← Chapters

နဂါးနက်တပ်ရင်း ခေါင်းဆောင်ဟောင်းကြီး၏ ခြေလက်များကို ဖြတ်တောက်ပစ်ခြင်း

Vol. 61 Ch. 838

နဂါးနက်တပ်ရင်း ခေါင်းဆောင်ဟောင်းကြီး၏ ခြေလက်များကို ဖြတ်တောက်ပစ်ခြင်း

Vol. 61 Ch. 838

သူသည် လျှပ်စီးကဲ့သို့ လျင်မြန်နေသည်။ မကြာသေးမီတုန်းက သူသည် အဝေးကြီးတွင် ရှိနေခဲ့ပါသော်လည်း ခဏအကြာတွင် အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီး၏ ရှေ့၌ ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာ၏။ ထိုအခါ ဘေးပတ်ဝန်းကျင် တစ်ခုလုံး‌၌ ထစ်ချုန်းသံများ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ ဓမ္မစစ်သင်္ဘောကြီးနှင့် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးတို့ ပေါင်းစည်းသွားရာမှ ပေါ်ပေါက်လာသည့် မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီးကြောင့် ဝမ်ပေါင်လဲ့မှာ ဓမ္မစစ်သင်္ဘောတစ်စင်း မရှိတော့သည်တိုင်အောင် သူ၏ တိုက်ရည်ခိုက်ရည်စွမ်းအားများမှာ အလယ်အလတ် ထာဝရဝိညာဉ်အဆင့်သို့ ရောက်နေပြီဖြစ်သည်။

အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီးမှာ ဓမ္မစစ်သင်္ဘောတစ်စင်းကို ပိုင်ဆိုင်ထားခဲ့ပါသော်လည်း သူ၏ ကျင့်ကြံခြင်းပညာရပ်၏ အဆင့်အတန်းကြောင့် ဓမ္မစစ်သင်္ဘောတစ်စင်းသာ မရှိတော့ပါက သူ၏ တိုက်ရည်ခိုက်ရည် စွမ်းအားများမှာ အလယ်အလတ် ထာဝရဝိညာဉ်အဆင့်တွင်သာ ရှိနေမည် ဖြစ်သည်။ ထို့အပြင် သူသည် တိုက်ပွဲအစတွင် သူ၏ရန်သူအား လျှော့တွက်မိခဲ့သောကြောင့် ဒဏ်ရာရသွားခဲ့သေးသည် မဟုတ်ပါလော။ သူနှင့် ဝမ်ပေါင်လဲ့တို့နှစ်ယောက် ရောက်နေသည့် အဆင့်တွင် ဒဏ်ရာများရထားသည့် အချက်နှင့် အရင်ဆုံး လှုပ်ရှားနိုင်သည့် အချက်များမှာ တိုက်ပွဲထဲ၌ အလွန်အင်မတန်မှ အရေးပါပေသည်။

ထို့ကြောင့် အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီးမှာ ဝမ်ပေါင်လဲ့နှင့် စတင်တိုက်ခိုက်ခဲ့စဉ်ကတည်းကပင် အရေးနိမ့်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။

ထစ်ချုန်းသံများ အဆက်မပြတ် ထွက်ပေါ်လာနေဆဲဖြစ်ပြီး အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီးမှာလည်း ပါးစပ်ထဲမှ သွေးများစီးကျကာ နောက်သို့ ထပ်မံဆုတ်ခွာသွားရပြန်သည်။ သူသည် တုန်လှုပ်ချောက်ချားကာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေရ၏။ သူသည် အငိုက်မိသွားခဲ့စဉ်ကတည်းက အရေးနိမ့်သွားခဲ့ပြီဖြစ်ရာ ဆက်လက်တိုက်ခိုက်နေစရာ အကြောင်းမရှိတော့ကြောင်း ရိပ်မိထားခဲ့ပြီးသားဖြစ်သည်။ အကယ်၍ အခြားသူများသာဆိုပါက ထိုကဲ့သို့သော အချက်များကို ထည့်သွင်းစဉ်းစားနေမည် မဟုတ်ပါသော်လည်း ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများအတွက်မူ ထိုအချက်များမှာ အလွန်အင်မတန်မှ အရေးပါပေသည်။

ထို့အပြင် သူသည် သူ၏ လက်ရှိအနေအထားနှင့် ဆက်လက်တိုက်ခိုက်နေမည်ဆိုပါက သိသိသာသာ အရေးနိမ့်လာရတော့မည်ဖြစ်ကြောင်း နားလည်ထား၏။ ထို့ကြောင့် သူသည် စိတ်ထဲတွင် ကျိတ်၍ နောင်တရနေရပြီဖြစ်သည်။ သို့သော်လည်း သူ၏မာနကြောင့် သူသည် မတောင်းပန်နိုင်ဘဲ ဖြစ်နေရပြီး အော်ဟစ်ကြိမ်းဝါးမိလိုက်ရုံမှတစ်ပါး အခြား ဘာမှ မတတ်နိုင်ခဲ့ပေ။

" လုံနန်ကျစ်။ ဒါ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းရဲ့ ပိုင်နက်နော်။ မင်းက ဒီနေရာမှာ ငါနဲ့ သူသေကိုယ်သေ တိုက်ခိုက်ချင်တာလား "

" စိတ်ဝင်စားစရာပဲ။ ခဗျားပဲ စောစောတုန်းက ကျုပ်က ခင်ဗျားတို့စစ်တပ်ရဲ့ လျှို့ဝှက်ချက်တွေကို ခိုးယူတယ်ဆိုပြီး စွပ်စွဲခဲ့တာ မဟုတ်ဘူး‌လား။ လာစမ်းပါ။ ဖေဖေကြီးကို ပြောပြပါဦး။ ဖေဖေကြီးက ခဗျားတို့ဆီက ဘာခိုးခဲ့လို့လဲ " ဝမ်ပေါင်လဲ့မှာ အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီး၏ အငွေ့အသက်များ အားလျော့သွားသည်ကို အာရုံခံမိနေ၏။ သို့သော် သူသည် သနားညှာတာတတ်သည့် လူတစ်ယောက် မဟုတ်ပေ။ အကယ်၍ သူ့အား ပြဿနာလာမရှာပါက ကိစ္စမရှိပါသော်လည်း ယခုတွင်မူ အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီးဘက်မှစ၍ ရန်ရှာခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ ထို ခေါင်းဆောင်ကြီးမှာ ဤ တိုက်ပွဲအား ဆက်တိုက်သင့်မတိုက်သင့်ဆိုသည့် အချက်ကို ဆုံးဖြတ်ပိုင်ခွင့်မရှိပေ။

အကယ်၍ သူတို့မှာ ဆက်လက် မတိုက်ခိုက်တော့ဘဲ တိုက်ပွဲကြီးအား ရပ်တန့်လိုက်မည်ဆိုပါက ထိုသို့ရပ်တန့်လိုက်ရသည့် အကြောင်းရင်းမှာ ဝမ်ပေါင်လဲ့ဘက်မှ ဆက်လက် မတိုက်ခိုက်လိုတော့ကြောင်း ဆုံးဖြတ်လိုက်ခြင်းကြောင့်သာ ဖြစ်ရပေမည်။ ထို့ကြောင့် ယခုတွင် ဝမ်ပေါင်လဲ့မှာ လှောင်ပြုံးပြုံးကာ သူ၏ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားလိုက်ပြီးနောက် အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီး၏ အနီးသို့ ထပ်၍ ချဉ်းကပ်သွားလိုက်ပြန်သည်။ ထို့နောက် ထစ်ချုန်းသံများ ထပ်၍ ထွက်ပေါ်လာပြီး သူတို့နှစ်ယောက်၏ တိုက်ပွဲထဲမှ ထွက်ပေါ်လာသည့် တုန်ခါမှုလှိုင်းများမှာလည်း ပိုမိုအားကောင်းလာတော့သည်။

အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီးမှာ နှလုံးသားထဲ၌ မကျေမချမ်း ဖြစ်နေရပြီဖြစ်သည်။ သူသည် ပြန်လည်တုံ့ပြန်တိုက်ခိုက်ချင်ပါသော်လည်း မစွမ်းနိုင်ဘဲဖြစ်နေရ၏။ ဝမ်ပေါင်လဲ့မှာ သူ့ထက် ပို၍ အစွမ်းထက်နေသည် မဟုတ်ပါလော။ သူသည် အက်ကွဲကြောင်းနက်တပ်ရင်းခေါင်းဆောင်ကြီးအား ချက်ချင်း သတ်ဖြတ်ပစ်နိုင်လောက်အောင် အစွမ်းထက်မနေပါသော်လည်း သူ့အား ထပ်ခါတလဲလဲ နောက်သို့ဆုတ်ခွာသွားရအောင် ဖိအားပေးနိုင်စွမ်း ရှိနေသောကြောင့် အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီး၏ ဂုဏ်သိက္ခာမှာ ထိပါးလာရတော့သည်။ ထို့ကြောင့် သူ၏ မျက်ဝန်းများထဲ၌ ရူးသွပ်မှု အရိပ်အယောင်များ ပေါ်ပေါက်လာ၏။

" လုံနန်ကျစ်။ ငါက တကယ်ပဲ မင်းလိုကောင်မျိုးကို ကြောက်နေလိမ့်မယ်လို့ ထင်နေတာလားကွ " အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီးမှာ ထိုသို့ကြိမ်းဝါးလိုက်၏။ ထို့နောက် သူ၏ ညာဘက်လက်ကို မြှောက်လိုက်သောအခါ သူ၏ ဦးခေါင်းအထက်တွင် အနက်ရောင် လမင်းတစ်စင်း၏ ပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်။ ထို လမင်းကြီးထဲမှ အနက်ရောင်မြူခိုးများ ထွက်ပေါ်လာပြီးနောက် သရဲ‌တစ္ဆေမျက်နှာများအဖြစ် ပြောင်းလဲသွားကြ၏။ ထို့နောက် ၎င်းတို့မှာ ဝမ်ပေါင်လဲ့ဘက်သို့ လှည့်ကာ စူးရှကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်ကြတော့သည်။

ထို ပညာရပ်မှာ အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီး၏ ဝှက်ဖဲတစ်ချပ် ဖြစ်ရပေမည်။ ထိုအခိုက်အတန့်တွင် သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများ အားလုံးကို ထုတ်လွှတ်လိုက်သဖြင့် စကြဝဠာကြီးမှာ တုန်ရီသွားရပြီး သူ၏ ဘေးပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးမှာလည်း တွန့်လိမ်ပုံပျက်သွားရတော့သည်။ သို့ဖြစ်ရာ သူ၏ဦးခေါင်းအထက်တွင်ရှိနေသည့် လမင်းပုံရိပ်ကြီးမှာ မည်မျှအထိ ကြောက်မက်ဖွယ်ရာကောင်းနေသည်ကို သိနိုင်ပေသည်။

ထိုအချိန်တွင် ထို လမင်းပုံရိပ်ကြီးထဲရှိ တစ်စုံတစ်ခုမှာ အိပ်မောကျနေရာမှ နိုးထလာသည့်ပုံပင်။ ၎င်းမှာ မျက်လုံးများဖွင့်ကာ ၎င်းအား မြင်လိုက်ရသည့်လူတိုင်းကို သတ်ဖြတ်ပစ်ချင်နေသည့်ပုံ ပေါက်နေ၏။

" သရဲ‌တစ္ဆေအရိပ်ပါလား " ဝမ်ပေါင်လဲ့မှာ မျက်စိပေကလပ်ပေကလပ် ဖြစ်သွားပြီးနောက် ရယ်မောလိုက်၏။ မကြသေးမီတုန်းက သူသည် အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီးအား အန္တရာယ်ပြုနိုင်စွမ်းမရှိခဲ့ပေ။ သူသည် သူ့အား ဖိနှိပ်ချုပ်တည်းကာ ရိုက်နှက်ကန်ကျောက်နိုင်စွမ်း ရှိခဲ့ပါသော်လည်း ထိုခေါင်းဆောင်ကြီးမှာ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည်မဟုတ်ပါလော။ သို့ဖြစ်ရာ သူ့အား အလွယ်တကူ သတ်ဖြတ်နိုင်မည် မဟုတ်ပေ။ သို့သော် ယခုတွင်မူ အခွင့်အရေးတစ်ခုမှာ သူ၏ရှေ့၌ အလိုလိုပေါ်ပေါက်လာပြီ ဖြစ်သည်။

သို့သော် ဝမ်ပေါင်လဲ့မှာ ထိုအခွင့်အရေးအား အမိအရ အသုံးချသင့်မချသင့် စဉ်းစားတွေးတောနေရ၏။ အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီးအား သတ်ဖြတ်နိုင်ရန်အတွက်နှင့် သူ၏ အမှောင်ပညာရပ်အား ထုတ်သုံးပြလိုက်ရခြင်းမှာ ရူးသွပ်ရာကျပေမည်။ ထို့အပြင် အကယ်၍ သူသည် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း၏ ပိုင်နက်ထဲ၌ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်အား သတ်ဖြတ်မိလိုက်ပါက နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ ခေါင်းဆောင်ကြီးပင်လျှင် သူ့အား အလွယ်တကူ ကာကွယ်ပေးနိုင်စွမ်း ရှိတော့မည်မဟုတ်ပေ။

ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်မှာ အလွန်အင်မတန်မှ အရေးပါသလို ဂိုဏ်းတစ်ဂိုဏ်း၏ ဂုဏ်သိက္ခာမှာလည်း ပို၍ပင် အရေးပါနေသည် မဟုတ်ပါလော။

" ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ကြီးက ငါတို့ရဲ့တိုက်ပွဲကို သတိထားမိနေလောက်ပြီ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်လုံးများ မှေးသွားပြီးနောက် မျက်ဝန်းများ စူးရှတောက်ပသွား၏။

" တကယ်လို့ သူ ငါတို့ရဲ့ တိုက်ပွဲကြီးကို သတိထားမိခဲ့ပြီး အခုထိ ကြည့်နေတုန်းပဲဆိုရင်... အန္တရာယ်နည်းနည်း ရှိနိုင်တယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့စဉ်းစားတွေးတောကာ ရုတ်တရက်ဆိုသလို ရယ်မောလိုက်၏။

" ခဗျားတစ်ယောက်ပဲ ဝှက်ဖဲတွေ ရှိတယ်လို့ ထင်နေတာလား " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏လက်နှစ်ဖက်ကို မြှောက်ကာ အားပါပါ ဝှေ့ယမ်းလိုက်၏။ ထိုအခါ သူ၏ ကျင့်ကြံခြင်းစွမ်းအားများနှင့် မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၏ စွမ်းအားများအားလုံး ထွက်ပေါ်လာကြပြီး သူ၏ခန္ဓာကိုယ် အပြင်ဘက်၌ လေမုန်တိုင်းတစ်ခုအသွင် ပြောင်းလဲသွားကြသည်။ ထို့ကြောင့် သူသည် အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီးနှင့် သူသေကိုယ်သေ တိုက်ခိုက်တော့မည့်ပုံ ပေါက်နေတော့သည်။ ထို့နောက် သူသည် အသံကုန်အော်ဟစ်ကာ လှုပ်ရှားလိုက်၏။

သို့သော် သူသည် အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီးဆီသို့ ပြေးသွားခြင်းမဟုတ်ဘဲ သူတို့၏တိုက်ပွဲအား အဝေးမှနေ၍ တအံ့တသြနှင့် လှမ်းကြည့်နေသည့် နဂါးနက်တပ်ရင်း ခေါင်းဆောင်ဟောင်းကြီးဆီသို့ ဦးတည်ပျံသန်းသွားလိုက်ခြင်းဖြစ်သည်။ သူသည် သူမ၏အနီးသို့ ချက်ချင်းဆိုသလိုပင် ရောက်ရှိသွားပြီး သူ၏ညာဘက်လက်ကို မြှောက်လိုက်၏။ ထို့နောက် သူသည် သူမအား တုံ့ပြန်ချိန်ပင်မပေးဘဲ သူမ၏နဖူးအား လက်ဖြင့် တောက်လိုက်တော့သည်။

သို့သော် ဝမ်ပေါင်လဲ့၏ လက်ချောင်း သူမ၏နဖူးနှင့် ထိသွားခါနီးမှာပင် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ရှိရာဘက်မှ နှာမှုတ်သံတစ်သံ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာသည်။ ထို့နောက် မိုးကောင်းကင်ကြီးကိုပင် တုန်ရီသွားစေနိုင်သည့် တုန်ခါမှုလှိုင်းတစ်မျိုး ပေါက်ကွဲထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့ပေါ်သို့ ကျရောက်လာတော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုခံစားချက်ကြီးအား ယခုမှ ပထမဆုံးအကြိမ်အဖြစ် ခံစားဖူးခြင်း မဟုတ်ပေ။ အဆုံးမဲ့မျိုးနွယ်စုစစ်တပ်ကြီး ရှိနေခဲ့သည့် ဂြိုဟ်ပေါ်ရှိ အဆုံးမဲ့မျိုးနွယ်စုဝင် ဂြိုဟ်အဆင့် ကျင့်ကြံသူကြီးကြောင့်လည်း သူသည် ထိုကဲ့သို့ ခံစားခဲ့ရသေးသည် မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် တစ်ကိုယ်လုံး တုန်ရီသွားရ၏။ စကြာဝဠာကြီးတစ်ခုလုံး ရုတ်တရက်ဆိုသလို သူ့အား ဖိညှစ်‌လိုက်သကဲ့သို့ ဖြစ်သွားသည့် ခံစားချက်ကြီးကြောင့် ဝမ်ပေါင်လဲ့၏ နှလုံးသားမှာ တဆတ်ဆတ် တုန်ရီသွားရတော့သည်။

သို့သော် ဝမ်ပေါင်လဲ့ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း၏ ပိုင်နက်ထဲ၌ တိုက်ခိုက်ရဲနေရသည့်အကြောင်းအရင်းမှာ သူ၏ မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီးကြောင့် မဟုတ်ဘဲ သူ၏ ခန္ဓာကိုယ်ထဲရှိ ထာဝရကြယ်မီးတောက်နှင့် သူ အားဖြည့်ထားသည့် ဂြိုဟ်အဆင့် လက်ဖဝါးကြီးတို့ကြောင့်သာ ဖြစ်ပေသည်။

ထို့ကြောင့် ထို နတ်ဘုရားအာရုံစွမ်းအားများ ဆင်းသက်လာသည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့မှာ အော်ဟစ်ညည်းတွားလိုက်သဖြင့် သူ၏ ခန္ဓာကိုယ်ထဲရှိ ထာဝရကြယ်မီးတောက်မှာ အပြင်းအထန် တုန်ရီသွားရ၏။ ၎င်းမှာ အားပျော့နေပါသော်လည်း ဝမ်ပေါင်လဲ့မှာ ဂြိုဟ်အဆင့် နတ်ဘုရားအာရုံကြီး၏ ဖိနှိပ်ချုပ်တည်းမှု စွမ်းအားများ၏အောက်တွင် အနည်းငယ်ခန့် လှုပ်ရှားသွားနိုင်စွမ်း ရှိနေဆဲပင်။ ထို့ကြောင့် သူ လှမ်းတောက်လိုက်သည့် လက်ချောင်းမှာ ပြုတ်ထွက်သွားပြီး ၎င်း၏ တစ်ဝက်တိတိမှာ နဂါးနက်တပ်ရင်း ခေါင်းဆောင်ဟောင်းကြီး၏ နဖူးပေါ်သို့ ကျရောက်သွားတော့သည်။

နဂါးနက်တပ်ရင်း ခေါင်း‌ဆောင်ဟောင်းကြီးမှာ တုံ့ပြန်ချိန်ပင် မရလိုက်ပေ။ သူမသည် အားကောင်းသော စွမ်းအားလှိုင်းလုံးကြီးတစ်ခု သူမ၏ရှေ့၌ ပေါက်ကွဲပေါ်ထွက်လာသကဲ့သို့ ခံစားလိုက်ရ၏။ ထို့နောက် သူမသည် တစ်ကိုယ်လုံး နာကျင်ကိုက်ခဲသွားရပြီး ဝိညာဉ်တစ်ခုလုံး တစ်စစီ ဆုတ်ဖြဲခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ထို့ကြောင့် သူမသည် နာကျင်စွာ အော်ဟစ်မြည်တမ်းလိုက်ရပြီး ထိုပြင်းအားကြီးကြောင့် နောက်သို့လွင့်ထွက်သွားရတော့သည်။ ထို့နောက် သူမ ဦးခေါင်းတစ်ဝက်၊ လက်တစ်ဖက်နှင့် ခြေထောက်တစ်ဖက်တို့မှာ ချက်ချင်းဆိုသလိုပင် စိစိညက်ညက် ကြေမွသွားရပြီး လေထဲ၌ လွင့်ပါးပျောက်ကွယ်သွား၏။

ထို ရိုက်ခတ်မှု၏ ပြင်းအားကြီးကြောင့် သူမ၏ စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများမှာ ပြတ်တောက်သွားရသလို သူမ၏ ဝိညာဉ်မှာလည်း တစ်စိတ်တစ်ပိုင်းခန့် လွင့်ပါးပျောက်ကွယ်သွားရ၏။ သူမ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း လုံးဝ ဖျက်ဆီးခံလိုက်ရသည့်ပုံပင်။ ၎င်းမှာ ထာဝရဝိညာဉ်တစ်ပိုင်းအဆင့်မှ ဝိညာဉ်ကြားခံနယ်အဆင့်သို့ ပြန်ကျသွား၏။ ထို့နောက် ၎င်းမှာ ရပ်တန့်သွားခြင်းမရှိဘဲ ယွမ်ယင်အဆင့်အထိ ဆက်လက်ကျဆင်းသွားပြန်သည်။

သူမ၏ ကျင့်ကြံခြင်း အခြေခံအုတ်မြစ် ပျက်စီးသွားရသောကြောင့် ထိုကဲ့သို့ ကျင့်ကြံခြင်းအဆင့်များ ကျဆင်းသွားရခြင်း ဖြစ်ပေသည်။ သို့ဖြစ်ရာ သူမသည် အဖိုးတန်ပစ္စည်းများကို ပိုင်ဆိုင်ထားခြင်းမရှိပါက နဂိုမူလအခြေအနေသို့ လုံးဝပြန်ရောက်နိုင်တော့မည် မဟုတ်ပေ။

ဝမ်ပေါင်လဲ့မှာ ထိုသို့ တိုက်ခိုက်လိုက်ပြီးနောက် ဂြိုဟ်အဆင့် နတ်ဘုရားအာရုံကြီး၏ ဖိနှပ်ချုပ်တည်းမှု စွမ်းအားများကို တောင့်ခံကာ နောက်သို့ ဆုတ်ခွာသွား၏။ ထို့နောက် သူသည် သူ၏ညာဘက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်သောအခါ သူ၏ စစ်သင်္ဘောကြီးများ အာလုံးမှာလည်း ချက်ချင်းဆိုသလိုပင် သူ့ဆီသို့ ပြန်ရောက်လာကြသည်။ နောက်ဆုံးတွင် သူသည် သူ၏ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ သက်တံ့ရှည်ကြီးတစ်ခုအသွင် ပြောင်းလဲသွားလိုက်ပြီးနောက် ထွက်ခွာသွားတော့သည်။ သူ၏စကားသံကြီးမှာမူ ပတ်ဝန်းကျင်တစ်ခုလုံး ပဲ့တင်ထပ်ကာ ကျန်ရစ်ခဲ့၏။

" ခရမ်းရောင် ရွှေတာအိုသစ် ဂိုဏ်းခေါင်းဆောင်ကြီးခဗျား။ ကျွန်တော်က နတ်ဧကရာဇ် တရားမျှတမှု ဂိုဏ်းခေါင်းဆောင်ကြီး ခိုင်းထားတဲ့ လျှို့ဝှက်တာဝန်တစ်ခုကို ထမ်းဆောင်ပြီး ပြန်အလာမှာ အက်ကွဲကြောင်းနက်တပ်ရင်းနဲ့ ကြုံခဲ့ရတာပါ။ အဲဒီ စစ်တပ်ထဲက အမျိုးသမီးတစ်ယောက်က ကျွန်တော့်ကို စော်ကားခဲ့ပြီးတော့ ကျွန်တော်က သူတို့စစ်တပ်ရဲ့ လျှို့ဝှက်ချက်တွေကို ခိုးယူပါတယ်ဆိုပြီး စွပ်စွဲခဲ့တာ။ ကျွန်တော်က သူတို့ကို လမ်းဖယ်ပေးခဲ့တာတောင် သူတို့က ကျွန်တော့်ကို ဖမ်းဆီးသတ်ဖြတ်ပစ်ဖို့ ကြိုးစားခဲ့ကြတာပါ။ ကျွန်တော် ရွေးချယ်စရာမရှိတော့လို့ အခုလို လုပ်ခဲ့ရပေမယ့် ဘယ်သူ့ကိုမှ မသတ်ခဲ့ပါဘူး။ ဒီအမျိုးသမီးကိုပဲ သင်ခန်းစာ နည်းနည်းပါးပါး ပေးခဲ့တာပါ။ ပြီးရင် ကျွန်တော် ဒီကိစ္စကို နတ်ဧကရာဇ် တရားမျှတမှု ဂိုဏ်းခေါင်းဆောင်ကြီးဆီ တင်ပြပြီး သူ့ကို ဆုံးဖြတ်ခိုင်းပါ့မယ် "

သူ၏ စကားများမှာ မောက်မာဝင့်ကြွားလွန်းနေခြင်း မရှိသလို အောက်ကျို့နေခြင်းလည်း မရှိဘဲ ကျိုးကြောင်းဆီလျော်မှု အပြည့်ရှိနေ၏။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ တိုက်ပွဲစကတည်းက မည်သူ့ကိုမှ သတ်ဖြတ်ခဲ့ခြင်းမရှိသည့်အပြင် သူတို့အား တစ်ကြိမ်ပြီးတစ်ကြိမ် ခွင့်လွှတ်ပေးခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ မည်သည့်ရှုထောင့်မှ ကြည့်ကြည့် သူသည် အပြစ်မရှိပေ။

ထို့အပြင် သူသည် အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီးအား အပြစ်တင်နေခြင်းမရှိဘဲ နဂါးနက်တပ်ရင်း ခေါင်းဆောင်ဟောင်းကြီးအပေါ်တွင်သာ အပြစ်များအားလုံး ပုံချလိုက်သည်မဟုတ်ပါလော။ သူ ပြောခဲ့သည့် စကားများကိုကြည့်လျှင် သူသည် ထိုကဲ့သို့သော ကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာ၌ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်နေပြီဖြစ်ကြောင်း သိနိုင်ပေသည်။ ထို့ကြောင့် သူ၏စကားသံကြီး ထွက်ပေါ်လာသည်နှင့် ဝမ်ပေါင်လဲ့အား လွှမ်းခြုံထားသော ဂြိုဟ်အဆင့် နတ်ဘုရားအာရုံကြီးမှာ တစ်ခဏမျှ ရပ်တန့်သွားရပြီး ခပ်သဲ့သဲ့ နှာမှုတ်သံတစ်သံ ထွက်ပေါ်လာတော့သည်။ သို့သော် နောက်ဆုံးတွင် ထို နတ်ဘုရားအာရုံများမှာ လွင့်ပါးပျောက်ကွယ်သွားပြီး သူ၏ ဆက်လက်ဖိနှိပ်ချုပ်တည်းထားခြင်း မရှိတော့ပေ။

ထိုအဖြစ်အပျက်များမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်၏။ အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီးမှာ သူ၏ လက်အောက်ငယ်သားတစ်ယောက် ခြေပြတ်လက်ပြတ် ဖြစ်သွားရသည်ကို မြင်လိုက်ရပြီး သူ၏ ဂိုဏ်းခေါင်းဆောင်ကြီး ရောက်ရှိလာသည်ကို သိလိုက်ရသောအခါ စကားပြောရန် ပြင်လိုက်သည်။ သို့သော် ထိုအချိန်တွင် သူ၏ ဂိုဏ်းခေါင်းဆောင်ကြီး၏ အေးတိအေးစက် စကားသံကြီးမှာ သူ၏နားထဲ၌ ပေါ်ပေါက်လာတော့သည်။

" ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲရတာ မဝသေးလို့လား။ အခုချက်ချင်း ပြန်လာခဲ့စမ်း "

အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီးမှာ သူ၏ ဂိုဏ်းခေါင်းဆောင်ကြီး၏ စကားသံကြီးကို ကြားလိုက်ရသောအခါ နှုတ်ဆိတ်သွားပြီး ဝမ်ပေါင်လဲ့ ထွက်ခွာသွားသည့်ဘက်သို့ လှမ်းကြည့်နေလိုက်၏။ တစ်ချိန်ထဲမှာပင် သူသည် ဂိုဏ်းခေါင်းဆောင်ကြီး၏ စကားများကြောင့် ဝမ်ပေါင်လဲ့အား ပို၍ပင် သတိကြီးကြီး ထားမိသွားတော့သည်။

ထိုအချိန်တွင် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း၏ တောင်ဝင်ပေါက်ရှိရာအရပ်တွင် သီးခြားနယ်မြေ တစ်ခုထဲ၌ ကမ္ဘာကြီးတစ်ခု ရှိနေ၏။ ထို ကမ္ဘာကြီးထဲတွင် တောင်တန်းများဖြင့် ပြည့်နေပြီး ခရမ်းရောင် တောင်ထိပ်တစ်ခုပေါ်တွင် တဲအိမ်လေးတစ်လုံး ရှိနေသည်။

ထိုတဲအိမ်လေးထဲတွင် သက်လတ်ပိုင်း လူကြီးတစ်ယောက်မှာ တင်ပျဉ်ခွေထိုင်နေ၏။ သူ၏ ဆံပင်များမှာ ခရမ်းရောင်ဖြစ်နေသလို သူသည်လည်း ခရမ်းရောင်ဝတ်ရုံများကို ဆင်မြန်းထား၏။ သူ၏ သူငယ်အိမ်များပင်လျှင် ခရောင်းရောင်ဖြစ်နေသည်။ သူသည် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့အား စောင့်ရှောက်နေသော နတ်ဘုရားတစ်ပါးနှင့် တူနေ၏။ ယခုတွင် သူသည် မျက်လုံးများပွင့်နေပြီး အဝေးသို့ လှမ်းကြည့်နေသည့်ပုံပင်။ တစ်အောင့်ခန့် ကြာပြီးမှ သူသည် သူ၏အကြည့်အား ဖြည်းဖြည်းချင်း ပြန်လည်ရုပ်သိမ်းသွား၏။

" ထာဝရကြယ်စွမ်းအား အမျှင်အတန်းတစ်ခုပါလား... ဒီ လုံနန်ကျစ်ဆိုတဲ့ကောင်က စိတ်ဝင်စားစရာပဲ "

All Chapters