အထက်ဘုံကမ္ဘာမှဝါဒတောင်
Vol. 61 Ch. 853
အခန်း (၈၅၃) အထက်ဘုံကမ္ဘာမှဝါဒတောင်
လွန်ခဲ့သောတစ်နှစ်ကျော်ကာ ကွမ်းမင်ဂိုဏ်းတည်ရှိခဲ့သော ကျူတောပင်လယ်ဒေသ ၊ ဝိညာဉ်နယ်မြေတွင် ယခုတော့ အင်အားစုအသစ်တစ်ခု တဖြည်းဖြည်း မြင့်တက်လာပြီဖြစ်ကြောင်း လူများတဖြည်းဖြည်းပိုပြီး သိရှိလာကြသည်။
ဤ အင်အားစုက ကျူတောပင်လယ်ဒေသတွင် ကြီးမားသောအတိင်းအတာအထိ အောင်မြင်ခြင်းမရှိသေးသော်လည်း တိတ်ဆိတ်ငြိမ်သက်စွာပင် အခြေခံအုတ်မြစ်ကိုတည်ဆောက်ကာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။
ထိုအင်အားစုက အထက်ဘုံကမ္ဘာတစ်နေရာမှ မြစ်ဖျားခံလာသည့် တာ့ရွှမ်တိုင်းပြည်နှင့်မတူညီဘဲ အောက်ဘုံကမ္ဘာမှ အထက်ဘုံကမ္ဘာသို့ဖြတ်ကျော်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
မဟာကပ်ဘေးမတိုင်ခင်က တာအိုဝါဒ၏ အရှေ့ဘက်တောင်ထွတ်ဟုကျော်ကြားသည့် ဝါဒတောင်အမည်ကိုယူထားသော ဤသိုင်းဂိုဏ်းသည် အောက်ဘုံကမ္ဘာမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။
ထိုသိုင်းဂိုဏ်းမှ တန်ခိုးစွမ်းအားရှင်အချို့က အထက်ဘုံကမ္ဘာတွင် သူတို့၏ဌာနချုပ်ကိုမတည်ထောင်မီကတည်းက အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ် ၊ ကျူတောပင်လယ်ဒေသသို့ ရောက်ရှိနေခဲ့ကြသည်။
အရာအားလုံး တစ်မှစခဲ့ခြင်းဖြစ်ပြီး ယခုတော့ ရုပ်လုံးပေါ်လာပြီ ဖြစ်သည်။
တာအိုဝါဒ၏ အထွတ်ထိပ်တောင် (၅)လုံးအနက်မှ တစ်ခု၏အမည်နာမကို အမွေဆက်ခံထားခြင်းက မထိုက်တန်လှဟု လူတိုင်း၏ရင်ထဲတွင် ခံစားရစေသည်။
ပြီးတော့ အထက်ဘုံကမ္ဘာတွင် ခွန်လွန်တောင်သည်လည်း တည်ရှိနေပြီး ထိုခွန်လွန်တောင်က အထက်ဘုံကမ္ဘာ၏ အဓိကတည်ရှိမှုတစ်ခု ဖြစ်သည်။
သို့သော် အချိန်တိုအတွင်း ကျူတောပင်လယ်ဒေသမှ မည်သူမဆို ‘ဝါဒတောင်’ ဆိုသောနာမည်အပေါ်တွင် ငြင်းချက်မထုတ်ဝံ့ကြပေ။
တိတ်ဆိတ်ငြိမ်သက်စွာဖြင့် သိုသိုသိပ်သိပ်ရှိသော ဝါဒတောင်အား ကျူတောပင်လယ်ဒေသမှ မည်သူမဆို လျှော့မတွက်ဝံ့ကြပေ။
လက်ရှိ ဝါဒတောင်ဂိုဏ်းချုပ်က ‘ရန်တိ’ ဟု အမည်ရသော လူငယ်တစ်ယောက် ဖြစ်၏။
ဟုတ်ပေသည်။ သူ၏လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် ရန်တိကို လူငယ်တစ်ယောက်ဟု သံသယမရှိ သတ်မှတ်နိုင်သည်။
သို့သော် လူငယ်ဟုဆိုသော်ငြား သူက သက်လတ်ပိုင်းရှိနေပေပြီ။
သို့သော် ထို ‘လူငယ်’ က နတ်ဘုရားသိမြင်ခြင်းကနဦးအဆင့် ၊ သိုင်းသူတော်စင်စတုတ္ထအဆင့်သို့ ရောက်ရှိလာခဲ့ပြီး ဗလာနယ်အာကာသကိုဖြတ်ကျော်ကာ အထက်ဘုံကမ္ဘာသို့ ရောက်ရှိလာသည်။
သူက သိုင်းသူတော်စင် စတုတ္ထအဆင့်ရှိသည်က အထူးအဆန်းမဟုတ်ပေ။ အောက်ဘုံကမ္ဘာမှ ကျင့်ကြံသူများအားလုံး သိုင်းသူတော်စင် စတုတ္ထအဆင့်ရောက်လျှင် အထက်ဘုံကမ္ဘာသို့တက်ကြရသည်မှာ ဓမ္မတာပင်။
ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာတွင် နတ်ဘုရားသိမြင်ခြင်းအဆင့်ဆိုသည်က ဒေသတစ်ခု၏ ကြီးမားသော တန်ခိုးစွမ်းအားကိုပိုင်ဆိုင်သည့် ထိပ်တန်းအဆင့်များ ဖြစ်ကြသည်။
သို့သော် သူတို့က အထွတ်ထိပ်အဆင့်မဟုတ်သည်မှာ ထင်ရှားသည်။ ကျူတောပင်လယ်ဒေသရှိ အင်အားကြီးအုပ်စုများတွင် အမကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်များရှိသလို အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်း ပိုင်ဆိုင်ကြသူများလည်း ရှိသည်။
သို့သော် ရန်တိကဲ့သို့ အသက်ငယ်ငယ်ဖြင့် သိုင်းသူတော်စင် စတုတ္ထအဆင့်ရောက်နေသူမှာ ရှားပါးလှသည်။
လူတိုင်းကို ပိုပြီးထိတ်လန့်စေသည့်အရာမှာ ရန်တိ အထက်ဘုံကမ္ဘာသို့တက်လာသည်နှင့် သိုင်းသူတော်စင် ဆဋ္ဌမအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့်ရှိသော ဧကရာဇ်ရွှမ်မုကို ခေါင်းဖြတ်သတ်လိုက်ခြင်းပင် ဖြစ်သည်။
ထိုသတင်းပျံ့နှံ့သွားသည့်အခါ ကျူတောပင်လယ်ဒေသတစ်ခုလုံး တိတ်ဆိတ်သွားသည်။
မြောက်ပင်လယ်ဓားခန်းမသခင် ‘ကုဟုန်’ နှင့် ကြေးနီကျွန်းသခင် ‘ကုန်းစွန်းမင်’ တို့က ထိုသတင်းကိုကြားသည့်အခါ မှင်တက်သွားခဲ့ကြသည်။ ကျူတောပင်လယ်ဒေသမှ အခြားသူများကတော့ တုန်လှုပ်သွားသလို မယုံကြည်နိုင်စွာလည်း ခံစားကြရသည်။
သို့သော် အမှန်တရားဖြစ်လေရာ မည်သူမှမေးခွန်းမထုတ်ရဲကြပေ။
ဧကရာဇ်ရွှမ်မုကို သတ်ဖြတ်နိုင်ရန်မှာ ကျူတောပင်လယ်ဒေသမှ အမတကူးပြောင်းခြင်းအဆင့်အောက် ၊ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းမရှိသော သိုင်းကျင့်ကြံသူများအတွက် လုံးဝမဖြစ်နိုင်ပေ။ ထို့ကြောင့် ရန်တိသည် ဧကရာဇ်ရွှမ်မု၏ပြိုင်ဘက်မဟုတ်ပေ။
ရန်တိ အထက်ဘုံကမ္ဘာသို့ရောက်ရှိပြီးနောက် အရှေ့တောင်ထိပ်တန်းအရှင်သခင် ချောင်ကျယ်နှင့်တွေ့ဆုံရန် ကျင်းထင်တောင်သို့သွားရောက်သည်မှတစ်ပါး ဝိညာဉ်နယ်မြေမှ လုံးဝထွက်ခွာခဲ့ခြင်း မရှိပေ။
သို့သော် ဧကရာဇ်ရွှမ်မုကို သတ်ဖြတ်ခဲ့သည့် တိုက်ပွဲတစ်ပွဲတည်းဖြင့် နာမည်ကျော်ကြားလားသည့် ရန်တိကို ကျူတောပင်လယ်ဒေသတွင် မည်သူမှ လျှော့မတွက်ရဲကြပေ။
ထိုသို့သောအနေအထားရှိသည့် ဝါဒတောင်သည် အောက်ဘုံကမ္ဘာမှရောက်လာသည့်တိုင် အထက်ဘုံကမ္ဘာတွင် ခေါင်းငုံ့နေလိမ့်မည်ဟု မည်သူမှမတွေးဝံ့ကြပေ။
ထို့ပြင် ဝါဒတောင်တွင် ရန်တိထက်ပင်ပိုပြီးနာမည်ကြီးသော လူတစ်ယောက် ရှိသေးသည်။
ရန်ကျောက်ကဲ။
သူက ရန်တိထက်ပင်ငယ်ရွယ်ပြီး စိတ်ကူးမရနိုင်လောက်အောင် အလားအလာမြင့်မားသူ ဖြစ်သည်။
ကျူတောပင်လယ်ဒေသတွင် ကြီးမားသောပြောင်းလဲမှုများကို ပြုလုပ်ခဲ့ပြီး မိုးမြေတစ်ခုလုံးကိုမှောက်လှန်စေကာ လေနှင့်မိုးကိုရွာသွန်းစေသော တန်ခိုးစွမ်းအားများဖြင့် မွှေနှောက်ခဲ့သူ ဖြစ်သည်။
ကျူတောပင်လယ်ဒေသတွင် ဝါဒတောင်ရပ်တည်နိုင်သည့် လက်ရှိအခြေအနေမှာ ရန်ကျောက်ကဲကြောင့် အများဆုံးဖြစ်သည်ဟု ယူဆနိုင်သည်။
ပြီးတော့ ထိုလူငယ်က ရန်တိထက်ပင် ပိုမိုထက်မြက်ပြီး သာမန်ယုတ္တိတန်စွာ အကဲဖြတ်နိုင်သူတစ်ယောက် မဟုတ်ပေ။ ထို့ပြင် ရန်ကျောက်ကဲတွင် အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းများမှာလည်း တစ်ခုထက်မက ပိုမိုပိုင်ဆိုင်ထားသည်။
ဒဏ္ဍာရီလာရတနာပစ္စည်းဖြစ်သော ‘ထူးကဲယန်စည်းတံဆိပ်’ ကိုလည်း ပိုင်ဆိုင်ထား၏။
ထူးကဲယန်စည်းတံဆိပ်အပြင် ဝါဒတောင်က ထူးကဲယင်သရဖူကိုလည်း ပိုင်ဆိုင်ထားသေးသည်။
သို့ဖြစ်ရာ ဤဝါဒတောင်ဂိုဏ်းသည် ကျူတောပင်လယ်ဒေသ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တွင် လူအများ၏အသိအမြင်ကို ပြောင်းပြန်လှန်ပစ်ခဲ့သော ဂိုဏ်းတစ်ခု ဖြစ်သည်။
ဝါဒတောင်တွင် အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင် လုံးဝမရှိသော်လည်း လျှော့တွက်၍မရနိုင်သည့်အပြင် လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းလည်း မြင့်မားသည်။
ဝါဒတောင်ဂိုဏ်း ဖွံ့ဖြိုးတိုးတက်လာသည်ကို လူပေါင်းများစွာက လျှို့ဝှက်စွာဖြင့် စောင့်ကြည့်နေကြသည်။
သို့ရာတွင် ဧကရာဇ်ရွှမ်ချန် ကျူတောပင်လယ်ဒေသသို့ ပြန်ရောက်လာသည့်အခါ အကြောင်းအရာများက မသေချာတော့ပေ။
ဝါဒတောင်သည် တစ်ခဏသာ ပွင့်လန်းခြင်းလား ၊ သို့မဟုတ် ရေရှည်တွင်အောင်မြင်စွာ ပွင့်လန်းလာမည်လားဟု လူတိုင်းက သိမြင်ချင်ကြသည်။
ဝါဒတောင်မှလူများကတော့ ပြင်ပလောက၏ အတွေးအခေါ်အယူအဆများကို အလွန်အမင်းအာရုံစိုက်ခြင်းမရှိဘဲ တည်ငြိမ်သောအရှိန်အဟုန်ဖြင့်သာ တဖြည်းဖြည်းတိုးတက်လာနေကြသည်။
လောလောဆယ်တွင် ဝါဒတောင်က တရားဝင်ဖွင့်လှစ်ပြီး တပည့်များခေါ်ယူခြင်းမရှိသေးသော်လည်း နောင်တစ်ချိန်တွင် မလွဲမသွေ ထိုသို့ပြုလုပ်လာမည် ဖြစ်သည်။
ဝါဒတောင်တရားတင်ဖွင့်လှစ်ပြီး တပည့်များစုစည်းသည့်နေ့ရက်ရောက်ရှိလျှင် တာအိုဝါဒ၏အရှေ့ဘက်တောင်ဖြစ်သော ဝါဒတောင်က အထက်ဘုံကမ္ဘာ မိုးမြေတစ်ခွင်တွင် ပြန်လည်ထွက်ပေါ်လာပြီဟု ပြောနိုင်သည်။
ရန်ကျောက်ကဲတို့အုပ်စု ဝိညာဉ်နယ်မြေသို့ ပြန်လည်ရောက်ရှိလာတော့ အဝေးတစ်နေရာ ပင်လယ်ရေမျက်နှာပြင်မှ ကောင်းကင်ထက်သို့ထိုးထွက်နေသည့် မြင့်မားသောတောင်ထွတ်တစ်ခုကို တွေ့ရသည်။
ထိုတောင်ထွတ်ကြီးက ပင်လယ်ရေပြင်ထက်မှ ထိုးထွက်လာသော ကျွန်းတစ်ကကျွန်းပမာ ကြီးမားလှသောတောင်တန်းများအလယ်တွင် ထင်သာမြင်သာစွာ တည်ရှိနေသည်။
လက်ရှိတွင် ရန်တိအတွက် အစွန်းရောက်ရှစ်ပါးကမ္ဘာကဲ့သို့ အောက်ဘုံကမ္ဘာတစ်ခုကိုဖျက်ဆီးရန်မှာ အလွန်လွယ်ကူသော ကိစ္စတစ်ခု ဖြစ်နေပေပြီ။
အထက်ဘုံကမ္ဘာ၏ မိုးမြေတစ်ခွင်က အစွန်းရောက်ရှစ်ပါးကမ္ဘာထက် အဆမတန် တည်ငြိမ်သည်။ ထို့ကြောင့် အထက်ဘုံကမ္ဘာတွင် သဘာဝတရားနှင့် ပထဝီဝင်အနေအထားကို ပြောင်းလဲခြင်းက ပို၍ ခက်ခဲပါသည်။
သို့တိုင် ရန်တိအတွက်တော့ တောင်များကိုရွှေ့ပြောင်းပြီး ပင်လယ်ကိုပြောင်းလဲနိုင်သည်အထိ မြေပြင်အနေအထားကို ပြောင်းလဲရသည်မှာ အလွန်လွယ်ကူသောအလုပ်တစ်ခု ဖြစ်နေဆဲပင်။
ဤမြင့်မားသောတောင်တန်းကြီးနှင့် ကြီးမားသောကျွန်းကြီးသည် ရန်တိ၏လက်ရာပင် ဖြစ်သည်။
ရန်ကျောက်ကဲက ပတ်ပတ်လည်သို့အကဲခတ်လိုက်တော့ တောင်ထွတ်ရှစ်ခုကိုတွေ့ရပြီး မြေပြင်အနေအထားက အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ဝါဒတောင်နှင့် အတူတူပင် ဖြစ်သည်။
တောင်ထိပ်များထက်ရှိ ကောင်းကင်ယံတွင် သိုင်းဂိုဏ်းတစ်ခုလုံး၏ကောင်းကင်ယံကိုလွှမ်းခြုံထားသည့် တောက်ပနေသော ဝိညာဉ်သင်္ကေတများကို တွေ့မြင်ရသည်။ ဤသည်က ဝါဒတောင်ပင်မအစီအရင် တည်ဆောက်ပြီးပြီဆိုသော အဓိပ္ပါယ်သက်ရောက်သည်။
သို့ရာတွင် လက်ရှိ ဝါဒတောင်ပင်မအစီအရင်က ယခင် အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ပင်မအစီအရင်နှင့် နှိုင်းယှဉ်လျှင် အလွန်တရာအဆင့်မြင့်မားသဖြင့် ဝါဒတောင်မဟာပင်မအစီအရင်ဟု ခေါ်တွင်ရန် ပိုပြီးထိုက်တန်၏။
အမှန်တော့ အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ပင်မအစီအရင်နှင့် အထက်ဘုံကမ္ဘာမှ ပင်မအစီအရင်တို့က နှိုင်းယှဉ်စရာမလိုလောက်အောင် ကွာခြားနေပေပြီ။
ရန်ကျောက်ကဲကလည်း ခရီးမထွက်ခင်အချိန်က အစီအရင်ကို အဆင့်မြှင့်တင်ပေးခဲ့သေးသည်။
သူက တာ့ရွှမ်တိုင်းပြည်မှ ရရှိထားသောရတနာများစွာကိုအသုံးပြုပြီး ယိုးမင်ဧကရာဇ်ဂူဗိမာန်မှရရှိသောပစ္စည်းများကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုခဲ့သည်။
ယခင်ကတည်းက ရန်ကျောက်ကဲက အစီအရင်နှင့်ပတ်သက်သည့် အယူအဆများစွာရှိခဲ့သည်။ သို့သော် ရင်းမြစ်ပစ္စည်းမရှိသဖြင့် ဆန်မရှိဘဲ ထမင်းချက်သကဲ့သို့ ဖြစ်ခဲ့ရသည်။ ယခုတော့ ရင်းမြစ်ပစ္စည်းပြည့်စုံပြီဖြစ်ရာ လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့ပေပြီ။
သို့သော် ဤ ဝါဒတောင်မဟာပင်မအစီအရင်အသစ်မှာ အကူးအပြောင်းအဆင့်တွင်ရှိနေဆဲဟု ရန်ကျောက်ကဲက ရှုမြင်ခဲ့သည်။
သူ အသုံးပြုလိုသော အစီအရင်ကားချပ်များစွာ ရှိနေသေးသည်။
သို့ရာတွင် လက်တွေ့အကောင်အထည်မဖော်မီ အချို့သောရင်းမြစ်ပစ္စည်းများကို စုဆောင်းရန် လိုအပ်သည်။
အစီအရင်တစ်ခုတည်ဆောက်ရန်မှာ မည်သည့်ရင်းမြစ်ပစ္စည်းမှ မပါရှိလျှင်လည်း အဆင်ပြေသည်။ သို့ပေသိ သိုင်းဂိုဏ်းတစ်ခု၏ပင်မအစီအရင်ကြီးတစ်ခု တည်ဆောက်ရာတွင် တည်ငြိမ်သောအခြေခံအုတ်မြစ်နှင့် အထွတ်ထိပ်အဆင့်ခိုင်ခံ့ခြင်းများလိုအပ်သဖြင့် ရင်းမြစ်ပစ္စည်းများ လိုအပ်ခြင်းပင်။
ဝါဒတောင်သို့ပြန်ရောက်သည်နှင့် ရန်ကျောက်ကဲ ပထမဆုံးသွားရောက်တွေ့ဆုံသည်က ဒုတိယဆရာဦးလေးဖန်ကျွင်း ဖြစ်သည်။
ဖန်ကျွင်းကိုတွေ့တော့ ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“ဂုဏ်ပြုပါတယ် ဒုတိယဆရာဦးလေး ၊ အခုတော့ လောကကိုကျော်လွန်ပြီး သိုင်းသူတော်စင်အဆင့်တက်ရောက်သွားပြီပေါ့”
ဖန်ကျွင်းက ခပ်ပါးပါးတစ်ချက်ပြုံးရင်း...
“ဒီအထက်ဘုံကမ္ဘာက ပတ်ဝန်းကျင်အနေအထားက အစွန်းရောက်ရှစ်ပါးကမ္ဘာထက်ကောင်းတယ်လေ ၊ ပြီးတော့ မင်းရဲ့လုပ်ဆောင်မှုကြောင့် ဂိုဏ်းရဲ့ရင်းမြစ်ပစ္စည်းတွေကလည်းအတော်လေး များပြားပြီး အရင်ကထက်ပိုပြီးချမ်းသာလာပြီ”
ရန်ကျောက်ကဲက ရယ်မောရင်း...
“ဒုတိယဆရာဦးလေး ၊ ကျွန်တော် ဒီတစ်ခေါက်လည်း ပစ္စည်းကောင်းတွေအများကြီးရခဲ့သေးတယ် ၊ ဆရာဦးလေးရဲ့ အရည်အချင်းနဲ့ ဒီရင်းမြစ်ပစ္စည်းတွေပေါင်းလိုက်ရင် မကြာခင်မှာ ဒီထက်ပိုပြီးတိုးတက်လာနိုင်လိမ့်မယ်”
ဖန်ကျွင်းက ပြုံးရင်း...
“ငါ့အကြောင်း မပြောနဲ့ဦး ၊ မင်းအဖေက အခု တံခါးပိတ်ကျင့်ကြံနေတယ် ၊ ဒီတစ်ခေါက် သူထွက်လာရင် ကျင့်ကြံခြင်းအဆင့် တက်ဦးမှာတော့မဟုတ်ပေမယ့် သေချာပေါက် ကြီးမားတဲ့အကျိုးအမြတ် ရမှာသေချာတယ်”
ရန်ကျောက်ကဲက ရယ်မောရင်း...
“ဆရာဦးလေးနဲ့ အဖေက အလှည့်ကျတံခါးပိတ်ကျင့်ကြံပြီး ဝါဒတောင်အခြေအနေအားလုံးကို ထိန်းချုပ်နေကြတာလား”
ဖန်ကျွင်းက ခေါင်းညိတ်ရင်း...
“အခု အခြေအနေက တည်ငြိမ်သွားပြီလေ ၊ ဒီတော့ ဆရာလည်း အစွန်းရောက်ရှစ်ပါးကမ္ဘာက ဝါဒတောင်မှာ အချိန်ကြာကြာမနေတော့ဘဲ မကြာခင်မှာ ငါတို့ရှိတဲ့အထက်ဘုံကမ္ဘာကို တက်လာတော့မယ်”