အခြေခံအုတ်မြစ်အဆင့်
Vol. 14 Ch. 196
ဟန်မူယဲ့က မခိုးမခန့် ပြုံးနေသော ထူစွန်းရှစ်အား ကြည့်ကာ ခေါင်းညိတ်သည်။
သူကား အမှန်တကယ် အနောက်ဘက်ကုန်းမြေ၏ နံပါတ် ၁ ဓားသမား ဖြစ်သည်။
တကိုယ်တော်ကျင့်ကြံသူများအကြား ရောနှောနေထိုင်ကာ ဝိညာဉ်ကျောက်တုံးများအား လိမ်လည်လှည့်ဖြားသည်။
သူ အမှန်တကယ် တိုက်ခိုက်သောအခါကား အဆုံးမရှိသော စွမ်းအားများကို ထုတ်ဖော်နိုင်၏။
သူ တိုက်ခိုက်သောအခါ ယခင် မထင်မရှားဟန်ပင်မှသည် ကြောက်စရာကောင်းသော ဓားသမားတစ်ဦး ဖြစ်လာ၏။
သူ့ဓားတွင် ကောင်းကင်နှင့်မြေပြင်ကို ဖြိုဖျက်ပစ်နိုင်သော ဓားဟန်နှစ်ခု ရှိသည်။
သူ၏ဓားမာန်ဟုန်သည် မိုင်တစ်ထောင်ပတ်လည်ကို ဖုံးလွှမ်းသွားနိုင်သော မြစ်ပြင်တစ်စင်းအလား စွမ်းအားရှိ၏။
ထိုသို့ ဓားနည်းစနစ်ဖြင့် သူသည် လောကတွင် ပြိုင်စံရှားနိုင်သည်။
အနောက်ဘက်ကုန်းမြေ၏ နံပါတ် ၁ ဓားသမားသည် နာမည်ကျော်ကြားမှုနှင့် အမှန်တကယ် ထိုက်တန်၏။
“ဒီဓားသိုင်းလည်း သိပ်မဆိုးဘူးလို့ မင်ထင်တယ်မလား”
ထူစွန်းရှစ်က သူ့ရှေ့မှ မြစ်ရေလှိုင်းလုံးကြီးအား လက်ညိုးထိုးပြကာ ပို၍ မခိုးမခန့် လေသံဖြင့် ပြောသည်။
မရေမတွက်နိုင်သော မိစ္ဆာများမှာ ထိုလှိုင်းလုံးကြီးအောက်၌ အမှုန့်ဖြစ်သွားကြသည်။
“ဒီဓားသိုင်းဟာ အနောက်ဘက်ကုန်းမြေမှာ ထိပ်ဆုံးအဆင့်ရှိတယ်”
ဟန်မူယဲ့ကလည်း လေးနက်စွာ ခေါင်းညိတ်သည်။ ထို့နောက် သူက ပြောသည်။
“ဒီဓားသိုင်းကို တောင်ကုန်းနဲ့မြစ်ပြင်စွမ်းအားတွေနဲ့ ပေါင်းစပ်ရင် ဘယ်လိုစွမ်းအားမျိုး ဖြစ်လာမလဲ မသိဘူး”
ဝမ်းသာအားရ ပြုံးရယ်နေသော ထူစွန်းရှစ် တောင့်တင်းသွားသည်။
သူက လက်ဝှေ့ယမ်းကာ စကားတချို့ ရေရွက်သည်။ သူက အဝေးကို ကြည့်ကာ နှုတ်ခမ်းကို ကွေးညွှတ်လိုက်၏။
“ကောင်လေး… မင်းက ငါ့ကို ခက်ခဲအောင် လုပ်နေတာလား။ ဝိညာဉ်သူငယ် ပဥ္မအဆင့်ကို မရောက်ဘဲ ဘယ်သူက ဓားမာန်ဟုန်သုံးခုကို နားလည်နိုင်မှာလဲ”
ကျင့်ကြံခြင်းလောက၌ ဓားသိုင်းများကို အတိမ်အနက် လေ့ကျင့်နိုင်သော အကန့်အသတ်များ ရှိသည်။
ကျင့်ကြံဆင့်ကို အခြေခံအားဖြင့် သုံးပိုင်း ခွဲထားသည်။
လူသားအဆင့်၌ ချီစုဆောင်းခြင်း၊ ချီစုစည်းခြင်းနှင့် အခြေခံအုတ်မြစ်အဆင့်ဟူ၍ ရှိသည်။ အဆင့်တစ်ခုစီ၌ အဆင့်သေး ကိုးဆင့်ရှိ၏။
ကမ္ဘာမြေအဆင့်၌ သွေးကြိုးသွယ်ဆက်ခြင်း၊ ဝိညာဉ်နိုးထခြင်းနှင့် အမြုတေဖွဲ့စည်းခြင်းအဆင့်ဟူ၍ ခွဲထားသည်။ ၎င်းအဆင့်သည် အမြုတေကို ဖွဲ့စည်းခြင်းအား အဓိက ရည်မှန်းချက်ထား၏။ အမြုတေကို အောင်မြင်စွာ ဖွဲ့စည်းနိုင်မှ နောက်တစ်ဆင့်ဖြစ်သော ကောင်းကင်ဘုံအဆင့်အား အောင်မြင်စွာ တက်လှမ်းနိုင်ရန် မျှော်လင့်ချက် ရှိသည်။
ကောင်းကင်ဘုံအဆင့်၌ကား ဝိညာဉ်သူငယ်အဆင့်၊ ဝိညာဉ်ကိုယ်ခွဲအဆင့်နှင့် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ဟူ၍ အဆင့်သုံးဆင့် ရှိသည်။ ကောင်းကင်ဘုံအဆင့်၌ လူသားခန္ဓာသည် ဖောင်တစ်စင်းဖြစ်ကာ ဝိညာဉ်သူငယ်နှင့် စိတ်ဝိညာဉ်တို့မှာ ကျင့်ကြံခြင်း၏ရတနာများ ဖြစ်သည်။
ဝိညာဉ်သူငယ်သည် လူသားလောကမှ ချိုးဖျက်အဆင့်တက်ခြင်း၏ကနဦးအစ ဖြစ်ကာ ကောင်းကင်နှင့်မြေပြင်၏စွမ်းအားကို ဆွဲငင်ယူလျှက် မဟာတာအိုအား မိမိကိုယ်ပိုင်အဖြစ် သုံးစွဲနိုင်ခြင်း ဖြစ်သည်။
ထိုစွမ်းအားသည် အနောက်ဘက်ကုန်းမြေ၌ အမြင့်ဆုံး ကျင့်ကြံနိုင်သော အဆင့်လည်း ဖြစ်၏။
ကောင်းကင်ဘုံအဆင့်၌ အဆင့်သေးတစ်ဆင့်စီတိုင်းသည် ကောင်းကင်နှင့်မြေပြင်အလား ကွာဟသည်။
တစ်ဆင့်ချင်းစီ၌ အနှိုင်းအဆမဲ့သော အရင်းအမြစ်များအား သုံးစွဲရ၏။ သို့တိုင်အောင် ထိုသို့ အဆင့်သေးတစ်ဆင့်တက်ရန် အလွန်အမင်း ခက်ခဲသည်။
ထူစွန်းရှစ်၏ဓားတာအိုမှာ ပြိုင်စံရှားသည့်တိုင် သူသည် ဝိညာဉ်သူငယ် ဒုတိယအဆင့်၌ ပိတ်မိနေဆဲ ဖြစ်သည်။ သူသည် ထိုအဆင့်၌ ရာစုနှစ်တချို့ ရှိနေခဲ့ပြီ ဖြစ်သည်။
“ဝိညာဉ်သူငယ် ပဥ္မအဆင့်ကို ရောက်မှ ဓားမာန်ဟုန်သုံးခုကို နားလည်နိုင်တာလား”
ဟန်မူယဲ့က တီးတိုးရေရွက်သည်။
တကယ်လား…
ထိုအခိုက်တွင် သူ၏စိတ်နယ်ပယ်၌ ထူစွန်းရှစ် ဓားတစ်လက်ကို ကိုင်ကာ တောင်ဖြိုဓားသိုင်းအား ထုတ်သုံးသော ပုံရိပ်များ အဆက်မပြတ် ဖြစ်ပေါ်လာသည်။
ဟူး…
ပုံရိပ်များ အဆက်မပြတ် ဖြစ်ပေါ်လာပြီးနောက် တောင်ကုန်းနှင့် မြစ်ပြင်သည် ပေါင်းစပ်သွားကာ ဓားပင်လယ်သို့ ပြောင်းလဲသွား၏။
ဝိညာဉ်သူငယ် ပဥ္မအဆင့်ကို ရောက်မှ ဓားမာန်ဟုန်သုံးခုအား နားလည်နိုင်သည်ဟု မည်သူက ပြောသနည်း။
မဟာအင်အားများ၏ပေါင်းစပ်ခြင်းမှ ဖြစ်ပေါ်လာသော တတိယဓားမာန်ဟုန်သည် ကမ္ဘာမြေအား သိမ့်သိမ့်တုန်စေသည်။
ဟန်မူယဲ့၏ခေါင်း၌ အဆုံးမရှိသော သဘာစွမ်းအားဝဲဂရက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထိုကြမ်းတမ်းသော စွမ်းအားသည် ဟန်မူယဲ့၏ဒန်ထျန်ထံသို့ တိုက်ရိုက်သွန်လောင်းချ၏။
မူလက သူ၏ဒန်ထျန်တွင် ငြိမ်သက်နေသော ချီပင်လယ်သည် အဆက်မပြတ် လည်ပတ်ကာ တိမ်လွှာကိုးထပ်အသွင်သို့ ပြောင်းလဲသွားသည်။
သူ၏ချီပင်လယ်မှ နေရာသည် လှုပ်ယမ်းကာ ပိုမိုကျယ်ပြောလာပြီး နဂိုထက် ဆယ်ဆ ပိုမို ကြီးမားလာသည်။
ဝိညာဉ်လိပ်ပြာဓားချီကုန်ဆုံးသွားခြင်းကြောင့် ဗလာဟင်းလင်း ဖြစ်သွားခဲ့သော စိတ်နယ်ပယ်တွင် ဝိညာဉ်လိပ်ပြာဓားချီတစ်စ စုစည်းလာခဲ့သည်။
မူလက အသက်ဓာတ်များ အဆက်မပြတ် ကုန်ခမ်းခြင်းကြောင့် ဆံပင်များ ဖြူနေသော်လည်း ယခုအခါ အမဲရောင်ဆံပင်များအဖြစ် ချက်ချင်း ပြောင်းလဲသွား၏။
“မင်းက ဒါကိုလည်း နားလည်နိုင်တာပဲလား”
ထူစွန်းရှစ်က ရေရွက်သည်။ ထို့နောက် သူက ထူးဆန်းသော အမူအရာဖြင့် မေးသည်။
“မင်းက တကယ်ပဲ အခြေခံအုတ်မြစ်အဆင့်မှာလား…”
အခြေခံအုတ်မြစ်အဆင့်။
ယွမ်ထိုက်တာအိုဂိုဏ်း ကောင်းကင်ယံ၌ ဉာဏ်အလင်းရသွားသော ဟန်မူယဲ့သည် အခြေခံအုတ်မြစ်အဆင့်သို့ တိုက်ရိုက်တက်လှမ်းသွားခဲ့သည်။
အခြေခံအုတ်မြစ်အဆင့်သည် လူသားအဆင့်၏နောက်ဆုံးအလွှာဖြစ်သည်။ ၎င်းသည် လူသားလောကမှ လွန်မြောက်ခြင်း၏ ကနဦးအစလည်း ဖြစ်၏။
သူသည် မဟာတာအို၏အခြေခံအုတ်မြစ်အား တည်ဆောက်နိုင်ခဲ့ကာ သက်တမ်းအားဖြင့် နှစ် ၅၀၀ ကာလအား ပိုင်ဆိုင်နိုင်ပြီ ဖြစ်သည်။ သူသည် သာမန်သေမျိုးတစ်ဦး မဟုတ်တော့ပါ။
ဟန်မူယဲ့ မျက်လုံးများကို ဖွင့်လိုက်သောအခါ ချီအလင်းတစ်ချက် သူ့မျက်လုံးများမှ လင်းလက်သွားသည်။
အခြေခံအုတ်မြစ်အဆင့်။
သူ၏ဒန်ထျန်တွင် ချီစွမ်းအားများမှာ ယခင်ထက် ဆယ်ဆခန့် ပိုမိုတိုးပွားသွားကာ ချီအရည်အသွေးများမှာလည်း ပိုမိုကောင်းမွန်လာခဲ့၏။ အင်မော်တယ်ဆေးလုံး ၁၈ လုံးသည် အဆက်မပြတ် လည်ပတ်နေကြကာ သူ့အား သဘာဝစွမ်းအင်များဖြင့် အဆက်မပြတ် ထောက်ပံ့နေသည်။
ဓားဆေးလုံး ၂လုံးသည် လွတ်လပ်စွာ လှည့်ပတ်နေကြပြီး တိမ်လွှာကိုးခု၏အပေါ်ဆုံး၌ လာရောက်သက်ဆင်းကြသည်။ တိမ်လွှာများအောက်၌ ဓားဆန္ဒတစ်ခုသည် ငါးတစ်ကောင်အလား ကူးခပ်နေ၏။
၎င်းဓားဆန္ဒသည် ဟန်မူယဲ့ကိုယ်တိုင် ကျင့်ကြံဆင်ခြင်ထားခြင်းလည်း ဖြစ်သည်။
သူ၏ချီပင်လယ်တွင် ဓားဆန္ဒများကြောင့် မူလက ဝန်ပိနေခြင်းသည် ယခုအခါ အတော်လေး ပေါ့ပါးသက်သာသွားပြီ ဖြစ်သည်။ ဓားဆန္ဒ ကိုးဆယ်ခန့်သည် ပေါ့ပါးစွာ လှည့်ပတ်နေကြ၏။
ဓားမာန်ဟုန်အငွေ့အသက်များ ပိုင်ဆိုင်နေပြီ ဖြစ်သော ဓားဆန္ဒနှစ်ခုကား ယခင်ထက် ပိုမိုစုစည်းလာခဲ့ကာ အခွင့်အရေးတစ်ခုသာ ရပါက အချိန်မရွေး ဓားမာန်ဟုန်အဆင့်သို့ တက်လှမ်းတော့မည့်ပုံ ရှိနေသည်။
သူ၏စိတ်နယ်ပယ်၌ကား ခရမ်းကျောက်စိမ်းဆေးလုံး၏ ဆေးစွမ်းအားတစ်ဝက်ခန့်သာ ကျန်ရစ်တော့သည်။
သို့သော်လည်း စိတ်နယ်ပယ်မှာ နဂိုထက် ဆယ်ဆခန့် ပိုမိုကျယ်ဝန်းသွားကာ မူလက ဝေဝါးနေသော ဝိညာဉ်လိပ်ပြာဓားချီသည် ပိုမိုစုစည်းလာခဲ့၏။
အခြေခံအုတ်မြစ်အဆင့်သို့ ရောက်ပါက လောကသည် လူသားလောကနှင့် အင်မော်တယ်လောကဟူ၍ သတ်မှတ်နိုင်ပြီ ဖြစ်သည်။
လေထဲတွင် ရပ်ရင်း ဟန်မူယဲ့ထံမှ ဓားချီများ အဆက်မပြတ် ထုတ်လွှတ်နေသည်။ လေထဲတွင် အဝတ်စတဖျတ်ဖျတ်လွင့်ရင်း ဟန်မူယဲ့မှာ အင်မော်တယ်တစ်ပါးနှင့် ဆင်တူ၏။
ဝုန်း…
ထိုအခိုက်တွင် ကီလိုမီတာ ထောင်သောင်းအဝေး၌ ဓားမြစ်ပြင်မှာ နောက်ဆုံး၌ ပြိုပျက်သွားခဲ့ပြီး အဆုံးမဲ့သော ဓားချီများ ပေါက်ကွဲသွားသည်။
ဓားမြစ်ပြင်မှ မိစ္ဆာများမှာလည်း အပိုင်းပိုင်းအစစ ဖြစ်သွားကြသည်။
ဓားမြစ်ပြင် ရိုက်ခတ်သွားပြီးနောက်တွင် တောင်ပိုင်းကုန်းမြေမှ မိစ္ဆာများ၏ တစ်ဆယ်ရာနှုန်းခန့်သာ အသက်ရှင်ကျန်ရစ်၏။
“ဆရာကြီးထူစွန်းရှစ်… ခင်ဗျားက ကျုပ်တို့ တောင်ပိုင်းကုန်းမြေနဲ့ သေတဲ့အထိ တိုက်ခိုက်တော့မလို့လား”
မိုင်တစ်ထောင်အဝေးမှ အသံတစ်သံကို ကြားရသည်။
ဧရာမလက်ဝါးကြီးတစ်ခု ရိုက်ခတ်လာခဲ့ကာ ဓားချီများအားလုံးကို ဖြိုဖျက်သွား၏။
ထို့နောက် မိစ္ဆာချီအားများသည် တဖြေးဖြေး လှိုင်းထလာခဲ့သည်။
ထူစွန်းရှစ်က နှာခေါင်းရှုံ့လိုက်ပြီးမှ ဟန်မူယဲ့၏ခေါင်းထက်မှ တဖြေးဖြေး ကွယ်ပျောက်သွားသော ပုံရိပ်ယောင်ဓားအား နောင်တရစွာ ကြည့်သည်။
ဟန်မူယဲ့၏ဝိညာဉ်လိပ်ပြာဓားချီများ ကုန်ခမ်းသွားခြင်းကြောင့်သာ မဟုတ်ပါက ထိုမိစ္ဆာများ အသံပင် ထွက်ရဲမည် မဟုတ်ပေ။
“ကောင်လေး… မင်း ငါ့ကို ကူညီမှတော့ ငါကလည်း မင်း ကျေးဇူး မမေ့ဘူး”
ထူစွန်းရှစ်က ရေရွက်ကာ သူ့ခန္ဓာကိုယ် တုန်ခါသွားသည်။ ဟန်မူယဲ့၏ခေါင်းထက်မှ ပုံရိပ်ယောင်ဓားနှင့် ပေါင်းစပ်ထားသော ထူစွန်းရှစ်၏ ဝိညာဉ်ဓားချီသည် သူ့ထံသို့ ပြန်သွားခြင်း မပြုဘဲ ဟန်မူယဲ့ထံသို့သာ သက်ဆင်းလာကြသည်။
သူက ဝိညာဉ်ဓားချီကို ငါ့ကို ပေးမလို့လား…
ဟန်မူယဲ့က ထူစွန်းရှစ်က နားမလည်စွာ ကြည့်သည်။
ထို ဝိညာဉ်ဓားချီများအား ကျင့်ကြံရန် ထူစွန်းရှစ်သည် သေချာပေါက် ကြီးမားသော စိတ်ခွန်အားများ၊ ကျင့်ကြံခြင်းအရင်းအမြစ်များ သုံးစွဲခဲ့ရပေမည်။
အဓိကအချက်ကား ၎င်းဓားချီများတွင် ထူစွန်းရှစ်၏ကျင့်ကြံခြင်း ဉာဏ်အလင်းများနှင့် မဟာတာအိုဓားစွမ်းအားများ ပါဝင်နေခြင်း ဖြစ်သည်။
“ငါ မင်းကို ပေးမယ် ပြောပြီးပြီလေ။ ငါက အနောက်ဘက်ကုန်းမြေရဲ့ နံပါတ် ၁ ဓားသမားပဲ။ ငါက မင်းကို ဘယ်လိုလုပ် အသားယူလို့ ဖြစ်မလဲ”