← Chapters

နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်

Vol. 72 Ch. 1001

နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်

Vol. 72 Ch. 1001

မိုဝူကျိက လေးနက်စွာ ပြောလိုက်သည်။

“ပိုင်ယွဲ့… မင်းရဲ့ဝိညာဉ်ကြော အရည်အသွေးက အရမ်းကောင်းတယ်။ ဒါကြောင့် ငါ မင်းကို ဖျောင်းဖျမနေတော့ဘူး။ ဒါပေမဲ့ တကယ်တမ်းကျ စိုက်ပျိုးရေးဧကရာဇ်ရဲ့ အင်မော်တယ် မော်တယ်ကျင့်စဉ်မှာလည်း လိုအပ်ချက်တွေ ရှိတယ်။ ငါ မသိတာတစ်ခုက အဲ့ဒီလိုအပ်ချက်တွေက မင်းအပေါ် ဘယ်လိုမျိုး သက်ရောက်မှု ရှိနေမလဲ ဆိုတာပဲ။  တကယ်လို့ မင်းသာ ဆန္ဒရှိရင် မင်း ငါ့ရဲ့အင်မော်တယ် မော်တယ်ကျင့်စဉ်ကို ပြောင်းကျင့်ကြံလို့ ရတယ်”

“ဝူကျိ… ငါလည်း မင်းကို ဖျောင်းဖျလို့ မရမှန်း သိတယ်။ ဒါပေမဲ့ ငါက စိုက်ပျိုးရေးဧကရာဇ်ရဲ့ ကျင့်စဉ်ကို ကျင့်ကြံဖို့ ဆုံးဖြတ်ထားပြီးသား။ ငါ ကနဦးနတ်ဘုရားအဆင့် ၉ မှာ တစ်နေတာ တော်တော်လေးကို ကြာနေပြီ။ ဒါကြောင့် ငါ ကောင်းကင်နတ်ဘုရားအဆင့်ကို အရမ်းကို တက်လှမ်းချင်နေပြီကွာ။ သေမျိုးနယ်မြေက ကိစ္စတွေကို မင်းဆီ အပ်ခဲ့လိုက်မယ်။ ငါ ကျင့်ကြံဖို့ နတ်ဝိညာဉ်စွမ်းအင် နယ်မြေဆီကို မြန်မြန်သွားမှ ဖြစ်မယ်”

ပိုင်ယွဲ့က တုန့်ဆိုင်းမနေဘဲ မိုဝူကျိ၏ ကမ်းလှမ်းမှုကို ငြင်းဆိုလိုက်သည်။

မိုဝူကျိ၏ ကျင့်ကြံဆင့်သည် သူ့ထက် နိမ့်နေသည့်ကိစ္စကို ပြောနေစရာ မလိုပေ။ အကယ်၍ မိုဝူကျိတွင် ပိုမြင့်သော ကျင့်ကြံဆင့်ရှိနေလျှင်ပင် ပါရမီရှင် ဘယ်နှယောက်လောက်ကများ စိုက်ပျိုးရေးဧကရာဇ်လိုမျိုး ဖြစ်နိုင်မည်နည်း။ မိုဝူကျိက သူ့ထက် တော်သည်မှာ မှန်၏။ သို့သော် ထိုအရာက မိုဝူကျိသည် စိုက်ပျိုးရေးဧကရာဇ်ကဲ့သို့ ပါရမီရှင်တစ်ယောက်ထက် တော်လိမ့်မည်ဟု မဆိုလိုပေ။

“တာအိုရောင်းရင်းပိုင်ယွဲ့ ရှိပါလား ခင်ဗျ”

နောက်ထပ် အသံတစ်သံက ကာကွယ်ရေးအစီအရင် အပြင်ဘက်မှ ထွက်ပေါ်လာပြန်သည်။

ဝိညာဉ်စွမ်းအားစုစည်းရေး အစီအရင်အား ပိတ်ထားလိုက်ပြီးပြီဖြစ်ရာ အဘယ်ကြောင့်များ နောက်တစ်ယောက် ထပ်ရောက်လာရပြန်သနည်း။ မိုဝူကျိက မယုံသင်္ကာသည့်ဟန်ဖြင့် ကာကွယ်ရေး အစီအရင်ကို ဖွင့်ပေးလိုက်သည်။ အပြင်ဘက်တွင် ရပ်နေသည်မှာ မိုဝူကျိ ရွံရှာမုန်းတီးသော အောင်းရုံ ဖြစ်နေ၏။

မိုဝူကျိက အောင်းရုံ၏ ဘေးမှလူကိုလည်း သိသည်။ ထိုလူ့ကိုလည်း ညီတူမျှတူ ရွံရှာမုန်းတီးသည်။ ထိုလူမှာ အောင်းမျိုးနွယ်၏ နတ်ဘုရားဘုရင် ကွမ်းမိ ဖြစ်သည်။

အောင်းရုံက မိုဝူကျိကို မမြင်သည့်ပုံစံ လုပ်နေသည်။ သူက ပိုင်ယွဲ့အား ပြုံးပြလိုက်ပြီး ပြောလိုက်သည်။

“တာအိုရောင်းရင်း ပိုင်ယွဲ့… ကျွန်တော် ခင်ဗျားကို အကျိုးအမြတ်တွေနဲ့ ကမ်းလှမ်းဖို့ လာခဲ့တာပါ”

ပိုင်ယွဲ့က မျက်ခုံး အနည်းငယ် ကျုံ့လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“တာအိုရောင်းရင်းအောင်း… ကျုပ် သေမျိုးနယ်မြေကို ဝင်ဖို့ ဆုံးဖြတ်ပြီးသွားပြီ။ ကျုပ် တစ်နှစ်လောက် ဂူပိတ်ကျင့်ကြံမလို့ လုပ်နေတာ။ ဒါကြောင့် တာအိုရောင်းရင်းအောင်းရဲ့ စေတနာကောင်းတွေကို စိတ်ပျက်စေမိပြီဗျာ”

အောင်းရုံက လက်ခါကာ အမျက်မထွက်ဘဲ ပြောလိုက်သည်။

“ဒီတစ်ကြိမ်က ကျွန်တော် ခင်ဗျားကို အောင်းမျိုးနွယ်ထဲဝင်ဖို့ လာဖိတ်ခေါ်တာ မဟုတ်ပါဘူး။ ခင်ဗျားဆီမှာ နိဗ္ဗာန်မြစ်ထဲမှာ နတ်ဘုရားဘုရင်တွေ ကျင့်ကြံဖို့အတွက် ၃ နေရာစာ ရှိတယ်မလား။ ကျွန်တော်က အဲ့ဒါတွေကို ဈေးကောင်းကောင်း ပေးဝယ်ဖို့ လာခဲ့တာပါ။ အဲ့ဒီကျောက်စိမ်း တံဆိပ်ပြားတွေက ခင်ဗျားအတွက် ဘာမှအသုံးမဝင်တာ ခင်ဗျား သိမှာပါ။ ကျွန်တော့်ကို ဈေးကောင်းကောင်းနဲ့ ရောင်းလိုက်ပါ။ အဲ့ဒါဆို ကျွန်တော် ခင်ဗျားအပေါ် ကျေးဇူးကြွေးတစ်ခု တင်နေမှာပါ ”

ပိုင်ယွဲ့က တည်ငြိမ်စွာ ပြောလိုက်သည်။

“စိတ်မကောင်းပါဘူး။ ဒီကိစ္စကို ကျုပ်ရဲ့ စီနီယာအစ်ကိုဆီ လွှဲအပ်ထားတာ။ ကျုပ်က သိပ်မကြာခင် ဂူပိတ်ကျင့်ကြံတော့မှာ။ ရောင်းရင်းနှစ်ယောက် ပြန်လိုက်ကြပါတော့ဗျာ”

“ခင်ဗျားရဲ့ စီနီယာအစ်ကိုက…”

အောင်းရုံက နားမလည်စွာ မေးလိုက်သည်။ သို့သော် ပိုင်ယွဲ့က ဆက်လက်ဖြေကြားရန် ရည်ရွယ်ချက်မရှိချေ။

မိုဝူကျိက လက်ကို ဝေ့ကာ ပြောလိုက်သည်။

“ခင်ဗျားတို့ နှစ်ယောက်လုံး ပြန်လိုက်ကြပါတော့။ ကျုပ် အစီအရင်ကို ပိတ်တော့မယ်”

“မင်းက ပိုင်ယွဲ့ရဲ့ စီနီယာအစ်ကိုလား”

နတ်ဘုရားဘုရင် ကွမ်းမိ၏ အတွေ့အကြုံမှာ အောင်းရုံထက် ပိုများမှန်း သိသာလေသည်။ မိုဝူကျိ၏ စကားများကို ကြားလိုက်သည့်အခိုက် သူက မိုဝူကျိသည် ပိုင်ယွဲ့၏ စီနီယာအစ်ကို ဖြစ်လောက်မည်ဟု သိလိုက်သည်။

“အမှန်ပဲ။ ဒါပေမဲ့ ကျုပ်က ဒီကျောက်စိမ်း တံဆိပ်ပြား ၂ ခုကို ရောင်းဖို့ စိတ်ကူးမရှိဘူး။ တကယ်လို့ ခင်ဗျားတို့နှစ်ယောက် စိတ်ဝင်စားရင်တော့ နိဗာနတာအိုမြို့ရဲ့ လေလံပွဲမှာ လာကြည့်လို့ရတယ်”

မိုဝူကျိသည် အောင်းမျိုးနွယ်အား ဆက်လက် အပြစ်မပြုချင်သော်လည်း သူတို့အား နိဗ္ဗာန်မြစ်အတွက် ကျောက်စိမ်းတံဆိပ်ပြားကို မရောင်းပါက သေချာပေါက် အပြစ်ပြုမိမည်မှန်း သိသည်။

သို့သော် ကျောက်စိမ်းတံဆိပ်ပြားများကို အောင်းမျိုးနွယ်အား ပိုင်ဆိုင်စေမည့်အစား သူက ဖျက်သာ ဖျက်ဆီးပစ်လိုက်မည် ဖြစ်သည်။

“မင်းတို့နှစ်ယောက်က တသက်လုံး ဒီထဲမှာပဲ တွင်းအောင်းနေဖို့ စိတ်ကူးထားတာလား”

နတ်ဘုရားဘုရင် ကွမ်းမိ၏ အသံမှာ အေးခဲနေသည်။ သူ့လိုမျိုး နတ်ဘုရားဘုရင်တစ်ယောက်က ကနဦးနတ်ဘုရား ငတိကောင်ဆီမှ ကျောက်စိမ်းတံဆိပ်ပြား ဝယ်ယူရန် ကိုယ်တိုင်ကိုယ်ကျ လာခဲ့ရသည်။ ဤသည်ကား ဤပုရွက်ဆိတ်အား အခွင့်ထူးကြီး ပေးထားခြင်း ဖြစ်သည်။ သို့သော် ဤပုရွက်ဆိတ်နှစ်ကောင်သည် သူတို့အား အထဲ မဖိတ်ခေါ်သည့်အပြင် ဤကဲ့သို့စကားမျိုးကိုပင် ပြောသေးသည်။

နတ်ဘုရားဘုရင် ကွမ်းမိ၏ စိတ်ထဲတွင် သူ ဤနေရာသို့ ရောက်လာခြင်းသည် အောင်းမျိုးနွယ်က ဤကနဦးနတ်ဘုရားအား သူတို့လက်အောက်သို့ ဝင်ရောက်စေလိုကြောင်းကို ကိုယ်စားပြုနေသည်။ ထိုအခါ ပိုင်ယွဲ့က ကျောက်စိမ်း တံဆိပ်ပြားများကို စေတနာဖြင့် ပေးအပ်သင့်လေသည်။ သူက နတ်ဘုရားကျောက်များ ပေးလျှင်ပင် ပိုင်ယွဲ့က လေးစားစွာဖြင့် လိမ်မာပါးနပ်စွာ ငြင်းဆိုရမည်။

နတ်ဘုရားဘုရင်တစ်ယောက်နှင့် ကနဦးနတ်ဘုရားတစ်ယောက်တို့ကြားမှ ကွာခြားမှုမှာ အောင်းမျိုးနွယ်နှင့် နယ်လှည့်ကျင့်ကြံသူတစ်ယောက်တို့ကြားမှ ကွာခြားမှုနှင့် တူညီလေသည်။ ရိုးရိုးလေး တိုင်းတာ၍ပင် မရနိုင်အောင် ကွာခြားလွန်း၏။

ဤကနဦးနတ်ဘုရားသည် နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ထဲ ဝင်လိုက်သည်နှင့် သူ ပူပင်စရာ မရှိတော့ဘူးဟုများ ထင်နေသလော… ထိုအရာမှာ အရူးတစ်ယောက်၏ တွေးခေါ်နည်းတစ်ခုသာ ဖြစ်၏။

မိုဝူကျိက တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒါ ကျုပ်တို့ကြားထဲက ကိစ္စပါ။ ခင်ဗျားတို့နှစ်ယောက်ကို ကျုပ်တို့အတွက် စိတ်ပူပေးဖို့ ဒုက္ခမပေးရဲပါဘူးဗျာ”

“သိပ်ကောင်းတာပေါ့ကွာ”

နတ်ဘုရားဘုရင် ကွမ်းမိက မိုဝူကျိအား အေးစက်စက် စိုက်ကြည့်ပြီးနောက် လှည့်ပြန်သွားသည်။

အောင်းရုံကလည်း မိုဝူကျိအား အေးစက်စက် အကြည့်တစ်ချက် ပစ်လွှတ်လိုက်ပြီး ဂရုမစိုက်စွာ ပြောလိုက်သည်။

“မင်း မကြာခင် မင်းတို့နှစ်ယောက် ကျောင်းတော်ထဲမှာ အသက်ဆက်ရှင်ရုံလေးပဲ တတ်နိုင်တယ်ဆိုတာ သဘောပေါက်လာလိမ့်မယ်”

“ဝူကျိ… မင်း အရင်က အောင်းရုံကို အပြစ်ပြုထားသေးလား”

ပိုင်ယွဲ့သည် နယ်လှည့်ကျင့်ကြံသူတစ်ယောက်အနေနှင့် ဤအခြေအနေထိ ရောက်လာနိုင်ခဲ့သည်။ သူက သာမန်လူတစ်ယောက် မဟုတ်သည်မှာ ပုံမှန်ပင်။ သူက အောင်းရုံနှင့် မိုဝူကျိတို့ကြားမှ တင်းမာမှုတချို့ ရှိနေသည်ကို မြင်နိုင်၏။

မိုဝူကျိက လှောင်ရယ် ရယ်ပြီး အဝေးသို့ ကြည့်လိုက်ရင်း

“အောင်းမျိုးနွယ်က ငါ့ကို သတ်ဖို့ ကြိုးစားခဲ့တယ်။ ငါ့ရဲ့မိတ်ဆွေကြောင့်သာ မဟုတ်ခဲ့ရင် အခုအချိန် ငါ အရိုး ဖြစ်နေလောက်ပြီ”

ပိုင်ယွဲ့က အသက်ပြင်းပြင်း ရှူလိုက်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ဝူကျိ… ငါ ကျင့်ကြံဖို့ နတ်ဝိညာဉ်စွမ်းအား နယ်မြေဆီ အခုပဲ သွားတော့မယ်။ ကောင်းကင်နတ်ဘုရား အဆင့်ထဲ မတက်လှမ်းနိုင်ရင် ပြန်ထွက်မလာဘူးကွာ”

မိုဝူကျိက ခေါင်းငြိမ့်ကာ

“မင်း သွားပြီး ကျင့်ကြံလိုက်လေ။ ငါလည်း နိဗ္ဗာန်တာအိုမြို့ဆီ ခရီးတစ်ခေါက် ထွက်စရာ ရှိတယ်”

……………………

နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်မှာ တကယ့်ကို မတင်းကျပ်ပေ။ ကျောင်းတော်မှ သူ ထွက်လာစဉ် မေးခွန်း တစ်ခွန်းတောင် အမေးမခံရချေ။ သို့သော် သူ့ကိုယ်ပေါ်တွင် စိတ်စွမ်းအားအမျှင်တချို့ ရှိနေကြောင်းကိုတော့ မိုဝူကျိက အလွန်သေချာသည်။ ဤသည်မှာ ကျောင်းတော်သည် မတင်းကျပ်သယောင် ထင်ရသော်လည်း တကယ်တမ်းတွင် ကျောင်းတော်၏ အတွင်းအပြင်ရှိ လှုပ်ရှားမှုအားလုံးကို စောင့်ကြည့်နေသည်ဟု ဆိုလိုနေသည်။

ဤအချက်က မိုဝူကျိအား နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်အပေါ် အထင်ပိုကြီးသွားစေသည်။ သူ သေမျိုးနယ်မြေထဲတွင် ရှိစဉ်က မည်သည့်ဖိအားမှလည်း မခံစားရသလို သူ့အား စောင့်ကြည့်နေသည့် ခံစားချက်မျိုးလည်း မရပေ။ သိသာစွာပင် ကျောင်းတော်ထဲ၌ အင်အားစု အမျိုးမျိုး၏ ကိုယ်ရေးကိုယ်တာ သီးသန့်လုံခြုံမှုကို ကာကွယ်ပေးထားလေသည်။

ယခင် မိုဝူကျိသည် ရင်ပြင်ကို ဖြတ်၍ ရွှေရောင်လမ်းကြောင်းဖြင့် နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်သို့ ဝင်ခဲ့သည်။

ယခု သူ ထွက်သွားသည့်အခါတွင်မှ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်သည် မည်မျှကျယ်ဝန်းကာ မည်မျှခမ်းနားကြောင်းကို သိရတော့သည်။

ကျောင်းတော်၏ အပေါ်တည့်တည့်တွင် “နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်” ဟူသော ရွှေရောင်စာလုံးကြီး ၃ ခုက လေထဲတွင် လွင့်မျောနေသည်။ အနည်းဆုံး မီတာ ၃၀ ကျယ်သော ရွှေရောင်ဖျော့ဖျော့ လှေကားအိမ်တစ်ခုက ကျောင်း၏ အပြင်ဘက်ဆုံးနေရာမှ အတွင်းဘက်ထိ ဆန့်တန်းနေသည်။

နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ အပြင်ဘက်ဆုံး အစွန်အဖျားနားတွင် မီတာရာကျော် ကျယ်သော မြစ်ကြီးတစ်စင်း ရှိသည်။ မိုဝူကျိအား အံ့သြသွားစေသည်မှာ မြစ်၏အထက်ပေါ်တွင် လွင့်မျောနေသော “နိဗ္ဗာန်မြစ်” ဟူသည့် စကားလုံးများကြောင့် ဖြစ်သည်။

နိဗ္ဗာန်မြစ်မှာ မိုဝူကျိ လတ်တလော အများဆုံးကြားနေရသော နာမည် ဖြစ်သည်။

ထိုမြစ်သည် တာအိုမြစ်တစ်စင်း မဟုတ်ဘူးလော…

အဘယ်ကြောင့် ကျောင်းတော်၏ အစွန်အဖျား ပတ်ပတ်လည်အား ပတ်ထားသော ကျုံးမြစ်တစ်စင်းကဲ့သို့ ဖြစ်နေရသနည်း။

ထိုမျှ ရိုးရှင်းလောက်မည် မဟုတ်ပေ။ မိုဝူကျိသည် ထိုအကြောင်းအား ထို့ထက်ပို၍ မတွေးတော့ပေ။ ဤသည်မှာ သူနှင့် မဆိုင်ပေ။ နိဗ္ဗာန်မြစ်၏အပေါ်တွင် ကျောက်ပေါင်းကူး တံတား တစ်ခုရှိသည်။ ပေါင်းကူးတံတားကို ဖြတ်ကျော်ပြီးသည့်နောက် မီတာ ၃၀ ရှည်သော ကျောက်စိမ်းဖြူလမ်းမကြီး တစ်ခုရှိသည်။

မိုဝူကျိသည် ဤလမ်းမနှင့် ရင်းနှီးသည်။ ဤလမ်းမသည် နိဗ္ဗာန်တာအိုမြို့သို့ ဦးတည်နေသည်။

ကျောင်းတော်နှင့် နိဗ္ဗာန်တာအိုမြို့တို့ကြားမှ အကွာအဝေးသည် လုံးဝ လုံခြုံစိတ်ချရလေသည်။ ယခင် လော့ယွီက မိုဝူကျိအား သတ်ချင်သည့်အချိန်ကပင် သူက နိဗ္ဗာန်တာအိုမြို့၏ အပြင်ဘက်တွင် စောင့်ရုံသာ တတ်နိုင်ခဲ့သည်။

မိုဝူကျိက လေလွင့်ကျင့်ကြံသူ အစည်းအရုံး၏ လော့ယွီနှင့် အောင်းမျိုးနွယ်၏နတ်ဘုရားဘုရင် ကွမ်းမိ တို့ကို အပြစ်ပြုထားပြီး ပြဿနာတက်ထားသော်လည်း သူက နိဗ္ဗာန်တာအိုမြို့သို့ ဘေးကင်းလုံခြုံစွာ ရောက်ရှိနိုင်လေသည်။

“ဝူကျိ… ကျွန်တော် ခင်ဗျားကို စောင့်နေတာ ကြာပြီဗျ”

ပျော်ရွှင်မှု ရိပ်သာထဲသို့ မိုဝူကျိ ခြေချလိုက်သည့်အခိုက် ချီခွန်းက သူ့ကို လာနှုတ်ဆက်ကြိုဆိုလေသည်။ ချီခွန်းနောက်တွင် မျက်နှာဖုံးပဝါနှင့် ယွီလော့ ရှိသည်။

ချီခွန်းနှင့် ယွီလော့တို့ကို မြင်သောအခါ မိုဝူကျိသည်လည်း ပျော်မိသည်။ ပြောရမည်ဆိုလျှင် သူတို့နှစ်ယောက်ကို သူ့မိတ်ဆွေများဟု သတ်မှတ်နိုင်ကာ သူတို့က သူ့ကို ယခင်က ကူညီဖူးသည်။ သူက သူတို့ကို အဆင့်မြင့် နှင်းစက်စိမ်းဆန်တချို့ ပြန်ပေးခဲ့သော်လည်း ထိုဆန်မှာ တကယ်တမ်း အများကြီး အဖိုးမတန်ပေ။

“အစ်ကိုချီ… စီနီယာအစ်မ ယွီလော့… အထဲ အရင်ဝင်ကြရအောင်”

ချီခွန်းနှင့်ယွီလော့တို့ အဘယ်ကြောင့် ဤနေရာတွင်ရှိနေမှန်း မိုဝူကျိက မသိပေ။ သူ့တွင် နိဗ္ဗာန်မြစ်အတွက် ကျောက်စိမ်း တံဆိပ်ပြားများ ရှိနေသည့် အကြောင်းကို သူတို့ မသိမှန်း မိုဝူကျိက သေချာသည်။

…………………..

မိုဝူကျိ ပြန်ရောက်လာသည့်အချိန်တွင် ချီပင်းက ဂူပိတ်ကျင့်ကြံရာမှ ပြန်ထွက်လာပြီ ဖြစ်သည်။ မိုဝူကျိ ဝင်လာသည်ကို မြင်သောအခါ သူမက ပြုံးကာ ပြောလိုက်သည်။

“ဂုဏ်ပြုပါတယ် ဝူကျိ။ ရှင် စီစဉ်ထားတဲ့အတိုင်း နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ထဲကို ဝင်ရောက်နိုင်ခဲ့ပြီပေါ့”

ချီချွမ်၊ ရွိုက်ကောနှင့် တာ့ဟွမ်တို့သည်လည်း သူတို့၏ အခန်းများမှ အလျှင်အမြန်ထွက်လာကြသည်။

မိုဝူကျိက ပြောလိုက်သည်။

“ဒီတစ်ခေါက် ကျုပ် အစ်မတို့ အားလုံးကို နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ဆီ ခေါ်ဖို့ ပြန်လာတာ။ အနည်းဆုံးတော့ ကျောင်းတော်ထဲမှာ ကျုပ်တို့ကို ဘယ်သူမှ လာနှောင့်ယှက်မှာ မဟုတ်ဘူးလေ”

ချီပင်းက ခေါင်းငြိမ့်ကာ

“အဲ့ဒါတော့ အမှန်ပဲ။ ဒီနှစ်တွေမှာ နယ်လှည့်ကျင့်ကြံသူ တစ်ယောက် အနေနဲ့ ကျွန်မရဲ့စွမ်းရည်ကို ဆက်တိုက် တိုးမြှင့်နိုင်ခဲ့ပေမဲ့ ကိုယ်ပိုင်တာအိုပညာရပ်တွေကို လေ့လာဖို့ ဘယ်တော့မှ အေးအေးချမ်းချမ်း မရှိခဲ့ဖူးဘူး။ ဒီတစ်ခေါက်တော့ ရှင့်ရဲ့ရက်ရောမှုကို မှီပြီး နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ထဲမှာ လုံခြုံအေးချမ်းတဲ့ နှစ်နည်းနည်းလောက် ရတော့မယ်ပေါ့”

ချီခွန်းသည် ယခုမှ မိုဝူကျိအနားတွင် နတ်ဘုရားဘုရင် ပညာရှင်တစ်ယောက် တကယ်ကြီး ရှိနေကြောင်း သတိထားမိသွားသည်။ သူက မနေနိုင်ဘဲ ရှက်ရွံ့မှုဖြင့် မျက်နှာရဲ သွားရသည်။ ဟိုယခင် သူ မိုဝူကျိနှင့် မိတ်ဆွေဖွဲ့ရန် ကြိုးစားစဉ်က နှင်းစက်စိမ်းဆန် စိုက်ပျိုးနိုင်သော မိုဝူကျိ၏ အရည်အချင်းကြောင့်သာ မိတ်ဆွေဖွဲ့ခဲ့ခြင်း ဖြစ်သည်။ တဖြည်းဖြည်းနှင့် သူတို့တွေ စကားပြောကြဆိုကြရင်းမှ တကယ့် မိတ်ဆွေသူငယ်ချင်းများ ဖြစ်ခဲ့ကြသည်။

ထို့အပြင် ချီပင်း နတ်ဘုရားဘုရင် ဖြစ်လာနိုင်သည်မှာ မိုဝူကျိက နတ်ဘုရား ကျောက်စိမ်းဆေးလုံးဖြစ်သည့် အဆင့် ၅ နတ်ဆေးလုံးကို ဖော်စပ်ပေးခဲ့သောကြောင့်သာ ဖြစ်မှန်း သူ မသိချေ။ အကယ်၍ သူသိခဲ့ပါက သေချာပေါက် ယခုလို တည်ငြိမ်နေနိုင်မည် မဟုတ်ပေ။

ချီပင်းကို စိတ်အားထက်သန်စွာ နှုတ်ဆက်လိုက်ပြီးနောက် ချီခွန်းက အနေခက်စွာ ပြောလိုက်သည်။

“ဝူကျိ… မိုးကောင်းကင် နတ်ဘုရားဂိုဏ်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်ရဲ့ ပြောစကားကို အလေးထားအောင် မလုပ်နိုင်ခဲ့တဲ့အပြင် ခင်ဗျားကိုတောင် အဖမ်းခံရပြီး ဂိုဏ်းဆီ အတင်းအခေါ် ခံရစေမလို ဖြစ်စေခဲ့တယ်။ တကယ့်ကို တောင်းပန်ပါတယ်ဗျာ”

မိုဝူကျိက ထိုကိစ္စအား အရေးမကြီးသည့်ဟန်ဖြင့် ပြုံးကာ ပြောလိုက်သည်။

“အစ်ကိုချီက ကျုပ် ရုပ်ဖျက်ထားတာကို မဖော်ထုတ်ခဲ့ဘူးလေ။ အဲ့ဒါနဲ့တင် လုံလောက်နေပါပြီ။ တခြားကိစ္စတွေက အရေးမကြီးပါဘူး။ အဲ့ဒီအပြင် မိုးကောင်းကင်မြို့ထဲမှာတုန်းက စီနီယာအစ်မယွီလော့နဲ့ အစ်ကိုချီတို့ကြောင့်သာ မဟုတ်ရင် အောင်းမျိုးနွယ် သတ်လို့ ကျုပ် သေနေလောက်ပြီဗျ”

မိုဝူကျိသည် သူ ရုပ်ဖျက်ထားသည့်အကြောင်းကို ထုတ်မပြောပြခဲ့သည့်အတွက် ချီခွန်းအပေါ် အမှန်တကယ် ကျေးဇူးတင်မိလေသည်။ သို့မဟုတ်ပါက ရန်ဖေးသည် ဆေးလုံးတာအို ဂုဏ်ထူးဆောင်မျှော်စင်မှာကတည်းက သူ့ကို သတိပြုမိသွားလောက်ပြီ ဖြစ်သည်။ ထိုမျှသာမက မိုးကောင်းကင်မြို့တွင် သူတို့နှစ်ယောက်က သူ့အား အကူအညီပေးရန် ကမ်းလှမ်းခဲ့သည်ကို သူ့ရင်ထဲ၌ သေချာစွဲမှတ်ထားသည်။

“ဂျုနီယာမောင်လေးမို… ရှင်က အခု နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ထဲ ဝင်သွားပြီဆိုတော့ ကောင်းကင်နတ်ဘုရားအဆင့်ကို တက်လှမ်းပြီးမှပဲ အပြင်ပြန်ထွက်လာတော့မှာလား”

ယွီလော့က မိုဝူကျိသည် သာမန်မဟုတ်ဘူးဟု အမြဲခံစားမိခဲ့သည်။ သူမ၏ အလိုလိုသိစိတ်က မှန်သွားခဲ့၏။

ယခင်က မိုဝူကျိကို ကြည့်ရသည်မှာ အလွန်သာမန်ဖြစ်ပုံ ပေါ်သည်။ သို့သော် သူက နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်၏ စစ်ဆေးဆုံးဖြတ်မှုကို အောင်မြင်နိုင်ခဲ့ပြီး အဆင့်(၂၂) နေရာကိုပင် ရရှိခဲ့လေ၏။

မိုဝူကျိက ပြုံးကာ

“ကျုပ်လက်ထဲမှာ နတ်ဘုရားဘုရင်တွေ နိဗ္ဗာန်မြစ်ထဲ ဝင်ဖို့နဲ့ သဟဇာတနတ်ဘုရားရဲ့ တာအိုဆွေးနွေးပွဲကို နားထောင်ဖို့ နေရာ ၃ နေရာစာ ရှိတယ်။ ကျုပ် အဲ့ဒါတွေကို နိဗာနတာအိုမြို့မှာ လေလံတင် ရောင်းပြီး နတ်ဝိညာဉ်သွေးကြောတချို့ ဝယ်မယ်လို့ စဉ်းစားထားတယ်”

ဤအခိုက်၌ ဤနေရာလွတ်စာများသည် နတ်ဘုရားကုန်းမြေမှ နတ်ဘုရားဘုရင်များအတွက် မည်မျှထိ အဖိုးတန်ကြောင်း မိုဝူကျိက အထူးသဖြင့် ကောင်းကောင်းသိသည်။ သူက ဤနေရာလွတ်များကို လေလံတင် ရောင်းပြီးသည့်နောက် များစွာသော နတ်ဝိညာဉ်သွေးကြောများကို သေချာပေါက် ရရှိနိုင်လိမ့်မည်ဟု ယုံကြည်သည်။ အကယ်၍ သူ့တွင် နတ်ဝိညာဉ်သွေးကြော မရှိပါက သေမျိုးနယ်မြေတွင် ကျင့်ကြံ၍ပင် ရမည်မဟုတ်ပေ။

“ဘာရယ်”

ချီခွန်းနှင့်ယွီလော့ နှစ်ယောက်စလုံးက စိတ်လှုပ်ရှားစွာ မတ်တပ်ထရပ်လိုက်ကြသည်။

ယွီလော့သည် အံ့သြလွန်းသဖြင့် သူမ၏ မျက်နှာဖုံးပဝါကိုပင် လျောကျလုနီးနီး ဖြစ်သွားသည်။

“ဂျူနီယာမောင်လေးမို… ရှင်ပြောတာက ရှင့်မှာ နတ်ဘုရားဘုရင်တွေ နိဗ္ဗာန်မြစ်ထဲဝင်ဖို့ နေရာလွတ်တွေ ရှိနေတယ်ပေါ့ ဟုတ်လား”

သူမ၏အသံ တုန်ယင်နေပုံကို ကြည့်ခြင်းအားဖြင့် နေရာလွတ်မှာ သူမအတွက် မည်မျှအရေးကြီးကြောင်း မြင်နိုင်ပေသည်။

***

All Chapters