုက်၏။

…

တောင်ကုန်းငယ်၌ နေမင်းသည် အနောက်စူးစူးသို့ ဝင်ရောက်သွားပြီးသောအခါ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ အတွင်းစည်းတပည့်တစ်ဦးသည် ဟန်မူယဲ့ထံသို့ ရောက်လာခဲ့သည်။

ဟန်မူယဲ့ သူ့အား သိသည်။

အတွင်းစည်းဂိုဏ်း၏ထိပ်ဆုံးဆယ်ယောက်စာရင်းဝင် ဟယ်ရွှမ်ချီ။

ထိုအခိုက်တွင် ဟယ်ရွှမ်ချီသည် ဟန်မူယဲ့ကဲ့သို့ ဓားနှစ်လက် သယ်ဆောင်လာသည်။

“စီနီယာအစ်ကိုဟန်…”

ဟယ်ရွှမ်ချီက ဟန်မူယဲ့အား ကြည့်ကာ တီးတိုးပြောသည်။

“ကျုပ်ကို ဓားနှစ်လက်သိုင်းသင်ပေးနိုင်မလား”

ဓားနှစ်လက်သိုင်း။

ဟယ်ရွှမ်ချီ လေ့ကျင့်သော ဓားသိုင်းသည် ကံကြမ္မာသစ်စိမ်းဓားသိုင်း ဖြစ်သည်။ ၎င်းသည် သစ်သားဓာတ်မျိုးဆက်၏စွမ်းအားကြီးဓားသိုင်းတစ်မျိုးလည်း ဖြစ်သည်။

ထိုနည်းစနစ်၏သဘောတရားကား မဖြစ်နိုင်သော အရာကို ဖြစ်နိုင်အောင် ကြိုးစားခြင်း ဖြစ်သည်။

ထိုဓားသိုင်းအား နောက်ထပ်နည်းစနစ်တစ်ခုဖြင့် ထပ်ပေါင်းစပ်သောအခါ တစ်စုံတစ်ယောက်သည် မိမိအဆင့်ထက် မြင့်သောသူနှင့် တိုက်ခိုက်နိုင်စွမ်း ရှိသည်။

ယခင်က ဟန်မူယဲ့သည် ဟယ်ရွှမ်ချီ၏ဓားသိုင်းနှင့် လိုက်ဖက်သော ဓားသိုင်းပိုင်ရှင်တစ်ဦးအား တွဲဖက်ပေးခဲ့ကာ ဖုန်းရှို့တောင်သို့ စေလွှတ်ခဲ့၏။

ယခုကား ဟယ်ရွှမ်ချီတစ်ဦးတည်းသာ ရောက်လာသည်။

“ဂျူနီယာညီလေးဝမ်ဟွေ့ သေသွားတယ်”

ခေါင်းငုံ့ကာ ဟယ်ရွှမ်ချီ၏အသံ၌ ချုပ်တီးမရသော ဝမ်းနည်းခြင်းအငွေ့အသက်များ ပါဝင်နေသည်။

“သူက ကျုပ်အတွက် အသေခံကာကွယ်ပေးသွားခဲ့တယ်”

ဟယ်ရွှမ်ချီက ခေါင်းမော့ကာ ဟန်မူယဲ့အား ပြောသည်။

“စီနီယာအစ်ကိုဟန်… ကျေးဇူးပြုလို့ ကျုပ်ကို ဓားနှစ်လက်သိုင်း သင်ပေးပါ”

ဟန်မူယဲ့က ခေါင်းညိတ်သည်။

“ကောင်းပြီ… ငါ မင်းကို ဓားနှစ်လက်သိုင်း သင်ပေးမယ်”

ကလင်…

ဟန်မူယဲ့က လက်မြှောက်လိုက်လျှင် ကံကြမ္မာဓားနှင့် ခရမ်းမီးတောက်ဓားတို့သည် သူ၏လက်အတွင်းသို့ သက်ဆင်းလာကြ၏။

“ဓားနှစ်လက် လှုပ်ရှားတယ်… ဒါပေမဲ့ အရင်းအမြစ်မတူဘူး… လှုပ်ရှားဟန်မတူဘူး… ခန္ဓာကိုယ်ဟာ စိတ်နှလုံးလှုပ်ရှားမှုနောက်ကို လိုက်တယ်…”

ဟန်မူယဲ့က တီးတိုးရေရွက်ကာ ဓားရှည်နှင့် ဓားတိုကို ဝှေ့ယမ်းလိုက်သည်။

ဓားနှစ်လက်သည် သူနှင့် လိုက်လျောညီထွေစွာ လိုက်ပါလှုပ်ရှားကြ၏။

ဟန်မူယဲ့၏လက်ထဲမှ ဓားနှစ်လက်ကို ကြည့်ကာ ဟယ်ရွှမ်ချီ၏မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။

မည်သို့ဆိုစေ သူကား လူသားတစ်ဦးသာ ဖြစ်သည်။ အဘယ့်ကြောင့် သူ မငိုဘဲ နေနိုင်မည်နည်း။

“ဂျူနီယာညီလေး…”

“အဲဒါ ငါ့အပြစ်ပါ…”

ဟယ်ရွှမ်ချီက သူ၏လက်မှ ဓားနှစ်လက်ကို ဆွဲထုတ်လိုက်သည်။ ဓားချီ လေထဲ ပြန့်နှံ့သွား၏။

ဟန်မူယဲ့က လက်မြှောက်ကာ သူ၏လက်မှ ဓားချီကို လှည့်ပတ်လျှက် ဟယ်ရွှမ်ချီ၏ဓားအလင်းကို ညွှန်ကြားတည့်မတ်ကာ ဓားနှစ်လက်သိုင်းအား လေ့ကျင့်စေ၏။

တောင်ကုန်းပေါ်တွင် မရေမတွက်နိုင်သော အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတပည့်များသည် ဓားသိုင်းလေ့ကျင့်နေသော လူနှစ်ဦးအား လှမ်းကြည့်ကြ၏။

ယခင်က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ တပည့်နှစ်ဦးဖြစ်သော ဟယ်ရွှမ်ချီနှင့် ဝမ်ဟွေ့တို့ နှစ်ဦးပေါင်း ဓားသိုင်းသည် ဖုန်းရှို့တောင်၌ အတော်လေး နာမည်ကြီးခဲ့သည်။

ယခုတွင် ဟန်မူယဲ့၏လမ်းညွှန်ပြသမှုအောက်၌ စူးရှတောက်ပနေသော ဓားအလင်းများကို ကြည့်ကာ အားလုံးက ရင်သပ်ရှုမော ဖြစ်ရသည်။

ဟူး…

ဟယ်ရွှမ်ချီ၏ဓားအလင်းများထဲ၌ ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ လူငယ်တစ်ဦးသည် လက်လှမ်းကာ ဟယ်ရွှမ်ချီ၏လက်ထဲမှ ဓားကို ဖမ်းဆုပ်လိုက်၏။

“ဂျူနီယာညီလေး…”

ဟယ်ရွှမ်ချီက အံ့အားသင့်ကြီးစွာ ရေရွက်လိုက်စဉ် ဓားနှစ်လက်သည် ရုတ်တရက် လှည့်ပတ်သွား၏။

ဝှစ်…

ဓားနှစ်လက်ထံမှ စူးရှသော ရောင်ဝါတစ်ခု ပေါက်ကွဲထွက်လာခဲ့ကာ နဂါးတစ်ကောင်အသွင်သို့ ပြောင်းလဲလျှက် အဆုံးအစမရှိသော ရွှေရောင်အလင်းများအား ဖြန့်ကျက်သည်။

ထိုဓားအလင်းအား ကြည့်ကာ ဟန်မူယဲ့ ခဏတာမျှ မှင်တက်သွားသည်။

“ဒီဓားသိုင်းနှစ်ခုမှာ နောက်ထပ် သဘောတရားတစ်ခု ရှိနေသေးတာပဲ”

သူ၏လမ်းညွှန်ပြသမှုကို မလိုအပ်တော့သော ဟယ်ရွှမ်ချီအား ကြည့်ကာ ဟန်မူယဲ့ သက်ပြင်းချသည်။

သူသည် ဓားသိုင်းများ၏အကန့်အသတ်သို့အထိ တွေးတောကြံဆနိုင်သည်။

သို့သော်လည်း လူ့စိတ်မနောအား နားမလည်သေးပါ။

ဟယ်ရွှမ်ချီနှင့် ဝမ်ဟွေ့တို့၌ အလွန်ခိုင်မာသော ညီအစ်ကိုစိတ်ဓာတ်များ ကိန်းအောင်းနေသည်။ ဝမ်ဟွေ့ သေဆုံးသွားသောအခါ ဝိညာဉ်အပိုင်းအစသည် ဓားထံ၌ ကျန်ရစ်ခဲ့၏။

ယခုတွင် ဓားသိုင်းနှစ်ခု ပေါင်းစပ်သွားကာ မူလရင်းမြစ်ဓားသိုင်း၏သဘောတရားမှာ ပြောင်းလဲသွားခဲ့သည်။

ဓားသိုင်းများသည် အသေဖြစ်သည်။

သို့သော်လည်း သဘောတရားနှင့် အငွေ့အသက်မှာ ရှင်သန်နေ၏။

ထိုသို့တွေးရင်း ဟန်မူယဲ့၏ခန္ဓာကိုယ်မှ အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။

မူလက ဓားသိုင်းလေ့ကျင့်နေသော ဟယ်ရွှမ်ချီက ဓားကို သိမ်းဆည်းလိုက်ကာ ဟန်မူယဲ့ထံသို့ လှမ်းသွားရန် ပြင်လိုက်စဉ် အသံတစ်သံကို ကြားရသည်။

“ဟန်မူယဲ့ ဉာဏ်အလင်းရနေတယ်။ ငါ သူ့ကို စောင့်ပေးမယ်။ သူ့အနားကို ကပ်တဲ့သူတိုင်း ငါ့ဓားနဲ့တွေ့မယ်”

ဓားတစ်လက်ကို ကိုင်ထားရင်း လီရှီးရှီးသည် ဟန်မူယဲ့နှင့် ဆယ်ပေအကွာသို့ ရောက်လာကာ ရပ်လိုက်သည်။ ထိုအခိုက်တွင် ဟန်မူယဲ့အား နှောင့်ယှက်သူ မည်သူ့ကိုမဆို သူမက တိုက်ခိုက်မည် ဖြစ်သည်။

ဉာဏ်အလင်း…

ဤသည်ကား ကျင့်ကြံသူများ အိပ်မက်မက်ရသော ဉာဏ်အလင်းမျိုး ဖြစ်သည်။

တောင်ကုန်းပေါ်၌ မရေမတွက်နိုင်သော လူများက ဟန်မူယဲ့အား, အားကျစွာ ကြည့်ကြသည်။

ဓားသိုင်းများကို နားလည်ဆင်ခြင်ခြင်းက ထိုမျှ လွယ်ကူပါသလား။

ထိုအခိုက်တွင် ဟန်မူယဲ့၏ဒန်ထျန်၌ ဓားဆန္ဒအဖြစ် စုစည်းပြီးသော ဓားချီအစ ၁၂၈၀၀၀ မှာ တဖန် ပေါက်ကွဲထွက်လာသည်။

အမြဲတမ်းအားဖြင့် ဟန်မူယဲ့သည် ဓားချီအစ ၁၂၈၀၀၀ အားသန့်စင်ကာ ဓားဆန္ဒအဖြစ် စုစည်းနိုင်ရန် ကြိုးစားခဲ့သည်။

ဓားပျိုးထောင်စနစ်ဖြင့် ဓားချီကို သူ၏ဒန်ထျန်၌ အဆက်မပြတ် သန့်စင်ခြင်း။

ဓားချီသည် ၁၂၈၀၀၀ သော အရေအတွက်သို့ ပြည့်မြောက်သောအခါ သဘာဝအားဖြင့် ဓားဆန္ဒအဖြစ် ပြောင်းလဲရသည်။

ထိုဓားဆန္ဒသည် ဓားသမားများ နှစ်ပေါင်းများစွာ အချိန်ယူ ပျိုးထောင်ရသော ဓားဆန္ဒများထက် သန့်စင်၏။

နောက်တစ်ဆင့်ကား ဓားဆန္ဒ ၃၀၀၀ ကို ဓားမာန်ဟုန်အဖြစ် စုစည်းခြင်း ဖြစ်သည်။

ဟယ်ရွှမ်ချီ၏ဓားသိုင်းကို မမြင်တွေ့ခဲ့ရပါက သူသည် ဓားဆန္ဒ ၃၀၀၀ ကို အမှန်တကယ် စုစည်းရန် ကြိုးစားမိမည် ဖြစ်သည်။

မှားနေသည်။

ဓားဆန္ဒသည် ဓား၏သဘောတရားဖြစ်၏။

ဓားတာအို၊ ဓားလမ်းစဉ်…

ဓားချီ မည်မျှ စုဆောင်းပါစေ သူသည် သေနေသော အရာဝတ္ထုကိုသာ ပိုင်ဆိုင်ရမည်။

လူသန်းပေါင်းများစွာ ရှိလျှင်ပင် သူတို့အတွက် အမှန်တကယ် သက်ဆိုင်သော သဘောတရား မရှိပါ။

ထိုသို့သော ဓားဆန္ဒသည် ဓားမာန်ဟုန်အဆင့်သို့ မရောက်နိုင်ပါ။

ဟန်မူယဲ့၏ခန္ဓာကိုယ်၌ ဓားအလင်းများ အဆက်မပြတ် ပေါက်ကွဲလာကာ ဓားချီများ ရစ်ပတ်ကြ၏။

All Chapters