← Chapters

ယုံယွမ် နတ်ဆေးလုံး

Vol. 73 Ch. 1009

ယုံယွမ် နတ်ဆေးလုံး

Vol. 73 Ch. 1009

“ စီနီယာအစ်ကိုကြီး ကိုင်ကျိကို ဂါရဝပြုပါတယ်ရှင် ” ဝမ်ရုက အနည်းငယ် ကိုင်းညွှတ်၍ နှုတ်ဆက်ပြီးနောက် ဝမ်ရှီဘက် လှည့်ကာ  “ ညီမလေး … တခြားသူတွေနဲ့ စကားမများပါနဲ့တော့ …. ဒါက မမရဲ့ ကိစ္စတွေလေ။ လာလာ …. အရင်ဆုံး ပြန်ကြရအောင် ”

“ဒါပေမဲ့ မမ အဲဒါက မမအတွက် တိုးတက်လာမဲ့ မျှော်လင့်ချက်လေ ” ဝမ်ရှီက မြန်မြန် ပြောလိုက်သည်။

“ ကိုင်ကျိ  … မင်းက ကောင်းကင်နတ်ဘုရားအဆင့် ၈ ဖြစ်ပြီးတော့ ကနဦး နတ်ဘုရားအဆင့်ကို သွားရန်စနေသေးတယ်ပေါ့။ မင်းကိုယ်မင်း မရှက်ဘူးလား ” ပိုင်ယွဲ့၏ လေသံက  ဝမ်ရု ယူဆောင်လာသည့် နွေးနွေးထွေးထွေး လေထုကို ဝင်နှောင့်ယှက်လိုက်သည်။

အကယ်၍ ဝမ်ရုသာ ရှိမနေလျှင် ကိုင်ကျိက ပိုင်ယွဲ့ကို အသက်ဆက်ရှင်ဖို့ တခြားသူဆီ မှီခိုရသည့် အရှုံးသမား ဖြစ်ကြောင်း လှောင်ပြောင်ပေလိမ့်မည်။ ယခု ဝမ်ရုက ရှိနေသည့်အတွက် ကိုင်ကျိ၏ အာရုံအပြည့်အဝက ဝမ်ရုအပေါ်မှာသာ ရှိနေပြီး သူ့တစ်ခုတည်းသော ဆန္ဒမှာ မိုဝူကျိဆီမှ ဆေးဖော်စပ်နည်း ရရှိရန်သာ ဖြစ်ပေသည်။

မိုဝူကျိက ထိုဆေးဖော်စပ်နည်း ဝယ်ယူသွားကြောင်း ဝန်ခံမထားသော်လည်း သူက မိုဝူကျိသည် ထိုယုံယွမ် နတ်ဆေးလုံး ဖော်စပ်နည်းကို ဝယ်ယူသွားသူ ဖြစ်ကြောင်း သေချာသိနေသည်။

မိုဝူကျိက ပိုင်ယွဲ့အား ပုတ်ပေးလိုက်ပြီး ရယ်ရယ်မောမောဖြင့်

“ အဲဒီလူက တကယ်ကို အရှက်မရှိတာပါကွာ။ ဒါပေမဲ့ စည်းကမ်းထိန်းကလည်း သူ့ကို မျက်နှာသာ မပေးဘူး။ အခုတော့ သူက မိန်းမတစ်ယောက် ကျေနပ်စေဖို့ အသည်းအသန် ကြိုးစားနေရရှာတယ်။ လာလာ ငါတို့ အရင်သွားကြတာပေါ့ ”

“ စီနီယာအစ်ကို ခဏနေပါဦး  … တကယ်လို့ ရှင်က ယုံယွမ် နတ်ဆေးလုံး ဖော်စပ်နည်းကို ဝယ်ထားတယ်ဆိုရင် ကျွန်မကို ပြန်ရောင်းပေးဖို့ တောင်းဆိုပါတယ်။ ကျွန်မ ရှင့်အတွက် နိဗာနအမှတ် ပိုပေးပါ့မယ်။ ဒီဆေးလုံးရဲ့ အဓိက ပါဝင်ပစ္စည်းက ကနဦး နတ်ဘုရားအသီးဆိုတာ ရှင်လဲ သိမှာပါ။

ကနဦး နတ်ဘုရားအသီးက အဆင့် ၁ နတ်သစ်သီးဆိုပေမဲ့ အဆီအနှစ်ရအောင် သန့်စင်ဖို့ အတော်လေး ခက်ပါတယ်။ အဲဒါက အဆင့် ၅ ဆေးလုံးဘုရင်ရဲ့ အရည်အချင်းလည်း လိုအပ်နေသေးတယ်။ အဲဒါကြောင့် စီနီယာအစ်ကိုအတွက် ဒီဆေးဖော်စပ်နည်းက အသုံးဝင်မှာ မဟုတ်လောက်ပါဘူး ” ဝမ်ရှီက မျိုသိပ်မထားတော့ဘဲ လက်နှစ်ဖက်ယှက်လျက် မိုဝူကျိအား ပြောလိုက်သည်။

မိုဝူကျိက အေးစက်စက် သရော်မိလိုက်သည်။ သူက ဤလို မိန်းမမျိုးကို အရွံ့ရှာဆုံး ဖြစ်ပေသည်။ အစပိုင်းတွင် သူ့အား “ဟေး” ဟု ခေါ်ဆိုခဲ့ပြီး ယခုအခါ သူမက ဆေးဖော်စပ်နည်း မရနိုင်မှန်း သိသည့်အခါမှ “စီနီယာအစ်ကို” ဟု ပြောင်းလဲခေါ်ဆိုနေလေသည်။ အကယ်၍ ဤအမျိုးသမီးသာ ယခင်လေသံအတိုင်း ဆက်လက် ပြောဆိုခဲ့လျှင် မိုဝူကျိက သူမတွင် ယဉ်ကျေးမှု မရှိကြောင်းသာ တွေးမိပေလိမ့်မည်။ ယခု သူမက အစမှ အဆုံးအထိ မဆီလျော်လေရာ မိုဝူကျိအနေနှင့် သူမအား မျက်နှာကြီးရာ ဟင်းဖတ်ပါ သည့် လူစားမျိုးအဖြစ်သာ မြင်တော့သည်။

“ ငါ ဝယ်ထားတဲ့ ပစ္စည်းကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို ကောင်းကောင်း သိပါတယ်။ တကယ်လို့ ငါ မသိရင်တောင် ဒါက ငါ့ပြဿနာပါ။ မင်း လိုက်ပြီး စိတ်ပူနေဖို့ မလိုဘူး ” မိုဝူကျိက အကြောက်တရား ကင်းမဲ့စွာဖြင့် ပြောလိုက်ပြီး လှည့်ထွက်သွားတော့သည်။

ကိုင်ကျိက မိုဝူကျိအား အမှန်တကယ် သတ်လိုသော်လည်း ပွင့်လင်းမြင်သာ မတားဆီးရဲပေ။ စည်းကမ်းထိန်းက သူ့အား နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်၌ သတ်ဖြတ်ဖို့ ထပ်မံခြိမ်းခြောက်ရဲလျှင် ချက်ချင်း ပျောက်ကွယ်သွားရမည် ဖြစ်ကြောင်း သတိပေးထားခဲ့၏။

“ နယ်လှည့်ကျင့်ကြံသူ ၂၇၀၅ …. ကျုပ် ရန်ဟွေ့က မင်းကို စိမ်ခေါ်တယ်။ မင်း နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ရဲ့ ပြိုင်ပွဲစင်မြင့်ဆီ လာရဲလား ” သူ့စီနီယာအစ်ကို စိုးရိမ်ပူပင်သောကရောက်နေသည်ကို မြင်၍ ရန်ဟွေ့က မထိန်းချုပ်နိုင်ဘဲ အော်ပြောလိုက်သည်။

မိုဝူကျိက ရုတ်ချည်း ရပ်လိုက်ပြီး ရန်ဟွေ့အား လှည့်ကြည့်ကာ  “ မင်းက ဘယ်သူလဲ … မင်းဆီမှာ ငါ့ကို  စိမ်ခေါ်ပိုင်ခွင့် ရှိလို့လား ”

ရန်ဟွေ့အား မှတ်မိသူအားလုံးက အံ့ဩကုန်ကြသည်။ ရန်ဟွေ့သည် နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ စစ်ဆေးမှု၌ အဆင့် ၆ ရရှိခဲ့လေရာ မိုဝူကျိက ဤသို့ မေးခွန်းမျိုး ထုတ်မေးနေသည်လား။ ပြီးတော့  မိုဝူကျိကို စိမ်ခေါ်ပိုင်ခွင့်နှင့် ပတ်သတ်ပြီး သံသယဖြစ်နေသေး၏။

အကယ်၍ သူတို့သာ ရန်ဟွေ့၏ နောက်ခံကို မသိထားလျှင် မိုဝူကျိ ပြောဆိုပုံအရ  ရန်ဟွေ့သည် မိုဝူကျိအား စိမ်ခေါ်ဖို့ရာ အရည်အချင်း မပြည့်မှီကြောင်း တွေးမိသွားနိုင်သည်။

အမှန်တော့ မိုဝူကျိက ရန်ဟွေ့သည် သူ့အား စိမ်ခေါ်ဖို့ရာ မတတ်စွမ်းကြောင်း သိထားသည်။ သူက အဆင့် ၅ ဆေးလုံးဘုရင် ဖြစ်ပြီး အဆင့် ၅ အစီအရင်ဘုရင်လည်း ဖြစ်သလို  အစီအရင်စည်းမျည်း ကျောက်စိမ်းပြား ကိုင်ဆောင်ထားသူ ငါးယောက်အနက်မှ တစ်ယောက် ဖြစ်သည့်အပြင် ဂိုဏ်းချုပ်လည်း ဖြစ်နေသေး၏။ ရန်ဟွေ့က သူ့အား မည်သို့ စိမ်ခေါ်နိုင်မည်နည်း။

ငြင်းခုံရလျှင် ရန်ဟွေ့နှင့် ကိုင်ကျိပင် မိုဝူကျိအတွက် ပြိုင်ဖက် ဖြစ်မည် မဟုတ်ပေ။ မိုဝူကျိ၏ စကားတစ်ခွန်းက သူ့အား ဆွံ့အသွားစေဖို့ရာ လုံလောက်ပေသည်။ အကယ်၍ တစ်ယောက်ယောက်သာ မည်သို့ စကားပြောရမည်ကို သိထားလျှင် ချက်ချင်းဆိုသလို  “ မင်းကရော ဘယ်သူလဲ … အနည်းဆုံးတော့ ငါက စစ်ဆေးမှုထဲ အဆင့် ၁၀ ဝင်သေးတယ်” ဟု ပြန်လည် ချေပပေလိမ့်မည်။

နတ်မိမယ်လေး ဝမ်ရုက ရုတ်တရက် လှည့်လာကာ မိုဝူကျိအား ဦးညွှတ်လိုက်ပြီးနောက် နူးနူးညံ့ညံ့ ညင်ညင်သာသာ ပြောလိုက်သည်

“ ကျွန်မ ညီမလေးက  မပြောတတ် မဆိုတတ်လို့ပါရှင် …. သူမက စီနီယာအစ်ကိုကို စိတ်အနှောင့်အယှက် ဖြစ်သွားစေတယ်ဆိုရင် ကျွန်မကပဲ တောင်းပန်ပါတယ်။ ဆေးဖော်စပ်နည်းကိုတော့ ကျွန်မတို့ မလိုတော့ပါဘူး။ စီနီယာအစ်ကိုပဲ စိတ်ကြိုက်လုပ်ပါရှင် ”

“ ဒီလိုဆိုမှတော့ ကျုပ်လည်း သူမနဲ့ တုပြီး ပြောမနေတော့ဘူး။ ပိုင်ယွဲ့ လာ သွားကြစို့ ” မိုဝူကျိက ပြောဆိုပြီးနောက် ပိုင်ယွဲ့နှင့်အတူ ချက်ချင်း ထွက်သွားလိုက်သည်။

ကိုင်ကျိက ဒေါသထွက်လွန်း၍ တုန်တုန်ယင်ယင် ဖြစ်နေမိသည်။ သူ့နတ်ဘုရားမလေးရှေ့၌ သူ့အား ဉာဏ်နည်းသူအဖြစ် ထင်မြင်သွားစေသည်။ သူ့စိတ်ထဲမှ သတ်ဖြတ်ငွေ့များက ပေါက်ထွက်လုမတတ် ဖြစ်နေလေပြီ။

ဘေးမှ စောင့်ကြည့်သူများကလည်း မိုဝူကျိသည် အမှန်ကို စည်းကျော်သွားကြောင်း ခံစားမိလိုက်ကြသည်။ ဤနေရာရှိ လူများက ကိုင်ကျိအား လူတစ်ယောက်အဖြစ် သဘောမကျကြသော်လည်း ဝမ်ရုသည် နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ နံပါတ်တစ် အလှလေး ဖြစ်ပေသည်။ သူမနှင့် စကားပြောစဉ် မိုဝူကျိ၏ ပုံမှန်လေသံမှာ လက်ခံနိုင်ဖွယ် မရှိပေ။

………………………..

“ ဝူကျိ …. ကိုင်ကျိနဲ့ ဘာဖြစ်တာလဲ ” သူတို့တွေ တာဝန်ရေးရာခန်းမမှ ထွက်လာသည်နှင့် ပိုင်ယွဲ့က စိုးရိမ်တကြီး မေးလိုက်သည်။

“ ကိစ္စအသေးလေးပါကွာ … မင်း စိတ်ပူဖို့ မလိုပါဘူး။ မကြာခင် ငါ တံခါးပိတ် လေ့ကျင့်လိုက်ဦးမယ်။ ဒါနဲ့ မင်း ဘာတွေဝယ်နေလို့ အဲလောက် ကြာနေရတာလဲ ” မိုဝူကျိက မေးခွန်း ထုတ်လိုက်သည်။

ပိုင်ယွဲ့က မိုဝူကျိ မေးခွန်းကို ကြားသည့်အခါ စိတ်ပျက်လက်ပျက်ဖြင့်  “ ငါ သဘောကျနေတဲ့ လျို့ဝှက်တိုက်ကွက် ကျင့်စဉ် ရှိနေတာ …. ငါ့ဆီမှာ နိဗာနအမှတ် မလုံလောက်တာနဲ့ ”

“ မင်းက ဘယ်လောက် လိုနေတာလဲ ” မိုဝူကျိက မေးလိုက်၏။

“ အမှတ် ၁၇၀၀ ”

“ မင်းရဲ့ အမှတ်အသားပြား ပေး ” မိုဝူကျိက လက်ဖြန့်တောင်းလိုက်သည်။

ပိုင်ယွဲ့က သူ့အမှတ်အသားပြားကို မိုဝူကျိဆီ ယောင်တောင်တောင်နှင့် ပေးလိုက်သည်။

ပိုင်ယွဲ့၏ အမှတ်အသားပြားပေါ်ကို မှတ်သားပြီးနောက် မိုဝူကျိက ပိုင်ယွဲ့ထံ အမှတ်ပေါင်း နှစ်ထောင် လွဲပေးလိုက်သည်။

“ မင်း အမှတ်တွေ ဘယ်လိုလုပ် အများကြီး ရလာတာလဲ ” ပိုင်ယွဲ့က သူ့တွင် အမှတ်ပို နှစ်ထောင် ရလာကြောင်း မြင်လိုက်ရသည့်အခါ ကြောင်တောင်တောင် မေးလိုက်တော့သည်။

မိုဝူကျိက ရယ်မောကာ  “ မင်း လိုအပ်တာ မြန်မြန် သွားဝယ်လိုက်တော့ … ငါလည်း ပြန်ပြီး ကျင့်ကြံလိုက်ဦးမယ်။ ငါ့ကျင့်ကြံဆင့်က အတော်လေး နိမ့်နေသေးတယ်ကွာ ”

ပိုင်ယွဲ့က သူ လိုချင်သော ပစ္စည်းကို အမှတ်ရသွားကာ မြင်ကွင်းမှ ဖြတ်ခနဲ တန်းပျောက်သွားတော့သည်။

“ မင်းနာမည်က မိုဝူကျိလား ” ပိုင်ယွဲ့ ထွက်သွားပြီးနောက် မိုဝူကျိက အသံတစ်သံကို ကြားလိုက်ရသည်။ မိုဝူကျိ၏ စိတ်စွမ်းအားကို ဖြန့်ကျက်ထားသော်လည်း သူ့အား အံ့အားသင့်သွားစေသည်က သူ့စိတ်စွမ်းအား၌ မည်သူကိုမှ အာရုံမခံမိပေ။

ထိုအသံက နောက်တစ်ဖန် ပြန်လည် ထွက်ပေါ်လာပြန်သည်  “ မင်း ငါ့ကို လိုက်ရှာနေလို့ မလိုပါဘူး။ စန်းကျန့်ရှန်းက မင်းအကြောင်းကို ပြောပြထားတာ …. ကြည့်ရတာ မင်းက အတော်လေး ကံကောင်းပုံပဲ။ မင်း အရင်တုန်းက ဟုန်မုန့်စွမ်းအင်ကိုတောင် မြင်ဖူးတယ်ဆိုတော့လေ …. ”

မိုဝူကျိက ရုတ်ချည်းဆိုသလို ခေါင်းထဲ တဝီဝီ မြည်လာသလို ခံစားလိုက်ရသည်။ သူက အပြန်သီးသန့် နတ်ဘုရားဂိုဏ်းကို မကြောက်သော်လည်း သူ့အနေနှင့် ဟုန်မုန့်စွမ်းအင်အကြောင်း ထုတ်ဖော်ခံရမည်ကိုတော့ မကြောက်ရွံ့ဘဲ မနေနိုင်ပေ။

တာ့ဟွမ်နှင့် ရွိုက်ကောသာ သူ့ဟုန်မုန့်စွမ်းအင်အကြောင်းကို သိပေသည်။ မိုဝူကျိက သူတို့သည် သူ့အား သစ္စာဖောက်မည် မဟုတ်ကြောင်း သေချာသိနေသည်။ တစ်ဖက်လူက သူ့ဟုန်မုန့်စွမ်းအင်အကြောင်း မည်သို့ သိသွားရသနည်း။ အမှောင်ထုထဲမှ ထိုလူကလွဲ၍ တခြားသူက သူ့ဟုန်မုန့်စွမ်းအင်အကြောင်း သိနေသေးသနည်း။

“ စီနီယာ ” မိုဝူကျိ၏ လည်ချောင်းပင် ခြောက်ကပ်လာသည်။ အကယ်၍ သူ့ဟုန်မုန့်စွမ်းအင်အကြောင်းသာ သိသွားကြလျှင် နိဗာနတိတ်ဆိတ်မှု ပင်လယ်ပြင်ဆီသို့သာ ထွက်ပြေးနိုင်လိမ့်မည်။

အကယ်၍ သူ့ဟုန်မုန့်စွမ်းအင်ကို ပေးလိုက်လျှင်ပင် သူ့အနေနှင့် စိတ်အေးမည် မဟုတ်ပေ။

“ မင်း စိုးရိမ်နေဖို့ မလိုပါဘူး။ အခုအချိန်အထိ မင်း ဟုန်မုန့်စွမ်းအင်ကို မြင်ဖူးတယ်ဆိုတာ လူနှစ်ယောက်ပဲ သိသေးတာ …. ငါက စန်းကျန့်ရှန်းကို ပြောပြလိုက်တော့ သူက မင်းကို စောင့်ရှောက်ပေးစေချင်တယ်တဲ့လေ။ ဒါပေမဲ့ ငါက မင်းကို စောင့်ရှောက်ပေးနိုင်မှာ မဟုတ်လောက်ဘူး။ ဟုန်မုန့်စွမ်းအင်က အဖိုးတန်တယ်ဆိုပေမဲ့ ငါ့အတွက် ကန့်သတ်ချက် ရှိတယ် ” ထိုအသံပိုင်ရှင်က ထပ်ပြောလိုက်သည်။

မိုဝူကျိ၏ နှလုံးခုန်နှုန်းပင် မြန်ဆန်လာမိသည်။ သူက ရုတ်တရက် တစ်ခုခုကို အမှတ်ရသွားမိ၏။ သူ့ဟုန်မုန့်စွမ်းအင် ပေါက်ကြားသွားသည့်အကြောင်းမှာ သူ သဘာဝအမြုတေများကို ဖယ်ရှားစဉ်အခါက ဖြစ်လိမ့်မည်။ ယခင် သူက ခရမ်းဘူးသီးခြောက်ကို ထုတ်ကာ အဝင်ဝကို အတားအဆီးများစွာ ချကာ ပိတ်ထားပြီး လော့ကျမ်းစာရွက်နှင့်ပင် ရစ်ပတ်ထားသေး၏။ သို့သော် ဟုန်မုန့်စွမ်းအင်၏ စွမ်းအင်ကို အာရုံမခံမိသည့် သူ မရှိကြောင်း အာမခံချက်တော့ မရှိပေ။

တစ်ဖက်လူက မိုဝူကျိသည် ဟုန်မုန့်စွမ်းအင်ကို မြင်ဖူးကြောင်းသာ ပြောဆိုခဲ့ပြီး ပိုင်ဆိုင်ထားသည်ဟု မသုံးနှုန်းခဲ့ပေ။ ဤသည်က တစ်ဖက်လူသည် ဟုန်မုန့်စွမ်းအင် ကပ်ညှိနေသော ပစ္စည်းတချို့မှ အာရုံခံမိခြင်းသာ ဖြစ်ပေမည်။ သို့သော်လည်း တစ်ဖက်လူက ထိုအရာကို မိုဝူကျိ ပိုင်ဆိုင်ထားလျှင်ပင် သူ့အနေနှင့် သိမ်းထားနိုင်မည် မဟုတ်ကြောင်း လက်ခံယုံကြည်ထားခြင်းလည်း ဖြစ်နိုင်သည်။

မိုဝူကျိက ထိုအတွေးဖြင့် ဖြည်းဖြည်းချင်း တည်ငြိမ်လာကာ စန်းကျန့်ရှန်းကိုလည်း ကျေးဇူးတင်လိုက်မိသည်။ ယခင် စန်းကျန့်ရှန်းက သူ့အတွက် ကိစ္စအသေးအမွှား ဖြေရှင်းပေးမည်ဟု ပြောဆိုခဲ့စဉ်အခါက မိုဝူကျိ အာရုံအပြည့်အဝ မစိုက်မိခဲ့ပေ။ ယခု သူ သတိပြုမိသွားပြီ ဖြစ်ရာ ဤသည်က မည်သို့ ကိစ္စအသေးလေး ဖြစ်မည်နည်း။ အကယ်၍ စန်းကျန့်ရှန်း၏ ဦးစွာ ချည်းကပ်မှုကြောင့်သာ မဟုတ်လျှင် တစ်ဖက်လူက အနည်းဆုံးတော့  ဟုန်မုန့်စွမ်းအင် တည်နေရာအကြောင်း မေးပေလိမ့်မည်။

မိုဝူကျိက တည်ငြိမ်အောင် ထိန်းပြီးနောက် မတ်မတ်ရပ်လိုက်သည်။

အသံက ခဏတာ ရပ်တန့်သွားပြီး ဆက်ပြောလေသည်  “ စန်းကျန့်ရှန်းဆီက မင်းရဲ့ အစီအရင်တာအိုက အတော်လေး ထူးချွန်ပြောင်မြောက်တယ်ဆိုတာ ကြားထားတယ်။ မင်းက အဆင့် ၅ အစီအရင်ဘုရင်ဆိုတော့ ငါ မင်းအကူအညီ တစ်ခု လိုတယ် ”

မိုဝူကျိက သက်ပြင်းချကာ ပြန်ဖြေလိုက်၏  “ စီနီယာ ပြောပါ …. ကျုပ်သာ လုပ်နိုင်တယ်ဆိုရင် အကောင်းဆုံး ကြိုးစားပြီး လုပ်ပေးပါ့မယ် ”

“အွန်း … မင်း အရင်ဆုံး ပြန်သွားလိုက်ပါ။  အရင်းအမြစ် တိုက်ပွဲပြီးတော့မှ မင်းကို ထပ်လာရှာမယ်။ အရင်းအမြစ်တိုက်ပွဲက အန္တရာယ်များတယ်ဆိုပေမဲ့ မင်းရဲ့ ကံတရားအရ မင်းအသက်တော့ ဆုံးရှုံးလောက်အောင်အထိ ဖြစ်မှာ မဟုတ်ပါဘူး ”

မိုဝူကျိက နှုတ်ဆက်ပြီးနောက် သေမျိုးနယ်မြေဆီ ပြန်လာလိုက်သည်။

…………………….

သူ သေမျိုးနယ်မြေဆီ ပြန်လာပြီးနောက် ပထမဆုံး လုပ်သည့်အရာမှာ ယုံယွမ် နတ်ဆေးလုံး ဖော်စပ်ရန် အခန်းအောင်းသွားခြင်း ဖြစ်ပေသည်။

ဆေးလုံးတွင် ရှေးဟောင်းဆေးဖော်စပ်နည်း ပါရှိပြီး ဝမ်ရှီ ပြောသည့်အတိုင်း  ကနဦး နတ်ဘုရားအသီးကို သန့်စင်ဖို့ အင်မတန် ခက်ခဲပေသည်။ ပုံမှန်အားဖြင့် လူများက ကနဦး နတ်ဘုရားအသီး ရရှိလာလျှင် တိုက်ရိုက်သာ စားသုံးလိုက်ကြ၏။ အဆီအနှစ် ရလာအောင် သန့်စင်ရန် ကိစ္စကား အဆင့် ၅ ဆေးလုံးဘုရင်ကို လိုအပ်ပေသည်။

တိုက်တိုက်ဆိုင်ဆိုင် မိုဝူကျိက အဆင့် ၅ ဆေးလုံးဘုရင် ဖြစ်နေပြီး ယခင်က နတ်ကျောက်စိမ်းဆေးလုံးကိုပင် ဖော်စပ်ဖူးလေသည်။ ကနဦး နတ်ဘုရားအသီးကို သန့်စင်ဖို့ရာ အဘယ်ကြောင့် ခက်ခဲနေဦးမည်နည်း။ အမှန်တော့ မိုဝူကျိက အဆင့် ၅ ဆေးလုံးဘုရင်အဆင့် မတက်လှမ်းရသေးလျှင်ပင် သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်း ပိုင်ဆိုင်ထားမှုက ကနဦး နတ်ဘုရားအသီးအား အလွယ်လေး သန့်စင်နိုင်ဖို့ လုံလောက်ပေသည်။

ကနဦး နတ်ဘုရားအသီးကို ဆေးမီးဖိုထဲ ထည့်လိုက်ပြီးနောက် မိုဝူကျိက အညစ်အကြေးများကို ဖယ်ထုတ်ပစ်လိုက်သည်။ သူက အဆီအနှစ်များကို ဆက်လက် ပေါင်းစပ်ရင်း နတ်ဆေးလုံးအဖြစ် ဖွဲ့စည်းလိုက်သည်။

မိုဝူကျိက သတိကြီးကြီး ထားထားသော်လည်း သူ့အနေနှင့် ယုံယွမ် နတ်ဆေးလုံး ကိုးလုံး ထွက်လာဖို့ရာ တစ်နာရီမျှသာ လိုအပ်လိုက်သည်။ ထို့အပြင် သူတို့ တစ်လုံးချင်းစီက ပြိုင်ဖက်ကင်းအဆင့် ဖြစ်ကြသည်။

ယုံယွမ် နတ်ဆေးလုံးကား ရှေးဟောင်းဆေးဖော်စပ်နည်း ဖြစ်သော်လည်း ဆေးမီးဖိုက ဆေးလုံး ၁၈ လုံး ထွက်မလာဘဲ အဆင့် ၃ အောက်ရှိ ဆေးလုံးများနှင့် မတူညီစွာ ကိုးလုံးသာ ထွက်လာခဲ့သည်။ မိုဝူကျိ၏ ဆေးကိုးလုံးမှာ တစ်သုတ်စာအပြည့်နှင့် ညီမျှပေသည်။

ကနဦး နတ်ဘုရားအသီးသည် သာမာန် ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူများကို တဆင့်တိုးတက်လာစေသော်လည်း အသီးအတွင်းမှ အဆီအနှစ် စုပ်ယူခြင်းမှ ထိုမျှ မကောင်းပေ။ အားကောင်းသော ကျင့်ကြံသူများအနေနှင့် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအတွင်းသာ စုပ်ယူနိုင်ကြပြီး ကနဦး နတ်ဘုရားအသီးမှ ထုတ်ဖော်ထားသော ယုံယွမ်နတ်ဆေးလုံးမှာ ရာနှုန်းပြည့် အကျိုးရှိလေသည်။

ပို၍ အရေးကြီးသည်က ယုံယွမ် နတ်ဆေးလုံးတွင် မိုးမြေစည်းမျည်းများ စိမ့်ဝင်နေသည်။ ကနဦး နတ်ဘုရားကျင့်ကြံသူများက မိုးမြေစည်းမျည်းများမှ အသိအမြင်များ ရလာပြီး နောက်တဆင့် တက်လှမ်းရခြင်းသာ ဖြစ်ပေသည်။

***

All Chapters