← Chapters

လူသားကမ္ဘာ

Vol. 72 Ch. 1003

လူသားကမ္ဘာ

Vol. 72 Ch. 1003

ဤသို့ ပြုလုပ်ခြင်းက သူ၏ အသက်ဓာတ် ၉၀ ရာခိုင်နှုန်းကို ကုန်ဆုံးစေခဲ့လျှင်တောင် သူက ထိုအမြုတေ သုံးလုံးကို ထုတ်ယူမည် ဖြစ်သည်။ ရေခန်းနေသည့်အိုင်ထဲတွင် ငါးရှာမရ ဖြစ်လိမ့်မည်ဟု သူက မယုံကြည်ပေ။

သူ၏ကမ္ဘာငယ်နှင့် ကမ္ဘာလမ်းကြောင်းအတွင်းမှ အသက်ဓာတ်ကို စုပ်ယူမည့် မိုဝူကျိ၏ ဆုံးဖြတ်မှုအရ သူ၏ အရေပြားမှာ စတင် အိုမင်းရင့်ရော်လာသည်။

မိုဝူကျိ၏ ထာဝရကမ္ဘာငယ်ကို သူ့ကမ္ဘာလမ်းကြောင်းဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ သူ့ကမ္ဘာလမ်းကြောင်းသည် သူ၏ ၁၀၈ ခုသော ချီသွေးကြောတွေထဲမှ တစ်ခု ဖြစ်သည်။ သို့ဖြစ်ရာ ထာဝရကမ္ဘာငယ်အတွင်းမှ အသက်ဓာတ်များသည်လည်း အစုပ်ယူခံလိုက်ရလေသည်။ တစ်ချိန်တည်းမှာပင် ကမ္ဘာကို ဖွဲ့စည်းတည်ဆောက်ထားသော စွမ်းအားမှာလည်း အစုပ်ယူခံလိုက်ရသည်။ မိုဝူကျိတစ်ယောက် မည်မျှပင် အစွမ်းထက်နေပါစေ သူ့အသက်သွေးတို့ ဆုံးရှုံးမှုမရှိပါဘဲ ဤသို့ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ပေ။

သူ၏အရေပြားတို့ ရင့်ရော် ညှိုးနွမ်းလာသည်။ သူ၏အသက်သွေးတို့ အငွေ့ပြန်ကုန်သည်။ သူ၏အရိုးတို့ မီးခိုးရောင် ပြောင်းကာ မွဲခြောက်လာသည်။

မည်သို့ပင် ဖြစ်စေကာမူ မိုဝူကျိသည် သူ၏အသိစိတ် မပျောက်အောင် ထိန်းသိမ်းထားသည်။ သူက လုံးဝ သတိအလစ်ခံလိမ့်မည် မဟုတ်ချေ။

အချိန်ကာလတို့ မည်မျှ ကြာပြီးမှန်း မသိသည့်အချိန်ရောက်ပြီးနောက် မိုဝူကျိသည် သူ ဘယ်လိုမှ ဆက်လက် ထိန်းမထားနိုင်တော့ကြောင်း ခံစားမိလိုက်သည်။ သို့သော် တစ်ချိန်တည်းတွင် ထာဝရကမ္ဘာငယ်အတွင်းမှ မြေသဘာဝ အမြုတေစွမ်းအားသည် ကမ္ဘာငယ်တစ်လျှောက် ဆက်လက် လွင့်ပါးမနေနိုင်တော့ဘဲ အမြုတေအလုံးအဖြစ် ပြန်လည် သိပ်သည်းစုပုံလာသည်။ ဤမြေသဘာဝ အမြုတေလုံး မြေပြင်ပေါ်သို့ ကျမသွားခင် မိုဝူကျိက ကျောက်စိမ်းဘူး တစ်ဘူးထဲ ထည့်သိမ်းကာ ဘူးအပေါ်တွင် စည်းတစ်ခု ချလိုက်သည်။

မြေသဘာဝ အမြုတေအလုံးအား ပြန်လည်ထုတ်ယူပြီးသည့်နောက် သတ္ထုသဘာဝ အမြုတေအလုံးနှင့် ရေသဘာဝ အမြုတေအလုံးတို့အား ထုတ်ယူရသည်မှာ တော်တော်လေး ပို၍ လွယ်ကူသွားသည်။

သဘာဝ အမြုတေ ၃ လုံးစလုံးကို အကုန် ပြန်ထုတ်ယူပြီးသွားကာ သူတို့အား ကျောက်စိမ်းဘူးတွေထဲ ထည့်ပြီးသွားသည့်အချိန်တွင်ကား မိုဝူကျိ၏ အသက်ဓာတ်မှာ မီးစာကုန်ခါနီး ဖယောင်းတိုင် တစ်တိုင်နှယ်သာ ရှိတော့၏။

ထာဝရကမ္ဘာငယ်အတွင်းမှ အစိမ်းရောင် မြက်ခင်းပြင်တို့သည် လျင်မြန်စွာ ခြောက်သွေ့ကုန်ကြသည်။ ထာဝရကမ္ဘာအတွင်းမှ သဘာဝစွမ်းအား အကုန်လုံးမှာ ဆွဲထုတ်ခံလိုက်ရသဖြင့် ကမ္ဘာငယ်သည် ကြည့်ရဆိုးသော မီးခိုးရောင် ပုလဲတစ်လုံးအဖြစ်သို့ ပြန်လည်ရောက်ရှိသွားသည်။ ပုလဲအတွင်းမှ ကမ္ဘာငယ်မှာ အင်မတန် ကျဉ်းမြောင်းမှောင်မဲနေ၏။

သို့သော် မိုဝူကျိက စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။ အနည်းဆုံးတော့ ထာဝရကမ္ဘာမှာ မပြိုလဲသွားပေ။ သူက မီးခိုးရောင် ကမ္ဘာငယ်ထဲသို့ အရေးကြီးသော ပစ္စည်းတချို့ကို မြန်မြန် ပစ်ထည့်လိုက်သည်။ ထို့နောက် သူက အင်မော်တယ် မော်တယ်ကျင့်စဉ်ကို အပြင်းအထန် လှည့်ပတ်လိုက်သည်။

ဝိညာဉ်စွမ်းအားစုစည်းရေး အစီအရင် ခင်းကျင်းခွင့်မရှိသော်လည်း ဤသည်မှာ တခြားနေရာမှ နတ်ဝိညာဉ်စွမ်းအားတို့ကို သူ မစုပ်ယူနိုင်ဘူးဟု မဆိုလိုပေ။

မိုဝူကျိ၏ အင်မော်တယ် မော်တယ်ကျင့်စဉ်၏ ကျင့်ကြံနှုန်းသည် စိုက်ပျိုးရေးဧကရာဇ်၏ အင်မော်တယ် မော်တယ်ကျင့်စဉ်၏ ကျင့်ကြံနှုန်းထက် ပို၍ပင် ထူးခြားနေသေးသည်။

အချိန်တိုလေးအတွင်း နတ်ဝိညာဉ်စွမ်းအား ဝဲကတော့တစ်ခုသည် မိုဝူကျိ၏ အပေါ်၌ ဖြစ်တည်လာသည်။

အတိုင်းအဆမရှိသော နတ်ဝိညာဉ်စွမ်းအားများက မိုဝူကျိ၏အပေါ်၌ လွှမ်းခြုံစုဝေးလာကြသည်။

ဤနေရာသည်ကား နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ဖြစ်၏။ နတ်ဝိညာဉ်စွမ်းအားတို့ ချို့တဲ့နေသော နေရာမျိုး မဟုတ်ပေ။ ကျောင်းတော်ထဲတွင် သေမျိုးနယ်မြေ တစ်ခုတည်းကသာ နတ်ဝိညာဉ်စွမ်းအားချို့တဲ့နေသည်။ ကျောင်းတော်ထဲမှ တခြားနေရာတိုင်းသည် နတ်ဘုရားကုန်းမြေတစ်ခုလုံး၏ ထိပ်ဆုံးကျင့်ကြံရေး နေရာများအနက် ပါဝင်ကြသည်။

မိုဝူကျိ စုပ်ယူခြင်းကို စတင်လိုက်သည့်အခိုက် နတ်ဝိညာဉ်စွမ်းအားတို့သည် ရပ်တန့်၍ မရနိုင်လောက်အောင်ထိ တရဟော တိုးဝင်လာသည်။

ဤအချက်သည် နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်သို့ မိုဝူကျိ လာချင်ရသည့် အကြောင်းအရင်း တစ်ခုလည်း ဖြစ်သည်။ သူ ဤနေရာတွင် ရုတ်ရုတ်သည်းသည်း တစ်ခုခု လုပ်လျှင်ပင် မည်သူမျှ သူ့ကာကွယ်ရေးအစီအရင်ကို တိုက်ခိုက်ရဲမည် မဟုတ်ပေ။

မိုဝူကျိ၏ ကာကွယ်ရေးအစီအရင်ကို မည်သူမျှ လာမထိသော်လည်း သူ၏ သေမျိုးနယ်မြေမှာ ဂရုစိုက်ခံရသည့် နေရာတစ်ခု ဖြစ်လာသည်။ ကျောင်းတော်မှ စည်းကမ်းထိန်းက လာကြည့်သေးသည်။ မိုဝူကျိက တခြားနေရာများမှ စုပ်ယူလိုက်သော စွမ်းအားများအား ကျင့်ကြံနေသည့် အဖြစ်ကို သတိပြုမိသောအခါ၌ သူက ပြန်လှည့်ထွက်သွားရုံသာ တတ်နိုင်သည်။

အကယ်၍ လူတစ်ယောက်က ကျင့်ကြံရင်းဖြင့် နတ်ဝိညာဉ်စွမ်းအား အကုန်လုံးကို စုပ်ယူသွားလျှင်ပင် ထိုအရာမှာ သူ့ကိစ္စ မဟုတ်ပေ။

ချီချွမ်၊ တာ့ဟွမ်နှင့် ရွိုက်ကောတို့အားလုံးက စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြသည်။ မိုဝူကျိ ဂူပိတ်ကျင့်ကြံရန် ဝင်သွားကတည်းက သူဆီမှ ဘာသတင်းမှမရသည်မှာ သုံးနှစ်တိတိ ရှိလေပြီ။ ထိုသုံးနှစ်အတွင်း သူတို့သည် မိုဝူကျိ စီစဉ်ထားသည့်အတိုင်း သေမျိုးနယ်မြေကို ပြန်လည် တည်ဆောက်ပြီးနှင့်ပြီ ဖြစ်သည်။

ယခု နောက်ဆုံးတွင်တော့ မိုဝူကျိ၏ နေရာမှ လှုပ်ရှားမှုတစ်ခုကို တွေ့ရလေပြီ။ သို့ဖြစ်ရာ မိုဝူကျိအတွက် သူတို့ ဆက်ပြီး စိတ်ပူနေစရာ မလိုတော့ပေ။

သေမျိုးနယ်မြေကို လာကြည့်ကြသော ကျင့်ကြံသူများကိုကား ချီချွမ်က တားဆီးထားသည်။ ဤသည်မှာ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော် ဖြစ်သည်။ သူက မည်သူ့ကိုမျှ အထဲ မခေါ်သရွေ့ မည်သူမျှ သူတို့၏ကာကွယ်ရေး အစီအရင်ကို တိုက်ခိုက်ရန် ကြိုးစားလိမ့်မည် မဟုတ်ပေ။

သေမျိုးနယ်မြေ၏ ကာကွယ်ရေးအစီအရင်မှာ ပိတ်မြဲပိတ်ထားသဖြင့် လာကြည့်သူများ တဖြည်းဖြည်း နည်းသွားကြသည်။

မိုဝူကျိ၏ စွမ်းအားစုပ်ယူနှုန်းမှာ မြန်သည်ထက် ပိုမြန်လာသည်။ အစပိုင်း၌ စွမ်းအားမှာ သူနှင့်ထိစပ်နေသည့် ပတ်ဝန်းကျင် နေရာများမှသာ လာသည်။ နောက်ပိုင်းတွင်ကား ပေါကြွယ်လှသော နတ်ဝိညာဉ်စွမ်းအားတို့သည် မီတာရာကျော် ဝေးသည့်နေရာများမှပင် လာကြသည်။

ချီချွမ်က မြန်မြန်ပြောလိုက်သည်။

“တာ့ဟွမ်… ရွိုက်ကော… မြန်မြန် ကျင့်ကြံကြ။ ဒီနေရာက အရမ်းလုံခြုံတယ်။ ကျွန်တော် တစ်ယောက်တည်း စောင့်တာနဲ့တင် လုံလောက်နေပါပြီ”

ချီချွမ် မကျင့်ကြံရသည့် အကြောင်းအရင်းမှာ မိုဝူကျိ သူ့ကို အင်မော်တယ် မော်တယ်ကျင့်စဉ် ပေးရန် စောင့်နေခြင်း ဖြစ်သည်။ သူ၏လက်ရှိ ကျင့်ကြံနှုန်းမှာ အလွန် နှေးလွန်းသည်။

မိုဝူကျိတွင် ဤကဲ့သို့ လွတ်လွတ်လပ်လပ် အပူအပင်မရှိ ကျင့်ကြံရန် အခွင့်အရေးမှာ ရခဲလှ၏။ အင်မော်တယ် မော်တယ်ကျင့်စဉ် လှည့်ပတ်ခြင်းဖြင့် သူ၏အသက်ဓာတ်မှာ လျင်မြန်စွာ ပြန်လည် အားပြည့်လာသည်။ သူ၏ မီးခိုးရောင် အရိုးများမှာ သူတို့၏အသက်ဓာတ်များကို စတင်၍ ပြန်လည်ရရှိလာသည်။

၂ နှစ် ကြာပြီးနောက် မိုဝူကျိအနား ပတ်ပတ်လည်မှ အရှိန်အဝါသည် ရုတ်တရက် ကျယ်ပြန့်လာသည်။ သူ၏ ချီသွေးကြော အားလုံးမှာ ပိုကျယ်လာပြီး သူ၏စွမ်းအား စုပ်ယူနှုန်းမှာ ပို၍ပင် မြန်လာလေသည်။ သူ၏ထာဝရ ကမ္ဘာငယ်သည်လည်း စတင် ကျယ်ပြန့်လာသည်။ ၎င်းတွင် သဘာဝစွမ်းအားများ မရှိတော့သော်လည်း မိုဝူကျိ၏ လူသား တာအိုစည်းမျဉ်း အငွေ့အသက်များ ပါဝင်နေလေသည်။

ကနဦးနတ်ဘုရားအဆင့် ၇…

မိုဝူကျိက နောက်ဆုံးတွင် တည်ငြိမ်သွားသည်။ ထာဝရကမ္ဘာငယ်မှ သဘာဝအမြုတေများကို ထုတ်ယူလိုက်ပြီးသည့်နောက်တွင် သူ၏ကျင့်ကြံနှုန်းမှာ သိသိသာသာ တိုးတက်လာကြောင်း မိုဝူကျိက ရှာတွေ့လိုက်သည်။ နဂိုမူလတုန်းက သူစုပ်ယူလိုက်သည့် စွမ်းအား၏ တစ်ပိုင်းတစ်စသည် ထာဝရကမ္ဘာငယ်ထဲသို့ စိမ့်ဝင်သွား၏။ ယခုမူ သူ့ထာဝရကမ္ဘာငယ်သည် သူ့ကိုယ်ပိုင် တာအိုစည်းမျဉ်းများနှင့်အတူသာ တိုးတက် ဖွံ့ဖြိုးလေတော့သည်။ သူ အသိဉာဏ်ပွင့်မှု ရရှိလိုက်သည့် အရာတိုင်းက သူ၏ထာဝရကမ္ဘာအတွင်း၌ ဖြစ်တည် ပေါ်ပေါက်လာလိမ့်မည် ဖြစ်သည်။

ထာဝရကမ္ဘာငယ်လေး တိုးချဲ့ကျယ်ပြောလာသည်နှင့်အမျှ လူသားတာအိုအပေါ် သူ၏နားလည်သဘောပေါက်မှုမှာ ပို၍နက်နဲလာလေသည်။

သူ၏ကမ္ဘာမှာ ယခု သူ၏ လူသားတာအိုနှင့် ချိတ်ဆက်နေ၏။ ထာဝရကမ္ဘာဟု ဆက်လက် ခေါ်ဝေါ်မနေသင့်တော့ပေ။ ယခုအချိန်မှစ၍ သူ၏ကမ္ဘာကို လူသားကမ္ဘာဟု ခေါ်ဝေါ်တော့မည်။

ဤအခိုက်အတန့်လေးတွင်ပင် မိုဝူကျိသည် လူသားကမ္ဘာ၏ အကျိုးသက်ရောက်မှုများကို သိသိသာသာ ခံစားနိုင်လေသည်။ သူ အသိရှိလျက်နှင့် စွမ်းအားများကို စတင် လှည့်ပတ်သောအခါ ထိုစွမ်းအားသည် သူ့လူသားကမ္ဘာနှင့် ဆက်သွယ်သည့်အခါ ဆက်သွယ်လိုက်၊ ဖြတ်ကျော်သွားသည့်အခါ ဖြတ်ကျော်သွားလိုက်နှင့် ဖြစ်နေသည်။

သိပ်မကြာခင် မိုဝူကျိက ဝမ်းသာ အံ့သြသွားသည်။ လူသားကမ္ဘာသည် သူနှင့်အတူ ကြီးထွားတိုးတက်လာသည်မှာ သိသာလှသည်။ ထိုသို့ဖြစ်ရန် သူကျင့်ကြံတိုင်း သူ့လူသားကမ္ဘာအား သူ၏ တာအိုလှည့်ပတ်လမ်းကြောင်းအတွင်း ထည့်ထားရန် လိုအပ်ပေမည်။

ဂူပိတ်ကျင့်ကြံသည့် ၆ နှစ်တာအတွင်း မိုဝူကျိသည် ကနဦးနတ်ဘုရား အဆင့် ၈ ထဲသို့ အောင်မြင်စွာ တက်လှမ်းနိုင်လိုက်သည်။ ၈ နှစ်မြောက်တွင် သူက ကနဦးနတ်ဘုရား အဆင့် ၉ ထဲသို့ တက်လှမ်းသွားသည်။

ဤအခိုက်အတန့်၌ သူ့လူသားကမ္ဘာမှာ ပြီးပြည့်စုံသော ကမ္ဘာတစ်ခု ဖြစ်လာရန် တိုးချဲ့ကျယ်ပြန့်လာလေသည်။ ၎င်းမှာ မီးခိုးရောင် နယ်မြေတစ်ခု ဖြစ်နေသေးသော်လည်း မိုဝူကျိသည် ဤကမ္ဘာသည် သူ၏ ယခင် ထာဝရကမ္ဘာငယ်ထက် များစွာပို၍ ပြီးပြည့်စုံသည်ဟု ခံစားမိသည်။

အနည်းဆုံးတော့ ဤပျင်းစရာကောင်းအောင် မှုန်မှိုင်းနေသော လူသားကမ္ဘာထဲတွင် စည်းမျဉ်းအမျိုးမျိုး ရှိနေသည်။ ထိုစည်းမျုဉ်းများအားလုံးမှာ သူ့ကိုယ်ပိုင်တာအိုစည်းမျဉ်းများမှ ဖြစ်တည်လာခြင်းဖြစ်သည်။

၎င်းတို့အနက် သဘာဝဓာတ်ငါးမျိုး၏ စည်းမျဉ်းများ ပါသည်။ လေ၊ လျှပ်စီး၊ ရေခဲနှင့် အမှောင်စည်းမျဉ်းများပင် ပါသေး၏။  ထိုစည်းမျဉ်းများမှာ အားနည်းနေသော်လည်း သိသိသာသာ ကြီးထွားတိုးတက်နေလေသည်။

တစ်နေ့… သူ့တာအိုအား အောင်မြင်ရရှိနိုင်သည့်တစ်နေ့ရောက်လျှင် သူ၏လူသားကမ္ဘာသည် စကြဝဠာထဲတွင် အကောင်းဆုံး၊ အသာလွန်ဆုံးသော အထွတ်အထိပ်ကမ္ဘာတစ်ခု ဖြစ်လာပေလိမ့်မည်။

၉ နှစ်မြောက်တွင် မိုဝူကျိသည် ကနဦးနတ်ဘုရား အဆင့် ၉ ၌ ရှိနေသေးသည်။ သူ၏လူသားကမ္ဘာမှာ ဆက်လက်ကြီးထွားလာကာ ယခု မိုင် ၉၀ ပင် ရှည်နေလေပြီ။

၁၀ နှစ်မြောာက်တွင်ကား မိုဝူကျိသည် တစ်ခါထပ်၍ တက်လှမ်းနိုင်လိုက်ပြန်သည်။ သူ့အား အံ့သြစေသည်မှာ သူက ကောင်းကင်နတ်ဘုရားအဆင့်သို့ မတက်လှမ်းဘဲ ထိုအစား ကနဦးနတ်ဘုရား အဆင့် ၁၀ သို့ တက်လှမ်းသွားသည်။

ကနဦးနတ်ဘုရား ထိပ်သီးအဆင့် ဆိုပြီး ရှိတယ်လား… ဘာလို့ ဒါကို အရင်က မကြားဖူးရတာလဲ…

မိုဝူကျိသည် တစ်စုံတစ်ရာကို ရပ်တန့်လိုက်ကာ လေထဲမှ ထိုတစ်စုံတစ်ရာဆီသို့ လက်လှမ်းလိုက်သည်။ သူက သူ့လက်ဖဝါးထဲမှ ပဟေဠိဆန်သော ခံစားချက်တစ်မျိုးကို ဖမ်းဆုပ်မိလိုက်သည်။ သာမန်ဒီတိုင်းလေး လက်ဖြင့် ဖမ်းဆုပ်လိုက်ခြင်းတစ်ခုသာ ဖြစ်သော်လည်း သူက သူ့လက်များအတွင်း အာကာပြင်တစ်ခုလုံးကို ဖမ်းမိလိုက်သည့်အလား ခံစားလိုက်ရသည်။

မိုဝူကျိက အသက်ပြင်းပြင်း ရှိုက်ထုတ်လိုက်သည်။ ကနဦးနတ်ဘုရား အဆင့် ၆ နှင့်ယှဉ်ပါက သူ့အင်အားမှာ အဆများစွာ တိုးတက်လာသည်လော…

ကနဦးနတ်ဘုရား အဆင့် ၁၀ တွင် ရှိနေသော သူ့အင်အားဖြင့် ကောင်းကင်နတ်ဘုရားအဆင့် ၀ တွင် ရှိနေသော ကျင့်ကြံသူကို သူ ကြောက်စရာမလိုပေ။

ဤသည်မှာ သူ၏ အင်မော်တယ်မော်တယ်ကျင့်စဉ်တစ်ခုတည်းကြောင့်သာ မဟုတ်သည်မှာ သေချာသည်။ သူ၏လူသားကမ္ဘာကလည်း ကူညီခဲ့သည်။ ယခု လူသားကမ္ဘာသည် အချင်းဝက်အားဖြင့် မိုင်ပေါင်းရာကျော်ပင် ရှိနေလေပြီ။ စည်းမျဉ်းများမှာ အားနည်းသော်လည်း ပြီးပြည့်စုံနေသည်။

မိုဝူကျိ၏ ဝိညာဉ်ကမ္ဘာသည် အပြင်ဘက်သို့ လွှမ်းခြုံလိုက်သည်။ ထို့နောက် သူ့ပုံရိပ်သည် ဖျက်ခနဲဖြစ်ကာ နေရာမှ ပျောက်ကွယ်သွားလေသည်။

…………………..

ပိုင်ယွဲ့က သေမျိုးနယ်မြေဆီသို့ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြန်လာသည်။ မိုဝူကျိက သူ့ကို စိုက်ပျိုးရေးဧကရာဇ်၏ အင်မော်တယ်မော်တယ်ကျင့်စဉ် ပေးလိုက်သည့်နှစ်တွင် သူက ကျောင်းတော်၏ နတ်ဝိညာဉ်စွမ်းအားနယ်မြေအတွင်း၌ ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ ထိုနောက် သူက အင်မော်တယ်ဂူတစ်လုံး ငှားလိုက်ကာ ၉ နှစ်တိတိ ဂူပိတ်ကျင့်ကြံခဲ့သည်။

ထို ၉ နှစ်တာကာလအတွင်း သူ၏ကျင့်ကြံဆင့်ကို အခြေတည်နိုင်ခဲ့သည်သာမက ကောင်းကင်နတ်ဘုရား အဆင့် ၂ သို့ပင် တက်လှမ်းနိုင်ခဲ့သည်။

သူသည် သူ ကုန်ဆုံးခဲ့သော နှစ်များကို တဖြည်းဖြည်း ပြန်ထေမိစေမည် ဖြစ်သည်။

ဤတစ်ခေါက် သူ ပြန်လာရခြင်းမှာ မကြာမီ စတင်ကျင်းပတော့မည့် နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ ကျင့်ကြံရေး အရင်းအမြစ် ပြိုင်ပွဲကြောင့် ဖြစ်သည်။ သူက ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းပြီးပြီဖြစ်သော်လည်း မိုဝူကျိမှာ ကနဦးနတ်ဘုရားအဆင့်တွင်ပင် ရှိနေဦးမည်ဖြစ်ကြောင်း သူသိသည်။ ထို့ကြောင့် သေမျိုးနယ်မြေအတွက် ကျင့်ကြံရေး အရင်းအမြစ် တချို့ရရန် သူ တိုက်ခိုက်မှရမည်။

သို့သော် သေမျိုးနယ်မြေ၏ ကာကွယ်ရေးအစီအရင်ကို ဖွင့်လိုက်သည့်အခိုက် သူက အနည်းငယ် ဆွံ့အသွားသည်။

ဤနေရာကား သေမျိုးနယ်မြေလော…

သိပ်သည်းသော နတ်ဝိညာဉ်စွမ်းအားတို့က သေမျိုးနယ်မြေ၏ အလယ်ဗဟိုပတ်ပတ်လည်တွင် လှည့်ပတ်ဝန်းရံထားသည်။ တစ်ချိန်တည်းမှာပင် သစ်သားလမ်းကျယ်တစ်ခုက ဝင်ပေါက်မှ အလယ်ဗဟိုအထိ သွယ်တန်းထားသည်။

အစိမ်းရောင်မြက်ခင်းတို့က စိမ်းစိုနုဖတ်စွာ ကြီးထွားနေကြသည်။ တစ်ချိန်တည်းမှာပင် မြစ်တစ်စင်းက ထိုစိုက်ခင်းတို့ကို ရစ်ပတ်ခွေထားကာ ချမ်းမြေ့စေသော ခံစားချက်တစ်မျိုးကို ပေးလေသည်။ အရှေ့တိုင်းပုံစံ အဆောက်အဦး ၁၀ ခုအား သေမျိုးနယ်မြေပတ်လည်တွင် မားမားမတ်မတ် တည်ဆောက်ထားသည်။ ဤသည်မှာ ယခင်သဲကန္တာရမြေနှင့် မည်ကဲ့သို့များ တစ်ခုတည်း အတူတူ ဖြစ်နိုင်ပါ့မည်နည်း။

“ခင်ဗျား ဘယ်သူလဲ”

ချီချွမ်က ပိုင်ယွဲ့အား မယုံသင်္ကာဟန်ဖြင့် စိုက်ကြည့်လိုက်သည်။ သူက ကာကွယ်ရေးအစီအရင်ကို ဖွင့်မပေးချေ။

“သူက ပိုင်ယွဲ့ပဲ။ နောက်နောင်ကျ သူက မင်းရဲ့စီနီယာအစ်ကို ဖြစ်လာလိမ့်မယ်”

မိုဝူကျိ၏ အသံက အချိန်ကိုက် ရောက်ရှိလာသည်။

“ချီချွမ် စီနီယာအစ်ကိုပိုင်ယွဲ့ကို နှုတ်ဆက်ဂါရဝပြုပါတယ်”

ချီချွမ်က လျင်မြန်စွာ ပိုင်ယွဲ့ဘက်သို့ ဦးညွှတ်လိုက်သည်။ သူက မိုဝူကျိဆီမှ ပိုင်ယွဲ့အကြောင်း ကြားဖူးထားသည်။

မိုဝူကျိက ပြုံးလိုက်ကာ

“ပိုင်ယွဲ့… ဒါက ချီချွမ်။ နောင်ကျရင် သူလည်းပဲ ကျုပ်တို့ သေမျိုးနယ်မြေကလူ ဖြစ်လာမှာ။ ပြီးတော့ ကောင်းကင်နတ်ဘုရားအဆင့်ထဲ ဝင်နိုင်တာရယ်၊ အဆင့် ၂ အထိ ရောက်နိုင်တာရယ်အတွက် ဂုဏ်ပြုပါတယ်ကွာ”

“ဝူကျိ… ငါ မရှိလိုက်တဲ့ ဒီတစ်ခေါက်မှာ မင်းက သေမျိုးနယ်မြေကို အရမ်းလှပသွားအောင် တကယ်လုပ်ထားနိုင်တာပဲ”

ပိုင်ယွဲ့က ပျော်ရွှင်စွာ ပြောလိုက်သည်။

မိုဝူကျိက ရယ်ကာ

“ဒါတွေ အကုန်လုံးက ချီချွမ်ရဲ့အားထုတ်မှုတွေကြောင့်ပါ”

“ဒါနဲ့ ငါ ဘာဖြစ်လို့ မင်းရဲ့ကျင့်ကြံဆင့်ကို မသိနိုင်ရတာလဲ”

ဤသည်က ပိုင်ယွဲ့ အမှန်တကယ် သိချင်နေသည့်အရာ ဖြစ်သည်။

ယခု သူက ကောင်းကင်နတ်ဘုရားအဆင့် ၂ တွင် ရှိနေပြီဖြစ်ရာ မိုဝူကျိ၏ ကျင့်ကြံဆင့်ကို တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်ရမည် ဖြစ်သည်။ သို့သော် တကယ့်လက်တွေ့တွင် မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ သူအတွက် အလွန်ဇဝေဇဝါ ဖြစ်နေသည်။ သူက ထိုးဖောက်မမြင်နိုင်ပေ။

မိုဝူကျိ၏ အရှိန်အဝါက ရိပ်ခနဲ လှုပ်သွားသည်။ ထို့နောက် သူက ရယ်ကာ

“အခုဆိုရင်ကော ဘယ်လိုလဲ”

“မင်းက ကနဦးနတ်ဘုရား အဆင့် ၉ မှာလား”

ပိုင်ယွဲ့သည် ယခုမှ မိုဝူကျိ၏ ကျင့်ကြံဆင့်ကို သိမြင်နိုင်လေသည်။ သူက ကနဦးနတ်ဘုရားအဆင့်တွင် အဆင့် ၁၀ ရှိနေလိမ့်မည်ဟု ဘယ်တော့မှ နားလည်နိုင်လိမ့်မည် မဟုတ်ပေ။

မိုဝူကျိက ခေါင်းငြိမ့်ကာ

“အဲ့လိုပဲ ပြောရမှာပေါ့”

“ဒါ တကယ့်ကို မယုံကြည်နိုင်စရာပဲ။ ငါ့ထက် မင်းရဲ့တိုးတက်မှုတွေက ပိုလိမ့်မယ်လို့ လုံးဝ မထင်ထားဘူးကွ။ ကျောင်းတော်ရဲ့ ပြိုင်ပွဲရောက်ဖို့ လနည်းနည်း လိုသေးတယ်။ မင်းက ကနဦးနတ်ဘုရားအဆင့် ၉။ ငါက ကောင်းကင်နတ်ဘုရား အဆင့် ၂။ ငါတို့တွေ အကောင်းဆုံးအရင်းအမြစ်တွေကို မရယူနိုင်ရင်တောင်မှ ဝိညာဉ်စုစည်းရေးအစီအရင်တစ်ခုစာတော့ ရနိုင်လောက်တယ်… ဟုတ်တယ်မလား”

ပိုင်ယွဲ့က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ဟုတ်တာပေါ့… ချီချွမ်ကို အင်မော်တယ် မော်တယ်ကျင့်စဉ် ပေးပြီးတာနဲ့ ပြိုင်ပွဲအတွက် ငါတို့တွေ သွားပြင်ဆင်ကြမယ်”

မိုဝူကျိက ဖြေလိုက်သည်။ ဤနေရာတွင် ကျင့်ကြံရန် သူ့အတွက် စွမ်းအားစုစည်းရေး အစီအရင် ရှိစရာ မလိုပေ။ သို့သော် ဤနေရာတွင် တခြားသူများ ရှိသေးသည်။ ထို့အပြင် သေမျိုးနယ်မြေထဲမှ နတ်ဝိညာဉ်အပင်များသည် ပမာဏများစွာသော နတ်ဝိညာဉ်စွမ်းအားတို့ကို လိုအပ်လေသည်။

***

All Chapters