ငါ မယုံဘူး
Vol. 73 Ch. 1008
မိုဝူကျိက သူ့အမှတ်အသားပြား ထုတ်လိုက်ရင်း သူ့တွင် ခရမ်းနိဗာန တာအိုသဲများ ကျန်ရှိနေသေးကြောင်း တွေးလိုက်မိသည်။ အစောပိုင်းလေးက သူသည် ခရမ်း နိဗာနတာအိုသဲသည် နိဗာနအမှတ် တစ်သောင်းခွဲ တန်ကြောင်း သတိပြုမိလိုက်၏။ သူ့အနေနှင့် နိဗာနတာအိုသဲ အပါအဝင် တာဝန်များများကို လက်ခံသင့်ကြောင်း ခံစားမိလိုက်သည်။
သူ ဘာမှလုပ်စရာ မရှိသည့်အတွက် သူ့အမှတ်အသားပြားကိုသာ တအံ့တဩ ကြည့်လိုက်မိတော့သည်။ သူ့အမှတ်အသားပြားပေါ်တွင် စုစုပေါင်း နိဗာနအမှတ်ပေါင်း တစ်သိန်း လေးရာကျော် ရှိနေလေ၏။
မိုဝူကျိက ထိုအမှတ်များ မည်သည့်နေရာမှ ရောက်လာသည်ကို ခန့်မှန်းကြည့်ဖို့ပင် မလိုတော့ပေ။ သူ့နိဗာန တိတ်ဆိတ်မှုပင်လယ် ကူးသန်းရေး အစီအရင်၏ တာဝန်ပြီးမြောက်မှု ဆုလာဘ်သာ ဖြစ်ပေမည်။
မိုဝူကျိက မေးမကြည့်ဘဲဖြင့် ယခု သူ လက်ရှိ ရရှိထားသော ဆုလာဘ်၏ ၁ ရာခိုင်နှုန်းလောက်သာ လက်ခံရမည်ဆိုလျှင်ပင် အတော်လေး အံ့ဩဖို့ ကောင်းနေပြီ ဖြစ်ကြောင်း သိလိုက်သည်။ မိုဝူကျိ အမှတ်အများကြီး ရရှိလာသည်မှာ စန်းကျန့်ရှန်းနှင့် ပတ်သတ်နေကြောင်း တန်းသိလိုက်၏။ စန်းကျန့်ရှန်းက မိုဝူကျိ၏ အာကာပြင် မှော်အက္ခရာအတွက် နိဗာနအမှတ်များကို ဆုလာဘ် ချီးမြင့်လိုက်ခြင်း ဖြစ်၏။
မိုဝူကျိက စန်းကျန့်ရှန်းအား ကျေးဇူးတင်နေမိသည်။ သူ့အာကာပြင် မှော်အက္ခရာများက အတော်လေး အဖိုးတန်လျှင်ပင် စန်းကျန့်ရှန်းက ဘာမှအရေးမပါကြောင်း ဟန်ဆောင်နေ၍ ရပေသည်။ သို့သော်လည်း စန်းကျန့်ရှန်းက မိုဝူကျိသည် အဆင့် ၅ အစီအရင်ဘုရင်မှန်း သိထားသည့်အတွက် မိုဝူကျိအား နတ်ဘုရားကျောက်များ မပေးလိုက်ဘဲ နိဗာနအမှတ်ပေါင်း တစ်သိန်း ဆုချီးမြင့်လိုက်ခြင်း ဖြစ်ပေသည်။
ထိုနိဗာနအမှတ်များသည် မိုဝူကျိ လိုအပ်နေသည့်အချိန် စန်းကျန့်ရှန်း ကူညီပေးလိုက်ခြင်းနှင့် ညီမျှ၏။
မိုဝူကျိက ထိုအမှတ်များနှင့် လဲလှယ်ဖို့ တုံ့ဆိုင်းမနပေ။ သူ့ကျောက်စိမ်းပြားမှ အမှတ်ပေါင်း တစ်သောင်းနှစ်ထောင် နှုတ်သွားပြီးနောက် အတားအဆီး ချထားသည့် ကျောက်စိမ်းသေတ္တာတစ်လုံးက အမှတ်အသားပြားထိပ်၍ ပေါ်လော ပေါ်လာသည်။
မိုဝူကျိက ကျောက်စိမ်းသေတ္တာကို သိမ်းလိုက်ပြီးနောက် စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သည်။ ဤသည်မှာ ယုံယွမ် နတ်ဆေးလုံး ဖော်စပ်နည်း အမှန်ပင် ဖြစ်၏။
ကမ္ဘာမြေရှိ နည်းပညာများနှင့် နှိုင်းယှဉ်လျှင် မိုဝူကျိက ဤအစီအရင်တာအိုနည်းလမ်းသည် ပို၍ သက်တောင့်သက်သာ ဖြစ်ကြောင်း ခံစားမိလိုက်သည်။ ယခု သူ့တွင် အမှတ်ပေါင်း တစ်သိန်းကျော် ရှိနေသည့်အတွက် ကနဦး နတ်ဘုရားအသီး ခြောက်လုံးအား ဆက်တိုက် ဝယ်ယူလိုက်သည်။
ကနဦး နတ်ဘုရားအသီး တစ်လုံးသည် နိဗာနအမှတ် ရှစ်ရာနှင့် ညီမျှပြီး ခြောက်လုံးမှာ ၄၈၀၀ ကျသင့်သွားသည်။
ပိုင်ယွဲ့ထံ အကြောင်းကြားပြီးနောက် မိုဝူကျိက သူ့ယုံယွမ် နတ်ဆေးလုံး ဖော်စပ်ဖို့ ပြန်ရန် ပြင်လိုက်သည်။ သူက တခြားအရာများထက် သူ့ကျင့်ကြံဆင့်ကို တိုးမြင့်စေလိုသည်။
“ အာ … ယုံယွမ် နတ်ဆေးလုံး ဖော်စပ်နည်းက ရောင်းထွက်သွားပြီလား ” တအံ့တဩ ရေရွတ်သံက မိုဝူကျိ နားထဲ ကြားလိုက်ရသည်။
မိုဝူကျိက ခေါင်းလှည့်ကြည့်လိုက်သည့်အခါ ပိန်ပါးပါး ဝတ်စုံနီနှင့် အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်။ ထိုဝတ်စုံနီ အမျိုးသမီးတွင် ဆံနွယ်ရှည်ရှည်ပိုင်ဆိုင်ထားပြီး သူမ ဝိညာဉ်စွမ်းအားတို့မှာ မတည်မငြိမ် ဖြစ်နေသည်။ သူမ ပင်ကိုယ်ပါရမီမှာ မဆိုးလှမှန်း သိသာလှသည်။ သူမက ကောင်းကင်နတ်ဘုရားအဆင့် ၆ ရောက်နေလေပြီ။
ယုံယွမ် နတ်ဆေးလုံးကို မိုဝူကျိက ဝယ်ယူထားပြီးပြီ ဖြစ်ရာ သူ့အနေနှင့် ထိုအမျိုးသမီးအကြောင်း အာရုံမရှိတော့ပေ။ သူ ထွက်သွားတော့မည့်ဆဲဆဲတွင် ထိုအမျိုးသမီးက မိုဝူကျိကို ရုတ်တရက် တားလိုက်ပြီး မေးလိုက်သည် “ဟေး … ရှင် စောစောလေးက ပစ္စည်းတချို့ ဝယ်နေတာ သတိထားမိလိုက်တယ်။ ရှင် ယုံယွမ် နတ်ဆေးလုံး ဖော်စပ်နည်းကို ဝယ်သွားသေးလား ”
မိုဝူကျိက ပြန်မဖြေခင် နောက်ထပ် အမျိုးသားနှစ်ဦးက တာဝန်ရေးရာခန်းမထဲ စိုးရိမ်တကြီး ရောက်ရှိလာကြသည်။ တစ်ယောက်မှာ ကောင်းကင်နတ်ဘုရား အဆင့် ၈ ဖြစ်ပြီး နောက်တစ်ယောက်မှာ ကနဦး နတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့် ဖြစ်၏။ မိုဝူကျိက ကနဦး နတ်ဘုရားအဆင့်ရှိ ကျင့်ကြံသူအား သတိထားမိလိုက်သည်။
သူသည် အပြန်သီးသန့် နတ်ဘုရားဂိုဏ်းမှ ရန်ဟွေ့ ဖြစ်ပြီး လွန်ခဲ့သည့် ဆယ်နှစ်ခန့် နိဗ္ဗာန်အသိပညာရပ်ကျောင်းတော် စစ်ဆေးမှုအတွင်း အဆင့် ၆ ရရှိခဲ့သူလည်း ဖြစ်ပေသည်။ အဆုံးသတ်၌ သူက အဆင့် ၄ ရရှိထားသည့် ပိုင်ယွဲ့အပေါ် ဒေါသပုံချခဲ့သည်။ ရလဒ်အနေနှင့် ပိုင်ယွဲ့မှာ အပြန်သီးသန့် နတ်ဘုရားဂိုဏ်း၏ ကိုင်ကျိဆီမှ သင်ခန်းစာ ပေးခံခဲ့ရသည်။ ပိုင်ယွဲ့ ပြောစကားအရ ဂိုဏ်းအကြီးအကဲသာ ဝင်မပါလျှင် ကိုင်ကျိက သူ့အား သတ်ပစ်လောက်လေ၏။
မိုဝူကျိက ရန်ဟွေ့ဘေးရှိ ကောင်းကင်နတ်ဘုရား အဆင့် ၈ ကျင့်ကြံသူမှာ ကိုင်ကျိ လားဟု တွေးမိလိုက်သည်။
“ဝမ်ရှီ … မင်းအတွက် နိဗာနအမှတ်တချို့ ချေးခဲ့တယ် ” ရန်ဟွေ့ဘေးက လူသည် ကျေကျေနပ်နပ် ပြောလိုက်သည်။
ဝတ်စုံနီ အမျိုးသမီးနာမည်မှာ ဝမ်ရှီ ဖြစ်၏။ မိုဝူကျိ၏ ခန့်မှန်းချက်အရ ဤယုံယွမ် နတ်ဆေးလုံးကို ဝမ်ရှီသည် သူမအတွက် လိုအပ်ခြင်း မဖြစ်နိုင်လောက်ပေ။
ဝမ်ရှီက ရှိုက်ငင်စွာဖြင့် “စီနီယာအစ်ကိုကြီး ကိုင်ကျိ … ညီမ လိုချင်နေတဲ့ ယုံယွမ် နတ်ဆေးလုံးကို တစ်ယောက်ယောက် ဝယ်သွားလိုက်ပြီ … ”
ကောင်းကင်နတ်ဘုရားအဆင့် ၈ ရှိသည့် ဤလူက အမှန်ပင် ကိုင်ကျိ ဖြစ်၏။ မိုဝူကျိ စိတ်ထဲ သတ်ဖြတ်လိုစိတ်မှာ ရုတ်ချည်း အားကောင်းလာခဲ့သည်။ အကယ်၍ ဤလူသာ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော် အရင်းအမြစ်တိုက်ပွဲအတွင်း ပိုင်ယွဲ့နှင့် တွေ့ဆုံခဲ့လျှင် သူက ပိုင်ယွဲ့ကို အလွတ်ပေးမည် မဟုတ်ချေ။ ယခု မိုဝူကျိက ကိုင်ကျိကို မြင်လိုက်ပြီ ဖြစ်ရာ ဤအမှိုက်အား ရှင်းထုတ်ပစ်ရမည်။
အပြန်သီးသန့် နတ်ဘုရားဂိုဏ်းအပေါ် ရန်စမိခြင်းကား နောင်အခါ ပြဿနာတစ်ရပ်သာ ဖြစ်ပေသည်။
အပြန်သီးသန့် နတ်ဘုရားဂိုဏ်း၏ ကိုင်ကျိသည် ပိုင်ယွဲ့အား သတ်ဖြတ်ရန် ရည်ရွယ်ထားသည့်အတွက် သူက အဘယ်ကြောင့်များ သက်ညှာပေးနေရမည်နည်း။
လူတစ်ယောက်က မည်မျှပင် အားကောင်းစေကာမူ ထိုလူက သူ့ဘေးရှိ လူများကို သတ်ရန် ကြိုးစားနေသရွေ့ သူ့အနေနှင့် ဘယ်သောအခါမှ ထိုလူနှင့် ညှိနှိုင်းနေမည် မဟုတ်ပေ။ တစ်ဖက်လူက ကိုယ့်ကို လာသတ်ပြီ ဖြစ်ရာ အဘယ်ကြောင့်များ သက်ညှာပြနေရဦးမည်နည်း။
“ဘယ်သူ ဝယ်လိုက်တာလဲ ” ကိုင်ကျိ၏ စိတ်ထဲ လေးလံသွားကာ ချက်ချင်းဆိုသလို စိတ်ပူလာမိသည်။
သူ မျက်စိကျနေသည့်သူမှာ ဝမ်ရှီ၏ အစ်မဖြစ်သူ ဝမ်ရု ဖြစ်၏။ ကိုင်ကျိက ဝမ်ရုအား မြတ်မြတ်နိုးနိုး နက်နက်ရှိုင်းရှိုင်း ချစ်ကျွမ်းဝင်နေသည်ဟုပင် ယူဆ၍ ရပေသည်။ သို့သော်လည်း ဝမ်ရုက ဝမ်ရှီ၏ အစ်မကြီး ဖြစ်သော်လည်း ဝမ်ရုက ကနဦး နတ်ဘုရားအဆင့် ၆ ၌ နှစ်များစွာ တန့်ကြာနေပေသည်။
ကိုင်ကျိက ဦးနှောက်ပေါက်မထွက် စဉ်းစားပြီး ဝမ်ရုအား နောက်တဆင့် တက်လှမ်းဖို့ ကူညီပေးနိုင်ဖို့ရာ ဆုတောင်းမိပေသည်။ သို့သော်လည်း သူ့အားထုတ်မှုမှာ အသုံးမဝင်ခဲ့ပေ။
ဝမ်ရု၏ ညီမ ဝမ်ရှီသည်လည်း ကိုင်ကျိလိုမျိုး စိတ်ပူပင်နေမိသည်။ သူမက ကမ္ဘာဦး နတ်ဆေးလုံးကို မြင်လိုက်ခါစ ဖြစ်သော်လည်း သူမ ချမ်းသာမှု၌ ကန့်သတ်ချက် ရှိသောကြောင့် သူမအနေနှင့် နိဗာနအမှတ်ပေါင်း တစ်သောင်းနှစ်ထောင် ထုတ်မပေးနိုင်ပေ။ ကံကောင်းစွာဖြင့် သူမက သူမအစ်မဖြစ်သူအပေါ် ကိုင်ကျိ၏ ချစ်မြတ်နိုးမှုကို သတိထားမိပြီး ချက်ချင်း အကြောင်းကြားလိုက်ခြင်း ဖြစ်၏။
ကိုင်ကျိက သိရှိပြီးနောက် ချက်ချင်းဆိုသလို နိဗာနအမှတ်များ စုဆောင်းခဲ့သည်။ နေ့တစ်ဝက်အတွင်း သူက နိဗာနအမှတ် တစ်သောင်းနှစ်ထောင် ရရှိလာခဲ့သည်။
နှမြောစရာကောင်းသည်က သူ နောက်ကျမှ ရောက်ရှိလာခြင်း ဖြစ်ပြီး သူ ရောက်ရှိလာသည့်အခါ ပစ္စည်းမှာ ရောင်းထွက်သွားလေပြီ။
ကိုင်ကျိ၏ မေးခွန်းကို ကြားပြီး ဝမ်ရှီက အသိပြန်ကပ်လာကာ မိုဝူကျိအား ကြည့်လိုက်ပြီး “ယုံယွမ်နတ်ဆေးလုံးကို ဝယ်လိုက်တာ ရှင် မလား။ ရှင် စောစောလေးကတည်းက ပစ္စည်းတွေ ဝယ်နေတာ မြင်လိုက်တယ် ”
အစပိုင်းတွင် မိုဝူကျိက ဝမ်ရှီ စကားပြော ရိုင်းစိုင်းမှုကြောင့် မပျော်မရွှင် ဖြစ်နေပြီးသား ဖြစ်၏။ ယခု ဤကိစ္စမှာ ကိုင်ကျိနှင့် ဆက်နွယ်လာပြီ ဖြစ်ရာ သူ့အနေနှင့် ဤမေးခွန်းအား မဖြေဖို့ရာသာ ပို၍ ဆုံးဖြတ်ချက် ခိုင်မာသွားသည်။ အကယ်၍ တစ်ဖက်လူက ယဉ်ကျေးစွာဖြင့် တောင်းဆိုပြီး ကိုင်ကျိနှင့် မပတ်သတ်နေလျှင် မိုဝူကျိက သူမအတွက် မိတ္တူ ကူးပေးလိုက်မည် ဖြစ်၏။ သူက အများဆုံး နိဗာနအမှတ်တချို့ကိုသာ ပြန်တောင်းမိပေမည်။
“ ငါ ဝယ်သမျှကို အကုန်လိုက်ပြီး အစီအရင်ခံနေဖို့ မလိုဘူး ထင်တယ် ဟုတ်တယ်မလား ….” ထိုသို့ပြောပြီးနောက် မိုဝူကျိက လှည့်ထွက်သွားတော့သည်။
“ ခဏ ” ကိုင်ကျိက မိုဝူကျိလမ်းမှာ ပိတ်ရပ်လိုက်သည်။ သူက အေးစက်စွာဖြင့် “ မင်း စောစောက ဝယ်ထားတဲ့ ပစ္စည်းတွေကို ထုတ်လိုက်စမ်း … မဟုတ်ရင်တော့ …. ”
“ မဟုတ်ရင်တော့ ဘာဖြစ်လဲ … ဘာလဲ။ ဒူးထောက်ပြီးတော့ ငါ့ဖိနပ်ကို လာလျက်မလို့လား ” မိုဝူကျိက အကြောက်တရားမရှိ ပြောလိုက်သည်။
တာဝန်ရေးရာခန်းမသည် အမြဲတမ်း လူရှုပ်နေလေရာ ယခု ပဋိပက္ခတစ်ခု ဖြစ်လာသောကြောင့် လူအများစုက စုရုံးလာကြသည်။
သူတို့က ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူသည် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူအား ပြန်ပြောသည်ကို မြင်သောအခါ အားလုံးက စိတ်အတွင်း၌ ကြောင်အမ်းကုန်ကြသည်။
ယခုခေတ် ကနဦး နတ်ဘုရားတွေက ဒီလောက်တောင် မောက်မာနေကြတာလား ….
သူတို့က နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ထဲ တစ်သက်လုံး နေဖို့ ကြံစည်ထားကြတာများလား ….
သူတို့က ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူသည် ကိုင်ကျိ ဖြစ်ကြောင်း သတိထားမိသည့်အခါ အားလုံးက သက်ပြင်းသာ ချလိုက်ကြသည်။
ကိုင်ကျိက ဘယ်သူလဲ ….
ကိုင်ကျိသည် နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ မဟာကောင်းကင်နတ်ဘုရား ဆယ်ဦးထဲမှ တစ်ဦး ဖြစ်ပြီး အဆင့် ၆ ချိတ်ဆွဲထား၏။ ကိုင်ကျိက နှစ်တစ်ထောင်တည်းဖြင့် ကောင်းကင်အဆင့် ၁ မှ ကောင်းကင်နတ်ဘုရား အဆင့် ၈ သို့ တက်လှမ်းနိုင်ခဲ့သည်။ သူ မည်မျှ ပါရမီ ရှိကြောင်း သိနိုင်ပေသည်။
ထို့အပြင် ကိုင်ကျိက အပြန်သီးသန့် နတ်ဘုရားဂိုဏ်းမှ ဖြစ်ပေသည်။
ကြည့်ရတာ ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူက လူမှားပြီးတော့ စိမ်ခေါ်နေတာလား ….
“ဟားဟား ” ကိုင်ကျိက မိုဝူကျိ စကားများ ကြားသည့်အခါ စတင် ရယ်မောလိုက်တော့သည်။
ကိုင်ကျိက ရယ်မောနေသော်လည်း ရယ်စရာကောင်းသည်ဟု မထင်ရပေ။ သူ့မျက်ဝန်း၌ သတ်ဖြတ်ငွေ့များ အပြည့် ဖြစ်နေလေ၏။ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ထဲမှာသာ မဟုတ်လျှင် မိုဝူကျိအား ရိုက်နှက်ပြီးလောက်လေပြီ။
“ မင်းလိုမျိုး သတ္တိကောင်းတဲ့သူကို ပထမဆုံး မြင်ဖူးတာပဲ။ ငါတို့က နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ထဲမှာမလို့ မင်းကို မထိရဲဘူး ထင်နေလား။ အရင်တစ်လတုန်းက ငါ့ရှေ့မှာ မောက်မာပြတဲ့ ကောင်တော့ ဂိုဏ်းအကြီးအကဲကြောင့်သာ မဟုတ်ရင် သူ့ကို သတ်ပြီးလောက်ပြီ။ တကယ်လို့ မင်း မယုံရင် မင်းကို ချက်ချင်း သတ်ပြမယ်။ အများဆုံး ငါ ကျောင်းထုတ်ခံရရုံပေါ့ ” ကိုင်ကျိက အေးစက်စက် သတ်ဖြတ်ငွေ့အပြည့်နှင့် ပြောလိုက်သည်။
မိုဝူကျိက ကိုင်ကျိအား အေးစက်စက် ပြန်ကြည့်လိုက်ပြီး “ ငါ မယုံဘူး။ ပြီးတော့ ဘာမှမလုပ်ရဲဘဲနဲ့ လေလုံးထွားတဲ့ အမှိုက်တွေကို ရွံ့တယ် ”
ကိုင်ကျိက ဒေါသူပုန်ထလာသည်။ အကယ်၍ ကိုင်ကျိက မိုဝူကျိလို လူသစ်လေးအား ခြိမ်းခြောက်ရန် တမင်ပြောခဲ့သည်ဆိုလျှင် မိုဝူကျိ၏ နောက်ဆုံးစကားက သူ့အား အမှန်တကယ် ဒေါသထွက်သွားစေသည်။
ပုံမှန်အားဖြင့် သူ ဒေါသထွက်နေလျှင်ပင် အရူး မဟုတ်ပေ။ သူ မည်မျှ ဒေါသထွက်စေကာမူ ဤနေရာတွင် မတိုက်ခိုက်သင့်ပေ။ သူ မျှော်လင့်မထားသည်က မိုဝူကျိသည် အမှန်တကယ် တိုက်ခိုက်ရန် သူ့အား လှုံ့ဆော်နေလေ၏။ အကယ်၍ ကိုင်ကျိသာ လှုပ်ရှားလိုက်လျှင် နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ အရင်းအမြစ် တိုက်ပွဲမတိုင်ခင် ပိုင်ယွဲ့အတွက် လက်စားချေပေးနိုင်လိမ့်မည်။
“ ပြီးတော့ မင်း ဒီနေရာမှာ လုပ်ရဲမယ်တော့ မထင်ဘူး။ မင်းက အပြန်သီးသန့် နတ်ဘုရားဂိုဏ်းချုပ် ဖန်းချီလင်ရဲ့ ဘိုးဘေး ဖြစ်နေရင်တောင် ငါ မင်းကို ဒီနေရာမှာ သေအောင် ရိုက်ပစ်မယ်” တည်တည်ငြိမ်ငြိမ် အသံတစ်သံကို ကြားလိုက်ရပြီး ဝတ်ရုံညို ဝတ်ဆင်ထားသည့် တာဝန်ရှိသူတစ်ဦးက မိုဝူကျိနှင့် ကိုင်ကျိ ရှေ့ ရောက်လာသည်။
ကိုင်ကျိက မြန်မြန် ဦးညွှတ်ကာ “ စည်ကမ်းထိန်း ဆရာကြီး … ကျွန်တော် စောစောလေးက စနောက်နေတာပါ ”
“ တကယ်လို့ မင်း နောက်တစ်ခါ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ထဲ ဒီလို စနောက်ရဲရင် မင်း သေချာပေါက် ကျောင်းကနေ ထုတ်ခံရမယ် ” ဝတ်ရုံညို စည်းကမ်းထိန်းက ကိုင်ကျိအား မျက်နှာသာ မပေးပေ။
“ ဟုတ်ကဲ့ ဟုတ်ကဲ့ … နားလည်ပါပြီ ” ကိုင်ကျိက စိုးရိမ်စွာ ပြန်ဖြေလိုက်သည်။
ဝတ်ရုံညို စည်ကမ်းထိန်းက ဖြတ်ခနဲ ပျောက်သွားပြီး အစအနမကျန် ပျောက်ကွယ်သွားသည်။
သူက ကိုင်ကျိအား တိုက်ခိုက်ရန် မလှုံ့ဆော်နိုင်ခဲ့သော်လည်း မိုဝူကျိက အတော်လေး ကျေနပ်နေမိသေး၏။ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်သည် ဂိုဏ်းကြီးများပင် လွှမ်းမိုးနိုင်စွမ်း မရှိသည့် တည်ရှိမှုမျိုး ဖြစ်ပေသည်။ စည်းကမ်းထိန်း၏ စကားများကို ကြားပြီးနောက် နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်သည် အပြန်သီးသန့် နတ်ဘုရားဂိုဏ်းအား မျက်လုံးထဲပင် မထည့်ကြောင်း သိလိုက်ရသည်။
ဝတ်ရုံညို စည်းကမ်းထိန်း ထွက်သွားပြီးနောက် ကိုင်ကျိက စိတ်သက်သာရာ သက်ပြင်းချလိုက်သည်။ သူက မိုဝူကျိအား ခက်ထန်စွာ ကြည့်လိုက်ပြီးနောက် “ အခုချက်ချင်း ပစ္စည်း ထုတ်လိုက် … မင်းဆီမှာ အခွင့်အရေးတစ်ခေါက်ပဲ ရှိတယ်။ မဟုတ်ရင် မင်း နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်က ထွက်သွားတာနဲ့ အသက်ရှုဖို့ စိတ်မကူးနဲ့တော့ ”
“ ထွက်သွားစမ်း ” ဤတစ်ကြိမ်၌ မိုဝူကျိက တစ်ဖက်လူအား လှုံ့ဆော်ပေးရန် စိတ်ထဲ မရှိတော့ပေ။ ဤလူက မည်မျှ ဒေါသထွက်နေစေကာမူ တိုက်ခိုက်မည် မဟုတ်ကြောင်း သိ၍ မိုဝူကျိက အချိန်ကုန်မခံလိုတော့ပေ။
မိုဝူကျိ၏ ပြတ်သားမှုနှင့် တစ်ခွန်းတည်းသော စကားကြောင့် ကိုင်ကျိအား ဒေါသပုန်ထလာစေသည်။ ဤလိုမျိုး ငတိက သူ့အား ထွက်သွားရန် ပြောရဲနေသေးသည်။
မိုဝူကျိက ကိုင်ကျိသည် သူ့မာန အထိခိုက်မခံနိုင်လောက်အောင် မည်မျှ အလိုလိုက်ခံထားရမှန်း သိလိုက်၍ ခေါင်းခါလိုက်တော့သည်။ သူက ကောင်းကင်နတ်ဘုရား အဆင့်၈ တွင်သာ ရှိနေသေးပေသည်။
“ မမ ဘယ်လိုလုပ် ဒီရောက်လာတာလဲ ” ဝမ်ရှီ၏ ရုတ်ချည်း ထွက်ပေါ်လာသည့် စကားသံက ဒေါသူပုန်ထနေသော ကိုင်ကျိကို ဝင်နှောင့်ယှက်လိုက်၏။
ပွင့်ချပ်ပုံစံ အစိမ်းဖျော့ဖျော့ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးက လျှောက်လှမ်းလာသည်။ မိုဝူကျိ ဘဝတွင် အလှပဂေးလေးများစွာ မြင်ဖူးသော်လည်း ဤအမျိုးသမီး၏ သေသပ်ကြော့ရှင်းသည့် အလှတရားကို မချီးကျူးဘဲ မနေနိုင်ချေ။ ခပ်သွယ်သွယ် မျက်ခုံးတစ်စုံနှင့် တောက်ပနေသည့် မျက်ဝန်းအစုံတို့က သူမအား ပန်းချီကားတစ်ချပ်အလား သေသေသပ်သပ် ထင်ဟပ်လာစေသည်။ သူမက သူ့ရှေ့ ရပ်နေစဉ် သူက သူမနှင့် အလှမ်းကွာလွန်းလှသည့် ခံစားနေမိစေသည်။
“ ဝမ်ရု ဘယ်လိုလုပ် ဒီရောက်လာတာလဲ ” ထိုစဉ် ကိုင်ကျိသည် ဆက်လက ဒေါသထွက်မနေနိုင်တော့ပေ။ သူ့လေသံမှာ လုံးဝ ပြောင်းလဲသွားပြီ ဖြစ်၏။
ဤအမျိုးသမီးက ဝမ်ရှီ၏ အစ်မကြီး ဝမ်ရုသာ ဖြစ်ရမည်။ သူမက တကယ်ကို အလှလေး တစ်ဦး ဖြစ်၏။
***