← Chapters

အိပ်ချင်တဲ့အချိန်ခေါင်းအုံးအဆင်သင့်

Vol. 61 Ch. 856

အိပ်ချင်တဲ့အချိန်ခေါင်းအုံးအဆင်သင့်

Vol. 61 Ch. 856

အခန်း (၈၅၆) အိပ်ချင်တဲ့အချိန်ခေါင်းအုံးအဆင်သင့်

ကျောက်စိမ်းပြားလေးကိုကြည့်ရင်း ရန်ကျောက်ကဲက အလောတကြီးဖွင့်ကြည့်ရန်မကြိုးစားသေးဘဲ ခဏမျှစဉ်းစားရင်း မေးခွန်းထုတ်လိုက်သည်။

“ဟန်လုန်အာ... အဲဒီလူရဲ့ကျင့်ကြံခြင်းအဆင့်နဲ့ ကျင့်ကြံခြင်းအခြေခံကို မင်းသိလား”

ယင်လုန်ထူက ခေါင်းခါယမ်းရင်း...

“အဲဒါတော့မသိဘူး ၊ ကျင့်ကြံခြင်းအဆင့်က ကျွန်တော့်ထက်အများကြီးမြင့်မားမယ်ထင်တယ်”

ရန်ကျောက်ကဲ တိတ်ဆိတ်စွာပင် ခေါင်းညိတ်လိုက်ပြီး လက်တစ်ဖက်ကိုဆန့်တန်းကာ သူ့အရှေ့မှလူငယ်၏ လက်ကောက်ဝတ်မှသွေးကြောကို စမ်းသပ်လိုက်သည်။

ယခုဆိုလျှင် ယင်လုန်ထူက သာမန်ကျင့်ကြံသူတစ်ယောက် မဟုတ်တော့ပေ။

သူက အစွန်းရောက်ရှစ်ပါးကမ္ဘာ၌ ‘အသက်အငယ်ဆုံးသိုင်းဆရာသခင်’ ဆိုသော ရန်တိ၏စံချိန်ကို ချိုးဖျက်သွားခဲ့ပြီ ဖြစ်၏။

အသက် (၁၆)နှစ်အရွယ် သိုင်းဆရာသခင် လူငယ်လေးက အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ပြိုင်ဘက်ကင်းဖြစ်သည် အမှန်ပင်။

ထိုအသက်အရွယ်ဖြင့် သိုင်းပညာရှင်အဆင့် ရောက်ရှိမည်ဆိုလျှင်တောင်မှ အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ပါရမီရှင်များကြားမှ ထူးခြားသောပါရမီရှင်ဟု သတ်မှတ်ခံရမည် ဖြစ်သည်။

အထက်ဘုံကမ္ဘာမှာတော့ အသက် (၁၆)နှစ်အရွယ်ဖြင့် သိုင်းဆရာသခင်အဆင့်သို့ရောက်ရှိသော အခြားသိုင်းကျင့်ကြံသူများ ရှိပါသေးသည်လား မပြောတတ်ပေ။ သို့သော် ဟန်လုန်အာနှင့် ယှဉ်ပြိုင်နိုင်သူများသည် ဇာမဏီငှက်မွေး ၊ ယူနီကွန်းဦးချိုများကဲ့သို့ ရှားပါးမည် ဖြစ်သည်။

အသက် (၂၀)ပင်မပြည့်သေးသော်လည်း ဟန်လုန်အာက သိုင်းဆရာသခင် စတုတ္ထအဆင့်ရှိသည့် အမတဝိညာဉ် ကနဦးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

လောလောဆယ် ကျော်ကြားမှုမရှိသေးသော်လည်း အောင်မြင်ကျော်ကြားလာမည့်လမ်းကြောင်းထက်သို့ ရောက်ရှိနေပေပြီ။

အခွင့်အရေးတစ်ခုရရှိသည်နှင့် ယင်လုန်ထူက ကောင်းကင်ထက်သို့ ရုတ်ချည်းပျံတက်သွားမည့်သူ ဖြစ်၏။

သူ၏အရည်အချင်းများကြောင့် နောင်တစ်ချိန် အထက်ဘုံကမ္ဘာတွင် နာမည်ကြီးတစ်ယောက်ဖြစ်လာမည်ဆိုပါက ချဲ့ကားပြောသည့်စကား မဟုတ်ပေ။

အင်းင်္ကေတပါရှိသောကျောက်စိမ်းပြားကိုပေးပို့သူသည် ဟန်လုန်အာထက် ကျင့်ကြံခြင်းအဆင့် ပိုမိုမြင့်မားသည်ဆိုလျှင် ထိုသူအနေဖြင့် ယင်လုန်ထူ၏ထူးခြားချက်ကို သိမြင်ရန် ခက်ခဲမည် မဟုတ်ပေ။

ဟန်လုန်ဟာ၏ခန္ဓာကိုယ်ကိုစစ်ဆေးကြည့်လိုက်တော့ ဖုံးကွယ်ထားသည့် ဒဏ်ရာများ ၊ အခြားပြဿနာများဘာမှမရှိကြောင်း ရန်ကျောက်ကဲ အတည်ပြုလိုက်နိုင်သည်။

ထိုသို့ဆိုလျှင် အင်းသင်္ကေတကျောက်စိမ်းပြားလေးပေးပို့လိုက်သည့်ပုဂ္ဂိုလ်သည် မကောင်းသောရည်ရွယ်ချက် မရှိနိုင်ပေ။ မဟုတ်ပါက ဟန်လုန်အာအနေဖြင့် လျှို့ဝှက်ဒဏ်ရာရရှိနေမည် ဖြစ်သည်။

သို့ဆိုလျှင် ထိုသူက မည်သူဖြစ်ပါသနည်း။

လက်ထဲမှ ကျောက်စိမ်းပြားလေးကိုကြည့်ရင်း ရန်ကျောက်ကဲစိတ်ထဲ ဖြစ်နိုင်ခြေများစွာမြင့်တက်လာသည်။

သို့သော် ကျောက်စိမ်းပြားအတွင်းမှ သိုင်းပညာကို အာရုံခံလိုက်သောအခါ ရန်ကျောက်ကဲ အတော်လေး အံ့အားသင့်သွားရသည်။

“ဒါက... နတ်ဘုရားထောင်ချောက်ဓားသိုင်းလား”

ဤသည်က ရန်ကျောက်ကဲမျှော်လင့်ထားသည်ထက် ကျော်လွန်သွားသည်။

ရန်ကျောက်ကဲ စိတ်တည်ငြိမ်အောင်ကြိုးစားလိုက်ပြီး ထို နတ်ဘုရားထောင်ချောက်ဓားသိုင်းကို သေသေချာချာ ခွဲခြမ်းစိတ်ဖြာကာ သူပိုင်ဆိုင်သော နတ်ဘုရားအဆုံးသတ်ဓားသိုင်းနှင့် နှိုင်းယှဉ်ကြည့်လိုက်သည်။

ခဏအကြာမှာတော့ ရန်ကျောက်ကဲမျက်ဝန်းများ တည်ကြည်လေးနက်သွားသည်။

“ဒီ နတ်ဘုရားထောင်ချောက်ဓားသိုင်းက ယွိချင်အဆက်အနွယ်တွေ ပြန်လည်ပြုပြင်ထားတဲ့ ဓားတာအိုမဟုတ်ဘူး ၊ ဒါက လင်ပေါင်ထျန်းကျွင်းရဲ့ ဓားသိုင်း (၄)မျိုးထဲက တိုက်ရိုက်သိုင်းပညာပဲ”

ဆိုလိုသည်မှာ ဤဓားသိုင်းကျမ်းကို ပေးအပ်ခဲ့သူမှာ စန့်ချင်အဆက်အနွယ် ဖြစ်ပုံရသည်။

တိဟွမ်မြေကမ္ဘာဧကရာဇ်က စန့်ချင်အဆက်အနွယ်များကို အထက်ဘုံကမ္ဘာတွင် ခြေမချစေရန် အမိန့်ချမှတ်ခဲ့သည်။ အထက်ဘုံကမ္ဘာ ကမ္ဘာတစ်ဝှမ်းလုံးသည် ဤအချက်ကို အတိအကျလိုက်နာကြသည်။

သို့ပေသိ ဤအကြောင်းကြောင့် စန့်ချင်အဆက်အနွယ်များ အထက်ဘုံကမ္ဘာသို့ မဝင်ရောက်နိုင်ဟု မဆိုလိုပေ။ သို့ရာတွင် စန့်ချင်အဆက်အနွယ်များ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်သွားသည်နှင့် အထက်ဘုံကမ္ဘာတွင် ဆက်လက်နေထိုင်လှုပ်ရှားရန် ခက်ခဲသွားမည် ဖြစ်သည်။

ထို့ကြောင့် စွန်းကျုန်းတာ့က သွားလာလှုပ်ရှားမှု လွယ်ကူစေရန် ရန်ကျောက်ကဲ အယောင်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ယခု စန့်ချင်အဆက်အနွယ်တစ်ယောက်က နတ်ဘုရားထောင်ချောက်ဓားသိုင်းကို  အဘယ့်ကြောင့် သူ့ထံသို့ပို့ပေးခဲ့ပါသနည်း။

စွန်းကျုန်းတာ့ သူ့လက်ထဲတွင်ရှိနေကြောင်း သတိပြုမိပြီး သူ့ကိုပြန်လည်ရွေးယူရန် ဤသို့ပြုလုပ်ခဲ့ခြင်းလား။

ရန်ကျောက်ကဲ ဖမ်းဆီးသွားသည်က ကောင်းချင်ဆိုလျှင်တော့ ထိုသို့ပြုလုပ်ရန် ဖြစ်နိုင်ခြေများသည်။ သို့သော် ယခု စွန်းမျိုးနွယ်က ထိုမျှအရေးပါပါမည်လား။

ဤသည်က လက်ဆောင်ပေးခြင်းလား ၊ အလဲအလှယ်ပြုလုပ်ခြင်းလား။

ကျဲရှင်ကမ္ဘာတွင် သူ့ကြောင့် ကောင်းချင်နှင့်အခြားအဆက်အနွယ်များ ဗုဒ္ဓဘာသာကျင့်ကြံသူများလက်မှ လွယ်ကူစွာလွတ်မြောက်သွားခဲ့ရသည်။ သို့သော် ထိုအချက်ကြောင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံအနေဖြင့်  ဤထိပ်တန်းသိုင်းပညာ ‘နတ်ဘုရားထောင်ချောက်ဓားသိုင်း’ ကိုပေးအပ်ရန် မဖြစ်နိုင်ပေ။

ဤသို့သော သိုင်းပညာမျိုးက မျိုးရိုးစဉ်ဆက်သာလွှဲပြောင်းပေးကြပြီး အပြင်လူကို ပေးအပ်လေ့မရှိကြပေ။

ရန်ကျောက်ကဲကို လက်ဆောင်ပေးချင်လျှင်တောင်မှ ဆေးဝါးများ ၊ ရတနာပစ္စည်းများ သို့မဟုတ် အကူအညီပေးမည့် ကတိကဝတ်များသာလျှင် ဖြစ်နိုင်ခြေ ရှိသည်။

အဆက်အနွယ်တစ်ခု အထွတ်အမြတ်ထားရာသိုင်းပညာကို မည်သူက လက်ဆောင်အဖြစ်ပေးအပ်ပါမည်နည်း။

ယခုတော့ ရန်ကျောက်ကဲက မတောင်းဆိုပါပဲ သူတို့က ရန်ကျောက်ကဲအတွက် အစပြုကာ ဤသိုင်းပညာကို ပေးအပ်ခဲ့သည်။

ဤကိစ္စက မည်သို့မှမဖြစ်နိုင်သောကိစ္စ ဖြစ်သည်။

“သူတို့က လင်ဟန့်ဟွာနဲ့ဆက်သွယ်မိပြီး ငါ နတ်ဘုရားအဆုံးသတ်ဓားသိုင်းကျင့်ကြံထားတာကို သိသွားလို့များလား”

ရန်ကျောက်ကဲခေါင်းထဲ အတွေးများစွာ ဝင်ရောက်လာသည်။

သူက အထက်ဘုံကမ္ဘာမှ အခြားသူများနှင့် မတူကွဲပြားသည်ကို တစ်ဖက်လူကသတိထားမိပြီး သူတို့ဘက်သို့ပြောင်းလဲလာစေရန် ဆွဲဆောင်ခြင်းလည်း ဖြစ်နိုင်သည်။

ရန်ကျောက်ကဲ လက်ရှိပြသနေသော ကြီးမားသောစွမ်းအားနှင့် အလားအလာသည်ပင် အမှန်တကယ် အံ့အားသင့်စရာဖြစ်နေပေပြီ။

ထို့ပြင် ရန်ကျောက်ကဲက တစ်ယောက်တည်းမဟုတ်ပေ။

ရန်တိက သူ၏ဖခင်ဖြစ်ပြီး သူနှင့်လက်ထပ်မည့် ဖန်းယွင်ရှန်းကလည်း ထူးကဲယင်သရဖူနှင့်‌ နေရိပ်နတ်ဓားကို ရယူပိုင်ဆိုင်ထားသည်။

ထိုသူနှစ်ယောက်လုံးက ပါရမီရှင်များဖြစ်ကြပြီး တန်ခိုးစွမ်းအားနှင့် အလားအလာကောင်းများကိုလည်း ပိုင်ဆိုင်ထားကြောင်း တစ်ကမ္ဘာလုံးက အသိအမှတ်ပြုကြသည်ပင်။

ရန်ကျောက်ကဲက ဘဝကိုကျေနပ်နေသလို လက်ရှိသူ့အခြေအနေက အခြားသူများထက် အဓိကရင်းမြစ်ပစ္စည်းများလုံလောက်နေပြီဟုဆိုလျှင် ကြွားဝါပြောဆိုခြင်း မမည်ပေ။

“နတ်ဘုရားအဆုံးသတ်ဓားသိုင်းကိုအသာထား ၊ ငါ နတ်ဘုရားထောင်ချောက်ဓားသိုင်းကျင့်ကြံအောင်မြင်သွားတဲ့အချိန် ငါ့အကြောင်းပေါ်သွားမယ်ဆိုရင် ငါက စန့်ချင်အဆက်အနွယ်မဟုတ်ဘူးလို့ငြင်းလည်း အထက်ဘုံကမ္ဘာက ဘယ်သူမှ ယုံကြည်ကြမှာမဟုတ်ဘူး”

ရန်ကျောက်ကဲ နှုတ်ခမ်းများတွန့်ကွေးလိုက်သည်။

“ဒါက ငါ့စိတ်ကိုစမ်းသပ်နေတာလား ၊ သူတို့က ငါ့စိတ်စွမ်းအားကို လောင်းကြေးထပ်နေတာလား”

သို့မဟုတ် လက်ရှိတွင် ဘယ်နေရာရောက်မှန်း ဘာဖြစ်မှန်းမသိရသည့် နေဝန်းထက်ယံအရှင်သခင်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် တစ်လျှောက်လုံး ပုန်းအောင်းနေခဲ့သည်လား။

သူ၏ အတိတ်တစ်ချိန်က ရတနာပစ္စည်းဖြစ်သော ထူးကဲယန်စည်းတံဆိပ်ကို ရရှိထားသူနှင့်ပတ်သက်ပြီး လှုပ်ရှားမှုတစ်ခုခု ပြုလုပ်လေသည်လား။

ရန်ကျောက်ကဲက စိတ်ထဲတွင်တွေးနေသော်လည်း မျက်နှာထက်တွင်မပေါ်လွင်စေပဲ ပုံမှန်အတိုင်းပင် ယင်လုန်ထူကို ကြည့်လိုက်သည်။

“ကျင့်ကြံတာမှာ ဘာအခက်အခဲရှိသေးလဲ”

ယင်လုန်ထူက ရိုးရိုးအအပုံစံလေးဖြင့် ပြန်ဖြေသည်။

“သမုဒ္ဒရာကမ္ဘာမှာတုန်းက ပြဿနာနည်းနည်းရှိတယ် ၊ အခု အထက်ဘုံကမ္ဘာကိုရောက်လာတော့ ဆရာဦးလေးကိုအကူအညီတောင်းလိုက်လို့ ပြဿနာမရှိတော့ပါဘူး”

ဟုတ်ပေ၏။

ယင်လုန်ထူက ယွမ်ကျန်းဖုန်း ၊ ရန်တိနှင့် ဖန်ကျွင်းတို့ပြီးလျှင် ‘အစွန်းရောက်ရှစ်ပါးသိုင်းပညာရှစ်ရပ်’ အားလုံးကို ကျင့်ကြံနိုင်ခဲ့သည့် သိုင်းကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

ထိုသိုင်းပညာရပ်ကို ဟန်လုန်အာက နက်ရှိုင်းစွာကျွမ်းကျင်မည်လားဆိုသည်ကတော့ တခြားကိစ္စဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဤလူငယ်လေးက အစွန်းရောက်ရှစ်ပါးသိုင်းပညာ(၈)ရပ်ကို အမှန်တကယ် သင်ယူနိုင်ခဲ့သည်ပင်။

အစွန်းရောက်ရှစ်ပါးသိုင်းပညာ (၈)ရပ်ကိုသင်ယူပြီးသည့်နောက် ယင်လုန်ထူက ကောင်းကင်ဝါဒလက်ဝါးသိုင်း ၊ အတိုင်းအဆမဲ့ကောင်းကင်တစ်ဖက်သွားဓားသိုင်း ၊ အဆုံးမဲ့ကောင်းကင်ဓားသိုင်းများကို ကျင့်ကြံရန်မရွေးချယ်ခဲ့ပေ။

သူက ရန်တိကိုယ်တိုင်တီထွင်ထားသော ‘အစွန်းရောက်ကောင်းကင်လွှမ်းခြုံဓားသိုင်း’ ကိုသင်ယူရန် ရွေးချယ်ခဲ့သည်။

အရင်က သမုဒ္ဒရာကမ္ဘာနှင့် အရောက်ရှစ်ပါးကမ္ဘာတွင် ရန်တိချန်ထားခဲ့သောဓားသိုင်းကျမ်းကိုသာ ကိုးကားလေ့ကျင့်ရသော်လည်း အထက်ဘုံကမ္ဘာသို့ရောက်လာပြီးနောက် ရန်တိကိုယ်တိုင်က သင်ပြပေးခဲ့သည်။

ရန်ကျောက်ကဲက ပြုံးရင်းခေါင်းညိတ်ပြလိုက်၏။

ယင်လုန်ထူနှင့်စကားပြောနေရင်း ‘နတ်ဘုရားထောင်ချောက်ဓားသိုင်း’ အကြောင်းကိုလည်းဆက်လက်စဉ်းစားနေခဲ့သည်။

“ငါ့လက်ထဲမှာရှိတဲ့ သတင်းအချက်အလက်အနည်းငယ်လောက်နဲ့ ကောက်ချချဖို့တော့ မဖြစ်နိုင်သေးဘူး”

အမှန်တော့ ဖြစ်နိုင်ခြေနည်းပါးသည့် အခြားကိစ္စတစ်ခု ရှိနေသေးသည်။

ဤကိစ္စက အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်မှ မွှေနှောက်ခြင်းလည်းဖြစ်နိုင်သလို ခွန်လွန်တောင်မှ ထိပ်တန်းပုဂ္ဂိုလ်များ၏ လုပ်ရပ်လည်းဖြစ်နိုင်သည်။

အောက်ဘုံကမ္ဘာမှ ရုတ်တရက်ထွက်ပေါ်လာသော လူငယ်ကိုစမ်းသပ်ရန် တစ်ဖက်လူက ဤဓားသိုင်းကို အသုံးပြုခြင်း ဖြစ်နိုင်ပါသလား။

ဤသည်က ဖြစ်နိုင်ခြေနည်းပါးသော်လည်း စန့်ချင်အဆက်အနွယ်၏ ‘နတ်ဘုရားထောင်ချောက်ဓားသိုင်း’ အစစ်အမှန်ကို စန့်ချင်အဆက်အနွယ်များသာလျှင်သိရှိပြီး အခြားသူများ မသိရှိနိုင်ဟု မသတ်မှတ်နိုင်ပေ။

သိုင်းပညာတစ်ရပ်ကို ရယူသိမ်းဆည်းထားခြင်းမှာ ကျင့်ကြံခြင်း မကျင့်ကြံခြင်းနှင့် ပတ်သက်ဆက်စပ်မှုမရှိပေ။

ထိုအကြောင်းများကိုတွေးရင်း ရန်ကျောက်ကဲ ပြုံးလိုက်သည်။

“ငါပဲ အတွေးလွန်နေတာများလား...”

ရန်ကျောက်ကဲ ခေါင်းခါယမ်းလိုက်သည်။

သူ့ကို ဓားသိုင်းကျမ်းပေးပို့သူက မည်သူမည်ဝါဖြစ်ခြင်းထက် ထိုဓားသိုင်းနှင့်ပတ်သက်ပြီး သူချမှတ်ရမည့်ဆုံးဖြတ်ချက်နှင့် ဘာဆက်လုပ်ရမည်ဆိုသည်က ပိုပြီးအရေးကြီးသည်။

“နတ်ဘုရားထောင်ချောက်ဓားသိုင်း” ဆိုသည်က ဤကမ္ဘာပေါ်တွင်ရှိနေသော အထွတ်ထိပ်ဓားသိုင်းများထဲမှ တစ်ခုဖြစ်သည်မှာ သေချာ၏။

ဤသို့သောရတနာကို အိမ်တိုင်ရာရောက်ပို့ဆောင်ပေးခြင်းအတွက် ရန်ကျောက်ကဲက ဝမ်းသာအားရလက်ခံမည် ဖြစ်သည်။

သူ စဉ်းစားနေသည်က ငါးစာကိုမျိုချပြီး ငါးမျှားချိတ်မချိန်မိအောင် မည်သို့ပြုလုပ်ရမည်နည်းဆိုသောအချက် ဖြစ်၏။

အခြားစကားဖြင့်ဆိုရသော် ဘာလုပ်ရမည်ကိုမဆုံးဖြတ်နိုင်သည့်တိုင် အသေးစိတ်အချက်အလက်များကို ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။

ရန်ကျောက်ကဲအတွက်တော့ နတ်ဘုရားထောင်ချောက်ဓားသိုင်းက ပို၍ပင် ထူးထူးခြားခြား အဓိပ္ပါယ်ရှိပေသည်။

သူက ‘စန်းချင်း(၃)ပါး’ ကျင့်ကြံခြင်းကို အဆက်မပြတ်ပြုလုပ်နေသည်ဖြစ်ရာ ယွိချင်အဆက်အနွယ်မှ မူလကောင်းကင်ကျမ်းစာအပြင် စန့်ချင်အဆက်အနွယ်နှင့် ထိုက်ချင်အဆက်အနွယ်မှ သိုင်းပညာရပ်များကိုလည်း လိုအပ်သည်မှာအမှန်ပင်။

သူ့အရှေ့မှ ‘နတ်ဘုရားထောင်ချောက်ဓားသိုင်း’ သည် တစ်စုံတစ်ယောက်က သူ့ကိုလက်ဆောင်ပေးခြင်းဖြစ်ပြီး အိပ်ချင်နေသည့်အချိန် ခေါင်းအုံးကအဆင်သင့်ရှိနေသလိုမျိုးပင် ဖြစ်လေ၏။

All Chapters