ရန်ကျောက်ကဲတံခါးပိတ်ကျင့်ကြံခြင်း
Vol. 61 Ch. 861
အခန်း (၈၆၁) ရန်ကျောက်ကဲတံခါးပိတ်ကျင့်ကြံခြင်း
“ထိုက်ကျိယင်ယန်လက်ဝါးသိုင်းကို နားလည်သဘောပေါက်ပြီး ပြန်အသုံးချနိုင်ဖို့ဆိုတာ မင်းကိုယ်တိုင်ပဲ လုပ်နိုင်မယ့်အလုပ်ပဲ ၊ တခြားသူတွေ မကူညီနိုင်ဘူး”
ရန်တိက ဆိုသည်။
“ပြီးတော့ စန်းချင်း(၃)ပါး ကျင့်ကြံခြင်းကို တစ်ပြိုင်တည်းကျင့်ကြံတဲ့သူဆိုလို့ မင်းတစ်ယောက်တည်းရှိသလို ထိုက်ကျိယင်ယန်လက်ဝါးသိုင်းကို မြင်ဖူးတဲ့သူကလည်း မင်းတစ်ယောက်တည်း ရှိတာလေ”
“ဒါက ဘယ်လောက်ခက်ခဲလဲဆိုတာ တွေးကြည့်လို့ ရပါတယ် ၊ မင်း သမုဒ္ဒရာကမ္ဘာကိုသွားပြီး တစ်လောကလုံးနဲ့မပတ်သက်ဘဲ တံခါးပိတ်ကျင့်ကြံမှ အဆုံသတ်မှာ အောင်မြင်နိုင်မယ်ဆိုတာ အဖေသိပါတယ်”
ထိုစကားများပြောနေချိန် ရန်တိ၏မျက်ဝန်းများတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ထင်ဟပ်နေသည်။
“ဒါပေမဲ့ မင်းတစ်ယောက်တည်း ဆင်းသွားမယ်ဆိုရင် ဘယ်သူမှ မင်းကို ကာကွယ်မပေးနိုင်ဘူး ၊ ဒါဆို အဖေ စိတ်အေးနိုင်မယ် မထင်ဘူး”
တစ်ယောက်တည်း တံခါးပိတ်ကျင့်ကြံမည်ဆိုပါက ပြင်ပရန်သူများ အခွင့်ကောင်းယူကာ နှောက်ယှက်မည်ကို စိုးရိမ်ပူပန်စရာရှိသဖြင့် ကာကွယ်ပေးမည့် တစ်စုံတစ်ယောက်ရှိရန် လိုအပ်သည်။
အထက်ဘုံကမ္ဘာရှိ ဝါဒတောင်ဌာနချုပ်တွင် တံခါးပိတ်ကျင့်ကြံမည်ဆိုပါက အကာအကွယ်များအလွှာလိုက်ရှိနေသဖြင့် စိုးရိမ်စရာမရှိပေ။
သို့သော် သမုဒ္ဒရာကမ္ဘာသို့သွားရောက်မည်ဆိုပါက ထိုနေရာတွင် ဝါဒတောင်မှတပည့်များနေထိုင်ကြသည်မှန်သော်လည်း ဝါဒတောင်အမာခံနယ်မြေတစ်ခု မဟုတ်ပေ။
သမုဒ္ဒရာကမ္ဘာတွင် ဝါဒတောင်တပည့်များက ချန်လီတောင်တွင်နေထိုင်ကြပြီး ထိုနေရာက သူတို့ပိုင်ဆိုင်သော နယ်မြေ မဟုတ်ပေ။
ထို့ပြင် သမုဒ္ဒရာကမ္ဘာမှ အထက်ဘုံကမ္ဘာ ၊ ကျူတောပင်လယ်ဒေသသို့ဦးတည်သော ကောင်းကင်အက်ကွဲကြောင်းတစ်ခုရှိနေသည်ကို လျစ်လျူရှု၍ မရနိုင်ပေ။
ထို ကောင်းကင်အက်ကွဲကြောင်းက ဝိညာဉ်နယ်မြေနှင့် အလှမ်းဝေးသော ဇာမဏီနယ်မြေတွင် တည်ရှိသည်။
လက်ရှိတွင် ဇာမဏီနယ်မြေက ယိုးမင်ဂိုဏ်းထိန်းချုပ်မှုအောက်တွင်ရှိနေပြီး ဧကရာဇ်ရွှမ်ချန်နှင့် ကျင့်ကြံခြင်းအဆင့်တူညီသူများ မည်သူမဆို ထိုနေရာသို့ အချိန်မရွေး ရောက်ရှိလာနိုင်သည်။
အရင်တစ်ချိန်က တာ့ရွှမ်တိုင်းပြည်မှ ခန်းသခင်မတို့သားအမိ (၃)ယောက် ရန်ကျောက်ကဲ၏ဇာစ်မြစ်ကိုစုံစမ်းရန် ရန်ကျောက်ကဲ ပထမဆုံးအကြိမ် ပေါ်လာသည့် ဇာမဏီနယ်မြေသို့ လာရောက်ကြည့်ရှုခဲ့ကြသေးသည် မဟုတ်လား။
အဆုံးသတ်မှာတော့ တိုက်ဆိုင်စွာပင် ရန်ကျောက်ကဲနှင့် ဆုံတွေ့လိုက်ရသလို ပရမ်းပတာဗလာနယ်ထဲမှ ပြန်ရောက်လာသည့် လော့ကျီးထောင်နှင့် ကွမ်းမင်ဂိုဏ်းမှလူများနှင့် ဆုံတွေ့ခဲ့ကြရသည်။
အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ‘ခန်း’ သခင်မ ဆုံးပါးသွားခဲ့သည်။
ထိုကိစ္စကြောင့် တာ့ရွှမ်တိုင်းပြည်က ကွမ်းမင်ဂိုဏ်းတစ်ခုလုံးကို အမြစ်ပြတ်ချေမှုန်းသည့် တိုက်ပွဲကြီးတစ်ခုဆီသို့ ဦးတည်သွားခဲ့သည်။
ထိုတိုက်ပွဲအပြီးတွင် ခန်းဖင်းတို့အုပ်စု သဘာဝပသာဒနယ်မြေတွင် ပိတ်မိနေခဲ့ပြီး ဧကရာဇ်ရွှမ်မုက တိုက်ပွဲကျဆုံးခဲ့သဖြင့် တာ့ရွှမ်တိုင်းပြည် ကြီးမားသောထိုးနှက်ချက်ကို ခံစားခဲ့ရသည်။
ထို့ကြောင့် တာ့ရွှမ်တိုင်းပြည်အနေဖြင့် ဇာမဏီနယ်မြေနှင့် သမုဒ္ဒရာကမ္ဘာကြား ကောင်းကင်အက်ကွဲကြောင်းကို ဆက်လက်စုံစမ်းရန် အချိန်မရှိတော့ပေ။
ထို့ကြောင့် ယခုအခါတွင် ဇာမဏီနယ်မြေသည် အေးချမ်းစွာ ရှိနေသည်။
သို့ပေသိ ဧကရာဇ်ရွှမ်ချန် ပြန်ရောက်လာပြီးနောက် တာ့ရွှမ်မင်းဆက်က အင်အားကောင်းလာပြီး သူတို့၏ရပ်တည်ချက်က တဖြည်းဖြည်း ပြန်လည်တည်ငြိမ်လာသည်။
လက်ရှိတွင် ကောင်းကင်စွမ်းအားအစီအရင်ကြောင့် သိုသိုသိပ်သိပ်နေထိုင်ပြီး ပြင်ပအင်အားစုများက သူတို့အကြောင်း မရိပ်မိကြအောင် လှုပ်ရှားနေကြသော်လည်း ဤအခြေအနေကို မည်မျှကြာအောင်ထိန်းသိမ်းထားမည်ကို မည်သူမျှ မသိနိုင်ပေ။
သမုဒ္ဒရာကမ္ဘာက အပြည့်အဝ အန္တရယ်ကင်းသည့်နေရာ မဟုတ်ပေ။
လွန်ခဲ့သည့်နှစ်များအတွင်း ဝါဒတောင်သည် ဇာမဏီနယ်မြေဒေသရှိ အခြေအနေများကို အာရုံစိုက်နေခဲ့သည်။ သမုဒ္ဒရာကမ္ဘာတွင် ဝါဒတောင်မှတပည့်များ ရှိနေသေးသည် မဟုတ်ပါလား။
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“ဟုတ်တယ် ၊ ကျွန်တော်တစ်ယောက်တည်းပဲသွားမှာ”
“ကျွန်တော်နဲ့အတူလိုက်ဖို့လည်း ဘယ်သူမှ မအားကြဘူးလေ ၊ ပြီးတော့ ဒီကိစ္စကို လျှို့ဝှက်ထားတာက ကျွန်တော့်အတွက် အထိရောက်ဆုံးကာကွယ်မှု ဖြစ်မှာပါ”
ရန်ကျောက်ကဲက ရှင်းပြသည်။
“ဒီတစ်ခေါက် သမုဒ္ဒရာကမ္ဘာကိုသွားတာက အထက်ဘုံကမ္ဘာက အကြီးအကဲ’ကျန်း’ နဲ့ တခြားသူတွေကိုလည်း အသိမပေးသလို ချန်လီတောင်ကိုလည်း အသိပေးမှာမဟုတ်ဘူး”
“ဒီကိစ္စလျှို့ဝှက်ထားတာက ကျွန်တော့်အတွက် အကောင်းဆုံးကာကွယ်မှုပါပဲ ၊ တံခါးပိတ်ကျင့်ကြံမယ်ဆိုပေမယ့် ကျွန်တော် တစ်လျှောက်လုံး ပြန်မလာဘဲ ကျင့်ကြံနေမှာ မဟုတ်ပါဘူး ၊ နည်းနည်းပါးပါး အားလပ်တဲ့အချိန်ကျ အထက်ဘုံကမ္ဘာကိုပြန်လာပြီး မျက်နှာပြမှာပါ”
ရန်ကျောက်ကဲ ဆိုလိုသည့်အဓိပ္ပါယ်ကို ရန်တိ နားလည်လေသည်။
ရန်သူက တိုက်ခိုက်မည်ဆိုလျှင်တောင်မှ ရန်ကျောက်ကဲ မည်သည့်နေရာတွင် တံခါးပိတ်ကျင့်ကြံနေသည်ကို မသိရှိသဖြင့် စိုးရိမ်စရာမရှိတော့ပေ။ ရန်ကျောက်ကဲက သမုဒ္ဒရာကမ္ဘာသို့မသွားဘဲ အထက်ဘုံကမ္ဘာတွင်သာ တံခါးပိတ်ကျင့်ကြံနေသည်ဟု ရန်သူများကို လှည့်စားထားမည် ဖြစ်သည်။
ရန်တိကတော့ စိတ်သက်သာရာရဟန်မရှိသေးဘဲ မျက်ခုံးများကို တွန့်ချိုးထားဆဲပင်။
ရန်ကျောက်ကဲကပြုံးရင်း ဖခင်ဖြစ်သူကို နှစ်သိမ့်လိုက်သည်။
“အဖေ စိတ်မပူပါနဲ့ ၊ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပါတယ်”
ထိုစကားကိုကြားတော့ ရန်တိ တိတ်ဆိတ်သွားပြီး ရန်ကျောက်ကဲကို ငြိမ်သက်စွာ ကြည့်လိုက်သည်။
ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းအဆင့် ၊ တန်ခိုးစွမ်းအားအပြင် လုပ်ရပ်နှင့်အပြုအမူများအတွက်လည်း စိတ်ပူစရာမလိုတော့ပေ။
ရန်တိက စိုးရိမ်ပူပန်တတ်သူတစ်ယောက် မဟုတ်ပေ။
သို့သော် ရန်ကျောက်ကဲနှင့်ပတ်သက်လျှင်တော့ သူက ဖခင်တစ်ယောက်ပင် မဟုတ်ပါလား။ ဖခင်တစ်ယောက်အနေဖြင့် သားဖြစ်သူ အန္တရယ်ရှိမှန်းသိရှိပါက မစိုးရိမ်ဘဲ အဘယ်မှာနေနိုင်ပါမည်နည်း။
သို့သော် ဆုံးဖြတ်ချက်ချပြီးသည်ဖြစ်ရာ ရန်တိက မည်သည့်စကားမှ ထပ်မပြောတော့ပေ။
ရန်ကျောက်ကဲသည် ဖန်းယွင်ရှန်း ၊ ယွမ်ကျန်းဖုန်း ၊ ဖန်ကျွင်းနှင့် အခြားသူအနည်းငယ်ကို အခြေအနေအား အသိပေးပြီးနောက် နှုတ်ဆက်စကားဆိုလိုက်သည်။
ဤအနည်းငယ်သောလူများမှလွဲပြီး ရန်ကျောက်ကဲ၏ တည်နေရာအမှန်ကို ဝါဒတောင်တွင် မည်သူမှ မသိရှိကြပေ။
ရန်ကျောက်ကဲ ပြင်ပလောကသို့ ခရီးထွက်သွားသည်လား ၊ ဝါဒတောင်၏ ရေကန်တောင်ထွတ်တွင် တံခါးပိတ်ကျင့်ကြံနေသည်လားဆိုသည့်အကြောင်းအရာများကို ဖုံးကွယ်ထားမည် ဖြစ်သည်။
ရန်ကျောက်ကဲသည် ရေစင်တောင်ထွတ်အောက်ဘက်မှ ကောင်းကင်အက်ကွဲကြောင်းကို ဖြတ်ကျော်ပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ထွက်ခွာသွားကာ ထိုနေရာမှတစ်ဆင့် သမုဒ္ဒရာကမ္ဘာသို့ သွားရောက်ခဲ့သည်။
သမုဒ္ဒရာကမ္ဘာသို့ရောက်သည်နှင့် ဝင်္ကပါပင်လယ်ဒေသသို့ပင် ရောက်လာပြန်သည်။ ရန်ကျောက်ကဲကလည်း ဤနေရာသို့ ရောက်ရှိလာရန်ပင် ရည်ရွယ်ထားခြင်းပင်။
သူက ဝင်္ကပါပင်လယ်မှ ထွက်ခွာပြီး အခြားနေရာသို့သွားရောက်ရန် ၊ အခြားသူများနှင့် ဆက်သွယ်ရန် မရည်ရွယ်ခဲ့ပေ။
ဤနေရာက သူ့အတွက် ပုန်းအောင်းရန်နေရာကောင်းဖြစ်သည်။ သမုဒ္ဒရာကမ္ဘာတွင် သိုင်းကျင့်ကြံသူများစွာရှိသော်လည်း ဤနေရာကိုတော့ ရှာဖွေရန် ခက်ခဲလေသည်။
သိုင်းဆရာသခင်အဆင့်မှာပင် သမုဒ္ဒရာကမ္ဘာတစ်ခုလုံးကို ပြောင်းပြန်လှန်ခဲ့သော “ခြေရာမဲ့နဂါးဘုရင်” ရန်ကျောက်ကဲ သမုဒ္ဒရာကမ္ဘာသို့ ပြန်ရောက်လာသည်ကို မည်သူမှ မသိရှိခဲ့ကြပေ။
ရန်ကျောက်ကဲက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကိုလှည့်ပတ်လိုက်ရာ အစစ်အမှန်မှ ထင်ရောင်ထင်မှားအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရနှင့် ရောင်ဝါများကို ရုတ်သိမ်းလိုက်သည်။
“တကယ်ပါပဲ ၊ ငါက နတ်ဘုရားသိမြင်ခြင်းအဆင့်တောင်မရောက်သေးဘူး အောက်ဘုံကမ္ဘာမှာ နေလို့မရတော့ဘူး”
ရန်ကျောက်ကဲက သိုင်းသူတော်စင် တတိယအဆင်မျှသာ ရှိသေးသည့်တိုင် သမုဒ္ဒရာကမ္ဘာကဲ့သို့ အောက်ဘုံကမ္ဘာများ၏ မိုးမြေအတိုင်းအတာက သူ၏တန်ခိုးစွမ်းအားကို လက်ခံနိုင်ခြင်းမရှိဘဲ ငြင်းပယ်နေပေပြီ။
ကံကောင်းသည်မှာ ရန်ကျောက်ကဲက ရန်တိနှင့်တူညီခြင်းမရှိပေ။ ရန်တိက အထက်သို့တက်ရန်စတင်လိုက်သည်နှင့် နောက်ပြန်ဆုတ်၍ မရနိုင်ပေ။
သို့သော် ရန်ကျောက်ကဲကတော့ သူ၏တန်ခိုးစွမ်းအားကို လွတ်လပ်လွယ်ကူစွာ ဖိနှိပ်ထားနိုင်စွမ်းရှိသည်။
အတိုင်းအတာတစ်ခုအထိ ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို ကျင့်ကြံထားသူသည် သိုင်းပညာလုံးဝမတတ်မြောက်သော သာမန်လူတစ်ယောက်အဖြစ်လည်း ကိုယ့်ကိုယ်ကိုယ် ဖိနှိပ်ထားရန် အလွန်လွယ်ကူသည်။
ရန်ကျောက်ကဲ သူ့အရှေ့မှ ပင်လယ်ရေပြင်ကြီးကိုကြည့်ပြီး ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။
“ကဲ... စလိုက်ကြရအောင်...”
သူက လေထုထဲတွင် တင်ပျဉ်ခွေထိုင်လိုက်ပြီးနောက် သူ၏ရုပ်သွင်က ပင်လယ်ရေအောက်သို့ ဖြည်းဖြည်းချင်း နစ်မြုပ်သွားသည်။ ထို့နောက် ပင်လယ်ရေပြင်အောက်ခြေသို့ နစ်မြုပ်ပျောက်ကွယ်သွားတော့၏။
တံခါးပိတ်ကျင့်ကြံခြင်းတွင် ထိရောက်မှုနှင့် အာရုံစူးစိုက်မှုရှိစေရန် ရန်ကျောက်ကဲက ရန်တိမျှော်မှန်းထားသည့်နည်းလမ်းအတိုင်း လက်ခံကျင့်သုံးခဲ့သည်။
သူ၏ ပထမဆုံး တံခါးပိတ်ကျင့်ကြံခြင်းက အချိန် (၃)နှစ် ကြာခဲ့သည်။
သမုဒ္ဒရာကမ္ဘာတွင် အချိန် (၃)နှစ် ကြာပြီးနောက် ရန်ကျောက်ကဲ လျှို့ဝှက်စွာ အထက်ဘုံကမ္ဘာသို့ ပြန်ပြီး ခဏမျှ မျက်နှာသွားပြခဲ့သည်။
ထိုအချိန် အထက်ဘုံကမ္ဘာတွင် အချိန် (၁)နှစ်ကျော်သာလျှင် ကုန်ဆုံးသေးသည်။
ရန်ကျောက်ကဲ တံခါးပိတ်ကျင့်ကြံနေပြီး ပြင်ပလောကသို့ ထွက်ပေါ်လာခြင်းမရှိသော်လည်း သူ အောက်ဘုံကမ္ဘာတစ်ခုသို့ ရောက်ရှိနေသည်ဟု မည်သူမှ သံသယမဝင်ခဲ့ကြပေ။
သို့သော် သူ တံခါးပိတ်ကျင့်ကြံနေချိန်တွင် လုံးဝမျှော်လင့်မထားသော ထူးခြားသော ဧည့်သည်တစ်ယောက်ရောက်ရှိလာခဲ့သည်။
အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ် ၊ ခွန်လွန်တောင် ၊ မြောက်ဖေးတောင်ထွတ်ပိုးသားဧကရာဇ်၏အဆက်အနွယ်တစ်ယောက် ရောက်ရှိလာခြင်းပင်။
ထိုသူက မောက်မာရိုင်းပျခြင်းမရှိဘဲ စည်းမျဉ်းစည်းကမ်းနှင့်အညီ နေထိုင်ပြောဆိုသည်။
သို့သော် ရန်တိ ၊ ယွမ်ကျန်းဖုန်းနှင့် အခြားသူများကတော့ ထိုသူက ရန်ကျောက်ကဲလက်ထဲသို့ ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖို ရောက်ရှိသွားခြင်း ရှိ မရှိ လာရောက်စုံစမ်းဖြစ်ကြောင်း သိရှိလိုက်သည်။
ရန်ကျောက်ကဲက တံခါးပိတ်ကျင့်ကြံနေသဖြင့် ရန်တိနှင့် အခြားသူများက ဤကိစ္စကို သင့်တော်သလို ကိုင်တွယ်လိုက်ပြီး ခိုင်လုံသောအကြောင်းပြချကတစ်ခု ပေးခဲ့သည်။ တစ်ဖက်လူ ပြန်လည်ထွက်ခွာသွားသည်အထိ မည်သည့်ကိစ္စကိုမှ ရိပ်မိမသွားခဲ့ပေ။
တစ်ဖက်လူရင်ထဲမှ သံသယများကင်းရှင်းသွားမည်လားဆိုသည်ကတော့ သူကိုယ်တိုင်သာ သိနိုင်သောအရာ ဖြစ်သည်။
ရန်ကျောက်ကဲက အနည်းငယ် မျက်နှာပြပြီးသည်နှင့် သမုဒ္ဒရာကမ္ဘာဆီသို့ ပြန်သွားပြီး ဒုတိယအကြိမ် တံခါးပိတ်ကျင့်ကြံခြင်း စတင်ခဲ့သည်။
အထက်ဘုံကမ္ဘာတွင်တော့ အရာအားလုံးက အပေါ်ယံငြိမ်သက်နေပြီး အချိန်ကြာလာသည်နှင့်အမျှ တိတ်တဆိတ်ရွေ့လျားနေသော အဖြစ်အပျက်များက လက်တွေ့ဘဝဆီသို့ တဖြည်းဖြည်း ထွက်ပေါ်လာသည်။
အထက်ဘုံကမ္ဘာအချိန်ဖြင့် ရန်ကျောက်ကဲ နောက်ထပ် (၁)နှစ်ခန့် တံခါးပိတ်ကျင့်ကြံနေစဉ်တွင် အကြောင်းအရာများက ဖြည်းဖြည်းချင်း စတင်ပြောင်းလဲသွားပုံရသည်။
သမုဒ္ဒရာကမ္ဘာကို မှောက်လှန်ပစ်ခဲ့သော ရန်ကျောက်ကဲကဲ့သို့ ကျူတောပင်လယ်ဒေသကို မုန်တိုင်းထန်စေခဲ့သော လူတစ်ယောက် တစ်ဖန်ပြန်လည် ထွက်ပေါ်လာခဲ့လေသည်။