← Chapters

ဓားသိုင်းများ သင်ပေးခြင်း

Vol. 15 Ch. 201

ဓားသိုင်းများ သင်ပေးခြင်း

Vol. 15 Ch. 201

သူ၏ဒန်ထျန်၌ မူလက ဖိနှိပ်ထားသော ဓားချီပေါင်း ၁၂၈၀၀၀ တို့သည် အပြင်သို့ ထွက်ပေါ်လာကြ၏။

သူတို့သည် နဂါးတစ်ကောင်အလား ဟန်မူယဲ့ကို လှည့်ပတ်ကြသည်။

ဓားဆန္ဒကို ဖြန့်ခွဲခြင်း။

“ဒါ… ဘယ်လောက်တောင် များလိုက်တဲ့ ဓားချီလဲ…”

တောင်ကုန်းပေါ်တွင် လူတစ်ယောက်က ဟန်မူယဲ့အနီးမှ ဓားချီများကို ကြည့်ကာ မယုံကြည်နိုင်စွာ ပြောသည်။

“အနည်းဆုံး ဓားချီတစ်သိန်းလောက် ရှိတယ်”

တစ်ယောက်က အသံတိုးတိုးဖြင့် ပြောသည်။

“ပြောကြတာက ဓားချီ ၁၂၈၀၀၀ ကို စုစည်းပြီးတော့ ဓားဆန္ဒတစ်ခု ဖွဲ့စည်းနိုင်တဲ့ နည်းစနစ်တစ်ခုရှိတယ်”

“ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ ဓားချီ ၁၂၈၀၀၀ ကို ဘယ်သူ စုစည်းနိုင်မှာလဲ”

နောက်တစ်ယောက်က ခေါင်းယမ်းသည်။

“ဒီလောက်များပြားတဲ့ ဓားချီကို တစ်သက်တာလုံးစုစည်းရင်တောင် ဖြစ်နိုင်မှာ မဟုတ်ဘူး”

ထို့အပြင် ဓားချီများသည် ကျင့်ကြံခြင်း၌ ကုန်ခမ်းသွားနိုင်သေးသည်။

ထိုကောလာဟလများသည် မယုံကြည်ရပါ။

“စီနီယာအစ်ကိုဟန်က ဓားစံအိမ်ကို တာဝန်ယူရသူပဲ”

တစ်စုံတစ်ယောက်က စူးရှသော မျက်လုံးများဖြင့် ပြောသည်။

“ဒါက တကယ်ပဲ ဖြစ်နိုင်လောက်တယ်”

ဓားစံအိမ် …

ထိုနေရာကား ဓားချီများဖြင့် ပြည့်နှက်နေ၏။ သာမန်ကျင့်ကြံသူများသည် ထိုနေရာ၌ ဆယ့်ငါးမိနစ်ထက် ပို၍ မနေနိုင်ပါ။

ထိုကိစ္စက အမှန်တကယ် ဖြစ်နိုင်လောက်၏။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ မရေမတွက်နိုင်သော တပည့်များနှင့် အပြင်လူများစွာတို့သည် ဓားချီများ ရစ်ပတ်ထားသော ဟန်မူယဲ့အား ကြည့်နေကြ၏။

လက်ရှိတွင် ဒန်ထျန်မှ ဓားချီများအားလုံးကို ဖြန့်ထုတ်လိုက်ပြီးတော့ ဟန်မူယဲ့သည် အလျင်လိုခြင်း မရှိပါ။ သူက စတင်၍ တွေးတောသည်။

သူက မည်သို့သော ဓားဆန္ဒအား ကျင့်ကြံပါသနည်း။

သူက မည်သည့်အမျိုးအစားဓားဆန္ဒကို ပထမဆုံး စတင်ဖွဲ့စည်းလိုပါသနည်း။

သူက တွေးရင်းဖြင့်ပင် ဓားချီများသည် ထက်ရှသော ဓားအလင်းအဖြစ် ပြောင်းလဲသွားသည်။

ဓားအလင်းသည် သစ်ရွက်ကြွေအလား ပေါ့ပါး၏။

ဓားအလင်းသည် သန့်စင်ကြည်လင်သော မြစ်ရေပြင်ဖြစ်သွားသည်။

ဓားအလင်းသည် ရွှေရောင်အလင်းတို့ဖြင့် ထည်ဝါကာ ထက်ရှ၏။

ဓားအလင်းသည် လခြမ်းသဏ္ဍာန်ဖြစ်လာသည်။

…

ဟန်မူယဲ့၏ခန္ဓာကိုယ်မှ ဓားအလင်း အဆက်မပြတ် ပုံစံပြောင်းလဲနေသည်ကို ကြည့်ကာ လူတိုင်း၏မျက်လုံးများ ပြူးကျယ်သွားကြသည်။

တချို့သော ဓားအလင်းများကို သူတို့ သိကြသည်။ တချို့သော ဓားအလင်းများကို သူတို့ မသိကြပါ။ သို့သော်လည်း ထိုဓားအလင်းပုံစံတစ်မျိုးစီသည် ဓားသိုင်းပညာတစ်မျိုးစီဖြစ်ကြောင်း သူတို့ နားလည်ကြ၏။

“ဆယ့်ကိုးက ဓားစံအိမ်ကို သွားပြီး ဓားလက်ခံတဲ့တပည့်တွေကို ဓားသိုင်းတွေ သင်ပေးနိုင်တာ မထူးဆန်းတော့ဘူး။ သူက ဂိုဏ်းရဲ့ သိုင်းပညာတွေအကုန်လုံးနီးပါးကို ကျွမ်းကျင်တတ်မြောက်နေတာပဲ”

ဟန်မူယဲ့၏ဓားအလင်းများကို ကြည့်ကာ လီသုံးက တီးတိုးဆိုသည်။

သူမ၏ဓားပါရမီမှာ အကောင်းဆုံးဟု အမြဲတမ်း တွေးထင်ခဲ့သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် ဖြစ်စေ၊ အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ဖြစ်စေ သူမသည် တခြားတစ်ယောက်၏ဓားတာအိုကို အထင်ကြီးခြင်း မရှိခဲ့ပါ။

သို့သော် ယခုကား ကွဲပြားခြားနားသည်။

ဒီဓားအလင်းတွေက ဒီနေ့ ဓားသိုင်းအရေအတွက် ၁၀၀၀…  ၃၀၀၀… ဒါမှမဟုတ် ၁၀၀၀၀ လောက် ပြသတော့မှာလား…

“ကျွတ်… ကျွတ်… ဒီကောင်လေးက ဘယ်လောက်တောင် များတဲ့ ဓားသိုင်းတွေကို လေ့ကျင့်ခဲ့တာလဲ”

တိမ်မြုံကမ်းပါးထိပ်၌ ထူစွန်းရှစ်သည် ဟန်မူယဲ့ ရှိနေရာသို့ လှမ်းကြည့်လျှက် တီးတိုးရေရွက်သည်။

“ဆရာဘိုးဘိုး… ဆရာဘိုးဘိုးက ကျင့်ကြံခြင်းဟာ ပညာရပ်တစ်မျိုးတည်းကို တဖက်ကမ်းခပ်ပေါက်မြောက်အောင်မြင်အောင် ကျင့်ကြံတာလို့ ပြောခဲ့တယ်။”

စွန်းကျင်းရှစ်က ထူစွန်းရှစ်နောက်တွင် ရပ်ကာ အံ့အားသင့်စွာ ပြောသည်။

“ဒီဟန်မူယဲ့က လောဘကြီးလွန်းတယ်။ နောက်ပိုင်း သူ့ဓားကျင့်ကြံခြင်းက အဟန့်အတား ဖြစ်မလာနိုင်ဘူးလား”

အဟန့်အတား…

ထူစွန်းရှစ်သည် ဟန်မူယဲ့၏နည်းစနစ်များအား ပြန်လည်၍ အမှတ်ရလာသည်။

ဓားတာအို၊ ဓားလမ်းစဉ်…

သို့သော် ဟန်မူယဲ့က ထိုလမ်းစဉ်ကို လျှောက်လှမ်းနေပါသလား…

ထူစွန်းရှစ် မျက်မှောင်ကျုံ့လိုက်သည်။

ဟန်မူယဲ့က ဓားသိုင်းအများအပြား လေ့ကျင့်ခြင်းမှာ ထိုနည်းစနစ်အား ပြည့်စုံစေလိုသောကြောင့် မဟုတ်ပေဘူးလား။

သူက ‘ဓား ၁၀၀၀၀ တို့အိမ်အပြန်’ နည်းစနစ်အား လေ့ကျင့်လိုသည်ဆိုပါက လောကတွင် ရှိသော ဓားသိုင်းပညာရပ်များအားလုံးကို လေ့လာလိုက်စားရန် အမှန်တကယ် လိုအပ်ပေသည်။

ဘယ်လောက် လောဘကြီးလိုက်တဲ့ ကောင်လေးလဲ…

ဝုန်း…

ကောင်ကင်နှင့်မြေပြင်အကြား မိုးခြိမ်းသံသဲ့သဲ့ ကြားလိုက်ရသည်။

ဟန်မူယဲ့၏ခန္ဓာကိုယ်မှ ဓားအလင်းသည် ရှေးဟောင်းဓားတစ်လက်အသွင်သို့ ပုံစံ ပြောင်းလဲသွား၏။ ဓားတွင် အသွားခြောက်ဘက်ပါရှိကာ ဓားသွားသည် ကြီးမားပြီး သမာသမတ်ကျ၏။

“ငါဟာ ဓားဆိုတဲ့ ဘောင်ထဲမှာ ပိတ်မိနေတုန်းပါပဲ”

“ဓားနည်းစနစ်တွေဟာ ဘိုးဘေးတွေရဲ့ ဖန်တီးမှု ဖြစ်ပြီးတော့ သတ်ဖြတ်ခြင်းအတွက် အသုံးဝင်တယ်”

“ဒီဓားနည်းစနစ်ကို အဆုံးစွန်အထိ လေ့ကျင့်အောင်မြင်ခဲ့ရင် အဲဒါဟာ ဓားနည်းစနစ်ကိုယ်တိုင်နဲ့ သက်ဆိုင်တဲ့ သဘောတရားအဖြစ် ပြောင်းလဲသွားတယ်”

“ပြီးတော့ ငါဟာ ဓားဆန္ဒကို ဓား ၁၀၀၀၀ တို့အိမ်အပြန် နည်းစနစ်နဲ့ ဖွဲ့စည်းခဲ့တဲ့အခါ ငါ့ဓားဆန္ဒဟာ ဓားဆန္ဒအမျိုးအစားအားလုံးကို ပြောင်းလဲနိုင်စွမ်း ရှိတယ်”

“ဘယ်ဓားနည်းစနစ်ကိုပဲ လေ့ကျင့်ပါစေ… ငါ့ရဲ့ ဒီမူလဓားဆန္ဒဟာ အသုံးပြုချင်တဲ့ ဓားဆန္ဒအဖြစ်သို့ ပြောင်းလဲနိုင်လိမ့်မယ်”

ဟန်မူယဲ့က တီးတိုးရေရွက်ရင်း သူ၏ခေါင်းထက်မှ အစိမ်းရောင်ဓားအလင်းသည် သူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်ကာ သူ့ဒန်ထျန်နှင့် ပေါင်းစပ်သွားခဲ့သည်။

ထိုဓားအလင်း သူ၏ဒန်ထျန်ထဲသို့ သက်ဆင်းသောအခါ ဒန်ထျန်ထဲ၌ ရှိနေသော ဓားဆေးလုံးနှစ်ခုသည် တုန်ခါသွားပြီး ကိုးလွှာသော တိမ်တိုက်အလယ်ဗဟိုနေရာအား ဖယ်ပေးကြရသည်။

၎င်းသည် ဝိညာဉ်ဖြစ်သည်။

သူ စုစည်းသော ဓားဆန္ဒက ဒန်ထျန်၏ပင်မနေရာအား မရယူနိုင်ပါလျှင် ၎င်းအား သိမ်းဆည်းထားစရာပင် မလိုပါ။

မျက်လုံးများကို ဖွင့်လိုက်ကာ ဟန်မူယဲ့က ပတ်ဝန်းကျင်အား ကြည့်လိုက်၏။

သူ၏မျက်လုံးများထဲ၌ ဓားအလင်းအဆက်မပြတ် လှည့်ပတ်သွားကာ အပြင်သို့ပင် ပျံသန်းထွက်ခွာသွားမည့်ဟန် ရှိနေ၏။

“မင်းက ကမ္ဘာမြေအဆင့်သို့ မတက်လှမ်းသေးခင် ဓားဆန္ဒကို ဆင်ခြင်နားလည်နေပြီ။ ဂိုဏ်းချုပ်က မင်းကို ရွေးတာ မထူးဆန်းတော့ပါဘူး…”

ဘေးနားတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း မဟာအကြီးအကဲ လုဟောင်က ပြုံးလျက် ပြောသလို အကြီးအကဲစွန်းမူကလည်း ခေါင်းညိတ်သည်။

ထို့နောက် သူတို့က တောင်အောက်ကို ဆင်းသွားကြသည်။

“ဂုဏ်ပြုပါတယ်…”

လီသုံးကလည်း သူမ၏ဓားကို သိမ်းဆည်းကာ ပြောသည်။

လီရှီးရှီးက သူ့အား မစောင့်ကြပ်ပေးလျှင်ပင် ဟန်မူယဲ့အတွက် အနှောင့်အယှက်ပေးမည့်အရာ မရှိပေ။ သို့တိုင်အောင် မတော်တဆ တစ်ခုခုကြောင့်သာ ဉာဏ်အလင်းရခြင်းမှာ ပျက်စီးသွားပါက ဟန်မူယဲ့ နောင်တရသွားပေလိမ့်မည်။

လီရှီးရှီးက ပြုံးလျှက် တောင်အောက်ကို ကြည့်သည်။

“ငါ့အသက်နဲ့ရင်းပြီး အကျိုးဆောင်ခဲ့တာတွေက မင်းရဲ့ တခဏတာ ဉာဏ်အလင်းရတဲ့ဟာနဲ့ မယှဉ်နိုင်လောက်ဘူး”

“ကမ္ဘာမြေအဆင့်သို့ မတက်လှမ်းခင် ဓားဆန္ဒကို နားလည်တယ်။ ဟင်း… အံ့ဖွယ်ကိုးပါးတောင်ကုန်းက အဖိုးကြီးတွေတော့ အတော်လေး ဝမ်းသာအားရ ဖြစ်နေလောက်ပြီ”

ထို့နောက် သူမက လက်ဝှေ့ယမ်းကာ ထွက်သွားသည်။

ထန်ချီသည် သူ၏ခွန်အားနှင့် စွမ်းရည်ကို သက်သေပြရန် အားကြိုးမာန်တက် ကြိုးစားတိုက်ခိုက်ခဲ့သည်။

သို့သော်လည်း သူက မည်မျှ ကြိုးစားပါစေ၊ ဟန်မူယဲ့၏ ဆင်ခြင်နားလည်နိုင်စွမ်းအား အမှီလိုက်နိုင်ပါမည်လား။

ဂိုဏ်း၏အထက်စည်းအုပ်ချုပ်သူများအတွက်ကား တိုက်ခိုက်နိုင်သော ဓားတစ်လက်ထက် မမျှော်မှန်းနိုင်လောက်သော အလားအလာဖြင့် ပါရမီရှင်တစ်ဦးကို ပိုအလေးထားပေသည်။

၎င်းအတွက် နှိုင်းယှဉ်စရာ မလိုပါ။

သိပ်မဝေးသောနေရာတွင် ရပ်နေသော ဟယ်ရွှမ်ချီက လက်နှစ်ဖက်ဆုပ်ကာ ပြောသည်။

“စီနီယာအစ်ကိုဟန်… ဂုဏ်ပြုပါတယ်”

သူတစ်ယောက်တည်းသာမဟုတ်၊ တခြားသော ဂိုဏ်းသားများကလည်း ဂုဏ်ပြုကြသည်။

ဟန်မူယဲ့က ပြန်လည်၍ လက်နှစ်ဖက်ဆုပ်ပြသည်။

“စီနီယာအစ်ကိုဟန်… စီနီယာက သက်တန့်ကျောက်တုံးဓားသိုင်းကို တတ်မြောက်ထားတာပဲ။ ကျုပ်က အဲဒီဓားသိုင်းထက်က တစ်ကွက်ကို နားမလည် ဖြစ်နေတယ်။ ကျုပ်ကို သင်ပြပေးလို့ ရမလား”

ဂိုဏ်းသားတစ်ဦး ရောက်လာကာ တီးတိုးပြောသည်။

ဟန်မူယဲ့ထံမှ သင်ယူခြင်း…

ဟန်မူယဲ့သည် ဓားစံအိမ်၏ ဓားထိန်းဖြစ်ကာ သူသည် ဓားရွေးချယ်ပေးခြင်းနှင့် သိုင်းပညာရပ်များနှင့်ပတ်သက်၍ လမ်းညွှန်ပြသပေးနိုင်ကြောင်း ကောင်းမွန်သော ဂုဏ်သတင်းရှိပေသည်။

ယခု သူတို့က လက်တွေ့ကြုံတွေ့ရကာ မည်သူမှ လက်လွှတ်မခံလိုကြပေ။

“အဟမ်း… သရုပ်ပြခန်းဆောင်မှာ ဓားသိုင်းသရုပ်ပြတာနဲ့ပတ်သက်ပြီးတော့ ဆုကြေးတွေ ရှိတယ်မလား”

ထိုစဉ် မည်သည့်အချိန်က ရောက်နေမှန်းမသိသော ဟွမ်လောင်လျှိုသည် ဂိုဏ်းသားများထဲမှ တိုးထွက်လာကာ အော်ဟစ်လိုက်သည်။

သူက လုချန်းဖျင်၏လက်ကို ကိုင်ဆွဲထားကာ နောက်လက်တစ်ဖက်အား သူ့ပေါင်တွင် ပွတ်သပ်လိုက်သည်။

ဘေးနားတွင် ရပ်နေသော ဟယ်ရွှမ်ချီသည် အလျင်အမြန် သူ၏အိပ်ကပ်ထဲမှ ဝိညာဉ်ကျောက်တုံး ၂တုံးကို ထုတ်ကာ ဟန်မူယဲ့အား ကမ်းပေးသည်။

“ကျုပ် နည်းနည်း တုံးအသွားတာပါ။ စီနီယာအစ်ကိုဟန်က ကျုပ်ကို ဓားသိုင်း သင်ပေးတယ်။ ကျုပ်က ဘယ်လိုလုပ် လက်ဗလာနဲ့ ရောက်လာရတာလဲ”

ဟွမ်လောင်လျှိုက ကောင်းရှောင်ရွှမ်အား ကြည့်လိုက်သည်။

အမှန်တကယ်အားဖြင့် တကူးတက မေးနေစရာ မလိုပါ။ ကောင်းရှောင်ရွှမ်ကား ရှေ့ကို လှမ်းသွားပြီးဖြစ်ကာ ဟယ်ရွှမ်ချီ၏လက်ထဲမှ ဝိညာဉ်ကျောက်တုံးအား ယူလျှက် သူ၏အိပ်ကပ်ထဲ ပစ်ထည့်လိုက်သည်။

All Chapters