← Chapters

ပြီးပြည့်စုံသောရလဒ်ကိုမျှော်လင့်

Vol. 61 Ch. 858

ပြီးပြည့်စုံသောရလဒ်ကိုမျှော်လင့်

Vol. 61 Ch. 858

အခန်း (၈၅၈) ပြီးပြည့်စုံသောရလဒ်ကိုမျှော်လင့်

“အထက်ဘုံကမ္ဘာရဲ့ပတ်ဝန်းကျင်က ကျွန်မအတွက် အစွန်းရောကရှစ်ပါးကမ္ဘာနဲ့ သမုဒ္ဒရာကမ္ဘာထက်ပိုပြီး အန္တရယ်များတာလား”

ရန်ကျောက်ကဲစကားကိုနားထောင်ပြီးနောက် စစ်ခုန်ချင်းက တိုးတိတ်စွာမေးသည်။

ရန်ကျောက်ကဲက...

“အစွန်းရောက်ရှစ်ပါးကမ္ဘာနဲ့တော့မတူဘူး ၊ အဲဒီမှာက မင်းရဲ့ထူးခြားချက်ကို အဘိုးအို’မော့’ ရဲ့တပည့်တစ်ယောက်ကပဲ သိထားတာ ၊ ဒါပေမဲ့ အထက်ဘုံကမ္ဘာမှာတော့ မင်းလိုလူမျိုးလူတွေက တစ်ခုခုထူးခြားတယ်ဆိုတာကို သိရှိတဲ့သူတွေ ပိုများနေနိုင်တယ် ၊ ပြီးတော့ ယွဲ့ပေါင်ချီနဲ့ လီချန်တို့ကလည်း သာမန်လူတွေ မဟုတ်ဘူးလေ”

သူက ခဏနားပြီးမှ စကားဆက်ပြောသည်။

“အဲဒါအပြင် ယွဲ့ပေါင်ချီ ၊ လီချန်နဲ့ တခြားသူတွေနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တချို့ကိုလည်း ငါရှာတွေ့ထားတယ် ၊ လောလောဆယ် အတည်မပြုနိုင်သေးပေမယ့် နောက်ပိုင်းကျရင်တော့ ဘာလဲဆိုတာ ပြောနိုင်မှာပါ ၊ ဂိုဏ်းတူညီမလေး’စစ်ခုန်’ ... မင်းတောင်အောက်ကိုဆင်းပြီး ပြင်ပလောကိုသွားမယ်ဆိုရင် အထူးသတိထားဖို့လိုအပ်တယ်”

သူ့စကားကြားတော့ စစ်ခုန်ချင်းက မျက်နှာပျက်သွားခြင်းမရှိပေ။

သူမပုံစံက နဂိုအတိုင်းပင် အေးစက်စက်ဖြင့် ခေါင်းညိတ်လိုက်သည်။

“စိတ်ချပါ ဂိုဏ်းတူအစ်ကိုကြီး’ရန်’ ၊ ကျွန်မ နားလည်ပါတယ်”

ရန်ကျောက်ကဲက...

“ဟုတ်ပြီ... မင်းနားလည်တာကောင်းတယ် ၊ ပြီးတော့ အခြေအနေတစ်ခုခုကြုံလာရင် အဆင်ပြေသလိုလှုပ်ရှားပါ ၊ မင်းလုပ်နိုင်မယ်လို့ ငါ ယုံကြည်ပါတယ်”

ခဏမျှတွေးပြီးနောက် ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ငါ သတင်းကြားတာတော့ မင်းနဲ့ မြောက်ပင်လယ်ဓားခန်းမက ယွဲ့ပေါင်ချီက အ‌‌တော်လေး အဆင်ပြေကြတယ်ဆို”

စစ်ခုန်ချင်းက...

“ဟုတ်ပါတယ်... အစွန်းရောက်ရှစ်ပါးကမ္ဘာတုန်းက ကျောက်စိမ်းပင်လယ်မြို့တော်က အစ်မလီကျင်းဝမ်လိုပဲ သူနဲ့ ကျွန်မ အတော်လေး ခင်ပါတယ် ၊ ဒါပေမဲ့...”

စကားကိုရပ်လိုက်ပြီး စစ်ခုန်ချင်းက မျက်ခုံးများကိုတွန့်ချိုးလိုက်သည်။ သူမ၏မျက်နှာထက် ဤသို့ ခံစားချက်ထုတ်ဖော်ပြသမှုမှာ ရှားပါးဖြစ်ရပ်သာပင်။

ခဏမျှ စဉ်းစားပြီးနောက် သူမ မည်သို့ခံစားရသည်ကို ရန်ကျောက်ကဲ နားလည်သွားသည်။

စစ်ခုန်ချင်းနှင့် ယွဲ့ပေါင်ချီက အတော်လေးခင်မင်ကြသလို ရုပ်ရည်လည်းချွပ်စွပ်ဆင်တူကြသည်။ သို့တိုင် သူတို့နှစ်ယောက်က သွေးသားတော်စပ်ခြင်း မရှိကြပေ။

စစ်ခုန်ချင်းအနေဖြင့် သူတို့နှစ်ယောက်ကြားတွင် ဆက်စပ်မှုမရှိပါက ဤသည်ကို ကံတရားဟုလက်ခံပြီး ယွဲ့ပေါင်ချီကို ပိုမိုခင်မင်မိမည် ဖြစ်သည်။

မရေမတွက်နိုင်သော ထူးခြားဆန်းကျယ်သည့်ဖြစ်ရပ်များတည်ရှိနေသည့် ကျယ်ပြန့်သောလောကအလယ်တွင် အိုးထဲမှ ဆန်စေ့နှစ်ခုကဲ့သို့ ရုပ်ရည်ချင်းလုံးဝဆင်တူသူ မည်မျှ ရှိနိုင်ပါမည်နည်း။

နှစ်ပေါင်းများစွာတည်ရှိခဲ့သော ကျယ်ပြောလှသည့် စကြာဝဠာကြီးထဲတွင် ထိုသို့သောလူတစ်ဦးနှင့် တွေ့ဆုံခွင့်ရခြင်းသည် အမှန်တကယ်ပင် ရှားပါးသောအရာဖြစ်သည်။

သို့သော် ပြဿနာမှာ ပထမဆုံးအကြိမ် သူတို့တွေ့ဆုံစဉ်ကတည်းက သိုင်းဆရာသခင်တစ်ယောက်ဖြစ်နေပြီဖြစ်သော စစ်ခုန်ျင်းသည် ယွဲ့ပေါင်ချီ၏ စိတ်ဝိညာဉ်အတွင်းထဲ၌ နက်ရှိုင်းစွာဖုံးကွယ်ထားသော အင်းသင်္ကေတကို တွေ့မြင်နိုင်ခဲ့သည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် သူတို့နှစ်ယောက် လုံးဝပတ်သက်ဆက်နွယ်ခြင်းမရှိဆိုသောအချက်မှာ မဟုတ်ခဲ့ပေ။

စစ်ခုန်ချင်းရင်ထဲ မလွဲဧကန် ပူပန်ခဲ့မိသည်ပင်။

ရန်ကျောက်ကဲကတော့ အချိန်အတော်ကြာကတည်းက ထိုသို့ဖြစ်မည်ကို မျှော်လင့်ထားသဖြင့် စစ်ခုန်ချင်းအတွက် လျှို့ဝှက်စီစဉ်ပေးထားခဲ့သည်။ ထို့ကြောင့် ယွဲ့ပေါင်ချီက စစ်ခုန်ချင်း၏ ဝိညာဉ်အတွင်းပိုင်းမှ အင်းသင်္ကေတကို ရှာတွေ့နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ယွဲ့ပေါင်ချီအနေဖြင့် ဤကိစ္စကို သတိမမူမိဘဲ သူတို့ကြားမှ ဆက်နွယ်မှုကိုလည်း များစွာတွေးတောမိခြင်း မရှိခဲ့ပေ။

မြောက်ပင်လယ်ဓားခန်းမက ဝါဒတောင်နှင့် ကောင်းမွန်သောဆက်ဆံရေးရှိသဖြင့် စစ်ခုန်ချင်းကိုပင် မတူကွဲပြားစွာ သိမြင်ကြပြီး အထူးအကောင်းမြင်ဆက်ဆံခဲ့ကြသည်။

ယွဲ့ပေါင်ချီက စစ်ခုန်ချင်းကို ညီမလေးတစ်ယောက်ပမာ သဘောထားသည်။

စစ်ခုန်ချင်းက အပြင်ပန်းအေးစက်သူဖြစ်သော်လည်း သူမက သွေးအေးသူမဟုတ်သလို ကောက်ကျစ်ယုတ်မာသူတစ်ယောက်လည်း မဟုတ်ပေ။

သူမက ယွဲ့ပေါင်ချီနှင့်အတော်လေး ပေါင်းရသင်းရလွယ်သည်ဟု ခံစားခဲ့ရသော်လည်း စိတ်ထဲမှာတော့ ဖိအားများစွာ ခံစားနေရသည်။

ရန်ကျောက်ကဲက...

“ငါ့ကို အချိန်နည်းနည်းလောက်ပေးပါ ၊ မင်းတို့ကြားကပြဿနာကဘာလဲဆိုတာ ငါ အဖြေရှာပြီးရင် ယွဲ့ပေါင်ချီကို ပွင့်ပွင့်လင်းလင်းပြောဖို့ မင်းဆုံးဖြတ်နိုင်ပါတယ်”

“ဒါပေမဲ့ ငါတစ်ခုမှာချင်တာက... အမှန်တရားကိုသိသွားတာက ယွဲ့ပေါင်ချီအတွက်ရော မြောက်ပင်လယ်ဓားခန်းမအတွက်ရော ကောင်းတဲ့ကိစ္စ မဟုတ်ဘူး”

စစ်ခုန်ချင်း ခေါင်းညိတ်လိုက်သည်။

သူမက စိတ်ဓာတ်ခိုင်မာသူတစ်ယောက်ဖြစ်လေရာ စိတ်ခံစားချက်များကို အလျှင်အမြန်ပြောင်းလဲပြီး ထိုအကြောင်းကို ဆက်မတွေးတော့ပေ။ ထို့ကြောင့် စိတ်ခံစားချက်များက သူမကို မထိခိုက်စေခဲ့ပေ။

စစ်ခုန်ချင်းက...

“ဆရာ့ဆီကသတင်းကြားတာတော့ ဂိုဏ်းတူအစ်ကိုကြီး’ရန်’ ဒီတစ်ခေါက် ခရီးထွက်သွားတာ တခြားမျိုးနွယ်တွေက လူငယ်တန်ခိုးစွမ်းအားရှင်တွေအများကြီးနဲ့ ဆုံခဲ့ရတယ်ဆို”

ရန်ကျောက်ကဲက...

“အမှန်ပဲ ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက သခင်မလေး’ကောင်းချင်’ ... သူက စန့်ချင်အဆက်အနွယ်ပဲ ၊ ပြီးတော့ ခွန်လွန်တောင် မြောက်ဖေးတောင်ထွတ်က ဖုချင်နဲ့လည်းတွေ့ခဲ့တယ် ၊ သူတို့အားလုံးက အရမ်းထူးချွန်ကြတယ်”

စစ်ခုန်ချင်းမျက်နှာထက် မျှော်လင့်တောင့်တမှုအရိပ်အယောင် အနည်းငယ် ထင်ဟပ်လာသည်။

“အထက်ဘုံကမ္ဘာက အစွန်းရောက်ရှစ်ပါးကမ္ဘာနဲ့ လုံးဝမတူဘူးပဲ”

ထိုစကားကိုကြားတော့ ရန်ကျောက်ကဲ ပြုံးလိုက်သည်။

ဖုထင်ပဲဖြစ်ဖြစ် ကောင်းချင်ပဲဖြစ်ဖြစ် သူတို့ (၂)ယောက်လုံးက ငယ်ရွယ်သူများဖြစ်ကြပြီး အတွေ့အကြုံမရှိသည့် မိန်းမပျိုလေးများပမာဖြစ်ကြသော်လည်း သူတို့က စစ်ခုန်ချင်းထက် အများကြီးအချိန်စောကာ ကျင့်ကြံခဲ့ကြသူများ ဖြစ်ကြသည်။

အသက်အရွယ်တူညီသူများကြားတွင် ကြည့်မည်ဆိုလျှင် စစ်ခုန်ချင်းသည် ‘ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာ’ နှင့် ‘စိတ်စေရာမိုးကြိုးစွမ်းအား’ ကို စတင်ကျင့်ကြံနေပြီဖြစ်ရာ အထက်ဘုံကမ္ဘာတွင် ထူးချွန်သူတစ်ယောက်ဖြစ်လာရန် လုံလောက်နေပြီ ဖြစ်သည်။

ဖုထင်နှင့် ကောင်းချင်တို့ကတော့ စစ်ခုန်ချင်းထက် အားသာချက်ရှိကြသည်။ နှစ်ပေါင်းများစွာ အဆင်သင့်ပြင်ဆင်ခင်းကျင်းထားသော လမ်းကြောင်းပေါ်တွင် သူတို့က အဆင်ပြေပြေကျင့်ကြံနိုင်သည့်အတွက် တိုးတက်မှုလည်း မြန်ဆန်ကြခြင်း ဖြစ်သည်။

တစ်ချိန်တည်းပင် ဖန်းယွင်ရှန်း ၊ စစ်ခုန်ချင်း ၊ ယင်လုန်ထူ ၊ ရွှီဖေးနှင့် ရှီကျွင်းတို့က ယခုမှ ထိုသို့သောလမ်းကို စတင်လျှောက်လှမ်းကြရခြင်း ဖြစ်သည်။

အပိုစကားများပြောနေရန်မလိုအပ်ကြောင်း ရန်ကျောက်ကဲက စစ်ခုန်ချင်းကို စိတ်ချထားပြီး ဖြစ်သည်။ အခြေအနေများကို အတိုချုပ်ရှင်းပြလိုက်သည်နှင့် သူမက အဆင်ပြေလေသည်။

ထိုကြောင့် စစ်ခုန်ချင်းအတွက် ရန်ကျောက်ကဲ စိတ်သက်သာရာရခဲ့သည်။

သူမကို နှုတ်ဆက်ပြီးနောက် ရန်ကျောက်ကဲက သူနေထိုင်ရာသို့ ပြန်လာခဲ့သည်။

ထို့နောက် ရန်ကျောက်ကဲက တိတ်ဆိတ်သည့်အခန်းတစ်ခုထဲတွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး မျက်လုံးများကိုမှေးမှိတ်ကာ စတင်ကျင့်ကြံသည်။

ခဏအကြာမှာတော့ ရန်ကျောက်ကဲက လက်တစ်ဖက်ကိုဆန့်ထုတ်ပြီး လက်ဖဝါးကို ရှေ့သို့တွန်းထုတ်လိုက်သည်။

အနက်ရောင်နှင့်အဖြူရောင် ယင်နှင့်ယန် ချီစွမ်းအား (၂)ခု ရောယှက်သွားပြီး ရန်ကျောက်ကဲလက်ဖဝါးထက်တွင် ပေါင်းစုံသွားသည်။

ထို့နောက် ရန်ကျောက်ကဲက သူ၏အခြားလက်တစ်ဖက်ကိုဆန့်ထုတ်လိုက်ပြီး လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် စက်ဝိုင်သဏ္ဌန်ပြုလုပ်လိုက်သည်။

သူ၏လက်နှစ်ဖက်က ယင်နှင့်ယန်ကို ပွေ့ပိုက်လျှက် မိုးမြေတစ်ခွင်ကို ဝန်းရံထားသည်။ အဖြူရောင်နှင့်အနက်ရောင်ချီစွမ်းအားရောယှက်ပြီး ဦးခေါင်းနှင့်အမြီး ချိတ်ဆက်ထားသော ယင်ယန်ငါး (၂)ကောင်အဖြစ်ပြောင်းလဲကာ ရန်ကျောက်ကဲ၏ လက်ဖဝါးအတွင်းလှည့်ပတ်နေသည်။

ထိုသို့လှည့်ပတ်နေပြီးနောက် လေထုထဲမှ ဝိညာဉ်စွမ်းအားများ လုံးဝပျက်ဆီးသွားကာ ယင်နှင့်ယန်တွေ့ဆုံသည့် ဆုံချက်အတွင်းသို့ ပြိုကျသွား၏။

သို့သော် ရန်ကျောက်ကဲ၏ ခိုင်ခန့်စွာထိန်းချုပ်ထားမှုအောက်တွင် ရှိနေသဖြင့် ဤဖြစ်စဉ်က ပတ်ဝန်းကျင်ကို ထိခိုက်ခြင်း မရှိပေ။

အဆက်မပြတ်လှည့်ပတ်နေသော ထိုက်ကျိကားချပ်က တဖြည်းဖြည်း အသက်ဝင်လာသည်။

ရန်ကျောက်ကဲ၏မျက်နှာအမူအရာက တည်ငြိမ်နေပြီး သူ၏မျက်ဝန်းများက အာရုံစူးစိုက်နေသည်။

ကျူတောပင်လယ်ဒေသသို့ ဧကရာဇ်ရွှမ်ချန် ပြန်လည်ရောက်ရှိလာသည်ဖြစ်ရာ မူလက လုံးဝပြောင်းလဲသွားပြီဖြစ်သော ကျူတောပင်လယ်ဒေသ မိုးမြေတစ်ခွင်တွင် ကြီးမားသောအနှောက်အယှက်များ ထပ်မံဖြစ်ပေါ်လာသည်။

တစ်ခဏအတွင်း ရေအောက်လျှို့ဝှက်စီးကြောင်းများက မြင့်တက်လာပြီး လူတိုင်းတိတ်ဆိတ်ငြိမ်သက်သွားကြသည်။

ဧကရာဇ်ရွှမ်ချန်က သိုင်းသူတော်စင် အဋ္ဌမအဆင့်ဖြစ်ပြီး တာ့ရွှမ်တိုင်းပြည်၏မြို့တော်ကို စောင့်ကြပ်နေခဲ့သည်။ တာ့ရွှမ်တိုင်းပြည်ကလည်း နှစ်ပေါင်းရာချီတည်ရှိခဲ့သည်ဖြစ်ရာ အိမ်ကွင်းအသာစီးရရှိထားသည်။

သူနှင့်အတူ အခြားသော အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ပါဝင်မည်ဆိုပါက လင်ဟန့်ဟွာသည်ပင် ဧကရာဇ်ရွှမ်ချန်ကို အနိုင်ယူနိုင်မည်မဟုတ်ပေ။

ဝါဒတောင် ၊ မြောက်ပင်လယ်ဓားခန်းမ ၊ ကြေးနီကျွန်းနှင့် အခြားအင်အားစုများ ပူးပေါင်းတိုက်ခိုက်မည်ဆိုလျှင်လည်း လက်ရှိအခြေအနေအရ တာ့ရွှမ်တိုင်းပြည်ကို တိုက်ခိုက်နိုင်မည် မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် ဧကရာဇ်ရွှမ်ချန်ကလည်း ကောင်းကင်စွမ်းအားအစီအရင်ကို လုပ်ဆောင်နေသည်ဖြစ်ရာ အရှေ့တောင်ထိပ်တတန်းအရှင်သခင်၏သဘောထားကို အာရုံစိုက်နေခဲ့သည်။

ထိုအစီအရင်က သူတို့မျိုးဆက် (၃)ဆက် ဤနှစ်ပိုင်းအတွင်း လုပ်ဆောင်ခဲ့သော ကိစ္စတစ်ခုပင် မဟုတ်ပါလား။

ခန်းဖင်း ၊ ဟယ်တုန်းချန်နှင့် ကုကျန်းတို့ အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများဖြစ်သော တိမ်လွှာအလင်းဓားနှင့်အတူ သဘာဝပသာဒနယ်မြေမှ ပြန်ထွက်လာသည့်အခါ ဤ အမတကူးပြောင်းခြင်းအဆင့် သူတော်စင်သုံးဦး၏အကူအညီဖြင့် တာ့ရွှမ်တိုင်းပြည်က ကြီးမားသော တန်ပြန်တိုက်ခိုက်မှုကို အသေအချာပြုလုပ်နိုင်မည်ဖြစ်သည်။

ထိုအချိန်ရောက်လျှင် ယခုဖြစ်ပေါ်နေသည့် လျှို့ဝှက်ရေစီးကြောင်းများက လှိုင်းလေပြင်းထန်သည့် မုန်တိုင်းပမာ တိုက်ပွဲရလဒ်ကိုအဆုံးအဖြတ်ပေးမည် ဖြစ်သည်။

ဧကရာဇ်ရွှမ်ချန် ပြန်ရောက်လာခြင်းနှင့်ပတ်သက်ပြီး ရန်ကျောက်ကဲစိတ်ထဲ အထူးစိုးရိမ်နေခဲ့သည်။

ထိုသို့ဆိုလျှင် တစ်ချိန်က ကျူတောပင်လယ်ဒေသမှ သဲလွန်စမရှိပျောက်ကွယ်သွားခဲ့သော ရှန်လင်ကျီနှင့် တာအိုဆရာ’ရှီ’ တို့သည်လည်း ရုတ်တရက် ပြန်ရောက်မလာဘူး မပြောနိုင်ပေ။

သူတို့သာပြန်ရောက်လာလျှင် လှိုင်းလေပြင်းထန်သည့်မုန်တိုင်းများက ဧရာမဆူနာမီအဖြစ်သို့ပြောင်းလဲသွားမည်မှာ အသေအချာပင်။

ထို့ကြောင့် တိုက်စစ်ဖြစ်စေ ခံစစ်ဖြစ်စေ မည်သို့သောတိုက်ပွဲမျိုးအစပြုပါစေ ရန်သူကိုတွန်းလှန်နိုင်ရန် မိမိကိုယ်ကိုယ်တိုးတက်အောင်ကြိုးစားရမည်မှာ မလွဲမသွေ ဖြစ်သည်။

ရန်တိနှင့် အခြားသောတပည့်များအားလုံး အပြင်းအထန် ကျင့်ကြံနေကြသည်။

ရန်ကျောက်ကဲသည်လည်း ချွင်းချက်မရှိပေ။

သူသွားချင်သည့်လမ်းအတွက်လည်း အစီအစဉ် ရေးဆွဲထားပြီး ဖြစ်၏။

ယခု လက်ထဲတွင် ‘နတ်ဘုရားထောင်ချောက်ဓားသိုင်း’ ရရှိထားပြီဖြစ်ရာ နောက်ထပ်အများကြီး မျှော်လင့်ထားနိုင်ပြီဖြစ်သဖြင့် သူ့အတွက် ပြင်ဆင်မှုများကသာလျှင် ပိုမိုအရေးကြီးသည်။

ရန်ကျောက်ကဲက ပြီးပြည့်စုံသောရလဒ်တစ်ခုဖြင့် ကျင့်ကြံခြင်းအဆင့်တက်ရောက်နိုင်ရန် မျှော်လင့်သည်။

လက်ရှိမှာတော့ နောက်ဆုံးအနေဖြင့် ခက်ခဲသောအတားအဆီးကို ကျော်ဖြတ်ရန် ကြိုးစားနေရလေသည်။

All Chapters