← Chapters

ကြွယ်ဝချမ်းသာတဲ့ရန်ကျောက်ကဲ

Vol. 61 Ch. 854

ကြွယ်ဝချမ်းသာတဲ့ရန်ကျောက်ကဲ

Vol. 61 Ch. 854

အခန်း (၈၅၄) ကြွယ်ဝချမ်းသာတဲ့ရန်ကျောက်ကဲ

လက်ရှိ ဝိညာဉ်နယ်မြေတွင် ရန်တိက ဝါဒတောင်ဂိုဏ်းကို တည်ထောင်ခဲ့သော်လည်း ယခင် ကွမ်းမင်ဂိုဏ်းဌာနချုပ်တည်ရှိရာ နေလတောင်ထွတ်တွင် မဟုတ်ခဲ့ပေ။

ဝါဒတောင်က နေလတောင်ထွတ်၏မြောက်ဘက်တွင်ရှိသော ပင်လယ်ပြင်အထက်ရှိ ကောင်းကင်အက်ကွဲကြောင်းတည်ရှိရာနေရာ၌ တည်ရှိလေသည်။

ထိုနေရာတွင် တောင်ထွတ် (၈)ခု ရှိနေပြီး မိုးထိတောင်ထွတ်က အဓိကတောင်ထွတ်ဖြစ်သလို ရေစင်တောင်ထွတ်နှင့် လေပြင်းတောင်ထွတ်များလည်း ရှိသည်။

ကောင်းကင်အက်ကွဲကြောင်းကတော့ လောလောဆယ်တွင် စည်းတံဆိပ်ခတ်ထားပြီး ထိုနေရာက ရေစင်တောင်ထွတ်အောက်ဘက်နားတွင် ရှိလေသည်။

ယခု အစွန်းရောက်ရှစ်ပါးကမ္ဘာသည်လည်း အန္တရယ်ကင်းသောအနေအထားတွင် ရှိနေသည်။

အထက်ဘုံကမ္ဘာမှ ခြိမ်းခြောက်မှုများကိလည်းဖယ်ရှားပြီးပြီဖြစ်သလို မီးတောက်မိစ္ဆာကမ္ဘာ ၊ ငရဲကိုးထပ်တို့ကိုလည်း ယာယီစည်းတံဆိပ်ခတ်ချိတ်ပိတ်ပြီးပြီ ဖြစ်၏။

ထို့ကြောင့် ကြိုမမြင်နိုင်သော ထူးခြားအခြေအနေများဖြစ်ပေါ်ခြင်းမရှိပါဘက အစွန်းရောက်ရှစ်ပါးကမ္ဘာအတွက် ပြင်ပခြိမ်းခြောက်မှုများ ရှိမည်မဟုတ်ပေ။

အတွင်းပိုင်း ပြဿနာများကတော့ စိုးရိမ်စရာမရှိပေ။

ကွမ်းမင်ဂိုဏ်းနှင့် တာ့ရွှမ်တိုင်းပြည်၏ ‘ကိုယ်ကျိုးမဖက်အကူအညီ’ များကြောင့် အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ဝါဒတောင်အနေဖြင့် အဆင့်နိမ့် အထွတ်ထိပ်မှော်ဝင်ပစ္စည်း (၅)ခု ပိုင်ဆိုင်ထားသည်။

သိုင်းသူတော်စင်များမရှိလျှင်ပင် သိုင်းဆရာသခင်များချည်းသာ အခြေအနေတစ်ခုလုံးကို ကိုင်တွယ်ဖြေရှင်းရန် လုံလောက်သည်။

မျှော်လင့်မထားသည့် အခြေအနေများဖြစ်ပေါ်လာခဲ့လျှင်တောင်မှ ရန်ကျောက်ကဲ ၊ ယွမ်ကျန်းဖုန်းနှင့် ကောင်းကင်အက်ကွဲကြောင်းကို အနီးကပ်စောင့်ကြည့်နေသေသာ အခြားသူများက အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ဆင်းသက်ပြီး ရန်သူကို တိုက်ခိုက်နိုင်ပေမည်။

တစ်ဆက်တည်းပင် ယွမ်ကျန်းဖုန်းထံမှရရှိသော ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာနှင့် ရန်ကျောက်ကဲထံမှရရှိသော ယင်ယန်ကောင်းကင်ကျမ်းစာတို့က ဝါဒတောင်၏သိုင်းပညာအမွေအနှစ်ဖြစ်လာသဖြင့် ပိုပြီး အဆင့်အတန်း မြင့်မား‌သော သိုင်းပညာကို မလွဲမသွေပိုင်ဆိုင်ခဲ့သည်ပင်။

ထို့ကြောင့် ဝါဒတောင်မှ ကျန်းခွန်နှင့် ဟယ်နင်ကဲ့သို့သော ကျင့်ကြံသူအများအပြားအနေဖြင့် ပိုမိုတိုးတက်ရန်အခွင့်အရေး ရှိလာကြ၏။

သူတို့၏အလားအလာက နှေးကွေးခြောက်သွေ့နေပြီဖြစ်ကာ သူတို့၏ကံကြမ္မာသည်လည်း ရန်တိ ၊ ယွမ်ကျန်းဖုန်းနှင့် ဖန်ကျွင်းတို့လိုမြင့်မားလာနိုင်မည် မဟုတ်ပေ။

သို့သော် သူတို့အတွက် ကောင်းကင်ဘုံသို့တက်ရသည့်အလားခက်ခဲနေသည့် ကာလရှည်ကြာနှောက်ယှက်နေသော ကျင့်ကြံခြင်းတစ်ဆို့မှုများကိုကျော်ဖြတ်နိုင်ခဲ့ပြီး အလွန်တရာတိုးတက်လာကာ ၊ ယခုတော့ သူတို့၏မျှော်လင့်ချက်များ ပြန်လည်ရှင်သန်လာပြီ ဖြစ်သည်။

ဝါဒတောင်၏အကြီးတန်းမျိုးဆက်များသာမက လူငယ်မျိုးဆက်များအားလုံးအတွက်လည်း ကျင့်ကြံခြင်းအဆင့် လျှင်မြန်စွာ မြင့်မားလာကြသည်။

သိုင်းပညာအမွေအနှစ်များ ၊ စုဆောင်းထားသည့် ရင်းမြစ်ပစ္စည်းများကြောင့် ထူးချွန်ထက်မြက်သောပါရမီရှင်များစွာ ဝါဒတောင်သို့ရောက်ရှိလာကြလေရာ ဂိုဏ်း၏အခြေခံအုတ်မြစ်က ပိုမိုခိုင်မာလာခဲ့သည်။ အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ဝါဒတောင်က အလုံးစုံအားသာချက်များဖြင့် မရပ်မနားကြီးထွားလာသည်။

အချိန်ကြာလာသည်နှင့်အမျှ မိုးမြေတစ်ခွင်ပြောင်းလဲစေမည့် ကြီးမားသော မတော်တဆမှုမျိုးမရှိပါက ဝါဒတောင်၏အားသာချက်က ပိုမိုမြင့်မားလာမည် ဖြစ်၏။

ထိပ်တန်းအဆင့်တန်ခိုးစွမ်းအားရှင်များ အထက်ဘုံကမ္ဘာသို့ တစ်ယောက်ပြီးတစ်ယောက်တက်သွားကြချိန် ကွက်လပ်ဖြည့်ရန်အတွက် မျိုးဆက်သစ်လူငယ်များရှိလာမည် ဖြစ်သည်။

ဤသည်မှာ အောက်ဘုံကမ္ဘာတစ်ခုမှ ခေါင်းဆောင်နိုင်မှုကိုသိမ်းပိုက်ပြီးသည့်နောက် ဝါဒတောင်၏ ပုံမှန်ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းတစ်ခု ဖြစ်သည်။

ဝါဒတောင်အနေဖြင့် အဆုံးမဲ့တောင်တန်း ၊ ကျောက်စိမ်းပင်လယ်မြို့တော်နှင့် အခြားသောအင်အားစုများကို ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်ခြင်းမရှိသော်လည်း အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် သူတို့၏အောင်မြင်မှုက အခြားသူများထက် အထွတ်ထိပ်အဆင့်တွင် ရပ်တည်နေပေတော့မည်။

ဝါဒတောင်ဂိုဏ်းသားအားလုံး ပုံမှန်အတိုင်း ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အားသာချက်သည်လည်း ပိုမိုထင်ရှားလာပေမည်။

ယန်ဖူကမ္ဘာမှ ချုန်းယန်နေမင်းဂိုဏ်းကဲ့သို့ပင် ဖြစ်သည်။

တာ့ရွှယ်တောင် သို့မဟုတ် မျှော်စင်ရေလှိုင်းခန်းမတို့အနေဖြင့် ပိုင်ကျစ်မင်အထက်ဘုံကမ္ဘာသို့တက်သွားသည့်တိုင် ယန်ဖူကမ္ဘာမှ ချုန်းယန်နေမင်းဂိုဏ်း၏အနေအထားကို ကိုင်လှုပ်ရဲခြင်း မရှိကြပေ။

ရန်ကျောက်ကဲပြီးလျှင် ရန်တိနှင့် ဖန်ကျွင်းတို့က အထက်ဘုံကမ္ဘာမှ ဝါဒတောင်၏အခြေအနေကို တည်ငြိမ်စေသူများ ဖြစ်ကြသည်။

ထို့ပြင် ယခု ယွမ်ကျန်းဖုန်းသည်လည်း အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် နောက်ထပ်နေထိုင်နိုင်တော့မည် မဟုတ်ပေ။

ကောင်းကင်အက်ကွဲကြောင်း ပွင့်သွားပြီးနောက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ၏ကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်ကာ အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ဆင်းသက်သွားသည်။

(၃)ရက်အကြာမှာတော့ ကောင်းကင်အက်ကွဲကြောင်းက ပြင်းထန်စွာ တုန်လှုပ်သွားသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားပြန်လာသည်သာမက ကောင်းကင်အက်ကွဲကြောင်းကိုဖြတ်ကျော်ပြီး အရှိန်အဟုန်ဖြင့် အထက်ဘုံကမ္ဘာသို့တက်လာသူတစ်ယောက် ရှိနေသည်။

ထိုသူက ပိန်ပိန်ပါးပါးပုံရိပ်ကိုပိုင်ဆိုင်သော်လည်း အဆုံးမရှိသောတန်ခိုးစွမ်းအားကို ပိုင်ဆိုင်ဟန်ပင်။

ယခုတော့ အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် အရာအားလုံးအခြေကျသွားပြီဖြစ်လေရာ ယွမ်ကျန်းဖုန်းက ထိန်းချုပ်ထားခြင်းမရှိတော့ဘဲ အထက်ဘုံကမ္ဘာသို့ တက်လာပြီ ဖြစ်သည်။

“ဆရာဘိုးဘိုး...”

“ဆရာ...”

အထက်ဘုံကမ္ဘာ ၊ ဝါဒတောင်၏ ရေစင်တောင်ထွတ်အောက်ဘက်တွင် ရန်ကျောက်ကဲ ၊ ဖန်ကျွင်း ၊ ဖူအန်းစုနှင့် အခြားသူများအားလုံး ပြုံးနေကြသည်။

ယွမ်ကျန်းဖုန်းက ရေစင်တောင်ထွတ်ဆီသို့ ပျံသန်းထွက်ခွာသွားပြီး သူ့အရှေ့မှ ထူးခြားသည့်ကောင်းကင်ကိုကြည့်ရင်း ရေရွတ်လိုက်သည်။

“ဒါက ကမ္ဘာများစွာအလွန်က အထက်ဘုံကမ္ဘာလား ၊ တကယ့်ကိုထူးခြားတာပဲ”

ရန်ကျောက်ကဲက ရယ်မောရင်း...

“ဆရာဘိုးဘိုး... ကျွန်တော့်ရဲ့ကိုယ်ပွား အောက်ဘုံကမ္ဘာကိုဆင်းပြီး ပြောပြခဲ့တဲ့ဆေးလုံးက အဆုံးမဲ့အသက်လှည့်ပတ်ဆေးလုံးပါ ၊ ဆရာဘိုးဘိုးအတွက် ဟိုးအရင်ကတည်းက ပြင်ဆင်ပေးထားတာပါ”

အဆုံးမဲ့အသက်လှည့်ပတ်ဆေးလုံးက ရန်ကျောက်ကဲ ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုထဲမှ ရှာဖွေတွေ့ရှိသည့် နတ်ဆေးလုံး ဖြစ်သည်။

ရုပ်ခန္ဓာပြန်လည်ပြုပြင်ခြင်းနည်းလမ်းတွင် အလွန်အံ့သြဖွယ်ရာ အကျိုးသက်ရောက်မှုရှိသည်။

ယွမ်ကျန်းဖုန်းက ယခုအချိန်ထိ သူ၏ပြတ်သွားသောလက်တစ်ဖက်ကို အသစ်ပြန်လည်ပြုလုပ်ခြင်း မရှိသေးပေ။

သူက မလုပ်နိုင်သောကြောင့်မဟုတ်ပေ။ ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာကိုလေ့လာပြီးနောက် သူ့တွင် ထူးခြားသည့် စိတ်ကူးအကြံဉာဏ်အချို့ ရှိလေသည်။

ထိုအကြံအစည်ကိုလက်တွေ့အကောင်အထည်ဖော်ရန် နှစ်များတစ်လျှောက် တဖြည်းဖြည်းပြင်ဆင်ခဲ့သလို အထူးကြိုတင်ပြင်ဆင်မှုအချို့လည်းပြုလုပ်ခဲ့သည်။

ယွမ်ကျန်းဖုန်း၏အစီအစဉ်များ ရာနှုန်းပြည့်အောင်မြင်စေရန်အတွက် ရန်ကျောက်ကဲက အဆုံးမဲ့အသက်လှည့်ပတ်ဆေးလုံးကို ပေးအပ်ခဲ့ခြင်း ဖြစ်၏။

ယွမ်ကျန်းဖုန်းက နွေးထွေးစွာဖြင့်...

“မင်းရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်”

ဖန်ကျွင်းက...

“ကျောက်ကဲက ဒီတစ်ခါတော့ တကယ့်အကျိုးအမြတ်တွေအများကြီးနဲ့ ပြန်လာခဲ့တာပဲ ၊ ဒဏ္ဍာရီထဲမှာသာကြားဖူးတဲ့ ဒီနတ်ဘုရားဆေးလုံးတွေနဲ့ တခြားထိရောက်တဲ့ဆေးတွေကို တွေ့မြင်ရတာ တကယ့်ကိုမျက်စိပွင့်စေတဲ့အတွေ့အကြုံတစ်ခုပဲ”

ဖူအန်းစုကလည်း ဖန်ကျွင်းကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

အထက်ဘုံကမ္ဘာသို့ရောက်ရှိလာပြီးနောက် ဖူအန်းစုသည်လည်း ကျင့်ကြံခြင်းအဆင့်များစွာမြင့်တက်လာပြီး သိုင်းဆရာသခင် ၊ ဒဿမအဆင့်ဖြစ်သော သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့်သို့ ရောက်ရှိလာခဲ့သည်။

ရတနာပစ္စည်းများ များပြားလာပြီး ကျင့်ကြံခြင်းရင်းမြစ်များပေါများလာသည့်အခါ အထက်ဘုံကမ္ဘာ၏ သာလွန်ကောင်းမွန်သောပတ်ဝန်းကျင်နှင့် ပေါင်းစပ်ကျင့်ကြံလိုက်ရာ အကျိုးအမြတ်ပိုမိုများပြားစွာရရှိခဲ့သည်။

ယွမ်ကျန်းဖုန်းကပြုံးရင်း...

“ကျောက်ကဲ... အရေအတွက်ရော အရေအသွေးရောဆိုရင် မင်းရဲ့လက်ရှိကြွယ်ဝချမ်းသာမှုက ထိပ်တန်းအရှင်သခင်တွေထက်တောင်သာလွန်နေလောက်ပြီ မဟုတ်လား”

ရန်ကျောက်ကဲက ပျော်ရွှင်စွာ ရယ်မောရင်း...

“ဒါက ပြောရခက်တယ် ၊ ပြောရခက်တယ်...”

အားလုံးက ရန်ကျောက်ကဲကို လက်ညှိုးဝိုင်းထိုးလိုက်ကြပြီး မည်သည့်စကားမှမဆိုဘဲ ရယ်မောလိုက်ကြသည်။

ထိုအချိန် ဘေးဘက်တွင်ရှိသော ရေကန်တောင်ထွတ်မှ ဝိညာဉ်အလင်းတန်းများ ဖြာလင်းထွက်ပေါ်လာသည်ကို တွေ့လိုက်ကြရသည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲနှင့်အခြားသူများ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြသည်။

ထိုအလင်းရောင်ကိုမြင်တော့ ယွမ်ကျန်းဖုန်း ရုတ်တရက် သဘောပေါက်သွားသည်။

“ရန်တိလား...”

ထို့နောက်မှာတော့ အသက် (၃၀) ကျော်ဝန်းကျင်ခန့် ချောမောလှပသောမျက်နှာနှင့် ၊ နှင်းခဲပမာဖြူစင်သောမျက်ခုံးမွှေးများပိုင်ဆိုင်သော လူငယ်တစ်ယောက် အားလုံးရှေ့သို့ ရောက်ရှိလာသည်။

အခြားသူမဟုတ် ၊ ရန်တိပင် ဖြစ်၏။

သူက သိုင်းသူတော်စင် ပဉ္စမအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း အလယ်ဆင့်တွင်သာရှိနေဆဲဖြစ်သော်လည်း သူ၏မျက်ဝန်းများထဲတွင် အလင်းရောင်များတောက်ပနေပြီး နောက်တစ်ဆင့်သို့ အချိန်မရွေးတက်ရောက်သွားနိုင်ကြောင်း လူတိုင်းခံစားရစေသည်။

ယွမ်ကျန်းဖုန်းကိုတွေ့တော့ ရန်တိက ချက်ချင်းပင် ဦးညွှတ်ဂါရဝပြုလိုက်သည်။

“ဆရာ... ပင်ပန်းသွားရပြီ”

ယွမ်ကျန်းဖုန်းက...

“မင်း အထက်ဘုံကမ္ဘာကိုတက်သွားတာမကြာသေးဘူးပဲ ၊ ဒါပေမဲ့ အထက်ဘုံကမ္ဘာက အချိန်စီးဆင်းမှုက သမုဒ္ဒရာကမ္ဘာထက်နှေးပေမယ့် အစွန်းရောက်ရှစ်ပါးကမ္ဘာထက်တော့မြန်တယ် ၊ မင်းဒီမှာ ကုန်ဆုံးခဲ့တဲ့အချိန်တွေက အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ တစ်နှစ်ခွဲလောက်ပဲ ရှိသေးတယ်”

နှုတ်ဆက်စကားဖလှယ်ရင်း ကောင်းကင်အက်ကွဲကြောင်းကို ပြန်လည်စည်းတံဆိပ်ပိတ်ပြီးနောက် သူတို့အားလုံး အခြေတကျရှိရန် မိုးထိတောင်သို့ ပြန်ခဲ့ကြသည်။

ထိုအချိန်အတောအတွင်း ရန်ကျောက်ကဲက သူသိခဲ့သမျှအရာအားလုံးကို အခြေခံအားဖြင့် ပြန်ပြောပြသည်။

“ဒါဖြင့် ဗုဒ္ဓဘာသာလည်း တည်ရှိနေသေးတာပေါ့...”

ဝါဒ‌တောင်မှလူတိုင်း ဤကိစ္စကို စဉ်းစားလိုက်ကြပြီး ရန်ကျောက်ကဲ ပြောသမျှသတင်းများကို နားလည်စေရန် အပြန်ပြန်အလှန်လှန် စဉ်းစားလိုက်ကြသည်။

အားလုံးထွက်ခွာသွားတော့ ရန်ကျောက်ကဲနှင့် ရန်တိတို့သာလျှင် ကျန်ရစ်တော့၏။

ရန်ကျောက်ကဲက ရွှယ်ချူးချင်နှင့်ပတ်သက်ပြီးသိခဲ့ရသမျှကို ရန်တိအား အသေးစိတ်ပြောပြလိုက်သည်။

ရန်တိက စကားဖြတ်မပြောဘဲ သေသေချာချာ ဂရုတစိုက်နားထောင်သည်။

ရန်ကျောက်ကဲစကားကို တိတ်တဆိတ် နားထောင်ပြီးနောက် ရန်တိက ဖြည်းညှင်းစွာ ပြောသည်။

“ဆိုတော့... မင်းအမေကို မျက်စိစုံမှိတ်ပြီးလိုက်ရှာဖို့ ငါတို့အတွက် မသင့်တော်ဘူပေါ့ ၊ မဟုတ်ရင် ငါတို့ကြောင့် သူ ဘေးအန္တရယ်ကျရောက်နိုင်တယ် မဟုတ်လား ၊ သူ လှုပ်ရှားရတာလွယ်ကူဖို့ ငါတို့က သူနဲ့ဆက်ဆံရေးကို တတ်နိုင်သမျှ ဖုံးကွယ်ထားသင့်တယ်”

ရန်ကျောက်ကဲက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာအကြောင်းထည့်မပြောဘဲ သွယ်ဝိုင်စွာပင် ပြောလိုက်သည်။

“လျှို့ဝှက်ပြီးရှာဖွေစုံစမ်းတာကတော့ အဆင်ပြေမယ်ထင်တယ်”

ရန်တိက မည်သည့်စကားမှမဆိုဘဲ အဝေးတစ်နေရာသို့ ငေးကြည့်နေသည်။

ခဏကြာမှ သူက ရုတ်တရက် မေးလိုက်၏။

“အရှေ့တောင်ထိပ်တန်းအရှင်သခင်ပြောသလိုဆိုရင် အနည်းဆုံးသူနဲ့အဆင့်တူတဲ့အချိန်ကျရင် အခြေအနေတစ်ခုလုံးရဲ့အမှန်တရားကို သိနိုင်မယ်မဟုတ်လား”

ရန်ကျောက်ကဲက...

“အရှေ့တောင် ထိပ်တန်းအရှင်သခင်ကတော့ အဲဒီလိုပြောလိုက်တာအမှန်ပဲ”

ရန်တိက ခေါင်းညိတ်လိုက်ပြီးနောက် စကားလမ်းကြောင်းပြောင်းလိုက်သည်။

“ချူးချင်ရဲ့ကိစ္စက တူမလေးစစ်ခုန်ရယ်... သူနဲ့ဆင်တူတဲ့အခြားသူတွေရယ်နဲ့ ဆက်စပ်နေတယ်လို့ မင်းထင်သလား”

All Chapters