← Chapters

စိုက်ပျိုးရေးဧကရာဇ်၏ အင်မော်တယ် မော်တယ် စာအုပ်အစစ်

Vol. 72 Ch. 1000

စိုက်ပျိုးရေးဧကရာဇ်၏ အင်မော်တယ် မော်တယ် စာအုပ်အစစ်

Vol. 72 Ch. 1000

“အဆင့် ၄ နတ်ဘုရားအစီအရင် ဆရာတွေက အဆင့် ၅ နတ်ဘုရားအစီအရင်ကို ခင်းကျင်းနိုင်တယ်လား”

မိုဝူကျိသည် ပိုင်ယွဲ့အား မယုံနိုင်စွာ ကြည့်လိုက်သည်။ အကယ်၍ သူ့အား အဆင့် ၅ နတ်ဘုရား အစီအရင်ကို ချိုးဖောက်ခိုင်းပါက သူ လုပ်နိုင်သည်။ သို့သော် အဆင့် ၄ တွင်ရှိနေစဉ် အဆင့် ၅ နတ်ဘုရား အစီအရင်ကို ခင်းကျင်းခိုင်းပါက သူ လုပ်နိုင်မည်မဟုတ်ပေ။

ဤသည်မှာ စွမ်းဆောင်နိုင်ရည်နှင့် မဆိုင်ပေ။ အသိပညာဗဟုသုတနှင့် သက်ဆိုင်လေ၏။ ထိုသို့သော ကိစ္စမျိုးအား သူ တစ်ခါမျှ မသင်ကြားဖူးသည့်တိုင် သူ့အား လုပ်ရန် လာပြောနေသည်လား… သူ့အစီအရင်တာအို ရုတ်တရက် အဆင့်တတ်သွားသည့် အဖြစ်မှလွဲ၍ သူ မည်ကဲ့သို့များ လုပ်ရပါ့မည်နည်း။

“ဟုတ်တယ်။ ကျုပ်လည်းပဲ အဆင့် ၄ နတ်ဘုရား အစီအရင်ဆရာပါ။ ဒါပေမဲ့ ကျုပ် အဆင့် ၅ နတ်ဘုရားအစီအရင်တွေ ခင်းကျင်းနိုင်တယ်။ စီနီယာအစ်ကို… နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ရဲ့ စစ်ဆေးဆုံးဖြတ်မှုမှာ ကျုပ် ဘယ်လိုလုပ်ပြီး ပါဝင်နိုင်ခဲ့တာလဲ သိလား”

ပိုင်ယွဲ့က လေးနက်စွာ မေးလိုက်သည်။

မိုဝူကျိက ဖြေလိုက်သည်။

“ခင်ဗျား ကောင်းကင် နတ်ဘုရားအဆင့် ၄ အရုပ်ကို သုတ်သင်နိုင်ခဲ့တယ်လို့ ပြောတော့ နှစ်ဦးချင်းယှဉ်ပြိုင်ပွဲကနေ စစ်ဆေးဆုံးဖြတ်မှုထဲ ခင်ဗျား ဝင်နိုင်ခဲ့တာ ဖြစ်မယ်လို့ ကျုပ်က ခန့်မှန်းထားတာ။ စိတ်ထဲသိပ်မရှင်းတာလေး နည်းနည်း ရှိမိတာ တစ်ခုပဲ…”

ပိုင်ယွဲ့တစ်ယောက် သူ့နေရာလွတ် ကျောက်စိမ်းတံဆိပ်ပြားကို ဘယ်လိုရယူနိုင်ခဲ့သနည်းအား မိုဝူကျိက မရှင်းဘူးဖြစ်နေသည်။ လေလွင့်ကျင့်ကြံသူမဟာမိတ်၏ အလွန်သမာသမတ်မကျပုံနှင့် သူတို့သည် ပိုင်ယွဲ့အား သေချာပေါက် ကျောက်စိမ်းတံဆိပ်ပြား ပေးလိမ့်မည်မဟုတ်ပေ။

ပိုင်ယွဲ့က ရယ်ကာ

“စီနီယာအစ်ကို မှန်းတာ မှားသွားပြီ။ ကျုပ်က ပန်းပဲဆရာ တစ်ယောက်ပါ။ ကျုပ်က လက်နက်တန်ဆာ တာအိုဂုဏ်ထူးဆောင် မျှော်စင်မှာ ပန်းပဲဆရာ ဂုဏ်ထူးဆောင် တံဆိပ်ပြား ရခဲ့တယ်။ အဲ့ဒီနောက်မှာတော့ စစ်ဆေးဆုံးဖြတ်မှုမှာ ပါဝင်ခွင့် တိုက်ရိုက်ရသွားတယ်ပဲ ဆိုပါတော့”

“ခင်ဗျားက အလယ်အလတ်အဆင့် နတ်လက်နက်တန်ဆာကို လုပ်နိုင်တယ်ပေါ့”

မိုဝူကျိသည် ပိုင်ယွဲ့အား အံ့သြစွာ ကြည့်လိုက်သည်။ ယခုအချိန်ထိတိုင် သူသည် အလယ်အလတ်အဆင့် နတ်လက်နက်တန်ဆာကို မလုပ်နိုင်သေးချေ။ သို့သော် ပိုင်ယွဲ့ကတော့ လုပ်နိုင်လေသည်။

လက်နက်တန်ဆာတာအိုတွင် ပန်းပဲဘုရင်များ မရှိပေ။ အဆင့်နိမ့် နတ်လက်နက်တန်ဆာကို လုပ်နိုင်သူများမှာ နတ်ပန်းပဲသမားများဖြစ်ကာ အလယ်အလတ်အဆင့် နတ်လက်နက်တန်ဆာများကို လုပ်နိုင်သူများမှာ ပန်းပဲဆရာများ ဖြစ်သည်။

ဟိုးယခင်တုန်းက နတ်လက်နက်တန်ဆာများကို အဆင့် ၁ မှ အဆင့် ၉ အထိ ခွဲခြားသတ်မှတ်လေ့ရှိသည်။ သို့သော် ထိပ်တန်းအဆင့်နတ်လက်နက်များနှင့် ထိုထိပ်တန်းအဆင့်ကိုကျော်လွန်သည့် နတ်လက်နက်များအား ရှာဖွေတွေ့ရှိသွားကြပြီးနောက် နတ်လက်နက်တန်ဆာများကို အဆင့်နိမ့်၊ အလယ်အလတ်အဆင့်၊ အဆင့်မြင့်နှင့် ထိပ်တန်းအဆင့် ဟူ၍ ခွဲခြားသတ်မှတ်ရန် ဆုံးဖြတ်လိုက်ကြသည်။

ပိုင်ယွဲ့က ခေါင်းငြိမ့်ကာ

“ဟုတ်တယ်။ ကျုပ်က အလယ်အလတ်အဆင့် နတ်လက်နက်တွေကို လုပ်နိုင်ရုံတင် မကဘူး… ကျုပ် လုပ်လိုက်တဲ့ လက်နက်တွေက အဆင့်မြင့်နား တော်တော်လေးကို နီးကပ်တယ်ဗျ။ တကယ်လို့ ကျုပ်မှာသာ ပိုကောင်းတဲ့ ကုန်ကြမ်းပစ္စည်းတွေ ရှိပြီး ကျုပ်ရဲ့ကံလည်း တော်တော်လေး ကောင်းမယ်ဆိုရင် အဆင့်မြင့်တစ်ပိုင်း နတ်လက်နက်တန်ဆာကို လုပ်ရင်လုပ်နိုင်မှာဗျ။

စီနီယာအစ်ကို… အစ်ကို့ကို ကျုပ်ပြောပြမယ်။ တကယ်လို့ အဆင့် ၄ နတ်ဘုရားအစီအရင်ထဲက အစီအရင်အလံအားလုံးက အလယ်အလတ်အဆင့်ဖြစ်နေပြီး အစီအရင်ဗဟို ပတ်လည်မှာ စွမ်းအားလှည့်ပတ်ရေး အစီအရင်တစ်ခုကိုသာ ခင်းကျင်းထားမယ်ဆိုရင် အဆင့် ၄ နတ်ဘုရားအစီအရင်က အဆင့်တစ်ဆင့် ထပ်တက်နိုင်တယ်။ ဒါက စမ်းသပ်မှုပေါင်းများစွာကနေ ကျုပ်ရရှိခဲ့တာပဲ”

“အိုး…ဒီလို နည်းလမ်းမျိုး ရှိတယ်လား”

မိုဝူကျိက သူ့ဘာသာသူ တိုးတိုးရေရွတ်လိုက်သည်။ ထိုနည်းလမ်းမျိုးကို သူ ယခင်က လုပ်ကြည့်ဖူးသည်။

သို့သော် သူက အစီအရင်အလံများကို မှော်ရတနာများအဖြစ် မလုပ်ခဲ့ချေ။ ထိုအစား အားကောင်းသော မှော်ရတနာများကို အစီအရင်ဗဟိုနှင့် အစီအရင်အုတ်မြစ်အဖြစ် သူက သုံးခဲ့သည်။ ထိုနည်းဖြင့် အစီအရင်အား ပိုမိုခိုင်မာသွားစေသည်။

ဖြစ်နိုင်ချေအား မိုဝူကျိ စဉ်းစားနေသည်ကို မြင်သောအခါ ပိုင်ယွဲ့က မှော်ရတနာအဆင့်ရှိသည့် အစီအရင်အလံတစ်ပုံကို တိုက်ရိုက်ထုတ်ယူလိုက်ပြီး အစီအရင်တစ်ခု စတင်ခင်းကျင်းလိုက်သည်။ အချိန်တိုလေးအတွင်း ပိုင်ယွဲ့က စွမ်းအားလှည့်ပတ်ရေးအစီအရင်တစ်ခုကို ခင်းကျင်းပြီးသွားသည်။

အစီအရင်အား ခင်းကျင်းပြီးသည့်နောက်တွင် ပိုင်ယွဲ့က ပြောလိုက်သည်။

“စီနီယာအစ်ကို… တစ်ချက် ကြည့်ကြည့်ပါဦး။ ဒါက စွမ်းအားလှည့်ပတ်ရေး အစီအရင်ပါ”

မိုဝူကျိက သဘောပေါက်သွားပြီ ဖြစ်သည်။ ပိုင်ယွဲ့၏ နည်းလမ်းမှာ အရမ်းကို တီထွင်မှု ကောင်းလေသည်။ ပိုင်ယွဲ့၏ အစီအရင်အလံများ အားလုံးမှာ အဆင့်မြင့် အရည်အသွေးများ ရှိကြောင်းကိုကား ပြောနေစရာပင် မလိုပေ။ ဤစွမ်းအားလှည့်ပတ်ရေး အစီအရင် တစ်ခုတည်းဖြင့်ပင် အစီအရင်၏ အဆင့်ကို မြှင့်တင်ရန် လုံလောက်နေလေပြီ။

အမှန်ပင်… လူတိုင်းဆီမှ သင်ယူစရာ တစ်ခုခု ရှိနေစမြဲ ဖြစ်သည်။ ပိုင်ယွဲ့သည် သူ့အား အစီအရင်တာအိုတွင် နောက်ထပ်တစ်လှမ်း ရှေ့တက်နိုင်စေလိုက်သည့် သင်ကြားမှုတစ်ခုကို ပေးလိုက်ခြင်း ဖြစ်သည်။ ဤနည်းမှာ အလွန် ဖြုန်းတီးရာကျသော်လည်း အင်မတန် အဖိုးတန်ဆဲ ဖြစ်သည်။

“ကျေးဇူးပဲကွာ… ပိုင်ယွဲ့။ ဒီလိုဆိုမှတော့ ကျုပ်တို့ အစီအရင်ကို စခင်းကျင်းကြတာပေါ့”

မိုဝူကျိက ပိုင်ယွဲ့၏ ပုခုံးကို တရင်းတနှီး ပုတ်လိုက်သည်။ သူက ဤဂျူနီယာညီလေးကို အသိအမှတ်ပြုလိုက်ပြီ ဖြစ်သည်။

သူတို့တွေ အစီအရင်များကို ခင်းကျင်းပြီးသွားသောအခါတွင် မိုဝူကျိက အင်မော်တယ် မော်တယ်ကျင့်စဉ်အား ပိုင်ယွဲ့ကို လက်ဆင့်ကမ်းမည် ဖြစ်သည်။ ဤကဲ့သို့ အစီအရင် အသိပညာမှာ မရေတွက်နိုင်သော စမ်းသပ်မှုနှစ်များစွာမှ စုဆောင်းရရှိလာသော ပညာမျိုးဖြစ်သည်မှာ ထင်ရှား၏။ အထူးသဖြင့် ထိုစွမ်းအားလှည့်ပတ်ရေး အစီအရင်မှာ အင်မတန် အသုံးဝင်သည်။ အကြောင်းမှာ ထိုအစီအရင်သည် ဝိညာဉ်စွမ်းအားစုစည်းရေး အစီအရင်၏ သက်ရောက်မှုကို တိုးတက်စေနိုင်သောကြောင့် ဖြစ်သည်။

အဖိုးမဖြတ်နိုင်သော အရာမှာ မည်သည့်အရာနည်း… အသိပညာဗဟုသုတ ပင်တည်း။

ပိုင်ယွဲ့၏ အရည်အချင်းဖြင့် အကယ်၍ သူသာ ကနဦးနတ်ဘုရားအဆင့် ၉ တွင် တစ်မနေပါက နတ်ဘုရားအုပ်စိုးသူအဆင့်သို့ပင် ရောက်နေလောက်လေပြီ။ သူ တစ်နေသော ဤနှစ်တွေအတွင်း သူက လက်နက်တန်ဆာတာအိုနှင့် အစီအရင်တာအိုတို့ကို လေ့လာနေလိုက်သည်။ ဤသည်မှာလည်း ပိုင်ယွဲ့ အဆင့် ၄ နေရာ ရရှိနိုင်လိုက်သည့် အကြောင်းအရင်း ဖြစ်လေသည်။

…………………..

မိုဝူကျိနှင့် ပိုင်ယွဲ့တို့သည် သေမျိုးနယ်မြေတစ်ဝိုက် ပတ်ပတ်လည်တွင် ကာကွယ်ရေး အစီအရင်ကို ခင်းကျင်းရန် အတူတူ လုပ်လိုက်ကြသည်။ ပိုင်ယွဲ့က အလယ်အလတ်အဆင့် အစီအရင်အလံများကို ပြုလုပ်ကာ မိုဝူကျိက ထိုအလံများကို အစီအရင်ထဲ ပို့ပေးသည်။

သူတို့နှစ်ယောက်သား အတူတူ ပူးပေါင်း လုပ်လိုက်ကြခြင်းဖြင့် အစီအရင်မှာ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ကြည့်ကောင်းလာလေသည်။

၁၀ ရက်ကြာပြီးနောက် ကာကွယ်ရေး အစီအရင်နှင့် စွမ်းအားစုစည်းရေး အစီအရင်တို့မှာ ခင်းကျင်းပြီးသွားလေပြီ။ သိပ်သည်းသော နတ်ဝိညာဉ်စွမ်းအားတို့က တရှိန်ထိုး စုပြုံတိုးဝင်လာသည်။ တစ်ခဏလေးအတွင်း သေမျိုးနယ်မြေသည် အသက်ဓာတ်နှင့် ဖျတ်လတ်မှုတို့ဖြင့် ပြည့်နှက်လာသည်။

“စီနီယာအစ်ကို… ကျုပ်တို့ အောင်မြင်သွားပြီ။ ဒီကာကွယ်ရေးအစီအရင်နဲ့ဆို နတ်ဘုရားဘုရင်ကိုတောင် နေ့ဝက်လောက်တော့ ခုခံထားနိုင်မှာဗျ”

ပိုင်ယွဲ့က မတ်တပ်ရပ်လိုက်ပြီး ကာကွယ်ရေးအစီအရင်ကို ကြည့်လိုက်သည်။

သို့သော် နတ်ဘုရားဘုရင်က သေမျိုးနယ်မြေကို လာတိုက်ခိုက်မည့် အကြောင်းမှာ ပိုင်ယွဲ့က ဟာသတစ်ခု အဖြစ်သာ ပြောလိုက်ခြင်း ဖြစ်သည်။

နှစ်ယောက်သား သူတို့၏ ကာကွယ်ရေးအစီအရင်ကို လာတိုက်မည့်သူ မရှိလောက်ပါဘူးဟု တွေးနေစဉ် လာအတိုက်ခံလိုက်ရလေသည်။

မိုဝူကျိကော ပိုင်ယွဲ့ပါ သူတို့၏ ကာကွယ်ရေးအစီအရင် ဝင်ပေါက်တွင် တစ်ပြိုင်နက်တည်း ပေါ်လာသည်။ အစီအရင်ကို ဖွင့်ပေးလိုက်သောအခါ လောကနတ်ဘုရား ကျင့်ကြံသူ တစ်ယောက်ကို သူတို့ မြင်လိုက်ရသည်။ ထိုလောကနတ်ဘုရားသည် နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်၏ စည်းကမ်းထိန်းဝတ်စုံကို ဝတ်ထားသည်။ သိသာစွာပင် သူက ကျောင်းတော်၏ စည်းကမ်းထိန်းတစ်ယောက် ဖြစ်သည်။

“စီနီယာ… ကျုပ်တို့ သေမျိုးနယ်မြေရဲ့ ကာကွယ်ရေးအစီအရင်ကို ဘာဖြစ်လို့များ လာတိုက်ခိုက်တာပါလဲ”

မိုဝူကျိက လက်နှစ်ဖက်ကို ယှက်ကာ ယှဉ်ကျေးစွာ မေးလိုက်သည်။

စည်းကမ်းထိန်းသည် မိုဝူကျိနှင့်ပိုင်ယွဲ့တို့ကို ဖိအားပေးရန် သူ့ကျင့်ကြံဆင့်ကို မသုံးပေ။ သူကလည်း လက်နှစ်ဖက်ကို ယှက်ကာ

“ခင်ဗျားတို့နှစ်ယောက်က အခုမှ ကျောင်းတော်ကို စရောက်တာဆိုတော့ ကျောင်းတော်ရဲ့ သက်သေခံ တံဆိပ်ပြားပေါ်က အသေးစိတ် စည်းကမ်းတွေကို မကြည့်ရသေးဘူး ထင်တယ်”

မိုဝူကျိက သံသယ မကင်းစွာ မေးလိုက်သည်။

“စည်းကမ်းက တစ်ခုတည်းရှိတာ မဟုတ်ဘူးလား”

စည်းကမ်းထိန်းက တစ်ချက်ရယ်ကာ

“အဲ့ဒါက ကျောင်းတော်က တပည့်တွေအားလုံးအပေါ်ထားတဲ့ သဘောထား သက်သက်ပါ။ ဒါပေမဲ့ ကျောင်းတော်ထဲမှာ လူတိုင်းလိုက်နာရမယ့် စည်းကမ်းချက်တွေ ရှိသေးတယ်။ အဲ့ဒီထဲက တစ်ခုက ကျောင်းတော်ထဲမှာ ခင်ဗျားတို့သဘောနဲ့ခင်ဗျားတို့ စွမ်းအားစုစည်းရေးအစီအရင် ခင်းကျင်းလို့မရဘူး ဆိုတဲ့ဟာ”

ပိုင်ယွဲ့က နားမလည်စွာ မေးလိုက်သည်။

“စွမ်းအားစုစည်းရေးအစီအရင်မရှိရင် ကျုပ်တို့တွေ ဒီမှာ ကျင့်ကြံလို့ မရဘူးဖြစ်သွားမှာပေါ့”

စည်းကမ်းထိန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

“ခင်ဗျားတို့တွေ နတ်ဝိညာဉ် သွေးကြောတွေ ယူပြီး ဒီမှာ စိုက်လို့ရတယ်။ နောက်တစ်နည်းက နှစ်အနည်းငယ်ကြာတိုင်း တစ်ခါကျင်းပလေ့ရှိတဲ့ ကျင့်ကြံရေးအရင်းအမြစ် ပြိုင်ပွဲကြီးမှာ ခင်ဗျားတို့ ဝင်ပြိုင်နိုင်တယ်။ အဲ့ဒီမှာ ထိပ်တန်းအဆင့် နတ်ဝိညာဉ် သွေးကြောတွေတင်မကဘူး… နတ်ဝိညာဉ်စွမ်းအားနယ်မြေ၊ လျို့ဝှက်နယ်မြေတွေ… အဲ့ဒီနယ်မြေတွေမှာ ကျင့်ကြံခွင့်နဲ့ အဆင့်မြင့်နတ်ဆေးလုံးတွေပါ ရရှိနိုင်တယ်”

မိုဝူကျိက သဘောပေါက်သွားသည်။

“ကျုပ်တို့နှစ်ယောက်က ကနဦးနတ်ဘုရားအဆင့်မှာပဲ ရှိသေးတယ်။ ဒီပြိုင်ပွဲကြီးမှာ ကျုပ်တို့ ဘယ်လိုဝင်ပြိုင်ရမလဲ”

စည်းကမ်းထိန်းက အသာရယ်ကာ

“ဒါဆိုရင်တော့ ခင်ဗျားတို့နှစ်ယောက် ကောင်းကင်နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်အောင် မြန်မြန်ကျင့်ကြံဖို့ လိုမယ်ဗျ။ ကျောင်းတော်ရဲ့ ကျင့်ကြံရေးအရင်းအမြစ်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေက ကောင်းကင်နတ်ဘုရားအဆင့်ကို မကျော်ရဘူး”

နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ စစ်ဆေးဆုံးဖြတ်မှုကို အောင်မြင်သွားသော တပည့်များသည် သူတို့ သွားကြမည့်နေရာများအတွက် စိတ်မပူကြသည်မှာ မဆန်းပေ။ ကြည့်ရသည်မှာ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ထဲရှိ အင်အားစုအမျိုးမျိုးသည် ကျင့်ကြံရေး အရင်းအမြစ်များအတွက် အသစ်ဝင်လာသည့်တပည့်များအပေါ် မှီခိုနေရခြင်း ဖြစ်မည်။

“နောက်လာမည့် ကျင့်ကြံရေး အရင်းအမြစ်ပြိုင်ပွဲက ဘယ်တော့လောက်ဖြစ်မလဲ မေးပါရစေ”

ပိုင်ယွဲ့က သူ့လက်သီးများကို စိတ်အားထက်သန်စွာ ပွတ်နေနှင့်လေပြီ။

“နောက်ထပ် ၁၀ နှစ်နဲ့ ၃ လ လိုသေးတယ်”

စည်းကမ်းထိန်းက ပိုင်ယွဲ့အား ဖြေကြားပေးပြီးနောက် သူက တင်းတင်းကျပ်ကျပ် ပြောလိုက်သည်။

“ခင်ဗျားတို့ရဲ့ ဝိညာဉ်စွမ်းအားစုစည်းရေးအစီအရင်က အဆင့် ၄ နတ်ဘုရား အစီအရင်အဆင့်ကို ရောက်နေပြီ။ အဲ့ဒါကို အခုချက်ချင်း ပြန်ဖြုတ်ပစ်မှ ရမယ်။ ခင်ဗျားတို့နှစ်ယောက်က ကျောင်းတော်ထဲ ဝင်ခါစဆိုတော့ ဒီတစ်ခေါက်က သတိပေးတဲ့ သဘောပါ။ ဒါပေမဲ့ ဒီလိုမျိုး နောက်တစ်ကြိမ် ထပ်ဖြစ်လာရင်တော့ ခင်ဗျားတို့နှစ်ယောက်စလုံး ကျောင်းတော်ကနေ ချက်ချင်း ထုတ်ပယ်ခံရလိမ့်မည်”

………………………..

စည်းကမ်းထိန်း ပြန်သွားပြီးနောက်တွင် မိုဝူကျိနှင့်ပိုင်ယွဲ့တို့ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်သည် လုံခြုံသော်လည်း ကျင့်ကြံရေး နိဗ္ဗာန်တော့ လုံးဝ မဟုတ်ချေ။

မိုဝူကျိက နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်သည် နတ်ဘုရားကုန်းမြေတွင် အကြာကြီး ရပ်တည်နေနိုင်ခဲ့သည့်အကြောင်းရင်းကို ယခုတော့ ရေးရေးလေး နားလည်သွားလေပြီ။ ဤကဲ့သို့ ပြိုင်ပွဲမျိုးသည် ကျောင်းတော်အတွင်းရှိ အင်အားစုအမျိုးမျိုးကြား အင်အားပြိုင်ဆိုင်ခြင်းများကို ဖြစ်ပေါ်စေသည်။ အကယ်၍ အင်အားစုတစ်ခုသည် ဆုတ်ယုတ်လာပါက တခြားအင်အားစုများ၏ အောက်တွင် နင်းခြေခံရပေလိမ့်မည်။

သေမျိုးနယ်မြေကဲ့သို့ နေရာတစ်ခုသည်ကား ကျောင်းတော်အတွင်းရှိ အင်အားစုအားလုံး၏ နောက်ဆုံးပိတ်တွင် ရှိနေလိမ့်မည်သာတည်း။

လက်တွေ့၌ စိုက်ပျိုးရေးဧကရာဇ်သာ တာအိုလမ်းစဉ်သစ် တစ်ခုအဖြစ် လူသားတာအိုနှင့် အလွန်နီးကပ်သော တာအိုလမ်းစဉ်တစ်ခုကိုသာ မဖန်တီးခဲ့ပါက ဤကန္တာရမြေများကို ကျောင်းတော်က ပြန်ယူသွားပြီးလောက်လေပြီ။

“စီနီယာအစ်ကို… နဂိုက ကျုပ် ဒီကိုလာခဲ့တာ ကောင်းကင်နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်မယ့် အခွင့်အရေးကို ရှာဖွေဖို့ပဲ။ အဲ့ဒါပြီးမှ သေမျိုးနယ်မြေကို ပြန်လည် တည်ထောင် အသက်ဝင်စေမယ်ပေါ့။ အခု ကြည့်ရတာ သေမျိုးနယ်မြေမှာ အဲ့လိုအခွင့်အရေး မရှိဘူး ထင်တယ်ဗျာ။ ကျုပ် အဲ့ဒီအခွင့်အရေးကို ထွက်ရှာပြီးမှ ပြန်လာဖို့ စဉ်းစားထားတယ်”

ပိုင်ယွဲ့က အနည်းငယ် စိတ်ပျက်သွားသည်။

ထိုသို့ပြောပြီးမှ ပိုင်ယွဲ့က တစ်ခုခုကို သတိရသွားပုံ ပေါ်သည်။ သူက ကျောက်စိမ်းတံဆိပ်ပြား ၃ ခုကို ထုတ်ယူလိုက်ပြီး မိုဝူကျိအား ပြောလိုက်သည်။

“ဒီကျောက်စိမ်းတံဆိပ်ပြားတွေက နိဗ္ဗာန်မြစ်ထဲမှာ နတ်ဘုရားဘုရင်တွေ ကျင့်ကြံဖို့နဲ့ သဟဇာတနတ်ဘုရားရဲ့ တာအိုဆွေးနွေးပွဲကို နားထောင်ဖို့။ ခင်ဗျား ဒီဟာတွေကို လေလံတင်ရောင်းပြီး ရလာတဲ့ နတ်ဘုရားကျောက်တွေကို ကျုပ်တို့သေမျိုးနယ်မြေအတွက် နတ်ဘုရားဝိညာဉ်သွေးကြောတွေ ဝယ်ဖို့  သုံးလိုက်ပါ”

မိုဝူကျိက မငြင်းပေ။ သူက ကျောက်စိမ်းတံဆိပ်ပြားများကို လက်ခံယူလိုက်ပြီး သူ့သိုလှောင်လက်စွပ်ထဲ ထည့်လိုက်သည်။ သူက ရယ်ကာ ပြောလိုက်သည်။

“မင်းမှာ ဒါတွေ သွားရောင်းဖို့အတွက် အချိန်မရှိတာမို့လို့ ကျုပ် ဒီကျောက်စိမ်းတံဆိပ်ပြားတွေ လက်ခံလိုက်မယ်။ ပြီးတော့ ကောင်းကင်နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေးကို မင်း အပြင်ထွက်ပြီး သွားရှာနေစရာမလိုဘူး။ ဒီမှာတင် တစ်ခု ရှိတယ်ကွ”

ပိုင်ယွဲ့၏ အံ့အားသင့်နေသည့် ပုံစံကို ကြည့်ကာ မိုဝူကျိက သစ်သားဘူးလေး တစ်ဘူးကို ထုတ်ယူကာ ပိုင်ယွဲ့အား ကမ်းလိုက်သည်။

“ဒါကို ကြည့်ကြည့်လိုက်”

ပိုင်ယွဲ့က မရေမရာဖြင့် ဘူးကို ဖွင့်လိုက်သည်။ ချက်ချင်းပင် သူ့လက်များ စတင်တုန်လာကာ သူက သစ်သားဘူးကို ကြမ်းပြင်ပေါ်သို့ လွတ်ကျလုနီးနီး ဖြစ်သွားသည်။ ဘူးထဲမှ စာအုပ်ကို သူက တင်းတင်းကျပ်ကျပ် ကောက်ကိုင်လိုက်ပြီး

“ဒါက စိုက်ပျိုးရေးဧကရာဇ် ချန်ထားခဲ့တဲ့ အင်မော်တယ် မော်တယ်ကျင့်စဉ် အစစ်ပဲ…”

ပိုင်ယွဲ့သည်ပင် သူ့လက်များ တုန်နေသည်ကို သူ့ဘာသာ ခံစားနိုင်သည်။ သူ အင်မော်တယ် မော်တယ်ကျင့်စဉ်ကို စကျင့်ကြံပါပြီဆိုကတည်းက ဤစာအုပ်အစစ်ကို ရရှိသည့် အိမ်မက်ကို အမြဲမက်ခဲ့ရသည်။ သို့သော် သူ နိုးလာပြီး အိမ်မက်တစ်ခုသာဖြစ်ကြောင်း သိခဲ့ရသည်သာ ဖြစ်သည်။

မိုဝူကျိက ပိုင်ယွဲ့၏ ပုခုံးကို ပုတ်လိုက်ကာ

“ဟုတ်တယ်။ ဒါက အင်မော်တယ် မော်တယ်ကျင့်စဉ်ရဲ့ စာအုပ် အစစ်ပဲ။ မင်းမှာ နတ်ဝိညာဉ်စွမ်းအား နယ်မြေထဲမှာ တစ်နှစ် ကျင့်စရာ ရှိတယ်မလား။ သွားပြီး ကျင့်ကြံချည်။ မင်း ကောင်းကင်နတ်ဘုရားအဆင့်ကို တက်လှမ်းပြီးသွားရင် သေမျိုးနယ်မြေအတွက် ကျင့်ကြံရေး အရင်းအမြစ်တွေ ရဖို့ မင်း ဝင်ပြိုင်လို့ ရပြီ”

ပိုင်ယွဲ့သည် သူ့ဘာသာသူ အတင်း စိတ်ငြိမ်အောင် လုပ်နိုင်လိုက်ပြီ ဖြစ်သည်။ သူက အင်မော်တယ် မော်တယ်ကျင့်စဉ်ကို ကျောက်စိမ်းဘူးထဲ သေချာထည့်ကာ သိမ်းထားလိုက်ပြီး မိုဝူကျိအား ပြောလိုက်သည်။

“စီနီယာအစ်ကို… မဟုတ်သေးဘူး… အခုကစပြီး ဝူကျိက ငါ့ရဲ့ အရင်းနှီးရဆုံး ညီအစ်ကိုပဲ။ အင်မော်တယ် မော်တယ်ကျင့်စဉ်ကို ငါတစ်ချက် ကြည့်ကြည့်လိုက်မယ်။ ငါ ကောင်းကင်နတ်ဘုရားအဆင့်ကို တက်လှမ်းပြီးသွားရင် စာအုပ်ကို ဝူကျိဆီ ပြန်ပေးမယ်ကွာ”

မိုဝူကျိက ရယ်ကာ

“ကျုပ်ဆီကို ပြန်ပေးစရာ မလိုပါဘူးဗျာ။ ကျုပ် မင်းကို ဒီစာအုပ် အပြီးပေးနေတာဗျ”

ပိုင်ယွဲ့ ဘာမှမမေးနိုင်သေးခင် မိုဝူကျိက ဆက်ပြောလိုက်သည်။

“ကျုပ်လည်း အင်မော်တယ် မော်တယ်ကျင့်စဉ်ကို ကျင့်ကြံပေမဲ့ ကျုပ် ကျင့်တာက စိုက်ပျိုးရေးဧကရာဇ်ရဲ့  အင်မော်တယ် မော်တယ်ကျင့်စဉ် မဟုတ်ဘူး”

မိုဝူကျိသည် စိုက်ပျိုးရေးဧကရာဇ်၏ ကျင့်စဉ်ကို ကျင့်ကြံနေသည်မဟုတ်ကြောင်း ကြားသောအခါ ပိုင်ယွဲ့က စိုးရိမ်လာပြီး မြန်မြန်ပြောလိုက်သည်။

“ဝူကျိ… အင်မော်တယ် မော်တယ်ကျင့်စဉ်ကို စိုက်ပျိုးရေးဧကရာဇ်က တီထွင်ဖန်တီးခဲ့တာ။ တကယ်လို့ မင်း သူ့ရဲ့ကျင့်စဉ်ကို မကျင့်ကြံဘူးဆိုရင် မင်းရဲ့ကျင့်စဉ်မှာ သေချာပေါက် လိုအပ်ချက်တွေ ရှိနေလိမ့်မယ်…”

ပိုင်ယွဲ့သည် မိုဝူကျိအား “စီနီယာအစ်ကို” ဟု မခေါ်တော့ဘဲ သူ့နာမည်ကိုသာ တပ်ခေါ်တော့သည်။ မိုဝူကျိက သူ့ကို အင်မော်တယ် မော်တယ်ကျင့်စဉ်ပေးလိုက်သည့် အခိုက်တွင် သူက မိုဝူကျိအား သူ၏ အကောင်းဆုံးသော ညီအစ်ကိုအဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်သည်။

***

All Chapters