← Chapters

မျက်စိရှေ့မှာတင် ရှိနေခဲ့ဖူးသော အခွင့်အရေး တစ်ခု

Vol. 72 Ch. 994

မျက်စိရှေ့မှာတင် ရှိနေခဲ့ဖူးသော အခွင့်အရေး တစ်ခု

Vol. 72 Ch. 994

မိုဝူကျိ၏ နတ်လက်နက်တန်ဆာမှာ ကြည့်ရဆိုးသော်လည်း အဆင့်နိမ့် နတ်လက်နက်တန်ဆာ အစစ် ဖြစ်သည်။ မိုဝူကျိသည် ယခင်တုန်းက ပုဆိန်လှံရှည်များစွာ ပြုလုပ်ဖူးသည်ဖြစ်ရာ ဤပုဆိန်လှံရှည်၏ ပုံစံမှာ အဆိုးကြီး မဟုတ်ပေ။ သူ့အရည်အသွေးမှာလည်း မဆိုးလှပေ။

အဆင့်နိမ့် နတ်လက်နက် တန်ဆာတစ်ခု ပြုလုပ်ခြင်းသည် အလွန်အံ့အားသင့်စရာ ကိစ္စမဟုတ်သော်လည်း သူ သေချာပေါက် အပယ်မခံရဘူးဟု မိုဝူကျိက ယုံကြည်၏။ ပြောရမည်ဆိုလျှင် လက်နက်တန်ဆာတာအိုကို သူလေ့လာနေသည်မှာ နှစ်အတော်ပင် ကြာနေပြီ ဖြစ်သည်။ ကျင့်ကြံဖို့သာ သိသောလူများနှင့် ယှဉ်ပါက သူ၏ ဤအဆင့်နိမ့် နတ်တန်ဆာမှာ စစ်ဆေးဆုံးဖြတ်မှုကို အောင်မြင်ဖို့ သေချာပေါက် လုံလောက်နေလေပြီ။ သူ့အနေနှင့် ထိပ်ဆုံး၌ ရှိနေဖို့ ဂရုစိုက်မနေပေ။ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ထဲသို့ ဝင်နိုင်သရွေ့ သူ အောင်မြင်သွားပြီဟု ဆိုရမည်။

မိုဝူကျိက သူ့မှော်ရတနာ နတ်လက်နက်တန်ဆာကို ကူးပြောင်းဝဲဂယက်ထဲ ထည့်ပေးလိုက်သည့်နောက် သူမှန်းထားသည့်အတိုင်းပင် ဝဲဂယက်အစီအရင် တံခါးပေါက်တစ်ခုက မိုဝူကျိရှေ့မှောက် ပေါ်လာလေသည်။ တစ်ကြိမ်ထပ်၍ မိုဝူကျိသည် သူ့နာမည်ကို ရေးထွင်းလိုက်ပြီးနောက် နောက်ထပ် စစ်ဆေးမှုဆီသို့ ဆက်သွားလိုက်သည်။

ဤစစ်ဆေးဆုံးဖြတ်မှုတွင် ကောင်းကွက် တစ်ခုရှိသည်။ ထိုအရာမှာ တခြားသူများ၏ အမှတ်ကို မသိခြင်းပင်ဖြစ်သည်။ ထိုနည်းဖြင့် အပယ်မခံရသေးပါက မျှော်လင့်ချက် ဆက်လက် ရှိနေဦးမည် ဖြစ်၏။

…………………

စစ်ဆေးမှု ၃ ခုအပြီးတွင် မိုဝူကျိ၏ နာမည်မှာ အဆင့်(၂)နေရာတွင် ရှိနေသည်။

လက်ရှိ အဆင့်(၁)နေရာမှာ ကျီဖေးယန် ဖြစ်သည်။ စစ်ဆေးမှု ၃ ခုအပြီးတွင် မိုဝူကျိ၏ စုစုပေါင်းရမှတ်မှာ (၂၄၂.၅)သာရှိကာ ကျီဖေးယန်၏ စုစုပေါင်းရမှတ်မှာ (၂၄၉) ဖြစ်သည်။

မိုဝူကျိက အဆင့်(၂)နေရာသို့ ကျသွားသော်လည်း မျက်လုံးအများစုက သူ့နာမည်ပေါ်တွင် ရှိနေဆဲ ဖြစ်၏။ ပြောရမည်ဆိုလျှင် ကျီဖေးယန်သည် ကြယ်ဖုံးတောင်၏ ပါရမီရှင်တစ်ယောက် ဖြစ်နေစဉ် မိုဝူကျိက နယ်လှည့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည်။ ကျီဖေးယန် မည်မျှကောင်းကောင်း စွမ်းဆောင်နိုင်သည်က အရေးမပါပေ။ အကြောင်းမှာ တခြားဂိုဏ်းများသည် သူ့ဆီမှ ရနိုင်စရာ ဘာမှမရှိသောကြောင့် ဖြစ်သည်။

“အဲ့ဒီ နယ်လှည့်ကျင့်ကြံသူ ကြည့်ရတာ အားနည်းပုံပဲ။ တတိယမြောက် စစ်ဆေးမှုပြီးသွားတော့ သူ့အဆင့် ကျသွားတယ်။ စတုတ္ထမြောက် စစ်ဆေးမှု ပြီးသွားတဲ့အချိန်လောက်ဆို ထိပ်ဆုံး ၁၀ ယောက်အောက်ကိုတောင် ကျရင် ကျသွားလောက်တယ်”

“ဒါကို အားနည်းတယ်လို့ ခေါ်တယ်လား။ အဲ့ဒီ နယ်လှည့်ကျင့်ကြံသူကို ကျီဖေးယန်နဲ့ သွားနှိုင်းလို့ ရမလားကွ။ အဲ့ ၂၇၀၅ က ကျီဖေးယန်ကို ပထမမြောက် စစ်ဆေးမှုမှာ နိုင်ခဲ့တယ်။ ဒုတိယမြောက်စစ်ဆေးမှုမှာ အဆင့်(၁)နေရာ ရခဲ့တယ်။ သူ့ကို ထိပ်တန်း ပါရမီရှင်လို့တောင် ပြောလို့ရနေပြီလေ။ ဒီလေလွင့်ကျင့်ကြံသူက အပယ်မခံရသရွေ့ သေချာပေါက် နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ထဲ ဝင်နိုင်မှာကွ”

“ခစ်ခစ်… ဒါပေမဲ့ စတုတ္ထမြောက် စစ်ဆေးမှုက ဆေးလုံးတာအိုလေရှင့်။ ဆေးလုံးတာအိုမှာတော်တဲ့ နယ်လှည့်ကျင့်ကြံသူဆိုပြီး ရှင် ကြားဖူးသလား ပြောကြည့်ပါဦး။ နယ်လှည့်ကျင့်ကြံသူ ဘယ်နှယောက်လောက်ကများ ဆေးလုံးတာအိုကို လေ့လာသင်ယူနိုင်စွမ်း ရှိမယ်ထင်လို့လဲ”

“ဘာလို့ မဖြစ်နိုင်ရမှာလဲ။ နတ်ဆေးလုံးဘုရင် ဝတ်ရုံစိမ်းက နယ်လှည့်ကျင့်ကြံသူ တစ်ယောက်ပဲလေ။ သူက နတ်ဘုရားဘုရင် ဖြစ်ရုံတင် မကဘူး နတ်ဆေးလုံးဘုရင်လည်း ဖြစ်နေသေးတယ်မလား”

“နတ်ဆေးလုံးဘုရင်ကို ဥပမာပေးပြီး ပြောလို့ ဘယ်လိုလုပ်ရမှာလဲလို့။ နတ်ဘုရားကုန်းမြေတစ်ခုလုံးမှာ နတ်ဆေးလုံးဘုရင် တစ်ယောက်ပဲ ရှိတယ်။ ပြီးတော့ နတ်ဆေးလုံးဘုရင် စတင် ကျော်ကြားလာတဲ့အချိန်မှာ သူက ကနဦးနတ်ဘုရားအဆင့်ပဲ ရှိနေသေးတာ မဟုတ်ဘူးရယ်”

………………………

ဤကျင့်ကြံသူများ၏ အခြေအမြစ် မရှိသောဆွေးနွေးချက်များနှင့် ယှဉ်လျှင် ဂိုဏ်းကြီးများက နယ်လှည့်ကျင့်ကြံသူ ၂၇၀၅ အပေါ် ပို၍ အာရုံစိုက်နေကြသည်။ အားလုံးက စစ်ဆေးဆုံးဖြတ်မှု၏ ထိပ်ဆုံး ၁၀ ယောက်ထဲ ဝင်သည်မှာ မည်သည်ကို ဆိုလိုနေမှန်း သေသေချာချာ ရှင်းရှင်းလင်းလင်း သိကြလေသည်။ သူရရှိမည့် အရင်းအမြစ်များမှာ ဂိုဏ်းတိုင်းက လိုချင်နေကြသောအရာများ ဖြစ်လေ၏။

လူတိုင်းက နယ်လှည့်ကျင့်ကြံသူ၂၇၀၅ အပေါ် သူဘယ်ကနေလာသလဲ၊ သူ့နောက်ခံကဘာလဲ စသည်ဖြင့် စုံစမ်းမှုများ လုပ်နေကြ၏။ သူတို့အားလုံးက နယ်လှည့်ကျင့်ကြံသူ၂၇၀၅၏ မိတ်ဆွေသူငယ်ချင်း တစ်ယောက်ယောက်နှင့် သိကျွမ်းပတ်သက်နိုင်ဖို့ မျှော်လင့်နေကြသည်။

မိုးကောင်းကင် နတ်ဘုရားဂိုဏ်းသည်လည်း မိုဝူကျိအား စေ့စေ့စပ်စပ် စောင့်ကြည့်နေသည့် ဂိုဏ်းများထဲမှတစ်ခု ဖြစ်သည်။ တတိယမြောက် စစ်ဆေးမှုပြီးနောက် မိုဝူကျိက အဆင့်(၂)နေရာတွင် ရှိနေဆဲအချိန်တွင်ကား မိုးကောင်းကင်နတ်ဘုရားဂိုဏ်း၏ လက်ဝဲ မိုးကောင်းကင်တောင်သခင် လောင်ယုမှာ ဆက်လက် ထိန်းမထားနိုင်တော့ချေ။ သူက ချီခွန်းအား ကြည့်ကာ မေးလိုက်သည်။

“ချီခွန်း… နယ်လှည့်ကျင့်ကြံသူ၂၇၀၅ က မိုဝူကျိလား”

ချီခွန်းကလည်း နယ်လှည့်ကျင့်ကြံသူ၂၇၀၅ မှာ မိုဝူကျိ ဖြစ်မည်ဟု ထင်နေမိသော်လည်း ထိုအရာအား အတည်မပြုရဲပေ။ ယခုမူ လက်ဝဲ မိုးကောင်းကင် တောင်သခင် လောင်ယုက မေးလာသောအခါ၌ သူ ပြောပြနိုင်သည်မှာ

“ကျွန်တော်လည်း သိပ်မသေချာသေးဘူး။ ဒါပေမဲ့ အဲ့ဒီမိုဝူကျိက သာမန် မဟုတ်တာကတော့ တကယ်ပါ။ စတုတ္ထမြောက်စစ်ဆေးမှုက ဆေးလုံးတာအိုဆိုတော့ စတုတ္ထမြောက် စစ်ဆေးမှုပြီးသွားတဲ့အခါကျ ကျွန်တော်တို့ သေချာသိနိုင်သွားမှာပါ။ တစ်ခုရှိတာက မိုဝူကျိရဲ့ဝိညာဉ်ကြောတွေက ညံ့တယ်။ ပြီးတော့ သူ့တိုက်ခိုက်ရေး အစွမ်းကလည်း သိပ်မကောင်းဘူး။ ဒါပေမဲ့ ကျွန်တော် ကြားထားတာကတော့ အဲ့ဒီနယ်လှည့်ကျင့်ကြံသူ၂၇၀၅က သူ့နေရာလွတ်ကို နှစ်ဦးချင်း တိုက်ပွဲကနေ ရရှိခဲ့တာတဲ့။ ပြီးတော့ သူက တိုက်ပွဲ ၃၁ ပွဲလုံးကိုတောင် ဆက်တိုက် အနိုင်ရခဲ့တာဆိုပဲ။ တကယ်လို့ အဲ့လူက မိုဝူကျိဆိုရင် သူက ၃၁ ပွဲလုံး မနိုင်နိုင်လောက်ဘူးလေ”

လောင်ယုက ခေါင်းငြိမ့်လိုက်၏။ မိုဝူကျိသည် အဆင့် ၄ နတ်ဆေးလုံးဆရာတစ်ယောက် ဖြစ်ကာ စတုတ္ထမြောက် စစ်ဆေးမှုမှာ ဆေးလုံးတာအို စစ်ဆေးမှု ဖြစ်သည်။ စတုတ္ထမြောက် စစ်ဆေးမှု ပြီးသွားသည့်အချိန်တွင် မိုဝူကျိက ထိပ်ဆုံးတွင် ရှိနေသေးသရွေ့ ဤသည်မှာ နယ်လှည့်ကျင့်ကြံသူ၂၇၀၅ မှာ သေချာပေါက် မိုဝူကျိဖြစ်သည်ဟု ဆိုလိုနေပေသည်။

တိုက်ခိုက်ရေး စွမ်းရည်အတွက်မူကား တကယ့်တိုက်ပွဲတစ်ခု မပါဘဲနှင့် မည်သူကများ မိုဝူကျိ၏ တိုက်ခိုက်ရေး အစွမ်းအကြောင်း သေချာသိနိုင်ပါ့မည်နည်း။ အကယ်၍ မိုဝူကျိ၏ နေရာတွင် သူဖြစ်ခဲ့ပါက သူသည်လည်း သူ့အစွမ်းများကို အလွယ်တကူ ထုတ်ဖော်ပြမည် မဟုတ်ချေ။ ဝိညာဉ်ကြောများမှာ လူတစ်ယောက်၏ တိုက်ခိုက်ရေးအစွမ်းအတွက် အရေးအပါဆုံး ကန့်သတ်ချက်ကြီး ဖြစ်သည်မှာ မှန်ပေ၏။ သို့သော် ဤသည်က ပိုမြင့်သော ကျင့်ကြံဆင့်များကို ရောက်မှ ပိုသိသာလေ၏။ ယခုမူ ပါဝင်ယှဉ်ပြိုင်သူအားလုံးမှာ ကနဦးနတ်ဘုရားများသာ ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်ကြော အရည်အသွေးနှင့် တိုက်ခိုက်ရေး အစွမ်းကြားမှ ခြားနားချက်မှာ အင်မတန် သေးငယ်လေသည်။

……………………

စတုတ္ထမြောက် စစ်ဆေးမှုသို့ ဝင်ရောက်ပြီးသည့်နောက် မိုဝူကျိသည် ဆေးလုံးတာအို ဂုဏ်ထူးဆောင် မျှော်စင်သို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ အိမ်တစ်လုံးနှင့်အတူ အမျိုးမျိုးသော ဆေးလုံးအမည်များနှင့် ပြည့်နေသော အဖြူရောင် ကျောက်စိမ်းနံရံကြီး တစ်ခု ရှိနေသည်။ ထိုဆေးလုံးအမည်များအား အဆင့် ၉ အင်မော်တယ် ဆေးလုံးများမှ အဆင့် ၅ နတ်ဆေးလုံးသို့ အစဉ်လိုက် စီတန်းခွဲခြားထားသည်။

မိုဝူကျိအား ဝမ်းသာအံ့သြသွားစေသည်မှာ အကယ်၍ သူ့ဆေးလုံးတာအို ဂုဏ်ထူးဆောင်မျှော်စင်၏ ဂုဏ်ထူးဆောင် တံဆိပ်ပြားအား ထုတ်ပြလိုက်ပါက နတ်ဆေးဖက်ဝင်အပင်များကို အလကား ရယူနိုင်မည့် အချက် ဖြစ်သည်။ တစ်ခုရှိသည်မှာ ယခင်က ထိုဆေးလုံးကို သူ ဖော်စပ်ဖူးပြီးသား ဖြစ်ရမည် ဖြစ်သည်။

မိုဝူကျိသည် တုန့်ဆိုင်းမနေတော့ဘဲ သူ့အဆင့် ၄ နတ်ဆေးလုံးဆရာ ဂုဏ်ထူးဆောင် တံဆိပ်ပြားကို ထုတ်ယူလိုက်ပြီး ကူးပြောင်းအစီအရင်ပြားဘေးရှိ အက်ကြောင်းထဲသို့ ထိုးထည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူက အဆင့် ၄ ရွှမ်အသက်နတ်ဆေးလုံး အမည်ကို တို့ထိလိုက်သည်။

အဆင့် ၄ နတ်ဆေးဖက်ဝင် အပင်များ၏ တန်ကြေးမှာ ဈေးမချိုပေ။ ထို့အပြင် ဤနေရာတွင် ဖော်စပ်မည့် နတ်ဆေးလုံးတိုင်းသည် နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်သို့ ရောက်သွားမည် ဖြစ်သည်။ ယခု နတ်ဆေးဖက်ဝင် အပင်များအား အလကားရနိုင်မည် ဖြစ်ရာ မိုဝူကျိက သူ့ကိုယ်ပိုင်အပင်များအား အဆုံးရှုံးခံတော့မည် မဟုတ်ပေ။

ယခင်က ရွှမ်အသက် နတ်ဆေးလုံးကို သူ ဖော်စပ်ဖူးသည်။ သူ့အရည်အချင်းနှင့် ပြိုင်ဘက်ကင်းအဆင့် ရွှမ်အသက်နတ်ဆေးလုံး ၉ လုံးကို အသာလေး ဖော်စပ်နိုင်လေသည်။ သို့သော် သူ၏ ယခုလက်ရှိ ရလဒ်များမှာ သိပ်မဆိုးလောက်မှန်း မိုဝူကျိက သေချာသည်။ ထို့ကြောင့် သူက အဆင့်မြင့် ရွှမ်အသက်နတ်ဆေးလုံး ၆ လုံးကိုသာ ဖော်စပ်လိုက်သည်။

အဆင့်မြင့် ရွှမ်အသက်နတ်ဆေးလုံး ၆ လုံးကို ကူးပြောင်းပေးပို့လိုက်ပြီးသည့်နောက် မိုဝူကျိက ပဉ္စမမြောက် စစ်ဆေးမှုဆီသို့ ပေါ့ပေါ့ပါးပါးပုံစံဖြင့် လမ်းလျှောက်ဝင်သွားလိုက်၏။

အဆောင်တာအို စစ်ဆေးမှုထဲတွင် မိုဝူကျိက အဆင့် ၃ အသေးစား ဝန်းရံထောင်ချောက် အဆောင်ကို ပြုလုပ်ရန် ရွေးချယ်လိုက်သည်။ ဤသည်မှာ တိုက်ပွဲများတွင် အထောက်အပံ့ ပေးနိုင်သော အဆောင်တစ်ခု ဖြစ်၏။ ယခင် သူ နှင်းစက်စိမ်းဆန် စိုက်ပျိုးနေစဉ်တုန်းက မိုဝူကျိသည် ဤအဆောင်ကို တစ်ကြိမ်မက ပြုလုပ်ဖူးလေသည်။ ပို၍အရေးကြီးသည်မှာ ဤအဆောင်အတွက် လိုအပ်သည့်ပစ္စည်းများ သူဆီမှာ ရှိနေခြင်းဖြစ်သည်။

အဆောင်တာအိုစစ်ဆေးမှုမှာ ဆေးလုံးတာအို စစ်ဆေးမှုအတိုင်း ဖြစ်သည်။ အကယ်၍ သူ့တွင် ဂုဏ်ထူးဆောင် တံဆိပ်ပြားရှိပါက ပစ္စည်းများကို အလကား လဲလှယ်နိုင်မည် ဖြစ်သည်။ သို့သော် မိုဝူကျိက အဆောင်တာအို ဂုဏ်ထူးဆောင်မျှော်စင်သို့ မသွားခဲ့ပေ။ ထို့ကြောင့် သူ့ကိုယ်ပိုင်ပစ္စည်းများကိုသာ ထုတ်သုံးလိုက်ရလေသည်။

………………..

နိဗ္ဗာန်တာအိုမြို့ရင်ပြင်တွင်ကား ယခုအချိန်တွင် ဆွေးနွေးသံတို့ဖြင့် ဆူညံပွက်လောရိုက်နေလေသည်။

“အဆင့်(၁)နေရာ ရသွားပြန်ပြီ။ စတုတ္ထမြောက် စစ်ဆေးမှု ပြီးသွားတော့ နယ်လှည့်ကျင့်ကြံသူ၂၇၀၅ရဲ့အမှတ်က (၃၃၂.၅)တောင် ရှိသွားပြီ”

“အဲ့ကောင်က မိုက်တော့ အမိုက်သားရယ်။ သူက စတုတ္ထမြောက် စစ်ဆေးမှုကနေ (၉၀)မှတ်ရလိုက်တာပဲ။ သူက အဆင့် ၄ နတ်ဆေးလုံးဆရာများ ဖြစ်နေမလား”

“အဲ့လိုဖြစ်နိုင်တယ်။ တကယ်လို့ သူသာ အဆင့် ၄ နတ်ဆေးလုံးဆရာ မဟုတ်ဘူးဆိုရင် စတုတ္ထမြောက် စစ်ဆေးမှုမှာ (၉၀)မှတ် မရနိုင်လောက်ဘူး။ ကျီဖေးယန်ရဲ့အမှတ်က ထွက်မလာသေးဘူး။ ဒါပေမဲ့ ငါကတော့ သူက နယ်လှည့်ကျင့်ကြံသူ၂၇၀၅ ကို ကျော်နိုင်လောက်မယ် မထင်ဘူးကွ။ ကြားရတာတော့ ကျီဖေးယန်က အဆင့် ၃ နတ်ဆေးလုံးဆရာဆိုပဲ။ တကယ်လို့ သူက အကောင်းဆုံး အဆင့် ၃ နတ်ဆေးလုံးကို ဖော်စပ်ခဲ့မယ်ဆိုရင်တောင် သူ့အမှတ်စုစုပေါင်းက (၃၂၉)မှတ်ပဲ ရှိဦးမှာ…”

မိုးကောင်းကင် နတ်ဘုရားဂိုဏ်း၏ တောင်သခင် လောင်ယုက သူ့လက်သီးများကို တင်းတင်း ဆုပ်ထားလိုက်သည်။ ချီခွန်း မပြောပြဘဲနှင့်ပင် ထိုနယ်လှည့်လေလွင့်ကျင့်ကြံသူ၂၇၀၅ သည် မိုဝူကျိ ဖြစ်နိုင်လောက်မှန်း သူ ခန့်မှန်း၍ ရပေသည်။

သူက ချီခွန်းအား ဘာမှမမေးရသေးခင် ချီခွန်းက တအံ့တသြ ရေရွတ်လိုက်သည်။

“နယ်လှည့်ကျင့်ကြံသူ၂၇၀၅က ပဉ္စမမြောက် စစ်ဆေးမှုကိုတောင် အောင်သွားပြီ။ သူ့အဆင့်က စုစုပေါင်းအမှတ် (၄၁၂.၅)နဲ့ အဆင့်(၁) နေရာမှာ ရှိနေတုန်းပဲ။ သူက အဆင့် ၃ နတ်အဆောင်ဆရာလည်း ဖြစ်နေသေးတယ်လား… ဘုရားရေ…”

အဆုံးနားရောက်သည့်အချိန်တွင် ချီခွန်း၏ စကားတို့မှာ တိုးတီးရေရွတ်သံအဖြစ်သို့ လျော့ကျသွားလေသည်။ အကြောင်းမှာ နယ်လှည့်ကျင့်ကြံသူ၂၇၀၅ မှာ အမှန်တကယ်ကို အင်မတန် အံ့အားသင့်စရာ ကောင်းနေသောကြောင့် ဖြစ်သည်။

“ပဉ္စမမြောက်စစ်ဆေးမှုကို အောင်သွားပြီ။ နယ်လှည့်ကျင့်ကြံသူ၂၇၀၅ က ပဉ္စမမြောက် စစ်ဆေးမှုကို အောင်သွားပြီ”

နောက်ထပ်လူတစ်ယောက်က မနေနိုင်ဘဲ တအံ့တသြအော်ပြောလိုက်သည်။

ဤအခြေအနေတွင် တချို့လူများမှာ နှင်းစက်စိမ်းဆန် စိုက်ပျိုးနေတုန်း ဖြစ်သည်။ တချို့မှာ ပထမမြောက် စစ်ဆေးမှုထဲတွင် ပိတ်မိနေဆဲပင် ရှိသေးသည်။ တစ်ဖက်တွင် နယ်လှည့်ကျင့်ကြံသူ၂၇၀၅ သည် ပဉ္စမမြောက် စစ်ဆေးမှုကိုတောင် အောင်သွားပြီး၍ ခြောက်ခုမြောက် စစ်ဆေးမှုသို့ပင် ရောက်သွားပြီဖြစ်သည်။ ဤသည်မှာ အလွန့်အလွန် အံ့သြချီးကျုးစရာ ကောင်းနေပြီဖြစ်၏။

“ကျီဖေးယန်လည်း စတုတ္ထမြောက် စစ်ဆေးမှုကို အောင်သွားပြီ။ သူ့စုစုပေါင်းအမှတ်က (၃၂၉)…”

လောင်ယုသည် နတ်ဘုရားဘုရင် တစ်ယောက် ဖြစ်သော်လည်း မိုဝူကျိ၏ ရလဒ်များအား မအံ့သြဘဲ မနေနိုင် ဖြစ်မိသည်။ ကျီဖေးယန်ကဲ့သို့ ကျင့်ကြံရာတွင်လည်း တော်ကာ တာအိုအမျိုးမျိုးတွင်လည်း ကျွမ်းကျင်သော ပါရမီရှင်မျိုးမှာ ဇာမဏီငှက်မွေး ချီလင်ဦးချိုအလား ရှားပါးလေသည်။ ထို့အပြင် ကျီဖေးယန်၏ အောင်မြင်မှုမှာ သူ့ကိုယ်ပိုင်အရည်အချင်း သက်သက်ကြောင့်သာ မဟုတ်ဘဲ ကြယ်ဖုံးတောင်၏ ပြုစုပျိုးထောင်မှုများကြောင့်လည်း ဖြစ်သည်။

မိုးအောက်တွင် သန်းပေါင်းထောင်ချီသော တာအိုများ ရှိ၏။ ကျင့်ကြံသူတစ်ယောက်အနေနှင့် တာအိုတစ်ခုချင်းစီအား မရေတွက်နိုင်သော အချိန်နှင့်အင်အားတို့ ပေးရန်လိုအပ်သည်။ ကျင့်ကြံသူတစ်ယောက်တွင် ကျင့်ကြံဖို့ပင် အချိန်မလောက်လေရာ တခြားတာအိုများ လေ့လာသင်ကြားရာတွင် သူတို့၏ အချိန်ကို သုံးချင်သူဟူ၍ ဘယ်နှယောက်များ ရှိမည်နည်း။

“အကြီးအကဲရန်ဖေး… ခင်ဗျား သူ့ကိုရှာနေတာ မိုဝူကျိ သိလား”

သူ့ဂိုဏ်းမှ တပည့်များ၏ နာမည်တွေအား ရှာ၍ပင်မတွေ့နိုင်သည့်အဖြစ်ကို တွေးမိကာ လောင်ယုက မနေနိုင်ဘဲ ရမ်ဖေးအား စိုက်ကြည့်ပြီး မေးလိုက်သည်။

ရန်ဖေး၏ မျက်နှာမှာ သိပ်မကောင်းပေ။ သူက သက်ပြင်းကို ချလိုက်ရင်း ပြောလိုက်သည်။

“အရင်ကသာဆိုရင် ကျုပ် မိုဝူကျိကို မမြင်မိဘူးလို့ အတပ်ပြောနိုင်တယ်။ ဒါပေမဲ့ တကယ်လို့ မိုဝူကျိက ရုပ်ဖျက်ထားမယ်ဆိုရင်တော့…”

သူ့အကြည့်တို့က ချီခွန်းဆီ ရောက်သွားကာ ဘာမှထပ်မပြောတော့ချေ။

မိုဝူကျိက မိုးကောင်းကင်နတ်ဘုရားဂိုဏ်းတွင်သာ ရုပ်ဖျက်ပြီး ဤနေရာတွင် ရုပ်မဖျက်ဘူးဟု မည်သူများ တွေးမိမည်နည်း။ ထို့အပြင် မိုဝူကျိသည် မိုးကောင်းကင်နတ်ဘုရားဂိုဏ်းသို့ လာစဉ်က ကူညီရန်လာသော ဧည့်သည်တစ်ယောက်အနေနှင့် ဖြစ်သည်။ ထိုစဉ်တုန်းက ရန်ဖေးသည် မိုဝူကျိအား လေ့လာရန် သူ့စိတ်စွမ်းအားကို သုံး၍ မရနိုင်ခဲ့ပေ။

ရန်ဖေးက လက်ဝဲတောင်သခင်၏ ဆိုလိုရင်းကိုလည်း နားလည်သည်။ အကယ်၍ မိုဝူကျိကို ရှာရန်အတွက်နှင့် မိုးကောင်းကင်နတ်ဘုရားဂိုဏ်းမှ သူ လာခဲ့သည်ကို မိုဝူကျိ မြင်သွားခဲ့ပါက မိုဝူကျိသည် မိုးကောင်းကင်နတ်ဘုရားဂိုဏ်းအပေါ် စိုးရိမ်မှုတချို့ ရှိနေမည်မှာ သေချာသည်။

လောင်ယုက သက်ပြင်းချလိုက်ကာ

“ဟူး… ဒီကိစ္စကို ကိုင်တွယ်တဲ့နေရာမှာ ဂိုဏ်းချုပ် မှားသွားခဲ့တယ်။ ချီခွန်း… မိုဝူကျိ ပြန်ထွက်လာရင် သူနဲ့ တွေ့လို့ရအောင်လုပ်။ ပြောရမယ်ဆို မင်းနဲ့သူနဲ့ရဲ့ ပတ်သက်မှုက မဆိုးဘူးလေ”

တစ်ချိန်လုံး ငြိမ်နေသော ယွီလောက ရုတ်တရက် ထပြောလိုက်သည်။

“တောင်သခင်… အဲ့ဒီမိုဝူကျိက လူတစ်မျိုးရယ်။ တကယ်လို့ သူ့ကို နောက်ကွယ်အကြံအစည်နဲ့ သွားရှာရင် သူ့ရဲ့မကောင်းမြင်တာကိုပဲ ခံရလိမ့်မယ်”

လောင်ယုက သက်ပြင်းချလိုက်၏။ ချီခွန်းနှင့်ယွီလောတို့က ရွှေငန်းတစ်ကောင်ကို မိုးကောင်းကင် နတ်ဘုရားဂိုဏ်းဆီ ခေါ်လာသည်။ သို့သော် သူတို့က အကောင်းကို အကောင်းမှန်းမသိဘဲ ထိုရွှေငန်းအား အဝေးသို့ ပထုတ်ပစ်ခဲ့သည်။

သူတို့၏ မျက်စိအောက် ရှေ့နားလေးတင် ရှိနေခဲ့ဖူးသော အခွင့်အရေးတစ်ခု … သို့သော်…

မူလက ချီခွန်းသည် စစ်ဆေးဆုံးဖြတ်မှုတွင် သူတို့ဂိုဏ်းကို ကိုယ်စားပြုရန် မိုဝူကျိအား ရည်ရွယ်ခဲ့သည် မဟုတ်ပါလော…

“ယွီလော… တကယ်လို့ နယ်လှည့်ကျင့်ကြံသူ၂၇၀၅က တကယ်ပဲ မိုဝူကျိ ဖြစ်နေခဲ့ရင် စစ်ဆေးဆုံးဖြတ်မှု ပြီးသွားတာနဲ့ သူ့ကို သွားဆက်သွယ်ပါ။ ဘာအကြောင်းနဲ့မှ ငါတို့တွေ လက်လျော့လို့ မဖြစ်ဘူး။ ငါ အခုပဲ ဂိုဏ်းချုပ်ဆီ ဆက်သွယ်လိုက်မယ်။ သူ့ကို နိဗ္ဗာန်တာအိုမြို့ဆီ လာဖို့ ဖိတ်ခေါ်လိုက်မယ်။

တကယ်လို့ မိုဝူကျိက ထိပ်ဆုံး ၁၀ ယောက်ထဲ တကယ် ဝင်နိုင်ခဲ့မယ်ဆိုရင် ဒီကိစ္စက ရိုးရှင်းတော့မှာ မဟုတ်ဘူး။ တကယ်လို့ မျှော်လင့်ချက် မရှိတော့ဘူးဆိုရင်တော့လည်း ငါတို့ ဒီကိစ္စကို မေ့ထားလိုက်တာ ကောင်းမယ်။ ဒါပေမဲ့ အခုက မိုဝူကျိနဲ့လည်း သိကျွမ်းဖူးပြီး မျှော်လင့်ချက်လည်း ရှိနေသေးတယ်ဆိုတော့ ဒီကိစ္စကို ဒီတိုင်း ပြီးမသွားနိုင်ဘူး”

ဤသည်မှာ လောင်ယုက ယွီလော၏ သဘောထားကို ဂရုမစိုက်ဘဲ ပထမဆုံးအကြိမ်အဖြစ် အမိန့်ပေး ရပ်တည်လိုက်ခြင်း ဖြစ်သည်။

……………………

ဤအချိန်၌ မိုဝူကျိက လျို့ဝှက်ပညာရပ် စစ်ဆေးမှုဖြစ်သည့် ခြောက်ခုမြောက် စစ်ဆေးမှုသို့ ရောက်ရှိသွားလေပြီ။ တံခါးပေါက် နှစ်ပေါက်ရှိနေသည်ကို မြင်သောအခါ သူက အံ့သြသွားသည်။ ဘယ်ဘက်တံခါးမှာ အလွန်နိမ့်ပြီး ညာဘက်တံခါးမှာကား အလွန်မြင့်လေသည်။

***

All Chapters