← Chapters

ထိပ်တန်းအဆင့်ခံစစ်စွမ်းအား

Vol. 61 Ch. 862

ထိပ်တန်းအဆင့်ခံစစ်စွမ်းအား

Vol. 61 Ch. 862

အခန်း (၈၆၂) ထိပ်တန်းအဆင့်ခံစစ်စွမ်းအား

အချိန်များကုန်လွန်သွားသည်နှင့်အမျှ ကျူတောပင်လယ်ဒေသ ၊ ဝိညာဉ်နယ်မြေမှ ဝါဒတောင်ကလည်း ချောမွေ့စွာပင် လည်ပတ်နေသည်။

လက်ရှိတွင် အခြေခံလုပ်ငန်းဆောင်တာများအားလုံး ပြီးပြည့်စုံနေပြီ ဖြစ်သည်။

သို့သော် တစ်ဂိုဏ်းလုံးက သတိလက်လွတ်မနေကြပေ။

ခန်းဖင်း ၊ လော့ကျီးထောင်နှင့် အခြားသူများ သဘာဝပသာဒနယ်မြေအတွင်းမှ ထွက်ပေါ်လာမည့်အချိန်က လျှင်မြန်စွာ နီးကပ်လာနေပေပြီ။

ရန်ကျောက်ကဲ၏ ကနဦးခန့်မှန်းချက်အရဆိုလျှင် ခန်းဖင်းတို့အုပ်စု လွတ်မြောက်လာရန် အနည်းဆုံး (၁)နှစ် အများဆုံး (၃)နှစ်ခန့်သာ လိုတော့၏။

ထိုအချိန်တွင် အဆုံးအဖြတ်တိုက်ပွဲ ဖြစ်မည့်အချိန်လည်းဖြစ်သည်။

ဧကရာဇ်ရွှမ်ချန်က တာ့ရွှမ်တိုင်းပြည်၏မြို့တော်တွင် စောင့်ကျပ်နေပြီး အပြင်လောကကိစ္စရပ်များနှင့် ပတ်သက်ခဲ့ခြင်း မရှိပေ။

ဝါဒတောင် ၊ မြောက်ပင်လယ်ဓားခန်းမ ၊ ကြေးနီကျွန်းနှင့် ယိုးမင်ဂိုဏ်းတို့မှာလည်း လက်ရှိအခြေအနေကို မည်သို့ရင်ဆိုင်မည်လဲဆိုသည်နှင့်ပတ်သက်ပြီး အလွန်ဘေးကျပ်နံကျပ် ဒုက္ခကြံနေကြရသည်။

ရာစုနှစ်တစ်ခုကျော် ကြိုးစားအားထုတ်ခဲ့သော တာ့ရွှမ်မင်းဆက် (၃)ဆက်က အလွန်ခိုင်ခံ့ခဲ့ပြီး မော်လူကျွန်းဒေသရှိ မြောက်ပင်လယ်ဓားခန်း၏ဓားနယ်မြေနှင့် နှိုင်းယှဉ်နိုင်သည်။

တာ့ရွှမ်တိုင်းပြည်ကို အုပ်ချုပ်နေသူက အမတကူးပြောင်းခြင်း အလယ်ဆင့် သိုင်းသူတော်စင် ဧကရာဇ်ရွှမ်ချန် ဖြစ်၏။

ကျူတောပင်လယ်ဒေသတွင် သူချန်ထားခဲ့သော ရွှမ်ဧကရာဇ်လှံရှည် ပျောက်ဆုံးသွားသော်လည်း ယခု ဧကရာဇ်ရွှမ်ချန်ထံတါင် အခြားသော အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ယူဆောင်လာကြောင်း သိရှိရသည်။

အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းဆိုသည်က အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်တိုင်း ပိုင်ဆိုင်ရန် အလွန်ခက်ခဲသည်။

သို့သော် တာ့ရွှမ်မင်းဆက် ၊ ရှန်လင်ကျီ ၊ တာအိုဆရာ’ရှီ’ နှင့် အခြားသူများ၏ နောက်ခံများသည် သိသိသာသာ ထူးထူးခြားခြားဖြစ်လေရာ သာမန်အသိဖြင့် တွေးတောကြည့်ရန် အဖြစ်နိုင်ပေ။

ထို့ကြောင့် တာ့ရွှမ်တိုင်းပြည် တော်လှန်ပုန်ကန်သူ အင်အားစုများအနေဖြင့် အထူးသတိထားနေကြရသည်။

ခန်းဖင်း ၊ ကုကျန်းနှင့် ဟယ်တုန်းချန်တို့သည် သဘာဝပသာဒနယ်မြေ ပင်လယ်ကြမ်းပြင်မှ လွတ်မြောက်လာခဲ့ပါက တာ့ရွှမ်မင်းဆက်၏ အင်အားသည် ပိုမိုအားကောင်းလာမည်ဖြစ်သည်။

အချိန်ဆွဲခြင်းက ရလဒ်ကောင်းကို ထွက်ပေါ်လာစေမည် မဟုတ်ပေ။

ခန်းဖင်းတို့ (၃)ယောက် ပြန်ထွက်မလာခင် ဧကရာဇ်ရွှမ်ချန်နှင့် ရင်ဆိုင်ထားနိုင်မည်ဆိုလျှင် ယင်းသည် ကောင်းမွန်သည့် အကျိုးသက်ရောက်မှုကို မလွဲမသွေ ဖြစ်ပေါစေပေမည်။

ထို့ကြောင့် ဧကရာဇ်ရွှမ်ချန်နှင့် ရင်ဆိုင်ရန်အတွက် သူတို့အားလုံးတွင် လုံလောက်သည့်စွမ်းအားရှိရန် လိုအပ်သည်။

ထိုအချက်ကြောင့်ပင် ရန်ကျောက်ကဲက တံခါးပိတ်ကျင့်ကြံနေခြင်း ဖြစ်သည်။

ရန်ကျောက်ကဲသာမက ဝါဒတောင်မှ အခြားသောသူများ ၊ ကျူတောပင်လယ်ဒေသရှိ တာ့ရွှမ်ဆန့်ကျင်ရေးမဟာမိတ်များမှ အထွတ်ထိပ်အဆင့် တန်ခိုးစွမ်းအားရှင်များအားလုံးက အချိန်နှင့်အမျှ အပြိုင်အဆိုင် ပြင်ဆင်နေကြသည်။

တစ်နေ့မှာတော့ ဝါဒတောင်ရှိ တိတ်ဆိတ်ငြိမ်သက်သည့်အခန်းတစ်ခုထဲတွင်...

အရပ်မြင့်မြင့် ကျောက်စိမ်းသားပမာ သိမ်မွေ့သော မျက်နှာရှိသည့် လူငယ်လေးတစ်ယောက် ကျင့်ကြံနေရာမှ မတ်တတ်ထရပ်လိုက်ပြီး မျက်လုံးများ ဖွင့်ကြည့်လာသည်။

အခြားသူမဟုတ် ၊ ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားပင် ဖြစ်သည်။

ရန်ကျောက်ကဲက သမုဒ္ဒရာကမ္ဘာသို့ထွက်ခွာသွားသော်လည်း မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကတော့ အထက်ဘုံကမ္ဘာရှိ ဝါဒတောင်တွင်သာ နေရစ်ခဲ့သည်။

အဓိကရုပ်ခန္ဓာက တံခါးပိတ်ကျင့်ကြံနေသဖြင့် ကိုယ်ပွားနှင့် ရန်ကျောက်ကဲကြားမှဆက်နွယ်မှုက အားနည်းသွားပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လှုပ်ရှားမှုနှင့် တုံ့ပြန်မှုက အနည်းငယ် နှေးကွေးသွားသည်။

သို့သော် ဧည့်သည်များကို လက်ခံတွေ့ဆုံခြင်းနှင့် ပုံမှန်အတိုင်းကျင့်ကြံခြင်းများတွင် အမှန်တကယ်ပင် ပြဿနာမရှိခဲ့ပေ။

အခန်းထဲမှထွက်လိုက်သည်နှင့် ယင်လုန်ထူရောက်လာသည်ကို တွေ့လိုက်ရသည်။ လူငယ်လေးက မေးခွန်းအချို့ မေးချင်ဟန် ရှိသည်။

ယင်လုန်ထူမေးသည့်မေးခွန်းများကို ဖြေပြီးသည့်နောက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။

“ငါ့အဖေ တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီလား”

လွန်ခဲ့သောနှစ်ဝက်ခန့်က ရန်တိသည်လည်း ‘ရေကန်တောင်ထွတ်’ တွင် နောက်တစ်ကြိမ်ထပ်မံ တံခါးပိတ်ကျင့်ကြံနေသည်။

ယင်လုန်ထူက...

“ဆရာဦးလေးက တစ်နှစ်လောက် တံခါးပိတ်ကျင့်ကြံမယ်လို့ ပြောသွားတယ်”

“ဒါဆို နှစ်ဝက်လောက်လိုသေးတာပေါ့”

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ခေါင်းညိတ်လိုက်သည်။ သူ့စိတ်ထဲတွင် မျှော်လင့်ချက်အနည်းငယ်လည်း ရှိနေသည်။

ရန်တိက နတ်ဘုရားသိမြင်ခြင်းအလယ်ဆင့် သို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။ ယခု ကျင့်ကြံခြင်းစုဆောင်းထားသည်များ လုံလောက်ခဲ့လျှင် နောက်ထပ်ခြေတစ်လှမ်း တက်လှမ်းနိုင်ဖွယ် ရှိ၏။

ယွမ်ကျန်းဖုန်းနှင့် အခြားသူများက ရန်တိ အနှောက်အယှက်မဖြစ်စေရေး ပိုမိုသတိထား ဆောင်ရွက်ခဲ့ကြသည်။ သူတို့က ရန်တိကြိုးစားသမျှ အလကားမဖြစ်စေလိုကြပေ။

ရန်ကျောက်ကဲသည်လည်း အလားတူပင် ဖြစ်သည်။

သူတွေးနေစဉ်မှာပင် ဆရာဘိုးဘိုးယွမ်ကျန်းဖုန်း၏စကားသံက သူ့နားထဲတွင် ထွက်ပေါ်လာသည်။

“မိုးထိတောင်ထွတ်က ပင်မခန်းဆောင်ထဲကို လာခဲ့ပါ ကျောက်ကဲ”

ယွမ်ကျန်းဖုန်းစကားသံက အတော်လေး တည်ကြည်လေးနက်နေသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားစိတ်ထဲ လှုက်ခနဲဖြစ်သွားပြီး ယင်လုန်ထူနှင့်အတူ မိုးထိတောင်ထွတ်သို့ ချက်ချင်းပင် ထွက်ခွာလာခဲ့၏။

ပင်မခန်းဆောင်ထဲသို့ရောက်သည်နှင့် ယွမ်ကျန်းဖုန်းနှင့် ဖန်ကျွင်းတို့ (၂)ယောက်လုံး ရှိနေကြသည်ကို တွေ့လိုက်ရသည်။

ဇာမဏီနယ်မြေတစ်ဝိုက်တွင် စောင့်ကြည့်လေ့လာနေသည့် ဖူအန်းစုမှလွဲပြီး ရွှီဖေးနှင့် အခြားသော ကျင့်ကြံခြင်းအဆင့်မြင့်မားသည့် ဝါဒတောင်ကျင့်ကြံသူများအားလုံးလည်း ရောက်ရှိနေကြသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားရောက်လာသည်ကိုတွေ့သည်နှင့် ယွမ်ကျန်းဖုန်းက အပိုစကားများ ဆိုမနေတော့ဘဲ...

“ကျောက်ကဲ... သတင်းဆိုးတစ်ခုရှိတယ်”

***

ကျူတောပင်လယ်ဒေသ အရှေ့ဘက်ခြမ်းက ‘နဂါးကိုယ်ခွဲနယ်မြေ’ ဖြစ်သည်။

ဤနေရာတွင် ကျူတောပင်လယ်ဒေသ၏ ကာလရှည်ကြာရပ်တည်ခဲ့သော စွမ်းအားစုတစ်ခုဖြစ်သည့် ကြေးနီကျွန်း တည်ရှိလေသည်။

ကွမ်းမင်ဂိုဏ်း၏ နေလတောင်ထွတ် ၊ ယိုးမင်ဂိုဏ်း အဓိကယာဇ်ပလ္လင်တို့က ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။ မြောက်ပင်လယ်ဓားခန်းမတည်ရှိရာ မော်လူကျွန်းဒေသကလည်း တာ့ရွှမ်တိုင်းပြည်မှ မရေမတွက်နိုင်သော တန်ခိုးစွမ်းအားရှင်များ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ‘ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်’ ကြောင့် ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားများကို ခံစားခဲ့ကြရသည်။

ထိုနှစ်များတွင် အန္တရယ်အကင်းဆုံးဖြစ်ခဲ့သည်မှာ ‘နဂါးကိုယ်ခွဲနယ်မြေ’ မှ ကြေးနီကျွန်းသာလျှင် ရှိသည်။

ကြေးနီကျွန်းတွင် ဘိုးဘွားအစဉ်အဆက် ပိုင်ဆိုင်ခဲ့သော ထိပ်တန်းရတနာဖြစ်သည့် ‘ကြေးနီလူသား’ (၃)ယောက် ရှိလေသည်။

ကြေးနီကျွန်း၏ သဘာဝပထဝီဝင်အနေအထားကို သိမ်းပိုက်ပြီး ကျွန်းမှမထွက်ခွာသရွေ့ ထို ကြေးနီလူသား (၃)ယောက်က အမတကူးပြောင်းခြင်းအဆင့် သိုင်းသူ‌တော်စင် (၃)ယောက်၏ တန်ခိုးစွမ်းအားကို ထုတ်လွှတ်နိုင်မည် ဖြစ်သည်။

ထို့ကြောင့် ထိုနေရာကို ကျူတောပင်လယ်ဒေသ၏ ခံစစ်စွမ်းအားအကောင်းဆုံးဒေသဟု သတ်မှတ်ကြသည်။

ကြေးနီကျွန်းသည် ကျူတောပင်လယ်ဒေသတွင် ခံစစ်လွယ်ကူပြီး တိုက်စစ်ခက်ခဲသည့်နေရာတစ်ခု ဖြစ်သဖြင့် တာ့ရွှမ်မင်းဆက်ပင်လျှင် ထိုသို့ခက်ခဲသည့် ရန်သူကို တိုက်ခိုက်ရန် မစဉ်းစားခဲ့ပေ။

ထိုနေရာကို တာ့ရွှမ်တိုင်းပြည်ဆန့်ကျင်သူများ၏ နောက်ဆုံးခံတပ်အဖြစ်လည်း ရှုမြင်ကြသည်။

ကြေးနီကျွန်းသည် ခံစစ်အားကောင်းသော်လည်း လုံလောက်သော ထိုးစစ်စွမ်းရည်ကတော့ ကင်းမဲ့နေသည်ပင်.

ကျွန်းသခင် ကုန်းစွန်းမင်သည် သူတို့ဂိုဏ်း၏အင်အားကို အမြဲတမ်း မြှင့်တင်ရန်ကြိုးစားနေပြီး လက်ရှိအခြေအနေကို ကျေနပ်သူတစ်ယောက် မဟုတ်ပေ။

အရင်ဆုံး သူက ကျင့်ကြံခြင်းတစ်ဆို့သည်ကို ဖြတ်ကျော်ပြီး သူ့ကို အဆက်မပြတ်ဟန့်တားနေသည့် အတားအဆီးများကို ဖြတ်ကျော်ကာ သိုင်းသူတော်စင် သတ္တမအဆင့် ၊ အမတကူးပြောင်းခြင်းအဆင့်သို့ တက်လှမ်းသွားရန် ရည်ရွယ်သည်။

တစ်ချိန်က ကျူတောပင်လယ်ဒေသတွင် အမြင့်ဆုံးအဆင့် သိုင်းသူတော်စင် ဆဋ္ဌမအဆင့်ကျင့်ကြူံများထဲတွင် ကုန်းစွန်းဝူ ၊ ကွမ်းမင်ဂိုဏ်းမှ လော့ကျီးထောင် ၊ ယိုးမင်ဂိုဏ်းချုပ် ကျိုဟောက်ရှန်း ၊ တာ့ရွှမ်တိုင်းပြည်မှ ဧကရာဇ်ရွှမ်မုတို့က အင်အားအကြီးဆုံး ဖြစ်သည်။

နှိုင်းယှဉ်ပြောရလျှင် ထိုသူများအားလုံးအလယ်တွင် ကုန်းစွန်းမင်က အားအနည်းဆုံး ဖြစ်သည်။

ယခုတော့ သိုင်းသူတော်စင် နဝမအဆင့်ရှိသော ကြယ်ခြွေလက်ဝါးသခင် ‘ကွမ်းလီတဲ့’ ကြောင့် ကျိုးဟောက်ရှန်း ဒဏ်ရာရရှိခဲ့ပြီး လွန်ခဲ့သောနှစ်ကမှ ဒဏ်ရာပြန်လည်သက်သာလာခဲ့သည်။

လော့ကျီးထောင်ကတော့ တွင်းနက်ထဲတွင် နစ်မြုပ်နေခဲ့ပြီး သူ၏တန်ခိုးစွမ်းအားများလည်း တဖြည်းဖြည်း ဆုတ်ယုတ်သွားခဲ့သည်။

ဧကရာဇ်ရွှမ်မုကတော့ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် အားလုံးထဲတွင် ကုန်းစွန်းမင်က တန်ခိုးစွမ်းအားအမြင့်မားဆုံး ဖြစ်လာသည်။

သို့သော် သူ့မှာ သတိလက်လွတ်မနေရဲခဲ့ပေ။

ဝိညာဉ်နယ်မြေတွင် အောက်ဘုံကမ္ဘာမှတက်လာသော အင်အားစုအသစ်ဖြစ်သည့် ဝါဒတောင်က မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သူ အာရုံခံမိနေသည်။

လက်ရှိ ကုန်းစွန်းမင်ရောက်ရှိနေသော ကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိရန်မှာ သေချာပေါက် ထူးခြားမှုတစ်ခုဖြစ်သည်။

ဖိအားများနှင့် လှုံ့ဆောက်မှု နှစ်ခုလုံးအောက်တွင် ကုန်းစွန်းမင်မှာ မကြာမီကပင် ကျင့်ကြံခြင်းတစ်ဆို့မှုကို ကျော်ဖြတ်နိုင်မည့် အရိပ်အယောင်များ ပြသခဲ့ပြီး အမတကူးပြောင်းခြင်း ကနဦးအဆင့် ၊ သိုင်းသူတော်စင် သတ္တမအဆင့်သို့ တက်ရောက်ရန် ခြေလှမ်းတစ်ဝက်ခန့်သာ လိုတော့သည်။

သို့သော် ယနေ့တော့ ကုန်းစွန်းမင် အလွန်စိတ်ပျက်လက်ပျက် ခံစားနေရသည်။

ယနေ့ ရင်ဆိုင်ရသည့် စမ်းသပ်မှုကို အနိုင်ယူပြီး ထိုခြေလှမ်းကို ဘယ်တော့မှ လှမ်းနိုင်တော့မည်မဟုတ်ဟု ကုန်းစွန်းမင်၏ စိတ်အာရုံတွင် ကြိုတင်သတိပေးချက်များ ထင်ဟပ်လာသည်။

အဘယ်ကြောင့်ဆိုသော ကြေးနီကျွန်းထက်ကောင်းကင်ယံတွင် ညို့မှိုင်းပြာရီလာပြီး ရေကဲ့သို့အလင်းန်းတစ်ခု ထွက်ပေါ်လာသည်ကို တွေ့ရသောကြောင့် ဖြစ်သည်။ ထိုသဲလွန်စက အလွန်တရာ မှိန်ဖျော့လွန်းသဖြင့် ရုတ်တရက်ဆိုလျှင် မတွေ့မြင်ရဘဲ သေသေချာချာကြည့်မှာသာ တွေ့မြင်နိုင်သည်။

ထိုဓားအလင်းတန်းအောက်တွင် ကြေးနီကျွန်းတစ်ခုလုံး မွဲခြောက်သည့်အရိပ်အယောင် ပြောင်းလဲသွားသည်။

မြင်ကွင်းများက တောက်ပမှုဆုံးရှုံးသွားပြီး သတ္တဝါများ၏ အသက်ဓာတ်စွမ်းအားများ ဆုံးရှုံးသွားကာ အချိန်က အေးခဲရပ်တန့်သွားသည်။

ကြေးနီကျွန်းထက်မှလူများမှာ အသက်ရှိနေသည့်တိုင် တစ္ဆေရုပ်သေးများပမာ ထင်မှတ်ရ၏။

နဂါးကိုယ်ခွဲနယ်မြေ၏ လေထုတစ်ခုလုံးက ပုံသေကားချပ်ပမာ တည်ငြိမ်သွားသည်။

မြေကြီးပေါ်တွင် အမြစ်တွယ်သည့်အလား ဖြစ်နေသည့်တိုင် လှုပ်ရှား၍ရနေသော အရာများမှာ ကောင်းကင်ထိတိုင် မျှော်စင်ကြီးမျာပမာမြင့်မားသည့် ကြေးနီလူသား (၃)ယောက်နှင့် ကျွန်းသခင် ကုန်းစွန်းမင်သာလျှင် ရှိသည်။

ကြေးနီလူသား (၃)ယောက်က ပါးစပ်ဟလိုက်ကြပြီး အသက်ရှင်သန်နေသည့်အလား အသံမဲ့ ကြုံးဝါးသံများကို ထုတ်လွှတ်လိုက်ကြသည်။

သူတို့၏ လက် (၆)ချောင်းက ကောင်းကင်ကိုထောက်မထားကာ အဆက်မပြတ်စီးဆင်းလာပြီး ကျွန်းတစ်ခုလုံးကို ဖုံးအုပ်ထားသည့် ရေအလင်းတန်းပမာဓားရောင်ခြည်ကို တားဆီးပိတ်ဆို့လိုက်ကြသည်။

ကုန်းစွန်းမင်က ခြောက်ကပ်သည့်လေသံဖြင့်...

“ဒီလို တန်ခိုးစွမ်းအား ၊ အချိန်ရေစီးကြောင်းဓားသိုင်းရဲ့အောင်မြင်မှုကိုကြည့်ရတာ... ရှန်လင်ကျီ...”

ကောင်းကင်ထက်မှ မည်သည့်တုံ့ပြန်သံမှ ထွက်ပေါ်မလာဘဲ အချိန်ရေစီးကြောင်းဓားအလင်းတန်းက အောက်ဘက်မှ ကြေးနီလူသား (၃)ယောက်ကို အဆက်မပြတ် သတ်ဖြတ်ပစ်နေသည်။

ဓားအလင်းတန်းအောက်တွင် တစ္ဆေအော်မြည်သံ ၊ နတ်ဘုရားကြုံးဝါးသံများ သို့မဟုတ် ကောင်းကင်ထက်မှ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အပြောင်းအလဲများကဲ့သို့ ကြီးမားသည့် နိမိတ်အသွင်များ ထင်ဟပ်ခြင်း မရှိပေ။

သို့သော် ကြေးနီလူသား (၃)ယောက်ကတော့ တဖြည်းဖြည်းယိုယွင်းလာကာ အဆုံးသတ်တွင် အက်ကွဲကျိုးပဲ့သွားလေသည်.

ဖြစ်တည်မှုအားကောင်းလွန်းသဖြင့်သာ အချိန်ကာလ၏စီးဆင်းမှုကိုဆန့်ကျင်ပြီး ခက်ခက်ခဲခဲ ရပ်တည်နိုင်ခဲ့ကြခြင်း ဖြစ်သည်။

ထိုနေ့မှအစပြုပြီး ကျူတောပင်လယ်ဒေသ၏ နံပါတ် (၁) ခံစစ်စွမ်းအားမြင့်မားသော ကြေးနီကျွန်း ကျရှုံးသွားခဲ့ရလေသည်။

All Chapters