ထူးခြားလျှို့ဝှက်သည့် ခြောက်ယောက်မြောက်အုပ်စိုးရှင်
Vol. 61 Ch. 850
အခန်း (၈၅၀) ထူးခြားလျှို့ဝှက်သည့် ခြောက်ယောက်မြောက်အုပ်စိုးရှင်
တောင်ပိုင်းချန်စန်းဧကရာဇ်ကို ယွိချင်းဘုရင်ဟုလည်းခေါ်ဆိုကြပြီး သူ၏ နာမည်ဂုဏ်ပုဒ်အပြည့်အစုံမှာ “မိုးကောင်းကင်ယွိချင်းဘုရင်ချန်စန်းဧကရာဇ် ထုန်ထျန်းယွမ်စန့်သူတော်စင်” ဟူ၍ ဖြစ်သည်။
သူက တာအိုဝါဒ၏ အခြားသောဧကရာဇ်လေးပါးတွင်ပါဝင်သော ကျီဝေးဧကရာဇ် ၊ မြေကမ္ဘာဘုရင်မတို့နှင့် တန်းတူကျော်ကြားခဲ့သူတစ်ယောက်ပင်။
သာမန်လူများက သူ့ကို ‘သက်ရှည်ကြယ်ဘိုးဘိုး’ အဖြစ်ကိုးကွယ်ကြသည်။
များပြားလှစွာသော သက်ရှိသတ္တဝါတို့၏ ကံကြမ္မာနှင့် ဘေးအန္တရယ်ကို ချုပ်ကိုင်ထားသည့် ‘မိုးကြိုးနတ်ဘုရား’ အဖြစ် လေကိုဆင့်ခေါ်ပြီး မိုးရွာသွန်းစေနိုင်သော တန်ခိုးအာဏာရှိသူဟု သတ်မှတ်ကြသည်။
ထို့ပြင် သူက မိုးကြိုးစွမ်းအားများအားလုံး၏ အရှင်သခင်အဖြစ်လည်း နာမည်ကျော်ကြား၏။
အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်ရှိ တိမ်တိုက်တောင် ၊ ဖန်သားအလင်းကျောင်းတော်မှ အဆက်အနွယ်များ ကျင့်ကြံကြသော ချန်စန်းသိုင်းပညာနှင့် အရှေ့မြောက် မင်ထျန်းကောင်းကင်ပြည်နယ်ရှိ ချင်းရှောင်းတောင် ၊ ကွေလေနန်းတော်မှ အဆက်အနွယ်များကျင့်ကြံသော စန်းရှောင်မိုးကြိုးစွမ်းအားတို့အားလုံးက ‘တောင်ပိုင်းချန်စန်းဧကရာဇ်’ ထံမှ ဆင်းသက်လာခြင်း ဖြစ်သည်။
ထို့ကြောင့် အရှေ့မြောက်ထိပ်တန်းအရှင်သခင်နှင့် အရှေ့ပိုင်းထိပ်တန်းအရှင်သခင်၏ သိုင်းပညာအမွေအနှစ်များက တူညီသောရင်းမြစ်မှ မွေးဖွားလာသည်ဟု အထက်ဘုံကမ္ဘာတွင် ဆိုကြသည်။
သို့တိုင် သူတို့ (၂)ဦး၏ဆက်ဆံရေးက များသောအားဖြင့် သဟဇာတမဖြစ်ကြဘဲ ကိစ္စအတော်များများတွင် မတူညီသည့် ရပ်တည်ချက်များ ကွဲပြားကြသည်။
ရန်ကျောက်ကဲ သိရှိသည့်ကောလဟလများအရ ‘တောင်ပိုင်းချန်စန်းဧကရာဇ်’ က ကောင်းကင်ကျမ်းစာ (၁၀)အုပ်တွင်တစ်အုပ်အပါအဝင်ဖြစ်သည့် ‘ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာ’ ကို ကျွမ်းကျင်သူဖြစ်သည်။
အရှေ့မြောက် ထိပ်တန်းအရှင်သခင် လျိုကျန်းကူက သူ၏အမေနှင့် ရင်းနှီးခင်မင်ပုံရပြီး အရှေ့ပိုင်းထိပ်တန်းအရှင်သခင်နှင့်လည်း အဆက်အနွယ်တစ်ခုတည်းဖြစ်လေရာ ရန်ကျောက်ကဲက ကိစ္စအချို့ကို ခန့်မှန်းမိသည်။
ရန်ကျောက်ကဲခန့်မှန်းချက်များကို လျိုကျန်းကူက တည့်ထိုးပင် အတည်ပြုပေးလိုက်၏။
ရွှယ်ချူးချင်၏ သိုင်းပညာအဆက်အနွယ်အကြောင်း ပြောပြသည့်အချိန်တွင် လျိုကျန်းကူ၏မျက်နှာအမူအရာက အတော်လေး တည်ကြည်လေးနက်နေသည်။
“မင်းအမေက ခွန်လွန်အထင်ကရ (၉) ပါးထဲက ‘မုယောက်ကြယ်စင်ထက်ယံအရှင်သခင်’ ရဲ့ အဆက်အနွယ်ပဲ”
ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။
“အဲဒီလိုကိုး...”
‘မုယောက်ကြယ်စင်ထက်ယံအရှင်သခင်’ မည်သည့်နေရာသို့ရောက်သွားသလဲ မည်သူမှ မသိရှိပေ။ အချို့ကတော့ ထိုပုဂ္ဂိုလ်သေဆုံးသွားပြီဟုဆိုကြသည့်တိုင် သက်သေပြစရာမရှိပေ။
အထက်ဘုံကမ္ဘာတွင် ဤအထင်ကရပုဂ္ဂိုလ်နှင့်ပတ်သက်သော အချက်အလက်အနည်းငယ်သာ ရှိခဲ့သည်။ ရန်ကျောက်ကဲသည်ပင် ဤနာမည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်၏။
သူ၏မိခင်ဖြစ်သူက ထိုသို့သောပုဂ္ဂိုလ်မျိုး၏အဆက်အနွယ်ဖြစ်နေမည်ဟု ရန်ကျောက်ကဲ ထင်မှတ်မထားခဲ့ပေ။
လျိုကျန်းကူက ဆက်ပြောသည်။
“လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက... အုပ်စိုးရှင် (၅)ပါးပဲ ရှိတာမဟုတ်ဘူး ၊ အုပ်စိုးရှင် (၆)ပါး ရှိခဲ့တယ် ၊ အဲဒီ အုပ်စိုးရှင်က အတော်လေးလူသိနည်းသလို ‘မုယောက်ကြယ်စင်ထက်ယံအရှင်သခင်’ ရဲ့အဆက်အနွယ်လည်း ဖြစ်တယ် ၊ ပြီးတော့ သူက မင်းအမေရဲ့ ဆရာဘိုးဘိုးပဲ”
ထိုစကားကိုကြားတော့ ရန်ကျောက်ကဲ လျှို့ဝှက်စွာပြုံးလိုက်မိသည်။
“ကြည့်ရတာ... အမှောင်ချထားတဲ့ သမိုင်းကြောင်းတွေပဲ...”
ကြီးမြတ်သောအုပ်စိုးရှင်တစ်ပါး လူသိနည်းခဲ့သည်ဆိုကတည်းက သမိုင်းကြောင်းတွင် လိုအပ်ချက်တစ်ခု ရှိနေခဲ့သည်။
နောက်ပိုင်းမှာတော့ အခြားသောအထွတ်ထိပ်ပုဂ္ဂိုလ်များဖြစ်သည့် ဧကရာဇ် (၃)ပါးနှင့် အုပ်စိုးရှင် (၅)ပါးတို့က ထိုသူ၏တည်ရှိမှုကို အသိအမှတ်မပြုဘဲ သူတို့သာလျှင် အမှန်ကန်ဆုံးဖြစ်အောင် ပြုလုပ်ခဲ့ကြဟန်ပင်။
ရွှယ်ချူးချင်၏ အဆက်အနွယ်က ဆိုးရွားစွာကျဆင်းသွားသည်မှာ အကြောင်းပြချက်တစ်ခုရှိနိုင်ပြီး လျိုကျန်းကူက ရွှယ်ချူးချင်ကို နောက်ကွယ်မှ ကူညီသည်မှာလည်း အခြားအကြောင်းအရင်းရှိနိုင်သည်။
ယခုတော့ ရန်ကျောက်ကဲက သူ၏ခန့်မှန်းမှုတစ်ခုကို အတည်ပြုလိုက်သည်။
“ထိပ်တန်းအရှင်သခင်... အမေ့ရဲ့ဆရာဘိုးဘိုးက ယိုးမင်ဧကရာဇ်နဲ့မိတ်ဆွေတွေ မဟုတ်လား”
လျိုကျန်းကူက ရန်ကျောက်ကဲကို အံ့အားသင့်စွာကြည့်ရင်း ဖြည်းညင်းစွာခေါင်းညိတ်လိုက်၏။
“အမှန်ပဲ...”
ရန်ကျောက်ကဲမျက်ဝန်းများ နက်ရှိုင်းသွားသည်။
ထိုစဉ်အချိန်က ယိုးမင်ဧကရာဇ်၏ လျှို့ဝှက်ဆန်းကြယ်သော သေဆုံးမှုနှင့် ယိုးမင်ဂိုဏ်းပျက်ဆီးသွားမှုသည် မိခင်ဖြစ်သူ၏ အဆက်အနွယ်နှင့် ပတ်သက်နေသည်လား သိချင်သွားမိ၏။
ယင်ထျန်းရှနှင့် ယိုးမင်ဂိုဏ်းတို့ ပါဝင်ပတ်သက်မိခဲ့သောကိစ္စရပ်သည် အကန့်အသတ်ကိုကျော်လွန်သွားပြီး အလွန်တရာ နက်နဲသည့်ကိစ္စတစ်ခု ဖြစ်နိုင်သည်။
ယိုးမင်ဂိုဏ်းမှအကြီးအကဲများ ထွက်ခွာသွားသည့် ခရီးစဉ်သည် ငရဲကိုးထပ်ကဲ့သို့ ထူးခြားသောနေရာတစ်ခုဆီသို့ ဖြစ်ကြောင်း ရန်ကျောက်ကဲ အရင်က ယုံကြည်ခဲ့ဖူးသည်။
သို့သော် ယခုတော့ ဗုဒ္ဓဘာသာနှင့် တာအိုဝါဒကြားမှ “တံတိုင်း” အကြောင်းသိရှိခဲ့ပြီးဖြစ်လေရာ သူ့စိတ်ထဲ ချဲ့ထွင်စဉ်းစားစရာ များစွာ ရှိလာ၏။
သို့ရာတွင် အရှေ့မြောက် ထိပ်တန်းအရှင်သခင် လျိုကျန်းကူက ဗုဒ္ဓဘာသာနှင့်ပတ်သက်ပြီး မည်သည့်အရာများ သိရှိထားပါသနည်း။
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် ဗုဒ္ဓဘာသာ၏တည်ရှိမှုအကြောင်းကို လူတိုင်းသိရှိကြသော်လည်း အထက်ဘုံကမ္ဘာကတော့ မတူကွဲပြားသည်။ သို့သော် လျိုကျန်းကူလိုပုဂ္ဂိုလ်မျိုးကတော့ ဤအကြောင်းကို သေချာပေါက် သိရှိမည်ပင်။
ရန်ကျောက်ကဲက...
“အတင့်ရဲပြီးမေးပါရစေ အရှေ့မြောက်ထိပ်တန်းအရှင်သခင်... အဲဒီကိစ္စက ဗုဒ္ဓဘာသာနဲ့များပတ်သက်နေမလား”
လျိုကျန်းကူက ရန်ကျောက်ကဲကို နက်ရှိုင်းစွာကြည့်ရင်း ပြုံးလိုက်၏။
“မင်းလည်း အတော်များများကို သိထားတာပဲ ၊ ဒါပေမဲ့ ဒီအကြောင်းတွေကို ကောင်မလေးက မင်းကိုပြောပြတာတော့ မဖြစ်နိုင်ဘူး”
ရန်ကျောက်ကဲက အေးဆေးစွာဖြင့်...
“အထက်ဘုံကမ္ဘာကထွက်သွားပြီးတဲ့နောက် အပြင်ဘက်ဗလာနယ်ထဲမှာခရီးနှင်ရင်း မတော်တဆ တံတိုင်းရဲ့တစ်ဖက်ကိုရောက်သွားပြီး ကျဲရှင်ကမ္ဘာလို့ခေါ်တဲ့ ဗုဒ္ဓဘာသာကမ္ဘာကို ရောက်သွားခဲ့တယ်”
လျိုကျန်းကူ ခေါင်းညိတ်လိုက်သည်။
ပြီးမှ ခေါင်းခါယမ်းရင်း...
“ဒီကိစ္စကတော့ မင်းခန့်မှန်းတာမှားတယ် ၊ ဒါက အဲဒီကတုံးတွေနဲ့ပတ်သက်မနေပါဘူ”
သူက ရန်ကျောက်ကဲကိုကြည့်ရင်း...
“ဒီအဘိုးကြီးဆီက ဘာမှစကားအစ်ဖို့ မစဉ်းစားနဲ့တော့ ၊ ဒီကိစ္စတွေကိုမသိလေ မင်းအတွက် အကျိုးရှိလေပါပဲ”
ခရမ်းရောင်သရဖူဆောင်းထားသည့်အဘိုးအို၏မျက်နှာအမူအရာက တည်ကြည်လေးနက်နေပြီး နောက်ပြောင်သည့်ဟန် တစ်စက်မှ မရှိပေ။
ဒါကိုမြင်တော့ ရန်ကျောက်ကဲက မျက်ဝန်းများကိုကျဉ်းမြောင်းလိုက်ပြီး တည်ငြိမ်စွာဖြင့်...
“ကျွန်တော် မှတ်ထားပါ့မယ်”
လျိုကျန်းကူက ခေါင်းညိတ်ရင်း...
“မင်းရင်ထဲမှာ သံသယတွေများနေမှာကို ဒီအဘိုးကြီး သိပါတယ် ၊ ဒါပေမဲ့ စောစောက ငါပြောခဲ့သလိုပဲ... တစ်နေ့ မင်းအမေနဲ့တွေ့တဲ့အခါ သူ့ကိုသာမေးကြည့်ပါ ၊ သူက မင်းကိုပြောပြလို့ရတယ်လို့ ယူဆရင် မင်းသိစရာရှိတာတွေကို သိလာပါလိမ့်မယ်”
ရန်ကျောက်ကဲက...
“ထိပ်တန်းအရှင်သခင်.. အမေ့ရဲ့ဘိုးဘေးတွေနဲ့ ဆရာတွေ ၊ ပြီးတော့ သူတို့ဂိုဏ်းကအကြီးအကဲတွေ အခုဘယ်လိုအခြေအနေရှိလဲ”
လျိုကျန်းကူက ခေါင်းခါယမ်းရင်း...
“သူတို့မျိုးရိုးကဆင်းသက်လာတဲ့သူ တစ်ယောက်တည်းပဲကျန်ခဲ့တော့တယ် ၊ မင်းအမေရဲ့ဆရာကလည်း ဆုံးသွားပြီလေ”
“သူ့ရဲ့ ဆရာဘိုးဘိုးကတော့... လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ဒီကမ္ဘာကပျောက်ကွယ်သွားတာ ၊ ဒီအဘိုးကြီးလည်း သူနဲ့ဆက်သွယ်လို့မရခဲ့ဘူး ၊ သေဆုံးသွားတာလည်းဖြစ်နိုင်သလို အထက်ဘုံကမ္ဘာမဟုတ်တဲ့ တခြားကမ္ဘာကိုရောက်သွားတာလည်း ဖြစ်နိုင်တယ် ၊ သေချာတာကတော့ သူ အထက်ဘုံကမ္ဘာမှာ မရှိတော့ဘူး ၊ မဟုတ်ရင်... ရွှယ်ချူးချင်လည်း ဒီလိုမျိုး ပုန်းကွယ်ရှောင်တိမ်းပြီး နေရမှာမဟုတ်ဘူး”
သူက ရန်ကျောက်ကဲကိုကြည့်ရင်း...
“အောက်ဘုံကမ္ဘာတွေကိုသွားဖို့က သိုင်းသူတော်စင်အဆင့်တစ်ခုအထိ ဖိနှိပ်ပြီးမှ သွားလို့ရတာမဟုတ်လား ၊ ဒါမှ ကမ္ဘာဖြတ်လမ်းကြောင်းစွမ်းအားတွေရဲ့ တွန်းကန်မှုကို လျော့ကျစေမှာလေ”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“ဟုတ်ပါတယ် ၊ အဲဒီလိုမျိုးပါပဲ”
လျိုကျန်းကူက...
“ဒါနဲ့ မင်း ဖန်သားအလင်းကျောင်းတော်ကတပည့်တွေကိုသတ်ပစ်ရုံသာမက ဖမ်းထားတဲ့သူတွေ ရှိသေးတယ်မဟုတ်လား ၊ သူတို့ကိုဘယ်လိုလုပ်ဖို့ စဉ်းစားထားလဲ”
ရန်ကျောက်ကဲက ရယ်မောရင်း...
“နဂိုကတော့ သူတို့ကိုဆန့်ကျင်ဖို့ မရည်ရွယ်ပါဘူး ၊ တစ်ယောက်မှတောင် မသတ်ဘူးလို့ ဆုံးဖြတ်ထားတာ ၊ ဒါပေမဲ့ အမေနဲ့ပတ်သက်ပြီး သူတို့က မိတ်ဆွေတွေမဟုတ်တော့ဘူးလေ ၊ ရန်သူတွေဖြစ်သွားတယ်”
“အခု သူတို့ထဲကအချို့ကိုသတ်ပြီးသွားပြီ ၊ ကျန်တဲ့သူတွေကိုလည်း အရှင်ထားစရာမလိုတော့ဘူး ၊ သူတို့ကို သတ်လိုက်တာ ဒါမှမဟုတ် မသတ်ဘဲထားတာက ထူးခြားမှုမရှိပါဘူး ၊ ဆိုတော့... သူတို့ကို မြန်မြန်လေး အဆုံးသတ်ပေးလိုက်တော့မယ်”
ရန်ကျောက်ကဲက လက်နှစ်ဖက်ဖြန့်ကားရင်း...
“ကျွန်တော် နဂိုက သူတို့ကိုဖမ်းထားတာက စစ်ဆေးမေးမြန်းချင်လို့ပါ ၊ ဒါပေမဲ့ ထိပ်တန်းအရှင်သခင်က ကျွန်တော်သိချင်တာတွေ ပြောပြလိုက်ပြီလေ ၊ ထိပ်တန်းအရှင်သခင်က ပြောမပြတဲ့ကိစ္စတွေကတော့ သူတို့လည်းသိမယ်မထင်ပါဘူး ၊ ဒါကြောင့် သူတို့ကို အသက်ရှင်လျက်ထားဖို့ မလိုတော့ဘူး”
လျိုကျန်းကူက ရယ်မောရင်း...
“ကောင်လေး... မင်းက တကယ့်ပြဿနာကြီးတွေ ဖန်တီးနိုင်တယ်ဆိုတာ မအံ့သြတော့ပါဘူး”
သူက ဆက်ပြောသည်။
“မင်း ဘယ်ကိုခရီးဆက်ဦးမှာလဲ ၊ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်ကို ပြန်မှာလား”
ရန်ကျောက်ကဲက...
“ဟုတ်ကဲ့...”
ခဏမျှ စဉ်းစားပြီးနောက် လျိုကျန်းကူက...
“ကောင်းပြီလေ... ငါ မင်းကိုလိုက်ပို့ပေးမယ် ၊ မဟုတ်ရင် မင်း အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်ကို ဖြတ်ပြီးပြန်နေရဦးမယ်”
“ဒီသီးခြားနယ်မြေထဲမှာ ဖြစ်ပျက်ခဲ့တာတွေကို ဘယ်သူမှမသိဘူး ၊ ဒါပေမဲ့ သတင်းပေါက်ကြားသွားခဲ့ရင် ဖန်သားအလင်းကျောင်းတော်က ဒီအတိုင်းလွှတ်ထားမယ်မထင်ဘူး ၊ ပြီးတော့ အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်က သူတို့နေယ်မြေလေ ၊ ဒီတော့ မင်းနဲ့ ကောင်မလေးရွှယ်ချူးချင်ကြားက ပတ်သက်မှုကိုလည်း ဆက်ပြီးလျှို့ဝှက်ထားဖို့ လိုလိမ့်မယ်”
ပြောပြီးသည်နှင့် လျိုကျန်းကူက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ပြီး ရန်ကျောက်ကဲတို့အုပ်စုကိုခေါ်ဆောင်ကာ အဝေးသို့ ပျံသန်းသွားသည်။
ကျင့်ကြံသောသိုင်းပညာမတူညီကြသည့်တိုင် အားလုံးက ‘တောင်ပိုင်းချန်စန်းဧကရာဇ်’ ၏ အဆက်အနွယ်များဖြစ်ကြသဖြင့် သူတို့အားလုံး၏ သိုင်းပညာတွင် တူညီမှုများစွာ ရှိသည်။
ဤ အဆက်အနွယ်၏ မိုးကြိုးစွမ်းအားကျင့်စဉ်များတွင် အသက်ရှင်သန်ခြင်းစွမ်းအားနှင့် ကြမ်းတမ်းသောအဖျက်စွမ်းအား နှစ်ခုလုံးပါဝင်လေရာ အသက်ဓာတ်စွမ်းအားနှင့် သတ်ဖြတ်လိုသည့်စွမ်းအားနှစ်ခုလုံး ပါရှိ၏။
ထိုသို့စွမ်းအားနှစ်ခုပါဝင်ခြင်းက သင့်တော်သည့် ရှေးရိုးနည်းလမ်းကျင့်ကြံခြင်း ဖြစ်သည်။
သို့ရာတွင် လျိုကျန်းကူနှင့် ကွေလေနန်းတော်မှ ကျင့်ကြံသူများကတော့ ပိုမိုခက်ခဲပြင်းထန်သည့် လမ်းကြောင်းကို ရွေးချယ်ခဲ့ကြပြီး အဆက်အနွယ်တူသောပညာရပ်များထဲမှာပင် သာမန်အခြေခံမူများနှင့် အနည်းငယ်ကွဲလွဲသော ခက်ခဲကြမ်းတမ်းသည့် လမ်းကြောင်းသို့ ဦးတည်သွားသည်။
ထို့ကြောင့် ကွေလေနန်းတော်မှ ကျင့်ကြံသူများမှာ ကျင့်ကြံခြင်းအဆင့်တက်ရောက်သည့်အခါ တစ်ဆို့ခြင်းများနှင့် ရင်ဆိုင်ရလေ့ရှိပြီး အဆင့်တက်ရန် ပိုမိုခက်ခဲကြရသည်။
သို့တိုင် လျိုကျန်းကကတော့ ထူးခြာစွာပင် တိုက်ခိုက်နိုင်စွမ်း အလွန်မြင့်မား၏။
သူသာ ရန်ကျောက်ကဲတို့အားလုံးကို ခေါ်ဆောင်လာပါက အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်တွင် အရှေ့ပိုင်း ထိပ်တန်းအရှင်သခင်နှင့် ရင်ဆိုင်တွေ့သည့်တိုင် လျိုကျန်းကူက သူတို့၏ဌာနချုပ်ဖြစ်သော တိမ်တိုက်တောင် ၊ ဖန်သားအလင်းကျောင်းတော်သို့ တိုက်ရိုက်မသွားရောက်သရွေ့ ကျန်ရှိသောအရာများကို စိတ်ပူစရာမရှိပေ။