စစ်ဆေးဆုံးဖြတ်မှုကြီး ပြီးဆုံးပြီ
Vol. 72 Ch. 996
နောက်ထပ် ပေါ်လာမည့်အရုပ်မှာ ကောင်းကင်နတ်ဘုရား အဆင့် ၁ ကျင့်ကြံဆင့်ရှိလိမ့်မည်ဟု မိုဝူကျိက တွေးနေစဉ်အခိုက် ကျောက်စာတိုင် နှစ်တိုင်ရှေ့သို့ ရောက်ရှိသွားသည်။ အဖြူရောင် ကျောက်စာတိုင်နှင့် အနီရောင် ကျောက်စာတိုင်တို့ ဖြစ်သည်။
ကျောက်စိမ်းဖြူ ကျောက်စာတိုင်အကြောင်းကို မိုဝူကျိသိသည်။ အကယ်၍ သူ့နာမည်ချရေးလိုက်ပါက သူ စစ်ဆေးမှုကို အောင်မြင်သွားမည် ဖြစ်သည်။ မိုဝူကျိက တွေးလိုက်သည်။
“ဒီစစ်ဆေးဆုံးဖြတ်မှုက လွယ်လွန်းမနေဘူးလား”
သို့သော် အနီရောင်ကျောက်စာတိုင် အထက်မှ မိတ်ဆက်အညွှန်းကို မြင်ပြီးနောက် သူက နားလည်သွားသည်။
ထိုတွင် ဤကဲ့သို့ ရေးထိုးထားသည်။
“စစ်ဆေးဆုံးဖြတ်မှုကို ဆက်လက်လုပ်လိုပါက အနီရောင် ကျောက်စာတိုင်ကို ဖိပါ။ နောက်ထပ် တိုက်ခိုက်ပွဲတွင် ကောင်းကင် နတ်ဘုရားအဆင့် ၁ နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ အနိုင်မရခဲ့ပါက အပယ်ခံရမည်။ ဆက်လက်တိုက်ရန် မရွေးချယ်လိုသူများသည် အဖြူရောင် ကျောက်စာတိုင်ပေါ်တွင် သင့်နာမည်အား ရေးထွင်းကာ စစ်ဆေးဆုံးဖြတ်မှုကို အောင်မြင်နိုင်၏”
မိုဝူကျိက နားလည်သွားသည်။ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်၏ စစ်ဆေးဆုံးဖြတ်မှုမှာ လူများများကို စစ်ဆေးမှုအောင်မြင်ခြင်းမှ တားဆီးရန် မဟုတ်ပေ။ ထိုအစား ဘက်စုံပို၍ ထူးချွန်သောလူများကို ရွေးချယ်ရန် ဖြစ်သည်။ သို့သော် သူ ယခု ထွက်သွားဖို့ ရွေးချယ်လိုက်ပါက သူ့စုစုပေါင်းရမှတ်မှာ သိပ်များမည် မဟုတ်ကြောင်းလည်း သိသာလေသည်။
အကယ်၍ သူ ဆက်လက် တိုက်ခိုက်ဦးမယ်ဆိုပါက သူ့အမှတ်များမှာ ဖြည်းဖြည်းချင်း ဟိုးအမြင့်ကြီးထိ ရောက်သွားပေလိမ့်မည်။ သိသာလှစွာပင် နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်သည် ဘက်စုံထူးချွန်သူကို ရွေးချယ်ချင်သော်လည်း တိုက်ခိုက်စွမ်းရည်မှာ အဓိက ကျနေသေးကြောင်း မြင်နိုင်လေ၏။ အကယ်၍ တိုက်ခိုက်စွမ်းရည်သာ ရှိပါက ရှေ့ပိုင်း စစ်ဆေးမှုများတွင် အမှတ်များများ မရထားလျှင်ပင် တိုက်ခိုက်ခြင်းဖြင့် အမှတ်များ ပြန်ယူနိုင်လေသည်။
မိုဝူကျိက တစ်ခဏမျှ တွေဝေသွားသည်။ ရှေ့ပိုင်းတွင် သူ ရထားသော အမှတ်များအရ ဤစစ်ဆေးမှု၌ အမှတ်တစ်မှတ်ပင် မရလျှင်တောင်မှ သူ့အတွက် ထိပ်ဆုံး အယောက် ၅၀၀ ထဲဝင်ဖို့ရာ ဖြစ်နိုင်ချေ ရှိသေးသည်။ ဆိုလိုသည်မှာ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ထဲသို့ သူ သေချာပေါက် ဝင်ခွင့်ရမည် ဖြစ်သည်။
အကယ်၍ သူ အမှတ်များ ဆက်ယူချင်ပါက အနီရောင် ကျောက်စာတိုင်ကို ဖိလိုက်ပြီး ဆက်တိုက်ခိုက်နိုင်လေ၏။ သူ့တိုက်ခိုက်စွမ်းရည်ဖြင့် ထိပ်ဆုံး ၁၀ ယောက်… မဟုတ်သေးပေ… ထိပ်ဆုံး ၃ ယောက်ထဲဝင်ဖို့ရာမှာ မဖြစ်နိုင်သည့်ကိစ္စ မဟုတ်ပေ။
သို့သော် သူ ဆက်တိုက်ဖို့ ဆက်အမှတ်ယူဖို့ လိုအပ်သေးသလား…
ထိပ်ဆုံး ၁၀ ယောက်အတွက် ဆုလာဘ်မှာ နတ်ဘုရားဝိညာဉ်စွမ်းအား နယ်မြေထဲတွင် တစ်နှစ်နေခွင့် ဖြစ်သည်။ သူ ဤနေရာသို့ လာခဲ့သည်မှာ နတ်ဘုရားဝိညာဉ်စွမ်းအား နယ်မြေကြောင့် မဟုတ်ဘဲ သေမျိုးနယ်မြေကြောင့် ဖြစ်သည်။ နတ်ဘုရားဘုရင်များအား သဟဇာတ နတ်ဘုရားအဆင့်အပေါ် ချင့်ချိန်တွေးဆနိုင်အောင် ခွင့်ပြုပေးနိုင်သော နိဗ္ဗာန်မြစ်အတွက်မူကား ထိုအရာမှာ သူနှင့် မည်သို့များ သက်ဆိုင်နေသနည်း။ ချီပင်းမှာ နတ်ဘုရားဘုရင်အဆင့် ၁ တွင်သာ ရှိသေးကာ သူမ၏ ကျင့်ကြံဆင့်ကိုပင် အခြေတည်အောင် မလုပ်ရသေးပေ။ သို့ဖြစ်ရာ နတ်ဘုရားဘုရင်အဆင့်ထက်မှ အဆင့်အတွက် ရှာဖွေရန် မလိုအပ်သေးပေ။
နတ်တာအိုသစ်သီးအတွက်မူကား ထိုအရာအား ရခဲ့လျှင်ပင် သူ့လက်စွပ်ထဲ သိမ်းလျှင်သိမ်း၊ မသိမ်းလျှင် လေလံပွဲတွင် ရောင်းရလိမ့်မည်ဟု မိုဝူကျိက ခံစားမိသည်။ ထို့အတူ ထိုဆုလာဘ်များအား နတ်ဘုရားကျောက် ပမာဏအများကြီးအတွက် ရောင်းယူနိုင်သည်မှာ မှန်သော်လည်း သူ အရမ်းကျော်ကြားသွားမည့် အဖြစ်ကိုလည်း စိုးရိမ်မိသည်။ အကယ်၍ သူသာ ၁၀ ယောက်မြောက် နေရာကို ရခဲ့ပါက သူသည် ၁၁ ယောက်မြောက် နေရာမှ လူကို အမျက်ထွက်စေလိမ့်မည်။ အကယ်၍ သူသာ ၅ ယောက်မြောက်နေရာကို ရခဲ့ပါက ၆ ယောက်မြောက်မှ ၁၁ ယောက်မြောက်အထိ ထိုနေရာများရှိလူများကို အမျက်ထွက်စေလိမ့်ဦးမည် ဖြစ်သည်။
သူ မိုဝူကျိသည် လူများအား အပြစ်ပြုအမျက်ထွက်စေမည်အား ဘယ်တုန်းကမှ မကြောက်ဖူးပေ။ အကယ်၍ ဤသည်မှာ သူ့ပုဂ္ဂိုလ်ရေးရာ အကျိုးကိစ္စနှင့် သူတန်ဖိုးထားသည့် အရာများနှင့် ပတ်သက်နေပါက သူသည် နတ်ဘုရားဘုရင်များနှင့် ဂိုဏ်းကြီးများအား အပြစ်ပြုရန် ဝန်မလေးပေ။ ယခင် စုရှီကို ကယ်ရန်အတွက် သူက များစွာသော ထိပ်သီးဂိုဏ်းများကို အပြစ်ပြုခဲ့သည်။ အင်မော်တယ်လောက၏ ကံကြမ္မာကို ကယ်ရန်အတွက် သူသည် သူနှင့်အလွှာခြားနေသည့် ပညာရှင် တစ်ယောက်အား အပြစ်ပြုရန်ပင် မကြောက်ခဲ့ပေ။ ကောင်းကင်လူသားဂိုဏ်းအတွက် သူသည် နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းနှင့် ဇာမဏီနတ်ဝိညာဉ်ပရဝဏ်မှ ဂိုဏ်းသား ၄၅ ယောက်ကို သတ်ဖြတ်ခဲ့သည်။ အဆုံးတွင် သူသည် နိဗာနတိတ်ဆိတ်မှု ပင်လယ်ကို ဖြတ်ကျော်ကာ နတ်ဘုရားကုန်းမြေသို့ ထွက်ပြေးရန် ဖိအားအပေးခံခဲ့ရသည်။
ဤအရာအားလုံးမှာ သူ၏ တာအိုအတွက် ဖြစ်၏။
အကယ်၍ အင်မတန် ရှားပါးထူးခြားသော ရတနာတချို့အတွက်ဆိုပါက သူသည် ယခုအခြေအနေတွင် လုံးဝလက်လျော့မည် မဟုတ်ပေ။ သို့သော် နတ်ဘုရားကျောက် အနည်းငယ်အတွက် ဂိုဏ်းများစွာ၊ အင်အားစုများစွာအား အပြစ်ပြုရမည်ဆိုလျှင်ကား ဤသည်မှာ တကယ် မထိုက်တန်လှပေ။ သူသည် အဆင့် ၅ နတ်ဆေးလုံးဘုရင် ဖြစ်သည်။ နတ်ဘုရားကျောက်များအား သူလိုချင်သည့်အချိန် ဘယ်ချိန်မဆို ရရှိနိုင်ပေသည်။ အဘယ်ကြောင့်များ သူများတွေကို အပြစ်ပြု အမျက်ထွက်စေကာ ပြဿနာတက်ရန် လိုသနည်း။ ကျော်ကြားမှုနှင့် ဂုဏ်သတင်းများအတွက်မူကား သူသည် ထိုအရာများအား ပို၍ပင် မလိုချင်သေးသည်။ သူ ကျင့်ကြံနေသည်မှာ လူသားတာအိုဖြစ်ကာ ကျော်ကြားမှုဆိုသည်မှာ မျောလွင့်နေသော တိမ်တစ်ခုလောက်သာ ကောင်းလေသည်။
မိုဝူကျိက အဖြူရောင် ကျောက်စိမ်းကျောက်စာတိုင်ပေါ်တွင် သူ့နာမည် နယ်လှည့်ကျင့်ကြံသူ၂၇၀၅ ကို ရေးထွင်းရန် တွေဝေမနေတော့ပေ။ ဝဲဂယက် အစီအရင်တံခါးတစ်ချပ် ပေါ်လာသည်။ မိုဝူကျိသည် ထိုတံခါးကို ဖြတ်၍ ရင်ပြင်ကျယ်ကြီးတစ်ခုဆီသို့ ရောက်ရှိသွားသည်။
သူ့ခြေထောက်နှင့် မြေကြီးနှင့် ထိမိသည့်အခိုက်၌ ပြတ်သားကျယ်လောင်သော အသံတစ်သံကို မိုဝူကျိက ကြားလိုက်ရသည်။
“စစ်ဆေးဆုံးဖြတ်မှုအချိန် ပြီးသွားပါပြီ။ မအောင်တဲ့သူတွေအားလုံးနဲ့ အထဲမှာရှိနေသေးတဲ့သူတွေအားလုံး အပယ်ခံရသည်”
စစ်ဆေးဆုံးဖြတ်မှုအချိန်က ပြီးသွားပြီတဲ့လား…
မိုဝူကျိရင်ထဲ အေးခဲသွားသည်။ အကယ်၍ သူသာ ဆက်လက်တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့ပါက သူအား စောင့်ကြိုနေမည်မှာ အမှတ်များမဟုတ်ဘဲ အပယ်ချခံရခြင်းဖြစ်မည့် အကြောင်းကို သူ ရုတ်တရက် တွေးမိသည်။
တကယ့်ကို ကပ်သီးလေးပါလား…
“မင်းရဲ့ကံက မဆိုးဘူးပဲ။ စစ်ဆေးဆုံးဖြတ်မှု မပြီးခင်လေးတင် မင်းက ၇ ခုမြောက် စစ်ဆေးမှုကို အောင်ခဲ့တယ်။ ဘယ်လိုလဲ… နောက်ဆုံးစစ်ဆေးမှုမှာ မင်း ဘယ်နှယောက်လောက် သုတ်သင်နိုင်ခဲ့လဲ”
ပျော်ရွှင်မြူးတူးနေသော အသံတစ်သံအား မိုဝူကျိ၏ နားတွင် ကြားလိုက်ရသည်။
စကားပြောနေသည့်တစ်ယောက်မှာ အသန့် အရမ်းကြိုက်ပုံပေါ်သော မျက်နှာဖြူဖြူနှင့်လူငယ်လေး ဖြစ်သည်။ သူ့ဆီမှ အမွှေးနံ့ခပ်ရေးရေးပင် ရနိုင်လေသည်။ အကယ်၍ ဤသည်မှာ ကမ္ဘာမြေပေါ်တွင်သာ ဖြစ်နေပါက ဤလူငယ်အား သူ့တစ်ကိုယ်လုံးအနှံ့ ရေမွှေးစွတ်ရသည်ကို ကြိုက်သော အလိုလိုက်ခံ သူဌေးသားတစ်ယောက်ဟု မိုဝူကျိက တွေးမိမည်ဖြစ်သည်။
မိုဝူကျိက ရယ်လိုက်ကာ
“ကျုပ် ၂ ရုပ်ပဲ သုတ်သင်ခဲ့တယ်။ ကျုပ် တကယ့်ကို ကပ်သီးလေး အောင်နိုင်ခဲ့တာဗျ။ တကယ်လို့ ကျုပ်သာ ဒီထက် နောက်ကျနေမယ်ဆို အပယ်ချခံရလောက်တယ်”
“ကြည့်ရတာ မင်းက ကံကောင်းတတ်တဲ့ပုံပဲ။ ငါ့နာမည်က လျန်လင်းယွင်၊ ဟဲကျန့်နတ်ဘုရားမြို့ကနေ လာခဲ့တာ”
မျက်နှာဖြူနှင့်လူငယ်က မိုဝူကျိ၏ ပုခုံးကို ပုတ်ကာ သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
“ကျုပ်နာမည်က မိုဝူကျိ… နယ်လှည့်ကျင့်ကြံသူ တစ်ယောက်ပါ။ ဒီလိုပဲ နေရာအနှံ့ လျှောက်သွားနေရင်းက ဒီမှာ ကျုပ်ရဲ့ကံကို လာစမ်းကြည့်တာပါ”
မိုဝူကျိက တုံ့ပြန်လိုက်သည်။
ဟဲကျန့်မြို့ကို သူသိသည်။ အကယ်၍ ချီပင်းကသာ လေပွေတောအုပ်ကို မပြောပြခဲ့ပါက သူက ဟဲကျန့်မြို့ဆီ သွားဖြစ်မည် ဖြစ်သည်။
လျန်လင်းယွင် ရင်ပြင်အလယ်မှ အစီအရင်ပိတ်ကားကို ညွှန်ပြကာ ပြောလိုက်သည်။
“ငါတို့ရဲ့ အဆင့်နေရာတွေကို လောလောဆယ် မမြင်နိုင်သေးဘူး။ အခုမှ အမှတ်တွေ တွက်နေတုန်းရယ်။ နည်းနည်းလောက် ကြာပြီးရင် ထိပ်ဆုံး အယောက် ၅၀၀ ကို ထုတ်ဖော်ပြလိမ့်မယ်။ မင်းက ဒီရင်ပြင်ဆီ ရောက်လာနိုင်တယ်ဆိုတော့ မဆိုးဘူးလို့ ပြောရမယ်။ စစ်ဆေးဆုံးဖြတ်မှုထဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့သူတွေက အယောက် တစ်သောင်း သုံးထောင်ကျော်ရှိတာကို ဒီမှာတော့ လူအယောက် နှစ်ထောင် တောင်မရှိဘူး”
မိုဝူကျိကလည်း ဤနေရာတွင် ခန့်မှန်းချေ လူအယောက် ၂၀၀၀ လောက်သာ ရှိမည်ဖြစ်ကြောင်း သတိပြုမိသည်။ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်သည် တပည့် ၅၀၀ လက်ခံမည် ဖြစ်လေရာ သူတွင် အရွေးချယ်ရခံနိုင်ချေ ၂၅ ရာခိုင်နှုန်းရှိသည်ဟု ဆိုလိုပေသည်။
လျန်လင်းယွင်မှာ သိသိသာသာပင် အလွန်စကားများသူ ဖြစ်၏။ သူက အရှေ့မှ လူတစ်စုအား လက်ညိုးထိုးညွှန်ပြပြီး ပြောလိုက်သည်။
“ဟိုမှာ ကြည့်လိုက်… အဲ့ဒီလူတွေက လက်ရွေးစင် ပြိုင်ပွဲဝင်တွေလေ။ အကျော်ကြားဆုံးကတော့ ကြယ်ဖုံးတောင်ရဲ့ ကျီဖေးယန်ပဲ။ အဲ့ကောင်က ထိပ်တန်း ပါရမီရှင်လေ။ ကောလာဟာလတွေ ကြားရတာတော့ သူက အဆင့် ၄ နတ်ဘုရားအစီအရင်ဆရာလည်း ဖြစ်၊ အဆင့် ၃ နတ်ဆေးလုံးဆရာလည်း ဖြစ်တဲ့အပြင် အလယ်အလတ်အဆင့် နတ်လက်နက် တန်ဆာကိုလည်း ပြုလုပ်နိုင်တယ်ဆိုပဲ။ တိုက်ခိုက်ရေး လမ်းကြောင်းမှာ ကောင်းကင်နတ်ဘုရားအဆင့် ၄ အရုပ်ကို သုတ်သင်ခဲ့တယ်လို့တောင် ပြောကြတယ်။
တကယ်လို့ ထူးထူးခြားခြား ဘာမှမဖြစ်သွားဘူးဆိုရင် သူက သေချာပေါက် အဆင့်(၁)နေရာကို ရလိမ့်မယ်။ သူ့ဘေးကလူက အောင်းမျိုးနွယ်ရဲ့ အောင်းရုံ… သူကလည်း တော်တော်လေး အထင်ကြီးစရာ ကောင်းတယ်…”
လျန်လင်းယွင်၏ မိတ်ဆက်မှုများဖြင့် မိုဝူကျိသည် လက်ရွေးစင် ပြိုင်ပွဲသူတချို့ကို သိလိုက်ရသည်။
ကြယ်ဖုံးတောင်၏ ကျီဖေးယန်၊ အောင်းမျိုးနွယ်၏ အောင်းရုံ၊ အစစ်အမှန် နတ်ဘုရားလမ်းစဉ်၏ လော့ရှန်းကျောင်း၊ ကျင့်ကြံသူများ အစုအရုံးအဖွဲ့၏ ရှုကျယ်နှင့် ကျီမျိုးနွယ်၏ ကျီကျိုးလင်…
...................
ဤရင်ပြင်ပေါ်ရှိ လူ၂၀၀၀ နှင့်ယှဉ်လျှင် နိဗ္ဗာန်တာအိုမြို့ရင်ပြင်တွင် လူများ ပို၍ပြည့်ကျပ်နေလေသည်။ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်၏ စစ်ဆေးဆုံးဖြတ်မှုက ပြီးသွားလေပြီ။ မကြာမီ ရလဒ်များကို ထုတ်ဖော် ကြေညာတော့မည် ဖြစ်သည်။
နဂိုမူလတုန်းက အဆင့်နေရာများကို ပြသနေသော အစီအရင်ပိတ်ကားမှာ ဗလာ မဟုတ်ပေ။ တရားဝင်အဆင့် နေရာများကို အတည်ပြုမည် ဖြစ်သည်။ အတည်ပြုပြီးနောက် ရလဒ်အမှန်များကို ပြသမည် ဖြစ်သည်။
လူတိုင်းက အစီအရင်ပိတ်ကားအား မျှော်လင့်တကြီး ကြည့်နေကြသည်။ သူတို့အားလုံးသည် မည်သူတွေက ထိပ်ဆုံး ၃ ယောက်ထဲပါကာ မည်သူတွေက ထိပ်ဆုံး ၁၀ ယောက်ထဲ ပါမည်ကို သိချင်နေကြသည်။
ထိပ်ဆုံး ၃ ယောက်၊ ၅ ယောက်နှင့် ၁၀ ယောက်ထဲတွင် ပါနိုင်ချေရှိသော ဂိုဏ်းများသည်ကား ပိတ်ကားကို စိတ်အားထက်သန်မှု အပြည့်ဖြင့် ကြည့်နေကြသည်။ အစောပိုင်း၌ အဆင့်မြင့်မြင့်နေရာများတွင် ရောက်နေသော တပည့်တချို့ရှိသော်လည်း တကယ့် အဆင့်နေရာများနှင့် အလွန်ခြားနားနေလိမ့်မည် ဖြစ်သည်။ အကြောင်းမှာ ခုနှစ်ခုမြောက်စစ်ဆေးမှု၏ရလဒ်များ မပါသေးသောကြောင့်ဖြစ်သည်။
နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်၏ စစ်ဆေးဆုံးဖြတ်မှုထဲတွင် စွယ်စုံရ အရည်အချင်းများ လိုအပ်သော်လည်း တိုက်ခိုက်စွမ်းရည်မှာ အများဆုံး အသိအမှတ်ပြုဆုံး ခံရဆဲသာ ဖြစ်သည်။
တိုက်ခိုက်ရေး စစ်ဆေးမှုကိုလည်း နောက်ဆုံးစစ်ဆေးမှုအဖြစ် ထားထားသည်မှာ ယှဉ်ပြိုင်သူများက အရုပ်များများ ပို၍ သုတ်သင်နိုင်သည့်အခါ အမှတ်များ ပိုရနိုင်စေရန် ဖြစ်သည်။
ဆိုလိုသည်မှာ အစောပိုင်းစစ်ဆေးမှုများတွင် အပယ်ချမခံရသရွေ့ အရမ်းသာ အစွမ်းထက် အားကောင်းနေပါက အဆင့်(၁)နေရာသို့ ရောက်ရန် အခွင့်အရေး ရှိသေးသည့် သဘောပင် ဖြစ်သည်။
မိုးကောင်းကင် နတ်ဘုရားဂိုဏ်း၏ တောင်သခင် လောင်ယုကလည်း အဖြူရောင်ပိတ်ကားကြီးအား စူးစူးစိုက်စိုက် ကြည့်နေသည်။ သူက မိုဝူကျိ တစ်ယောက် ထိပ်ဆုံး ၁၀ ယောက်ထဲဝင်ကာ နိဗ္ဗာန်မြစ်ထဲ ဝင်ရောက်ဖို့ အခွင့်အရေးကို ရရှိနိုင်ရန် စိတ်အားထက်သန်စွာ မျှော်လင့်မိသည်။
မိုးကောင်းကင် နတ်ဘုရားဂိုဏ်း၌ ပြီးပြည့်စုံခြင်းအဆင့် နတ်ဘုရား ဘုရင်တစ်ယောက် ရှိသည်။ ထိုသူမှာ ထိုအဆင့်ကို ကျော်လွှားရန်အတွက် တစ်လှမ်းလေးသာ လိုတော့သည်။ သို့သော် နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်အပြင် နတ်ဘုရားဘုရင်အဆင့်အထက်ရှိ စည်းမျဉ်းများအပေါ် ဆင်ခြင်တွေးတောနိုင်သည့် တခြားနေရာ ရှိပုံမပေါ်ချေ။
ထို့အပြင် နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်မှာ ဝင်ရောက်ရန် လွယ်ကူသောနေရာ မဟုတ်ပေ။ မိုးကောင်းကင် နတ်ဘုရားဂိုဏ်းက ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်နေသည့်အချက်ကိုသာ မကြည့်လေနှင့်။ နတ်ဘုရားကုန်းမြေမှ ထိပ်သီးဂိုဏ်းများပင်လျှင် နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်နှင့် ထိပ်တိုက် ရင်ဆိုင်မတွေ့ရဲပေ။
နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်သည် သဟဇာတအဆင့် နတ်ဘုရားပညာရှင်များနှင့် အင်အားစုတစ်ခု ဖြစ်သည်။ သဟဇာတနတ်ဘုရား တစ်ယောက်တည်းနှင့်ပင် ထိပ်သီးဂိုဏ်းတစ်ဂိုဏ်းလုံးကို အပြတ်ရှင်း အစဖျောက်ပစ်နိုင်လေ၏။
လောင်ယုဘေး၌ ရှိနေသည်မှာ မိုးကောင်းကင်နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်ရှင်းဝမ် ဖြစ်သည်။ ရှင်းဝမ်၏ မျက်နှာပေါ်တွင် ကြည့်ရဆိုးသော အမူအယာ ရှိနေသည်။ သူ သာမန်ကာလျှံကာချခဲ့သော ဆုံးဖြတ်ချက်တစ်ခုက ထိပ်တန်းပါရမီရှင်တစ်ယောက်အား ဆုံးရှုံးစေလိမ့်မည်ဟု လုံးဝမထင်မိခဲ့ပေ။ ယခုအချိန်မှ နောင်တရနေဖို့ အလွန်နောက်ကျသွားပြီ ဖြစ်သည်။ သူ မျှော်လင့်မိသည့် တစ်ခုတည်းသောအရာမှာ မိုဝူကျိ ထိပ်ဆုံး ၁၀ ယောက်ထဲဝင်ပြီး ချီခွန်းဖြစ်ဖြစ် ယွီလောဖြစ်ဖြစ်ကို မိုဝူကျိနှင့်သူတို့ဂိုဏ်းကြားမှ ဆက်ဆံရေးအား ပြန်ပြီးပြေလည်အောင် လုပ်ခိုင်းဖို့သာ ဖြစ်သည်။
တရားဝင်နေရာအဆင့်များ ထွက်မလာသေးသော်လည်း ရှင်းဝမ်သည် မိုးကောင်းကင်နတ်ဘုရားဂိုဏ်းမှ မည်သူမျှ ထိပ်ဆုံး ၁၀ ယောက်ထဲ မဝင်လောက်မှန်း အတပ်သိသည်။ သူတို့၏ အတော်ဆုံးတပည့် ဖြစ်သည့် ချန်ဟောင်ကျီသည် ထိပ်ဆုံး အယောက် ၆၀ ထဲသို့သာ ရောက်အောင် လုပ်နိုင်ခဲ့သည်။ အကယ်၍ ချန်ဟောင်ကျီသည် တိုက်ခိုက်ရာတွင် အင်မတန် လက်ရည်ထက်နေလျှင်ပင် ထိပ်ဆုံး ၁၀ ယောက်ထဲ ဝင်နိုင်လောက်ဦးမည် မဟုတ်ချေ။
ဤအချိန်၌ စုံစမ်းရန် ထွက်သွားသော ချီခွန်းက ပြန်ရောက်လာသည်။ သူက ရှင်းဝမ်နှင့်လောင်ယုတို့၏ ဘေးတွင် ဆင်းသက်လိုက်သည်။
ချီခွန်း ဘာမှမပြောနိုင်ခင် ရှင်းဝမ်က စိတ်ပူစွာ မေးလိုက်သည်။
“မိုဝူကျိ အပယ်ခံလိုက်ရပြီလား”
ချီခွန်းက သုန်မှုန်သောအမူအယာဖြင့် ခေါင်းခါလိုက်သည်။
“သူ အပြင်ထွက်မလာဘူး။ အစောပိုင်းတုန်းက မိုဝူကျိရဲ့အမှတ်က(၄၁၂.၅)ဖြစ်နေတာ… အဲ့ဒါမှာလည်း ဘာမှ ပြောင်းလဲသွားတာ မရှိဘူး”
“(၄၁၂.၅)မှတ်… သူ့အမှတ်က ပြောင်းမသွားဘူး… ဒါပေမဲ့ အပြင်ကျတော့လည်း ထွက်မလာဘူး…”
ရှင်းဝမ်က သူ့ဘာသာသူ တိုးတီးရေရွတ်လိုက်ကာ ဘာမှဆက်မပြောတော့ချေ။
ချီခွန်း ဘာတွေးနေသည်ကို သူသိသည်။ ချီခွန်းက မိုဝူကျိ သေသွားလောက်ပြီဟု တွေးနေခြင်း ဖြစ်မည်။ အမှန်တကယ်၌ သူလည်း ထိုသို့ တွေးမိသည်။ သို့မဟုတ်ပါက မိုဝူကျိသည် ခြောက်ခုမြောက်စစ်ဆေးမှုတွင် အမှတ်မရဘဲနေလိမ့်မည် မဟုတ်ချေ။
“ဟူး… ထားလိုက်ပါတော့။ အဲ့ဒီမိုဝူကျိက လျို့ဝှက်ပညာရပ်တစ်ခုပဲ သိတာလေ။ တိုက်ပွဲမှာ သူ အသတ်ခံရနိုင်တာ ပုံမှန်ပါပဲ”
မိုးကောင်းကင်နတ်ဘုရား၏ တခြားအကြီးအကဲတစ်ယောက်က ပြောလိုက်သည်။
လက်ဝဲ မိုးကောင်းကင်တောင်သခင် လောင်ယုကို ခေါင်းခါလိုက်ကာ
“တိုက်ခိုက်ရေး စစ်ဆေးမှုမှာ မဟုတ်ဘူး။ မိုဝူကျိရဲ့အမှတ် မပြောင်းတော့တာ လျို့ဝှက်ပညာရပ် စစ်ဆေးမှုကတည်းက။ ဒါပေမဲ့ နည်းလမ်းကျကျပြောရရင် လျို့ဝှက်ပညာရပ် စစ်ဆေးမှုက အသက်အန္တရာယ် စိုးရိမ်စရာ မရှိဘူး မဟုတ်လား”
ရှင်းဝမ်က လေးလေးနက်နက် ပြောလိုက်သည်။
“အဲ့လိုတော့လည်း ပြောလို့မရဘူး။ ဒီတစ်ခေါက် စစ်ဆေးဆုံးဖြတ်မှုမှာ ပြောင်းလဲထားတာတွေ အများကြီးရှိတယ်။ ကိစ္စတော်တော်များများက ကျုပ်တို့သိထားတာနဲ့ မတူတော့ဘူး”
“အဆင့်တွေ ထွက်လာပြီ။ မြန်မြန်… ကြည့်ကြည့်လိုက်”
စူးရှရှအော်သံက ရင်ပြင်တစ်ခွင်လုံး ပျံ့လွင့်သွားသည်။
အမှန်ပင်… အဆင့်(၁)နေရာက အစီအရင် ပိတ်ကားကြီးပေါ်တွင် ပေါ်လာလေပြီ။
***