← Chapters

ပြင်းထန်သောတိုက်ပွဲ

Vol. 1 Ch. 9

ပြင်းထန်သောတိုက်ပွဲ

Vol. 1 Ch. 9

အခန်း (၉) ပြင်းထန်သောတိုက်ပွဲ

https://mmxianxia.com/wp-content/uploads/2023/09/FB_IMG_1693964759454-315x1024.jpg

တပ်ဖွဲ့ ၁ နှင့် တပ်ဖွဲ့ ၂ တို့သည် ထိတ်လန့်ဖွယ်ကောင်းနေသော ဒုတိယထပ်သို့ ရောက်လာကြသည်။

"လက်ထောက်ကွန်မန်ဒါ ဘယ်လ်တာ အသတ်ခံလိုက်ရပြီလား။"

"ဒီမှာ ဘာတွေဖြစ်ခဲ့တာလဲ။"

"ရန်သူက ဘယ်မှာလဲ။"

"စောင့်ကြည့်ရေးအခန်းက ဘာလို့မတုန့်ပြန်တာလဲ။"

"ပရော်ဖက်ဆာ လင်ဝေရှန်းကို ချက်ချင်းအကြောင်းကြားကြ။"

"တပ်ဖွဲ့ ၃က ပရော်ဖက်ဆာ လင်ဝေရှန်းရဲ့ အလောင်းကို တွေ့တယ်တဲ့။"

"အို ဘုရားသခင်..."

အစောင့်များအားလုံး ကြောက်ရွံ့စွာဖြင့် ပင့်သက်ရှိုက်လိုက်ကြသည်။ ဒါတွေအကုန်လုံးကို ဇီးရိုးတစ်ယောက်တည်း လုပ်ခဲ့တာလား။ ကွန်မန်ဒါတွေအကုန်လုံးလည်း အပြင်ထွက်တဲ့သူထွက် သေတဲ့သူသေကုန်ပြီ။

ထိုအချိန်တွင် သူတို့ကို အမိန့်ပေးမည့်သူ တစ်ယောက်မှမရှိတော့မှန်း သတိပြုမိသွားသည်။

"သူက ဦးနှောက်ဆေးခံထားရပြီးပြီ မဟုတ်ဘူးလား၊ သူက အစကတည်းက အစီအစဉ် ချထားခဲ့တာလား။"

ထိုအတွေးက သူတို့၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားစေသည်။

ဟန်ရှောင်းက သူတို့ကို အချိန်မရွေး သတ်လို့ ရခဲ့တာပဲ။

"ဘာမှကြောက်မနေကြနဲ့၊ ဒါက ရန်သူတစ်ယောက်တည်းပဲ။ စခန်းတစ်ခုလုံး ရှင်းလင်းရေးလုပ်ကြတာပေါ့။ ပစ်သင့်ရင်ပစ်လိုက်။

အဖွဲ့ ၁ က လက်နက်တိုက်ကိုသွားမယ်၊ အဖွဲ့ ၂ စောင့်ကြည့်ရေးအခန်းကို စစ်ဆေးကြည့်၊ အဖွဲ့ ၃ ဓါတ်ခွဲခန်းကို ကာကွယ်ထား၊ အဖွဲ့ ၄ မိန်းဂိတ်ကို အားဖြည့်ပေးလိုက်။

တကယ်လို့ ဇီးရိုးက လွတ်ချင်တယ်ဆိုရင် အဲဒီကိုသွားမှာပဲ။

အခု သွားကြတော့။"

အဖွဲ့ ၁ ခေါင်းဆောင်က ဦးဆောင်ကာ အမိန့်ပေးလိုက်သည်။စခန်းတွင် အစောင့်တပ်သားပေါင်း ၆၀ရှိပြီး၊ အဖွဲ့ ၄ဖွဲ့ ခွဲထား၏။ ပုံမှန်အားဖြင့် လူခွဲကာနေကြသော်လည်း၊ အခုအချိန်သည် အရေးပေါ်အခြေအနေဖြစ်သည်။

ကံမကောင်းစွာဖြင့် ဟန်ရှောင်းသည် သူတို့ကို စာအုပ်တစ်အုပ်ကဲ့သို့ ဖတ်ထားပြီးဖြစ်သည်။

ဝုန်း

အပေါ်မှ ကျယ်လောင်သောပြိုလဲသံကြီးကို ကြားလိုက်ရပြီး စခန်းတစ်ခုလုံး တုန်ခါသွားသည်။

"ဘာတွေဖြစ်နေတာလဲ"

ထိတ်လန့်နေသော အဖွဲ့ ၁ ခေါင်းဆောင်က စကားပြောစက်မှတစ်ဆင့် မေးလိုက်သည်။

သေနတ်ပစ်သံများနှင့် ထိတ်လန့်တကြား အော်ဟစ်‌နေသံများကို အခြားတစ်ဖက်မှ ကြားနေရသည်။

"အဖွဲ့ ၃ ဓါတ်ခွဲခန်းမှာ ရန်သူနဲ့ တွေ့နေတယ်၊ ထပ်ပြောမယ်၊

အဖွဲ့ ၃ ဓါတ်ခွဲခန်းမှာ ရန်သူနဲ့ တွေ့နေတယ်။

သေစမ်းကွာ၊ ဇီးရိုးက ဓါတ်ခွဲခန်းကို လက်ပစ်ဗုံးနဲ့ပစ်တာ မီးလောင်နေပြီ။"

"သူ ဘယ်နေရာက လက်ပစ်ဗုံးရသွားတာလဲ။"

အဖွဲ ၁ ခေါင်းဆောင်သည် ဒေါသလည်းထွက်နေသလို၊ တုန်လှုပ်နေမိသည်။ သူ၏အဖွဲ့သည် လက်နက်တိုက်ရှေ့တွင် ကင်းစောင့်နေပြီး၊ တစ်ချိန်လုံး မည်သူ့ကိုမျှ မတွေ့ပေ။

"စစ်ကူ ချက်ချင်းလွှတ်လိုက်၊ ဘယ်အဖွဲ့က အနီးဆုံးလဲ။"

"အဖွဲ့ ၂ကလည်း တတိယထပ်မှာ၊ စောင့်ကြည့်ရေးအခန်းလည်း အရှင်းခံလိုက်ရပြီ။ ငါတို့အခု လာခဲ့မယ်။"

တတိယထပ်တွင်၊ ဟန်ရှောင်းသည် မီးလောင်နေသော ဓါတ်ခွဲခန်းအနီးရှိ ထောင့်တစ်ခုတွင် ပုန်းအောင်းနေသည်။ သူသည် လက်ပစ်ဗုံး ၃လုံးကို သုံးကာ ဓါတ်ခွဲခန်းကို မီးရှို့ခဲ့သည်။ ယခုအချိန်တွင် အဖွဲ့ ၃မှာ ‌အစောင့် တစ်ဒါဇင်ခန့်သည် ဟန်ရှောင်းရှိနေသည်ဟု သံသယရှိပြီး ရှေ့သို့တက်လာသည်။

ဘယ်လ်တာနှင့် တိုက်ပွဲ ပြီးသွားပြီးနောက်၊ ဟန်ရှောင်းသည် မိန်းဂိတ်သို့ တန်းသွားမည့်အစား တတိယထပ်သို့ ပြန်ဆင်းသွားသည်။ အစောင့်များက စခန်းကို တစ်ထပ်ချင်းရှင်းမည်ဖြစ်ကြောင်း ခန့်မှန်းထားပြီးဖြစ်သည်။

သူစီစဉ်ထားသလို ခိုးထွက်ရန် မဖြစ်နိုင်တော့သောအခါ၊ ဟန်ရှောင်းက သူ၏ အစီအစဉ်ကို ပြောင်းလဲလိုက်သည်။ ဤနေရာ တတိယထပ် ဓါတ်ခွဲခန်းသည် ဗယ်ခရီအချက်အလက်များ သိမ်းဆည်းထားသော နေရာဖြစ်ပြီး စခန်း၏ အဓိကနေရာများမှ တစ်ခုဖြစ်သည်။ ဓါတ်ခွဲခန်းကို မီးလောင်တိုက်သွင်းခြင်းက ရန်သူများကို ထိတ်ထိတ်ပျာပျာ ဖြစ်စေလိမ့်မည်ဖြစ်ကြောင်း သူသိ၏။

ငါ့မှာ ကျည်ဆံ ၇၇တောင့်နဲ့ လက်ပစ်ဗုံး ၅လုံး ရှိသေးတယ်။

ဟန်ရှောင်း သူ့တွင်ရှိသည့် ပစ္စည်းများကို စစ်လိုက်ပြီးနောက် ထောင့်ချိုးမှ တစ်ချက်ခိုးကြည့်လိုက်သည်။ ကျည်ဆံများက ချက်ချင်းဆိုသလို ရောက်လာသည်။

အစောင့် ၁၂ယောက်။ N9 စက်သေနတ် ၃လက်၊ 73-WASP ပစ္စတို ၉လက်။ ငါက ပစ်အားမှာ မယှဉ်နိုင်ဘူး။

ဟန်ရှောင်း စိတ်ထဲတွင် အလျှင်အမြန်စဉ်းစာနေသည်။ ဓါတ်ခွဲခန်းကို မီးရှို့ပြီးသည်မှာ ၁မိနစ်ရှိပြီဖြစ်သည်။ အဖွဲ့ ၂သည် ၃မိနစ်အတွင်း ရောက်လာမည်ဖြစ်ရာ၊ သူ့တွင် အချိန်သိပ်မရတော့ပေ။ ဟန်ရှောင်းက ဤအချက်အလက်အားလုံးကို သိနေရခြင်းမှာ၊ သူတို့၏ စကားပြောစက်ကို ခိုးနားထောင်နေသောကြောင့် ဖြစ်သည်။

အရာအားလုံး ဖြစ်ပျက်သွားသည်မှာ အလွန်မြန်ဆန်သောကြောင့် အစောင့်များမှာ ဤသို့ဖြစ်နိုင်ခြေကို မစဉ်းစားမိသေးပေ။ဟန်ရှောင်းက လက်ပစ်ဗုံးကို ပစ်လိုက်ရာ၊ အဖွဲ့ ၃မှာ အကာအကွယ်ရှိရာသို့ ကမန်းကတန်း ခုန်ရှောင်လိုက်ရသည်။

ဝုန်း

ဟန်ရှောင်းက မီးခိုးများကို အကာအကွယ်ယူပြီး အနီးဆုံးအစောင့်ဆီသို့ တိတ်တဆိတ်ချဉ်းကပ်သွားသည်။ သူက ယန္တရားလက်သီးဖြင့် ဗိုက်ကို ထိုးလိုက်သည်။

"ပစ် မြန်မြန် ပစ်ကြ"

အခြား‌အစောင့်များက သေနတ်ဖြင့် ပစ်ကြသည်။ ဟန်ရှောင်းက အစောင့်ကို ခုန်အုပ်လိုက်ပြီး ဒိုင်းကဲ့သို့ ကာထားလိုက်သော်လည်း ပစ်ခတ်မှုက ရပ်မသွားပေ။ ဟန်ရှောင်းသည် သူနှင့်အစောင့်များအကြား အကွာအဝေးကို ချုံ့လိုက်ပြီးနောက် အခြားအစောင့် ၃ယောက်ကိုလည်း သတ်ဖြတ်လိုက်သည်။

ကျန်ရှိနေသေးသည့် အဖွဲ့ ၃မှ အစောင့်များက နောက်သို့ဆုတ်သွားပြီး ဟန်ရှောင်းနှင့် ဝေးအောင် လူခွဲလိုက်ကြသည်။ ကျည်ဆံများမိုးရွာသလို ထိမှန်သောကြောင့် ယန္တရားလက်၏ ခိုင်ခံ့မှုသည်လည်း ထိုးကျသွားသည်။ ဟန်ရှောင်းက ရှောင်တိမ်းလိုက်ပြီးနောက် သူ၏ပစ္စတိုကို ဆွဲထုတ်ကာ ပြန်ပစ်လိုက်ပြီး ၃ယောက်ကို ထပ်ရှင်းလိုက်သည်။

ရုတ်တရက်၊ ဟန်ရှောင်း မျက်နှာရှုံမဲ့သွားသည်။

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

သင်၏ ညာလက်ကို 73-WASPနှင့် အပစ်ခံရသည်။ ထိခိုက်မှု ၁၇မှတ်

သင်သည် သေနတ်ဒဏ်ရာရထားသည်။ ယခု သွေးထွက်နေပြီး (အသေးစား)၊ ၁၅ စက္ကန့်တိုင်း သွေးအမှတ် ၁မှတ် ဆုံးရှုံးမည်။

ဒဏ်ရာကို အမြန်ဆုံး ပတ်တီးစည်းပါ။

သင်၏ ဘယ်ခြေထောက်ကို N9-SMGနှင့် အပစ်ခံရသည်။ ထိခိုက်မှု ၂၁မှတ်

သင်သည် သေနတ်ဒဏ်ရာရထားသည်။ ယခု သွေးထွက်နေပြီး (အသေးစား)၊ ၁၅ စက္ကန့်တိုင်း သွေးအမှတ် ၁မှတ် ဆုံးရှုံးမည်။

ဒဏ်ရာကို အမြန်ဆုံး ပတ်တီးစည်းပါ။

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

ဘယ်လ်တာ၏ လေ့ကျင့်ရေးများကြောင့်သာ မဟုတ်လျှင် ဤနာကျင်မှုကို သူတောင့်ခံနိုင်မည် မဟုတ်ပေ။

ဟန်ရှောင်း အံကြိတ်လိုက်ပြီး လက်ပစ်ဗုံးနောက်တစ်လုံး ပစ်လိုက်သည်။

ဝုန်း

လက်ပစ်ဗုံး၏ ပေါက်ကွဲမှုက ဟန်ရှောင်း၏နားကို နာကျင်ပြီး အူထူသွားစေသည်။ သူက မာန်ဖီလိုက်ပြီး သတ်ဖြတ်မှုကို ဆက်လုပ်လိုက်တော့သည်။

၁မိနစ်ကြာသော်၊ အဖွဲ့ ၃ တစ်ဖွဲလုံး မရှိတော့ပေ။

ဟန်ရှောင်း ဒဏ်ရာများကို ပတ်တီစည်းလိုက်သည်။ သူသည် သွေးအမှတ် ၁၁၀ ဆုံးရှုံးသွားသည်။ ထိုအမှတ်သည် သူ၏ အမြင့်ဆုံး‌သွေးအမှတ်၏ ၃ပုံ၁ပုံထက် ပိုများသည်။

"ထိပ်တိုက်ရင်ဆိုင်တာက တော်တော်အကုန်အကျ များတာပဲ။ ငါ့မှာသာ (Active Skills)ဖွင့်သုံးလို့ရတဲ့ ကျွမ်းကျင်မှုစွမ်းရည်သာ ရှိခဲ့ရင်...”

"အဖွဲ့ ၃၊ အဖွဲ့ ၃၊ အကြောင်းပြန်ပါ။ အခြေအနေ ဘယ်လိုရှိလဲ။"

အစောင့်တစ်ယောက်က စကားပြောစက်မှ မေးလိုက်သည်။

ဟန်ရှောင်းက သူ၏လည်ပင်းကို ဆွဲလိုက်ပြီး အသံပြောင်းအောင်

"အဟွတ် အဟွတ်၊ အဖွဲ့ ၃ တော်တော် အထိနာနေတယ်။ ပစ်မှတ်ကို ဓါတ်ခွဲခန်းထဲမှာ ပိတ်ထားနိုင်လိုက်ပြီ။ ပစ်မှတ်ကလည်း ကျည်ထိထားတယ်။ စစ်ကူမြန်မြန် ပို့ပေးကြပါ။"ထို့နောက် သူသည် ကြမ်းပြင်ပေါ်ရှိ စက်သေနတ်ကို ကောက်ကိုင်လိုက်ပြီး လျှောက်ပစ်လိုက်ကာ ကြမ်းတမ်းသောတိုက်ပွဲ ဖြစ်နေသယောင် ဖန်တီးလိုက်သည်။

"နားလည်ပါပြီ။ ဆက်ပြီး တောင့်ခံထားပါ။ အဖွဲ့ ၂ လာနေပါပြီ။"အစောင့်က သူ့ကို လုံးဝ သံသယမဝင်ပေ။ ဟန်ရှောင်း၏ ယခင်က တိတ်တိတ်နေတတ်သော သရုပ်ဆောင်မှုသည် သူတို့၏စိတ်ထဲ၌ စွဲထင်နေပြီး၊ ဟန်ရှောင်းက ထိုကဲ့သို့ နည်းဗျူဟာကျကျ လှုပ်ရှားလိမ့်မည်ဟူသော အတွေးမှာ သူတို့၏စိတ်ထဲတွင် လုံးဝရှိမနေပေ။

ဟန်ရှောင်းက သူ၏ ကျန်သေးသည့် လက်ပစ်ဗုံး ၃လုံးကို တံခါးနှင့် တွဲချည်ထားလိုက်သည်။ ပြီးနောက်၊ စားပွဲခုံတစ်ခုနောက်တွင် ပုန်းနေကာ စက်သေနတ် ၃လက်ကို ကျည်ပြန်ဖြည့်လိုက်ပြီး၊ သူ၏ ပစ္စတိုကို ပစ်ခတ်ကာ ညှပ်ပူးညှပ်ပိတ် ပစ်ခတ်နေသလို ဖန်တီးလိုက်သည်။ခြေသံများ နီးကပ်လာပြီးနောက်၊ တံခါးသည် ကန်ဖွင့်ခံလိုက်ရသည်။

ဗုန်း

အစောင့်များ၏ အော်ဟစ်သံများ ပေါ်လာသည်နှင့်၊ ဟန်ရှောင်းသည် မီးခိုးလုံးများကို အကာအကွယ်ယူကာ ရှေ့သို့ ပြေးထွက်သွားပြီး SMG ၂လက်ကို တံခါးပေါက်မှထုတ်ကာ အခြားတစ်ဖက်ကို ပစ်ခတ်လေတော့သည်။ မြင်ကွင်းမှာ သိပ်မရှင်းသော်လည်း၊ ဟန်ရှောင်းသည် သူ၏ပစ်ချက်များက အစောင့်များကို ထိမှန်နေသည်ကို ကြားရပြီး၊ ကျည်ကပ်ကုန်သည်အထိ ပစ်ပြီးသောအခါ၊ အစောင့်များမှာ မည်သည့်အသံမှ မထွက်နိုင်တော့ပေ။

အခန်းတစ်ခုကို တိုက်ခိုက်ရန် ပုံမှန်နည်းဗျူဟာမှာ လူတစ်ယောက်က တံခါးကို ကန်ဖွင့်ပြီး ကျန်လူများက ဘေးတစ်ဖက်တစ်ချက်စီတွင် ပုန်းအောင်းနေရန်ဖြစ်သည်။ ဤအစောင့်များသည် လက်ရွေးစင်တပ်ဖွဲ့များ မဟုတ်ကြ၍ ဟန်ရှောင်းသည် သူတို့ ဤနည်းဗျူဟာကိုသာ ကျင်သုံးမည်ဖြစ်ကြောင်း သိထား၏။ အဖွဲ့ ၂၏ လူအများစုမှာ လက်ပစ်ဗုံးပေါက်ကွဲမှုတွင် ရှင်သန်ခဲ့ကြသော်လည်း ကျည်ဆံမုန်တိုင်းများ တိုးဝင်လာသောအခါ မပုန်းအောင်းနိုင်ကြတော့ပေ။

သူ၏ ဂိမ်းမျက်နှာပြင်မှာ ရူးသွပ်စွာ လင်းလက်လာသည်။

မီးခိုးများ ရှင်းလင်းသွားသောအခါ အစောင့်၃ယောက်သာ ကျန်တော့သည်ကို တွေ့ရသည်။ သူတို့သည် ဟန်ရှောင်း အခန်းထဲမှ ထွက်လာသည်ကို မြင်သောအခါ အံ့ဩမှုနှင့် ကြောက်ရွံ့မှုများကြောင့် မျက်လုံးများပြူးကျယ်သွားကြသည်။

ဒါက တကယ်ပဲ ဉာဏ်တိမ်တဲ့ ဇီးရိုးလား...

ဟန်ရှောင်းက ၃ချက်ဆက်တိုက်ပစ်လိုက်ပြီး သူတို့ကို ရှင်းထုတ်လိုက်သည်။

"ပေါက်ကွဲမှုက ဘာဖြစ်တာလဲ။ ဘာတွေ ဖြစ်နေကြတာလဲ။"

အဖွဲ့ ၁ ခေါင်းဆောင်က စကားပြောစက်မှ အော်ပြောလာသည်။

ဟန်ရှောင်းက တွေ့ရာသေနတ်တစ်လက်ကို ကောက်ယူပစ်ခတ်လိုက်ပြီးနောက်

"အဖွဲ့ ၂က ချုံခိုတိုက်ခိုက်ခံရတယ်။ ဓါတ်ခွဲခန်းနားမှာ ရန်သူနဲ့ တိုက်ပွဲဖြစ်နေပြီ။ စစ်ကူတောင်းပါတယ်။ စစ်ကူတောင်းပါတယ်။"

"အဖွဲ့ ၁ အခုလာနေပြီ။"

အခြေအနေတစ်ခုလုံးကိုကြည့်ပြီး တစ်ခုခုလွဲနေသလို ခံစားရသော်လည်း ဘာလဲတော့ စဉ်းစားမရပေ။

တတိယထပ်ကို ရောက်သောအခါမှ သူ့ကို မည်သည့်အရာက စိတ်အနှောင့်အယှက်ဖြစ်စေမှန်း အဖွဲ့ ၁ ခေါင်းဆောင် သတိပြုမိသွားသည်။ သူက အလောတကြီး အမိန့်ပေးလိုက်သည်။

"အစောင့်အားလုံး နားထောင်ကြ၊ ဇီးရိုးက ငါတို့ရဲ့ စကားပြောစက်ကို ကြားဖြတ်နားထောင်နေနိုင်တယ်။ အခုကစပြီး၊ ငါ့ဆီက အမိန့်ကိုပဲနားထောင်တော့။"

ဇီးရိုးက သူတို့ကို မျှားခေါ်နေမှန်း ရုတ်တရက် သိသာလာသည်။ ထို့အပြင်၊ အဖွဲ့ ၂မှ အခြားမည်သူမှ စကားပြောသည်ကို ထိုအချိန်ကတည်းက မကြားခဲ့ရပေ။

မယုံကြည်နိုင်လောက်သော အယူအဆတစ်ခု အဖွဲ့ ၁ ခေါင်းဆောင်၏ စိတ်ထဲပေါ်လာသည်။

"ဇီးရိုးက အဖွဲ့ ၂ နဲ့ ၃၊ နှစ်ဖွဲ့လုံးကို ရှင်းပစ်လိုက်တာလား။"

ထိုအယူအဆက သူ့ကို ကျောချမ်းစေသည်။အကယ်၍ ထိုသို့သာ ဖြစ်ခဲ့ပါက၊ ဇီးရိုးသည် စခန်းတစ်ခုလုံး၏ အစောင့်တစ်ဝက်ကျော်ကို ရှင်းပစ်ပြီးပြီဟု ဆိုလိုသည်။ သူက ထိုအယူအဆကို မယုံကြည်ချင်သော်လည်း၊ အရာအားလုံးက ထိုသို့ဖြစ်ပျက်ခဲ့ကြောင်း ညွှန်ပြနေသည်။

ဇီးရိုးက သူတို့ကို မျှားခေါ်နေတာလား.. ဒါမှမဟုတ် သူမိန်းဂိတ်ကို ပြေးနေတဲ့အချိန် လူခွဲပစ်ဖို့ ကြိုးစားနေတာလား...

"အဖွဲ့ ၄၊ မိန်းဂိတ်မှာ ပုံမှန်မဟုတ်တာတွေ ရှိလား။"

စကားပြောစက်မှ မေးလိုက်သည်။

"မရှိသေးပါဘူး။"

အဖွဲ့ ၁ ခေါင်းဆောင် သက်ပြင်းချလိုက်သည်။ သူ့အ‌နေဖြင့် ဇီးရိုးကို သူတို့ကို အရူးလုပ်ခွင့် ထပ်ပေးလို့မရတော့ပေ။ လက်ရှိအချိန်တွင် အခြေအနေသည် အလွန်ဆိုးဝါးလျက်ရှိသည်။ ဇီးရိုးကို သတ်ရန် မျှော်လင့်နေခြင်းသည်လည်း လက်တွေ့မကျတော့ပေ။ သူသည် ဟီလာကိုသာ အမြန်ဆုံး သတင်းပို့ရပေမည်။

"အဖွဲ့ ၁၊ နားထောင်။ မိန်းဂိတ်ကို အခုချက်ချင်းပြန်မယ်။"

သူက ကျန်ရှိနေသေးသည့်လူများ စုပေါင်းပြီး မိန်းဂိတ်ကိုသာ အားဖြည့်ရန် ဆုံးဖြတ်လိုက်သည်။ ထိုအကြံအစည်က စိတ်အချရဆုံးနှင့် အသေချာဆုံးဟု ထင်ရပေသည်။

ဇီးရိုး၏ ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ်၊ သူ့မှာ ပြေးစရာမရှိရင် သူ့ကံကို သူသတ်မှတ်ပြီးပြီပဲ။

All Chapters