← Chapters

အဆင့်(၁) နေရာသို့ ရောက်ရှိခြင်း

Vol. 72 Ch. 993

အဆင့်(၁) နေရာသို့ ရောက်ရှိခြင်း

Vol. 72 Ch. 993

ဤတစ်ကြိမ်တွင်ကား မိုဝူကျိသည် ဤအဆင့် ၃ ထောင်ချောက်အစီအရင်ကို ချိုးဖောက်ရန် အချိန်တိုလေးသာ ပေးလိုက်ရသည်။

ဤအစီအရင်မှ ထွက်လာသည့်အခါတွင် မိုဝူကျိက ကျောက်ပေါင်းကူး တံတားတစ်ခုကို တွေ့လိုက်ရသည်။ တံတား၏ ဘေးတွင် ကျောက်စာတိုင် တစ်တိုင် ရှိနေသည်။ ကျောက်စာတိုင်ပေါ်တွင် သူ့နာမည်ကို ရေးထိုးရန် ညွှန်ကြားထား၏။

ကျောက်စာတိုင်ပေါ်တွင် နယ်လှည့်ကျင့်ကြံသူ၂၇၀၅ ဟု ရေးထွင်းပြီးသည့်နောက် မိုဝူကျိက ခြေလှမ်းအနည်းငယ်ဖြင့် ကျောက်ပေါင်းကူး တံတားကို ဖြတ်ကျော်လိုက်သည်။ မိုဝူကျိ ခန့်မှန်းထားသည့်အတိုင်း ဖြစ်နေသည်။ ကျယ်ပြောလှသော လယ်ကွင်းပြင်ကြီးတစ်ခုက သူ့ရှေ့တွင် ပေါ်လာလေသည်။

သိသာစွာပင် သူသည် ပထမမြောက် စစ်ဆေးမှုကို အလွယ်တကူ အောင်မြင်သွားပြီဖြစ်ကာ နှင်းစက်စိမ်းဆန် စိုက်ပျိုးခြင်းဖြစ်သည့် ဒုတိယမြောက် စစ်ဆေးမှုသို့ ရောက်ရှိလာပြီ ဖြစ်သည်။

မိုဝူကျိတွင် ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန် မျိုးစေ့များ ရှိသည်။ ထိုမျိုးစေ့တို့နှင့် ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန် ပမာဏအများကြီးကို စိုက်ပျိုးနိုင်မည်ဟု သူ ယုံကြည်သည်။

သို့သော် မိုဝူကျိက အရွက်ငါးလွှာမြက် ကိုင်းကူးစိုက်ပျိုးခြင်းနည်းလမ်းကို သုံးရန် မရည်ရွယ်ထားသလို နေရာပြောင်း စိုက်ပျိုးခြင်းနည်းလမ်းကို သုံးရန်လည်း မရည်ရွယ်ထားပေ။ သူက သူ့ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန် မျိုးစေ့များကိုပင် သုံးရန် မရည်ရွယ်ထားပေ။

သူက အဆင့်မြင့် နှင်းစက်စိမ်းဆန် မျိုးစေ့များကို ထုတ်ယူလိုက်သည်။ သူ့အဆင့်မြင့် နှင်းစက်စိမ်းဆန် မျိုးစေ့များ၏ အရည်အသွေးမှာ သေချာပေါက် ကောင်းမွန်လေသည်။ အကယ်၍ အဆင့်မြင့် နှင်းစက်စိမ်းဆန်ကို မစိုက်နိုင်လျှင်တောင်မှ အနည်းဆုံးတော့ အလယ်အလတ်အဆင့် နှင်းစက်စိမ်းဆန်ကို စိုက်နိုင်လိမ့်မည်ဟု သူ ယုံကြည်၏။ အကြောင်းမှာ သူ၏ အဆင့်မြင့် နှင်းစက်စိမ်းဆန်မျိုးစေ့များမှာ ရွှေရောင်အစင်းများနှင့် ပြည့်နေသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အဆင့်မြင့် နှင်းစက်စိမ်းဆန်များအနက် အကောင်းဆုံးဖြစ်သည်မှာ မလွဲဧကန် ဖြစ်၏။

သူသာ အလယ်အလတ်အဆင့် နှင်းစက်စိမ်းဆန်ကို စိုက်ပျိုးနိုင်သရွေ့ ဤစစ်ဆေးမှုကို အောင်မြင်နိုင်ပေလိမ့်မည်။

လယ်ကွင်းအား မြန်မြန် စနစ်တကျဖြစ်အောင် စီစဉ်လိုက်ပြီးနောက် မိုဝူကျိက အဆင့်မြင့် နှင်းစက်စိမ်းဆန်ကို စိုက်လိုက်သည်။ ထို့နောက် သူက နှစ်သန်းတစ်ထောင် အင်မော်တယ်သစ်သား အဆီအနှစ်ကို ထုတ်ယူလိုက်ကာ မျိုးစေ့များကို စတင် ရေလောင်းလိုက်သည်။

ဤစစ်ဆေးဆုံးဖြတ်မှုအား စောင့်ကြည့်နေသည်ဟု မိုဝူကျိက သေချာသိသည်။ သူက သူ၏ နှင်းစက်စိမ်းဆန်အတွင်းမှ ဓာတ်ငါးပါးကို အာရုံခံနိုင်စွမ်းထက် သူ၏ နှစ်သန်းတစ်ထောင် သစ်သားအဆီအနှစ်ကိုသာ ဖော်ထုတ်ပြလိုသည်။

နှစ်သန်းတစ်ထောင် အဆီအနှစ်ဖြစ်စေ အဆင့်မြင့် နှင်းစက်စိမ်းဆန်ဖြစ်စေ နှစ်မျိုးစလုံးမှာ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်အတွက် တန်ဖိုးမဖြတ်နိုင်သည့် ရတနာများဟု သတ်မှတ်နိုင်မည် မဟုတ်ပေ။ တစ်ဖက်တွင်မူ ဓာတ်ငါးပါးကို ထိန်းချုပ်နိုင်သည့် သူ့အစွမ်းမှာ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်၏ သင်ကြားမှုများ၏ ဓာတ်ခွဲစစ်ဆေးရန် နမူနာတစ်ခုအဖြစ် သူအား ဖြစ်သွားစေလိမ့်မည်။ သူ့ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန်ကို ဖော်ထုတ်ပြရန်အတွက်မူကား မိုဝူကျိက ပို၍ပင် ဆန္ဒမရှိပေ။

အမှန်တကယ်တွင် ရှီလင်ယုအတွက် ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန် ချန်ရစ်ထားပေးခဲ့မိသည်မှာ အမှားတစ်ခုဖြစ်၏။ ကံကောင်းသည်မှာ ရှီလင်ယု၏ အကျင့်စရိုက်မှာ မဆိုးပေ။ ယခုမူ သူတို့နှစ်ယောက်သည် မိတ်ဆွေသူငယ်ချင်းများ ဖြစ်သွားကြလေပြီ။ ထို့ကြောင့် ရှီလင်ယုသည် နှင်းစက်စိမ်းဆန် စိုက်ပျိုးနိုင်သည့် သူ့အစွမ်းကို ပေါက်ကြားစေလိမ့်မည် မဟုတ်လောက်ချေ။

နှင်းစက်စိမ်းဆန်ကို စိုက်ပျိုးပြီးသည့်နောက် မိုဝူကျိက အဆောင်တာအိုကို စတင် လေ့လာလိုက်သည်။

သူ၏ ဆေးလုံးတာအို၊ လက်နက်တန်ဆာ တာအို၊ အစီအရင်တာအိုတို့နှင့် နှိုင်းယှဉ်ပါက သူ၏ အဆောင်တာအိုမှာ အင်မတန် အားနည်းနေသည်။ ယခုအချိန်တွင် သူသည် အဆင့် ၂ နတ်ဘုရား အဆောင်ကိုသာ ဖန်တီးပြုလုပ်နိုင်သေးသည်။

သဘောတရားအရ အဆင့် ၂ နတ်ဘုရားအဆောင်ကို ဖန်တီးပြုလုပ်နိုင်ခြင်းသည် သူ့အား အပယ်ချခံရခြင်းမှ ကာကွယ်ရန် လုံလောက်ရမည် ဖြစ်သည်။ သို့သော် မိုဝူကျိသည် အူလှိုက်သည်းလှိုက်ကို သေမျိုးနယ်မြေသို့ သွားချင်မိသည်ဖြစ်ရာ နည်းနည်းလေး ပိုစိတ်ချရအောင် လုပ်သည်က ပိုကောင်းပေလိမ့်မည်။

…………………….

နယ်လှည့်ကျင့်ကြံသူ နှစ်ဦးချင်း ယှဉ်ပြိုင်ပွဲမှာ ပြီးဆုံးသွားပြီဖြစ်သော်လည်း ရင်ပြင်တွင် လူများနှင့်ပြည့်နေဆဲ ဖြစ်သည်။

ရင်ပြင်၏ အလယ်တည့်တည့်၌ ကြီးမားသော အစီအရင်ပိတ်ကားချပ်ကြီး တစ်ခုရှိုသည်။ လူများစွာက သူတို့၏ တပည့်များ စစ်ဆေးဆုံးဖြတ်မှုတွင် မည်သို့ စွမ်းဆောင်ကြမည်ကို ကြည့်ရှုရန် ဤနေရာတွင် ရောက်နေကြ၏။

“ထွက်လာပြီ… နာမည်တစ်ခု ထွက်လာပြီဟေ့”

ပျော်ရွှင်အံ့အားသင့်သွားသော အော်သံတစ်ခုက လူအုပ်အတွင်း ထွက်ပေါ်လာသည်။ အမှန်ပင်… ပိတ်ကားချပ်ပေါ်တွင် နာမည်တစ်ခု ထွက်ပေါ်လာလေပြီ။

နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်စစ်ဆေးဆုံးဖြတ်မှု အဆင့်(၁)နေရာ - လော့ရှန်းကျောင်း (အမှတ် ၉၆.၁၀)

“ငါမှန်းထားတာ မှန်တယ်။ အစီအရင် တာအိုစစ်ဆေးမှုမှာ အဆင့်(၁)နေရာ ရသွားတာက အစစ်အမှန် နတ်ဘုရားလမ်းစဉ်ရဲ့ ပါရမီရှင် နတ်မိမယ်လေး လော့ရှန်းကျောင်းပဲ။ သူမ အချိန် ဘယ်လောက်ပဲ ယူလိုက်ရတာလဲ ကြည့်ကြည့်ဦး။ သူမက အစီအရင် တာအိုစစ်ဆေးမှုကို အဲ့လောက်အချိန်တိုလေးအတွင်းမှာ အောင်မြင်သွားနိုင်လိုက်တာပဲ”

“မှန်းနေစရာ လိုသေးလို့လားကွာ။ လော့ရှန်းကျောင်းက အဆင့် ၄ နတ်ဘုရား အစီအရင်ဆရာပဲဟာ။ ဒီလိုစစ်ဆေးမှုမှာ သူမက အဆင့်(၁)နေရာ မရယူနိုင်ရင်သာ ထူးဆန်းနေဦးမှာ”

“ဟုတ်ပ… တကယ်လို့ လော့ရှန်းကျောင်းသာ ကျင့်ကြံရေးကို အာရုံစိုက်ဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် သူမက သူမရဲ့အစ်မဖြစ်သူ လော့ရှန်းယန်ထက် ပိုပြီးအားနည်းနေမှာ မဟုတ်တာ သေချာတယ်”

“ဒါဆို အဆင့်(၂)နေရာကို ဘယ်သူရမယ်လို့ မင်းထင်လဲ။ ငါကတော့ ကြယ်ဖုံးတောင်ရဲ့ကျီဖေးယန် ဖြစ်လိမ့်မယ် ထင်တာပဲ။ သူက သိပ်မကြာသေးခင်ကတင် အဆင့် ၄ နတ်ဘုရားအစီအရင် ဆရာအဆင့်ကို ရောက်သွားပြီလို့ ငါ ကြားထားတယ်”

“လျှောက်ပြောနေတယ်။ အဲ့ဒါက အသိသာကြီး…”

ချက်ချင်းပင် ဤကျင့်ကြံသူက ရုတ်တရက် ပြောလက်စကို ရပ်ပစ်လိုက်သည်။ သူက အံ့အားသင့်စွာ အော်လိုက်သည်။

“ နယ်လှည့်ကျင့်ကြံသူ၂၇၀၅ ဆိုတာ ဘယ်သူလဲ။ ဒီလူ့ကို ဘယ်လိုလုပ် တစ်ခါမှ မကြားဖူးရတာလဲ”

ဤအခိုက်အတန့်၌ ပိတ်ကားပြင်ပေါ်တွင် နောက်ထပ်နာမည်တစ်ခု ထွက်ပေါ်လာလေသည်။

နိဗ္ဗာန်အသိပညာရပ် ကျောင်းတော် စစ်ဆေးဆုံးဖြတ်မှု အဆင့်(၂)နေရာ - နယ်လှည့်ကျင့်ကြံသူ၂၇၀၅ (အမှတ် - ၉၅.၅၀)

“နယ်လှည့်ကျင့်ကြံသူ၂၇၀၅ က ဘယ်သူလဲ”

ဤအချိန်တွင် ထိုမေးခွန်းကို မေးနေသည်မှာ တစ်ယောက်တစ်လေမျှသာ မဟုတ်ချေ။ လူတိုင်းနီးပါးက လေလွင့်ကျင့်ကြံသူ၂၇၀၅ အကြောင်းကို မေးနေကြသည်။ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော် စစ်ဆေးဆုံးဖြတ်မှု၏ ဝင်ခွင့်အဆင့်နေရာမှာ နတ်ဘုရားကုန်းမြေ တစ်ခုလုံး၏ အာရုံစိုက်မှုကို ခံနေရသည်။ နယ်လှည့်ကျင့်ကြံသူတစ်ချို့ စစ်ဆေးဆုံးဖြတ်မှုကို တစ်ခါတစ်လေ အောင်မြင်သွားသည့် အဖြစ်မှာ မထူးဆန်းချေ။ သို့သော် နယ်လှည့်ကျင့်ကြံသူ တစ်ယောက်က အဆင့်(၂)နေရာကို ရနိုင်သည့်ကိစ္စမှာမူ အင်မတန် ထူးဆန်းနေလေသည်။

“သူဘယ်သူလဲ ကျုပ်သိတယ်”

အသံတစ်သံက ရုတ်တရက် အော်ပြောလိုက်၏။

ဤလူက ထိုသို့ ပြောလိုက်သောအခါ လူအုပ်ကြီးတစ်ခုလုံးက သူ့ပတ်လည်ဝိုင်းလာကြကာ သူ့အား စိုက်ကြည့်လိုက်ကြသည်။

“သူက နယ်လှည့်ကျင့်ကြံသူ တစ်ယောက်ပဲ။ နှစ်ဦးချင်း ယှဉ်ပြိုင် တိုက်ခိုက်ပွဲကနေ စစ်ဆေးဆုံးဖြတ်မှုအတွက် နေရာဝင်ခွင့်ကို သူ ရခဲ့တာ။ ပြီးတော့ အဲ့လိုရလာတာကလည်း တိုက်ခိုက်ပွဲ ၃၁ ပွဲလုံးကို ဆက်တိုက် အနိုင်ရရှိပြီးတော့ ရသွားတာ။ ဒီလူက အထင်ကြီးစရာကောင်းပေမဲ့ သူ့မှာ လျို့ဝှက်ပညာရပ် တစ်ခုပဲ ရှိတယ်။ အဲ့ဒါကတော့ မီးအင်အားသုံး လက်သီးချက် တစ်ကွက်တည်းပဲ …..  တကယ်လို့ သူ့မီးလက်သီးကိုသာ ခုခံနိုင်မယ်ဆိုရင် သူ့ကို နိုင်ရင် နိုင်လောက်တယ်…”

နယ်လှည့်ကျင့်ကြံသူ တစ်ယောက်တဲ့လား… နယ်လှည့်ကျင့်ကြံသူတစ်ယောက်က နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ စစ်ဆေးဆုံးဖြတ်မှုမှာ အဆင့်(၂) နေရာ တကယ် ရရှိသွားသည်တဲ့လား…

ဤသတင်းကို ကြားပြီးသည့်နောက် ဂိုဏ်းအင်အားစုများစွာတို့၏ မျက်လုံးများက အရောင် တောက်လာကြလေသည်။ နယ်လှည့်ကျင့်ကြံသူ တစ်ယောက်သည် ထိန်းချုပ်ရ လွယ်ကူ၏။ အကယ်၍ သူတို့သာ ဤကျင့်ကြံသူကို စစ်ဆေးဆုံးဖြတ်မှုပြီးပြီးချင်း ဆက်သွယ်နိုင်ပါက ဤလူကို သူတို့ဂိုဏ်းထဲ ဝင်ရန် ဖိတ်ခေါ်ယူနိုင်ပေလိမ့်မည်။

ဒါပေါ့… ဤနယ်လှည့်ကျင့်ကြံသူက စစ်ဆေးဆုံးဖြတ်မှုကို အောင်မြင်သွားလျှင် ဖိတ်ခေါ်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။

လူအုပ်အနက် အရပ်ရှည်ရှည် မျက်လုံးကျဉ်းကျဉ်းနှင့် လူတစ်ယောက်က နယ်လှည့်ကျင့်ကြံသူ၂၇၀၅ ဟူသည့်နာမည်ကို မြင်သောအခါ ရက်စက်ယုတ်မာတော့မည့် အမူအယာကို ဖော်ပြလိုက်၏။

ဤလူမှာ နယ်လှည့်ကျင့်ကြံသူ အစည်းအရုံး၏ နတ်ဘုရားဘုရင် လော့ယွီပင်တည်း။

သူ့ကို တခြားတစ်နေရာသို့ ပို့လိုက်သည်မှာ မှန်သော်လည်း ဤသည်က နိဗ္ဗာန်တာအိုမြို့ထဲတွင် သူ နေ၍မရဟု မဆိုလိုပေ။ ဤသည်မှာ အချင်းချင်း နားလည်ပြီးသား ကိစ္စတစ်ရပ်ဖြစ်၏။ ဤနေရာတွင် သူရှိနေရသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ မိုဝူကျိကို သတ်ရန် ဖြစ်သည်။

သူစုဆောင်းထားသည်များနှင့် နယ်လှည့်ကျင့်ကြံသူ ရွေးချယ်ပွဲအား ထောက်ပံ့မှုမှ ရသော လစာတို့ဖြင့် သူသည် နတ်ဘုရားဘုရင်အဆင့် ၄ သို့ တက်လှမ်းနိုင်ပြီး အလယ်အလတ်အဆင့် နတ်ဘုရားဘုရင် ပညာရှင်တစ်ဦး ဖြစ်လာမည်ဟု သူ သေချာသည်။ သို့သော် ဤအရာအားလုံးမှာ ဤဘာမဟုတ်သည့် ကနဦးနတ်ဘုရား တစ်ယောက်ကြောင့် ပျက်စီးသွားရသည်။ သူ၏လစာကောင်းကောင်း အလုပ်ကို ဆုံးရှုံးလိုက်ရရုံသာမက သူများ၏ အထင်သေးကဲ့ရဲ့ရှုံ့ချခြင်းကိုလည်း ခံလိုက်ရ၏။

သူ့အတွက်မူ မိုဝူကျိတစ်ယောက် ဆိုးဆိုးရွားရွား ရလဒ်များ ရရှိပါက အကောင်းဆုံးပင် ဖြစ်သည်။ သူက မိုဝူကျိ အပယ်ခံရမည့်အဖြစ်ကို စောင့်နေခြင်း ဖြစ်သည်။ ထို့နောက်တွင် မိုဝူကျိအား ဖြည်းဖြည်းချင်း ကိစ္စရှင်းမည် ဖြစ်သည်။ ဤငတိက ပထမမြောက် စစ်ဆေးမှုတွင် အဆင့်(၂)နေရာ ရလိမ့်မည်ဟု သူ မထင်ထားမိပေ။ ထို့အပြင် သူ့အမှတ်မှာ အဆင့်(၁)နေရာထက် (ဝ.၆)မှတ်သာ နည်းနေလေသည်။

အကယ်၍ မိုဝူကျိသာ အဆင့် ၃ ပုံရိပ်ယောင် အစီအရင်အပေါ် အသိဉာဏ်ပွင့်မှုများ ရရှိရန် အချိန်သုံးဖို့ မရွေးချယ်ခဲ့ပါက မိုဝူကျိက အမှတ်ပြည့်ပင် ရနိုင်လောက်သည့်အဖြစ်ကို သူ မသိပေ။

…………………

မိုဝူကျိသည် လယ်ကွင်း၏ ဘေးတွင် အဆောင်အမျိုးမျိုးကို အဆက်မပြတ် ဖန်တီးပြုလုပ်လိုက်သည်။ တစ်ခါတစ်ရံ၌ နှင်းစက်စိမ်းဆန်ကို စစ်ဆေးရန် လယ်ကွင်းထဲသို့ သွားသည်။

ဓာတ်ငါးပါး အစီအရင်ပြား၏ အကူအညီမပါသည်ကိုပင် သူ့နှင်းစက်စိမ်းဆန်၏ ကြီးထွားမှုမှာ ကောင်းနေလေ၏။ အကြောင်းမှာ သူ့မျိုးစေ့များသည် အဆင့်မြင့် နှင်းစက်စိမ်းဆန်၏ အမြင့်ဆုံးအရည်အသွေးမှ လာသောကြောင့် ဖြစ်သည်။ ထို့အပြင် သူက သူတို့ကို ရေလောင်းရန် နှစ်သန်းပေါင်းတစ်ထောင် သစ်သားအဆီအနှစ်ကို သုံးနေလေသည်။ သို့ဖြစ်ရာ နှင်းစက်စိမ်းဆန်၏ ရိုးတံတစ်ခုချင်းစီမှာ နူးညံ့ကာ သန်စွမ်းနေလေသည်။

သုံးလကြာပြီးနောက် မိုဝူကျိက သူ၏ ပထမဆုံး အဆင့် ၃ နတ်ဘုရားအဆောင်ကို လုပ်နိုင်သွားသည်။ သာမန် ရိုးရိုးရှင်းရှင်းလေးသာဖြစ်သော အဆင့် ၃ နတ်ဘုရားအဆောင် ဖြစ်သော်လည်း ဤသည်က သူသည် အဆင့် ၃ နတ်ဘုရားအဆောင်ဆရာ ဖြစ်သွားပြီဖြစ်ကြောင်း ပြသနေဆဲ ဖြစ်သည်။

ထို့နောက်ပိုင်း လများတွင် မိုဝူကျိက အဆင့် ၃ နတ်ဘုရားအဆောင်များ ဆက်လက် ပြုလုပ်နေလိုက်သည်။ ၆ လကျော်သွားကာ သူ့အဆင့် ၃ နတ်ဘုရားအဆောင်၏ အရည်အသွေးမှာလည်း ပိုမို ကောင်းမွန်လာလေပြီ။ သို့သော် အဆင့် ၄ နတ်ဘုရားအဆောင်ဆရာ ဖြစ်လာရန် အများကြီး လိုနေသေးကြောင်း သူ သိသည်။ ဤသည်မှာ ကုန်ကြမ်းပစ္စည်း လစ်လပ်မှုတစ်ခုတည်းကြောင့် မဟုတ်ပေ။

ယခုအချိန်အထိ သူ အဆင့် ၃ နတ်ဘုရားအဆောင် ဖြစ်လာနိုင်သည့် အဓိကအကြောင်းအရင်းမှာ သူ့ ပညာရှိတာအိုအဆောင်ကြောင့် ဖြစ်သည်။

သို့သော် သူက အင်မော်တယ် မော်တယ်ကျင့်စဉ်ကို ကျင့်ကြံသည်။ အကယ်၍ သူသာ အဆင့် ၄ နတ်ဘုရား အဆောင်ဆရာအဆင့်သို့ တက်လှမ်းချင်ပါက ပညာရှိတာအိုအဆောင်မှ သူ့ဘာသာသူ သပ်သပ် ခွဲထွက်ကာ သူ့ကိုယ်ပိုင်နည်းလမ်းဖြင့် တစ်ခုခု ဖန်တီးပြုလုပ်ဖို့ လိုပေလိမ့်မည်။

အကယ်၍ ပညာရှိ တာအိုအဆောင်အတိုင်း နည်လမ်းများကို သူ ဆက်လက် လိုက်နာနေပါက သူ့အတွက် အဆင့် ၄ နတ်ဘုရားအဆောင်ဆရာ ဖြစ်လာရန် ခက်ခဲပေလိမ့်မည်။ သူ မည်မျှပင် အချိန်ပေးပါစေ ထူးခြားလာမည် မဟုတ်ပေ။ အကြောင်းရင်းအကုန်လုံးမှာ သူက အင်မော်တယ် မော်တယ်ကျင့်စဉ်ကို ကျင့်ကြံသောကြောင့် ဖြစ်နေ၏။

သူ၏ ကျင့်စဉ် ဖြစ်စေ၊ သူ၏တာအို ဖြစ်စေ အဆုံးတွင်တော့ သူ့ကိုယ်ပိုင်တာအို အသိဉာဏ်ပွင့်မှုများကို သူ ရှာဖွေရဦးမည် ဖြစ်သည်။ ဤသည်မှာ တာအိုရှာဖွေမှု၏ ခက်ခဲကြမ်းတမ်းသော ခရီးစဉ်ပင် ဖြစ်ပေသည်။

၆ လ ကုန်လွန်ခဲ့လေပြီ။ သူ့နှင်းစက်စိမ်းဆန်လည်း ရင့်မှည့်သွားလေပြီ …

အဆောင်များကို သိမ်းလိုက်ကာ မိုဝူကျိက လယ်ကွင်းထဲသို့ လမ်းလျှောက်ဝင်သွားလိုက်၏။ စိမ်းဖန့်ဖန့် ငွေရောင်တစ်သုတ်က သူ့အား ဆီးကြိုနှုတ်ဆက်နေလေသည်။

မိုဝူကျိ မှန်းထားသည့်အတိုင်း ဖြစ်နေသည်။ မူလက သူသည် အလယ်အလတ်အဆင့် နှင်းစက်စိမ်းဆန်ကို စိုက်ဖို့သာ ရည်ရွယ်ထားခဲ့သည်။ ယခုမူ သူ့မှန်းချက်ထက် ကျော်လွန်သွားလေပြီ။ ထို့အပြင် သူ့လယ်ကွင်းထဲတွင် ရွှေရောင်လေးများ တစ်စွန်းတစ်စ တွေ့နေရသည်။ ထိုအရာများမှာ အဆင့်မြင့် နှင်းစက်စိမ်းဆန်များ ဖြစ်သည်။ သို့သော် အရမ်းကို နည်းလေသည်။ တစ်မျှင် နှစ်မျှင်လောက်သာ ရှိသည်။

မိုဝူကျိက အမြန်ဆုံးနှုန်းဖြင့် နှင်းစက်စိမ်းဆန် လယ်ကွင်းကို ရိတ်သိမ်းလိုက်၏။ ထို့နောက် သူက စပါးခွံများကို ချွတ်လိုက်သည်။

ဤသည်မှာ နှင်းစက်စိမ်းဆန်အတွက် စစ်ဆေးဆုံးဖြတ်မှု ဖြစ်၏။ သူက စပါးခွံများကြောင့် အမှတ်လျော့ခံရသည့် အဖြစ်ကို မလိုချင်ပေ။

မိုဝူကျိသည် အလယ်အလတ်အဆင့် နှင်းစက်စိမ်းဆန် ၃၈ ကာတီနှင့် အဆင့်မြင့်နှင်းစက်စိမ်းဆန် ၂ ကာတီ ၃ ကာတီလောက် စိုက်ပျိုးနိုင်လိုက်သည်ဟု ခန့်မှန်းတွက်ချက်လိုက်သည်။

မိုဝူကျိ နှင်းစက်စိမ်းဆန်ကို ရိတ်သိမ်းပြီးသွားသည့်အချိန်တွင် လယ်ကွင်း၏ အလယ်တည့်တည့်တွင် ကူးပြောင်းဝဲဂယက်တစ်ခု ပေါ်လာလေသည်။ မိုဝူကျိက နှင်းစက်စိမ်းဆန် ၄၀ ကာတီကို သပ်သပ်ရပ်ရပ် ထုပ်ပိုးပြင်ဆင်လိုက်ပြီးနောက် ကူးပြောင်းဝဲဂယက်ထဲသို့ ထည့်ပေးလိုက်သည်။

တစ်မိနစ်ပင် မရှိသေးခင် လယ်ကွင်း၏ အဆုံးနားတွင် ဝဲဂယက်အစီအရင် တံခါးတစ်ချပ် ပေါ်လာလေသည်။ ဝဲဂယက်တံခါး၏ ဘေးဘက်တွင် အဖြူရောင်ကျောက်စိမ်းဖြင့် လုပ်ထားသော ကျောက်စာတိုင်တစ်ခုလည်း ရှိလေသည်။

မိုဝူကျိက သက်ပြင်းတစ်ချက် ချလိုက်ကာ မတ်တပ်ရပ်လိုက်ပြီး ကျောက်စာတိုင်ပေါ်တွင် လေလွင့်ကျင့်ကြံသူ၂၇၀၅ ဟု ရေးထွင်းလိုက်သည်။ ထိုသို့လုပ်ပြီးနောက် သူက ဝဲဂယက်တံခါးထဲသို့ ဝင်သွားလိုက်သည်။ သူ့အား အပြင်ဘက်သို့ မပို့ပေ။ ဆိုလိုသည်မှာ ဤစစ်ဆေးဆုံးဖြတ်မှုကို သူ အောင်သွားလေပြီ။

ဤတစ်ကြိမ်၌ ကျောက်တုံးတဲငယ်လေး တစ်ခုက မိုဝူကျိ ရှေ့မှောက် ပေါ်လာလေသည်။ ကျောက်တုံးတဲအတွင်း၌ အနက်ရောင် သတ္ထုရိုင်းတစ်တုံးနှင့် အဆင့်နိမ့် မီးကျောက်တုံးတစ်တုံးသာ ရှိလေသည်။ သတ္ထုရိုင်းတုံးမှာ သာမန်တွေ့နေကျ အဆင့် ၂ နတ်ဘုရားပစ္စည်းဖြစ်သည့် ဥက္ကာပျံသံနက် ဖြစ်လေသည်။

အဆင့် ၂ နတ်ပစ္စည်းကို သုံး၍ အဆင့်နိမ့် နတ်လက်နက်တန်ဆာကို ပြုလုပ်ရသည်မှာ မဆိုးဘူးဟု ဆိုရမည်။ မိုဝူကျိက အလယ်အလတ်အဆင့် နတ်လက်နက်တန်ဆာကို မပြုလုပ်နိုင်သေးသော်လည်း ဥက္ကာပျံသံနက်နှင့်ကား ရင်းနှီးနေပြီးသားဖြစ်၏။

သမ္ဘာရင့်နေပြီးသား လက်တို့ဖြင့် သူက မီးကျောက်တုံးကို မီးမွှေးလိုက်ကာ မီးထဲသို့ ဥက္ကာပျံသံနက်ကို ပစ်ထည့်လိုက်သည်။ ဤသည်မှာ အဆင့်နိမ့် နတ်မီးတောက်တစ်ခုသာ ဖြစ်သော်လည်း ဥက္ကာပျံသံနက်ကို အရည်ဖျော်ရန်အတွက်ကား လုံလောက်သည်။

မိုဝူကျိက ပုဆိန်လှံရှည်တစ်ချောင်း ပြုလုပ်ဖို့ စဉ်းစားထားသည်။ ပုဆိန်လှံရှည် ပြုလုပ်ခြင်းက သူ အကျွမ်းကျင်ဆုံး ဖြစ်သည်။

မိုဝူကျိက သူ၏လက်နက်တန်ဆာကို ပြုလုပ်နေစဉ်တွင် သူ့နာမည်မှာ နိဗာနတာအိုမြို့၏ ရင်ပြင်ထဲတွင် လက်တလော လူကြိုက်များနေသော သတင်းခေါင်းစည်း ဖြစ်လာလေသည်။

သူက အလယ်အလတ်အဆင့်နှင့် အနည်းငယ်သော အဆင့်မြင့် နှင်းစက်စိမ်းဆန်ကိုသာ စိုက်ပျိုးခဲ့သော်လည်း သူ့နာမည်မှာ အဆင့်(၁)နေရာသို့ တက်သွားသေးဆဲ ဖြစ်၏။ သူက စုစုပေါင်းရမှတ်(၁၆၇.၅) ဖြင့် မူလက အဆင့်(၁)နေရာတွင်ရှိနေသည့် လော့ရှန်းကျောင်းကို ကျော်တက်သွားလေသည်။

***

All Chapters