အမေ့ရဲ့ဇာစ်မြစ်
Vol. 61 Ch. 849
အခန်း (၈၄၉) အမေ့ရဲ့ဇာစ်မြစ်
သီးခြားနယ်မြေအပြင်ဘက်ရှိ အထက်ဘုံကမ္ဘာတွင် ထိပ်တန်းအရှင်သခင် (၂)ယောက် တိုက်ခိုက်ခဲ့ကြသည်။
သို့သော် သူတို့နှစ်ယောက်ပြောဆိုသည့်စကားများကို သူတို့သာလျှင်သိရှိကြပြီး ရန်ကျောက်ကဲကတော့ ကြားသိခဲ့ခြင်း မရှိပေ။
သို့ပေသိ အရှေ့မြောက်ထိပ်တန်းအရှင်သခင်’လျိုကျန်းကူ’ နှင့် ရင်ဆိုင်ရသည်က အရှေ့ပိုင်းထိပ်တန်းအရှင်သခင်နှင့် ရင်ဆိုင်ရသည်ထက် ပိုမိုကောင်းမွန်သည်။
လီချန် ၊ ရှန်းယိယန်နှင့်အခြားသူများ၏ သဘောထားများကိုကြည့်ရသည်မှာ အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်ရှိ တိမ်တိုက်တောင် ၊ ဖန်သားအလင်းကျောင်းတော်မှ အဆက်အနွယ်များက ရွှယ်ချူးချင်ကို မလိုလားကြကြောင်း အခြေခံအားဖြင့် အတည်ပြုနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ရွှယ်ချူးချင်၏သားဖြစ်သူက ရန်ကျောက်ကဲအပေါ်တွင်လည်း ကျေနပ်ကြမည် မဟုတ်ပေ။
အရှေ့မြောက် ထိပ်တန်းအရှင်သခင် လျိုကျန်းကူက မည်သို့သဘောထားရှိကြောင်း ရန်ကျောက်ကဲအနေဖြင့် မသိရှိသော်လည်း စောစောက အပြင်ဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်က အမှန်တကယ်ပင် ဖြစ်၏။
အရှင်သခင် (၂)ယောက်က လက်ရည်ညီနေဟန်ရှိသဖြင့် လျိုကျန်းကူနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့သူမှာ သူနှင့် ကျင့်ကြံခြင်းအဆင့်တူညီသူတစ်ယောက် ဖြစ်နိုင်ကြောင်း ရန်ကျောက်ကဲ ရိပ်မိသည်။
ဤနေရာက အရှေ့ပိုင်းကျယ်ပြန့်ကောင်းကင်ပြည်နယ်နှင့် အရှေ့မြောက် မင်ထျန်းကောင်းကင်ပြည်နယ်ကြား နယ်ခြားဖြစ်လေရာ လျိုကျန်းကူနှင့်တိုက်ခိုက်သူမှာ အရှေ့ပိုင်းထိပ်တန်းအရှင်သခင် ဖြစ်ဖွယ်ရှိသည်။
လျိုကျန်းကူက ရွှယ်ချူးချင်ဘက်မှ တိုက်ခိုက်ပေးရန် ဆန္ဒရှိသည်ကိုကြည့်ခြင်းအားဖြင့် သူ၏သဘောထားက အရှေ့ပိုင်းထိပ်တန်းအရှင်သခင်နှင့် ဆန့်ကျင်ဘက်ဖြစ်ဟန်တူသည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် အရှေ့မြောက်ထိပ်တန်းအရှင်သခင် လျိုကျန်းကူက ယုံကြည်ထိုက်သူတစ်ယောက်ဖြစ်ကြောင်း ရန်ကျောက်ကဲ သိမှတ်နိုင်သည်။
ဟုတ်ပေ၏။
ထိုသူနှစ်ယောက်တိုက်ခိုက်ခြင်းမှာ သူ၏ယုံကြည်မှုရရှိစေရန် ပူးပေါင်းကြံစည်လုပ်ကြံခြင်းလည်း ဖြစ်နိုင်ပေသည်။
သို့သော် ဤသို့သောဖြစ်နိုင်ခြေက အလွန်နည်းပါးသည်။
လီချန်တို့အုပ်စုပြောသည့်စကားများသာ အမှန်ဖြစ်ပါက ထိပ်တန်းအရှင်သခင်များအဆင့်ရှိသော တန်ခိုးစွမ်းအားရှင်များအနေဖြင့် ရွှယ်ချူးချင်၏တည်နေရာကိုရှာဖွေရန် ခက်ခဲမည် မဟုတ်ပေ။
နက္ခတ်ဂမ္ဘီရပညာဆိုသည်က အတိုင်းအဆမဲ့စွမ်းအားမြင့်မားသော ပညာတစ်ရပ်မဟုတ်ပေ။
ကျင့်ကြံခြင်းအဆင့် များစွာကွာခြားပါက ထိပ်တန်းအရှင်သခင်များ၏ လှုပ်ရှားမှုများကို ခန့်မှန်းရန်မှာ ကောင်းကင်ဘုံသို့တက်ခြင်းထက် ပိုပြီးခက်ခဲပေမည်။
သို့ရာတွင် ထိပ်တန်းအရှင်သခင်အဆင့် တန်ခိုးစွမ်းအားရှင်များက တစ်ယောက်၏လှုပ်ရှားမှုကို တစ်ယောက်ကစောင့်ကြည့်နေသဖြင့် အရှေ့ပိုင်း ထိပ်တန်းအရှင်သခင်သည် ရွှယ်ချူးချင် မည်သည့်နေရာတွင်ရှိနေကြောင်း ရှာဖွေရန် တပည့်များကိုသာ စေလွှတ်နိုင်ခဲ့သည်။
ယခု သူကိုယ်တိုင် ဤနေရာသို့ ရောက်လာသည်နှင့် အခြားသော ထိပ်တန်းအရှင်သခင်တစ်ယောက်ဖြစ်သည့် လျိုကျန်းကူ၏ တားဆီးခြင်းကို ခံရသည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် အရှေ့မြောက်ထိပ်တန်းအရှင်သခင်နှင့် အရှေ့ဘက်ထိပ်တန်းအရှင်သခင်တို့က ရပ်တည်ချက်မတူညီကြောင်း ထိရောက်စွာ သက်သေပြခဲ့သည်။
လျိုကျန်းကူ၏မျက်ဝန်းများက ရုတ်တရက်တောက်ပသွားပြီး တည်ကြည်လေးနက်စွာဖြင့် ရန်ကျောက်ကဲကို ကြည့်လိုက်သည်။
ရန်ကျောက်ကဲက တည်ငြိမ်စွာပြုံးရင်း လျိုကျန်းကူကို ထပ်မံ၍လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်၏။
“ကျွန်တော့်အမေက ခွန်လွန်တောင်ကနှင်းကြိုးကြာ ‘ရွှယ်ချူးချင်’ ပါ ၊ အရှေ့မြောက်ထိပ်တန်းအရှင်သခင်က အမေ့ကိုတွေ့ဖူးပါလိမ့်မယ် ၊ ဒါကြောင့် ကျွန်တော့်ရုပ်သွင်ကိုလည်း ရင်းနှီးနေတာဖြစ်ရမယ်”
ထိုစကားကြားတော့ လျိုကျန်းကူက ရန်ကျောက်ကဲကိုကြည့်ရင်း မျက်လုံးမျက်ဆံပြူးသွားပြီးနောက် ရုတ်တရက် တဟားဟား အော်ဟစ်ရယ်မောလိုက်သည်။
“ဟား..ဟား..ဟား.... ကောင်မလေးကို ငါ့မျက်စိထဲမှာ ကလေးပဲရှိသေးတယ်လို့ထင်နေတာ ၊ သူက အိမ်ထောင်ကျလို့ ကလေးတောင်ရနေပါပကော...”
“မင်းတောင်ဒီအရွယ်ရောက်နေပြီဆိုတော့... ကြည့်ရတာ ကောင်မလေး လက်ထပ်ပြီးတာတောင် နှစ်ပေါင်းအတော်ကြာခဲ့ပြီထင်တယ်”
အဘိုးအိုက တမင်သက်သက် သက်ကြီးရွယ်အိုတစ်ယောက်ပုံစံဖမ်းနေခြင်း မဟုတ်ပေ။
လျိုကျန်းကူက အရှင်သခင် (၁၀)ပါးတွင် အသက်နှင့်ဝါစဉ်အကြီးဆုံးဖြစ်ပြီး မြင့်မားသည့်အနေအထားတွင်ရပ်တည်နေသူ ဖြစ်သည်။
ရွှယ်ချူးချင်ကိုအသာထား ၊ ရန်ကျောက်ကဲ၏ဆရာဘိုးဘိုး ယွမ်ကျန်းဖုန်းမမွေးမီကပင် လျိုကျန်းကူက အထက်ဘုံကမ္ဘာတွင် နာမည်ကျော်ကြားသူတစ်ယောက်အဖြစ် ရပ်တည်နေပေပြီ။
အဘိုးအိုက ရန်ကျောက်ကဲကို လေးစားချစ်ခင်ဟန်ဖြင့်ကြည့်လိုက်ရင်း...
“ဒီအဘိုးကြီး မင်းနာမည်ကို ဟိုးအရင်ကတည်းက ကြားဖူးပါတယ် ၊ ထူးကဲယန်စည်းတံဆိပ်နဲ့ တခြားရတနာပစ္စည်းတွေကြောင့်သာမဟုတ်ဘဲ မင်းကိုယ်တိုင်ကလည်း တကယ်အရည်အချင်းရှိတာပဲ ၊ ဒါနဲ့ မင်းက အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်မှာ နေတာမဟုတ်လား”
ရန်ကျောက်ကဲက ပြုံးရင်း...
“ခရီးထွက်ရင်း အထက်ဘုံကမ္ဘာအပြင်ဘက်ကိုရောက်သွားတယ် ၊ အခု ပြန်လာတော့ ဒီနားက ကောင်းကင်အက်ကွဲကြောင်းတစ်ခုကိုဖြတ်ပြီး ပြန်ရောက်လာတာပါ”
လျိုကျန်းကူက ခေါင်းခါယမ်းရင်း...
"တကယ်လို့ မင်းကို ဒီသီးခြားနယ်မြေထဲမှာ တွေ့ရတာသာမဟုတ်ရင် အဲဒီကောင်မလေးရွှယ်ချူးချင်နဲ့ပတ်သက်နေတယ်ဆိုတာ သိနိုင်မှာမဟုတ်ဘူး”
သူက ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ရင်း...
“မင်းအမေ ဒီနေရာမှာ မရှိတော့ဘူးမဟုတ်လား”
ရန်ကျောက်ကဲလည်း အူကြောင်ကြောင်ဖြင့်ပြုံးလိုက်ရင်း...
“ကျွန်တော် ဒီထဲမဝင်ခင်ကတည်းက အမေက မရှိတော့ဘူး ၊ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်လည်း အမေ့ကိုရှာနေတာပါ”
လျိုကျန်းကူက...
“အင်း... သူက မင်းကိုမတွေ့ချင်သေးဘူးဆိုရင်တော့ မင်းအနေနဲ့ သူ့ကိုရှာတွေ့ဖို့ ခက်လိမ့်မယ်”
ရန်ကျောက်ကဲက သိမ်မွေ့စွာဖြင့်...
“အမေ ဘယ်မှာရှိလဲဆိုတာ အရှေ့မြောက်ထိပ်တန်းအရှင်သခင်များ သိနိုင်မလား ၊ ကျွန်တော်တင်မဟုတ်ဘူး ကျွန်တော့်အဖေကလည်း အမေ့ကို အရမ်းသတိရနေတာပါ”
အရှေ့မြောက်ထိပ်တန်းအရှင်သခင်က ရွှယ်ချူးချင်ကို ကြည်ဖြူသူဖြစ်သောကြောင့်လားမသိ ၊ ရန်ကျောက်ကဲအပေါ်တွင်လည်း အတော်လေး ကြင်နာစွာ ဆက်ဆံသည်။
သူက စိတ်ရှည်လက်ရှည်ပင် ရှင်းပြသည်။
“ဒီကောင်မလေး ဘယ်ရောက်နေလဲဆိုတာ ဒီအဘိုးကြီးလည်း မသိပါဘူး ၊ တကယ်တော့ တစ်ယောက်ယောက်က သူရှိတဲ့နေရာကိုပြောလို့ ဒီအဘိုးကြီး သူ့ကိုသွားတွေ့မယ်ဆိုရင်တောင်... သူကမတွေ့ချင်ဘူးဆိုရင် ချက်ချင်းနေရာပြောင်းပြီး ရှောင်ဖယ်သွားမှာပဲလေ...”
ရန်ကျောက်ကဲကိုကြည့်ရင်း လျိုကျန်းကူ သက်ပြင်းချလိုက်သည်။
“သူ မင်းကိုရှောင်နေရတာကလည်း မတွေ့ချင်လို့မဟုတ်ပါဘူး ၊ သူ မင်းကို မတွေ့နိုင်သေးလို့ ဖြစ်မှာပါ ၊ ဘာလို့လဲဆိုတော့... သူနဲ့တွေ့လိုက်တာနဲ့ မင်းလည်း အေးအေးချမ်းချမ်းမနေရတော့မှာကို စိတ်ပူလို့ဖြစ်လိမ့်မယ်”
“သူက မင်းနဲ့မင်းအဖေကို နက္ခတ်ဂမ္ဘီရပညာအသုံးပြုပြီး အစီအရင်တည်ဆောက်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ ၊ ဒီလို လုပ်နိုင်ရင်တောင် မင်းတို့နဲ့ပတ်သက်နေသူတွေကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး”
အဘိုးအိုက ဆက်ပြောသည်။
“ကောင်မလေးကို ရှာနေတဲ့သူအချို့ကလည်း နက္ခတ်ဂမ္ဘီရပညာမှာ အလားတူကျွမ်းကျင်ကြတယ် ၊ ဒါကြောင့် လျှို့ဝှက်ချက်တွေ ဖော်ထုတ်တဲ့နေရာမှာကျွမ်းကျင်တော့... ဒီနေရာမှာဘာဖြစ်ခဲ့လဲဆိုတဲ့သဲလွန်စတွေကို သိရှိကြမှာပဲ”
“ဒါကြောင့် မင်းသာ ကောင်မလေးနဲ့မဆုံတွေ့ခဲ့ဘူးဆိုရင်... သူ့ကိုရှာနေတဲ့သူတွေအနေနဲ့ မင်းနဲ့သူ့ရဲ့ဆက်ဆံရေးကို သိမှာမဟုတ်ဘူး”
ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။
သူသည်လည်း မိုးကောင်းကင်၏လျှို့ဝှက်ချက်များကို ကြိုတင်တွက်ချက်နိုင်သော နက္ခတ်ဂမ္ဘီရပညာများအကြောင်း အနည်းငယ် ကြားသိဖူးသည်။
သူက...
“အမေ့နောက်ကို လူတွေအများကြီးလိုက်နေကြတာလား”
ခရမ်းရောင်သရဖူဆောင်းထားသည့် အဘိုးအိုက...
“ဟုတ်တယ် ၊ ဖန်သားအလင်းကျောင်းတော်က လူတွေတင်မဟုတ်ဘူး ၊ တခြားလူတွေအများကြီး သူ့နောက် လိုက်နေကြတာ ၊ ဒါပေမဲ့ ဖန်သားအလင်းကျောင်းတော်ကတော့ ဇွဲကောင်းကောင်းနဲ့ကို ဆက်တိုက်လိုက်နေတာပဲ”
ထို့နောက် ရန်ကျောက်ကဲကိုကြည့်ရင်း လျိုကျန်းကူက ပြုံးလိုက်၏။
“မင်းက တစ်ခါတည်းနဲ့ ဖန်သားအလင်းကျောင်းတော်ကလူတွေကို အများကြီးသတ်ပစ်လိုက်တာ... အတော်အကြင်နာတရားကင်းမဲ့တာပဲ ၊ ပြီးတော့ စွမ်းအားလည်းကြီးလွန်းတယ်”
ရန်ကျောက်ကဲက သိမ်မွေ့စွာဖြင့်...
“အမေက ရတနာပစ္စည်းတစ်ခုခိုးယူသွားတယ်ဆိုပြီး သူတို့က စော်ကားပြောဆိုတယ်လေ”
လျိုကျန်းကူက...
“မင်းက ‘စော်ကားတယ်’ ဆိုတဲ့စကားသုံးလိုက်မှတော့... ဒီအဘိုးကြီး ဘာမှထပ်ပြောစရာ မရှိတော့ပါဘူး”
ရန်ကျောက်ကဲက...
“အရှေ့မြောက်ထိပ်တန်းအရှင်သခင်ကို အတင့်ရဲပြီးမေးပါရစေ ၊ ဘာလို့ အမေ့နောက်ကို လူတွေအများကြီး လိုက်နေကြတာလဲ”
ဒီတစ်ခေါက်တော့ လျိုကျန်းကူက အဖြေမပေးတော့ပ။
“မင်းအမေနဲ့တွေ့တဲ့အခါ ကိုယ်တိုင်မေးကြည့်ပါ ၊ သူ မင်းကိုပြောသင့်တယ်လို့ယူဆရင် ပြောပြပါလိမ့်မယ်”
ကြီးမြတ်သော အရှေ့မြောက်ထိပ်တန်းအရှင်သခင်သည် ဤကိစ္စနှင့်ပတ်သက်ပြီး တင်းတင်းကျပ်ကျပ် နှုတ်ဆိတ်နေခဲ့သည်။
ရန်ကျောက်ကဲ အနည်းငယ်အံ့အားသင့်သွားသော်လည်း ဤကိစ္စကို ပိုပြီးစိတ်ဝင်စားလာခဲ့၏။ ထို့ပြင် အချက်ပေးခေါင်းလောင်းသံများလည်း သူ့စိတ်ထဲ မြည်ဟည်းလာသည်။
ဤကိစ္စက ပေါ့သေးသေးတော့ မဖြစ်တန်ပေ။
သို့သော် ဤကိစ္စက စစ်ခုန်ချင်း ၊ ယွဲ့ပေါင်ချီ ၊ လီချန်တို့ကဲ့သို့ ရုပ်ချင်းဆင်တူသူများနှင့် ဆက်စပ်နေနိုင်၏။
ရန်ကျောက်ကဲက မျက်နှာအမူအရာပြောင်းလဲခြင်းမရှိဘဲ စိတ်ထဲကတွေးလိုက်သည်။
“အရှေ့ပိုင်းထိပ်တန်းအရှင်သခင်က လီချန်ကို တပည့်အဖြစ်လက်ခံထားတယ်ဆိုတော့... ကြည့်ရတာ... သူရော အရှေ့မြောက်ထိပ်တန်းအရှင်သခင်ရောက ငါ့အမေနဲ့ စစ်ခုန်ချင်းနဲ့ဆင်တူတဲ့လူတွေနဲ့ဆက်စပ်နေတယ်ဆိုတာ မသိလောက်သေးဘူး ၊ သူတို့အချင်းချင်းချိတ်ဆက်နေတာကိုလည်း မသိလောက်ဘူး”
အရှေ့ပိုင်းထိပ်တန်းအရှင်သခင်အနေဖြင့် လီချန်၏ခန္ဓာကိုယ်တွင်းမှာ အင်းသင်္ကေတကိုတော့ သိရှိနိုင်ဖွယ်ရှိသည်။ သို့သော် လီချန်နှင့် ရုပ်ချင်းဆင်တူသည့်လူများအကြောင်းကိုတော့ သိရှိဟန်မတူသေးပေ။
စစ်ခုန်ချင်းနှင့် ရုပ်ချင်းဆင်တူသူများ စုဝေးလိုက်ပါက အင်းသင်္ကေတနှင့်ပတ်သက်သည့် အဓိပ္ပါယ်တစ်ခုခု သိရှိနိုင်သော်လည်း တစ်ယောက် နှစ်ယောက်လောက်ဖြင့် အဓိပ္ပါယ်ကို နားလည်ရန် ခက်ခဲမည် ဖြစ်၏။
အရှေ့မြောက်ထိပ်တန်းအရှင်သခင်က မိခင်ဖြစ်သူနောက်သို့ လိုက်နေသူများအကြောင်း ပြောပြချင်ဟန်မရှိသဖြင့် ရန်ကျောက်ကဲကလည်း ဆက်လက်မမေးမြန်းတော့ပေ။
သူက စကားလမ်းကြောင်းပြောင်းလိုက်သည်။
“စောစောက လာပြီးတိုက်ခိုက်တဲ့သူက အရှေ့ပိုင်းထိပ်တန်းအရှင်သခင်များလား”
လျိုကျန်းကူက...
“အမှန်ပဲ ၊ ဒါပေမဲ့ ဒီအဘိုးကြီး သူ့ကိုမောင်းထုတ်လိုက်ပြီ”
ရန်ကျောက်ကဲက...
“အရှေ့မြောက်ထိပ်တန်းအရှင်သခင်အတွက် ခက်ခဲမှာပဲ ၊ အမေ့ကိုယ်စား ဒီ’ရန်’ က ကျေးဇူးတင်ပါတယ်ဗျာ”
ကျင်းထင်တောင်တွင်နေထိုင်စဉ်က မုကျွင်း ၊ ချန်ကျိလျန်နှင့် အခြားသူများပြောကြသည်ကို ကြားသိခဲ့ရဖူးသည်။
အရှေ့မြောက်ထိပ်တန်းအရှင်သခင်နှင့် အရှေ့ပိုင်းထိပ်တန်းအရှင်သခင်တို့က ဇာစ်မြစ်တူညီသူများ ဖြစ်ကြသည်။ သူတို့နှစ်ယောက်လုံးက ယခင် တာအိုဝါဒ ဧကရာဇ် (၄)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ‘တောင်ပိုင်းချန်စန်းဧကရာဇ်’ ၏ အဆက်အနွယ်များ ဖြစ်ကြ၏။
လျိုကျန်းကူက ပြုံးလိုက်ရင်း...
“မင်း ဒီအဘိုးကြီးဆီက စကားနှိုက်ဖို့ကြိုးစားနေတာ မဟုတ်လား ၊ အဲဒီလိုလုပ်ဖို့ မလိုပါဘူးကွာ ၊ ကျုပ် အားလုံးပြောပြပါ့မယ်”
“မင်းအမေကလည်း ဒီအဘိုးကြီးနဲ့ ဖန်သားအလင်းကျောင်းတော်ကလူတွေနဲ့ အဆက်အနွယ်အတူတူပါပဲ ၊ တစ်ချိန်တုန်းကဆိုရင် မင်းအမေရဲ့အဆက်အနွယ်က ကျုပ်တို့အဆက်အနွယ် (၂)ခုထက်တောင် တန်ခိုးစွမ်းအားမြင့်မားတဲ့ တပည့်တွေ ထွက်ပေါ်လာခဲ့ဖူးတယ်”