နောက်နေတာလား
Vol. 61 Ch. 860
အခန်း (၈၆၀) နောက်နေတာလား
ရန်ကျောက်ကဲက သူ့ခန္ဓာကိုယ်ထဲတွင် ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို တိတ်တဆိတ်လှည့်ပတ်လိုက်ပြီး အဆုံးမရှိပြိုင်ဘက်ကင်းခြင်း၏ ပရမ်းပတာချီစွမ်းအားများမှတစ်ဆင့် မရှိမှုအဖြစ်သို့ ပြောင်းလဲသွားသည်။
ဤအခြေခံအုတ်မြစ်မှတစ်ဆင့် ရန်ကျောက်ကဲသည် ရှန်းထျန်းဝူထိုက်မှ ‘ထိုက်ယိ’ ၏ နက်နဲသောအရာအချို့ကို နားလည်သဘောပေါက်နေပြီဟု ခံစားမိသည်။
ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ သို့မဟုတ် ‘ထိုက်ယိ’ ပဲဖြစ်ဖြစ် နှစ်ခုလုံးက နက်နဲပြီး ဆုပ်ကိုင်ရခက်ခဲကာ ပြောမပြနိုင်လောက်အောင် ခန့်မှန်းရခက်လှသည်။
ထိုအကြောင်းများကို သူ စဉ်းစားနေစဉ်မှာပင် သူ့စိတ်က မှန်ကန်သည့်လမ်းကြောင်းမှ သွေဖည်သွားခဲ့ပြီး သူ၏ ရည်ရွယ်ချက်အမှန်ကိုနားလည်ရန် ခက်ခက်ခဲခဲဖိအားပေးရခြင်းကို ကြုံတွေ့လာရသည်။
သို့သော် ဤသို့ဖြစ်ရသည့်အတွက် ရန်ကျောက်ကဲက နောင်တရခဲ့ခြင်း မရှိပေ။
သူက ‘ထိုက်ယိ’ ကို ရိုးရှင်းစွာပင် လေ့လာသုံးသပ်ပြီး ရှန်းထျန်းဝူထိုက်၏ အခြေခံဖြစ်သော ထိုက်ကျိကို ထပ်ပြီး ခွဲခြမ်းစိတ်ဖြာကြည့်သည်။
အထပ်မြင့်အဆောက်အအုံတစ်ခုတည်ဆာက်ရာတွင် အခြေခံအုတ်မြစ်၏ သဘောသဘာဝကိုနားလည်ရမည်ဖြစ်သလို ရိုးရှင်းစွာတည်ဆောက်ရမည်ဖြစ်သည်။ သို့မှသာ နောက်ပိုင်းဆက်လက်လုပ်ဆောင်ခြင်းများတွင် အားထုတ်မှုနည်းနည်းဖြင့် အောင်မြင်မှုများများ ရရှိပေမည်။
ထိုက်ကျိကားချပ်က တဖြည်းဖြည်းနှေးကွေးစွာလည်ပတ်နေရာမှ တည်ငြိမ်သွားသည်။
ယင်နှင့်ယန်ကားချပ်က လှည့်ပတ်မနေတော့ဘဲ ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက် တုန်လှုပ်သွားသည်။
တိတ်ဆိတ်နေသောအခန်း၏အတွင်းပိုင်းသည် ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာမှ ကွဲကွာသွားသည့်အလား ထင်မှတ်ရသည်။
ထို့နောက်မှာတော့ ထိုက်ကျိကားချပ်၏စွမ်းအားဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး ပိုမိုထင်သာမြင်သာဖြစ်လာပြီးနောက် တစ်ဆက်တည်းပင် ပတ်ဝန်းကျင်တစ်ခုလုံးမှအရာအားလုံး ပြိုကျပျက်ဆီးသွားသည်။
ထိုကျိကားချပ်က ဖြည်းဖြည်းချင်း တဖန်ပြန်လည် လည်ပတ်လာသည်။
အရာအားလုံးက မူလအတိုင်းပြန်ဖြစ်သွားပြီး ယင်နှင့်ယန်အဖြစ်ပြောင်းလဲကာ ထိုက်ကျိကားချပ်နှင့် ပေါင်းစပ်သွားသည်။
ထိုအခါ ထိုက်ကျိ၏စွမ်းအားက ပိုမိုမြင့်မားလာသည်။
ရန်ကျောက်ကဲက ဝမ်းနည်းခြင်း ဝမ်းသာခြင်းမရှိ တည်ငြိမ်သောအမူအရာဖြင့် သူ့အရှေ့အမှ အရာအားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေသည်။
သူက လှည့်ကွက်အချို့ကို တဖြည်းဖြည်းနားလည်လာပြီး ယင်ယန်ကောင်းကင်ကျမ်းစာမှ လျှို့ဝှက်ဆန်းကျယ်သော စွမ်းအားကို ထိုက်ကျိယင်ယန်လက်ဝါးသိုင်းအဖြစ် မည်သို့ပြောင်းလဲရမည်ကို နားလည်လာသည်။
သို့သော် အပြည့်အဝ နားလည်ရန်အတွက် ခရီးရှည်ကြီးလျှောက်လှမ်းရမည်ပင်။
သို့သော် ရန်ကျောက်ကဲက သံသယဝင်စရာမလိုအောင် အစကောင်းခဲ့သည်။
သိုင်းပညာတစ်ခု စတင်လေ့လာသင်ယူခြင်းတွင် အခက်ခဲဆုံးအပိုင်းမှာ အစပိုင်းပင် ဖြစ်သည်။
ဉာဏ်အလင်းပွင့်ရန်မှာလည်း အစပိုင်းသာလျှင်ခက်ခဲပြီး ကနဦးအဆင့် ကျော်လွန်ပြီးပါက လမ်းကြောင်းအတိုင်းဆက်လျှောက်ရန် လွယ်ကူသွားပေမည်။
အစပြုမှုတစ်ခု အောင်မြင်ပြီဆိုလျှင် တစ်ဝက်အောင်မြင်ပြီဟု ဆိုနိုင်၏။
ယခု အတားအဆီးတစ်ခုကို ဖြတ်ကျော်နိုင်ပြီဖြစ်သဖြင့် ရန်ကျောက်ကဲအနေဖြင့် အဆုံးမရှိပျော်ရွှင်ခြင်းကို ခံစားရသည့်တိုင် စိတ်ထဲမှာတော့ ပို၍ပင် ပဟေဠိ ဖြစ်နေခဲ့သည်။
ရန်ကျောက်ကဲက မှန်ကန်သည့် သိုင်းပညာလမ်းကြောင်းပေါ်တွင် ရှိနေကြောင်း အတည်ပြုနိုင်ပြီ ဖြစ်သည်။ ပြတ်ပြတ်သားသားပြောရလျှင် သူ၏အရည်အချင်းနှင့် ဉာဏ်ရည်က ထူးခြားပြီး သန့်စင်သည်။
ပြင်ပရင်းမြစ်အမျိုးမျိုးအပြင် သူ၏ကိုယ်ပိုင်အရည်အချင်းကလည်း အလွန်ထူးခြားကောင်းမွန်သောကြောင့် ဤအဆင့်အထိ ရောက်ရှိခဲ့ခြင်း ဖြစ်၏။
သူက ကြွားဝါတတ်ပြီး အခြားသူများရှေ့တွင် မိမိတော်ကြောင်း ပြသရသည်ကို နှစ်သက်သော်လည်း ရန်ကျောက်ကဲကိုယ်တိုင်က ထိုသို့နေထိုင်ပြုမူရန် မွေးဖွားလာသူဟု ဆိုနိုင်သည်။
အရင်ကတည်းကပင် ရန်ကျောက်ကဲက မည်သည့်သိုင်းပညာကိုမှ အထူးသဖြင့် အားကိုးခြင်း မရှိပေ။
တူညီသောကျင့်ကြံခြင်းအဆင့်ရှိသူများတွင် ရန်ကျောက်ကဲက တစ်ပန်းသာရသည့်အကြောင်းရင်းမှာ သူ၏သိုင်းပညာတစ်ခုချင်းအပေါ် စိတ်ဝင်စားမှုနှင့် နားလည်သဘောပေါက်ရန် ပိုမိုအားစိုက်ထုတ်မှုများကြောင့် ဖြစ်သည်။
ဤလောကတွင် အချို့သောသိုင်းကျင့်ကြံသူများသည် ကိုယ်နှင့်ကိုက်ညီသော သိုင်းပညာရပ်များကို ကျင့်ကြံနိုင်ပြီး အရှိန်အဟုန်ဖြင့် ကျင့်ကြံခြင်းအဆင့်မြင့်တက်သွားသူများ ရှိကြသည်။
သို့သော် ရန်ကျောက်ကဲကတော့ ထိုသို့မဟုတ်ပေ။
ရန်ကျောက်ကဲက “သိုင်းပညာရပ်များအားလုံးကို တန်းတူညီမျှ နှစ်သက်သဘောကျသူ” ဖြစ်ပြီး အခြားသူများနှင့် မတူကွဲပြားစွာ နားလည်အောင်ကြည့်ရှုတတ်သူပင်။
သူက ယွိချင်အဆက်အနွယ်၏ မူကောင်းကင်ကျမ်းစာနှင့် စန့်ချင်အဆက်အနွယ်၏ နတ်ဘုရားအဆုံးသတ်ဓားသိုင်းကို ကျင့်ကြံထားသော်လည်း သူ၏နားလည်သိမြင်မှုအရ ထိုသိုင်းပညာများ၏ အနှစ်သာရက ကွာခြားမှု သိပ်မရှိလှပေ။
သို့သော် ထိုက်ချင်အဆက်အနွယ် သိုင်းပညာကို ကျင့်ကြံရာတွင် တိုးတက်မှုက အလွန်တရာချောမွေ့သည်ဟု ရန်ကျောက်ကဲ ခံစားမိသည်။
“နောက်နေတာလား ၊ ဒီအစ်ကိုကြီးက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကိုစတင်လေ့ကျင့်ခဲ့ပြီး အခု မူလကောင်းကင်ကျမ်းစာ (၃)ခုကို ကျင့်ကြံအောင်မြင်ထားတယ် ၊ ပြီးတော့ နတ်ဘုရားအဆုံးသတ်ဓားသိုင်းကိုလည်း ကျင့်ကြံထားတယ် ၊ ဒါပေမဲ့ ဒီနှစ်တစ်လျှောက် ကျင့်ကြံခဲ့တာမှာ ထိုက်ချင်အဆက်အနွယ်သိုင်းပညာက ကျင့်ကြံလို့အလွယ်ကူဆုံး ဖြစ်နေတယ်”
ထိုသို့တွေးမိတော့ ရန်ကျောက်ကဲ ငိုရမလား ရယ်ရမလားမသိ ဖြစ်သွားသည်။
“အရင်တုန်းက ကောင်းကင်ဘုံနန်းတော် သိုင်းကျမ်းစာကြည့်တိုက်ထဲမှာ မူလကောင်းကင်ကျမ်းစာ (၄)စောင်နဲ့ နတ်ဘုရားအဆုံးသတ်ဓားသိုင်းရှိခဲ့ပေမယ့် ထိုက်ချင်အဆက်အနွယ် တိုက်ရိုက်သိုင်းပညာတွေကတော့ အတော်လေး ရှားပါးခဲ့တာ...”
ဤသည်က တိုက်ဆိုင်မှုတစ်ခုဆိုလျှင် တကယ့်ကို တိုက်ဆိုင်လွန်းလှသည်။
ရန်ကျောက်ကဲက တိုက်ဆိုင်မှုများကို အလွန်ယုံကြည်သူ မဟုတ်ပေ။ အထူးသဖြင့် တိုက်ဆိုင်မှုက အလွန်ထူးခြားသည်ဟု ထင်ရသောအခါများတွင် သူက မယုံကြည်တတ်ပေ။
သို့သော် အခုအချိန်မှာတော့ သူ့မှာပြောစရာသဲလွန်စများမရှိသည့်အတွက် ထိုကိစ္စကိုဘေးဖယ်ထားပြီး သံသယများကို ရင်ထဲသိမ်းဆည်းထားရုံသာ တတ်နိုင်သည်။
ရန်ကျောက်ကဲအနေဖြင့် အားစိုက်ထုတ်ဖြေရှင်းရန် လိုအပ်နေသောကိစ္စမှာ လက်ရှိကိစ္စသာလျှင် ဖြစ်၏။
ရန်ကျောက်ကဲ ကျင့်ကြံနေခြင်းကို ရပ်တန့်လိုက်ပြီး ထိုက်ကျိကားချပ်နှင့် ယင်ယန်ချီစွမ်းအားတို့ကို ဖယ်ရှားလိုက်ပြီး မတ်တတ်ထရပ်ကာ အခန်းအပြင်သို့ ထွက်လာခဲ့သည်။
“ဒါပေမဲ့ ထိုက်ကျိယင်ယန်လက်ဝါးသိုင်းကို အပြည့်အဝနားလည်သဘောပေါက်ဖို့က တစ်ရက်နှစ်ရက်လောက်နဲ့ ပြီးသွားမယ့်ကိစ္စတော့ မဟုတ်ဘူး ၊ ဒါကိုပြန်သုံးသပ်ဖို့ အချိန်အများကြီးလိုအပ်တယ်”
ရန်ကျောက်ကဲ တွေးလိုက်သည်။
“အချိန်က လူကိုမစောင့်ဘူး ၊ ငါတွက်တာ မမှားဘူးဆိုရင် သဘာဝပသာဒနယ်မြေမှာ ပိတ်မိနေတဲ့ ခန်းဖင်းတို့အုပ်စု နောက် (၃)နှစ်ကနေ (၅)နှစ်အတွင်း ပြန်ထွက်လာတော့မယ်”
ထိုအကြောင်းစဉ်းစားရင်း ရန်ကျောက်ကဲ ဖခင်ဖြစ်သူ ရန်တိထံသို့ ထွက်ခွာလာသည်။
လက်ရှိတွင် ရန်တိက ဂိုဏ်း၏ အတွင်းရေးကိစ္စများကို ကိုင်တွယ်နေပြီး အစီအစဉ်အချို့ကိုပြုလုပ်နေသဖြင့် ကျင့်ကြံခြင်းပြုလုပ်နေခြင်း မရှိပေ။
ယခုဆိုလျှင် ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာ ၊ ဝိညာဉ်နယ်မြေတွင် ဝါဒတောင်ဌာနချုပ် တည်ထောင်ထားပြီဟု ယူဆနိုင်ပြီ ဖြစ်၏။
အစွန်းရောက်ရှစ်ပါးကမ္ဘာမှတက်လာသော ရန်တိနှင့် ယွမ်ကျန်းဖုန်းအပြင် ရန်ကျောက်ကဲ၏ ကောင်းကင်ချိတ်ဆက်ကျောက်စိမ်းပြားဖြင့် အထက်ဘုံကမ္ဘာသို့ရောက်လာကြသော ဖန်ကျွင်း ၊ ဖူအန်းစု ၊ ယင်လုန်ထူနှင့် စစ်ခုန်ချင်းတို့လည်း ရှိနေကြသည်။
လက်ရှိတွင် ဝါဒတောင်ဂိုဏ်းက လူအင်အားနည်းပါးနေသေးသော်လည်း နေ့စဉ်လုပ်ငန်းများကို ထိန်းသိမ်းထားနိုင်ပြီဖြစ်သလို အခြေခံမူများကိုလည်း ချမှတ်ပြီး ဖြစ်သည်။
တရားဝင် တောင်တံခါးဖွင့်ပြီး တပည့်များလက်ခံခြင်းကိုသာ ယာယီအားဖြင့် ရွှေ့ဆိုင်းထားခဲ့လေသည်။
ဧကရာဇ်ရွှမ်ချန် ကျူတောပင်လယ်ဒေသသို့ ပြန်ရောက်လာခြင်းက ဤဒေသမှလူအများကို နောက်တစ်ကြိမ် စိတ်နှလုံးမတည်မငြိမ် ဖြစ်စေခဲ့သည်။
ဝါဒတောင်က တိုက်ပွဲကြီးတစ်ခုကို ဖြတ်ကျော်ခဲ့ရသော်လည်း အထက်ဘုံကမ္ဘာတွင် လုံးဝ တည်ငြိမ်စွာ ရပ်တည်နိုင်ခဲ့သည်။
တိုက်ပွဲအောင်နိုင်ခြင်းနှင့်အတူ ဝါဒတောင်သည် ဤအထက်ဘုံကမ္ဘာတွင် အခိုင်အမာ ခြေကုပ်ရယူနိုင်ခဲ့ပြီး ကျူတောပင်လယ်ဒေသသာမက အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်တစ်ခုလုံးတွင်ပင် ဂုဏ်သတင်းမြင့်မားလာခဲ့သည်။
ဝါဒတောင်က တာ့ရွှမ်တိုင်းပြည်နေရာကိုပင်အစားထိုးလာခဲ့ပြီး ကျူတောပင်လယ်ဒေသ၏ အုပ်စိုးသူအသစ်ပမာ လွှမ်းမိုးနိုင်စွမ်းမြင့်မားမှုကို သိမ်းပိုက်ခဲ့သည်။
ဤသို့သောအချိန်မျိုးတွင် တောင်တံခါးဖွင့်ပြီး တပည့်များလက်ခံရန် အကောင်းဆုံးအချိန် ဖြစ်သည်။
ယင်းမတိုင်မီတွင် ဝါဒတောင်လိုအပ်သောအရာမှာ ကျရောက်လာသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ရန်အတွက် ကိုယ်ပိုင်စွမ်းအား စဉ်ဆက်မပြတ်စုဆောင်းပြီး တိုးတက်အောင်ပြုလုပ်ရန် ဖြစ်သည်။
ရန်တိကိုတွေ့တော့ ရန်ကျောက်ကဲက နက်ရှိုင်းသည့် လေသံဖြင့်...
“အဖေ... ကျွန်တော် နှစ်နည်းနည်းလောက် သမုဒ္ဒရာကမ္ဘာကို သွားချင်တယ်”
ရန်တိကလည်း သံစဉ်ကြားရုံဖြင့် တေးသွားကို တန်းသိလိုက်သည်။
“မင်း အချိန်ဘယ်လောက်လိုသလဲ”
သမုဒ္ဒရာကမ္ဘာ၏ ဝိညာဉ်စွမ်းအားများက မီးတောက်မိစ္ဆာကမ္ဘာနှင့် မျောလွင့်ဝိညာဉ်ကမ္ဘာများထက် သိုင်းကျင့်ကြံသူများအတွက် ပိုမိုသင့်တော်သည်။
သို့သော် အထက်ဘုံကမ္ဘာမှ များပြားလှသော ဝိညာဉ်စွမ်းအားများကိုတော့ နှိုင်းယှဉ်မရနိုင်ပေ။
သို့ဖြစ်ရာ ရန်ကျောက်ကဲ သမုဒ္ဒရာကမ္ဘာသို့ သွားရောက်ရသည့်အကြောင်းရင်း တစ်ခုသာ ရှိသည်။ ထိုနေရာမှ လျှင်မြန်သော အချိန်စီးဆင်းမှုကို အသုံးပြုလိုသောကြောင့်သာ ဖြစ်၏။
အထက်ဘုံကမ္ဘာတွင် အချိန် (၁)လကုန်ဆုံးသွားလျှင် သမုဒ္ဒရာကမ္ဘာမှာတော့ အချိန် (၂)နှစ် ကုန်ဆုံးသွားမည် ဖြစ်သည်။
ရန်ကျောက်ကဲက လုံလောက်သောရင်းမြစ်ပစ္စည်းများလည်း စုဆောင်းထားပြီးဖြစ်လေရာ သူ့အတွက် ကျင့်ကြံခြင်းအဆင့်တက်ရန်က ခက်ခဲခြင်း မရှိပေ။
စန်းချင်း (၃)ပါး၏ကျင့်စဉ်များ တစ်ပြိုင်တည်းကျင့်ကြံသည့် ကျင့်စဉ်လမ်းကိုသာ မရွေးချယ်ခဲ့ဘူးဆိုလျှင် မကြာမီအချိန်အတွင်း နတ်ဘုရားသိမြင်ခြင်းအဆင့်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။
လက်ရှိတွင် ရန်ကျောက်ကဲ အဆင့်မတက်နိုင်သေးခြင်းမှာ ပတ်ဝန်းကျင်ဝိညာဉ်စွမ်းအားအပေါ် မူတည်ခြင်းလည်းမရှိသလို ရင်းမြစ်ပစ္စည်းများအပေါ်တွင်လည်း မူတည်ခြင်း မရှိပေ။ သူ့ကို ကန့်သတ်ထားသောအရာက သိုင်းပညာကို နားလည်သဘောပေါက်ရန် လိုအပ်နေခြင်းသာပင်။
သူ့အတွက် ထိုက်ကျိယင်ယန်လက်ဝါးသိုင်းကို စမ်းစစ်လေ့လာရန် အချိန်လိုအပ်နေခြင်းသာ ဖြစ်သည်။ ထို့ကြောင့် အထက်ဘုံကမ္ဘာထက် သမုဒ္ဒရာကမ္ဘာတွင် ကျင့်ကြံရန် ပိုပြီးသင့်တော်သည်.
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း ပွင့်ပွင့်လင်းလင်းပင် ဆိုသည်။
“ပိုးသားဧကရာဇ်ရဲ့သမီးတော် ဖုထင်နဲ့ ကျွန်တော်တိုက်ခိုက်ခဲ့တယ် ၊ အဲဒီကနေတစ်ဆင့် ယင်ယန်ကေင်းကင်ကျမ်းစာကို အခြေခံပြီး သူ့ရဲ့ ထိုက်ကျိယင်ယန်လက်ဝါးသိုင်းကို နားလည်အောင် ကြိုးစားကြည့်ချင်တယ်”
ရန်ကျောက်ကဲ လျှောက်လှမ်းနေသည့် ကျင့်စဉ်လမ်းကို ရန်တိက နားလည်သဖြင့် သားဖြစ်သူတောင်းဆိုသည်ကို မငြင်းဆန်ခဲ့ပေ။
သူက ရန်ကျောက်ကဲစကားကိုနားထောင်ပြီးနောက် ခဏမျှစဉ်းစားရင်း...
“မင်း တစ်ယောက်တည်းသွားမှာလား”