← Chapters

ဘယ်လ်တာရဲ့အလှည့်

Vol. 1 Ch. 8

ဘယ်လ်တာရဲ့အလှည့်

Vol. 1 Ch. 8

အခန်း (၈) ဘယ်လ်တာရဲ့အလှည့်

https://mmxianxia.com/wp-content/uploads/2023/09/FB_IMG_1693964347184-478x1024.jpg

ဟန်ရှောင်း အစောင့်၏ ဝတ်စုံကို လဲဝတ်လိုက်ပြီး လင်ဝေရှန်း၏ ဓါတ်ခွဲခန်းထဲမှ ထွက်လာသည်။

သူ့ကို လင်ဝေရှန်းဆီသို့ ခေါ်ဆောင်သွားသည်ကို လူများသိထားကြ၍ ရုပ်ဖျက်ရန် လိုအပ်ပေသည်။ စခန်းထဲတွင် သူသတိထားရမည့်သူ ၄ယောက်သာရှိသည် - ဟီလာ၊ နံပါတ်(၁)၊ လင်ဝေရှန်းနှင့် ဘယ်လ်တာတို့ဖြစ်သည်။ ဟီလာနှင့် နံပါတ်(၁)တို့က စခန်းထဲမှ ထွက်သွားပြီဖြစ်ပြီး၊ လင်ဝေရှန်းကလည်း စိတ်ပူစရာ မလိုတော့သည်ကြောင့် ဘယ်လ်တာနဲ့ မတွေ့သရွေ့ ဟန်ရှောင်း၏ လွတ်မြောက်မှုသည် ချောချောချူချူ ဖြစ်သွား‌ပေလိမ့်မည်။

မိန်းဂိတ်သည် အထူ ၁မီတာရှိသော စတီးတံခါးကြီးဖြစ်ပြီး စခန်းတွင်းရှိ ပေါက်ကွဲစေနိုင်သော လက်နက်အားလုံးနှင့် ပစ်ခတ်လျှင်ပင် မကျိုးပေါက်နိုင်ပါ။ လွတ်မြောက်ရန် တစ်ခုတည်းသောနည်းလမ်းမှာ သောဖွင့်၍ ထွက်ခြင်းသာဖြစ်ပြီး လူ၃ယောက်သာ ထိုသော့ကို ကိုင်ဆောင်ထားသည်။ ထိုထဲမှ ၁ယောက်မှာ လင်ဝေရှန်းဖြစ်၍ ဟန်ရှောင်းက ထိုသော့ကို ရထားပြီးဖြစ်သည်။

သို့သော်လည်း၊ မိန်းဂိတ်တွင် အစောင့်အကြပ် ထူထပ်စွာ ချထားပြီး၊ လူတိုင်းကလည်း မည်သူတွေ သော့ကိုင်ဆောင်ထားသည်ကို သိကြ၍ တည့်တိုးကြီး ထွက်ပြေး၍ မရ‌နိုင်ချေ။

ဟန်ရှောင်းသာ မိန်းဂိတ်တွင် ထွက်ပေါ်လာလျှင် စက္ကန့်ပိုင်းအတွင်း လက်နက်ပေါင်းများစွာဖြင့် အပစ်ခံရနိုင်သည်။ ကျည်ဆံ၁တောင့်သည် ထိခိုက်နိုင်မှု ၁၀သာရှိသော်လည်း၊ အားလုံးစုပေါင်းလိုက်လျှင်မူ ၁စက္ကန့်မျှခံနိုင်လျှင်တောင် ကံကောင်း၏။

'အင်းးးး ဒီတိုင်းသွားလို့တော့ မရဘူး၊ အကြံတစ်ခုခု ထုတ်မှရမယ်။"

ဟန်ရှောင်းတွေးမိသည်။

ဟန်ရှောင်း၏ အကြံအစည်က အချိန်နာရီ အနည်းငယ်ရရန် အစောင့်များအကြားရှိ အဆက်အသွယ်ကို ဖြတ်တောက်ပစ်ရန်ဖြစ်သည်။ ဤသည်မှာ ဘေးအကင်းဆုံး နည်းလမ်းဖြစ်သည်။

စက်ပြင်ခန်းက ဟန်ရှောင်း၏ မြင်ကွင်းထဲ ပေါ်လာသည့်အချိန်တွင် ဘေးတစ်ဖက်သို့ ဆွဲခေါ်ခြင်းခံလိုက်ရ၏။ ထိတ်လန့်စရာကောင်းသည်က ဆွဲခေါ်သွားသည့်သူမှာ ဘယ်လ်တာပင်ဖြစ်သည်။

‘ငါဘာလို့ ဒီလောက်တောင် ကံဆိုးတာလဲ’ တိတ်တဆိတ် ညည်းတွားလိုက်သည်။

“မင်းက ဘယ်တပ်ဖွဲ့ကလဲ” ဘယ်လ်တာက မေးသည်။

“ငါမင်းကို ဘာလို့ တစ်ခါမှ မမြင်ဖူးတာလဲ။”

ဟန်ရှောင်းက ခေါင်းကိုငုံ၍ ဦးထုပ်ကို နှိမ့်ချထား၏။

“ကျွန်တော်က လူသစ်တစ်ယောက်ပါ။ အဖွဲ့ ၂ကပါ။”

“ငါကဘာလို့ လူသစ်ဝင်လာတာကို မသိရတာလဲ။ နေစမ်းပါဦး၊ မင်းအသံက ကြားဖူးနေသလိုပဲ။ ခေါင်းမော့ပြီး မင်းမျက်နှာ ပြစမ်း။”

ဟန်ရှောင်းက ဘယ်လ်တာသည် သူ၏ သေနတ်ဆီသို့ လက်လှမ်းနေသည်ကို တွေ့လိုက်ရသည်။ အစောင့်၃ယောက်သည်လည်း တစ်ခုခုလွဲနေသည်ကို သတိထားမိ၏။

‘ငါဘာလုပ်ရမလဲ’

အကယ်၍ ဟန်ရှောင်းမှန်းသာ ပေါ်သွားပါက ဘယ်လ်တာသည် အစောင့်များကို စေလွှတ်ပြီး လင်ဝေရှန်းကို သွားကြည့်ခိုင်းလိမ့်မည်။ အဲဒီလိုသာဆိုလျှင် ဒုက္ခများပေလိမ့်မည်။

“ဒါက ပြဿနာပဲ၊ ငါက ဒုတိယအစီအစဉ်နဲ့ မသွားချင်ပါဘူး။”

ဟန်ရှောင်းက တီးတိုးပြောလိုက်သည်။

“မင်းဘာပြောတာလဲ။”

ရုတ်တရက်၊ ဟန်ရှောင်းက ခေါင်းမော့လိုက်ကာ သူ့မျက်နှာကို ဖော်ပြလိုက်သည်။

“ငါအမြဲတမ်း မင်းကိုပြောချင်နေတာ ရှိတယ်။ စိတ်ဆရာဝန်နဲ့ သွားပြလိုက် စောက်ရူးကောင်ရဲ့။”

“ဇီးရိုး...!!!”

ဘယ်လ်တာ ဇဝေဇဝါဖြစ်နေသည်ကို အခွင့်ကောင်းယူပြီး ဓါးဖြင့် ရင်ဘတ်ကို ထိုးလိုက်သည်။

ကံမကောင်းစွာဖြင့်၊ ဘယ်လ်တာက အလိုအလျောက် ‌ရှောင်လိုက်ရာ၊ ဓါးက မေးစေ့ကိုသာ ရှပ်ထိသွားသည်။

“ပစ်”

အစောင့်၃ယောက်လည်း အလျှင်အမြန် သေနတ်ကို ဆွဲထုတ်လိုက်ကြသည်။ ကံဆိုးချင်တော့၊ သူတို့က ဟန်ရှောင်းနှင့် အလွန်နီးကပ်နေပြီး သူတို့မပစ်နိုင်ခင် ဟန်ရှောင်းက အစောင့်များအနား ကပ်သွားနိုင်ခဲ့သည်။ အနီးဆုံးအစောင့်တစ်ယောက်၏ မျက်နှာကို လက်သီးနှင့်ထိုးချလိုက်သည်။

-၄၈

ထိုးချက်က ‌အစောင့်ကို သူ၏ အဖွဲ့ဝင်များဆီသို့ နောက်ပြန်လွင့်သွားစေသည်။

ဟန်ရှောင်းသည် အံကြိတ်လိုက်ပြီး လှည့်ထွက်ကာ စက်ပြင်ခန်းအတွင်းသို့ ပြေးဝင်သွားသည်။

ဘယ်လ်တာ၏ မျက်နှာသည်လည်း မေးစေ့ကို စမ်းကြည့်ပြီး မည်းမှောင်သွားသည်။ ဟန်ရှောင်းနောက်မှ ပြေးလိုက်နေရင်း သူ၏ကော်လာပေါ်ရှိ အသံလွင့်စက်မှ အော်လိုက်သည်။

“အေးဂျင့်အကုန်လုံး နားထောင်ကြ။ ဒုတိယထပ်က စက်ပြင်ခန်းကို အခုချက်ချင်း လာခဲ့၊ စမ်းသပ်ခံ ဇီးရိုး ပုန်ကန်နေပြီ။”

ကြားလိုက်ရသော အစောင့်များအားလုံး အံ့အားသင့်သွားကြသည်။

“ဇီးရိုးလား.... ပုန်ကန်တယ်... သေချာလို့လား။”

“သူက ဦးနှောက်ဆေးခံထားရတာ မဟုတ်လား။”

“ဒါက လေ့ကျင့်မှုတစ်ခုလား။”

“မင်းက ငတုံးလား။ သေနတ်သံ မကြားလိုက်ဘူးလား။”

ဟန်ရှောင်းသည် ဘယ်လ်တာ၏ သေနတ်ပစ်ချက်များအကြားတွင် ထူးဆန်းစွာပင် တည်ငြိမ်နေသည်။ သူ၏ဦးနှောက်က ပတ်ဝန်းကျင်ရှိ အပြောင်းအလဲများနှင့် အချက်အလက်များကို တွက်ချက်နေပြီး၊ သူ၏ရှေ့ရှိမြင်ကွင်းမှာ အံ့အားသင့်ဖွယ် ပြောင်းလဲသွားသည်။ ဟန်ရှောင်းပတ်ဝန်းကျင်ရှိ မြင်ကွင်းသည် 3D မျဥ်းကြောင်းများအဖြစ် ပြောင်းလဲသွားကာ သူ၏ စိတ်ထဲတွင် ရှုပ်ထွေးနေသော အရာအားလုံးကို တစ်ခုချင်း စစ်ထုတ်သလိုပင် - အရာအားလုံးကို ရှင်းလင်းစွာ မြင်နေရသည်။ တစ်နည်းအားဖြင့်၊ သူ၏ ဦးနှောက်လုပ်ဆောင်ချက်များ အမြင့်ဆုံးရောက်သွားသည့် စိတ်အခြေအနေသို့ ဝင်ရောက်သွားသည်။

“စက်ပြင်ခန်းကိုရောက်ဖို့ ၂.၀စက္ကန့် ၊ ဘယ်လ်တာကဖမ်းမိနိုင်တာ ၃.၇စက္ကန့်၊ အစောင့်၃ယောက်က နောက်ထပ် ၄.၂စက္ကန့်အတွင်း ဘာမှမလုပ်နိုင်သေးဘူး။ အကြမ်းဖျင်း စစ်ကူတွေရောက်ဖို့ စက္ကန့်၃၀...”

ဟန်ရှောင်သည် ယခင်က မရေမတွက်နိုင်သော တိုက်ပွဲများ ကြုံခဲ့ဖူးသည်။ ထိုအရာတွေအားလုံးက ဂိမ်းထဲတွင် ဖြစ်သော်လည်း၊ အတွေ့အကြုံများ ဖြစ်နေသေးသည်သာ။ ထိုအတွေ့အကြုံများကပင် သူ့ကို ဤသို့သော အထူးအခြေအနေသို့ ရောက်ရှိစေနိုင်သည်။

ဟန်ရှောင်း ပုံမှန်မဟုတ်သော ပုံစံများဖြင့် ပြေးလွှားကာ ကျည်ဆံများကို ရှောင်လိုက်သည်။

"စိတ်ဝင်စားစရာပဲ။ ကစားစရာလေးက ခုခံချင်တယ်ပေါ့။"

ရူးသွပ်နေသော ဘယ်လ်တာက သဘောကျနေသည်။

"မင်းက တောင်းဆိုနေတော့လည်း...”

ဘယ်လ်တာသည် လက်ရွေးစင်အေးဂျင့်တစ်ယောက်ဖြစ်ပြီး နှစ်ပေါင်း၂၀ကျော် အတွေ့အကြုံရှိသည်။ ဟန်ရှောင်း၏ သင်ယူနိုင်စွမ်းသည် မည်မျှပင်ကြောက်စရာကောင်းကောင်း၊ သူက ၆လသာ လေ့ကျင့်ရသေးသည်။ ဘယ်လ်တာအတွက်တော့ နောက်ဆုံးရလဒ်က ဆုံးဖြတ်ပြီးသားဖြစ်နေသည်။

ဟန်ရှောင်းသည် စက်ပြင်ခန်းဆီသို့ နီးကပ်လာသည်နှင့် အတွင်းသို့ ခုန်ဝင်လိုက်ပြီး တံခါးကို သော့ပိတ်လိုက်သည်။

ဘယ်လ်တာက အရူးတစ်ယောက်လို ရယ်မောရင်း ခဏရပ်ကာ ကျည်ပြန်ဖြည့်နေသည်။

"အခန်းထဲမှာ ပုန်းနေတာလား၊ မင်းကံကို မင်းသတ်မှတ်ပြီးပြီပဲ။"

ရုတ်တရက်၊ တံခါးသည် ဘယ်ကပေါ်ထွက်လာမှန်း မသိသော ကြီးမားသည့် ယန္တရားလက်ကြီးကြောင့် အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲထွက်သွားသည်။ ထိုလက်ကြီးက ဘယ်လ်တာ၏ ရင်ဘတ်ကို ရိုက်ချလိုက်သည်။

-၉၅

ဘယ်လ်တာတစ်ယောက် နံရံဆီသို့ လွင့်ပျံထွက်သွားပြီး ရိုက်ချက်ကြောင့် နံရိုး ၄-၅ချောင်းလည်း ကျိုးသွားသည်။ မတ်တပ်ပြန်ရပ်ပြီးနောက်၊ သွေးတစ်လုတ်အံလိုက်ကာ ဟန်ရှောင်းကို မယုံနိုင်စရာကောင်းသလို ကြည့်နေမိသည်။

"ဒါက ဘာကြီးလဲ။" ဘယ်လ်တာက မီးခိုးငွေ့များ ဖုံးလွှမ်းနေသည့် ယန္တရားလက်ကြီးကို စိုက်ကြည့်နေသည်။

အစောင့်၃ယောက်က သေနတ်ဖြင့်ပစ်ရန် လက်ကိုမြောက်လိုက်သော်လည်း ဟန်ရှောင်းက ခြေတစ်လှမ်း ပိုမြန်နေသည်။ ညာဘက်လက်က အဆင့်မြှင့်တင်ထားသော 73-WASPကို ‌ဆွဲထုတ်ကာ ၂ချက်ဆက်တိုက် ပစ်ချလိုက်သည်။

သူ၏ ကျွမ်းကျင်မှုစွမ်းရည်နှင့် လက်စွမ်းမှရသော ပစ်မှတ်တိကျခြင်းဘောနပ်စ်ကြောင့် ဟန်ရှောင်း၏ ပစ်ခတ်နိုင်စွမ်းသည် အလွန်ထိတ်လန့်စရာ ကောင်းနေသည်။ ကျည်ဆံတစ်တောင့်ချင်းစီက အစောင့်တစ်ယောက်ချင်၏ လည်ပင်းကို တိတိကျကျ ထိမှန်သွားသည်။

တတိယအစောင့်က သေနတ်ဖြင့် ပစ်လိုက်သော်လည်း ဟန်ရှောင်းက ယန္တရားလက်ကို မြှောက်၍ ကာလိုက်သည်။

ကလန်

ကျည်ဆံက ပြန်လွင့်ထွက်သွားသည်။

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

အပေါ့စား ယန္တရားလက် (ဘယ်ဘက်) ခိုင်ခံ့မှု ၈မှတ် ဆုံးရှုံးပါသည်။

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

ဟန်ရှောင်း နောက်တစ်ချက် ပစ်လိုက်သည်။အစောင့်သည် မယုံကြည်နိုင်သလိုကြည့်ပြီး ဒူးထောက်ကျသွားသည်။

ကော်ရစ်ဒါက တိတ်ဆိတ်သွားပြီး၊ ဟန်ရှောင်းနှင့် ဘယ်လ်တာက ထိပ်တိုက်တွေ့နေသည်။

"အနီးဆုံးအစောင့် ရောက်လာဖို့ နောက်ထပ်စက္ကန့်၃၀ ကြာမယ်။"

ဟန်ရှောင်း တွက်လိုက်သည်။

ဟန်ရှောင်းက သူ၏ယန္တရားလက်ကို ဝှေ့ယမ်းကာ မထီမဲ့မြင်ပုံစံမျိုးဖြင့်

"ဓါးချက် ၄၂၀အတွက် မင်းလည်ပင်းကို ငါ့လက်နဲ့ တကယ်ကြီးကို ဆွဲဖြဲပစ်ချင်တယ်။"

ဘယ်လ်တာက သွေးများကိုထွေးထုတ်လိုက်ပြီး အေးစက်စက် ရယ်မောလိုက်ကာ၊ ဖိနပ်အတွင်းမှ ဝှက်ထားသော ဓါးမြောင်ကို ဆွဲထုတ်လိုက်သည်။

"တော်တော်ကောင်းတဲ့ ထိုးချက်ပဲ၊ ဒါပေမယ့် ဒီအမှိုက်တွေနဲ့ မင်းငါ့ကို မနိုင်နိုင်သေးဘူး။"

"ကြည့်ကြတာပေါ့။"

"စက္ကန့်၃၀အတွင်း ငါမင်းကို ၁၀ခါပြန်လောက် သတ်လို့ရတယ်ကွ။"

ဘယ်လ်တာက ဟိန်းဟောက်လိုက်ပြီး ရုတ်တရက် ရှေ့သို့ ခုန်အုပ်လိုက်သည်။

ဟန်ရှောင်းသည်လည်း သူနှင့်ရင်ဆိုင်ရန် ရှေ့တက်လာသည်။ဘယ်လ်တာ၏ဓါးနှင့် ဟန်ရှောင်း၏ ယန္တရားလက်တို့ ရင်ဆိုင်အတွေ့တွင် မီးများပွင့်သွားသည်။

တစ်ယောက်နှင့်တစ်ယောက် ဖြတ်ကျော်အသွားတွင် ဘယ်လ်တာက ငုံ့လိုက်ပြီး ဟန်ရှောင်း၏ဒူးကို ခြေထောက်နှင့် ဖြတ်ကန်လိုက်သည်။ ရန်သူတစ်ယောက်ကို နောက်ကျောဘက်မှ လဲကျအောင်လုပ်ခြင်းသည် အလွန်ထိရောက်မှုရှိသော နည်းစနစ်ဖြစ်ကြောင်း ဟီလာထံမှ ဟန်ရှောင်း သင်ယူခဲ့ရသည်။ ဘယ်လ်တာအတွက် ကံမကောင်းချင်တော့ ဟန်ရှောင်းက ထိုအကွက်ကို မျှော်လင့်ထားပြီးဖြစ်သည်။ စူပါလူသားနှင့် ဆင်သည့် တုန့်ပြန်မှုဖြင့်၊ ဟန်ရှောင်းက သူ၏ယန္တရားလက်နှင့် ဘယ်လ်တာ၏ခြေထောက်ကို လွှဲရိုက်လိုက်သည်။ရိုက်ချက်ကြောင့် ဘယ်လ်တာ၏ ခြေထောက်ကျိုးသွားပြီး ကြမ်းပြင်ပေါ်သို့ ခွေခွေလေး ပြုတ်ကျသွားသည်။

-၈၇

ယန္တရားလက်တွင် ပါဝါ ၃၈ ရှိသည်။ ဟန်ရှောင်း၏ ကိုယ်ပိုင် စွမ်းအားနှင့် ထပ်ပေါင်းပါက၊ ဤရိုက်ချက်သည် အဆင့် E စူပါလူသားနှင့် ညီမျှသည်။ ဟန်ရှောင်း၏ ထိခိုက်နိုင်စွမ်းက ၂ဆ ခုန်တက်သွားခြင်းပင်။

ဟန်ရှောင်းက ဘယ်လ်တာတွင် သွေးအမှတ် ၃၀၀ ရှိလိမ့်မည်ဟု ခန့်မှန်းထားသည်။ ရှေ့မှထိုးချက်နှင့် ပေါင်းလိုက်ပါက၊ သူသည် သွေးအမှတ် တစ်ဝက်လောက်သာ ကျန်တော့ပေမည်။

ဘယ်လ်တာသည် တကယ်တမ်းတွင်လည်း အလွန်အမင်း အားနည်းသွားပြီဖြစ်သည်။ သို့သော်လည်း၊ နာကျင်မှုကို တောင့်ခံရင်း၊ ဆက်လက်တိုက်ခိုက်နေသည်။ ကံမကောင်းစွာဖြင့် သူ၏ လှုပ်ရှားမှုများသည် နှေးကွေးလာပြီးနောက်၊ ဟန်ရှောင်းက သု၏လက်ကို အလွယ်တကူပင် ဖမ်းချုပ်လိုက်သည်။

"မဖြစ်နိုင်ဘူး... ငါဘယ်လိုလုပ်... မင်း..."

ဘယ်လ်တာက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ယန္တရားလက်ထဲမှ လွတ်မြောက်အောင် ကြိုးစားနေသည်။

ရုတ်တရက်၊ ဟန်ရှောင်းက ယန္တရားလက်ဖြင့် သူ၏ခေါင်းကိုကိုင်ကာ နံရံနှင့် ရိုက်ချလိုက်တော့သည်။

ဘယ်လ်တာ မရှိတော့ပေ။

"ဆောရီးပဲ၊ ငါလိမ်ခဲ့တာ။ မင်းလည်ပင်းကို ဆွဲမဖြဲခဲ့ဘူး။ မင်းဘာလို့ မထလာတာလဲ၊ ငါသေချာလုပ်လို့ရတာပေါ့။"

ဘယ်လ်တာက ပြန်မဖြေနိုင်တော့ဘူး မဟုတ်လား။

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

သင် ဗယ်ခရီဓါတ်ခွဲခန်း၏ လက်ထောက်ကွန်မန်ဒါ ဘယ်လ်တာကို သတ်ဖြတ်ခဲ့သည်။

အတွေ့အကြုံအမှတ် ၁၅၀၀ ရရှိပါသည်။

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

All Chapters