← Chapters

ခဗျားကို ဒီအတိုင်း သတ်ပစ်လို့ မဖြစ်ဘူး

Vol. 61 Ch. 837

ခဗျားကို ဒီအတိုင်း သတ်ပစ်လို့ မဖြစ်ဘူး

Vol. 61 Ch. 837

ထိုအခိုက်အတန့်တွင် စစ်မြေပြင်ကြီးတစ်ခုလုံးမှာ သုဿာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွား၏။ မည်သူကမှ စကားမပြောကြတော့သလို မည်သူကမှလည်း မလှုပ်ရှားရဲတော့ပေ။ ထို့ကြောင့် အရာအားလုံးမှာ ရပ်တန့်သွားသကဲ့သို့ပင်။

ဝမ်ပေါင်လဲ့၏ စစ်သင်္ဘောကြီးများမှာ ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာကြသည် မဟုတ်ပါလော။ တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာ ထို စစ်သင်္ဘောကြီးများ၏ အငွေ့အသက်များကို ထုတ်လွှတ်လိုက်သေးသည်။ ထို့ကြောင့် ထို စစ်သင်္ဘောကြီးများ၏ ယွမ်ယင်အဆင့် အငွေ့အသက် တစ်သောင်းနီးပါးနှင့် ထောင်ပေါင်းများစွာသော ဝိညာဉ်ကြားခံနယ်အဆင့် အငွေ့အသက်များကြောင့် အက်ကွဲကြောင်းနက်တပ်ရင်း တစ်ခုစလုံးမှာ တုန်လှုပ်ချောက်ချားသွားရ၏။

အထူးသဖြင့် နဂါးနက်တပ်ရင်း၏ ခေါင်းဆောင်ကြီးမှာဆိုလျှင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရပြီး အသားများ တဆတ်ဆတ် တုန်ရီနေရပြီဖြစ်သည်။ ဝမ်ပေါင်လဲ့ဆီမှ ထွက်ပေါ်နေသည့် အငွေ့အသက်များကြောင့် သူမသည် အစွမ်းထက် ကျင့်ကြံသူကြီးတစ်ယောက်အား ကြည့်နေရသကဲ့သို့ ခံစားနေရ၏။

" ယွမ်ယင်အဆင့် စစ်သင်္ဘော အစင်းရေ တစ်သောင်းနီပါးအပြင် ဝိညာဉ်ကြားခံနယ်အဆင့် စစ်သင်္ဘော အစင်းရေ ထောင်နဲ့ချီပြီးတော့ ရှိနေတာပါလား... ဒီစွမ်းအားမျိုးက... " နဂါးနက်တပ်ရင်း ခေါင်းဆောင်ဟောင်းကြီးမှာ နှလုံးသားတစ်ခုလုံး ဗြောင်းဆန်နေရပြီဖြစ်သည်။ သူမသည် ဝမ်ပေါင်လဲ့၏ စွမ်းအားများနှင့် အက်ကွဲကြောင်းနက်တပ်ရင်း၏ စွမ်းအားများကို နှိုင်းယှဉ်ကြည့်မိလိုက်၏။ နောက်ဆုံးတွင် အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီးမပါဘဲ ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံသူသုံးယောက်နှင့် အက်ကွဲကြောင်းနက်တပ်ရင်း တစ်ခုလုံး ပူးပေါင်း၍ တိုက်ခိုက်လျှင်တောင် ဝမ်ပေါင်လဲ့နှင့် လက်ရည်မျှနေသည့်အဆင့်တွင်သာ ရှိနေဦးမည်ဖြစ်ကြောင်း သူမက သိလိုက်ရတော့သည်။

အခြား ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံသူ နှစ် ‌ယောက်မှာလည်း ထိုကဲ့သို့ခံစားနေရ၏။ မကြာသေးမီတုန်းက တည်ကြည်မှုအပြည့်ဖြင့် အမိန့်ပေးခဲ့သည့် အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီးပင်လျှင် ငေးငိုင်နေရပြီ ဖြစ်သည်။ သူ၏ မျက်ဝန်းများမှာ ယခင်တုန်းကနှင့် မတူလောက်အောင် တည်ကြည်သွားပြီး သူသည် အသက်ပြင်းပြင်းရှူလိုက်၏။ ဝမ်ပေါင်လဲ့ ထုတ်ပြခဲ့သည့် အစွမ်းအစများကြောင့် သူသည် အလွန်အမတန်မှ စိတ်ဝင်စားသွားရသည့်တိုင်အောင် နောက်ဆက်တွဲအကျိုးဆက်များကို ထည့်သွင်းစဥ်းစားရန် လိုသေးပေသည်။

" ငါပြောတဲ့အတိုင်း မလုပ်ရင် သူ့ကို တန်းပြီးတော့ သတ်ပစ်လိုက်ရုံပါပဲ။ အဲလိုဆိုရင်... " အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီးမှာ မျက်လုံးများမေးကာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ဖြည်းဖြည်းချင်းဆိုလိုက်၏။ သူ၏စကားကြီးမှာ တိတ်ဆိတ်ငြိမ်သက်နေသည့် စစ်မြေပြင်ကြီးထဲ၌ ပဲ့တင်ထပ်သွားသည်။

" မင်းရဲ့ စစ်သင်္ဘောတွေထဲက တစ်ဝက်တိတိ ကိုချန်ခဲ့လိုက်။ အဲတာဆိုရင် ငါ မင်းကို ဘာမှမလုပ်ဘဲ လွှတ်ပေးမယ်။ ပြီးရင် မင်းနဲ့ နဂါးနက်တပ်ရင်းရဲ့ကြားက ရန်ငြိုးတွေအားလုံးကိုပါ သင်ပုန်းချေပေးမယ် "

သူ၏စကားသံကြီး ထွက်ပေါ်လာသောအခါမှ ဘေးပတ်ပတ်လည်ရှိ အက်ကွဲကြောင်းနက်တပ်ရင်း ကျင့်ကြံသူများအားလုံးမှာ စိတ်အေးသွားရပြီး သက်ပြင်းချနိုင်သွားတော့သည်။ နဂါးနက်တပ်ရင်း ခေါင်းဆောင်ဟောင်းကြီးမှာလည်း မကျေမချမ်း ဖြစ်နေရသည့်တိုင်အောင် သူမသည် လုံနန်ကျစ်၏ လက်ရှိစွမ်းအားများမှာ သူမ သူ့အား လိုက်လံဖမ်းဆီးခဲ့စဉ်တုန်းက အနေအထားနှင့် မိုးနှင့်မြေလို ကွာခြားနေပြီဖြစ်ကြောင်း နားလည်ထား၏။ ထို့ကြောင့် သူမသည် လုံနန်ကျစ်အား နှလုံးသားထဲ၌ မုန်းတီးနေဆဲဖြစ်သည့်တိုင်အောင် ထိုခံစားချက်များကို မျိုသိပ်ထားလိုက်ရသည်။

သို့သော် သူ၏ ဓမ္မစစ်သင်္ဘောကြီးပေါ်၌ လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေသည့် ဝမ်ပေါင်လဲ့မှာ ထိုစကားကို ကြားလိုက်ရသောအခါ မျက်ခုံးများပင့်ကာ အော်ဟစ်ရယ်မောလိုက်တော့သည်။

" အရင်လို မောက်မာဝင့်ကြွားနေတုန်းပါပဲလား။ ဒါပေမဲ့ အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီးကို ကျုပ် မေးခွန်းတစ်ခု မေးပါရစေ။ ခဗျားမှာ အဲဒီစကား ပြောပိုင်ခွင့်ရှိလို့လား "

" ဘာကွ " အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီးမှာ ထိုမေးခွန်းကို ကြားလိုက်ရသောအခါ မျက်ဝန်းများ အေးစက်စွာ တောက်ပသွားပြီး ရယ်မောလိုက်၏။ သူသည် ထိုသို့ရယ်မောနေရင်း သူ၏ခန္ဓာကိုယ်အား လှစ်ခနဲ လှုပ်ရှားလိုက်ပြီးနောက် ကျားသစ်ဓမ္မစစ်သင်္ဘောကြီး၏ အပြင်ဘက်တွင် ပေါ်ပေါက်လာသည်။

သူသည် အနက်ရောင်ဝတ်ရုံများကို ဆင်မြန်းထားပြီး ပိတုန်း‌ရောင်ဆံပင်များကို ပိုင်ဆိုင်ထား၏။ ထို့အပြင် သူ၏ ပိန်ပါးပါး ခန္ဓာကိုယ်နှင့် မောက်မာဝင့်ကြွားမှု အပြည့်ရှိသော မျက်နှာတို့ကြောင့် သူ၏ပုံပန်းသွင်ပြင်မှာ တမူထူးခြားနေသည်။ ထို့အပြင် သူ ပေါ်ပေါက်လာသည်နှင့် စကြဝဠာကြီးမှာ တုန်ရီသွားရပြီး တုန်ခါမှုလှိုင်းများမှာလည်း အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ ထို့နောက် အစောပိုင်း ထာဝရဝိညာဉ်အဆင့် အငွေ့အသက်တစ်မျိုး ပေါက်ကွဲထွက်ပေါ်လာပြီးနောက် သူ၏ခန္ဓာကိုယ် အပြင်ဘက်၌ ဧရာမဝဲကြီးတစ်ခုအဖြစ် စုစည်းသွားကြတော့သည်။

အဝေးမှကြည့်လိုက်မည်ဆိုပါက သူသည် သူ၏ပတ်ပတ်လည်ရှိ စကြဝဠာကြီးအား တွန့်လိမ်ပုံပျက်သွားအောင် လုပ်နိုင်စွမ်းရှိနေသည့်ပုံ ပေါက်နေ၏။ သူ၏ ခန္ဓာကိုယ်အပြင်ဘက်ရှိ ဝဲကြီး လည်ပတ်နေစဉ် သူ၏ ဘေးပတ်ပတ်လည်ရှိ အက်ကွဲကြောင်းနက်တပ်ရင်း စစ်သင်္ဘောကြီးများအားလုံးမှာ သူ့အား လမ်းဖယ်ပေးလိုက်ကြသည်။ အမှန်တွင် ဝမ်ပေါင်လဲ့၏ အလိုအလျောက် ပေါက်ကွဲနိုင်စွမ်းရှိသော စစ်သင်္ဘောကြီးများပင်လျှင် ဖိနှိပ်ချုပ်တည်းခံရတော့မည့်ပုံ ‌ပေါက်နေတော့သည်။

၎င်းမှာ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားဖြစ်ပေသည်။

ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီးမှာ အပြင်ဘက်၌ ပေါ်ပေါက်လာပြီးနောက် သူ၏ ခြေထောက်ကို မြှောက်ကာ ဝမ်ပေါင်လဲ့ဆီသို့ လှမ်းလာ၏။

သူ၏ ခြေထောက် အောက်သို့ပြန်ကျလာသည်နှင့် တစ်ပြိုင်နက် သူ၏ခန္ဓာကိုယ်အပြင်ဘက်တွင် ရှိနေသော ဝဲကြီးမှာ ဝမ်ပေါင်လဲ့၏ အနီးသို့ ရောက်ရှိလာသည်။ ၎င်းမှာ အလွန်အင်မတန်မှ မြန်ဆန်နေသောကြောင့် အာကာသကြီး၏ ကန့်သတ်ချက်များကို လျစ်လျူရှုနိုင်စွမ်း ရှိနေသည်ပုံပင်။ ထို့နောက် သူသည် သူ၏ညာဘက်လက်ကို မြှောက်ကာ ဝမ်ပေါင်လဲ့၏ လည်ပင်းအား လှမ်း၍ ဖမ်းဆုပ်လိုက်၏။

" အခုရော ငါ အဲဒီစကား ပြောပိုင်ခွင့်‌ရှိသွားပြီလား " သူ၏စကားသံကြီး ဘေးပတ်ဝန်းကျင်၌ ပဲ့တင်ထပ်သွားစဉ်မှာပင် အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီး၏ ညာဘက်လက်မှာ ဝမ်ပေါင်လဲ့၏ ရှေ့၌ ပေါ်ပေါက်လာပြီး သူ၏ လည်ပင်းအား လှမ်း၍ ဖမ်းဆုပ်သွားတော့မည် ဖြစ်သည်။ သို့သော် ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာ အေးစက်စွာ တောက်ပသွားပြီး နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွား၏။ တစ်အောင့်ခန့် အကြာတွင် သူ၏ ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံခြင်းစွမ်းအားများ ထွက်ပေါ်လာသည့်အပြင် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာလည်း သူ၏စွမ်းအားများကို မြှင့်တင်ပေးလိုက်၏။ ထို့ကြောင့် သူသည် ထာဝရဝိညာဉ်အဆင့်တွင် ရှိမနေသည့်တိုင်အောင် အစောပိုင်း ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ တိုက်ရည်ခိုက်ရည်စွမ်းအားများကို ပိုင်ဆိုင်သွားတော့သည်။

ထို အခြင်းအရာများကို ဖော်ပြရသည်မှာ ကြာမြင့်ပါသော်လည်း လက်တွေ့တွင်မူ ၎င်းတို့အားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်၏။ တစ်အောင်ခန့်အကြာတွင် ဝမ်ပေါင်လဲ့မှာ သူ၏ညာဘက်လက်ကိုမြှောက်ကာ လက်သီးဆုပ်လိုက်ပြီးနောက် အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီး၏ ညာဘက်လက်အား လှမ်းထိုးလိုက်တော့သည်။

ထိုလက်သီးချက်ထဲတွင် သူ၏ ကျင့်ကြံခြင်းစွမ်းအားများနှင့် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၏ စွမ်းအားများအားလုံး ကိန်းအောင်းနေသည်။ ထိုစွမ်းအားများ ထွက်ပေါ်လာသောအခါ စကြဝဠာကြီးမှာ ချက်ချင်းဆိုသလိုပင် တွန့်လိမ်ပုံပျက်သွားရ၏။ ထို့နောက် တုန်ခါမှုလှိုင်းများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး သူ၏ခန္ဓာကိုယ်ထဲမှ အငွေ့အသက်များမှာလည်း ပေါက်ကွဲထွက်ပေါ်လာတော့သည်။ ထို့အပြင် ဝဲကြီးတစ်ခုပင် ပေါ်ပေါက်လာပြီး ဘေးပတ်ဝန်းကျင်အား ဖိနှိပ်ချုပ်တည်းလိုက်၏။ အဝေးမှ ကြည့်လိုက်မည်ဆိုပါက ၎င်းမှာ အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီး၏ အငွေ့အသက်နှင့် တန်းတူယှဉ်နိုင်လောက်သည့် အနေအထားတွင် ရှိနေသည့်ပုံ ပေါက်နေသည်ကို မြင်နိုင်ပေသည်။

ထို့ကြောင့် အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီးမှာ မျက်နှာအမူအရာ ပြောင်လဲသွားရ၏။ သို့သော် သူတို့ နှစ်ယောက်မှာ အလွန်အင်မတန်မှ နီးကပ်နေကြပြီဖြစ်ရာ သူသည် နောက်သို့ ဆုတ်ခွာသွား၍ မရတော့ပေ။ ထို့ကြောင့် တစ်အောင်ခန့်အကြာတွင် သူတို့နှစ်ယောက်၏ လက်သီးများမှာ ထိပ်တိုက်တွေ့သွားကြတော့သည်။

ထိုအခါ မျက်လုံးနှင့်ပင် မြင်နိုင်သော တုန်ခါမှုလှိုင်းတစ်မျိုးမှာ သူတို့နှစ်ယောက်၏ ကြား၌ ပေါက်ကွဲထွက်ပေါ်လာ၏။ ဝမ်ပေါင်လဲ့မှာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီးနောက် နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်ခွာသွားပြီး ဓမ္မစစ်သင်္ဘောကြီးပေါ်၌ ပြန်ရပ်သွား၏။ ထိုအခါ ထို ဓမ္မစစ်သင်္ဘောကြီးမှာ ဆတ်ခနဲ တုန်ရီသွားပြီး ထို ရိုက်ခတ်မှု၏ ပြင်းအားအများစုကို စုပ်ယူပေးလိုက်သည်။ အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီးမှာလည်း တစ်ကိုယ်လုံး တုန်ရီသွားရ၏။ သို့သော် သူ၏နောက်တွင် မည်သည့်အရာမှ ရှိမနေသောကြောင့် သူသည် နောက်သို့ ပေထောင်ပေါင်းများစွာအထိ ပျံသန်းဆုတ်ခွာသွားပြီးမှ ရပ်တန့်သွားရ၏။ ထို့နောက် သူသည်‌ ခေါင်းပြန်မော့လာပြီး ဝမ်ပေါင်လဲ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်တော့သည်။ သူ၏မျက်ဝန်းများမှာ ရဲရဲနီနေ၏။

တစ်ချိန်ထဲမှာပင် သူတို့နှစ်ယောက် ထိပ်တိုက်ဆုံတွေ့ခဲ့ရာမှ ထွက်ပေါ်လာသည် တုန်ခါမှုလှိုင်းများမှာ အရပ်မျက်နှာအနှံ့သို့ အလျင်အမြန် ပျံ့နှံ့သွားနေပြီ ဖြစ်သည်။ ထို့ကြောင့် စစ်သင်္ဘောကြီးများအားလုံးမှာလည်း ချက်ချင်းဆိုသလိုပင် နောက်သို့ လွင့်ထွက်သွားကြ၏။ အချို့မှာဆိုလျှင် ထိုရိုက်ခတ်မှုဒဏ်များကို တောင့်ခံနိုင်စွမ်းမရှိသောကြောင့် ပေါက်ကွဲသွားရ၏။

အက်ကွဲကြောင်းနက်တပ်ရင်း ကျင့်ကြံသူများမှာမူ ဝရုန်းသုန်းကားနှင့် ထွက်ပြေးသွားရသောကြောင့် ဖရိုဖရဲဖြစ်နေရပြီ ဖြစ်သည်။ သူတို့ထဲမှ အများစုမှာ ပါးစပ်ထဲမှ သွေးများအန်ထွက်လာကြပြီး တုန်လှုပ်ချောက်ချားနေကြ၏။ သို့သော် မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြသည့် လူများမှာမူ နဂါးနက်တပ်ရင်း ခေါင်းဆောင်ဟောင်းကြီးနှင့် အခြား ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံသူနှစ်ယောက် ဖြစ်ပေသည်။ သူတို့မှာလည်း ရွေးချယ်စရာ မရှိတော့သဖြင့် ကတုန်ကယင်နှင့် နောက်သို့ဆုတ်ခွာသွားကြရ၏။ သူတို့အားလုံးမှာ သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ခံစားနေရပြီ ဖြစ်သည်။ အထူးသဖြင့် နဂါးနက်တပ်ရင်း ခေါင်းဆောင်ဟောင်းကြီးမှာဆိုလျှင် တအံ့တဩနှင့် အော်ပြောလိုက်၏။

" ထာဝရဝိညာဉ်အဆင့်ပါလား။ မဖြစ်နိုင်တာ "

ဝမ်ပေါင်လဲ့မှာမူ ထိုအခြင်းအရာအားလုံးကို လျစ်လျူရှုထားလိုက်ပြီး ချောင်းဟန့်လိုက်၏။ ထို့နောက် သူသည် သူ၏ ခန္ဓာကိုယ်ထဲ၌ လည်ပတ်နေသည့် ကျင့်ကြံခြင်းစွမ်းအားများကို ထိန်းညှိလိုက်ပြီး မျက်နှာအမူအရာပျက်နေသည့် အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီးအား လှမ်းကြည့်လိုက်တော့သည်။

" စိတ်မရှိပါနဲ့။ ကျုပ် သေချာ မသိသေးလို့။ ခဗျားမှာ အဲဒီစကား ပြောပိုင်ခွင့်ရှိလား "

ထိုအချိန်တွင် အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီး၏ မျက်ဝန်းများထဲရှိ သတ်ဖြတ်လိုစိတ်များမှာ အလွန်အင်မတန်မှ ပြင်းထန်နေပြီဖြစ်သည်။ နောက်ဆုံးတွင် သူသည် သူ၏ ညာဘက်လက်ကို မြှောက်ကာ ကျားသစ်ဓမ္မစစ်သင်္ဘောကြီး ရှိရာဘက်သို့ လှမ်း၍ဖမ်းဆုပ်လိုက်ပြီးနောက် အော်ဟစ် အမိန့်ပေးလိုက်တော့သည်။

" ဓမ္မစစ်သင်္ဘောကြီး။ ပြန်လာစေ "

သူ၏ စကားသံကြီး ထွက်ပေါ်လာသည်နှင့် ကျားသစ်နက်ကြီးမှာ ခေါင်းမော့ကာ အော်ဟစ်မြည်တမ်းရင်း ရှေ့သို့ ပြေးထွက်လာပြီးနောက် အဆုံးအစ မရှိလောက်အောင် ရှည်လျားနေသည့် အနက်ရောင် အလင်းတန်းကြီးတစ်ခုအသွင် ပြောင်းလဲသွားသည်။ ထို့နောက် ၎င်းမှာ အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီး၏ အနီးသို့ ချက်ချင်းရောက်ရှိလာ၏။ ၎င်းမှာ သူ၏ခန္ဓာကိုယ်အား လွှမ်းခြုံသွားပြီးနောက် ကြောက်မက်ဖွယ်ရာ ချပ်ဝတ်တန်ဆာကြီးတစ်ခုအသွင် ပြောင်းလဲသွားသဖြင့် အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီး ပုံပန်းသွင်ပြင်မှာလည်း အလွန်အင်မတန်မှ ရက်စက်ကြမ်းကြုတ်သည့်ပုံ ပေါက်သွားတော့သည်။ သူ၏ အငွေ့အသက်များမှာလည်း ပိုမိုအားကောင်းလာပြီး အစောပိုင်း ထာဝရဝိညာဉ်အဆင့်၏ ထိပ်ဆုံးအဆင့်အထိ ရောက်ရှိသွား၏။ ထို့နောက် သူသည် သူ၏ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ အနက်ရောင်အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး စကြဝဠာကြီးအား ထိုးခွင်းသွားတော့မည့်ပုံဖြင့် ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာတော့သည်။

" ကျုပ်ဆီမှာလည်း ဓမ္မစစ်သင်္ဘောတစ်စင်း ရှိတယ်ဗျ " ဝမ်ပေါင်လဲ့မှာ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ပြီး ရှေ့သို့လှမ်းခုန်လိုက်၏။ ထိုအခါ သူ၏ ခြေထောက်အောက်တွင် ရှိနေသည့် ကျိုင်းကောင်ဓမ္မစစ်သင်္ဘောကြီးမှာ ချက်ချင်းဆိုသလိုပင် အလင်းတန်းပေါင်း မြောက်မြားစွာအဖြစ် အသွင်ပြောင်းလဲသွားပြီး သူ့ဆီသို့ ဦးတည်လာတော့သည်။ ထို့နောက် ၎င်းမှာ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးအား ကြားခံနယ်ပစ္စည်းတစ်ခုအဖြစ် အသုံးချကာ တစ်သားတည်း ပေါင်းစည်းသွားလိုက်ပြီးနောက် မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီးအဖြစ် ပြောင်းလဲသွားတော့သည်။

မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီးထဲရှိ သလင်းကျောက်နီများ၏ စွမ်းအားများ လည်ပတ်သွားသောအခါ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ ထာဝရဝိညာဉ်အဆင့် စွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်ပေါ်လာသဖြင့် သူသည် ပို၍ပင် မြန်ဆန်သွားရ၏။ ထို့နောက် သူသည် အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီးအား စကြဝဠာထဲ၌ ဝင်တိုက်လိုက်ပြီး နောက်ထပ်တစ်ကြိမ်ထပ်၍ လက်သီးဖြင့် ထိုးနှက်လိုက်ပြန်သည်။

ထိုအခါ ပထမအကြိမ်တုန်းကထက် ပို၍အစွမ်းထက်သည့် အငွေ့အသက်များ ကိန်းအောင်းနေသော ထစ်ချုန်းသံများ ထွက်ပေါ်လာသည်။ ယခုအကြိမ်တွင်မူ အလွန်အင်မတန်မှ ဝေးကွာသော နေရာမျာမှပင် ၎င်းတို့၏ အငွေ့အသက်များအား အာရုံခံမိနိုင်စွမ်း ရှိနေပြီဖြစ်သည်။

ထို အငွေ့အသက်များနှင့်အတူ ဝမ်ပေါင်လဲ့မှာ တိုက်ရည်ခိုက်ရည် စွမ်းအားအပိုင်းတွင် အသာစီးရနေသည်ကို အထင်အရှားမြင်နိုင်ပေသည်။ အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီးမှာ ဓမ္မစစ်သင်္ဘောတစ်စင်းအား ပိုင်ဆိုင်ထားသည့်တိုင်အောင် ဝမ်ပေါင်လဲ့၏ ရက်စက်ကြမ်းကြုတ်ဖွယ်ရာ တိုက်ကွက်များကြောင့် နောက်သို့ အဆက်မပြတ် ဆုတ်ခွာသွားနေရဆဲပင်။

ထိုမြင်ကွင်းကြောင့် ဘေးပတ်ပတ်လည်ရှိ အက်ကွဲကြောင်းနက်တပ်ရင်း ကျင့်ကြံသူများမှာ ကြောက်ရွံ့တုန်လှုပ်သွားရ၏။ သူတို့မှာ သူတို့၏ မျက်လုံးများကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရပြီဖြစ်သည်။ အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီးမှာဆိုလျှင် ဝမ်ပေါင်လဲ့၏ နတ်ဘုရားလက်နက် ညာဘက်လက်ကြီး၏ ထိုးနှက်ခြင်းကို ခံလိုက်ရသဖြင့် နောက်သို့ ပေထောင်ပေါင်းများစွာအထိ လွင့်ထွက်သွားရ၏။

" လုံနန်ကျစ်။ မင်း ငါ့ကို လှည့်စားခဲ့တာပဲ။ မင်းက ထာဝရဝိညာဉ်အဆင့်အထိ ရောက်နေတာကို ဝိညာဉ်ကြားခံနယ်အဆင့်မှာပဲ ရှိနေသေးတဲ့ပုံစံ ဟန်ဆောင်နေတာပဲကွ။ မင်း... " အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီးမှာ ဒေါသတကြီးအော်ဟစ် မြည်တမ်းလိုက်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူ့အား စကားအဆုံးအထိ ပြောခွင့်မပေးဘဲ ကြားဖြတ်ဝင်ပြောလိုက်၏။

" ခဗျားရဲ့ စစ်သင်္ဘောတပ်ကြီးကလည်း ကျုပ်ရဲ့ စစ်သင်္ဘောတပ်ကြီးလောက် အစွမ်းမထက်ဘူး။ ရုပ်ရည်အပိုင်းမှာလည်း ခဗျားက ကျုပ်ကို မမှီဘူး။ တိုက်ရည်ခိုက်ရည် စွမ်းအားအပိုင်းမှာလည်း ခဗျားက ကျုပ်နဲ့ အကွာကြီး။ ပြီးရင် ခဗျားက ကျုပ်လောက်လည်း ချမ်းသာတာမဟုတ်ဘူး။ အဲတာကို ခဗျားက ကျုပ်ကို ခြိမ်းခြောက်ရဲတယ်ပေါ့ "

" ဘာတဲ့။ ကျုပ်က ခဗျားစစ်တပ်ရဲ့ လျှို့ဝှက်ချက်တွေကို ခိုးယူခဲ့တာဆိုပဲ။ ခဗျားက လူအင်အား အသာစည်းရနေလို့ ကျုပ်ကို ခြိမ်းခြောက်ရဲခဲ့တာ မဟုတ်ဘူးလား။ ခဗျားရဲ့ ကျင့်ကြံခြင်းအဆင့်က မြင့်နေတယ်ဆိုတဲ့ အချက်တစ်ချက်တည်းနဲ့ ကျုပ်ကို နှိပ်ကွပ်နိုင်လိမ့်မယ်လို့ ခင်ဗျားကထင်နေတာလား "

" ကျုပ် ခဗျားကို ဒီအတိုင်း သတ်ပစ်လို့ မဖြစ်ဘူး " ဝမ်ပေါင်လဲ့မှာ သူ၏စွမ်းအားများအားလုံးကို ထုတ်လွှတ်ရင်း နတ်ဘုရားတစ်ပါးကဲ့သို့ မလှုပ်မယှက် ရပ်နေ၏။ ထို့နောက် သူသည် အော်ဟစ်မြည်တမ်းကာ သူ၏ခန္ဓာကိုယ်အား လှစ်ခနဲ လှုပ်ရှားလိုက်သည်။ ထို့နောက် သူသည် ဘေးပတ်ပတ်လည်ရှိ လူအုပ်ကြီး တအံ့တဩနှင့် စိုက်ကြည့်နေစဉ်မှာပင် သူ့ကိုယ်သူ မယုံကြည်နိုင်လောက်အောင် ဖြစ်နေသလို အမျက်ချောင်းချောင်းထွက်ကာ မကျေမချမ်းဖြစ်နေသည့် အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်ပျံသန်းသွားတော့သည်။

All Chapters