အစီအရင် စည်းမျည်း
Vol. 73 Ch. 1007
သူက အဆင့် ၅ အစီအရင်ကို မခင်းကျင်းရသေးသော်လည်း စန်းကျန့်ရှန်းက ပြောနိုင်လေ၏
“ ဝူကျိ … မင်းတော့ အဆင့် ၅ အစီအရင်ဘုရင် အဆင့်ထဲ ရောက်နေပြီ။ ကြည့်ရတာ သေမျိုးနယ်မြေက လူတွေက လျို့ဝှက်ပညာရပ်တွေမှာတင် တော်တာ မဟုတ်ဘဲ တခြားတာအိုတွေကိုလည်း ကျွမ်းကျင်ပုံပဲ … ”
မိုဝူကျိက အတော်လေး ကျေနပ်နေမိသည်။ သူက ဤနေရာသို့ အစီအရင်တာအိုအား သင်ယူရန် ရောက်လာခြင်းသာ ဖြစ်၏။ အချိန်တိုလေးအတွင်း သူ့ဆုလာဘ်မှာ အဆင့် ၅ အစီအရင်ဘုရင်အဖြစ် တိုးတက်သွားရုံသွားမက အစီအရင်တာအိုနှင့် ပတ်သတ်၍လည်း နက်နက်ရှိုင်းရှိုင်း နားလည်လာပေသည်။
အစီအရင်တာအိုအပေါ် စန်းကျန့်ရှန်း၏ နားလည်နိုင်စွမ်းနှင့် တွေးခေါ်မြော်မြင်မှုတို့မှာ မိုဝူကျိအနေနှင့် လိုက်မမှီနိုင်သည့်အရာဖြစ်ကြောင်း ခံစားမိစေသည်။
တစ်လတာ ကုန်လွန်သွားကာ ကူးသန်းရေး အစီအရင်၏ ပင်မ မှော်အက္ခရာတို့ကိုလည်း မိုဝူကျိက အောင်အောင်မြင်မြင် ရေးထွင်းပြီးလေပြီ။
မိုဝူကျိက တာဝန်ပြီးမြောက်စေရန် ရောက်ရှိလာသော်လည်း ဤတာဝန်ကို အမြန် ပြီးဆုံးသွားလိုက်သည်ဟု ခံစားမိလိုက်သည်။ အကြောင်းမှာ မိုဝူကျိက သူ မသင်ယူရသေးသည့် များစွာ ကျန်ရှိနေသေးသည်ဟု ခံစားနေရလောက်အောင် အချိန်က အကုန်မြန်နေခြင်း ဖြစ်၏။
ဤသို့သောနေရာ၌ အဆင့် ၅ အစီအရင်ဘုရင်အဆင့်သို့ တက်လှမ်းနိုင်ခြင်းမှာ အစီအရင်ပညာရှင်များက ဘာအတားအဆီးမှ မရှိဘဲ သူ့အား လမ်းညွှန်ပေး၍ ဖြစ်ပေသည်။ ဤနေရာ၌ ကြာကြာထပ်နေလိုသော်လည်း မိုဝူကျိက ပြန်ရမည် ဖြစ်ကြောင်း သိထားသည်။ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်အတွင်း အရင်းအမြစ် တိုက်ပွဲများ စတင်ဖို့ရာ တစ်လတာမျှသာ လိုတော့သည်။ ထို့ကြောင့် သူ့အနေနှင့် ပြင်ဆင်ဖို့ အချိန်မှီ ပြန်ရမည် ဖြစ်၏။
“ မင်းက ဂိုဏ်းဆီ ပြန်တော့မှာလား ” စန်းကျန့်ရှန်းက မိုဝူကျိ၏ ရည်ရွယ်ချက်ကို သဘောပေါက်ပေသည်။
မိုဝူကျိက သူ့အား လမ်းညွှန်သင်ပြပေးသည့် အစီအရင်ဘုရင်များအား ဦးညွှတ်၍ “ ဒီတစ်လအတွင်းမှာ စီနီယာတွေဆီကနေ အများကြီး သင်ယူခဲ့ရပါတယ်။ ကျုပ် ဒီမှာ ဆက်နေပြီး သင်ယူချင်ပေမဲ့ ဂိုဏ်းရဲ့ အရင်းအမြစ် တိုက်ပွဲ စတင်တော့မှာဆိုတော့ ကိုယ့်ဘာသာ ပြင်ဆင်စရာလေးတွေ ရှိသေးလို့ပါ ”
ထန်ဟယ်က ရယ်မောလိုက်ရင်း
“ ဝူကျိ … မင်းက အခု အစီအရင်ဘုရင် ဖြစ်နေပြီလေ။ ငါတို့က မင်းကို သင်ပေးလိုက်တယ်လို့တော့ မပြောရဲပါဘူး။ ပြီးတော့ ငါလည်း မင်းဆီကနေ အာကာပြင် မှော်အက္ခရာတွေအကြောင်း သင်ယူလိုက်ရသေးတယ်လေ။ တကယ်လို့ ငါသာ ဒီနေရာက မိုးမြေစည်းမျည်း ကန့်သတ်ချက် ရှိမနေရင် ငါတော့ အဆင့် ၇ အစီအရင်ဘုရင်အဆင့် ရောက်လောက်ပြီ ”
စန်းကျန့်ရှန်းက မိုဝူကျိအား လေးလေးနက်နက် ပြောလိုက်သည်
“ ဝူကျိ … မင်းရဲ့ အစီအရင်တာအိုက အားကောင်းပေမဲ့ မင်းရဲ့ ကျင့်ကြံဆင့်က နိမ့်နေသေးတယ်။ မင်းအနေနဲ့ ဂူပိတ်ကျင့်ကြံဖို့ လိုလိမ့်မယ်။ သေမျိုးနယ်မြေမှာ အဆင့်မြင့် စွမ်းအားစုစည်းရေး အစီအရင် ခင်းကျင်းမရတဲ့ ပြဿနာကိုတော့ ငါ့မျက်နှာကိုတော့ ထောက်ထားပေးကြမှာပါ …. အဲဒီအခါကျ ငါ … ”
မိုဝူကျိက စန်းကျန့်ရှန်း၏ စကားများကို ကျေးဇူးတင်မိသော်လည်း စန်းကျန့်ရှန်း စကားမဆုံးခင် မိုဝူကျိက နောက်တစ်ဖန် ဦးညွှတ်၍ “ စီနီယာရဲ့ ဂရုစိုက်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျုပ် ပြန်ပြီးတော့ ကြိုးစားကြည့်လိုက်ပါဦးမယ်။ တကယ်လို့ အလုပ်မဖြစ်တော့မှ စီနီယာဆီ အကူအညီလာတောင်းပါ့မယ်ခင်ဗျ ”
စန်းကျန့်ရှန်းက ခေါင်းညိတ်လိုက်ပြီးနောက် ဘာမှဆက်မပြောတော့ပေ။ သူက မိုဝူကျိ၏ အတွေးကို မည်သို့ မသိဘဲ နေမည်နည်း။ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်သည် နတ်ဘုရားကုန်းမြေရှိ စည်းမျည်းအတင်းကျပ်ဆုံး နေရာတစ်ခု ဖြစ်ပေရာ စန်းကျန့်ရှန်းက ဂိုဏ်း၌ အဆင့်မြင့် ပညာရှင်တစ်ဦး ဖြစ်သော်လည်း စည်းမျည်းများကို ချိုးဖောက်ခြင်းက မသင့်တော်ချေ။ မိုဝူကျိက ထိုအချက်ကို ကောင်းစွာ သိသောကြောင့် စန်းကျန့်ရှန်းအား အနေခက်သည့် အနေအထားသို့ မရောက်စေလိုပေ။
မိုဝူကျိ စကားများကြောင့် စန်းကျန့်ရှန်းက သူ့ကို ပို၍ လေးစားမိသွားသည်။ သူက မိုဝူကျိသည် ကျင့်ကြံရေး အရင်းအမြစ် မရရှိလျှင်ပင် မိုဝူကျိက သူ့ဆီမှ အကူအညီတောင်းမည် မဟုတ်ကြောင်း အသေအချာ သိလိုက်သည် “ ကောင်းပြီလေ … မင်း ဒီကျောက်စိမ်းပြားနဲ့ ထိုက်တန်ပါတယ်ကွာ ”
စန်းကျန့်ရှန်းက ထိုသို့ပြောပြီးနောက် နှင်းလို ဖြူဖွေးနေသည့် လက်တစ်ဖဝါးစာအရွယ်ရှိ ကျောက်စိမ်းပြားလေးကို မေးလိုက်သည်။
မိုဝူကျိက ကျောက်စိမ်းပြားလေးကို အသေအချာ ကြည့်လိုက်သည်။ ကျောက်စိမ်းပြားလေး သူ့လက်ထဲ ရောက်လာသည်နှင့် အေးစက်စက် သက်တောင့်သက်သာ စွမ်းအင်တမျိုး သူ့ခန္ဓာထဲ စီးဝင်လာသည်ကို ခံစားမိလိုက်၏။ သူ့စိတ်ဓာတ်အင်အားပင် ချက်ချင်းဆိုသလို မြင့်တက်လာသည်။
မိုဝူကျိက မမေးခင် စန်းကျန့်ရှန်းက ပြောလိုက်သည် “ဒါက နတ်ဘုရားကုန်းမြေ တစ်ခုလုံးမှာ အဖိုးတန်ဆုံး ကျောက်စိမ်းပြားလေ။ နာမည်က အစီအရင်စည်းမျည်းတဲ့ ”
ဘေးတွင် ရပ်နေသည့် ထန်ဟယ်က ပြုံးကာ ဆက်ပြောပြလိုက်သည် “ ဝူကျိ … ဒီကျောက်စိမ်းပြားက မရိုးရှင်းဘူး။ နတ်ဘုရားကုန်းမြေတစ်ခုလုံးမှာ မင်းအပါအဝင် လူငါးယောက်ထဲ ဒီဟာကို ရှိတာ။ စီနီယာစန်းနဲ့ အဆင့် ၆ အစီအရင်ဘုရင် သုံးယောက်ကလွဲရင် မင်းက ငါးယောက်မြောက်လူပဲ။ မင်း နတ်ဘုရားကုန်းမြေထဲ ရှိနေသရွေ့ ဒီကျောက်စိမ်းပြားကို ပြလိုက်ရင် မင်း ဘယ်နေရာသွားသွား နတ်ဘုရားကျောက်လည်း ပေးစရာ မလိုသလို ဘာမှပေးစရာလည်း မလိုတော့ဘဲနဲ့ သွားလာခွင့် ပြုထားတယ် ”
စန်းကျန့်ရှန်းက မိုဝူကျိ၏ တအံ့တဩ အမူအယာကို ကြည့်လိုက်ပြီး ရယ်ရယ်မောမောဖြင့် “ ထန်ဟယ် ပြောတာ မှန်တယ်။ အခု ငါတို့ ဆောက်နေတဲ့ ကူးသန်းရေး အစီအရင်တောင် မင်းအနေနဲ့ အစီအရင်စည်းမျည်း ကျောက်စိမ်းပြားနဲ့ အလကား သုံးလို့ ရတယ် ”
မိုဝူကျိက နတ်ဘုရားနယ်မြေဆီ အလွယ်တကူ သွားနိုင်ကြောင်း ကြားလိုက်ရသည့်အခါ သူ့နှလုံးသားထဲအထိ ပျော်ရွှင်မိသွားသည်။ သို့သော်လ်း သူက ထိုကျောက်စိမ်းပြား မည်မျှ အဖိုးတန်ကြောင်းကို တွေးမိသည့်အခါ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းလိုက်နိုင်၏။
သူ့အပါအဝင် အားလုံးက ဤကျောက်စိမ်းပြားကို သိမ်းထားဖို့ရာ စိတ်ဝင်စားကြလိမ့်မည်။ သို့သော်လည်း သူ့မှော်အက္ခရာများမှလွဲ၍ သူက ဤကျောက်စိမ်းပြား ရရှိစေဖို့ရာ ဘာများ လုပ်ပေးခဲ့သနည်း။ အကယ်၍ သူက ဤကျောက်စိမ်းပြားကို လက်ခံလိုက်ပါက အနည်းငယ် လောဘကြီးသလို ဖြစ်မနေဘူးလား။
“စီနီယာတို့ ဒီမှာ ကျုပ်က ဘာမှ လုပ်မပေးလိုက်ရပါဘူးဗျာ… ဒီကျောက်စိမ်းပြားကို လက်ခံဖို့က …. ”
စန်းကျန့်ရှန်းက လက်ခါပြရင်း မိုဝူကျိ စကားကို ဖြတ်ပြောလိုက်သည်။ ထို့နောက် သူက အပေါ်ရှိ ဟင်းလင်းပြင်ကို မော့ကြည့်လိုက်ရင်း “ ဝူကျိ … မင်းက အာကာပြင် မှော်အက္ခရာတွေကို အထင်သေးနေတာပဲ။ နောင်ကျ မင်းရဲ့ မှော်အက္ခရာတွေက နတ်ဘုရားကုန်းမြေ မဟုတ်သေးဘူး နတ်ဘုရားလောက တစ်ခုလုံးမှာ ဘယ်လောက် အရေးကြီးလဲဆိုတာ သိလာလိမ့်မယ်။ ဒီကျောက်စိမ်းပြားက အဖိုးတန်တယ်ဆိုပေမဲ့ မင်းရဲ့ ဆောင်ရွက်ချက်နဲ့စာရင် ဘာမှမဟုတ်တော့ဘူး။ မင်းကို ဆုလာဘ်ကောင်းကောင်း မပေးနိုင်တာ နှမြောစရာပဲ … အစီအရင်ဘုရင်တစ်ယောက်အနေနဲ့ နောင်ကျရင်း မင်း နတ်ဘုရားကျောက်တွေနဲ့ နတ်သွေးကြောတွေ လိုလာလိမ့်မယ် ”
မိုဝူကျိက သူ့အာကာပြင် မှော်အက္ခရာများသည် နတ်ဘုရားကုန်းမြေအပေါ် မည်သို့ အကျိူးပြုကြောင်း နားမလည်သော်လည်း သူက လေးလေးစားစား ဦးညွှတ်၍ “ အဲဆို ဒီကျောက်စိမ်းပြားကို လက်ခံထားလိုက်ပါ့မယ်။ စီနီယာတို့ ဂရုစိုက်ပေးမှုအတွက် ကျေးဇူးအများကြီး တင်ပါတယ် ”
မိုဝူကျိအတွက် ဤခရီးစဉ်၏ အကောင်းဆုံး ဆုလာဘ်မှာ အစီအရင်တာအိုအပေါ် ဗဟုသုတများ တိုးပွားလာရုံသာမက နတ်ဘုရားကုန်းမြေရှိ အတော်ဆုံး အစီအရင်ပညာရှင်နှင့်လည်း မိတ်ဆွေဖွဲ့ခွင့် ရခဲ့ခြင်း ဖြစ်ပေသည်။
မိုဝူကျိက ကျောက်စိမ်းပြားကို လက်ခံလိုက်မှ စန်းကျန့်ရှန်းက ပြုံးကာ “ အဲဆိုလည်း သွားတော့လေ။ တခြားအသေးအမွှား ကိစ္စလေးတွေကိုတော့ စိတ်မပူနဲ့။ ငါ ကိုင်တွယ်ဖြေရှင်းလိုက်မယ် ”
“ ဟုတ်ကဲ့ …. စီနီယာအားလုံးကို နှုတ်ဆက်ခဲ့ပါတယ် ” မိုဝူကျိက စန်းကျန့်ရှန်း ဆိုလိုသည့် ကိစ္စအသေးအမွှား ဆိုသည့် အဓိပ္ပါယ်ကို နားမလည်သော်လည်း များများစားစား တွေးမနေတော့ပေ။
……………
မိုဝူကျိ တစ်ယောက် သေမျိုးနယ်မြေဆီ ပြန်ရောက်လာသည့်အခါ တစ်စုံတစ်ခု လွဲမှားနေကြောင်း သတိထားမိလိုက်သည်။
သေမျိုးနယ်မြေတွင် နတ်ဝိညာဉ်စွမ်းအား မကျန်ရှိတော့ပေ။ သဘောတရားဆိုရလျှင် သူ မကျင့်ကြံလျှင်ပင် တာ့ဟွမ်က ကျင့်ကြံလျက် ရှိနေဦးမည် ဖြစ်၏။ တာ့ဟွမ်တွင်လည်း ချီသွေးကြော ၁၀၈ ခု ရှိပြီး အင်မော်တယ် မော်တယ် ကျင့်စဉ်ကိုသာ ကျင့်ကြံပေသည်။ သူသာ အင်မော်တယ် မော်တယ်ကျင့်စဉ်ကို ကျင့်ကြံနေသရွေ့ တခြားနေရာမှ နတ်ဝိညာဉ်စွမ်းအားများကို စုပ်ယူနိုင်ဦးမည် ဖြစ်ပေသည်။
တာ့ဟွမ်အပြင် ချီချွမ်းလည်း ရှိနေသေး၏။ ချီချွမ်းသည်လည်း သူ့ချီသွေးကြော ကျင့်စဉ်ကို ပြောင်းလဲကျင့်ကြံထားသည့်အတွက် သူ့ကိုယ်ပိုင် အင်အားကို ပြောင်းလဲထားမှုတစ်ခု ဖြစ်သော်လည်း နတ်ဝိညာဉ်စွမ်းအား ထောက်ပံ့မှုကို လိုအပ်ပေသည်။
“ သခင်ကြီး ပြန်လာပြီ ” မိုဝူကျိ ကာကွယ်ရေး အစီအရင်ထဲ ဝင်လာသည်နှင့် တာ့ဟွမ်နှင့် ရွိုက်ကောတို့က အပြေးအလွှား ရောက်လာကြသည်။
မိုဝူကျိက စိတ်စွမ်းအားဖြင့် ချီချွမ်းတစ်ယောက် တံခါးပိတ် ကျင့်ကြံလျက် ရှိနေပြီး သူ့ချီသွေးကြော ဖွင့်ခြင်းက ချောချောမွေ့မွေ့ ဖြစ်နေကြောင်း အာရုံခံမိလိုက်သည်။ သူ့ကမ္ဘာဦး စိတ်ဝိညာဉ်သည်လည်း ကောင်းကောင်းမွန်မွန် ပြောင်းလဲနေသည်။ သို့သော်လည်း ပိုင်ယွဲ့က သေမျိုးနယ်မြေထဲ မရှိနေပေ။ မိုဝူကျိအနေနှင့် သူ ဘယ်နေရာ သွားကြောင်း မသိပေ။
“သခင်ကြီး ထွက်သွားပြီးတော့ ရက်အနည်းငယ်အထိ ကျွန်တော်တို့တွေ ကျင့်ကြံရတာ ချောမွေ့နေသေးတယ်။ ဒါပေမဲ့ သခင်ကြီး မရှိတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဝိညာဉ်စွမ်းအား အတားအဆီး အစီအရင်တွေကို လာခင်းကျင်းသွားကြတယ်။ ကျွန်တော်ရဲ့ အင်အားကန့်သတ်ချက်ကြောင့် နတ်ဝိညာဉ်စွမ်းအားကို ဆက်လက် မစုပ်ယူနိုင်တော့ဘူး ” တာ့ဟွမ်က ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။
“ ပိုင်ယွဲ့ရော ဘယ်မှာလဲ ” မိုဝူကျိက မေးလိုက်သည်။ သူ့ခန့်မှန်းချက်အရ တစ်ဖက်လူသည် မိုဝူကျိ ရှိနေစဉ်အခါက ဝိညာဉ်စွမ်းအား အတားအဆီး အစီအရင် မခင်းကျင်းနိုင်သည်မှာ ခင်းကျင်းလိုက်သည်နှင့် မိုဝူကျိက တန်းဖျက်စီးပစ်၍ ဖြစ်သည်။ ယခု သူ ထွက်သွားပြီ ဖြစ်သောကြောင့် ဝိညာဉ်စွမ်းအား အတားအဆီး အစီအရင်များ တစ်ခုပြီး တစ်ခု ခင်းကျင်းနေကြခြင်း ဖြစ်၏။
“ သူက တာဝန်ရေးရာ ခန်းမဆီ သွားတယ်။ အခု အရင်းအမြစ်တိုက်ပွဲအတွက် လိုအပ်တဲ့ ပစ္စည်းလေးတွေ သွားလဲမလို့ဆိုလားပဲ ” တာ့ဟွမ်က ပြန်ဖြေပေးလိုက်သည်။
မိုဝူကျိက သူ့တွင် အမှတ်ရာချီ ရှိနေသေးကြောင်း သတိရလိုက်ပြီး တာ့ဟွမ်နှင့် ရွိုက်ကော ပခုံးကို ပုတ်ကာ “ ငါလည်း တစ်ချက် သွားကြည့်လိုက်ဦးမယ်။ မင်းတို့နှစ်ယောက် အချိန်တစ်ခုအထိတော့ မကျင့်ကြံသေးနဲ့ဦး။ ငါတို့တွေ ကျင့်ကြံရေး အရင်းအမြစ် တိုက်ပွဲပြီးမှ ဆက်လုပ်ကြတာပေါ့ ”
မည်သို့ပင်ဆိုစေကာမူ မိုဝူကျိက ဤတိုက်ပွဲမှ အရင်းအမြစ်အများကြီး ရချင်မိသည်။ အနည်းဆုံးတော့ သူ့အနေနှင့် သေမျိုးနယ်မြေသည် ယခုကဲ့သို့ သူတို့ မကျင့်ကြံနိုင်သည့် အခြေအနေသို့ ကျဆင်းမသွားစေဖို့ အသေအချာ လုပ်ဆောင်ရမည်။
………………...
နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ တာဝန်ရေးရာ ခန်းမသည် နတ်ဘုရားကုန်းမြေ၌ လူအရှုပ်ဆုံး ခန်းမ တစ်ခု ဖြစ်ပေသည်။ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၌ ကြွယ်ဝသည့် ကျင့်ကြံရေး အရင်းအမြစ်များ ရှိနေခြင်းကြောင့်သာ မဟုတ်ပေ။ ပို၍ အရေးကြီးသည်က နတ်ဘုရားကုန်းမြေရှိ မပြီးမြောက်သည့် တာဝန်များကို နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ဆီ လွဲပေး၍ ဖြစ်သည်။
ထိုမှလွဲ၍ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ နိဗာနအမှတ်များသည် ပို၍ အဖိုးတန်ပြီး အခြားအရာများထက် ပို၍ အသုံးဝင်ပေသည်။ နတ်ဘုရားကျောက် ဖြစ်စေ သို့မဟုတ် ဆေးလုံးပင် ဖြစ်စေ နိဗာနအမှတ်လောက် အသုံးဝင်မည် မဟုတ်ပေ။
တာဝန်ရေးရာခန်းမကို ဝင်ပြီးနောက် မိုဝူကျိက ကျင့်ကြံသူများ ဝင်ချည်၊ ထွက်ချည် ဖြစ်နေသည့် လူအတန်းလိုက်ကြီးကို မြင်လိုက်ရသည်။ ခန်းမမှာ ကျယ်ဝန်းသော်လည်း ဤနေရာ၌ တာဝန် လက်ခံရန် သို့မဟုတ် အမှတ်လဲလှယ်ရန် ရောက်လာသော ကျင့်ကြံသူများစွာကြောင့် ငါးပိငါးချဉ် သိပ်ထားသလို ဖြစ်နေသည်။
တာဝန်ရေးရာခန်းမ၌ အာရုံအဖမ်းစားနိုင်ဆုံးအရာမှာ ဧရာမ ပြသရေး အစီအရင် ပိတ်ကားချပ် ဆယ်ချပ် ဖြစ်လိမ့်မည်။ ထိုပိတ်ကားချပ်များတွင် အကြောင်းအရာမျိုးစုံ ရှိနေသည်။
ထိုအကြောင်းအရာများတွင် တာဝန်များ ပါဝင်ရုံသာမက အမျိုးမျိုးသော အလဲအလှယ်များအကြောင်းလည်း ပါဝင်သည်။
သိပ်မကြာခင် မိုဝူကျိက သူသာ နိဗာနအမှတ် ရှိနေသရွေ့ နတ်ကျောက်စိမ်း ဆေးလုံးကိုပင် လဲလှယ်နိုင်ကြောင်း သိလိုက်ရသည်။ သို့သော်လည်း ဈေးနှုန်းမှာ အမှတ်ပေါင်း တစ်သိန်းကျော် ဖြစ်သည့်အတွက် ဤနေရာတွင် မည်သူကများ ဤမျှ အမှတ်များကို ပိုင်ဆိုင်ထားမည်နည်း။
မိုဝူကျိက သူ့တွင် အမှတ်လေးရာကျော် ကျန်နေသေးကြောင်း သတိရလိုက်သော်လည်း နတ်ကျောက်စိမ်း ဆေးလုံး တစ်ပုလင်း ရှိနေသေး၏။ မိုဝူကျိက သူသည် ဤနေရာရှိ အချမ်းသာဆုံး ပုဂ္ဂိုလ်ဟု ကိုယ့ဘာသာ ခံစားမိလိုက်သည်။ သူ့တွင် နတ်ကျောက်စိမ်း ဆေးလုံး ရှိရုံသာမက နတ်ကျောက်စိမ်း ဆေးလုံးအတွက် အဓိကပါဝင်ပစ္စည်းဖြစ်သည့် ကြည်လင်ကျောက်စိမ်း ပန်းပွင့်လည်း ရှိနေသေး၏။ ထိုအရာများမှာ သာမာန်လူများ တတ်နိုင်မည့်အရာ မဟုတ်ပေ။
မိုဝူကျိ၏ စိတ်စွမ်းအား၌ ပိုင်ယွဲ့ကို အာရုံမခံမိသေးပေ။ သူက အလဲအလှယ် လုပ်နိုင်မည့် ပစ္စည်းတချို့သာ ရှာနေလိုက်သည်။
မိုဝူကျိက သူ့အမှတ်လေးရာကျော်သည် တစ်စုံတစ်ခုတော့ ထိုက်တန်သေးကြောင်း သတိပြုမိလိုက်၏။ အနည်းဆုံးတော့ အဆင့်နိမ့် မှော်ရတနာနှင့် လဲလှယ်နိုင်ပေမည်။
အစပိုင်းတွင် မိုဝူကျိက ဘေးပတ်လည်ကို လျှောက်ကြည့်နေပြီးနောက် ဆေးဖော်စပ်နည်းတစ်ခုအပေါ် အကြည့်ရောက်သွားသည်။
ဤသည်မှာ ယုံယွမ်နတ်ဆေးလုံးဟု ခေါ်သည့် ရှေးဟောင်း အဆင့် ၂ နတ်ဆေးဖော်စပ်နည်း ဖြစ်၏။
အဆင့် ၂ ဆေးလုံးက သိပ်မတန်သော်လည်း ဤဆေးဖော်စပ်နည်းကား မိုဝူကျိကို စိတ်လှုပ်ရှားစေလာသည်။
ဤအဆင့် ၂ နတ်ဆေးလုံးသည် ကနဦး နတ်ဘုရားအသီးကို အဓိက ပါဝင်ပစ္စည်းအဖြစ် လိုအပ်သော ဆေးလုံး ဖြစ်ပြီး ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူအား တစ်ဆင့် တက်လာစေသည်။ ဤတစ်ခုတည်းကပင် အံ့ဖွယ် ဖြစ်နေလေပြီ။
မိုဝူကျိ သိထားသရ အဆင့် ၁ နတ်သစ်သီးများထဲ ဈေးအမြင့်ဆုံး သစ်သီးမှာ ကနဦး နတ်ဘုရားအသီးသာ ဖြစ်ပေလိမ့်မည်။ အကြောင်းမှာ အသီးတစ်လုံးက အဆင့်တစ်ဆင့် တက်လှမ်းနိုင်ရန် ကူညီပေး၍ ဖြစ်သည်။
ကနဦး နတ်ဘုရားအသီးသည် ဈေးကြီးသော်လည်း မိုဝူကျိက တတ်နိုင်သေး၏။ သူက ကနဦး နတ်ဘုရားအသီးကို မဝယ်ယူခြင်းမှာ သူ့အတွက် အသုံးမဝင်မှန်း သိ၍ ဖြစ်ပေသည်။
ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူအား ကနဦး နတ်ဘုရားအသီးမှတဆင့် အဆင့်တက်လှမ်းလိုခြင်းမှာ ရာနှုန်းပြည့် မဟုတ်ပေ။ ထို့အပြင် အလယ်အလတ်အဆင့်နှင့် အစောပိုင်းအဆင့်အတွက်သာ အလုပ်ဖြစ်ပေသည်။ ကျင့်ကြံသူတစ်ဦးက နောက်ပိုင်းအဆင့်ထဲ ရောက်ရှိသွားသည်နှင့် တုတ်ခိုင်သော ကမ္ဘာဦး စိတ်ဝိညာဉ်များနှင့်လူများက ဤအသီးကို သုံး၍ အဆင့်တက်ဖို့ ခက်ခဲပေမည်။ မိုဝူကျိက ကနဦး နတ်ဘုရားအဆင့် ၁၀ ဖြစ်သောကြောင့် ကနဦး နတ်ဘုရားအသီးကို အသုံးပြု၍ အဆင့်တက်မည့်အကြောင်း မေ့ထားသင့်ပေသည်။
ယခု ကနဦး နတ်ဘုရားအသီးကို အဓိက အသုံးပြုထားသော ယုံယွမ် နတ်ဆေးလုံး ပေါ်လာပြီ ဖြစ်ရာ မိုဝူကျိက အတော်လေး စိတ်လှုပ်ရှားမိနေသည်။ အရင်းအမြစ်တိုက်ပွဲမှာ စတင်တော့မည် ဖြစ်ရာ သူ့ကျင့်ကြံဆင့်မှာ အရမ်းနိမ့်ကျနေသေး၏။
တစ်ခုတည်းသော ပြဿနာမှာ ဤယုံယွမ် နတ်ဆေးလုံး၏ ဈေးနှုန်းမှာ မတော်တရား ဖြစ်နေပေသည်။ သူက အမှတ်ပေါင်း တစ်သောင်းနှစ်ထောင်ကို ဘယ်နေရာက သွားရှာရမည်နည်း။
***