← Chapters

အကြီးမားဆုံးဆုလာဘ်

Vol. 72 Ch. 995

အကြီးမားဆုံးဆုလာဘ်

Vol. 72 Ch. 995

ဘယ်ဘက်တံခါးပေါ်တွင် “သင့်လျို့ဝှက်ပညာရပ်ကို စမ်းသပ်ရန် ဝင်ပါ။ လျို့ဝှက်ပညာရပ် အစွမ်းထက်လေလေ အမှတ်ပိုများလေလေ” ဟူ၍ ရေးထိုးထားလေသည်။

ညာဘက်တံခါးပေါ်တွင် “လျို့ဝှက်ပညာရပ် တစ်ခုအပေါ် အသိဉာဏ်ပွင့်မှု ရယူရန် ဝင်ပါ။ အကယ်၍ လျို့ဝှက်ပညာရပ်ကို အောင်မြင်စွာ နားလည် သဘောပေါက်ခဲ့ပါက မည်သည့်အမှတ်မျှ ချီးမြှင့်လိမ့်မည် မဟုတ်ပေ။ အကယ်၍ လျို့ဝှက်ပညာရပ်ကို အောင်မြင်စွာ နားလည်သဘောမပေါက်ခဲ့ပါက သင် အပယ်ခံရမည် ဖြစ်သည်” ဟူ၍ ရေးထိုးထားလေသည်။

လျို့ဝှက်ပညာရပ်ကို အောင်မြင်စွာ နားလည်သဘောပေါက်ခြင်းက မည်သည့် အမှတ်မျှ မရနိုင်ဘူးတဲ့လား…

မိုဝူကျိက ဘေးပတ်ဝန်းကျင်ကို သေသေချာချာ လိုက်လံကြည့်ရှုကာ သူ မြင်မိသည်မှာ မှန်နေကြောင်း အတည်ပြုလိုက်သည်။ အမှန်ပင် လျို့ဝှက်ပညာရပ်အသစ်အပေါ် အသိဉာဏ်ပွင့်မှုအား အောင်အောင်မြင်မြင် ရရှိခဲ့သည့်အတွက် မည်သည့် အမှတ်မျှ ရလိမ့်မည်မဟုတ်ပေ။ အကယ်၍ သူ မအောင်မြင်ခဲ့ပါက ချက်ချင်း အပယ်ခံရမည် ဖြစ်သည်။

မိုဝူကျိက ခေါင်းခါလိုက်သည်။ တခြားဘာမှတွေးမနေတော့ဘဲ သူက ဘယ်ဘက်တံခါးပေါက်သို့ သွားရန် ဆုံးဖြတ်လိုက်၏။ ဤလျို့ဝှက်ပညာရပ်စစ်ဆေးမှုတွင် သူ၏ စွမ်းအားစက်ကွင်း ချေဖျက်လက်သီးဖြင့် သူက အလွယ်တကူ အောင်နိုင်မည် ဖြစ်သည်။ သို့သော်လည်း တံခါးပေါက်ဝ အရှေ့သို့ ရောက်သွားသည့်အခိုက် သူက တစ်ခုခု လွဲနေသည်ဟု ရုတ်တရက်ကြီး ခံစားမိလိုက်သည်။

အကယ်၍ ဤအတိုင်းသာဆိုပါက ညာဘက်တံခါး၏ အဓိပ္ပာယ်မှာ မည်သည်ကို ဆိုလိုနေသနည်း။ ထိုတံခါးကို မည်သူမျှ ရွေးချယ်လိမ့်မည် မဟုတ်ဘဲဖြစ်နေမည် မဟုတ်ပါလော။ မိုဝူကျိက သွားလက်စကို ရပ်ကာ ညာဘက်တံခါးဆီသို့ လျှောက်သွားလိုက်သည်။ သူက ကုန်း၍ တခြားသတင်းအချက်အလက်များ ရှိနေဦးမည်လားကို စစ်ဆေးကြည့်လိုက်သည်။

အမှန်ပင် သူ ကုန်းလိုက်သည့်အချိန်၌ မိုဝူကျိက စာလုံးသေးလေးများဖြင့် ရေးသားထားသော စာကြောင်းတစ်ကြောင်းကို မြင်လိုက်ရသည်။ ဤစာကြောင်းပေါ်တွင် မည်သည့်စည်းမှ ရှိမနေချေ။ ထို့ကြောင့်သာ စာကြောင်းကို သူ့စိတ်စွမ်းအားက လွယ်လင့်တကူ ဘေးမှ ဖြတ်မိသွားခြင်း ဖြစ်သည်။ အကယ်၍ မိုဝူကျိကသာ အနီးကပ် သွားမကြည့်ခဲ့ပါက သေချာပေါက် သတိပြုမိမည် မဟုတ်ပေ။

ထိုနေရာတွင် စကားလုံး ၁၂ လုံးသာ ရှိသည်။

“လျို့ဝှက်ပညာရပ်ပေါင်း သန်းထောင်ချီအနက် “အချိန်လမ်းကြောင်း” သည် နံပါတ်တစ်ပညာရပ်တည်း” ဟူ၍ ဖြစ်သည်။

ဒါက အချိန်စည်းမျဉ်း လျို့ဝှက်ပညာရပ်လား…

မိုဝူကျိက ရုတ်တရက် ထရပ်လိုက်သည်။ သူက စိတ်လှုပ်ရှားသွားကာ သူ့ရင်ခုန်သံမှာလည်း တဒိန်းဒိန်းနှင့် စတင်ကျယ်လောင်လာသည်။

လျို့ဝှက်ပညာရပ်ပေါင်း သန်းထောင်ချီအနက် အချိန်လမ်းကြောင်းသည် နံပါတ်တစ်ပညာရပ် တကယ် ဟုတ်၊ မဟုတ်ကို သူ မသိပေ။ သို့သော် အချိန်လမ်းကြောင်းသည် အချိန်စည်းမျဉ်းမှ ပေါက်ဖွားခဲ့သော လျို့ဝှက်ပညာရပ် ဖြစ်သည်ကိုကား သူ သေချာသည်။

အကယ်၍ ဤအချိန်စည်းမျဉ်း လျို့ဝှက်ပညာရပ်သည် နံပါတ်တစ် မဟုတ်ခဲ့လျှင်တောင်မှ ၎င်းမှာ သေချာပေါက် လောကထိပ်ခေါင်တွေထဲတွင် ရှိနေလိမ့်မည် ဖြစ်သည်။

အချိန်စည်းမျဉ်း လျို့ဝှက်ပညာရပ်တစ်ခုကို ဖတ်ရှုခွင့်ရသည်မှာ မည်သည်ကို ဆိုလိုနေမှန်း မိုဝူကျိက ကောင်းကောင်းသိသည်။ သူ့ အာကာပြင် အကျဉ်းချခြင်းမှာ အချိန်စည်းမျဉ်း လျို့ဝှက်ပညာရပ်ဟု ထင်ရသော်လည်း အာကာပြင်စည်းမျဉ်း လျို့ဝှက်ပညာရပ်မှန်း မိုဝူကျိက သိသည်။ ထို့အပြင် ၎င်းမှာ အာကာပြင် စည်းမျဉ်း၏ ဆံခြည်မျှင်တစ်မျှင်စာမျှသာ ရှိ၏။

အကယ်၍ သူ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ထဲ မဝင်နိုင်မည့်အဖြစ်သို့ ရောက်ရမည်ဆိုလျှင်ပင် အချိန်စည်းမျဉ်း လျို့ဝှက်ပညာရပ်တစ်ခုအပေါ် အသိဉာဏ်ပွင့်မှုရရှိမည့် ဤအခွင့်အရေးကို မိုဝူကျိက လုံးဝ လက်လွတ်ခံမည် မဟုတ်ပေ။

မိုဝူကျိသည် တွေဝေမနေဘဲ ညာဘက်တံခါးပေါက်ထဲသို့ ချက်ချင်း ဝင်သွားလိုက်၏။ သူ့အတွက် အမှတ်များက အရေးမကြီးပေ။ လက်ရှိသူ့အတွက် အရေးအကြီးဆုံးအရာမှာ အချိန်စည်းမျဉ်းများနှင့် ထိတွေ့နိုင်ရန်ဖြစ်ပြီး သူ့ကိုယ်ပိုင်အချိန်စည်းမျဉ်း လျို့ဝှက်ပညာရပ်ကို ပိုင်ဆိုင်နိုင်ရန် ဖြစ်သည်။

တံခါးထဲသို့ ဝင်လိုက်သည့်အခိုက် မိုဝူကျိသည် သူ့တစ်ကိုယ်လုံး ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤသည်က သူ့အား သူ့စိတ်က တံခါးထဲသို့ ဝင်လာပြီး သူ့ကိုယ်က အပြင်ဘက်တွင် ကျန်နေခဲ့သည့် ခံစားချက်မျိုး ပေးလေသည်။

အသက်ရှိုက်စာအနည်းငယ် ကြာပြီးမှ မိုဝူကျိသည် အချိန်စည်းမျဉ်းဖြင့် ပြုလုပ်ထားသော ဤလမ်းကြောင်းထဲတွင် အမှန်တကယ် မတ်တပ်ရပ်နေသည်ဟု ခံစားလိုက်ရသည်။

ဤအခိုက်အတန့်၌ အချိန်စီးကြောင်းသည် ထိတွေ့စမ်းသပ်၍ ရနိုင်ပုံပေါ်ကာ သူ့လက်နှစ်ဖက်ဖြင့် ဖမ်းဆုပ်၍ ရနိုင်လေသည်။ အချိန်စီးနေသည်မှာ ရေစီးဆင်းသည့်ပုံစံနှင့် တူသည်။

ထိုအချိန်စီးကြောင်းတို့သည် သူ့ခန္ဓာကိုယ်ကို အသာပွတ်တိုက်သွားပြီး နှစ်ကာလများစွာကို ယူဆောင်သွားသည်… အရာခပ်သိမ်းကို ယူဆောင်သွားသည်….

သူ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းက သူ့အား မရေတွက်နိုင်သော ခေတ်ကာလများကို ဖြတ်သန်းနေသကဲ့သို့ ခံစားရစေသည်။

မိုဝူကျိ၏ ကိုယ်မှာ ဝိဇ္ဇာတစ်ပိုင်း ကိုယ်ထည်အဆင့်သို့ ရောက်နေပြီဖြစ်သော်လည်း အဆက်မပြတ် အချိန်တိုက်စားမှုအောက်တွင် တဖြည်းဖြည်း ယိုယွင်းပျက်စီးလာဆဲ ဖြစ်သည်။ သူ့ဆံပင်များသည် တဖြည်းဖြည်း မီးခိုးရောင် ပြောင်းလာသည်။ သူ့အတွေးတို့သည် တဖြည်းဖြည်း အိုဟောင်းလာသည်။ သူ့အဝတ်အစားတို့သည် တဖြည်းဖြည်း အမှုန့်များအဖြစ်သို့ ပြောင်းလဲကုန်သည်…

မိုဝူကျိက ထိုင်ချလိုက်သည်။ ဤသည်မှာ ပုံရိပ်ယောင်တစ်ခု မဟုတ်သည်မှာ လုံးဝသေချာသည်။ အကယ်၍ သူသာ ရှေ့သို့ ဆက်သွားမည်ဆိုပါက သူသည် ပုပ်သိုးဆွေးမြေ့လာပြီး အစိတ်စိတ်အမွှာမွှာဖြစ်ကာ ပျောက်ကွယ်သွားပေလိမ့်မည်။

သူက မျက်လုံးများကို ဖြည်းဖြည်းချင်း ပိတ်လိုက်ပြီး အချိန်စီးကြောင်းအား သူ့ကိုယ်တစ်လျှောက် ပွတ်တိုက် စီးဆင်းစေလိုက်သည်။ သူ့ချီသွေးကြောအားလုံးသည် သူ့တာအိုဖွင့်လမ်းကြောင်း ဝန်းကျင်တွင် ပြောင်းပြန်လှည့်ပတ်ခြင်းသို့ ပြောင်းလဲသွားကာ တာအိုဖွင့်လှည့်ပတ်ခြင်းတစ်ခု ဖြစ်တည်လာသည်။ သူက အချိန်၏ မူလအရင်းအမြစ်ကို ရှာနေခြင်း ဖြစ်သည်။

အကယ်၍ သူသာ အချိန်လမ်းကြောင်းကို သဘောမပေါက်နိုင်ကာ အချိန်စည်းမျဉ်းကို နားမလည်နိုင်ခဲ့ပါက ဤနေရာတွင် အသက်ကြီးပြီး တကယ်သေသွားလိမ့်မည် ဖြစ်ကြောင်း မိုဝူကျိက ယုံကြည်သည်။

တာအိုအသိဉာဏ်ပွင့်မှုများ၏ တစ်မျှင်ချင်းစီတိုင်းကို မိုဝူကျိ၏ တာအိုဖွင့်လမ်းကြောင်းက ဖမ်းဆုပ်လိုက်သည်။ သူက အဆက်မပြတ် လက်ဟန် မှော်သင်္ကေတများကို ပုံဖော်နေသည်။ တစ်ခေါက်သားတွင် သူက အသက်တစ်ရှိုက်စာအတွင်း မှော်လက်သင်္ကေတ တစ်ထောင်ကျော်ကို ပုံဖော်လိုက်သည်။

မိုဝူကျိက အပြန်ပြန်အလှန်လှန် စဉ်းစားနေခြင်းတွင် နစ်မျောနေစဉ် အချိန်ကာလတို့က ဆက်လက် ကုန်လွန်နေလေသည်။ သူ့အရေပြားမှာ အရေးအကြောင်းများပေါ်ကာ ရှုံ့တွလာပြီး သူ့ဆံပင်မှာ အရင်းမှစ၍ ဖြူလိုက်လာလေသည်….

မိုဝူကျိ၏ ပျိုရွယ်သော ကိုယ်ခန္ဓာက အိုမင်းရင့်ရော်လာသည်နှင့်အမျှ ပုပ်သိုးမှု အငွေ့အသက်တစ်ခုက သူ့ကိုယ်မှ စိမ့်ထွက်လာလေသည်။ သူ့လက်ဟန် မှော်သင်္ကေတများသည် မြန်ရာမှ နှေးလာသည်။ အစောပိုင်း၌ သူက အသက်တစ်ရှိုက်စာအတွင်း မှော်သင်္ကေတ တစ်ထောင်ကျော်ကို ပုံဖော်နိုင်သည်။ ထို့နောက် ဆယ်ကျော်… ထို့နောက် အသက်တစ်ရှိုက်စာလျှင် မှော်လက်သင်္ကေတ တစ်ခု အဖြစ် ပြောင်းလာသည်။ ထို့နောက် တဖြည်းဖြည်းနှင့် မှော်သင်္ကေတတစ်ခု ပုံဖော်ရန် နာရီအနည်းငယ်၊ ထိုမှ တစ်ရက်၊ ထိုမှ တစ်လ… စသည်ဖြင့် လိုအပ်လာလေသည်။

……………………

“ကြယ်ဖုံးတောင်က ကျီဖေးယန်ရဲ့ (၄၇၉)မှတ်က အဆင့်(၁)နေရာ ရောက်သွားပြီ။ ခြောက်ခုမြောက် စစ်ဆေးမှုကို အောင်သွားပြီနေမှာ။ အဲ့ဒီနယ်လှည့်ကျင့်ကြံသူ၂၇၀၅ ရဲ့အမှတ်က ဘာဖြစ်လို့ တိုးမလာသေးတာလဲ”

“အောင်းမျိုးနွယ်က အောင်းရုံရဲ့ (၄၅၄)မှတ်က အဆင့်(၂)နေရာ ရောက်သွားပြီ။ နယ်လှည့်ကျင့်ကြံသူ၂၇၀၅ က အဆင့်(၃)နေရာ ကျသွားပြီ… အခု အဆင့်(၄)နေရာမှာ…”

နိဗာနတာအိုမြို့ ရင်ပြင်ပေါ်တွင် အံ့အားသင့်သံများ၊ သနားနေသံများနှင့် ဝမ်းသာနေသံများ ကြားနေရသည်။ အားလုံးမှာ နယ်လှည့်ကျင့်ကြံသူ၂၇၀၅၏ အထိန်းအကွပ်မရှိ ထိုးဆင်းလာမှုကြောင့် ဖြစ်သည်။ ပထမပိုင်းစစ်ဆေးမှု ၅ ခုတွင် သူသည် ပထမဆုံး ပြီးမြောက်အောင်မြင်သူ ဖြစ်ရုံသာမက သူ့အမှတ်များမှာလည်း ထိပ်ဆုံးတွင် ရှိနေသည်။ ယခုမူကား လူများစွာက ခြောက်ခုမြောက်စစ်ဆေးမှုကို အောင်သွားချိန်တွင် နယ်လှည့်ကျင့်ကြံသူ၂၇၀၅ ဆီမှာ ဘာသတင်းမှ မကြားရသေးချေ။

“သူ့ခြောက်ခုမြောက်စစ်ဆေးမှုကို ကျသွားပြီး အပြင်ပြန်အထုတ်ခံလိုက်ရပြီလား မသိဘူးနော်”

တစ်ယောက်က မေးလိုက်သည်။

“ကျတဲ့လူတွေရဲ့ နာမည်က ပျောက်သွားရမှာ။ ဒါပေမဲ့ သူ့နာမည်က ပိတ်ကားပေါ်မှာ ရှိနေတုန်းပဲ။ ဒါက သူ ခြောက်ခုမြောက်စစ်ဆေးမှုကို မအောင်သေးဘူးလို့ပဲ ဆိုလိုနေတယ်”

“အဲ့လိုလည်း ပြောမရဘူးရယ်။ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်က ဒီစစ်ဆေးမှုအတွက် စည်းကမ်းချက်တွေ ပြောင်းထားတယ်။ ဖြစ်နိုင်တာက စစ်ဆေးမှုတစ်ခုလုံး ပြီးသွားမှ ကျတဲ့လူတွေရဲ့နာမည်တွေကို ဖယ်ပစ်မယ်နဲ့ တူတယ်နော်”

မိုးကောင်းကင် နတ်ဘုရားဂိုဏ်း၏ တောင်သခင် လောင်ယုက မိုဝူကျိ၏ အမှတ်မှာ အခုထိ တိုးမလာသေးသည်ကို မြင်သောအခါ သူက သက်ပြင်းချပြီး ပြောလိုက်သည်။

“ချီခွန်း… အဲ့ဒီနယ်လှည့်ကျင့်ကြံသူ၂၇၀၅က လျို့ဝှက်ပညာရပ် စစ်ဆေးမှုကို မအောင်နိုင်လိုက်ဘူး။ သူ့ကျင့်ကြံဆင့်က နိမ့်နေလို့များလား”

ချီခွန်းက တစ်ခဏမျှ တွေဝေနေပြီးမှ ပြောလိုက်သည်။

“ဒါပေမဲ့ မျက်မြင်တွေရဲ့အပြောအရ နယ်လှည့်ကျင့်ကြံသူ၂၇၀၅ မှာ အစွမ်းထက်တဲ့ လျို့ဝှက်ပညာရပ်ရှိပြီးတော့ ဘယ်သူမှ မခုခံနိုင်ဘူးတဲ့။ တကယ်လို့ သူ့လျို့ဝှက်ပညာရပ်ကို ခုခံနိုင်မယ်ဆို နယ်လှည့်ကျင့်ကြံသူ၂၇၀၅ က လက်ရှိ သူ့နေရာလွတ်ကိုတောင် ရရှိနိုင်မှာ မဟုတ်ဘူး။ သဘောတရားအရ အဲ့ဒီလျို့ဝှက်ပညာရပ်နဲ့ အမှတ်တွေ ရရမှာလေ။ အော် ဒါနဲ့လေ…”

ချီခွန်းက ပြောနေရင်းမှ ပုံတူတစ်ခု ရေးဆွဲလိုက်သည်။

“အကြီးအကဲရန်ဖေး… ဒီလူကို ဆေးလုံးတာအို ဂုဏ်ထူးဆောင်မျှော်စင်မှာ တွေ့မိလား”

ပုံတူကို မြင်လိုက်သည်နှင့် ရမ်ဖေးက သက်ပြင်းချကာ ပြောလိုက်သည်။

“ကျုပ် မြင်ခဲ့တယ်။ ဒါပေမဲ့ သူ့အရှိန်အဝါက ကွဲပြားရုံတင် မကဘူး… သူ့မှာ ကောင်းတဲ့ ဝိညာဉ်ကြောတွေတောင် ရှိတယ်။ သူ့ပုံစံကြည့်ရတာ မီးဓာတ်အမျိုးအစား ကျင့်ကြံသူတစ်ယောက်နဲ့ တူတယ်”

ချီခွန်းက ပုံတူကို အသာ ဝေ့ဖျက်လိုက်သည်။ ဆက်လက် စကားပြောဆိုဖို့ မည်သူမျှ စိတ်မဝင်စားတော့ပေ။ ထိုအချိန်တိုလေးအတွင်း နယ်လှည့်ကျင့်ကြံသူ၂၇၀၅၏ နာမည်မှာ အဆင့်(၇)နေရာသို့ ကျဆင်းသွားလေပြီ။

လူအုပ်အတွင်းမှ လော့ယွီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူ့ပုံရိုပ်မှာ ဖျက်ခနဲ လက်သွားပြီးနောက် သူက နိဗ္ဗာန်နတာအိုမြို့မှ ထွက်သွားလေသည်။ သူ့အမြင်အရ မိုဝူကျိသည် ‌ခြောက်ခုမြောက် စစ်ဆေးမှုတွင် ကျသွားလောက်မည် ဖြစ်သည်။ မိုဝူကျိ မသေသေးသရွေ့ အပြင်ဘက်သို့ ပြန်အထုတ်ခံရမည် ဖြစ်သည်။ သူ လော့ယွီက ထိုပုရွက်ဆိတ်အား နတ်ဘုရားဘုရင် တစ်ယောက်သည် သူ အပြစ်ပြုချင်တိုင်း ပြုခွင့်မရှိသော တည်ရှိမှုမျိုးဖြစ်ကြောင်း သိစေရမည်။

…………………….

မိုဝူကျိ နောက်ဆုံးသော မှော်သင်္ကေတ တစ်ခုကို ပုံဖော်လိုက်သည့်အချိန်တွင် သူ့တာအိုဖွင့်လမ်းကြောင်းမှာ ရုတ်တရက် ကြည်လင်ပြတ်သားမှုတို့ဖြင့် ပြည့်လျှံ ပေါက်ကွဲသွားသည်။ မိုဝူကျိက ချက်ချင်း မျက်လုံးဖွင့်ကြည့်လိုက်ပြီး မတ်တပ်ရပ်လိုက်ကာ လက်ဖြင့် စက်ဝန်းပိုင်းတစ်ခုကို အသာလေး ရေးဆွဲလိုက်သည်။

အချိန်တွေ နှေးသွားသယောင် အာကာပြင်ကြီး ပိုမိုကြည်လင်လာသယောင် ခံစားလိုက်ရသည်။

“ဘယ်လိုတောင် အစွမ်းထက် အားကောင်းလိုက်တဲ့ လျို့ဝှက်ပညာရပ်လဲ…”

မိုဝူကျိက စိတ်ငြိမ်ငြိမ် ထားလိုက်သည်။ နောက်ဆုံးတွင်တော့ သူ အချိန်စည်းမျဉ်း၏ အစွန်းအစလေး၌ ရောက်ရှိသွားလေသည်။ အချိန်ကို ရပ်တန့်သည်အထိ မစွမ်းဆောင်နိုင်သေးသော်လည်း သူ့စွမ်းအားစက်ကွင်းအတွင်းရှိ အချိန်ကိုမူ နှေးသွားအောင် လုပ်နိုင်လေသည်။

မိုဝူကျိသည် ရှေ့တစ်လှမ်း တိုးလိုက်ပြီး နောက်ထပ် မှော်သင်္ကေတတစ်ခုကို ဖြည်းဖြည်းချင်း ပုံဖော်လိုက်ပြန်သည်။ သူ့စွမ်းအားစက်ကွင်းအတွင်းရှိ အချိန်မှာ နှေးကွေးလေးကန်လာပုံ ပေါ်သည်။ ဤအခိုက်အတန့်၌ မိုဝူကျိ၏ ပုပ်သိုးနေသော ကိုယ်ခန္ဓာသည် အသက်ဓာတ်တချို့ ပြန်ရလာပုံ ပေါ်သည်။

နောက်ထပ် ခြေတစ်လှမ်း ထပ်တိုးလိုက်ရင်း မိုဝူကျိက နောက်ထပ် မှော်သင်္ကေတတစ်ခု ထပ်ပုံဖော်လိုက်သည်…

မိုဝူကျိ၏ ဆံပင်ဖြူများသည် အဖြူမှ မီးခိုးဖြူ၊ မီးခိုးဖြူမှ မီးခိုး၊ ထို့နောက် အနက်သို့ တဖြည်းဖြည်း ပြောင်းလာလေသည်။

မိုဝူကျိ၏ ပုပ်သိုးနေသော ကိုယ်ခန္ဓာသည်လည်း မိုဝူကျိက ရှေ့သို့ ဆက်လက် လှမ်းချီသည်နှင့်အမျှ အဆက်မပြတ် ပြန်လည်ကောင်းမွန်လာလေသည်။

သူ့မော်တယ်တာအိုကို နားလည်သွားသည့် အချက်မှလွဲ၍ နတ်ဘုရားကုန်းမြေသို့ လာခြင်းမှ ရရှိလိုက်သည့် အကြီးမားဆုံးဆုလာဘ်မှာ အဆင့် ၅ နတ်ဆေးလုံးဘုရင် ဖြစ်လာခြင်းလည်း မဟုတ်သလို နှင်းစက်စိမ်းဆန် စိုက်ပျိုးနည်းကို လေ့လာသိရှိနိုင်လိုက်ခြင်းလည်း မဟုတ်ပေ။ ထိုအစား အချိန်စည်းမျဉ်းနှင့် ထိတွေ့နိုင်လိုက်ခြင်းသည်သာ အကြီးမားဆုံး ဆုလာဘ်ကြီး ဖြစ်၏။

သူ့ကိုယ်ပိုင် အချိန်စည်းမျဉ်း လျို့ဝှက်ပညာရပ်ကို အပြည့်အဝ ပုံမဖော်ရသေးသော်လည်း အကယ်၍ သူ့အချိန်စည်းမျဉ်းကို သူ၏နေဝင်တိုက်ကွက်ထဲသို့ ထည့်သွင်းလိုက်ပါက နေဝင်တိုက်ကွက်သည် သတ္တကမ္ဘာလက်ချောင်းနှင့် သေခြင်းရှင်ခြင်း ကံကြမ္မာစက်ဝန်းတို့ထက် မနှိမ့်ကျသော လျို့ဝှက်ပညာရပ်တစ်ခု သေချာပေါက် ဖြစ်လာလိမ့်မည်ဟု မိုဝူကျိက အလွန်ကို ရှင်းရှင်းလင်းလင်း သိသည်။

ကျောက်စာတိုင်ပေါ်တွင် သူ့နာမည်ကို ရေးထွင်းလိုက်ပြီးနောက် မိုဝူကျိသည် ဝဲဂယက်တံခါးဆီသို့ လျှောက်သွားလိုက်သည်။ သူက ခြောက်ခုမြောက်စစ်ဆေးမှုကို အောင်မြင်ခဲ့လေပြီ။ အမှတ်တစ်မှတ်မျှ မရသော်လည်း မိုဝူကျိသည် ခြောက်ခုမြောက်စစ်ဆေးမှုက သူ့အတွက် အကျိုးအရှိဆုံး တစ်ခုဖြစ်သည်ဟု ယုံကြည်၏။

…………………

ဝဲဂယက်အစီအရင်တံခါးမှ ထွက်လာလိုက်သည်နှင့် ကြီးမားသော လမ်းကြောင်းတစ်ခုက မိုဝူကျိ အရှေ့၌ ပေါ်လာလေသည်။ လမ်းကြောင်း၏ အပေါ်ထိပ်ဆုံးတွင် “တိုက်ခိုက်ရေးလမ်းကြောင်း” ဟု ရေးထိုးထားသည်။

ထိုစကားလုံးများအပြင် တခြားမည်သည့် မိတ်ဆက်မှုမျိုးမှ မရှိပေ။

အချိန်စည်းမျဉ်းကို နားလည်သဘောပေါက်ရာတွင် အချိန်အများကြီး သုံးပစ်ခဲ့မိမှန်း မိုဝူကျိက ရှင်းရှင်းလင်းလင်း သိသည်။ သို့ဖြစ်၍ တိုက်ခိုက်ရေးလမ်းကြောင်းသို့ ရောက်ရောက်ချင်းပင် သူက တွေဝေမနေဘဲ အထဲသို့ ဝင်သွားလိုက်သည်။

ဆယ်လှမ်းပင် မလှမ်းရသေးခင် လူပုံရိပ်တစ်ခုက သူ့ဆီ ခုန်အုပ်လာသည်။ တစ်ချိန်တည်းမှာပင် ကြီးမားသော ဓားအလင်းတန်းက အရှိန်ဖြင့် ကျရောက်လာသည်။

ဒါက အရုပ်တစ်ရုပ်လား…

ထိုအပြင် ကျင့်ကြံဆင့်မှာ ကနဦးနတ်ဘုရား အဆင့် ၈ တွင်သာ ရှိလေသည်။ မိုဝူကျိက လက်သီးတစ်လုံး အသာ ပစ်ခွင်းလိုက်သည်။ သူ၏စွမ်းအားစက်ကွင်း ချေဖျက်လက်သီးချက်သည် ထိုအရုပ်အား အရည်အဖြစ် ပြောင်းပစ်လိုက်၏။

အစပိုင်းတွင် ဤခုနှစ်ခုမြောက် စစ်ဆေးမှုသည် တခြားကျင့်ကြံသူများနှင့် တိုက်ခိုက်ရခြင်း ဖြစ်လိမ့်မည်ဟု မိုဝူကျိက ထင်ခဲ့သည်။ အရုပ်များနှင့် တိုက်ခိုက်ရမည်ဟု မတွေးမိခဲ့ပေ။ သူ့အတွက်မူ ဤသည်က ပို၍ လွယ်ကူသွားစေသည်။ ပြောရမည်ဆိုလျှင် သူတို့၏ တပည့်များအား မတော်တဆ သတ်မိသွားသဖြင့် ကျရောက်လာမည့် ဂိုဏ်းကြီးများ၏ အမျက်ဒေါသကို မိုဝူကျိက မခံလိုပေ။ ဤစစ်ဆေးဆုံးဖြတ်မှုထဲတွင် ပါဝင်ယှဉ်ပြိုင်သူများအနက် အနည်းငယ်ကသာလျှင် သူ့လို လေလွင့်ကျင့်ကြံသူများ ဖြစ်သည်။

မိုဝူကျိက ကနဦးနတ်ဘုရား အဆင့် ၈ အရုပ်ကို လက်သီးတစ်လုံးတည်းဖြင့် သုတ်သင်လိုက်သည်။ နောက်ထပ် မီတာအနည်းငယ် လမ်းလျှောက်လိုက်ပြီးသည့်နောက် နောက်ထပ် အရုပ်တစ်ခုက ပြေးထွက်လာပြန်သည်။ ဤအရုပ်တွင် သူ့စွမ်းအားစက်ကွင်းနှင့် တူသော ဝဲကတော့စွမ်းအားစက်ကွင်း ရှိကာ မီးဓာတ်အမျိုးအစား လျို့ဝှက်ပညာရပ်သည်လည်း သူ့ စွမ်းအားစက်ကွင်းချေဖျက် လက်သီးနှင့် တူနေလေသည်။

မိုဝူကျိက မရှောင်တိမ်းဘဲ လက်သီးတစ်လုံးကိုသာ ပစ်ခွင်းလိုက်၏။ သူ့လက်သီးနှင့် အရုပ်၏ လက်သီးတို့ ထိပ်တိုက်ထိတွေ့သွားသည်။ “ဝုန်း” ခနဲဖြင့် ထိုအရုပ်သည် အမှုန့်များအဖြစ် ပြောင်းသွားသည်။

သူက အချိန်စည်းမျဉ်းနှင့်ပင် ထိတွေ့နိုင်ခဲ့ပြီ ဖြစ်သည်။ ဤအခိုက်အတန့်၌ မိုဝူကျိသည် အနှောင့်အယှက်ကင်းသော လွတ်လပ်ပေါ့ပါးသည့် ခံစားချက်မျိုး ခံစားမိလိုက်သည်။

အပြင်ဘက်တွင်ကား စစ်ဆေးဆုံးဖြတ်မှုကြီးက ပြီးတော့မည့်ဆဲဆဲ အချိန်စက္ကန့်များကို ရေတွက်နေသည့်အခိုက်သို့ ရောက်နေလေပြီ။ ချီခွန်းကော ယွီလောပါ စိုးရိမ်ကြောင့်ကြနေကြသည်။ မိုဝူကျိ၏ နာမည်သည် ကျသွားပြီးကတည်းက တစ်ခါမှ ပြန်မတက်လာတော့ချေ။ ဤအချိန်တွင် မိုဝူကျိ အပယ်မခံရသေးဖို့သာ သူတို့က မျှော်လင့်နိုင်လေသည်။ မိုဝူကျိသာ အပယ်မခံရသရွေ့ သူသည် ထိပ်ဆုံး ၁၀ ယောက်ထဲ မပါနိုင်ခဲ့လျှင်တောင်မှ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ထဲသို့ ဝင်နိုင်လိမ့်မည်ဖြစ်သည်။ သို့သော် ထိုသို့ ဖြစ်နိုင်ချေအခွင့်အရေးမှာ အရမ်းကို နည်းပါးကြောင်းလည်း သူတို့ သိသည်။

***

All Chapters