ဘယ်သူက စီနီယာအစ်ကိုလဲ
Vol. 72 Ch. 999
ပိုင်ယွဲ့က အေးစက်စွာ မဲ့လိုက်ကာ
“တကယ်လို့ ကျုပ်တို့ အခြေခံမူတွေ မချမှတ်ဘူးဆိုရင် သေမျိုးနယ်မြေကို ပြန်လည်အသက်ဝင်လာစေဖို့ ဘယ်လိုလုပ်ကြမလဲ။ မင်းက ဆန္ဒမရှိဘူးဆိုမှတော့ တိုက်ပွဲတစ်ပွဲ တိုက်ကြရအောင်။ နိုင်တဲ့သူက စီနီယာအစ်ကို ဖြစ်ပြီး ရှုံးတဲ့သူက ဂျူနီယာညီလေး လုပ်ရမယ်။ ဒီလိုလုပ်ဖို့ ဆန္ဒမရှိဘူးဆိုရင်တော့ သေမျိုးနယ်မြေကနေ ထွက်သွားပေးပါ”
“ခင်ဗျားက သေမျိုးနယ်မြေကို ပြန်လည် အသက်သွင်းချင်တာလား”
မိုဝူကျိက သံသယမကင်းစွာ မေးလိုက်သည်။
“ဒါပေါ့။ တကယ်လို့ ကျုပ်က သေမျိုးနယ်မြေကို ပြန်အသက်သွင်းဖို့ မရည်ရွယ်ထားရင် ငှက်တွေတောင် ချီးပါ မချချင်တဲ့ ဒီလိုနေရာကို ဘာဖြစ်လို့ လာနေမှာတုန်း”
ပိုင်ယွဲ့က စိတ်ရှုပ်စွာ ပြောလိုက်သည်။
ဤအခြေအနေသို့ ရောက်သည့်အချိန်မှသာ ပိုင်ယွဲ့၏ ကျင့်စဉ်သည် အင်မော်တယ် မော်တယ်ကျင့်စဉ်နှင့် ဆက်စပ်နေမှန်း မိုဝူကျိက သေချာသွားသည်။ သို့မဟုတ်ပါက သေမျိုးနယ်မြေသို့ လာစရာအကြောင်းလည်း မရှိသလို၊ ဤမြေကို ပြန်လည် အသက်သွင်းချင်စရာ အကြောင်းလည်း မရှိပေ။ အကယ်၍ ပိုင်ယွဲ့က အင်မော်တယ် မော်တယ်ကျင့်စဉ်ကို ကျင့်ကြံသည်သာ အမှန်ဖြစ်ကာ ထိုအတွက်ကြောင့် ဤမြေကို ပြန်အသက်သွင်းရန် လာခဲ့ပါက ပိုင်ယွဲ့သည် ကျေးဇူးသိတတ်သူ တစ်ယောက် ဖြစ်ပေလိမ့်မည်။ အင်မော်တယ် မော်တယ်ကျင့်စဉ်အစစ်ကို ရှာဖွေရန်အတွက် ရောက်လာခြင်းလည်း ဖြစ်နိုင်လေသည်။
ဤသို့ တွေးမိကာ မိုဝူကျိက ခေါင်းငြိမ့်ကာ
“ကောင်းပြီလေ”
မိုဝူကျိက သူနှင့်တိုက်ရန် ဆန္ဒရှိကြောင်း ကြားသောအခါ ပိုင်ယွဲ့သည် မိုဝူကျိအား တအံ့တသြ ကြည့်လိုက်သည်။ ခဏလောက်ကြာပြီးမှ သူက ပြောလိုက်သည်။
“မင်းက တကယ်ပဲ ကျုပ်နဲ့ တိုက်ဖို့ ဆန္ဒရှိတယ်လား”
“ခင်ဗျား ကြားတာ မမှားပါဘူး။ ကျုပ် တိုက်ခိုက်ဖို့ ဆန္ဒရှိပါတယ်ဗျ”
မိုဝူကျိက သေချာမှုအပြည့်ဖြင့် ပြောလိုက်သည်။
ပိုင်ယွဲ့က တိုက်ကွက်မထုတ်ပေ။ သူက မိုဝူကျိအား စိုက်ကြည့်လျက် ပြောလိုက်သည်။
“မိုဝူကျိ… ခုနှစ်ခုမြောက်စစ်ဆေးမှုမှာ အရုပ်ဘယ်နရုပ်ကို သုတ်သင်နိုင်ခဲ့တာလဲ”
“၂ ရုပ်”
မိုဝူကျိသည် တစ်ဖက်လူ ဘာတွေးနေသလဲ သိသည်။ သူက တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
ပိုင်ယွဲ့က စကားကို ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ကျုပ် ဘယ်နရုပ် သုတ်သင်နိုင်ခဲ့လဲ သိလား”
သူက မိုဝူကျိ ပြန်ဖြေသည်ကို မစောင့်ဘဲ
“နတ်ရုပ် ၆ ရုပ်ကို နိုင်ခဲ့တာ။ တကယ်လို့ ကျုပ်သာ အစွမ်းကုန်ထုတ်သုံးခဲ့ရင် ၇ ရုပ်မြောက်ကိုတောင် သုတ်သင်နိုင်ပြီး စစ်ဆေးဆုံးဖြတ်မှုမှာ အဆင့်(၂)နေရာတောင် ရရင်ရလောက်တယ်ဗျ။ ဒါလဲ မင်းက ကျုပ်နဲ့ တိုက်ခိုက်ချင်သေးတုန်းလား”
ပိုင်ယွဲ့သည် ကြွားဝါပြီး ပြောနေခြင်း မဟုတ်ပေ။ အကယ်၍ သူ အစွမ်းကုန် ထုတ်သုံးခဲ့ပါက သူသည် ကောင်းကင်နတ်ဘုရား အဆင့် ၅ ကျင့်ကြံဆင့်နှင့် နတ်အရုပ်ကိုပင် သုတ်သင်နိုင်လေသည်။ သို့သော် တိုက်ပွဲအပြီးတွင်ကား သူ ဒဏ်ရာအကြီးအကျယ် သေချာပေါက် ရလိမ့်မည် ဖြစ်သည်။
သို့ပေသည့်တိုင် ကောင်းကင်နတ်ဘုရား အဆင့် ၅ နတ်အရုပ်ကို နိုင်လိုက်ခြင်းက သူ့အား နောက်ထပ် အမှတ် (၃၀) ထပ်ရစေလိမ့်မည် ဖြစ်သည်။
“အဲ့ဒါကြောင့်နဲ့ ပြောင်းလဲသွားတာ ဘာရှိလို့လဲ။ ခင်ဗျား အောင်ခဲ့တယ်။ ကျုပ်လည်း အောင်ခဲ့တယ်။ တကယ်လို့ ကျုပ် အစွမ်းကုန် ထုတ်သုံးခဲ့ရင် နတ်အရုပ် ၁၀ လောက်တော့ သုတ်သင်နိုင်တယ်ဗျ”
မိုဝူကျိက တည်ငြိမ်စွာ ပြောလိုက်သည်။ သူလည်းပဲ ကြွားဝါနေခြင်း မဟုတ်ပေ။ သူ၏ လျို့ဝှက်ပညာရပ်များဖြင့် ကောင်းကင်နတ်ဘုရား နောက်ပိုင်းအဆင့် အရုပ်အား အနိုင်ရယူရန်မှာ သူ့အတွက် မဖြစ်နိုင်သည့်အရာ မဟုတ်ပေ။
ထို့အပြင် နတ်အရုပ်များသည် ကျင့်ကြံသူများနှင့် မယှဉ်နိုင်ချေ။ သူတို့တွင် ကျင့်ကြံသူတစ်ယောက်၏ ပြောင်းလွယ်၊ ပြင်လွယ်မှု မရှိပေ။ အဆုံးတွင်တော့ အရုပ်တိုင်းသည် တာဟွမ်ကဲ့သို့ ဝိညာဉ်အသိဉာဏ် ရှိမနေပေ။
ပိုင်ယွဲ့သည် စိတ်ဆိုးစွာ ဒေါသထွက်သွားသော်လည်း သူက စိတ်ပြန်လျော့လိုက်သည်။ သူက သူ့ဆင်ခြင်တုံတရားကို ထိန်းသိမ်းကာ ပြောလိုက်သည်။
“ကောင်းပြီလေ။ ကြည့်ရတာ မင်းရဲ့ဘဝက အရမ်းကို လွယ်ကူချောမွေ့ခဲ့ပုံပဲ။ မင်းကို သင်ခန်းစာပေးမယ့်သူနဲ့ မတွေ့ရသေးဘူးထင်တယ်။ ဒီလိုဆိုမှတော့ တိုက်ကွက် စထုတ်ပါတော့”
မိုဝူကျိက ခေါင်းခါလိုက်ကာ
“မဟုတ်ဘူး… ခင်ဗျား အရင် တိုက်ပါ။ ကျုပ် စတိုက်လိုက်တာနဲ့ ခင်ဗျား ပြန်ခုခံဖို့တောင် အခွင့်အရေးရလိုက်မှာ မဟုတ်ဘူး”
“ဟားဟား… မင်းက ကျုပ်စကားနဲ့ ကျုပ်ကို ပြန်ပြောနေတာပဲ…”
ပိုင်ယွဲ့က ကျယ်လောင်စွာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။ သူသည် ယုံကြည်ချက် ပြင်းထန်သောသူများကို တွေ့ဖူးသော်လည်း မိုဝူကျိလောက် ပြင်းထန် အရိုင်းဆန်သူကို တစ်ခါမှ မတွေ့ဖူးပေ။ ရယ်မောပြီးသည့်နောက်တွင် သူ့မှာ တခြားဘာမှပြောစရာ မရှိတော့ပေ။ ခြေတစ်လှမ်းတည်းနှင့် သူက သူနှင့်မိုဝူကျိကြားမှ အကွာအဝေးကို ချုံ့ပစ်လိုက်သည်။ လေထဲတွင် ရှိနေစဉ် သူက လက်သီးတစ်လုံး ပစ်ခွင်းလိုက်၏။
မိုဝူကျိကဲ့သို့ ကနဦးနတ်ဘုရား အလယ်အလတ်အဆင့်တွင်ရှိသော ကလေးတစ်ယောက်နှင့် ရင်ဆိုင်ရာတွင် သူ့မှော်ရတနာကို ထုတ်သုံးစရာ မလိုပေ။ လက်သီးတစ်လုံးသာ လိုသည်။ ဤလက်သီးတစ်လုံးက မိုဝူကျိအား သင်ခန်းစာအချို့ သင်ပေးရန် လုံလောက်နေလေပြီ။
အားကောင်းသော စွမ်းအားစက်ကွင်းတစ်ခုက လွှမ်းမိုးလာသည်။ မိုဝူကျိက စိတ်ထဲတွင် ခေါင်းငြိမ့်လိုက်သည်။ ဤပိုင်ယွဲ့သည် အလွန်အားကောင်းသည်မှာ အမှန်ပင်။ သူ့စွမ်းအားစက်ကွင်းတွင် အာကာပြင်ကန့်သတ်ချက် ပုံစံတချို့ ပါဝင်နေလေသည်။ ဤသည်မှာ သာမန်ကနဦး နတ်ဘုရားတစ်ယောက်က လုပ်နိုင်သည့်အရာမျိုး လုံးဝ မဟုတ်ပေ။
ထွက်ပေါ်ခါစ နတ်ဘုရား သိုက်မြုံထဲတွင် သူသတ်ခဲ့သော ကနဦးနတ်ဘုရား ဆယ်ကျော်မကအနက် မည်သူမျှ ပိုင်ယွဲ့ကို မယှဉ်နိုင်ချေ။
မိုဝူကျိက လှုပ်ပင်မလှုပ်ပေ။ သူက သူ၏ ဝဲကတော့စွမ်းအားစက်ကွင်းကို အပြင်ဘက်သို့ လွှမ်းခြုံစေလိုက်သည်။ ပိုင်ယွဲ့၏ စွမ်းအားစက်ကွင်းသည် ချက်ချင်း လျော့တိလျော့ရဲ ဖြစ်သွားကာ မိုဝူကျိအား ဆက်လက် မထိန်းချုပ်နိုင်တော့ချေ။
မိုဝူကျိက တုန့်ဆိုင်းမနေဘဲ လက်သီးတစ်လုံး ပစ်ခွင်းလိုက်သည်။
လျို့ဝှက်ပညာရပ် - စွမ်းအားစက်ကွင်းချေဖျက် လက်သီးချက်
အာကာပြင်ကို ဆုတ်ဖြဲနိုင်သော နေမင်းကြီးတစ်လုံးဖြင့် အထုခံလိုက်ရသကဲ့သို့ ပိုင်ယွဲ့၏ စွမ်းအားစက်ကွင်းမှာ ရေခဲပါးသဖွယ် အစိတ်စိတ်အပိုင်းပိုင်း ကြေမွကွဲထွက်သွားသည်။
အရာအားလုံးကို လောင်ကျွမ်းနိုင်စွမ်း ရှိပုံပေါ်သည့် ကြောက်မက်စရာ မီးလုံးကြီးက သူ့ဆီသို့ တရှိန်ထိုးပြေးဝင်လာသည်။ ပိုင်ယွဲ့ရင်ထဲတွင် အံ့သြမှုတို့ဖြင့် ပြည့်နှက်သွားသည်။ အစက ပိုင်ယွဲ့သည် သူ့လက်သီးတွင် အင်အားတစ်ဝက်သာ သုံးထားသည်။ သို့သော် ယခုမူ သူက ဆက်လက် ထိန်ချန်မထားတော့ပေ။ သူ့သဘာဝ စွမ်းအားအကုန်လုံးကို လက်သီးထဲသို့ ပို့လွှတ်လိုက်သည်။
“ဝုန်း”
နတ်သဘာဝ စွမ်းအားထုကြီးနှစ်ခု တိုက်သွားကြသည်။ ပိုင်ယွဲ့သည် ထိုကြောက်မက်ဖွယ် နေလုံးအောက်တွင် သူ့ကိုယ်သူ စက္ကူပါးလေးတစ်ရွက်သဖွယ် ခံစားလိုက်ရသည်။ ပူလောင်လှသော အပူသဘာဝ စွမ်းအားက သူ့ရင်ဘတ်ကို လာရိုက်ခတ်၏။ သူ၏တစ်ကိုယ်လုံးမှာ သူ့ထိန်းချုပ်မှုအောက်တွင် မရှိတော့ဘဲ သူလည်း လေထဲသို့ လွင့်စင်သွားသည်။
သေခြင်းတရား၏ဖိအားက သူ့အပေါ် ကြီးစိုးလာသည်။ ပိုင်ယွဲ့ရင်ထဲ အေးခဲသွား၏။ သူက ဤနေရာတွင် သေရလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားချေ။
သူ့ခန္ဓာကိုယ် တစ်စစီ စုတ်ပြဲထွက်သွားတော့မည့်ဆဲဆဲတွင် ထိုကြောက်မက်ဖွယ် မီးတောက်နှင့် နတ်ဘုရားသဘာဝစွမ်းအားတို့သည် ရုတ်တရက် ပျောက်သွားသည်။
ပိုင်ယွဲ့သည် စွန်ပျက်တစ်ခုနှယ် မြေပေါ်သို့ ကျသွားသည်။ သူက မီးကျွမ်းထားသော သူ့ရင်ဘတ်ကို ငေးကြောင်စွာ စိုက်ကြည့်လိုက်၏။ အကယ်၍ မိုဝူကျိကသာ ထိုလက်သီးကို ပြန်မရုတ်သိမ်းခဲ့ပါက ဤမီးလောင်ကျွမ်းမှုမှာ သူ့အရေပြားပေါ်တွင်လောက်သာ မဟုတ်ဘဲ သူ့တစ်ကိုယ်လုံးအနှံ့ ဖြစ်သွားပေလိမ့်မည်။
အားကောင်းလိုက်တာ…
ပိုင်ယွဲ့ရင်ထဲ ကျောချမ်းသွားသည်။ အကယ်၍ သူသာ ကျီဖေးယန်နှင့် တိုက်ခိုက်မည်ဆိုပါက ကျီဖေးယန်သည် သေချာပေါက် သူ့ပြိုင်ဖက်မဟုတ်မှန်း သူက သေချာသည်။ သို့သော် မိုဝူကျိသည် လက်သီးတစ်လုံးတည်းနှင့် သူ့ကို အပြတ်ရှင်းပစ်နိုင်လုနီးနီး ဖြစ်ခဲ့သည်။
မဟုတ်သေးပေ… မိုဝူကျိသည် လက်သီးတစ်လုံးတည်းနှင့် သူ့ကို အပြတ်ရှင်းပစ်နိုင်သော်လည်း မိုဝူကျိက သက်ညှာပေးခဲ့ခြင်းဖြစ်သည်။
ပိုင်ယွဲ့ကဲ့သို့ ထိပ်တန်း ပါရမီရှင်တစ်ယောက်အတွက် မိုဝူကျိ၏ လက်သီးတွင် ကြောက်စရာ အကောင်းဆုံးအချက်မှာ သူ့အစွမ်းအင်အား မဟုတ်ပေ။ ထိုအစား လက်သီးအား စိတ်ရှိတိုင်း ပြန်ရုတ်သိမ်းနိုင်သည့် အချက် ဖြစ်သည်။
ဤသည်မှာ လူသားတို့ သုံးသည့် လက်နက် မဟုတ်ပေ။ လျို့ဝှက်ပညာရပ် ဖြစ်သည်။ အကယ်၍ မိုဝူကျိသည် သူ့စိတ်နှင့် ဤလက်သီးကို ပြန်ရုတ်သိမ်းနိုင်ခဲ့ပါက ဤသည်က အကြောင်းအရာတစ်ခုကို ဆိုလိုနေလေသည်။ ဆိုလိုနေသည့်အကြောင်းအရာမှာ မိုဝူကျိ၏ မိုးမြေစည်းမျဉ်းအပေါ် နားလည်နိုင်မှုသည် သူ့ထက် အဆပေါင်းများစွာ သာလွန်နေကြောင်း ဖြစ်သည်။
“မိုဝူကျိ… စီနီယာအစ်ကိုမို… ခင်ဗျားက ဘာဖြစ်လို့ အဆင့်(၂၂) ပဲ ရတာလဲ။ ပြီးတော့ ခုနှစ်ခုမြောက် စစ်ဆေးမှုမှာ ဘာလို့ နတ်အရုပ် ၂ ရုပ်ပဲ နိုင်ခဲ့တာလဲ”
အချိန်တစ်ခုကြာပြီးနောက် ပိုင်ယွဲ့က အသိပြန်ဝင်လာသည်။ သူက အံ့သြသည့်အမူအယာဖြင့် မိုဝူကျိအား မေးလိုက်သည်။
မိုဝူကျိက ရယ်ကာ ပြောလိုက်သည်။
“ကျုပ်က သေမျိုးနယ်မြေကြောင့်မို့လို့သာ လာခဲ့တာ။ ထိပ်ဆုံး ၅၀၀ ထဲဝင်ရင် ကျုပ်အတွက် လုံလောက်နေပြီလေ။ ဘာဖြစ်လို့ ဟိုးထိပ်ဆုံးကို ရောက်ဖို့ လိုဦးမှာတုန်း”
ပိုင်ယွဲ့က ကုန်းထလာပြီး မိုဝူကျိဆီ ဦးညွှတ်လိုက်ကာ
“သက်ညှာပေးတဲ့အတွက် စီနီယာအစ်ကိုမိုကို ကျေးဇူးအများကြီးတင်ပါတယ်။ ပိုင်ယွဲ့က ရေတွင်းထဲက ဖားသူငယ်လို ဖြစ်ခဲ့ရပါတယ်။ အခုအချိန်ကျမှ စီနီယာအစ်ကိုက စစ်ဆေးဆုံးဖြတ်မှု တစ်ခုလုံးမှာ အားအကောင်းဆုံး ပညာရှင်မှန်း သတိပြုမိတယ်ဗျာ”
ဤအချိန်တိုလေးအတွင်း ပိုင်ယွဲ့က အပြည့်အဝ နားလည်သဘောပေါက်သွားသည်။
ဘာကျီဖေးယန်လဲ… သူ၏အသစ်စက်စက် စီနီယာအစ်ကိုရှေ့မှာ ထိုကျီဖေးယန်သည်လည်း လက်သီးတစ်လုံးကိုပင် ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။
မိုဝူကျိက သက်ပြင်းချကာ ပြောလိုက်သည်။
“အဲ့ဒါက ခဏပါပဲ။ အဲ့ဒီ့ကျီဖေးယန်က ကြယ်ဖုံးတောင်က လာတာ။ ကြယ်ဖုံးတောင်အကြောင်း သိပ်မသိပေမဲ့ အဲ့ဒါက ထိပ်သီးဂိုဏ်း တစ်ဂိုဏ်းဆိုတာကိုတော့ ကျုပ် သေချာသိသည်။ အဲ့လူ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ထဲ ဝင်လာပြီးတဲ့နောက် သူက သိပ်မကြာခင် ကောင်းကင်နတ်ဘုရားအဆင့်ဆီ တက်လှမ်းနိုင်သွားလိမ့်မယ်ဆိုတာ တွေးကြည့်လို့ရတယ်။ တကယ်လို့ ကျုပ်တို့တွေ တိုးတက်မလာဘူးဆိုရင် သူနဲ့ကျုပ်တို့နဲ့ကြားက ကွာဟချက်က တဖြည်းဖြည်း ကြီးလာလိမ့်မယ်”
နတ်ဘုရားလောကကို ရောက်လာပြီးသည့်နောက် သူ၏ ကျင့်ကြံနှုန်းသည် တဖြည်းဖြည်းချင်း နှေးနှေးလာသည်ကို မိုဝူကျိက သတိထားမိသည်။ ထို့အပြင် ဤသည်မှာ လူသားတာအို၏ အဓိပ္ပာယ်အစစ်အမှန်ကို သူ နားလည်သဘောပေါက်ပြီးသည့်နောက်တွင် ဖြစ်သည်။ ထိုသို့မဟုတ်ပါက သူက ယခုအထိ ကနဦးနတ်ဘုရား အစောပိုင်းအဆင့်နားတွင်သာ တဝဲလည်လည် ကြာနေဦးမည် ဖြစ်သည်။
“စီနီယာအစ်ကို… ခင်ဗျားကကော အင်မော်တယ် မော်တယ်ကျင့်စဉ်ကို ကျင့်ကြံတာပဲလား”
ပိုင်ယွဲ့က ရုတ်တရက် မေးလိုက်သည်။
မိုဝူကျိသည် ခဏမျှ တုန့်ဆိုင်းသွားသော်လည်း ခေါင်းငြိမ့်လိုက်ကာ
“ဟုတ်တယ်… ကျုပ်ရဲ့ကျင့်စဉ်ကို အင်မော်တယ် မော်တယ်ကျင့်စဉ်လို့ ပြောလို့ရတယ်”
မိုဝူကျိအနေနှင့် သူ့လက်ရှိအင်မော်တယ် မော်တယ်ကျင့်စဉ်သည် စိုက်ပျိုးရေးဧကရာဇ် ချန်ထားခဲ့သောကျင့်စဉ်နှင့် လုံးဝ မတူကွဲပြားနေပြီ ဖြစ်သည်။ သို့သော်လည်း သူ့အား ကျင့်ကြံရေးလမ်းကြောင်းသို့ ဆွဲခေါ်ခဲ့သည်မှာ စိုက်ပျိုးရေးဧကရာဇ်၏ အင်မော်တယ် မော်တယ်ကျင့်စဉ် ဖြစ်၏။ ထိုကြောင့်လည်း သူက သေမျိုးနယ်မြေသို့ လာခြင်း ဖြစ်သည်။
“စီနီယာအစ်ကို… ကျုပ်လည်း အင်မော်တယ် မော်တယ်ကျင့်စဉ်ကို ကျင့်တာ။ ဒါပေမဲ့ ကျုပ် ကနဦးနတ်ဘုရားအဆင့်ထဲ ရောက်လာပြီးတဲ့နောက် ကျုပ်ရဲ့ကျင့်ကြံနှုန်းက အရမ်းကို နှေးလာတယ်ဗျ။ ကျုပ် ကနဦးနတ်ဘုရားအဆင့် ၉ မှာ တစ်နေတာ နှစ်ထောင်ချီနေပြီ။ အခုထိ တိုးတက်မလာသေးဘူးဗျာ။ ဒီကာလတွေထဲမှာ ကျုပ် နတ်ဘုရားဝင်ရိုး ကျောက်တုံးတွေ အများကြီး ရှာတွေ့ထားတယ်… ကြယ်လေးပွင့်တစ်ခုတောင် ပါသေးတယ်။ ဒါပေမဲ့ ကောင်းကင်နတ်ဘုရားအဆင့်ကို တက်လှမ်းဖို့ နတ်ဘုရားအသွင်သဏ္ဌာန် သွင်းယူလို့ မရနိုင်ဘူး ဖြစ်နေတယ်…”
ပိုင်ယွဲ့သည် အလွန်အမင်းကို စိတ်ခံစားလွယ်နေသည်။
ပိုင်ယွဲ့၏ ဝိညာဉ်ကြော အရည်အသွေးမှာ မဆိုးကြောင်း မိုဝူကျိက သိသည်။ အဘယ်ကြောင့် ပိုင်ယွဲ့က အင်မော်တယ် မော်တယ်ကျင့်စဉ်ကို ကျင့်ကြံရန် ရွေးချယ်ခဲ့မှန်း သူ မသိသော်လည်း အဘယ်ကြောင့် ပိုင်ယွဲ့ ရှေ့သို့ မတက်လှမ်းနိုင်ကြောင်း အကြောင်းအရင်းကိုကား သူ သိသည်။
အင်မော်တယ် မော်တယ်ကျင့်စဉ်အစစ်မှာ သူ့ပေါ်တွင် ရှိသည်။ ပိုင်ယွဲ့အသုံးပြုနေသည်မှာ မပြည့်စုံသည့် ကျင့်စဉ် ဖြစ်နိုင်သည်။
မိုဝူကျိက အနည်းငယ် တုန့်ဆိုင်းနေပြီးမှ ပြောလိုက်သည်။
“ဖြစ်နိုင်တာက အင်မော်တယ် မော်တယ်ကျင့်စဉ်က နတ်ဘုရားအသွင်သဏ္ဌာန်တစ်ခု သွင်းစရာ မလိုဘူးနေမှာပေါ့”
“နတ်ဘုရား အသွင်သဏ္ဌာန်တစ်ခု သွင်းစရာ မလိုဘူးတဲ့လား… အဲ့ဒါဆို ကျုပ် ကောင်းကင် နတ်ဘုရားအဆင့်ကို ဘယ်လို တက်လှမ်းရမှာလဲ…”
သူ၏ကျင့်ကြံရေးလမ်းကြောင်းတွင် မျှော်လင့်ချက်အရောင်ကင်းမဲ့မှုအား ခံစားမိပုံပေါ်ကာ ပိုင်ယွဲ့က သူ့ဘာသာသူ တီးတိုးရေရွတ်လိုက်သည်။
နတ်ဘုရား အသွင်သဏ္ဌာန်တစ်ခု သွင်းယူခြင်းသည်ကသာ သူ့ကျင့်ကြံခြင်းတွင် နောက်ထပ် ခြေတစ်လှမ်း ထပ်တိုးနိုင်သည့် နည်းလမ်းဖြစ်သည်။ ပိုင်ယွဲ့က ဤသဘောတရားကို နားလည်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့သော် ယခုမူ နတ်ဘုရားအသွင်သဏ္ဌာန် သွင်းစရာမလိုဘူးဟု မိုဝူကျိက သူ့အား ရုတ်တရက်ကြီး ပြောပြလာသည်။ ဤသည်က သူ၏ ယခင်ယုံကြည်မှုနှင့် ရှာဖွေမှုများအား ပြောင်းပြန်လှန်သွားစေကာ သူ့အား ရုတ်တရက် ဦးတည်ရာ မဲ့သွားစေလေ၏။
မိုဝူကျိလည်း ဘာပြောပေးရမှန်း မသိချေ။ စိုက်ပျိုးရေးဧကရာဇ်၏ အင်မော်တယ် မော်တယ်ကျင့်စဉ်က နတ်ဘုရားအသွင်သဏ္ဌာန် သွင်းစရာ လိုမလိုအား သူ မသေချာပေ။ သူ့ကျင့်စဉ်က နတ်ဘုရားအသွင်သဏ္ဌာန် သွင်းစရာ မလိုကြောင်းသာ သူ သိသည်။
အကယ်၍ သူသာ ပိုင်ယွဲ့အား အင်မော်တယ် မော်တယ်ကျင့်စဉ်အစစ်ကို ပေးလိုက်ပါက ပိုင်ယွဲ့သည် ဤပြဿနာအား ဖြေရှင်းနိုင်လိမ့်မည်ဟု သူ ခန့်မှန်းမိသည်။ သို့သော် မိုဝူကျိက ပိုင်ယွဲ့အား ပေးရန် စိတ်ကူးမရှိပေ။ ထိုအင်မော်တယ် မော်တယ်ကျင့်စဉ်မှာ စိုက်ပျိုးရေးဧကရာဇ်ကိုယ်တိုင် လက်ဆင့်ကမ်း ချန်ရစ်ခဲ့သောအရာ ဖြစ်သည်။ သူက ပိုင်ယွဲ့အား သိပင် မသိသေးချေ။ ထို့ကြောင့် ထိုမျှအဖိုးတန်သည့်အရာအား သူက သာမန်ကာလျှံကာ ပေးပစ်မည် မဟုတ်ပေ။
တစ်နေ့ ပိုင်ယွဲ့က သူ့အသိအမှတ်ပြုမှုကို ရရှိသွားသည့် အချိန်အထိ ဖြစ်သည်။ ထိုအချိန်မှသာ သူက စိုက်ပျိုးရေးဧကရာဇ်၏ အင်မော်တယ် မော်တယ်ကျင့်စဉ်ကို ပိုင်ယွဲ့အား လက်ဆင့်ကမ်း ပေးအပ်မည် ဖြစ်သည်။
ပိုင်ယွဲ့သည် သူ့ကိုယ်ပိုင် ကျင့်ကြံဆင့်ထက် အဆင့်များစွာ သာလွန်နိုင်သည်။ ဤသည်မှာ အင်မော်တယ် မော်တယ်ကျင့်စဉ်နှင့် သက်ဆိုင်နေသော်လည်း သူ၏ စိတ်ဓာတ်သည် အလွန်ခိုင်မာအားကောင်းကြောင်းကိုလည်း ပြသနေလေသည်။
အချိန်ခဏ ကြာပြီးနောက် သူက သူ့စိတ်သူ ငြိမ်အောင် ထိန်းနိုင်သွား၏။ သူက နတ်ဘုရားအသွင်သဏ္ဌာန်နှင့် ပတ်သက်သည့်ကိစ္စကို ခဏခေါက်ထားလိုက်ပြီး မိုဝူကျိအား မေးလိုက်သည်။
“စီနီယာအစ်ကို… အခု ကျုပ်တို့ ဘာလုပ်ကြရင်ကောင်းမလဲ”
မိုဝူကျိ၏ ဝိညာဉ်သိုလှောင်လမ်းကြောင်းသည် ပတ်ဝန်းကျင် ပတ်ပတ်လည်အနှံ့ ပျံ့နှံ့လွှမ်းခြုံပြီးသား ဖြစ်သည်။ သေမျိုးနယ်မြေထဲရှိ အခြေအနေကို အကဲဖြတ်ပြီးသည့်နောက် ပြောလိုက်သည်။
“သေမျိုးနယ်မြေက သဘာဝစွမ်းအားတွေ လုံးဝ မရှိတဲ့နေရာတော့ မဟုတ်ဘူး။ ဒီနေရာမှာ ဝိညာဉ်စွမ်းအား စုစည်းရေးအစီအရင် မရှိတာပဲ ရှိတယ်။ နောက်ကျရင် ကျုပ် စွမ်းအားစုစည်းရေး အစီအရင် တစ်ခု ခင်းကျင်းလိုက်မယ်။ ဒါဆို ဒီနေရာက ကျင့်ကြံခြင်းနယ်မြေ ဖြစ်လာနိုင်လိမ့်မယ်”
နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ထဲတွင် မိုဝူကျိသည် နတ်ဘုရားဝိညာဉ်စွမ်းအားများကို မယုံနိုင်လောက်သည့်နှုန်းဖြင့် စုပ်ယူပါက သူ့တံခါးကို လူများလာခေါက်မည့်ကိစ္စအား စိတ်မပူပေ။
“စီနီယာအစ်ကိုမို… ကျုပ်က သိပ်မကြာသေးခင်ကမှ အဆင့် ၄ နတ်ဘုရားအစီအရင်ဆရာအဖြစ် တက်လှမ်းထားတာ။ ကျုပ်တို့ အတူတူ နှစ်ယောက်ပေါင်းပြီး ကာကွယ်ရေးအစီအရင်နဲ့ စွမ်းအား စုစည်းရေးအစီအရင် တစ်ခုစီ ခင်းကျင်းကြရအောင်ပါလား”
ပိုင်ယွဲ့သည် သူ၏ အစီအရင်တာအိုတွင် အလွန်ယုံကြည်မှုရှိသည်။
မိုဝူကျိက ပိုင်ယွဲ့၏ပုခုံးကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။
“အစီအရင်ခင်းကျင်းတာတွေကို ကျုပ် ကိုင်တွယ်နိုင်တယ်။ မင်းက ကျုပ်ကို တခြားဟာ ကူညီပေး။ နိဗာနတာအိုမြို့ထဲမှာ ကျုပ်ရဲ့သူငယ်ချင်းတချို့ ရှိတယ်။ သူတို့ကို ဒီခေါ်လာဖို့ ကူညီပေးပါကွာ… ပြီးရင်တော့ မင်း ကျင့်ကြံလို့ရပြီ”
သေမျိုးနယ်မြေမှာ တခြားနေရာများနှင့် မတူပေ။ အကယ်၍ မိုဝူကျိသည် တခြားနေရာများသို့ ဝင်ခဲ့ပါက လူခေါ်သွင်းရန်အတွက် ခွင့်ပြုချက်တောင်းဖို့ လိုလိမ့်မည်ဖြစ်သည်။ သို့သော် သေမျိုးနယ်မြေတွင်မူ သူတို့နှစ်ယောက်တည်းသာ ရှိသည်။ ထို့အပြင် ပိုင်ယွဲ့ကလည်း သူ့အား စီနီယာအစ်ကိုအဖြစ် အသိအမှတ်ပြုပြီးပြီ ဖြစ်သည်။ သို့ဖြစ်ရာ ဤနေရာတွင် သူ သဘောကျပြုမူနိုင်လေသည်။
“စီနီယာအစ်ကိုကလည်း အဆင့် ၄ နတ်ဘုရားအစီအရင်ဆရာ မလား”
ပိုင်ယွဲ့က မဆိုင်သောမေးခွန်းတစ်ခုကို မေးလိုက်သည်။
မိုဝူကျိက ခေါင်းငြိမ့်ကာ
“ဟုတ်တယ်… ကျုပ်က အဆင့် ၄ နတ်ဘုရားအစီအရင်ဆရာ”
ပိုင်ယွဲ့က လေသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။
“စီနီယာအစ်ကို… ကျုပ်တို့နှစ်ယောက်စလုံးက အဆင့် ၄ နတ်ဘုရား အစီအရင်ဆရာတွေဆိုတော့ ကျုပ်မှာ အဆင့် ၅ နတ်ဘုရားအစီအရင် ခင်းကျင်းတဲ့ နည်းလမ်း ရှိတယ်ဗျ”
***