ကျုပ် စီနီယာအစ်ကိုတစ်ယောက် အသိအမှတ်ပြုဖို့ စိတ်ကူးမရှိဘူး
Vol. 72 Ch. 998
ယွီနိုသဲသည် ထိုစည်းကမ်းကို ပြောပြပြီးနောက် သူက ခဏလောက် စောင့်ပြီးမှ ဆက်ပြောလိုက်သည်။
“အဲ့ဒီစည်းကမ်းအပြင် နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ထဲကို ဝင်လာတဲ့သူတွေက အထူးတာဝန်တွေ ထမ်းဆောင်ပြီးမြောက်ဖို့ လိုတယ်။ ဘယ်နေရာကိုပဲ သွားသွား အလုပ်တာဝန် ဒါမှမဟုတ် အထူးတာဝန်တွေကို ပြီးမြောက်အောင် ဆောင်ရွက်ဖို့အတွက် ကျောင်းတော်ရဲ့အထူးတာဝန်ခန်းမဆီကို သွားဖို့လိုတယ်။ အလုပ်တာဝန် အရေအတွက်တွေနဲ့ ရှင်းပြချက်တွေကို မင်းတို့ရဲ့ ကျောက်စိမ်းတံဆိပ်ပြားထဲမှာ ရှာကြည့်နိုင်တယ်။
နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်က အယူအစွဲ မရှိဘူး။ ကြိုက်တဲ့နေရာမှာ နေဖို့နဲ့ ကြိုက်တဲ့အင်အားစုကို ဝင်ဖို့ကို မင်းတို့တွေ ရွေးချယ်နိုင်တယ်။ ဒါပေါ့ ဘယ်နေရာကိုမှ မဝင်ဘဲ အပြင်တပည့်ပဲ လုပ်ချင်ရင်လည်း လုပ်လို့ရတယ်။ အားလုံးပဲ မှတ်ထားကြပါ။ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ထဲ ဝင်ပြီးသွားရင်တော့ မင်းတို့ နတ်ဘုရားအုပ်စိုးသူအဆင့်ကို ရောက်မှပဲ အတွင်းတပည့် ဖြစ်လာမှာ ဖြစ်တယ်။ ကဲ… အဆင့်(၁)ကျီဖေးယန် ရှေ့ထွက်လာခဲ့ပါ”
ကျီဖေးယန်သည် အရှေ့ဆုံး၌ ရပ်နေပြီးသား ဖြစ်သည်။ သူ့နာမည်ကို ကြားသောအခါ သူက ယွီနိုသဲဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။
ယွီနိုသဲက ကျီဖေးယန်ကို သိုလှောင်လက်စွပ် တစ်ကွင်း ပေးလိုက်သည်။
“လက်စွပ်ထဲမှာ မင်းရဲ့ သက်သေခံ တံဆိပ်ပြားကို တွေ့လိမ့်မယ်။ အထဲမှာ နိဗာနအမှတ် ၅၀၀ ပါတယ်။ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ရဲ့ နိဗာနအမှတ်တွေကို ကျောင်းတော်ထဲမှာကော နိဗ္ဗာန်တာအိုမြို့ထဲမှာပါ သုံးလို့ရတယ်။
မင်းက အဆင့်(၁)နေရာရထားတာဆိုတော့ နတ်ဘုရားဝိညာဉ်စွမ်းအားနယ်မြေကို တစ်နှစ် ဝင်ခွင့်ရှိတယ်။ ပြီးတော့ တာအိုသစ်သီးတစ်လုံး၊ နိဗ္ဗာန်မြစ်ကို ဝင်ဖို့နေရာလွတ် ၃ နေရာစာ၊ သဟဇာတနတ်ဘုရားတစ်ယောက်ရဲ့ တာအိုဆွေးနွေးပွဲကို တစ်ကြိမ် နာကြားခွင့်နဲ့ စာကြည့်တိုက်ထဲကနေ လျို့ဝှက်ပညာရပ်တစ်ခု ရယူခွင့်တို့ကိုလည်း ရမယ်။ အခု မင်း ဘယ်နေရာကို သွားဖို့ ရွေးချယ်မလဲ”
ကျီဖေးယန်သည် သိုလှောင်လက်စွပ်ကို လက်ခံလိုက်ပြီး တလေးတစား ဦးညွှတ်လိုက်ကာ ပြောလိုက်သည်။
“ဒီတပည့်က ကြယ်ဖုံးတောင်ကပါ… ဒါကြောင့် ကျွန်တော် ကြယ်ဖုံးတောင်ကို ဝင်ဖို့ ရွေးချယ်ပါတယ်”
“ကောင်းပြီ။ ကြယ်ဖုံးတောင်ကို ဝင်ချင်တဲ့ နောက်ထပ် တခြားတပည့်တွေ ရှိရင် ထွက်လာပြီး မင်းတို့ရဲ့ သက်သေခံ တံဆိပ်ပြားကို ယူပြီး အစီအရင်တံခါးထဲ ဝင်လိုက်ကြပါ”
ယွီနိုသဲက အစီအရင်တံခါးပေါက်၏ ဘေးမှ ခလုတ်အား နှိပ်လိုက်သည်။ ကူးပြောင်းအစီအရင်အထက်တွင် “ကြယ်ဖုံးတောင်” ဟူသည့် စကားလုံး ၃ လုံးပေါ်လာသည်။
ကြယ်ဖုံးတောင်ကို ဝင်မည့် နောက်ထပ် ဒုတိယလူ ထွက်မလာချေ။ ကြယ်ဖုံးတောင်သည် အားကောင်းသော်လည်း ထိပ်ဆုံး ၅၀၀ ထဲတွင်ပါသည့် တစ်ဦးတည်းသောသူမှာ ကျီဖေးယန် ဖြစ်သည်။
ကျီဖေးယန်က အစီအရင်တံခါးဆီသို့ ဝင်သွားလိုက်ပြီးနောက် ကူးပြောင်းအစီအရင်သည် လျင်မြန်စွာ ပြိုးပျက်ဝင်းလက်သွားသည်။ မကြာမီပင် ကျီဖေးယန် ပျောက်ကွယ်သွားသည်။
မိုဝူကျိက ရင်ထဲ တွေးလိုက်၏။
“ဒီနိဗ္ဗာန်အသိပညာရပ်ကျောင်းတော်က တကယ့်ကို အယူအစွဲ မရှိတာပဲ။ ဒါကလည်း ကျောင်းတော်က ခပ်ပေါ့ပေါ့ သဘောထားတယ်ဆိုတာ ပြနေတာပဲ။ ဒါပေမဲ့ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်က နတ်ဘုရားကုန်းမြေမှာ နှစ်တွေအကြာကြီး မားမားမတ်မတ် ရပ်တည်နေနိုင်ပြီး နတ်ဘုရားကုန်းမြေထဲက ထူးချွန်အဆင့်အတန်း တစ်ခုအဖြစ်လည်း နေနိုင်ခဲ့တယ်။ မြင်ရသလောက် မရိုးရှင်းတာတော့ အမှန်ပဲ။ တကယ်လို့ ယွီနိုသဲ ပြောတဲ့အတိုင်းသာ အမှန်ဆိုရင် နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်မှာ သဟဇာတနတ်ဘုရားတွေ ဘယ်လောက်အများကြီးပဲ ရှိရှိ နောက်ဆုံးကျ မလွဲမသေ ပျောက်ကွယ်တိမ်ကောမှုကြီးကို တွေ့ကြုံရလိမ့်မယ်”
“အဆင့်(၂)နေရာ… ရှုကျယ်… ထွက်လာပြီး ဆုလာယူပါ။ တစ်လက်စတည်း မင်း ဘယ်နေရာကို ဝင်ချင်လဲဆိုတာ ပြောပြပါလား”
ကျီဖေးယန် ထွက်သွားပြီးနောက် ယွီနိုသဲက ဆက်ပြောလိုက်၏။
ရှုကျယ်သည် ကျင့်ကြံသူများအစုအရုံးအဖွဲ့မှ လာသည်။ သူ့ဆုများကို လက်ခံပြီးနောက် သူကလည်း ကျင့်ကြံသူများအစုအရုံး အဖွဲ့ကို ဝင်ရန် တစ်ယောက်တည်း ထွက်သွားသည်။
လူအယောက် ၅၀၀ သည် ကြည့်ရသည်မှာ များပုံပေါ်သော်လည်း အများစုမှာ နတ်ဘုရားကုန်းမြေ၏ နတ်ဘုရားမြေမြင့် အနှံ့အပြားမှ အရွေးခံထားရခြင်း ဖြစ်သည်။ နတ်ဘုရားမြေမြင့်တွင် ဂိုဏ်းကြီးများနှင့် အင်အားစုများ၏ အရေအတွက်မှာ သေချာပေါက် ၅၀၀ ထက် ကျော်လေသည်။ သို့ဖြစ်ရာ ဂိုဏ်းများစွာနှင့် အင်အားစုများစွာတွင် အများဆုံး ကိုယ်စားပြု တပည့်တစ်ယောက်သာ ပါလေသည်။ နှစ်ယောက်ဆိုပါက မူမမှန်မှုတစ်ခုဟု ယူဆ၍ရနေလေပြီ။
အဆင့်(၃)နေရာ… နတ်ဓားသွားနန်းတော်မှ စစ်ခုန်းမြောင်
သူက သူ့ဆုများကို လက်ခံရယူပြီးနောက် တစ်ယောက်တည်း ထွက်သွားသည်။
ကျီဖေးယန်သည် နိဗာနအမှတ် ၅၀၀ မှတ်နှင့် ရှုကျယ်သည် နိဗာနအမှတ် ၄၉၉ မှတ်ရကာ စစ်ခုန်းမြောင်သည် နိဗာနအမှတ် ၄၉၈ မှတ်ရကြောင်း မိုဝူကျိက ရှာဖွေတွေ့ရှိသည်။ ဤအချက်များအပေါ်မူတည်၍ တွက်ချက်ကြည့်ပါက သူသည် နိဗာနအမှတ် ၄၇၉ မှတ်ရမည့်ပုံပေါ်သည်။ နိဗာနအမှတ်၏ အသုံးဝင်မှုအား သူ မသိပေ။ အထူးတာဝန်ခန်းမဆီ သွားမေးကြည့်ရပေလိမ့်မည်။
“အဆင့်(၄)နေရာ…ပိုင်ယွဲ့… ရှေ့ထွက်ပြီး ဆုလာယူပါ။ ပြောပါဦး… မင်းကော ဘယ်နေရာကို ဝင်ချင်လဲ”
ယွီနိုသဲ၏ စကားများသည် တစ်ပုံစံတည်း ဖြစ်နေသည်မှာ သိသာလှ၏။
လျှော်ချည် အဝတ်အစားနှင့် ကျင့်ကြံသူ လူငယ်တစ်ယောက်က ရှေ့ထွက်လာသည်။ ဤလူငယ်ကို ကြည့်ရသည်မှာ သာမန်ဖြစ်ပုံပေါ်ကာ ဘာမှထူးထူးခြားခြား ရှိပုံလည်း မပေါ်ပေ။
မိုဝူကျိက အဆင့်နေရာပြ ပိတ်ကားကို မြင်ပြီးပြီဖြစ်ကာ ဤပိုင်ယွဲ့သည် သူ့လို နယ်လှည့်ကျင့်ကြံသူဖြစ်ကြောင်း သိသည်။ သူ့ရင်ထဲတွင် ပိုင်ယွဲ့က နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးဆီမှ ကျောက်စိမ်းတံဆိပ်ပြားကို မည်ကဲ့သို့ ရယူနိုင်ခဲ့တာလဲဟု သိချင်နေမိသည်။
ပိုင်ယွဲ့က သိုလှောင်လက်စွမ်အား လက်ခံရယူလိုက်ပြီးနောက် သူက လေးစားစွာ တုံ့ပြန်လိုက်သည်။
“ဒီတပည့်က သေမျိုးနယ်မြေကို သွားချင်ပါတယ်”
ယွီနိုသဲ၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မှမရှိသော အမူအယာတစ်ခုက အမြဲနေရာ ယူထားသည်။ သို့သော် ပိုင်ယွဲ့က သေမျိုးနယ်မြေကို ဝင်ချင်သည်ဟု ကြားလိုက်ရသည့်အချိန်တွင် သူက မသိမသာလေး ဆတ်ခနဲ တုန်သွားသည်။ သူတစ်ဦးတည်းသာ မဟုတ်ပေ။ ခန်းမရှိ လူအားလုံးက အံ့သြသွားကြသည်။
အဘယ်ကြောင့် သေမျိုးနယ်မြေကို ဝင်ချင်သောသူ ရှိနေသနည်း။ ဤသည်မှာ အရမ်းကို ရယ်စရာကောင်းမနေဘူးလား။
ပိုင်ယွဲ့က သူ့လိုပင် သေမျိုးနယ်မြေကို ဝင်ချင်လိမ့်မည်ဟု မိုဝူကျိက မထင်ထားပေ။ ဤငတိသည်လည်း အင်မော်တယ် မော်တယ်ကျင့်စဉ်ကို ကျင့်ကြံသည်များလော။ သို့သော် ဤသို့လည်း ဖြစ်ပုံမပေါ်ပေ။ ဤငတိ၏ ဝိညာဉ်အရှိန်အဝါက သူ့ဘေးပတ်လည်တွင် လှည့်လည် ဝန်းရံနေသည်။ သိသာစွာပင် သူ့ဝိညာဉ်ကြောများ၏ အရည်အသွေးမှာ မဆိုးလှပေ။
“မင်းက သေမျိုးနယ်မြေကို ဝင်ချင်တာလား”
ယွီနိုသဲက သူ နားကြားမှားသည်ဟု တွေးကာ နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။
ပိုင်ယွဲ့က ဦးညွှတ်ကာ ပြောလိုက်သည်။
“ဟုတ်ကဲ့… ဒီတပည့်က သေမျိုးနယ်မြေကို ဝင်ချင်ပါတယ်”
ယွီနိုသဲက သူ့ပုံမှန်မျက်နှာထား ပြန်ဖြစ်သွားပြီဖြစ်သည်။ သူက ရှင်းပြလိုက်သည်။
“သေမျိုးနယ်မြေမှာ ဘယ်သူမှမရှိဘူး။ ဒါ့အပြင် အဲ့ဒီက နတ်ဘုရားဝိညာဉ် စွမ်းအားတွေက နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်တစ်ခုလုံးမှာ အဆိုးဆုံးပဲ။ တကယ်လို့ မင်း အဲ့ဒီကို သွားမယ်ဆိုရင် အဲ့ဒီမှာ မင်းကို လျို့ဝှက်ပညာရပ်တို့ ကျင့်စဉ်တို့တွေ ပေးမယ့်သူ ဘယ်သူမှမရှိဘူး။ သေမျိုးနယ်မြေကို သွားချင်တာ သေချာပြီလား”
ပိုင်ယွဲ့က ဦးညွှတ်နေဆဲဖြစ်ကာ
“ဟုတ်ကဲ့… ဒီတပည့်က သေမျိုးနယ်မြေကို သွားချင်တာ သေချာပါတယ်”
ယွီနိုသဲက ခေါင်းငြိမ့်လိုက်ကာ
“ဒါက မင်းရဲ့ရွေးချယ်မှုပဲ။ ကူးပြောင်းအစီအရင်ထဲ ဝင်နိုင်ပြီ။ အော် ဟုတ်သားပဲ… သေမျိုးနယ်မြေကို သွားချင်တဲ့သူ နောက်ထပ်ရှိသေးလား”
ယွီနိုသဲအနေနှင့် သေမျိုးနယ်မြေသို့ သွားမည့်သူ တစ်ယောက်ရှိနေခြင်းကပင် နှစ်ပေါင်းများစွာနေမှ ဖြစ်သော ထူးကဲမှုတစ်ခု ဖြစ်နေပြီ ဖြစ်သည်။ သွားချင်သည့်သူ ဒုတိယတစ်ယောက် ထပ်ရှိဖို့ဆိုသည်မှာ လုံးဝမဖြစ်နိုင်ချေ။ သို့သော် သူက သူ့တာဝန်အရ ကြေညာမှုကို ပြုလိုက်သည်။
တခြားသူများကလည်း သေမျိုးနယ်မြေကို ဝင်ချင်သည့်သူ ရှိလိမ့်မည် မဟုတ်ဟု တွေးထားကြသည်။ ဤအချိန်၌ပင် နောက်ထပ်လူတစ်ယောက်က မတ်တပ်ထရပ်လိုက်ကာ ပြောလိုက်သည်။
“ဒီတပည့်က သေမျိုးနယ်မြေကို သွားချင်ပါတယ်”
ယွီနိုသဲ၏ မျက်နှာမှာ တင်းမာသွားသည်။ တခြားလူအားလုံးကလည်း ဘာတွေ ဖြစ်ပျက်နေသည်ကို နားမလည်နိုင်တော့ချေ။ သေမျိုးနယ်မြေထဲတွင် ရတနာတွေ ဘာတွေများ ရှိနေသည်လော။ အဘယ်ကြောင့် ထိုနေရာသို့ သွားချင်သည့်လူ နောက်တစ်ယောက် ရှိနေရသနည်း။
မတ်တပ်ထရပ်လိုက်သည့်သူမှာ မိုဝူကျိ ဖြစ်သည်။ သူ၏ အဓိက ရည်ရွယ်ချက်မှာ သေမျိုးနယ်မြေသို့ သွားရန်ဖြစ်လေရာ ထိုနေရာသို့ သွားရန် ရွေးချယ်မည်သာ ဖြစ်၏။
တစ်ခုပဲရှိသည်မှာ သေမျိုးနယ်မြေတွင် လူမရှိတော့သည့်အဖြစ်အား မိုဝူကျိက မသိပေ။ မိုဝူကျိအား သေမျိုးနယ်မြေအကြောင်း ပြောပြသော ချီခွန်းက ထိုအကြောင်းကို သိပ်အများကြီး မရှင်းပြခဲ့ချေ။ ချီခွန်း ပြောပြစဉ်က အချိန်ဖြုန်းရုံ သက်သက်သာ ဖြစ်သည်။
ပထမအချက်… မိုဝူကျိသည် နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ထဲသို့ ဝင်နိုင်လိမ့်မည် မဟုတ်မှန်း သူက သေချာသိသည်ဖြစ်ရာ ကြုံရာကျပန်း ပြောပြလိုက်ခြင်းသာ ဖြစ်သည်။ ဒုတိယအချက်… အကယ်၍ ကျောင်းတော်ထဲသို့ မိုဝူကျိက ဝင်နိုင်ခဲ့လျှင်ပင် သေမျိုးနယ်မြေသို့ တကယ်ကြီး သွားရန်မှာ မိုဝူကျိ၏ ခေါင်း ရွဲ့စောင်းနေမှသာ ဖြစ်ပေလိမ့်မည်။
“မင်းကလည်း သေမျိုးနယ်မြေကို ဝင်ချင်တာလား”
အချိန်နည်းနည်းကြာပြီးမှ ယွီနိုသဲက မေးလိုက်သည်။
ပိုင်ယွဲ့က မိုဝူကျိအား တအံ့တသြ ကြည့်လိုက်သည်။ မိုဝူကျိက အဘယ်ကြောင့် သေမျိုးနယ်မြေကို ဝင်ချင်မှန်း သူ နားမလည်ပေ။ မိုဝူကျိက သူ့ကိုများ လေးစားအားကျနေသည်လော။ သို့သော် သူက မိုဝူကျိအား သိပင်မသိပေ။
“ဟုတ်ကဲ့… ဒီတပည့်က သေမျိုးနယ်မြေကို ဝင်ချင်ပါတယ်”
မိုဝူကျိက ပြတ်ပြတ်သားသား ပြောလိုက်သည်။
“ကောင်းပြီလေ… မင်းရဲ့နာမည်က…”
ယွီနိုသဲက ထို့ထက်ပို မမေးတော့ချေ။ တပည့်တစ်ယောက်က နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ထဲသို့ ဝင်ရောက်နိုင်သရွေ့ ဘယ်နေရာ၊ ဘယ်အဖွဲ့သို့ဝင်မည့်ကိစ္စမှာ ထိုတပည့်၏ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ဖြစ်သည်။
မိုဝူကျိက ဦးညွှတ်လိုက်ကာ
“ဒီတပည့်က နယ်လှည့်ကျင့်ကြံသူ၂၇၀၅ ပါ”
နယ်လှည့်ကျင့်ကြံသူ၂၇၀၅ သည် နိဗာနတာအိုမြို့ထဲတွင် အလွန်ကျော်ကြား လူသိများသော်လည်း ဤနေရာတွင်တော့ မည်သူမျှ သူ့ကို မသိချေ။ သူတို့သိသည့် တစ်ခုတည်းသောအရာမှာ နယ်လှည့်ကျင့်ကြံသူ ၂၇၀၅ ၏ ရလဒ်မှာ သိပ်မဆိုးကြောင်းနှင့် သူက ထိပ်ဆုံး ၃၀ အတွင်း ဝင်သည့် အကြောင်းသာ ဖြစ်သည်။
သို့ဖြစ်၍ မိုဝူကျိက သူ့နာမည်ကို ပြောပြသည့်အချိန်တွင် မည်သူကမျှ ထူးဆန်းသည်ဟု မတွေးမိပေ။ အားလုံးက သိချင်စိတ်သာ ရှိကြသည်။ နယ်လှည့်ကျင့်ကြံသူ တစ်ယောက်အနေနှင့် နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ထဲ ဝင်ရောက်နိုင်ဖို့မှာ အလွန်ခက်ခဲလေသည်။ အဘယ်ကြောင့်များ သူက သေမျိုးနယ်မြေသို့ သွားချင်ရသနည်း။
မိုဝူကျိက နယ်လှည့်ကျင့်ကြံသူ၂၇၀၅ လား….
လျန်လင်းယွင်မှာ အလန့်တကြား ထအော်မိတော့မလို ဖြစ်သွားသည်။ အချိန်တစ်ခုကြာပြီးမှ သူက တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်သွားသည်။ မိုဝူကျိအကြောင်း မကြားဖူးသော်လည်း နယ်လှည့်ကျင့်ကြံသူ၂၇၀၅ အကြောင်းအား သူ သိသည်။ နယ်လှည့်ကျင့်ကြံသူ၂၇၀၅ သည် အဆင့်(၂၂)နေရာကို ရထားသည်။ သူက သူ့ခေါင်းကို မချင့်မရဲဖြင့် ရိုက်ပစ်လိုက်သည်။ သူက မိုဝူကျိအား အဆင့်(၅၀၀)နေရာနားတွင် ရှိသည်ဟု ထင်မိသည်။ ထိပ်ဆုံး ၃၀ ထဲဝင်သည့်သူ ဖြစ်နေမည်ဟု လုံးလုံး မထင်ထားမိပေ။
စစ်ဆေးဆုံးဖြတ်မှုတွင် ထိပ်ဆုံး ၃၀ ယောက်ထဲ ဝင်သူများမှာ သေချာပေါက် ကျွမ်းကျင်သူများထဲမှ ကျွမ်းကျင်သူများ ဖြစ်၏။
ယွီနိုသဲက သူ့လက်ထဲရှိ ကျောက်စိမ်းစာရွက်အား ကြည့်လိုက်သည်။ သူက အံ့အားတကြီး ပြောလိုက်သည်။
“နယ်လှည့်ကျင့်ကြံသူ၂၇၀၅… မင်းက အဆင့်(၂၂)လား”
မိုဝူကျိက တလေးတစား ပြောလိုက်သည်။
“ဟုတ်ပါတယ်… ဒီတပည့်က အဆင့်(၂၂)နေရာကပါ”
ယွီနိုသဲက ပိုင်ယွဲ့အား လှည့်ကြည့်လိုက်သည်။ သူ့
စိတ်ထဲတွင် သူက တွေးနေသည်မှာ…
ဘယ်တုန်းကများ အစွမ်းထက်တဲ့ နယ်လှည့်ကျင့်ကြံသူတွေ အများကြီး ရှိသွားတာလဲ…
သူက မိုဝူကျိအား သိုလှောင်လက်စွပ်တစ်ကွင်း ပေးကာ ပြောလိုက်သည်။
“ဒါတွေက မင်းဟာတွေ။ အထဲမှာ မင်းရဲ့ ဂိုဏ်းဝတ်စုံ၊ သက်သေခံတံဆိပ်ပြားနဲ့ နိဗာနအမှတ်တွေ ရှိတယ်။ မင်းနဲ့ ပိုင်ယွဲ့နဲ့ ကူးပြောင်းအစီအရင်ထဲ အတူတူဝင်ပြီး သေမျိုးနယ်မြေဆီ သွားရမယ်”
မိုဝူကျိက ကူးပြောင်းအစီအရင်ဆီ လျှောက်သွားလိုက်ပြီးနောက် ယွီနိုသဲက ဘေးမှ ခလုတ်ကို ဖိနှိပ်လိုက်သည်။ “သေမျိုးနယ်မြေ” ဟူသော စာလုံးများက သူတို့အပေါ်၌ ပေါ်လာသည်။ အလင်းဖျော့ဖျော့လေးက မိုဝူကျိနှင့် ပိုင်ယွဲ့တို့၏ ဘေးပတ်လည်တွင် ဝန်းရံလွှမ်းမိုးလာပြီးနောက် သူတို့နှစ်ယောက်စလုံး ပျောက်ကွယ်သွား၏။
………………………
တစ်ခဏချက်ချင်းပင် မိုဝူကျိနှင့်ပိုင်ယွဲ့တို့သည် မာကျောသော မြေကြီးပေါ်သို့ ရောက်ရှိသွားသည်။ သူတို့နှစ်ယောက်အား ဆွံ့အသွားစေသည်မှာ သူတို့သည် ကျတ်တီးနယ်မြေ သဲကန္တာရတစ်ခုထဲ ရောက်ရှိနေသည့်အချက် ဖြစ်သည်။ ကန္တာရအလယ်၌ မိုးဒဏ်လေဒဏ်ကြောင့် လွင့်ပြယ်နေပြီ ဖြစ်သော ကျောက်စာတိုင် တစ်တိုင်ရှိ၏။ ကျောက်စာတိုင်ပေါ်တွင် “သေမျိုးနယ်မြေ” ဟူသော စကားလုံးတချို့ကို ရေးရေးလေး မြင်နိုင်လေသည်။
ဤကျောက်စာတိုင်မှလွဲ၍ ပျက်စီးယိုယွင်းနေသော အိမ်အချို့လည်း ရှိလေသည်။ သူတို့နှစ်ယောက် မြေပေါ် ဆင်းသက်လိုက်သည့်အခိုက် ထိုအိမ်များသည် အာကာပြင်လှိုင်းများအောက်တွင် ပျက်စီးပြိုလဲကုန်လေ၏။
ယခင် သေမျိုးနယ်မြေတွင် လူ နှစ်ယောက် သုံးယောက်လောက် ရှိသည်ဟု မိုဝူကျိက ချီခွန်းဆီမှ ကြားခဲ့သည်။ ကိုယ်တိုင်လာကြည့်မိကာမှသာ ချီခွန်းသည် ဤနေရာတွင် ဘယ်လိုအခြေအနေရှိနေခြင်းပင် မသိကြောင်း မိုဝူကျိက သဘောပေါက်သွားသည်။
သေမျိုးနယ်မြေ၏ အလွန်ကို ကြည့်လိုက်ပါက တောင်တန်းများနှင့် မြစ်များကို မြင်ရလေသည်။ သို့သော် ထိုတောင်တန်းများနှင့် မြစ်များသည် သေမျိုးနယ်မြေနှင့် ဘာမှမသက်ဆိုင်ပေ။ ထို့အပြင် ယွီနိုသဲ ပြောပြသည့်အတိုင်း ဤနေရာရှိ နတ်ဘုရားဝိညာဉ်စွမ်းအားမှာ အလွန်အားနည်းလေသည်။
ပိုင်ယွဲ့၏အကြည့်က မိုဝူကျိဆီ ရောက်သွားသည်။ သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ကျုပ်တို့တွေ အချင်းချင်း မိတ်ဆက်ကြရအောင်။ ကျုပ်နာမည်က ပိုင်ယွဲ့… ကျုပ်က လေလွင့်ကျင့်ကြံသူ စစ်စစ်ပါ။ ခင်ဗျားမှာ နာမည်တစ်ခုတော့ ရှိမှာပေါ့… နယ်လှည့်ကျင့်ကြံသူ၂၇၀၅ ပဲ မဟုတ်ဘူးမလား”
မိုဝူကျိက ခေါင်းငြိမ်ကာ ပြောလိုက်သည်။
“ကျုပ်က မိုဝူကျိပါ။ ကျုပ်လည်းပဲ နယ်လှည့်ကျင့်ကြံသူ တစ်ယောက် စစ်စစ်ပါဗျာ”
ပိုင်ယွဲ့သည် အနည်းငယ် လေးနက်သွားကာ တုံ့ပြန်လိုက်သည်။
“သေမျိုးနယ်မြေမှာ ကျုပ်တို့နှစ်ယောက်တည်းပဲ ဆိုတော့… ဒီလိုဆိုရင် ဘယ်လိုလဲ… ကျုပ်က စီနီယာအစ်ကို လုပ်ပြီး မင်းက ဂျူနီယာညီလေး လုပ်ပေါ့။ ဒါပေါ့… တကယ်လို့ မင်း မသိတာရှိရင် ကျုပ်ကို ဘယ်ချိန်မဆို လာမေးလို့ရတယ်”
မိုဝူကျိက ဂရုမစိုက်စွာ ပြောလိုက်သည်။
“ကျုပ် မသိတာ ဘာမှမရှိသလို စီနီယာအစ်ကိုတစ်ယောက်လည်း အသိအမှတ်ပြုဖို့ စိတ်ကူးမရှိဘူး။ သေမျိုးနယ်မြေက အကြီးကြီးပဲလေ။ ခင်ဗျားလည်း ခင်ဗျားလမ်း ခင်ဗျားလျှောက်… ကျုပ်လည်း ကျုပ်လမ်း ကျုပ်လျှောက်မယ်”
မိုဝူကျိသည် စိုက်ပျိုးရေးဧကရာဇ်၏ သဲလွန်စကို ရှာဖွေရန် ဤနေရာသို့ လာခဲ့သည်။ အကြောင်းမှာ သူ၏ အမွေအနှစ်သည် အင်မော်တယ် မော်တယ်ကျင့်စဉ် ဖြစ်သောကြောင့်ဖြစ်သည်။ အကယ်၍ ပိုင်ယွဲ့သည် သေမျိုးနယ်မြေ၏ မူလနေထိုင်သူ တစ်ယောက်သာ ဖြစ်ခဲ့ပါက ပိုင်ယွဲ့အား စီနီယာအစ်ကိုဟု ခေါ်ရလည်း ကိစ္စမရှိပေ။ သို့သော် ပိုင်ယွဲ့သည် သူ့လိုပင် ဤနေရာသို့ စရောက်ခါစ ဖြစ်သည်။ ထို့အပြင် မိုဝူကျိသည် ပိုင်ယွဲ့ ဤနေရာသို့လာရသည့် ရည်ရွယ်ချက်အား မသိပေ။ ထို့ကြောင့် မိုဝူကျိသည် တွေ့ကရာလူကို သူ့စီနီယာအစ်ကိုအဖြစ် အသိအမှတ်ပြုမည် မဟုတ်ပေ။
***