ထာဝရကမ္ဘာငယ်မှ သဘာဝအမြုတေများကို ပြန်ထုတ်ယူခြင်း
Vol. 72 Ch. 1002
“ဟုတ်ပါတယ်”
မိုဝူကျိသည် ထိုအချက်ကို ချီခွန်းနှင့်ယွီလော့တို့ဆီမှ ဖုံးကွယ်ထားရန် မရည်ရွယ်ပေ။ အကယ်၍ နိဗ္ဗာန်တာအိုမြို့ထဲတွင် နိဗ္ဗာန်မြစ် နေရာလွတ်များကို လေလံတင်မည်ဆိုပါက ချီခွန်းနှင့်ယွီလော့တို့သည် နောက်ဆုံးတွင် ထိုအကြောင်းကို သိသွားမည်သာ ဖြစ်သည်။
ယွီလော့နှင့်ချီခွန်းတို့၏ တုံ့ပြန်မှုများမှာ မိုဝူကျိ ခန့်မှန်းထားသည့်အတိုင်း ဖြစ်သည်။ အကယ်၍ မိုးကောင်းကင် နတ်ဘုရားဂိုဏ်းက နေရာလွတ်ကို မလိုချင်ပါက သူတို့သည် ကျောင်းတော်၏ စစ်ဆေးဆုံးဖြတ်မှုအပေါ် ထိုမျှလောက် အလေးထားနေမည် မဟုတ်ပေ။
“ဂျူနီယာမောင်လေးမို… ကျွန်မ ဒီလိုစကားမျိုး မပြောသင့်မှန်း သိပါတယ်… ဒါပေမဲ့လေ နိဗ္ဗာန်မြစ်ထဲ ဝင်ဖို့အတွက် နေရာလွတ်တစ်ခု ကျွန်မ အရမ်းကို လိုချင်နေလို့ပါ။ ဒီနေရာလွတ်က ကျွန်မအတွက် မဟုတ်ပါဘူး။ ကျွန်မရဲ့ အဘိုးရဲ့အဖေ အတွက်ပါ”
ထိုသို့ပြောနေရင်းဖြင့် ယွီလော့က မိုဝူကျိဘက်သို့ ဦးညွှတ်လိုက်၏။ သူမက ဆက်ပြောလိုက်သည်။
“လွန်ခဲ့တဲ့နှစ်တွေတုန်းက ကျွန်မရဲ့ယွီမျိုးနွယ်က ဘေးအန္တရာယ်ကြီးတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ကျွန်မအမေကို ကယ်ဖို့အတွက် အဘိုးရဲ့အဖေက သူ့တာအိုအုတ်မြစ်ကို အထိခိုက်ခံခဲ့ရတယ်။ နိဗ္ဗာန်မြစ်က သဟဇာတနတ်ဘုရားအဆင့်ကို တက်လှမ်းဖို့ အသိဉာဏ်ပွင့်မှုတွေကို ရရှိစေရုံတင်မကဘဲ ပျက်စီးနေတဲ့ တာအိုအုတ်မြစ်တွေကိုပါ ပြန်လည် ကောင်းမွန်လာနိုင်စေတယ်…”
သူမ ပြောလို့မပြီးသေးခင်ပင် ယွီလော့က သိုလှောင်လက်စွပ်တစ်ကွင်းကို အမြန်ထုတ်ယူကာ မိုဝူကျိဆီ ပေးလိုက်သည်။
“ဂျူနီယာမောင်လေးမို… ကျွန်မမှာ အဖိုးတန်ဆုံးပစ္စည်းဆိုလို့ ဟောဒီ ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြောပဲ ရှိတယ်။ ဒါက ကျွန်မအတွက် အဘိုးရဲ့အဖေ ချန်ထားခဲ့တဲ့ဟာပါ။ ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြောတစ်ခုက နေရာလွတ်တစ်ခုနဲ့ နှိုင်းယှဉ်လို့ မရမှန်း သိပါတယ်။ ဒါပေမဲ့ ကျွန်မမှာ ဒီ့ထက်ပိုပြီး တန်ဖိုးရှိတာ ဘာမှမရှိလို့ပါ”
မိုဝူကျိက သိုလှောင်လက်စွပ်ကို လက်ခံယူလိုက်သည်။ ထို့နောက် သူက ယွီလော့ဆီ ကျောက်စိမ်း တံဆိပ်ပြားတစ်ခုကို ကမ်းပေးလိုက်ကာ ပြောလိုက်သည်။
“စီနီယာအစ်မယွီ… အစ်မဆီကနေ ကျုပ် ဘာမှယူဖို့ စိတ်ကူးမရှိပါဘူး။ ဒါပေမဲ့ ကျုပ်ရဲ့သေမျိုးနယ်မြေမှာ ဘာနတ်ဝိညာဉ်စွမ်းအားမှ မရှိဘူး ဖြစ်နေတယ်။ ဒါကြောင့် ကျုပ် အဲ့ဒီမှာ စိုက်ဖို့ နတ်ဝိညာဉ်သွေးကြောတချို့ လိုအပ်နေလို့ပါ။ မဟုတ်ရင် ကျုပ်ရဲ့သေမျိုးနယ်မြေက သဲကန္တာရနဲ့ ဘာမှမခြားတော့ဘူးဗျ”
ချီခွန်းက မိုဝူကျိဆီတွင် နိဗ္ဗာန်မြစ် နေရာလွတ်များ ရှိသည်ဟု ကြားသောအခါ သူကလည်း မိုဝူကျိဆီမှ တစ်ခုလောက် တောင်းချင်ခဲ့သည်။ သို့သော် ယွီလော့ မေးလိုက်ပြီးသည့်နောက်တွင် သူက ငြိမ်ကျသွားသည်။
မိုးကောင်းကင်နတ်ဘုရားဂိုဏ်းသည် ကျောက်စိမ်းတံဆိပ်ပြားကို လိုအပ်သည်မှာ မှန်သည်။ သို့သော် သူ့မိုးကောင်းကင် နတ်ဘုရားဂိုဏ်းနှင့် မိုဝူကျိတို့ကြားတွင် ပဋိပက္ခရှိခဲ့ဖူးသည်။ ထို့အပြင် ထိုပဋိပက္ခမှာ သေးသေးကွေးကွေးလည်း မဟုတ်ပေ။ ဝမ်းသာစရာတစ်ခုမှာ ထိုပဋိပက္ခသည် တကယ့် ရန်ငြိုးအစစ်အထိ မကြီးထွားသေးသည့် အချက်ပင် ဖြစ်သည်။
သို့သော် ချီခွန်းသည် မိုဝူကျိဆီမှ နောက်ထပ် ကျောက်စိမ်းတံဆိပ်ပြားတစ်ခု တကယ့်ကို မတောင်းဆိုနိုင်ပေ။
“ဝူကျိ… ကျန်တဲ့ ကျောက်စိမ်းတံဆိပ်ပြား နှစ်ခုကို လေလံတင် ရောင်းတော့မလို့လား”
ချီခွန်းက ခဏတွေဝေနေပြီးမှ မေးလိုက်သည်။
မိုဝူကျိက ခေါင်းငြိမ့်ကာ
“ဟုတ်တယ်ဗျ။ တကယ်လို့ အစ်ကိုချီက အစ်ကို့အတွက် လိုနေတယ်ဆိုရင် ကျုပ်က အစ်ကို့ကို ပေးဖို့ တွေဝေနေမှာ မဟုတ်ဘူး။ တစ်ခုပဲ… ဒီကျောက်စိမ်းတံဆိပ်ပြားက ကျုပ်တစ်ယောက်တည်း ပိုင်တာ မဟုတ်ဘဲ သေမျိုးနယ်မြေက ကျုပ်ရဲ့ဂျူနီယာညီလေးလည်း ပိုင်နေတယ်ဗျ။ တကယ်လို့ အစ်ကိုချီက ကျောက်စိမ်းတံဆိပ်ပြားကို မိုးကောင်းကင် နတ်ဘုရားဂိုဏ်းဆီ ပေးဖို့ စိတ်ကူးထားတယ်ဆိုရင်တော့ ကျုပ်လည်း ခင်ဗျားကို ကူညီဖို့ တကယ်ပဲ မတတ်နိုင်ပါဘူး”
ညှာတာ ထောက်ထားနေစရာ မလိုပေ။
ချီခွန်းမှာ သူ့မိတ်ဆွေ ဖြစ်သော်လည်း မိုးကောင်းကင်နတ်ဘုရားဂိုဏ်းမှာကား မိတ်ဆွေဖြစ်ရန် အဝေးကြီးလိုသေးသည်။ အကယ်၍ သူသာ သတိကြီးကြီး မထားခဲ့ပါက စစ်ဆေးဆုံးဖြတ်မှုထဲတွင် ပါဝင်နိုင်လောက်မည် မဟုတ်ပေ။ ထိုအစား အဖမ်းခံရပြီး မိုးကောင်းကင်နတ်ဘုရားဂိုဏ်းဆီသို့ ဆွဲအခေါ်ခံသွားရလောက်လေပြီ။ အကယ်၍ သူသည် မိုးကောင်းကင် နတ်ဘုရားဂိုဏ်း၏ အဖမ်းကို တကယ်ခံခဲ့ရပါက အကျိုးဆက်မှာ မတွေးရဲစရာပင်။
“ဒါဆို ကျွန်တော့်ဂိုဏ်းကလူတွေကို လေလံပွဲမှာ ပါဝင်ဖို့ ဖိတ်လိုက်မယ်။ အဲ့လိုဆိုရင်ကော…”
ချီခွန်းက မေးလိုက်သည်။
မိုဝူကျိက အသာရယ်ကာ
“ဒါပေါ့ အဲ့လိုက ရပါတယ်။ ကျုပ်အတွက်တော့ ပါဝင်သူများလေလေ ပိုကောင်းလေလေပဲ”
ကျောက်စိမ်း တံဆိပ်ပြား ရရှိလိုက်သဖြင့် အင်မတန် စိတ်လှုပ်ရှားမိသွားသော ယွီလော့မှာလည်း စိတ်ပြန်တည်ငြိမ်သွားပြီ ဖြစ်သည်။ သူမက ကျောက်စိမ်းတံဆိပ်ပြားကို သိမ်းကာ ပြောလိုက်သည်။
“ဂျူနီယာမောင်လေးမို… ရှင် သေမျိုးနယ်မြေထဲမှာ ဝိညာဉ်သွေးကြောတွေ စိုက်ဖို့လိုတယ်လို့ ပြောတာ ကျွန်မကြားလိုက်သလားလို့။ အဲ့ဒါက ကျင့်ကြံဖို့ နတ်ဝိညာဉ်စွမ်းအားတွေ တိုးလာအောင်လား”
မိုဝူကျိက ဖြေလိုက်သည်။
“ဟုတ်တယ်။ ဘာလို့လဲဆိုတော့ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ရဲ့ စည်းကမ်းချက်တွေနဲ့ အကန့်သတ်ခံထားရလို့ပါ။ အခုလောလောဆယ် သေမျိုးနယ်မြေမှာ နတ်ဝိညာဉ်စွမ်းအား လုံးဝမရှိဘူး။ ကျုပ်တို့ ကျင့်ကြံလို့ မရဘူး ဖြစ်နေတယ်ဗျာ”
ယွီၤလောက ခေါင်းယမ်းကာ ပြောလိုက်သည်။
“ဂျူနီယာမောင်လေးမို… ရှင်တော့ အလိမ်ခံလိုက်ရပြီရှင့်။ တကယ်လို့ ကျွန်မသာ မမှားဘူးဆိုရင် ရှင့်ကို သေမျိုးနယ်မြေမှာ ကျင့်ကြံဖို့ ရှင့်ကိုယ်ပိုင် နတ်ဝိညာဉ်သွေးကြောတွေ စိုက်ဖို့လိုတယ်လို့ ပြောတဲ့သူက စည်းကမ်းထိန်း တစ်ယောက်ပဲ ဖြစ်ရမယ်”
“အဲ့ဒါ ဟုတ်တယ်”
မိုဝူကျိက နားမလည်စွာ ခေါင်းငြိမ့်လိုက်၏။
ယွီလော့ကို သက်ပြင်းချကာ
“အဲ့နည်းက နတ်ဝိညာဉ်စွမ်းအားတွေ တိုးလာစေမှာတော့ မှန်ပါရဲ့။ ဒါပေမဲ့ တစ်နှစ်မရှိခင် ရှင်တို့ရဲ့ နတ်ဝိညာဉ်သွေးကြောတွေ ကုန်ခန်းသွားလိမ့်မယ်လို့ ကျွန်မ သေချာပြောရဲတယ်။ ရှင်တို့ နတ်ဝိညာဉ်သွေးကြောတွေ ဘယ်လောက်များများ စိုက်ထားပါစေ ရလဒ်ကတော့ အတူတူပဲ ဖြစ်နေမှာ။
ဘာဖြစ်လို့လဲဆိုတော့ ရှင်တို့ရဲ့ နတ်ဝိညာဉ်စွမ်းအားတွေကို ဘေးနားက ဝိညာဉ်စွမ်းအားစုစည်းရေး အစီအရင်တွေက အကုန်စုပ်ယူသွားမှာမလို့ပဲ။ ရှင် အဲ့ဒါကို ရပ်ပစ်ဖို့ နည်းလမ်းလည်း လုံးဝမရှိဘူး။
အရင်တုန်းက လူတစ်ယောက်ကလည်း ရှင့်လို အကြံ ရှိခဲ့ဖူးတယ်။ သေမျိုးနယ်မြေထဲ သူဝင်ပြီးတဲ့နောက် သူက နတ်ဝိညာဉ်သွေးကြောတွေ ပမာဏအများကြီးကို စတင် စုဆောင်းတော့တာပဲ။ နောက်တော့ သူက ကျင့်ကြံဖို့အတွက် ကျောင်းတော်ထဲကို လူတွေ ခေါ်သွားတယ်။ ဒါပေမဲ့ အဲ့ဒီလူက တစ်နှစ်တောင် မခံလိုက်ဘူး။ အကြောင်းကတော့ တစ်နှစ်ကြာတဲ့အခါမှာ နတ်ဝိညာဉ်သွေးကြောတွေရဲ့ စွမ်းအားတွေကို ကျောင်းတော်ရဲ့ ဝိညာဉ်စုစည်းရေးအစီအရင်က အကုန်စုပ်ယူသွားလို့ သူတို့တွေ ကုန်ခမ်းကုန်တာကြောင့်ပဲ”
“ဘယ်လိုဖြစ်ပြီး အဲ့ဒီလိုကိစ္စမျိုး ရှိနေရတာလဲ”
မိုဝူကျိက အနည်းငယ် ဆွံ့အသွားသည်။ အကယ်၍ ထိုသို့ ကိစ္စမျိုး ရှိခဲ့ပါက သူ မည်ကဲ့သို့ ချီပင်းတို့တွေကို ကျောင်းတော်ထဲသို့ ကျင့်ကြံရန် ခေါ်ဆောင်သွားရမည်နည်း။
ယွီလော့က ဆက်ပြောလိုက်သည်။
“တကယ်တော့ သေမျိုးနယ်မြေက သဘာဝဓာတ် ပျယ်မြေလည်း ဖြစ်နေသေးတယ်။ ရှင်က ဝိညာဉ်စွမ်းအားစုစည်းရေး အစီအရင် ခင်းကျင်းထားတယ်ဆိုရင်တောင်မှ ရှင် စုစည်းလိုက်တဲ့ ဝိညာဉ်စွမ်းအားတွေကို ကျင့်ကြံတဲ့နေရာမှာ သုံးလို့ ရမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဝိညာဉ်စွမ်းအားထဲမှာ မိုးမြေစည်းမျဉ်းတစ်ခု လိုအပ်နေလို့ပဲ။ ဒါပေါ့… ဒီလို မဖြစ်တဲ့လူတွေတော့ ရှိတယ်… အဲ့ဒါကတော့ အင်မော်တယ် မော်တယ်ကျင့်စဉ်ကို ကျင့်ကြံတဲ့သူတွေပေါ့။ သေမျိုးနယ်မြေက ကျောင်းတော်ထဲမှာ မြေနေရာ အကျယ်ကြီး ပိုင်ဆိုင်ထားတာ ဘာဖြစ်လို့လဲ ရှင်သိလား။ အဲ့ဒီမြေနေရာတွေက သဘာဝဓာတ် ပျယ်မြေတွေ ဖြစ်နေလို့ပဲ။
အဲ့ဒီတုန်းက စိုက်ပျိုးရေးဧကရာဇ်က သေမျိုးနယ်မြေကို ပိတ်လိုက်ပြီးတဲ့နောက်မှာ သူက ဝိညာဉ်စွမ်းအားစုစည်းရေး အစီအရင် မခင်းကျင်းဘူး။ ဒါပေမဲ့ သူ ကျင့်ကြံတဲ့အခါတိုင်း သူက နတ်ဝိညာဉ်စွမ်းအား အများကြီးကို စုပ်ယူနိုင်တုန်းပဲ။ ဒီအချက်ကြောင့်မို့လို့ပဲ ကျောင်းတော်ထဲမှာ စိုက်ပျိုးရေးဧကရာဇ်က တခြားသူတွေနဲ့ ဘာအနှောင်အဖွဲ့မှ မရှိတာပဲ”
မိုဝူကျိက ငြိမ်ကျသွားသည်။ အကယ်၍ စိုက်ပျိုးရေးဧကရာဇ်သည် သေမျိုးနယ်မြေထဲတွင် ကျင့်ကြံနိုင်သည်ဆိုပါက သူလည်းပဲ ကျင့်ကြံနိုင်မှာ သေချာသည်။ သို့သော် ချီပင်းနှင့် ချီချွမ်တို့အတွက်မူ မဖြစ်နိုင်ချေ။
မိုဝူကျိ ငြိမ်ကျသွားသည်ကို မြင်သောအခါ ယွီလောက ဆက်ပြောလိုက်သည်။
“တဖြည်းဖြည်းနဲ့ သေမျိုးနယ်မြေမှာ တပည့်တွေ များလာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ဘေးနားက အင်အားစုတွေက သူတို့ရဲ့နတ်ဝိညာဉ်စွမ်းအားတွေ သေမျိုးနယ်မြေထဲကို စီးဝင်သွားတာကို တားဆီးဖို့အတွက် ကာကွယ်ရေး အစီအရင်တွေ ခင်းကျင်းလိုက်ကြတယ်။
စိုက်ပျိုးရေးဧကရာဇ်က အစီအရင်တာအိုမှာ အရမ်းကို ထူးချွန်အောင်မြင်ခဲ့တယ်။ ပြောကြတာတော့ သူက အဆင့် ၆ နတ်ဘုရားအစီအရင်ဘုရင် ဖြစ်ပြီး အဆင့် ၇ တစ်ပိုင်း နတ်ဘုရားအစီအရင်ကိုတောင် ခင်းကျင်းနိုင်တယ်ဆိုပဲ။ သူက နည်းလမ်းတစ်ခုကို စဉ်းစားမိပြီး အကန့်အသတ်မဲ့ သဘာဝဓာတ်ကိုးမျိုး နတ်ဘုရားအစီအရင်တစ်ခုကို ခင်းကျင်းချင်ခဲ့တယ်။
တကယ်လို့ သူသာ အဲ့ဒီအစီအရင်ကို အောင်အောင်မြင်မြင် ခင်းကျင်းနိုင်ခဲ့မယ်ဆိုရင် သေမျိုးနယ်မြေမှာ နတ်ဝိညာဉ်စွမ်းအားတွေ ပေါများလာမယ့်အပြင် ဘယ်သူမဆို အကန့်အသတ်မရှိဘဲ ကျင့်ကြံနိုင်ပြီပေါ့။ ဒီနတ်ဘုရားအစီအရင်က ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော ၉ ခုကို အစီအရင်အုတ်မြစ်အဖြစ် လိုအပ်တယ်။ နောက်ဆုံးမှာတော့ စိုက်ပျိုးရေးဧကရာဇ်က ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြောတွေကို ရှာပုံတော် ထွက်နေရင်းမှာပဲ သေသွားခဲ့တယ်”
မိုဝူကျိက မရှင်းမလင်း ဖြစ်နေ၍ မေးလိုက်သည်။
“စိုက်ပျိုးရေးဧကရာဇ်လိုမျိုး ပညာရှင်တစ်ယောက်အတွက် ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော ၉ ခုကို ရဖို့ ဘာလို့ ခက်ခဲနေရတာလဲ”
ယွီလော့က မချိတင်ကဲ ပြုံးကာ
“စိုက်ပျိုးရေးဧကရာဇ် ရှာနေတဲ့ အဲ့ဒီထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော ၉ ခုက တကယ့် ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော စစ်စစ်တွေ။ ကျွန်မတို့ရဲ့ ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြောတွေကို ထိပ်တန်းအဆင့်တစ်ပိုင်း နတ်ဝိညာဉ်သွေးကြောလို့ပဲ သတ်မှတ်နိုင်တာရယ်။
တကယ်တော့ ထိပ်တန်းအဆင့် တစ်ပိုင်းတောင် မဟုတ်လောက်ဘူး။ အကြောင်းရင်းက နတ်ဘုရားကုန်းမြေအနှံ့က မိုးမြေစည်းမျဉ်းတွေက ပျက်စီးနေတာကြောင့်မို့ပါ။ တကယ့် ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော စစ်စစ်တွေက မရှိတော့ဘူး။ ကံကောင်းထောက်မလို့ ရှေးဦးပညာရှင်တွေ ချန်ထားခဲ့တဲ့ တစ်ခု နှစ်ခုလောက်တော့ ကျန်ရင် ကျန်နေနိုင်တယ်။ ကျွန်မ ရှင့်ကို စောစောကတင် ပေးလိုက်တဲ့ဟာက ထိပ်တန်းအဆင့် တစ်ပိုင်း နတ်ဝိညာဉ်သွေးကြောလို့ပဲ ယူဆလို့ရတယ် ”
မိုဝူကျိသည် ရုတ်တရုက် သူ့နှုတ်ခမ်းများ လှုပ်လာသည်ဟု ခံစားလိုက်ရသည်။ စောစောလေးကတင် သူသည် ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြောတစ်ခု ရရှိလိုက်သည်ကို ပျော်နေမိသည်။ ယခု ထိုအရာမှာ အတုမှန်း သူ သိလိုက်ရ၏။
ဘာထိပ်တန်းအဆင့် တစ်ပိုင်းလဲ… ဒါက သာမန်ထက် ပိုကောင်းနေတဲ့ အဆင့်မြင့် နတ်ဝိညာဉ်သွေးကြော တစ်ခုသာသာပဲဟာ…
ချီပင်းက ရုတ်တရက် ထပြောလိုက်သည်။
“ဝူကျိ… ဒီလိုဆိုမှတော့ ကျွန်မ သေမျိုးနယ်မြေကို မသွားတော့ဘူး။ ကျွန်မက နတ်ဘုရားဘုရင်အဆင့် ရောက်ခါစလေးတင် ရှိသေးတာမို့ ကိုယ့်ဘာသာကိုယ် အခြေတည်အောင် လုပ်ဖို့ အချိန်လိုတယ်။ ရှင် ချီချွမ်ကို သေမျိုးနယ်မြေဆီကို ခေါ်သွားလိုက်ပါ။ ဖြစ်နိုင်ရင် ချီချွမ်ကို အင်မော်တယ် မော်တယ်ကျင့်စဉ် ပြောင်းကျင့်ကြံခိုင်းလိုက်ပါ။ သူ့ဝိညာဉ်ကြော အရည်အသွေးက အရမ်းကို ညံ့လွန်းတယ်။ တခြားကျင့်စဉ်တွေကိုသာ ကျင့်နေမယ်ဆို သူ့အတွက် ဘာမှထူးလာမှာ မဟုတ်ဘူး”
မိုဝူကျိသည် ချီပင်း၏ စကားများမှာ မတတ်သာ၍ ပြောလိုက်ရမှန်း သိသည်။ သူ ပြောနိုင်လိုက်သည်မှာ
“စီနီယာအစ်မပင်း… သေမျိုးနယ်မြေမှာ ကျင့်ကြံလို့ ရနိုင်လာအောင် ကျုပ် နည်းလမ်းရှာကြည့်လိုက်ပါ့မယ်”
ဝိညာဉ်စွမ်းအားစုစည်းရေး အစီအရင်တစ်ခုကို သေမျိုးနယ်မြေတွင် ခင်းကျင်းလိုက်လျှင်ပင် အင်မော်တယ် မော်တယ်ကျင့်စဉ်ကို မကျင့်ကြံသူများက စွမ်းအားကို စုပ်ယူနိုင်မည် မဟုတ်ပေ။ ယခုမူ ကျောင်းတော်၏ စည်းကမ်းကိုင်က သူ့အား ဝိညာဉ်စွမ်းအား စုစည်းရေးအစီအရင်ကို ခင်းကျင်းခွင့်ပင် မပေးချေ။ ဘဝကြီးက တကယ်ခါးလှ၏။
“အများကြီး လျှောက်စဉ်းစား မနေပါနဲ့။ အရင်ဆုံး နိဗ္ဗာန်မြစ်အတွက် ကျောက်စိမ်း တံဆိပ်ပြားတွေကို လေလံတင် ရောင်းကြရအောင်”
ချီပင်းက မိုဝူကျိအား နှစ်သိမ့်ဖျောင်းဖျလိုက်သည်။
…………………………
နိဗ္ဗာန်တာအိုမြို့တွင် နိဗ္ဗာန်မြစ် ကျောက်စိမ်းတံဆိပ်ပြားနှစ်ခု လေလံတင်မည့်သတင်းသည် နတ်ဘုရားကုန်းမြေတစ်လျှောက် တောမီးသဖွယ် ပျံ့နှံ့သွားသည်။
တစ်ညတည်းဖြင့် ဂိုဏ်းမျိုးစုံမှ နတ်ဘုရားဘုရင်များနှင့် ဂိုဏ်းချုပ်များသည် နိဗ္ဗာန်တာအိုမြို့သို့ အပြေးရောက်လာကြသည်။ သူတို့အားလုံးက နိဗ္ဗာန်မြစ်ထဲဝင်ရန်အတွက် နေရာလွတ်တစ်နေရာစာကို ရရှိဖို့ဟူသော တူညီသည့် ရည်ရွက်ချက်ကို ပိုင်ဆိုင်ထားကြသည်။
ဤအခွင့်အရေးမှာ အိမ်မက်များ အမှန်တကယ်ဖြစ်လာသည်နှင့် တူနေလေသည်။ ထိုနေရာလွတ်စာများကို ရရှိပြီးနောက် မည်သည့်အင်အားစုကမျှ လေလံတင်ချင်လိမ့်မည် မဟုတ်ပေ။ ယခင် နှင်းစက်ကျမြို့၌ ရွှေရောင်နိဗာနတာအိုသဲ ပေါ်ထွက်လာစဉ်က များစွာသော နတ်ဘုရားဘုရင်တို့သည် ထိုအခွင့်အရေးကို လက်လွတ်ခဲ့ကြသည်။ သူတို့သည် ဤတစ်ခုကိုကား အလွတ်မခံချင်ကြပေ။
မိုးကောင်းကင်နတ်ဘုရားဂိုဏ်း၏ အကြီးအကဲရန်ဖေးသည် မိုဝူကျိဆီ ရောက်ရန် ချီခွန်းကို အသုံးချချင်သော်လည်း မိုဝူကျိက သူ့အား စိတ်ထဲပင် မထားချေ။
နေရာလွတ် နှစ်ခုစာမှာ မျက်စိတစ်မှိတ်စာလောက်အတွင်း လေလံတင် ရောင်းထွက်သွားသည်။ ယွီလော့ ပေးထားသည့် တစ်ခုကိုပါ ထည့်တွက်ပါက မိုဝူကျိသည် စုစုပေါင်း ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော ၅ ခု ရရှိလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက အဆင့်မြင့် နတ်ဝိညာဉ်သွေးကြော ၆ ခုနှင့် အဆင့်မြင့် နတ်ဘုရားကျောက် အတုံး ၂၄ သန်း ရရှိသေးသည်။
ထိုထိပ်တန်းအဆင့် သွေးကြောများမှာ တကယ့် ထိပ်တန်းအဆင့်စစ်စစ် မဟုတ်သော်လည်း သူတို့အား အများကြီး လိုအပ်ဆဲ ဖြစ်သည်။
ကျောက်စိမ်း တံဆိပ်ပြားနှစ်ခု ရောင်းထွက်သွားပြီးနောက် မိုဝူကျိက ချီပင်းကို နှုတ်ဆက်ကာ ချီချွမ်၊ ရွိုက်ကောနှင့် တာ့ဟွမ်တို့ကို သေမျိုးနယ်မြေဆီသို့ ခေါ်လာလိုက်သည်။
သေမျိုးနယ်မြေအား ပြန်လည်တည်ဆောက်မည့် ကိစ္စကို သူတို့ ၃ ယောက်စီ လွှဲထားလိုက်ပြီး မိုဝူကျိက ဂူပိတ်ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။
သူ့အတွက် သူ လုပ်ကို လုပ်ရမည့် အရေးကြီး ကိစ္စတစ်ခု ရှိနေသည်။ ယခင်က တည်ငြိမ်လုံခြုံသည့် နေရာတစ်ခုကို ဘယ်တုန်းကမှ ရှာမတွေ့ခဲ့ပေ။ ယခုမူ လုံခြုံသည့် နေရာတစ်ခု သူ နောက်ဆုံး ရှာတွေ့ခဲ့လေပြီဖြစ်ရာ သူ၏ထာဝရ ကမ္ဘာငယ်မှ မူလ သဘာဝအမြုတေ ၃ လုံးကို မြန်မြန် ပြန်ထုတ်ယူကာ သူ၏ ကိုယ်ပိုင်ကမ္ဘာကို တည်ဆောက်ဖို့ လိုလေသည်။
ဤကိစ္စမှာ အင်မတန် အန္တရာယ်များ၏။ အကယ်၍ သူ ဂရုမစိုက်မိပါက သူ့ကမ္ဘာလမ်းကြောင်းအား ဖျက်ဆီးမိသွားနိုင်လေသည်။ ထိုအခါ သူ့ကမ္ဘာမှာ ပျောက်ကွယ်သွားလိမ့်မည်။ ထို့အပြင် သူ့ဘဝတစ်လျှောက်လုံး ကနဦးနတ်ဘုရား အဆင့် ၆ တွင်သာ နေသွားရလိမ့်မည်ဟုပင် မိုဝူကျိက ထင်မိသည်။
သေမျိုးနယ်မြေ၏ အလယ်ဗဟိုတည့်တည့်တွင် မိုဝူကျိက သူ၏ပတ်ပတ်လည်၌ များစွာသော ကာကွယ်ရေးအစီအရင် အဆင့်ဆင့်ကို ခင်းကျင်းလိုက်သည်။ ရွိုက်ကောနှင့် တာ့ဟွမ်တို့အား အထပ်ထပ် အခါခါ ညွှန်ကြားလိုက်ပြီးနောက် မိုဝူကျိက ဂူပိတ်ကျင့်ကြံခြင်းကို စတင်လိုက်သည်။
……………………
ထိုနှစ်တွေတုန်းက သူ၏ ထာဝရကမ္ဘာငယ်ကို စတင် ပုံဖော်တည်ဆောက်သည့်အချိန်သည် သူက မိုးကြိုးစမ်းသပ်ခြင်းကို ခံနေရစဉ် ဖြစ်သည်။ ထာဝရကမ္ဘာငယ်က မြေကြီးသဘာဝ အမြုတေကို စုပ်ယူလိုက်ပြီးနောက်တွင်မှ မိုဝူကျိသည် တခြားအမြုတေများကို စတင်စုဆောင်းကာ သူ၏ ထာဝရကမ္ဘာငယ်ကို ပြီးပြည့်စုံလာဖို့ရာ ၎င်းတို့ကို အသုံးပြုရန် ကြိုးစားခဲ့သည်။
သို့သော် သူ၏ လူသားတာအိုအပေါ် အသိဉာဏ်ပွင့်မှုအသစ်ကို ရရှိပြီးသည့်နောက် မိုဝူကျိသည် သူ၏နည်းလမ်းမှာ မည်မျှအထိ မှားယွင်းနေကြောင်း သိလိုက်ရသည်။ သူက သူ့ကိုယ်ပိုင်ကမ္ဘာကို ဖျက်စီးပစ်မိလုနီးပါး ဖြစ်ခဲ့ရသည်။
ထာဝရကမ္ဘာငယ်မှ ပစ္စည်းအားလုံးကို ထုတ်ပြီးသွားသည့်အခါ မိုဝူကျိ၏ ၁၀၇ ခုသော ချီသွေးကြောများသည် သူ၏ ကမ္ဘာလမ်းကြောင်း ပတ်လည်တွင် လှည့်ပတ်လိုက်သည်။ သူ၏အသိစိတ်မှာ သူ့ထာဝရကမ္ဘာငယ်ထဲသို့ နှစ်ဝင်သွားကာ မြေသဘာဝ အမြုတေကို ပြန်ထုတ်ယူရန် ကြိုးစားလိုက်သည်။
ယခုမှသာ မိုဝူကျိသည် သူ၏အမှားမှာ မည်မျှအထိ စိုးရိမ်ရမှန်း သိလိုက်သည်။ သူ၏ကိုယ်ပိုင်ကမ္ဘာထဲတွင် သူက မြေသဘာဝ အမြုတေ၏ အရင်းအမြစ်အား ရှာမတွေ့နိုင်ဘဲ ဖြစ်နေ၏။ ထိုအရာ အရင်းအမြစ် ရှိနေသည်ကိုသာ သူ ခံစား၍ရသည်။
ဤအဖြစ်က မိုဝူကျိ၏ ကျောပေါ်တွင် ကြက်သီးများ ထသွားစေ၏။ အကယ်၍ သူ သဘာဝအမြုတေ ၅ မျိုးလုံးသာ တကယ်စုဆောင်းနိုင်ခဲ့ပါက ထာဝရကမ္ဘာငယ်မှာ သူ့အပိုင် ဖြစ်ပါဦးမည်လော…
ဤသို့တွေးမိကာ မိုဝူကျိသည် သူ့အသက်ဓာတ်နှင့် စွမ်းအားတို့ကို ဂရုစိုက်မနေနိုင်တော့ပေ။ သူက ထာဝရကမ္ဘာငယ်အတွင်းမှ အသက်ဓာတ်ကို အပြင်းအထန် စုပ်ယူ ဆွဲထုတ်ပစ်လိုက်သည်။ သူ၏ကမ္ဘာလမ်းကြောင်းအတွင်းမှ သဘာဝ စွမ်းအားများကိုလည်း စုပ်ထုတ်ပစ်လိုက်တော့သည်။
***