နက္ခတ်ဂမ္ဘီရပညာကိုကျော်လွန်နိုင်သော
Vol. 61 Ch. 852
အခန်း (၈၅၂) နက္ခတ်ဂမ္ဘီရပညာကိုကျော်လွန်နိုင်သော
အရှေ့မြောက် ထိပ်တန်းအရှင်သခင် လျိုကျန်းကူက အရှေ့တောင်ထိပ်တန်းအရှင်သခင် ချောင်ကျယ်နှင့်တွေ့ဆုံပြီးသည့်နောက် သူ့ နေရပ်သို့ ချက်ချင်းပြန်သွားခဲ့သည်။
အခု ရန်ကျောက်ကဲတို့အုပ်စုမှာ အရှေ့တောင်ထိပ်တန်းအရှင်သခင်နှင့် ထပ်မံ တွေ့ဆုံကြရပြန်သည်။
ရန်ကျောက်ကဲကိုတွေ့တော့ ချောင်ကျယ်က ပွင့်ပွင့်လင်းလင်းပင် ဆိုသည်။
“မင်း ဗုဒ္ဓဘာသာကမ္ဘာကိုရောက်သွားတယ်ဆိုတော့... ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းပြန့်မသွားစေချင်ဘူး”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“နားလည်ပါတယ်”
ချောင်ကျယ်က ရန်ကျောက်ကဲကို အချိန်အတန်ကြာအောင် ကြည့်နေပြီးမှ...
“မင်းအမေအကြောင်းလည်း ငါ ကြားပြီးပါပြီ”
ရန်ကျောက်ကဲက အရှေ့တောင်ထိပ်တန်းအရှင်သခင်ကိုလှမ်းကြည့်လိုက်တော့ ချောင်ကျယ်က ဆက်ပြောသည်။
“ယိုးမင်ဧကရာဇ်က ဘာတွေချန်ထားခဲ့လဲဆိုတာ ငါ အတိအကျ မသိဘူး ၊ ဒါပေမဲ့ သူတစ်ခုခုချန်ထားခဲ့တယ်ဆိုရင်တော့ အဲဒါ ကံကောင်းဖို့မဟုတ်နိုင်ဘူး ၊ ဒီကိစ္စကိုလည်း နားလည်စေချင်တယ်”
ယိုးမင်ဧကရာဇ်ဂူဗိမာန်မှ သူ တစ်ခုခုရရှိခဲ့သည်ဟု ချောင်ကျယ်ခန့်မှန်းမိသည်ကို ရန်ကျောက်ကဲက အံ့သြခြင်း မရှိပေ။
ယိုးမင်ဂိုဏ်းကို ကြယ်ခြွေလက်ဝါးသခင် ‘ကွမ်းလီတဲ့’က သုတ်သင်ရှင်းလင်းပစ်ခဲ့သလို တာ့ရွှမ်တိုင်းပြည်နှင့် တိုက်ခိုက်ခဲ့ရသဖြင့် ကွမ်းမင်ဂိုဏ်း၏ နေလတောင်ထွတ်သည်လည်း ပျက်ဆီးသွားခဲ့ရသည်။
ထိုသိုင်းဂိုဏ်းနှစ်ခုက ယိုးမင်ဧကရာဇ်ဂူဗိမာန်မှ ရတနာပစ္စည်းအချို့ ရရှိခဲ့သည်ဆိုလျှင်တောင်မှ သူတို့ရရှိခဲ့သောအကျိုးအမြတ်က အကန့်အသတ် ရှိသည်။
ရန်ကျောက်ကဲသည်လည်း ယိုးမင်ဧကရာဇ်ဂူဗိမာန်အတွင်းသို့ ရောက်ရှိဖူးသည်ကို သိရှိလေရာ ကြီးမားသည့်အကျိုးအမြတ်များရရှိမည်ဟု ခန့်မှန်းမိသည်မှာ သာမန်ပင် ဖြစ်၏။
“ဒီကိစ္စကို ယိုးမင်ဂိုဏ်းက ပြောပြလိုက်တာများလား”
ရန်ကျောက်ကဲ သိချင်သွားသည်။
ယိုးမင်ဂိုဏ်းက တစ္ဆေမီးအိမ်အကြောင်းသိရှိသော်လည်း ယိုးမင်ဂမ္ဘီရစက်ဝန်းကိုတော့ တွေ့မြင်ဖူးခြင်း မရှိပေ။
ထို့ကြောင့် ရန်ကျောက်ကဲအနေဖြင့် ယိုးမင်ဧကရာဇ်ဂူဗိမာန်မှ အကျိုးကျေးဇူးများစွာ ရရှိခဲ့သလား ၊ သို့မဟုတ် ကွမ်းမင်ဂိုဏ်းကဲ့သို့ပင် ဘာမှမရရှိခဲ့ဘူးလားဆိုသည်ကို ယိုးမင်ဂိုဏ်းအနေဖြင့် ဆုံးဖြတ်နိုင်ကြမည် မဟုတ်ပေ။
ဟုတ်ပေ၏။ ဝိညာဉ်နယ်မြေရှိ ကွမ်းမင်ဂိုဏ်းဌာနချုပ်ကျဆုံးခဲ့ခြင်းတွင် ယိုးမင်တစ္ဆေမီးအိမ်ကို ကွမ်းမင်ဂိုဏ်း၌ အဘယ့်ကြောင့် မတွေ့ရှိရကြောင်း ယိုးမင်ဂိုဏ်းအနေဖြင့် သိချင်ပေလိမ့်မည်။
ရန်ကျောက်ကဲက ချောင်ကျယ်ကိုတည်ငြိမ်စွာကြည့်ရင်း ခေါင်းညိတ်ပြလိုက်သည်။
“ထိပ်တန်းအရှင်သခင်ရဲ့စကားက အဓိပ္ပါယ်ရှိပါတယ်”
ထိုစကားပြောပြီးသည်နှင့် ချောင်ကျယ်က စဉ်းစားမနေဘဲ ပွင့်ပွင့်လင်းလင်းပင် ဆိုသည်။
“ခွန်လွန်တောင်တည်ရှိတဲ့ အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ် ၊ အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ် < အနောက်မြောက် ယိုးထျန်းကောင်းကင်ပြည်နယ်နဲ့ အနောက်ဘက် ယွမ်ထျန်းကောင်းကင်ပြည်နယ်တွေက မင်းအမေ ဘယ်မှာရှိလဲဆိုတာကို အဆက်မပြတ်ရှာဖွေနေကြတယ်”
“ဒါပေမဲ့... မင်းအမေရဲ့ ရုပ်သွင်ကိုမြင်ဖူးတဲ့သူက နည်းနည်းပဲရှိတယ်”
ချောင်ကျယ်က ပေါ့ပါးစွာဖြင့်...
“မင်းတို့သားအမိရဲ့ပတ်သက်မှုကို လွယ်လွယ်နဲ့ဆက်စပ်မိဖို့ဆိုတာ မဖြစ်နိုင်ဘူး ၊ ဒါပေမဲ့... မင်းသူ့ကိုရှာနေတာ ဒါမှမဟုတ် သူနဲ့ပတ်သက်နေတယ်ဆိုတာကိုသိသွားရင် မင်းတို့ကြားကပတ်သက်မှုကို သိသွားကြလိမ့်မယ်”
ထို့နောက်သူက ရန်ကျောက်ကဲကိုကြည့်ရင်း...
“ပြီးတော့.... မင်းအမေကိုသိတဲ့သူတွေလည်း လောကမှာ နည်းနည်းပဲ ရှိတယ် ၊ အဲဒီလိုလူမျိုးတွေကတော့ ငါနဲ့ အနောက်မြောက်ထိပ်တန်းအရှင်သခင်’လျို’ တို့လိုလူတွေပဲ ၊ ဒါပေမဲ့ သူတို့က မင်းအမေကို မျက်စိကျနေတဲ့သူတွေတော့ မဟုတ်ဘူး ၊ သူ့ကို နှစ်သက်သလို လှုပ်ရှားခွင့်ပြုထားကြတယ်”
ဤစကားကိုကြားတော့ ချောင်ကျယ်ဆိုလိုသည့်အဓိပ္ပါယ်ကို ရန်ကျောက်ကဲ နားလည်သွားသည်။ မပြောဘဲချန်ထားခဲ့သည့် စကားအဓိပ္ပါယ်ကိုလည်း နားလည်သွား၏။
ချောင်ကျယ်သည်လည်း ထိုသို့ပင်တစ်သဘောတည်း ရှိဟန်တူသည်။
သူ့အနေဖြင့် ရွှယ်ချူးချင်ကိုဖမ်းဆီးရန် ကြိုးစားမည်မဟုတ်သလို သူမကို စောင့်ကြည့် ကူညီပေးမည်လည်း မဟုတ်ပေ။
အခြားသူများ ရွှယ်ချူးချင်နောက်သို့လိုက်ကြသည့်အခါ ပြဿနာမရှာနိုင်သည့် ကျင့်ကြံခြင်းအဆင့်မြင့်မားခြင်းမရှိသူများ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တွင် လှုပ်ရှားပါက ယေဘူယျအားဖြင့် လျစ်လျူရှုထားမည် ဖြစ်၏။
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“ဒါက တကယ့်ကိုကူညီရာရောက်တာပါပဲ ၊ ကျေးဇူးတင်ပါတယ် ထိပ်တန်းအရှင်သခင်”
ချောင်ကျယ်နှင့်အခြားသူများက ရွှယ်ချူးချင်ကို မသိချင်ယောင်ဆောင်နေခြင်းအားဖြင့် သူမကို အဆင်ပြေစေခဲ့သည်။
ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသူများကို ပြည်နယ်ထဲတွင် ခြေချခွင့်ပြုခဲ့သော်လည်း သူတို့နှင့်အဆင့်အတန်းတူညီသည့် တန်ခိုးစွမ်းအားမြင့်မားသူများကိုတော့ ပြည်နယ်တွင်းဝင်ခွင့်မပေးဘဲ ထားရှိသဖြင့် ရွှယ်ချူးချင်အနေဖြင့် ရှောင်တိမ်းရန် အခွင့်အရေးများစွာ ရရှိမည် ဖြစ်၏။
လျိုကျန်းကူကဲ့သို့ လူနည်းစုကတော့ သူမကို လျှို့ဝှက်စွာပင် ကူညီနေသေးသည်။
ချောင်ကျယ်က ရန်ကျောက်ကဲ၏ကျေးဇူးတင်စကားကို အလေးမထားဟန် ပေါ့ပေါ့ပါးပါးပင် ဆိုသည်။
“နောက်ဆို အပြင်ဘက်ကိုသွားမယ်ဆိုရင်... ကိုယ့်ကိုယ်ကိုယ်ပိုပြီး သတိထားပါ”
ရန်ကျောက်ကဲက ခဏမျှ စဉ်းစားပြီးနောက်...
“အမေနဲ့တွေ့ပြီး အကြောင်းအရာအားလုံးကို ပြောပြခိုင်းတာထက်ဆာရင် အခြေအနေအားလုံးကို နားလည်နိုင်ဖို့ တခြားနည်းလမ်းရှိသေးလား ၊ ကျွန်တော်ဆိုလိုတာက အန္တရယ်ကင်းကင်းနဲ့ အားလုံးသိရှိနိုင်မယ့် နည်းလမ်းမျိုးပေါ့”
ရန်ကျောက်ကဲစကားနှင့်ပတ်သက်ပြီး ချောင်ကျယ်က မကျေမနပ်ဖြစ်ခြင်းမျိုး မရှိပေ။ ဤသည်က လူတစ်ယောက်၏ သိချင်စိတ်ပင်ဖြစ်သည်။
ရန်ကျောက်ကဲ၏မေးခွန်းကြောင့် ချောင်ကျယ်နှုတ်ခမ်းထောင့်များတွန့်ကွေးသွားပြီး ရှားပါးအပြုံးတစ်စ ထွက်ပေါ်လာသည်။
“ရှိတယ်”
ရန်ကျောက်ကဲ စိတ်ဓာတ်တက်ကြွသွားသည်။
ချောင်ကျယ်က ဆက်ပြောသည်။
“အနည်းဆုံး မင်းရဲ့ကျင့်ကြံခြင်းအဆင့်က ငါနဲ့တူညီသွားတဲ့အချိန်ရောက်လာရင် မင်း အဲဒီကိစ္စတွေကို သိလာလိမ့်မယ်”
ထိုစကားကြားတော့ ရန်ကျောက်ကဲ မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။
ထိပ်တန်းအရှင်သခင် (၁၀)ပါး က ပြည်နယ်တစ်ခုစီကို အုပ်စိုးသူများဖြစ်ကြသည်။ ဤသည်က ငြင်းမရသည့် အမှန်တရား ဖြစ်၏။
သူတို့က မိုးအောက်မြေပြင်တွင် ပြိုင်ဘက်ကင်းများဟု မဆိုနိုင်သော်လည်း ကြိုက်သလို ခြယ်လှယ်နိုင်စွမ်းရှိသော အနေအထား ဖြစ်သည်။
ထိုသို့ဆိုလျှင် ချောင်ကျယ်က သူနှင့်အဆင့်တူလျှင် အချို့သောကိစ္စများကို သိနိုင်မည်ဟု အဘယ့်ကြောင့် ပြောခဲ့ပါသနည်း။ အဓိပ္ပါယ်မှာ ချောင်ကျယ်အဆင့်အောက် ကျင့်ကြံသူများအတွက် ဤကိစ္စများက ကန့်သတ်ထားခြင်း ဖြစ်နိုင်သည်။
ထိုသို့ဆိုလျှင် ချောင်ကျယ် ၊ လျိုကျန်းကူနှင့် အခြားသူများက ဘာကိုသတိထားနေပါသနည်း။
ချောင်ကျယ်နှင့် လျိုကျန်းကူတို့ထက် တန်ခိုးစွမ်းအားမြင့်မားသွားပါက အဘယ့်ကြောင့် ဤသတင်းအချက်အလက်များကိုသိရှိရန် အန္တရယ်ကင်းသည်ဟု ဆိုရပါသနည်း။
ဤသည်ကိုကြည့်ခြင်းအားဖြင့် ချောင်ကျယ်နှင့် လျိုကျန်းကူတို့ စိုးရိမ်ပူပန်သည်မှာ လူတစ်ဦးတစ်ယောက် သို့မဟုတ် ကြီးမားသည့်အင်အားစုတစ်ခုမဟုတ်ကြောင်း သိနိုင်သည်။
ပြီးတော့ ထိုအရာက ပြောပြရန်ခက်ခဲသော ဖြစ်တည်မှုတစ်ခုခု ဖြစ်နိုင်သည်။
သူ၏မိခင်ဖြစ်သူ ရွှယ်ချူးချင် လက်ရှိရင်ဆိုင်နေရသည့်အခြေအနေများမှာလည်း ဤကိစ္စကြောင့် ဖြစ်နိုင်သည်။
သို့သော် ဤအကြောင်းများကို နားလည်လိုက်ပြီးသည့်နောက် ရန်ကျောက်ကဲအနေဖြင့် သတိထားရမည်ဖြစ်သည့်တိုင် ပိုပြီး စိတ်ဝင်စားလာခဲ့သည်။
သူ့အနေဖြင့် ချောင်ကျယ်နှင့် လျိုကျန်းကူတို့ကဲ့သို့ ကျင့်ကြံခြင်းအဆင့်သို့ရောက်ရှိအောင် ကျင့်ကြံနိုင်ရန်မှာ မျှော်လင့်ထားသလို လွယ်ကူမည် မဟုတ်ပေ။
ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို ကျင့်ကြံထားခြင်းကတော့ အခြားကိစ္စတစ်ခု ဖြစ်သည်။
ဤကျမ်းစာ၏နက်နဲမှုက ရိုးရှင်းသောစာကြောင်းတစ်ကြောင်းဖြင့် ဖော်ပြနိုင်သည့်အရာ မဟုတ်ပေ.
ရွှယ်ချူးချင်က နက္ခတ်ဂမ္ဘီရပညာကို ကျွမ်းကျင်ကြောင်း သိရှိထားသော်လည်း ရန်ကျောက်ကဲကတော့ ထိုကိစ္စနှင့်ပတ်သက်ပြီး သိပ်စိတ်မပူပေ။
အဘယ်ကြောင့်ဆိုသော် နက္ခတ်ဂမ္ဘီရပညာဆိုသည်က ကောင်းကင်ကျမ်းစာများထဲမှ ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာနှင့် မူလကောင်းကင်ကျမ်းစာကို ဖုံးကွယ်ထားနိုင်ခြင်း မရှိသောကြောင့်ပင်။
အခြားစကားဖြင့်ဆိုရသော် အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်နှင့် အရှေ့မြောက် မင်ထျန်းကောင်းကင်ပြည်နယ် နယ်ခြားဒေသသို့ ရွှယ်ချူးချင်ရောက်ရှိနေသည်ဆိုသောသတင်းကို ဖန်သားအလင်းကျောင်းတော်မှမဟုတ်ဘဲ တခြားနေရာမှသာ သိရှိရလျှင် သူ့အမေကို အောင်မြင်စွာပင် ရှာဖွေတွေ့ရှိနိုင်ဖွယ် ရှိသည်။
ရန်ကျောက်ကဲအတွက် ယခုလောလောဆယ် အခက်တွေ့နေသည်မှာ ရွှယ်ချူးချင်နောက်ဆုံးသွားခဲ့သည့်နေရာများကို ခြေရာခံရန် ထိုရောက်သောသဲလွန်စများ မရရှိနိုင်ခြင်း ဖြစ်၏။
အထက်ဘုံကမ္ဘာတွင် ရန်ကျောက်ကဲအနေဖြင့် အစွန်းရောက်ရှစ်ပါးကမ္ဘာမှာကဲ့သို့ သတင်းစုံစမ်းရန် ကွန်ယက်တစ်ခု မရှိပေ။
သို့သော် ချောင်ကျယ် ၊ လျိုကျန်းကူတို့နှင့် စကားပြောဆိုပြီးသည့်နောက်မှာတော့ ရွှယ်ချူးချင်ကို ရှာဖွေရာတွင် သတိထားရမည်ဟု ရန်ကျောက်ကဲ သဘောပေါက်ခဲ့သည်။
မဟုတ်ပါက သူတို့က မိခင်ဖြစ်သူကို ဖမ်းဆီးချင်သူများအတွက် လမ်းပြဖြစ်သွားနိုင်သည်။
ရွှယ်ချူးချင်နှင့် သူတို့ကြားမှဆက်ဆံရေးအကြောင်း ရန်သူများသိရှိသည်နှင့်တစ်ပြိုင်နက် သူမနှင့် သူတို့ ဆက်သွယ်မည့်နေရာကို စောင့်ကြည့်နေနိုင်သလို သူတို့ရှိရာသို့ တိုက်ရိုက်ရောက်လာပြီး ပြဿနာရှာရန်လည်း ဖြစ်နိုင်သည်။
ထိုကိစ္စများအနက် မည်သည့်ကိစ္စဖြစ်လာပါစေ ရွှယ်ချူးချင်အတွက် ခက်ခဲမည်မှာ ရှင်းနေပေသည်။
ခင်ပွန်းဖြစ်သူနှင့် သားဖြစ်သူကို ခွဲခွာပြီး ပြင်းပြင်းထန်ထန် ဇွဲလုံ့လဖြစ်ကြိုးစားထားသည်များကို သူမအနေဖြင့် သဲထဲရေသွန် အဖြစ်ခံနိုင်မည် မဟုတ်ပေ။
အရှေ့တောင် ထိပ်တန်းအရှင်သခင် ချောင်ကျယ်ထဲမှ ထွက်ခွာလာပြီးနောက် ရန်ကျောက်ကဲတို့အုပ်စု ကျူတောပင်လယ်ဒေသသို့ ချက်ချင်း ပြန်လာခဲ့သည်။
ဧကရာဇ်ရွှီချန်ပြန်ရောက်လာပြီးသည့်နောက် တာ့ရွှမ်တိုင်းပြည်၏အခြေအနေက ကျူတောပင်လယ်ဒေသတွင် ချက်ချင်းတည်ငြိမ်သွားခဲ့သည်။
သို့သော် သူက တန်ပြန်တိုက်စစ်ဆင်ခြင်းမရှိဘဲ ခံစစ်ကိုသာ တည်ငြိမ်စေသည်။
ထို့ကြောင့် မြောက်ပင်လယ်ဓားခန်းမ ၊ ကြေးနီကျွန်း ၊ ယိုးမင်ဂိုဏ်းနှင့် အခြားသောအင်အားကြီးအုပ်စုများမှာ သူတို့၏ စစ်အလံရှည်များနှင့် စစ်ဗုံသံများကို လျှော့ချပြီး ခဏမျှ သိုသိုသိပ်သိပ် ရပ်တန့်နေခဲ့ရသည်။
ဧကရာဇ်ရွှမ်ဟွမ်၏ ကျင့်ကြံခြင်းအဆင့်က ကျူတောပင်လယ်ဒေသမှ သက်ဆိုင်ရာအင်အားစုများကို တည်ငြိမ်စွာဖိနှိပ်ထားနိုင်သဖြင့် အားလုံး ငြိမ်သက်နေကြရသည်။
ကုဟုန်တို့အုပ်စု မလွဲမရှောင်သာ စိုးရိမ်နေကြသည်မှာ ခန်းဖင်းတို့အုပ်စု သဘာဝပသာဒနယ်မြေ ၊ ပင်လယ်ရေအောက်ကြမ်းပြင်မှ လွတ်မြောက်လာမည့်ရက် နီးကပ်လာခြင်းပင် ဖြစ်သည်။
ထို့ပြင် လက်ရှိအချိန်တွင် လူတိုင်းက ဝိညာဉ်နယ်မြေသို့ အလိုအလျောက် အာရုံစိုက်နေခဲ့ကြသည်။
ထိုနေရာတွင် စနစ်တကျဖြင့် ဖွံ့ဖြိုးတိုးတက်လာသော အသစ်စက်စက် အင်အားစုတစ်ခု ပေါက်ပေါက်လာသည် မဟုတ်ပါလား။