နတ်ဘုရားဘုရင် တစ်ယောက်၏ အလိုက်ခံရခြင်း
Vol. 72 Ch. 1005
၃ ရက်ကြာပြီးနောက် မိုဝူကျိသည် အဆင့် ၄ နတ်ဘုရားအစီအရင်ဆရာ ဂုဏ်ထူးဆောင် တံဆိပ်ပြားတစ်ခုကို အောင်မြင်စွာ ပြုလုပ်ပြီးသွားသည်။ ထိုအရာကို လုပ်ပြီးသည်နှင့် သူက နိဗာနတိတ်ဆိတ်မှုပင်လယ်ဆီ သွားရန် နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်မှ ထွက်လာခဲ့သည်။
ဤသည်မှာ တာအိုအမျိုးမျိုးကို ကျင့်ကြံခြင်း၏ အားသာချက် ဖြစ်သည်။ အကယ်၍ မိုဝူကျိ ဖြစ်စေ ပိုင်ယွဲ့ဖြစ်စေ တစ်ယောက်ယောက်ကသာ အဆင့် ၄ နတ်ဘုရားအစီအရင်ဆရာ မဟုတ်ခဲ့ပါက တာဝန်ပြီးမြောက်ဖို့အတွက်ကိုပင် တစ်နှစ်လောက် လိုအပ်ကောင်း လိုအပ်နိုင်၏။ သို့သော် သူတို့သည် အဆင့် ၄ နတ်ဘုရားအစီအရင်ဆရာများ ဖြစ်နေသောကြောင့် နှစ်ယောက်ထဲမှ တစ်ယောက်က နိဗာနပင်လယ်သို့ သွားကူရန် အများဆုံး တစ်လလောက်သာ လိုအပ်လေသည်။
ပိုင်ယွဲ့အတွက် စိတ်ပူခြင်းအပြင် ဤတာဝန်ကို မိုဝူကျိ လက်ခံရန် ရွေးချယ်လိုက်သည့် အကြောင်းရင်းမှာ သူက ဤအင်မတန် ကွာဝေးလှသည့် နေရာကူးပြောင်း အစီအရင်အား မည်သို့ မည်ပုံ တည်ဆောက်နေကြသနည်းအား ကြည့်ချင်မိသောကြောင့် ဖြစ်သည်။ အနာဂတ်၌ နတ်ဘုရားကုန်းမြေနှင့် နတ်ဘုရားနယ်မြေတို့ကြားတွင် သူက ကူးချည်သန်းချည် ပုံမှန်လုပ်ရန် လိုအပ်ကောင်း လိုအပ်လာနိုင်သည်။ သို့ဖြစ်ရာ အကယ်၍ သူသာ တစ်နည်းနည်းဖြင့် ဤကူးပြောင်းအစီအရင်အား အသုံးပြုခွင့်ကို ရရှိနိုင်ခဲ့မည်ဆိုပါက ကောင်းပေလိမ့်မည်။
နတ်ဘုရားနယ်မြေထဲတွင် သူ စိုးရိမ်ဂရုစိုက်စရာ လူတချို့ရှိနေသေးသည်။ ဥပမာတစ်ခုမှာ ကူချိုက် ဖြစ်သည်။ ထို့အပြင် ဖန်းကျဲ တကယ် အသတ်ခံရ မခံရကိုလည်း သိချင်မိသည်။ အကယ်၍ အသတ်ခံလိုက်ရပါက သတ်လိုက်သည့်သူကို သိချင်သည်။ ဖန်းကျဲအတွက် လက်တုန့်ပြန် ကလဲ့စားကို ယခု မလုပ်နိုင်သေးလျှင်ပင် အနာဂတ်တွင် သေချာပေါက် လက်တုန့်ပြန် ကလဲ့စားချေပေးမည် ဖြစ်သည်။
ပိုင်ယွဲ့ ပြောပြထားသည့်အတိုင်း သူ နိဗ္ဗာန်တာအိုမြို့သို့ ရောက်သည့်အချိန်၌ သူ့အား စောင့်ကြည့်နေသော စိတ်စွမ်းအားအနည်းငယ် ရှိနေသော်လည်း မည်သူကမျှ သူ့ကို မထိရဲပေ။ နိဗ္ဗာန်တာအိုမြို့အတွင်းမှ နိဗာနတိတ်ဆိတ်မှု ပင်လယ်အစွန်းရှိ တိတ်ဆိတ်မှုနတ်ဘုရားမြို့ဟုခေါ်သော နတ်ဘုရားမြို့ဆီသို့ ကူးပြောင်း အစီအရင်တစ်ခု ရှိသည်။ ထို့ကြောင့် နိဗ္ဗာန်တာအိုမြို့အပြင်ကို ထွက်စရာမလိုဘဲနှင့် မိုဝူကျိသည် နိဗာနတိတ်ဆိတ်မှုပင်လယ်၏ အစွန်အဖျား ကမ်းစပ်နားသို့ ဦးတည်သွားနိုင်လိုက်သည်။
နတ်ဝိညာဉ်စွမ်းအား၏ သိပ်သည်းမှုနှင့် မိုးမြေစည်းမျဉ်း၏ ပြီးပြည့်စုံမှုအရ နတ်ဘုရားကုန်းမြေအား နတ်ဘုရားမြေ ၃ ခုအဖြစ် ခွဲခြားသတ်မှတ်ထားသည်။ ထိုနတ်ဘုရားမြေ ၃ ခုမှာ အလွန်ကျယ်ပြောလွန်း၍ သာမန်လူတွေအနေနှင့် သူတို့၏ အလယ်အလတ်အဆင့် ယာဉ်ပျံများပေါ်တွင် နှစ်အနည်းငယ်ကြာအောင် ပျံသန်းခရီးသွားရန် လိုအပ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင်ပင် နိဗာနတိတ်ဆိတ်မှု ပင်လယ်သည် နတ်ဘုရားကုန်းမြေတစ်ခုလုံး တစ်လျှောက် စီးဆင်းနေသည်။ သို့ဖြစ်ရာ နိဗာနတိတ်ဆိတ်မှုပင်လယ် ကြီးမားကျယ်ပြောပုံကို ပုံဖော်ကြည့်နိုင်ပေသည်။
တိတ်ဆိတ်မှုနတ်ဘုရားမြို့သည် နိဗာနတိတ်ဆိတ်မှုပင်လယ်အတွက် တည်ဆောက်ထားသော နတ်ဘုရားမြို့တစ်မြို့ ဖြစ်သည်။ အစောပိုင်းတွင် ဤနတ်ဘုရားမြို့သည် နိဗာနတာအိုသဲ အရောင်းအဝယ်အား အဓိက စီးပွားရေးအဖြစ် အာရုံစိုက် ပြုလုပ်ချင်ခဲ့သည်။ သို့သော် ပင်လယ်ရှင်းလမ်းကြောင်း ပေါ်ပေါက်မှု နှစ်ခုကြားမှ အချိန်ကာလမှာ အလွန်ကြာလွန်းသည်။ ထို့အပြင် နိဗာနတာအိုသဲကို ရရှိသည့်လူများသည် အများစုမှာ အလွယ်တကူ မရောင်းလိုကြပေ။
ထိုအကြောင်းအရင်းများကြောင့် တိတ်ဆိတ်မှု နတ်ဘုရားမြို့မှာ အနည်းငယ် လူခြေပျက်လပ်နေသည်မှာ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်က အဖွဲ့များ ဤမြို့သို့ မရောက်လာခင်အထိ ဖြစ်သည်။ အဖွဲ့များသည် နတ်ဘုရားကုန်းမြေနှင့် နတ်ဘုရားနယ်မြေတို့ကြား ကူးပြောင်းအစီအရင် ခင်းကျင်းမှုအတွက် ပြင်ဆင်ရန် ရောက်လာခြင်း ဖြစ်သည်။ သို့ဖြစ်ရာ တိတ်ဆိတ်မှုနတ်ဘုရားမြို့မှာ တစ်ဖန် အသုံးဝင်လာကာ စည်ကားသိုက်မြိုက်လာပြန်၏။ ထို့အပြင် ကူးပြောင်းအစီအရင် တည်ဆောက်မှုမှာ စီမံကိန်းအကြီးကြီး ဖြစ်သောကြောင့် နတ်ဘုရားအစီအရင်ဆရာများနှင့် လက်နက်တန်ဆာ ဆရာများ အမြောက်အများ လိုအပ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ဤမြို့သည် ကူးပြောင်းအစီအရင် တည်ဆောက်ရန် ကူညီနေကြသော ကျင့်ကြံသူများ၏ အနားယူရာနေရာ ဖြစ်လာလေသည်။
ကူးပြောင်းအစီအရင်မှ မိုဝူကျိ ထွက်လာသည့်အခိုက် သူက ရွှေရောင်စာတန်းကြီးတစ်ခုကို မြင်လိုက်ရသည်။
“နိဗာနပင်လယ် ကူးပြောင်းအစီအရင် မှော်အက္ခရာ ဖွဲ့စည်းတည်ဆောက်ရေး အဆောက်အဦး”
မိုဝူကျိက သတင်းပို့ရန် အဆောက်အဦးထဲသို့ ဝင်မသွားရသေးခင် ကြောက်မက်စရာကောင်းသော နတ်ဘုရားဘုရင် တစ်ယောက်၏ ဖိအားတစ်ခုကို သူ ခံစားမိလိုက်သည်။ ထိုအခိုက်အတန့်၌ မိုဝူကျိသည် သေစေလောက်သည့် ဖိအားတစ်ခုကို အမှန်တကယ် ခံစားလိုက်ရသည်။
“ငါက မင်း နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ထဲမှာပဲ တစ်သက်လုံးပုန်းနေတော့မယ် ထင်နေတာ…”
စက်ဆုပ်ဖွယ် အသံတစ်သံကို ကြားလိုက်ရကာ မိုဝူကျိက သူ့အပေါ် ဖိအားပေးနေသော ဘိုးတော်ကို တွေ့လိုက်ရသည်။ နယ်လှည့်ကျင့်ကြံသူအစည်းအရုံးမှ လော့ယွီ ဖြစ်နေသည်။
မိုဝူကျိက အံ့သြလွန်းသဖြင့် ထအော်မိမလိုတောင် ဖြစ်သွားသည်။ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ကို ကိုယ်စားပြုနေသရွေ့ ဘယ်သူမှ သူ့ကို မထိရဲဘူးဟု ပိုင်ယွဲ့က ပြောထားသည် မဟုတ်ပါလော…
အဘယ်ကြောင့် တိတ်ဆိတ်မှု နတ်ဘုရားမြို့သို့ သူ ရောက်ရောက်ချင်း တာဝန်အကြောင်း သတင်းပင် မပို့ရသေးခင် သူ့အား တစ်စုံတစ်ယောက်က သတ်ရန် ကြံနေနှင့်ရသနည်း။
ဤနေရာမှာ နိဗ္ဗာန်တာအိုမြို့ မဟုတ်သောကြောင့် အကယ်၍ လော့ယွီက သူ့အား ဤနေရာတွင် သတ်လိုက်ပါက လော့ယွီ ထွက်ပြေး လွတ်မြောက်နိုင်မှန်း မိုဝူကျိက သိသည်။
မိုဝူကျိက အကူအညီ အော်တောင်းရန်အတွက် သိုလှောင်လက်စွပ်မှ သူ၏ တာဝန်တံဆိပ်ပြားကို အမြန် ထုတ်ယူလိုက်သည်။ မိုဝူကျိ မထင်မှတ်ထားသည်မှာ မိုဝူကျိ၏ လက်ထဲမှ ကျောက်စိမ်းတံဆိပ်ပြားကို မြင်သောအခါ လော့ယွီ၏ မျက်နှာအမူအယာမှာ ပြောင်းလဲသွားကာ သူ၏ သတ်ဖြတ်ငွေ့တို့အား ပြန်ရုတ်သိမ်းလိုက်ခြင်းပင် ဖြစ်သည်။
လော့ယွီ ဘာမှမပြောနိုင်ခင် ကြီးမားသော လက်ဖဝါးအရာကြီးတစ်ခုက ရိုက်ချလာသည်။
“နားလည်မှု လွဲတာပါ…”
လော့ယွီ၏ ရင်ထဲတွင် အလွန်စိုးရိမ်မိသွားသည်။ အကယ်၍ မိုဝူကျိသည် နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်၏ အပြင်တပည့်တစ်ယောက် ဆိုပါက သူက သတ်ပြီး ထွက်ပြေး၍ ရနိုင်သည်။ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်က သူ့နောက် လိုက်ဖမ်းမည် ဖြစ်သော်လည်း အချိန်အကြာကြီး လိုက်ဖမ်းရန် နတ်ဘုရားဘုရင် တစ်ယောက်ကို လုံးဝစေလွှတ်လိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ တိတ်ဆိတ်မှု နတ်ဘုရားမြို့ထဲတွင် ရှိနေသော ကျောင်းတော်မှ ကျင့်ကြံသူများသည် ကူးပြောင်းအစီအရင် ကူညီတည်ဆောက်ရန်သာ ဤမြို့သို့ ရောက်နေကြခြင်း ဖြစ်သည်။ သူ့အား ဖမ်းဆီးရန်အတွက် ကျောင်းတော်သို့ ပြဿနာအကြောင်း သတင်းပို့ပြီးမှ သူ့အတွက် ဖမ်းဝရမ်းကို ထုတ်နိုင်မည် ဖြစ်သည်။
သူ မထင်မှတ်ထားသည်မှာ မိုဝူကျိက ဤမြို့သို့ တာဝန်ဖြင့် ရောက်လာသည့်အချက် ဖြစ်သည်။ ထို့အပြင် ဤခွေးကောင်က တာဝန်တံဆိပ်ပြားကို သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းထားသည်။ သူက သေချာ စုံစမ်းထားပြီးပြီဖြစ်ကာ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ သေမျိုးနယ်မြေမှ လူတစ်ယောက်က တာဝန်ကို လက်ခံထားမှန်း အတည်ပြုပြီးပြီ ဖြစ်သည်။ သို့သော် သူ့စုံစမ်းချက်အရ တာဝန်လက်ခံထားသည်မှာ ပိုင်ယွဲ့ဟု ခေါ်သော တခြားတပည့်တစ်ယောက်ဖြစ်ကာ ဤနယ်လှည့်ကျင့်ကြံသူ၂၇၀၅ မဟုတ်ပေ။
နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်မှ တပည့်များသည် သူတို့၏ တာဝန် ထမ်းဆောင်ရန် အပြင်ထွက်လာသည့်အခါ သူတို့သည် ခါးတွင် တာဝန်တံဆိပ်ပြားကို ချိတ်ဆွဲထားလေ့ ရှိကြသည်။ ထိုတပည့်ကို မည်သူမျှ သွားရန်မစရဲသည်သာမက ထိုတပည့်သည် အနီးဝန်းကျင်မှာရှိနေသော အင်အားစုများစွာ၏ ကာကွယ်ခြင်းကိုလည်း လက်ခံရရှိဦးမည် ဖြစ်သည်။ မိုဝူကျိကဲ့သို့ တာဝန်တံဆိပ်ပြားကို သိုလှောင်လက်စွပ်ထဲ ထည့်ဖွက်ထားသည့်သူဟူ၍ တစ်ယောက်မျှ မရှိပေ။
သို့သော် မိုဝူကျိအပေါ် အပြင်းအထန် မုန်းတီးနေသောကြောင့် သူက နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်၏ အလိုက်ဖမ်းခံရမည်ကို သိလျက်နှင့်ပင် မိုဝူကျိအား သတ်ရန် ဆန္ဒရှိနေသည်။
“အား”
မိုဝူကျိအား သတ်ချင်နေသော လော့ယွီသည် တစ်ခဏချင်းပင် အစိတ်စိတ်အမြွာမြွာ ကွဲကာ ပျောက်ကွယ်သွားသည်။
“ကောင်လေး… နောက်တစ်ခါဆို မင်းရဲ့တာဝန်တံဆိပ်ပြားကို ခါးနားမှာ ချိတ်ထားဖို့ သတိရပါ”
ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာကာ ထိုအသံနှင့်အတူ အာကာပြင် လက်ဖဝါးအရာက ပျောက်ကွယ်သွားသည်။
မိုဝူကျိက ပျောက်ကွယ်နေသော လက်ဖဝါးအရာကို အံ့သြစွာ စိုက်ကြည့်လိုက်သည်။ ဤအခိုက်အတန့် ရောက်မှသာ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်မှာ မည်မျှ အားကောင်း အစွမ်းထက်ကြောင်းကို သေချာနားလည်သွားတော့သည်။ နတ်ဘုရားဘုရင် အဆင့် ၃ တွင် ရှိနေသည့် ကျင့်ကြံသူတစ်ယောက်သည် ဤသို့ လွယ်လွယ်ကူကူ သုတ်သင်ခံလိုက်ရသည်။ လက်ဖဝါးအရာ၏ ပိုင်ရှင်မှာ နတ်ဘုရားဘုရင်အဆင့်ကို ကျော်လွန်သော တည်ရှိမှုမျိုး ဖြစ်မည်မှာ မလွဲပေ။
ခဏကြာပြီးနောက် မိုဝူကျိသည် စိတ်ကို ငြိမ်အောင် လုပ်လိုက်ကာ သူ့ခါးတွင် တာဝန်တံဆိပ်ပြားကို ချိတ်ဆွဲလိုက်သည်။ သူက ကူးပြောင်းအစီအရင် မှော်အက္ခရာဖွဲ့စည်း တည်ဆောက်ရေး အဆောက်အဦးဆီသို့ သွားရန်လုပ်လိုက်သည်။
မည်သို့ပင် ဆိုစေကာမူ လော့ယွီ အသတ်ခံလိုက်ရခြင်းမှာ သူ့အတွက်တော့ ကောင်းသော အရာဖြစ်သည်။ နတ်ဘုရားကုန်းမြေတွင် သူက နတ်ဘုရားဘုရင်နှစ်ယောက်နှင့် ပြဿနာ ဖြစ်ဖူးသည်။ ထိုသူတို့မှာ နတ်ဘုရားဘုရင်လော့ယွီနှင့် အောင်းမျိုးနွယ်၏နတ်ဘုရားဘုရင် ကွမ်းမိ ဖြစ်သည်။
မိုဝူကျိသည် အဆင့် ၅ နတ်ဘုရား အစီအရင်ဘုရင် ဖြစ်ရန် ရှေ့မတက်နိုင်သေးသော်လည်း သူ့ကိုယ်ပိုင်အစီအရင် တာအို မှော်အက္ခရာများမှာ အသင့်အတင့် အဆင့်သာ ရှိကြောင်း သူက သိသည်။ ဓားမြစ်ထဲတွင် ရှိစဉ်က အာကာပြင် မှော်အက္ခရာ အသိဉာဏ်ပွင့်မှုကို ရရှိခဲ့ပြီးနောက် အစီအရင် အက္ခရာအပေါ် သူ၏ နားလည်သဘောပေါက်မှုမှာ တစ်ဆင့်ထပ်မြင့်သွားသည်။
ယခု သူက နိဗာနတိတ်ဆိတ်မှု ပင်လယ်၏ ကူးပြောင်းအစီအရင် မှော်အက္ခရာဖွဲ့စည်းတည်ဆောက်ရေး အဆောက်အဦး အရှေ့၌ တွေတွေကြီး ရပ်နေလေသည်။
အစပိုင်း ဤအဆောက်အဦးကို သူ ပထမဆုံးအကြိမ် စမြင်မိချိန်တွင် သူက အဆောက်အဦးမှာ စီမံအုပ်ချုပ်ပိုင်းဆိုင်ရာကိစ္စများအတွက် နေရာတစ်ခုသာ ဖြစ်မည်ဟု တွေးမိသည်။ ယခု အဆောက်အဦးအရှေ့တည့်တည့်ကို ရောက်သွားလိုက်မှသာ ဤအဆောက်အဦးသည် အစီအရင် မှော်အက္ခရာများဖြင့်သာ အပြည့်အဝ တည်ဆောက်ထားမှန်း သူက သိရှိသွားသည်။
အဆုံးမရှိသော အစီအရင် မှော်အက္ခရာတို့က ဤအဆောက်အဦး တစ်ခုလုံးကို ဖွဲ့စည်း တည်ဆောက်ထားသည်။ ဝင်ပေါက်ဝကျယ်ကြီးမှာ မည်သူမဆို ဝင်ထွက်နိုင်သယောင် ထင်ရသော်လည်း အကယ်၍ ကြုံရာလူတချို့ အကြောင်းအရင်းမရှိဘဲ ဝင်ဖို့ကြိုးစားပါက မမြင်ရသည့် အစီအရင်ဖြင့် ချက်ချင်း အသတ်ခံရလိမ့်မည်ဟု မိုဝူကျိက သေချာသိသည်။ မိုဝူကျိ ကြည့်ရသည်မှာ ဝင်ပေါက်ဝတွင် ထားထားသော အစီအရင် မှော်အက္ခရာများ အားလုံးအနက် မည်သည့် တစ်ခုကိုမျှ နားလည်ဟန် မပေါ်ပေ။ သိသာစွာပင် နိဗာနတိတ်ဆိတ်မှု ပင်လယ်ရှိ ကူးပြောင်းအစီအရင်၏ အစီအရင် မှော်အက္ခရာများသည် အနည်းဆုံးတော့ ဤမျှရှုပ်ထွေးခက်ခဲပေလိမ့်မည်။
ဤသည်က မိုဝူကျိအား အလွန်အမင်း သံသယဝင်စေသည်။ သူ့ကို အဆင့် ၄ နတ်ဘုရား အစီအရင်ဆရာ ဟု သတ်မှတ်၍ရသည်။ အကယ်၍ သူက ပိုင်ယွဲ့၏ ခင်းကျင်းနည်းကို သုံးလိုက်ပါက အဆင့် ၅ နတ်ဘုရားအစီအရင်ကိုပင် ခင်းကျင်းကောင်း ခင်းကျင်းနိုင်လိမ့်မည်။ နတ်ဘုရားကုန်းမြေတွင် အဆင့်အမြင့်ဆုံး အစီအရင်ဆရာမှာ အဆင့် ၆ နတ်ဘုရား အစီအရင်ဘုရင်ဟု ပြောကြသည်မဟုတ်ပါလော… ဖြစ်နိုင်သည်မှာ အဆင့် ၄ နှင့် အဆင့် ၆ တို့ကြားမှ ကွာခြားချက်မှာ ကြီးလွန်းသဖြင့် အဆင့် ၆ နတ်ဘုရားအစီအရင်ဘုရင် ခင်းကျင်းထားသည့် အစီအရင်တစ်ခုကို သူက မှတ်ပင်မမှတ်မိနိုင်ဘဲ ဖြစ်နေရသည်လော….
“ကောင်လေး… အထဲ ဝင်ခဲ့လေ”
မိုဝူကျိက အစီအရင် မှော်အက္ခရာများကို လေ့လာကြည့်ရှုနေဆဲတွင် တစ်စုံတစ်ယောက်က သူ့အား အထဲလှမ်းခေါ်လေသည်။
မိုဝူကျိက မြန်မြန် ဝင်သွားလိုက်သည်။ အပြင်ဘက်မှ ကြည့်ပါက ဤသည်မှာ အင်မတန်မြင့်မားသော အဆောက်အဦး တစ်ခုနှင့်တူသည်။ အထဲဝင်သွားပြီးနောက်တွင် အင်မတန်ကျယ်ဝန်းသော ခန်းမကြီးတစ်ခုထဲ သူရောက်နေကြောင်း မိုဝူကျိက သတိပြုမိသည်။ အပေါ်သို့ တက်ရန် လှေကားအိမ်တစ်ခုမျှပင် မတွေ့မိသော်လည်း ခန်းမ၏ အဆုံးနားတွင် တံခါးပေါက်တစ်ပေါက်ကို တွေ့မိသည်။
ခန်းမတွင် အပြည့်အသိပ် သိမ်းဆည်းထားသော အစီအရင် မှော်အက္ခရာများ ပါဝင်သည်။ ထိုအစီအရင် မှော်အက္ခရာ၏ဘေးတွင် မတ်တပ်ရပ်နေသော ကျင့်ကြံသူ ဆယ်ကျော်လောက် ရှိသည်။ သူတို့သည် နောက်ထပ်အစီအရင် မှော်အက္ခရာများ ရေးထွင်းခြင်းတွင်သာ အပြည့်အဝ အာရုံစူးစိုက်ထားကြသည်။ မိုဝူကျိ ရောက်လာသည်ကိုပင် သူတို့က သတိပြုမိဟန် မတူပေ။
ဤသည်က နတ်ဘုရားကုန်းမြေမှ နတ်ဘုရားနယ်မြေသို့ ကူးပြောင်းအစီအရင် များလော…
“မင်း ဘာမှထပ်ပြီး လျှောက်ကြည့်နေစရာ မလိုတော့ဘူး။ အထဲ အရင် ဝင်လာခဲ့လိုက်”
နူးနူးညံ့ညံ့ အသံတစ်သံကို ထပ်ကြားလိုက်ရပြန်၏။
မိုဝူကျိသည် အသံမှာ ခန်းမအဆုံးရှိ တံခါးမှ လာကြောင်း အာရုံခံနိုင်သည်။ တွေဝေမနေဘဲ မိုဝူကျိသည် ထိုအလုပ်များနေသော ကျင့်ကြံသူများကို အမြန်ကျော်ဖြတ်ကာ တံခါးကိုဖြတ်၍ ဝင်သွားလိုက်သည်။
တံခါးအလွန်နေရာတွင် လူ ၅ ယောက် ၆ ယောက်လောက်သာ ရှိသည်။ ရှေ့ဆုံးခုံတွင် ထိုင်နေသောလူမှာ အသက်ကြီးပုံပေါ်သော လူတစ်ယောက် ဖြစ်ကာ သူ၏ကျင့်ကြံဆင့်နှင့် အသက်ကို မိုဝူကျိ မခန့်မှန်းနိုင်ဘဲ ဖြစ်နေသည်။
မိုဝူကျိက ဤလူမှာ လော့ယွီလက်မှ သူ့ကို ကယ်လိုက်သောလူ ဖြစ်မည်ဟူသော ခံစားချက်ရေးရေးလေး ရသည်။ မိုဝူကျိက ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။
“သေမျိုးနယ်မြေက မိုဝူကျိ သတင်းပို့ဖို့ ဒီရောက်လာပါတယ်။ အသက်ကယ်ပေးတဲ့အတွက် စီနီယာ့ကို ကျေးဇူးအများကြီး တင်ပါတယ်”
“မင်းက ပိုင်ယွဲ့ မဟုတ်ဘူးလား”
အသက်ကြီးပုံပေါ်သောလူ၏ နံဘေးရှိ လူလတ်ပိုင်းတစ်ယောက်က မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။ သိသာစွာပင် သူက မိုဝူကျိကို ပိုင်ယွဲ့ဟု တွေးထားသည်။
မိုဝူကျိက မဆိုင်းမတွ ဖြေကြားလိုက်သည်။
“ပိုင်ယွဲ့က ကျွန်တော့်ရဲ့ ဂျူနီယာညီလေးပါ။ ကျွန်တော်လည်းပဲ သေမျိုးနယ်မြေက အဆင့် ၄ နတ်ဘုရား အစီအရင်ဆရာ တစ်ယောက်ပါ”
မိုဝူကျိသည် သေမျိုးနယ်မြေမှ အဆင့် ၄ နတ်ဘုရားအစီအရင်ဆရာ ဖြစ်ကြောင်း ကြားသောအခါ လူလတ်ပိုင်းကျင့်ကြံသူက ဘာမှထပ်မပြောတော့ချေ။
အသက်ကြီးပုံပေါ်သောလူက မိုဝူကျိအား နွေးထွေးစွာ ခေါင်းငြိမ့်ပြလိုက်သည်။
“မဆိုးဘူး… မင်းက သေခါနီးလေးကို မင်းရဲ့တာဝန်တံဆိပ်ပြားကို ထုတ်ယူနိုင်ခဲ့တယ်။ တော်တော်လေး တည်ငြိမ်ပြီး စိတ်ချုပ်တည်းနိုင်တယ်။ မင်း သိထားရမှာက မင်းရဲ့တာဝန်တံဆိပ်ပြားကိုသာ မမြင်ရဘူးဆိုရင် အဲ့ဒီနတ်ဘုရားဘုရင်က မင်းကို သတ်လိုက်ရင် အဲ့ဒီနောက် တစ်ယောက်ယောက်ကို သူ့နောက် လိုက်ခိုင်းမှာ မှန်ပေမယ့် မင်းသေသွားတဲ့ ကိစ္စကိုတော့ ပြောင်းရမှာ မဟုတ်ဘူး”
“ကျွန်တော့်ကိုယ်ပေါ်မှာ တံဆိပ်ပြားကို ချိတ်ထားရမယ်ဆိုတာကို ကျွန်တော် တကယ် မသိတာပါ”
မိုဝူကျိက တုံ့ပြန်လိုက်သည်။
အသက်ကြီးပုံပေါ်သည့် လူက စိတ်ထဲမထည့်ဘဲ လက်သာယမ်းပြကာ
“ငါကိုယ်ငါနဲ့ ငါတို့လူအနည်းငယ်ကို မိတ်ဆက်ပေးရဦးမယ်။ ငါ့နာမည်က စန်းကျန့်ရှင်း။ နတ်ဘုရားကုန်းမြေတစ်ခုလုံးမှာ အဆင့် ၇ နတ်ဘုရားအစီအရင်ကို ခင်းကျင်းနိုင်တဲ့ တစ်ဦးတည်းသောသူလို့ ပြောရမှာပေါ့။ ငါဘေးကလူက ထန်ဟယ်။ သူက အဆင့် ၆ နတ်ဘုရား အစီအရင်ဘုရင်။ ဟိုတုန်းက ငါနဲ့ စိုက်ပျိုးရေးဧကရာဇ်က ရင်းနှီးတယ်လို့ ပြောလို့ရတယ်။ သူက တခြားသူတွေနဲ့ ပတ်သက်ဆက်ဆံရတာ မကြိုက်ဘူး။
ငါက သူ့အစီအရင် တာအိုကို အမြဲ လေးစားနေခဲ့တာ။ ဒီလောက် အသက်ငယ်ငယ်လေးနဲ့ မင်းက အစီအရင် ဆရာတစ်ယောက် ဖြစ်လာနိုင်ခဲ့တယ်။ မင်းလည်းပဲ အင်မော်တယ် မော်တယ်ကျင့်စဉ်ကို ကျင့်ကြံတာပဲ ဖြစ်ရမယ်လို့ ငါ ယုံတယ်… ဟုတ်တယ်မလား”
မိုဝူကျိက စိတ်ထဲတွင် အံ့သြသွားသည်။ အကြောင်းမှာ နတ်ဘုရားကုန်းမြေထဲတွင် အဆင့် ၇ နတ်ဘုရားအစီအရင်ကို ခင်းကျင်းနိုင်သည့် ပညာရှင်တစ်ယောက် ရှိနေလိမ့်မည်ဟု သူက လုံးဝ မတွေးဖူးပေ။ ထို့အပြင် ဤနေရာ၌ အဆင့် ၆ နတ်ဘုရား အစီအရင်ဘုရင် တစ်ယောက်မက ရှိနေသည်မှာ သေချာသည်။ မိုဝူကျိက စတင် စိတ်လှုပ်ရှားလာသည်။ ဤနေရာ၌ ၂ လတာ အလုပ်ကာလအတွင်း သူသည် များစွာ သင်ယူနိုင်ပေလိမ့်မည်။
“ဟုတ်ပါတယ်… ကျွန်တော် အင်မော်တယ် မော်တယ်ကျင့်စဉ်ကို ကျင့်ကြံတာ မှန်ပါတယ်”
မိုဝူကျိက သူ၏ အင်မော်တယ် မော်တယ်ကျင့်စဉ်နှင့် စိုက်ပျိုးရေးဧကရာဇ်၏ အင်မော်တယ် မော်တယ်ကျင့်စဉ်တို့ကြားမှ ခြားနားချက်ကို သေချာ ရှင်းပြမနေတော့ချေ။
စန်းကျန့်ရှင်းက အသာပြုံးကာ
“အင်မော်တယ် မော်တယ်ကျင့်စဉ်မှာ လိုအပ်ချက်တွေ အများကြီးရှိနေပေမဲ့ အဲ့ဒါက မူလကျင့်စဉ်တစ်ခု ဖြစ်တယ်ဆိုတာကတော့ အမှန်ပဲ။ အင်မော်တယ် မော်တယ်ကျင့်စဉ်ကို ကျင့်ကြံနိုင်ပြီး အဆင့် ၄ နတ်ဘုရားအစီအရင်ဆရာ ဖြစ်လာနိုင်တာ မင်းကို ပါရမီရှင်လို့ ပြောရမှာပဲ။ မင်းသိထားတဲ့ အရာတွေကို ငါ့လည်း ပြောပြပါဦး။ အစီအရင်တာအိုနဲ့ ဆိုင်တာတွေကို ဆိုလိုတာ”
မိုဝူကျိက တုံ့ပြန်လိုက်သည်။
“ကျွန်တော် အာကာပြင် မှော်အက္ခရာတွေ အကြောင်း သိထားတာရှိပေမဲ့ အပြင်ဘက်က အာကာပြင် မှော်အက္ခရာတွေကို ကြည့်ကြည့်ပြီးတဲ့နောက် ကျွန်တော်သိထားတာ အရမ်းနည်းနေသေးမှန်း သိလိုက်ရပါတယ်”
“အို… မင်းက အာကာပြင် မှော်အက္ခရာတွေကို တကယ် နားလည်တယ်လား”
စန်းကျန့်ရှင်းက အံ့သြသွားသည်။ အကြောင်းမှာ အာကာပြင် မှော်အက္ခရာတွင် ကျွမ်းကျင်သော အစီအရင်ဆရာ များများစားစား မရှိသောကြောင့် ဖြစ်သည်။ ဤနေရာမှ အာကာပြင် မှော်အက္ခရာများ အားလုံးမှာ သူ၏ ဦးဆောင်မှုအောက်တွင် သူ၏ တပည့်တချို့က ဖွဲ့စည်းတည်ဆောက်ထားခြင်း ဖြစ်သည်။
***