← Chapters

အရင်းအမြစ် တိုက်ပွဲ

Vol. 73 Ch. 1010

အရင်းအမြစ် တိုက်ပွဲ

Vol. 73 Ch. 1010

မိုဝူကျိက ယုံယွမ် နတ်ဆေးလုံး ဒုတိယအသုတ်ကို မဖော်စပ်သေးပေ။ သူက နေရာကို သန့်သန့်ရှင်းရှင်း ပြင်လိုက်ပြီး ယုံယွမ် နတ်ဆေးလုံး တစ်လုံးကို သောက်သုံးလိုက်သည်။ လက်ရှိ သူက နတ်ဝိညာဉ်စွမ်းအား စုပ်ယူဖို့ရာ သူ့ချီသွေးကြော ၁၀၈ ခုလုံးဖြင့် အင်မော်တယ် မော်တယ်ကျင့်စဉ်ကို အားအပြည့် လှည့်ပတ်ထားလေသည်။

တခြားသူများက ဝိညာဉ်စွမ်းအား အတားအဆီး အစီအရင်များ ခင်းကျင်းထားကြသော်လည်း မိုဝူကျိ၏ ကျင့်ကြံခြင်းက ထိုအစီအရင်အားလုံးကို တစစီ ဖြစ်သွားစေသည်။ အဆုံးမဲ့ နတ်ဝိညာဉ်စွမ်းအားများက သေမျိုးနယ်မြေအတွင်း ပြန်ရောက်ရှိလာပြီး နတ်ဝိညာဉ်စွမ်းအား ဝဲကယက်အဖြစ် ပြောင်းလဲသွားသည်။

ယခင် သူတို့ဘေးပတ်လည်ရှိ အင်အားစုများက သေမျိုးနယ်မြေဆီ နတ်ဝိညာဉ်စွမ်းအား ရောက်လာခြင်းအား တားဆီးရန် အတားအဆီးများ ချထားခဲ့နိုင်သည်မှာ မိုဝူကျိက မကျင့်ကြံနေ၍ ဖြစ်သည်။ ယခု မိုဝူကျိက ကျင့်ကြံလိုက်သည့်အခါ အတားအဆီး အစီအရင်အားလုံးက အသုံးမဝင်တော့ပေ။

နတ်ဝိညာဉ်စွမ်းအားများက အပြေးအလွှား ဝင်ရောက်လာကြပြီး မိုဝူကျိက သူ့ခန္ဓာကိုယ်အတွင်းမှ စွမ်းအားတစ်ခု ပေါက်ထွက်လာဖို့ လိုအပ်နေကြောင်း ခံစားမိလိုက်သည်။

ယုံယွမ် နတ်ဆေးလုံး၏ အစွမ်းအာနိသင်က ချက်ချင်းလက်ငင်း  ပြလာသည်။ အစပိုင်းတွင် မိုဝူကျိက ကနဦး နတ်ဘုရားအဆင့် ၁၁ သို့ တက်လှမ်းရန် နှစ်နှစ်တာမျှ အချိန်ယူရန် ကြံစည်ထားပေသည်။ ယုံယွမ် နတ်ဆေးလုံးမှ ထွက်ပေါ်လာသော သဘာဝစွမ်းအားလှိုင်းကြောင့် မိုဝူကျိက သက်သက်သာသာဖြင့် ကနဦး နတ်ဘုရားအဆင့် ၁၁ သို့ ရောက်ရှိသွားတော့သည်။

ဆယ်ရက်တာ အနေအထားပြုပြင်ပြီးနောက် သဘာဝစွမ်းအားနှင့်အတူ ပေါင်းစပ်နေသော မြောက်များစွာသော နတ်ဝိညာဉ်စွမ်းအားတို့မှာ မိုဝူကျိ၏ စုပ်ယူခြင်းကို ခံလိုက်ရတော့သည်။

မိုဝူကျိက သူ့ကျင့်ကြံဆင့်မှာ ဆက်တိုက် မြင့်နေကြောင်း အာရုံခံမိလိုက်ပြီး ရက်များစွာ ကြာပြီးသည့်တိုင် သူသည် ဆေးတစ်လုံးတည်းဖြင့် ကနဦး နတ်ဘုရားအဆင့် ၁၂၏ အတားအဆီးအထိ မရောက်သေးကြောင်း သိသည့်အခါ မအံ့ဩသွားမိပေ။

ဒုတိယ ယုံယွမ် နတ်ဆေးလုံး၊ တတိယ ဆေးလုံး  …..

မိုဝူကျိက ခြောက်လုံးမြောက် ယုံယွမ်နတ်ဆေးလုံးကို မျိုချလိုက်သည့်အခါ သူ့ကျင့်ကြံဆင့်မှာ ကနဦး နတ်ဘုရားအဆင့် ၁၁ ၌ ဝေ့လည်လည် ဖြစ်နေသည်။ သူက ဤသို့မျိုး ဆေးလုံးမှာ သူ့အတွက် တစ်ကြိမ်တစ်ခါသာ အလုပ်ဖြစ်မည်မှန်း သိလိုက်တော့သည်။

ဆေးခြောက်လုံးကို ဖြုန်းပြီးနောက် သူက ကနဦး နတ်ဘုရားအဆင့် ၁၁ မှ အဆင့် ၁၁ အထွတ်အထိပ်သို့ ရောက်ရှိသွားရုံသာ ဖြစ်၏။

ဤသို့မျိုး ဆေးလုံးများမှာ အကူမျှသာ အသုံးဝင်ပြီး အပြည့်အဝ မှီခိုထား၍ မဖြစ်ပေ။

မိုဝူကျိ စိတ်မှာ တည်ငြိမ်နေသည်။ တစ်လအတွင်း ကနဦး နတ်ဘုရားအဆင့် ၁၁ သို့ တက်လှမ်းသွားနိုင်ရန်အတွက် သူ့ဆေးလုံး ဖော်စပ်နည်း ဝယ်ယူလိုက်ခြင်းမှာ တန်ပေသည်။ ဤသို့ အဆင့်ငယ်လေးကလည်း သူ့အသက်ကို ကယ်တင်ပေးနိုင်သည်။

နောက်ထပ် ဆယ်ရက်တာ ကျင့်ကြံပြီးနောက် မိုဝူကျိက ပိုင်ယွဲ့ထံမှ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ အရင်းအမြစ် တိုက်ပွဲ စတင်တော့မည် ဖြစ်ကြောင်း အကြောင်းကြားစာ ရောက်လာသည်။

မိုဝူကျိက ချက်ချင်းဆိုသလို သန့်ရှင်းရေး လုပ်ပြီးနောက် ကျင့်ကြံရေး နေရာမှ ထွက်လာလိုက်သည်။ ချီချွမ်းကလည်း အသည်းအသန် ကျင့်ကြံနေဆဲ ဖြစ်၏။ ရွိုက်ကောသည်လည်း တိုးတက်လာကာ ကနဦး နတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့်ဆီ ရောက်လုနီးပါး ဖြစ်နေလေပြီ။ တာ့ဟွမ်၏ တိုးတက်နှုန်းက ပို၍ ပြင်းထန်ပေသည်။ သူက ကနဦး နတ်ဘုရားအဆင့် ၈ သို့ ရောက်ရှိနေပြီ ဖြစ်၏။

တာ့ဟွမ်က အသိဉာဏ်နှင့် ချီသွေးကြော ပိုင်ဆိုင်ထားသော်ြငား ယုံယွမ်နတ်ဆေးလုံးသည် သူ့အတွက် များစွာ အကျိုးမရှိပေ။

မိုဝူကျိက ကြာကြာ မစောင့်လိုက်ရဘဲ ပိုင်ယွဲ့ ရောက်ရှိလာသည်။ ပိုင်ယွဲ့ တက်ကြွနေသည်ကို မြင်၍ မိုဝူကျိက သူ လိုချင်နေသည့် လျို့ဝှက်တိုက်ကွက် ကျင့်စဉ် ရခဲ့ကြောင်း သိလိုက်သည်။

“ ဝူကျိ … ကျေးဇူးပါကွာ။ တကယ်လို့ ငါ ကိုင်ကျိကို အနိုင်မတိုက်နိုင်ရင်တောင် သူ ငါ့ကို အလွယ်လေး သတ်နိုင်မှာ မဟုတ်တော့ဘူး ” ပိုင်ယွဲ့က ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

“ မင်းက ရည်မှန်းချက် နည်းတာကွာ။ တကယ်လို့ မင်းအနေနဲ့ သူက မင်းကို အလွယ်လေး မသတ်နိုင်ပါဘူးလို့ ဆက်တွေးနေရင် မင်း တိုးတက်လာမှာ မဟုတ်ဘူး။ မင်း သူ့ကို ဘယ်လိုဖယ်ရှားရမလဲဆိုတာ တွေးထားသင့်တယ်” မိုဝူကျိက ပိုင်ယွဲ့ နောက်ကျောအား ပုတ်ပေးလိုက်ရင်း ပြောလိုက်သည်။

သူက မိုဝူကျိ စနောက်နေမှန်း သိသော်လည်း ပိုင်ယွဲ့က လေးလေးနက်နက် မျက်နှာထားဖြင့်  “ စီနီယာအစ်ကိုကြီးရဲ့ စကားတွေက မှန်တယ်။  သေချာမှတ်သားထားပါ့မယ် ”

“ မင်း ဒီလောက်ကြီး အလေးအနက် ထားနေစရာလည်း မလိုပါဘူး။ ငါ စွမ်းအားစုစည်းရေး အစီအရင် ခင်းကျင်းပေးလိုက်ဦးမယ်။ ပြီးတာနဲ့ နိဗ္ဗာန်အသိပညာရပ် စင်မြင့်ဆီ အတူတူ သွားကြမယ် ” မိုဝူကျိက ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော အသုံးပြုပြီး ချီချွမ်း၊ တာ့ဟွမ်နှင့် ရွိုက်ကောတို့အတွက် အတွင်းပိုင်း စွမ်းအားစုစည်းရေး အစီအရင် ခင်းကျင်းပေးဖို့ ရည်ရွယ်ထားသည်။ ထိုစွမ်းအားစုစည်းရေး အစီအရင်က သူ ထုတ်ယူထားသော နတ်ဝိညာဉ်သွေးကြောမှ စွမ်းအားများကိုသာ စုပ်ယူပေလိမ့်မည်။ ဂိုဏ်းရှိ နတ်ဝိညာဉ်စွမ်းအားများနှင့် ပတ်သတ်မှု ရှိမနေပေ။

မိုဝူကျိက နိဗ္ဗာန်အသိပညာရပ် စင်မြင့်ကို ယခင်က ကြားဖူးပေသည်။ သူက ဤသည်မှာ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၌ အလှပဆုံးနေရာများအနက် တစ်ခု ဖြစ်ပြီး အရေးကြီး ပွဲများ ကျင်းပရာ နေရာဖြစ်ကြောင်းလည်း သိထားသည်။

သူနှင့် ပိုင်ယွဲ့တို့ နိဗ္ဗာန်အသိပညာရပ်စင်မြင့်ဆီ ရောက်ရှိလာပြီးနောက် ဤနေရာသည် မည်မျှ ကြီးကျယ်ထည်ဝါကြောင်း သတိပြုမိလိုက်တော့သည်။

အလယ်တွင် လွှင့်မျှောနေသော ဧရာမကျောက်တုံးကြီးကို စိမ်းစိုလှပသော နွယ်ပင်များနှင့် ဝန်းရံထားသည်။ ထိုကျောက်တုံးပေါ်မှ အထက်အောက် စီးဆင်းနေသည့် မြစ်များလည်း ရှိနေသလို ရေစီးကြောင်းကို ဆန်တက်၍ ကူးခတ်နေသည့် ငါးများလည်း ရှိနေသည်။

လွှင့်မျှောနေသော ကျောက်တုံးကြီးနှင့် မျက်နှာချင်းဆိုင်ဘက်တွင် ဧရာမ ပန်းအနီကြီး ရှိသည်။

မိုဝူကျိက ထိုပန်းကို မှတ်မိပေသည်။ နာမည်မှာ မန်ဂျူဆာဝါ လို့ ခေါ်ပြီး တရုတ်နာမည်အရ ပင့်ကူနီ လီလီပန်း ဖြစ်ပေသည်။ တချို့တလေက နိဗာနပန်းလို့ပင် ခေါ်ဆိုကြ၏။

ထိုကျောက်စင်မြင့်ကြီးပေါ်တွင် အနည်းဆုံး လူ တစ်သောင်းမှ နှစ်သောင်းကြား စုဝေးနေကြသည်။ ထို့အပြင် ဆက်တိုက် ရောက်ရှိလာနေသည့် ကောင်းကင်နတ်ဘုရားများလည်း ရှိနေသေး၏။

ပိုင်ယွဲ့နှင့် မိုဝူကျိတို့ ရောက်ရှိလာသည့်အခါ သတ်ဖြတ်ငွေ့ကို ခံစားမိလိုက်ကြသည်။ ထိုနောက်ကွယ်၌ သူတို့ကို စိုက်ကြည့်နေသည့် ကိုင်ကျိ ရှိနေသည်။ ထိုသတ်ဖြတ်ငွေ့များမှာ ကိုင်ကျိဆီမှ ဖြစ်ပြီး ဖုံးကွယ်ထားဖို့ပင် ရည်ရွယ်ချက် ရှိသည့်ပုံ မပေါ်ပေ။

ကိုင်ကျိ၏ သတ်ဖြတ်ငွေ့များကို မိုဝူကျိက လျစ်လျူရှုထားလိုက်သည်။ သူ့အား အံ့အားသင့်သွားစေသည်က ကိုင်ကျိဘေးတွင် အမျိုးသမီး နှစ်ဦး ရှိနေသည်။ ဝမ်ရှီက ကိုင်ကျိဘေး ရပ်နေသည်မှာ မထူးဆန်းပေ။ ထိုအမျိုးသမီးက ကောင်းကင်နတ်ဘုရား အဆင့်  ၆  မဟုတ်ပါလော။ ထို့ကြောင့် သူမအနေနှင့် တိုက်ပွဲ ပြိုင်ဖို့ရာ အရည်အချင်း ပြည့်မှီပေသည်။

နတ်မိမယ်လေး မိန်းမလှလေး ဝမ်ရု လည်း ဝင်ပြိုင်မည်တဲ့လား …

သူမက ကနဦး နတ်ဘုရားအဆင့် ၆ သာ ရှိသေးလေရာ သူမက ကိုယ့်သေတွင်းကို တူးနေသလို ဖြစ်မနေဘူးလား …

ပိုင်ယွဲ့က မိုဝူကျိဘေး ရပ်နေရင်း မိုဝူကျိက ဝမ်ရုကို စိုက်ကြည့်နေကြောင်း သတိပြုမိလိုက်သည့်အခါ တီးတိုးပြောလိုက်သည်  “ ဝူကျိ … အဲဒီ ကောင်မလေးကို ကြည့်မနေနဲ့။ သူမက အကျင့်လေး မဆိုးပေမဲ့ လူအများကြီးက သူမကို စိုက်ကြည့်နေကြတာ။ အရင်းအမြစ်တိုက်ပွဲကတော့ သူမနဲ့ လုမဲ့သူ ရှိပါ့မလားတောင် မသိဘူး။ အားလုံးက သူမ အဆင့်တက်လှမ်းဖို့ အခွင့်အရေးရှာချင်လို့ ဝင်ပြိုင်တယ်ဆိုတာ သိနေကြတာပဲလေ ”

မိုဝူကျိက ခေါင်းညိတ်လိုက်သော်လည်း ဘာမှမပြောပေ။

အချိန်တော်တော်ကြာကြာ စောင့်ဆိုင်းပြီးနောက် ပုံရိပ်တစ်ခု ဆင်းသက်လာသည်။

အသားညိုညို ရှိပြီး  အဝါရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် လူလတ်အမျိုးသားတစ်ဦး ဖြစ်၏။ သူက ဆံပင်ကို ထုံးထားလေသည်။ မိုဝူကျိ ခံစားလိုက်ရသော ကြီးကြီးကျယ်ကျယ်  စွမ်းအားအရ  ထိုသူသည် သေချာပေါက် နတ်ဘုရားဘုရင် ထိပ်တန်းအဆင့်သာ ဖြစ်ပေလိမ့်မည်။

ဝတ်ရုံဝါနှင့် အမျိုးသားက လူအုပ်ကြီးကို ဝေ့ကြည့်လိုက်သည့်အခါ မိုဝူကျိ တစ်ယောက် ရေခဲရေနှင့် အလောင်းခံရသလို ခံစားမိသွားသည်။ မိုဝူကျိ၏ ခန့်မှန်းချက်အရ ထိုသူသည် ယခင်က မြောက်များစွာသော လူများကို သတ်ဖြတ်ခဲ့၍သာ ဤကဲ့သို့ အေးစက်စက် သတ်ဖြတ်ငွေ့များ ရှိနေခြင်း ဖြစ်ပေလိမ့်မည်။

“ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ရဲ့ တစ်ရာစုမှာ တစ်ကြိမ် ကျင်းပလေ့ရှိတဲ့ အရင်းအမြစ်တိုက်ပွဲ ပြန်လည် ရောက်ရှိလာပါပြီ။ အားလုံးက စည်းမျည်းတွေကို သိကြမယ်ဆိုပေမဲ့ နောက်တစ်ခေါက် ထပ်ရှင်းပြမယ် ”

မိုဝူကျိက သူ့ဘာသာ တွေးလိုက်မိ၏ “ ငါလေး စည်းမျည်းတွေ မသိဘူးလေ  ”

ဝတ်ရုံဝါနှင့် အမျိုးသားက နွေးနွေးထွေးထွေး ပြောလိုက်သည်  “ ကနဦး နတ်ဘုရားအဆင့်နဲ့ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတွေပဲ ဝင်ပြိုင်ခွင့် ရှိတယ်။ ထိပ်ဆုံး အယောက် တစ်ထောင်က ဆုတွေ ရလိမ့်မယ်။ ပထမနေရာက အဆင့် ၆ စွမ်းအားစုစည်းရေး အစီအရင် ခင်းကျင်းခွင့်၊ နိဗာနအမှတ်ပေါင်း တစ်သိန်းနဲ့ တစ်နှစ်တာ နတ်ဝိညာဉ်ကျင့်ကြံရေး နယ်မြေမှာ ကျင့်ကြံဖို့ နေရာ တစ်ရာစာ အခွင့်အရေး ရရှိမယ်။ ပြီးတော့ ကျောင်းတော်ရဲ့ ဆေးပင်လျို့ဝှက်နယ်မြေမှာ တစ်လတာ ဝင်ခွင့် ၁၀၀စာလည်း ရရှိမယ်  ….

ဒုတိယနေရာကနေ ဆယ်ယောက်မြောက်အထိက အဆင့် ၅ စွမ်းအားစုစည်းရေး အစီအရင်နဲ့ နိဗာန အမှတ်ပေါင်း သုံးသောင်းစီ ရမယ်။ ပြီးတော့ ကျင့်ကြံရေး နယ်မြေမှာ ဝင်ခွင့် ဆယ်ခုစာ အခွင့်အရေး ရရှိပြီးတော့ ဆေးပင်လျို့ဝှက်နယ်မြေထဲ တစ်လတာ ဝင်ခွင့် ဆယ်ခုစာ အခွင့်အရေး ရမယ် …..

၁၁ ယောက်မြောက်ကနေ ၁၀၀ အထိက အဆင့် ၄ စွမ်းအားစုစည်းရေး အစီအရင် ခင်းကျင်းခွင့် ရပြီးတော့ နိဗာန အမှတ် သုံးထောင်စီ ရမယ် ”

မိုဝူကျိက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်သည် မည်မျှ ချမ်းသာကြွယ်ဝကြောင်းကို ကြားပြီး အတော်လေး အံ့အားသင့်သွားသည်။ ကျင့်ကြံရေး အရင်းအမြစ်များကို ပြောပြီးနောက် သူက မှော်ရတနာ အရင်းအမြစ်များအကြောင်းကိုလည်း ပြောခဲ့သည်။ မိုဝူကျိက ထိုအရင်းအမြစ်အများစုမှာ ပထမနေရာကိုသာ ဆုချီးမြင့်ခြင်း ဖြစ်ကြောင်း သတိပြုမိလိုက်၏။

နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်သည် အင်အားစုတစ်ခုကို ပြုစုပျိုးထောင်ပေးပြီး ယခင်ထက် အားကောင်းအောင် လုပ်ပေးဖို့ ကြိုးစားနေခြင်းသာ ဖြစ်ပေသည်။

တစ်နာရီကျော်ကြာ ပြောပြီးနောက် ဝတ်ရုံဝါနှင့် နတ်ဘုရားဘုရင်က သူ့ရှင်းပြချက်အား အဆုံးသတ်လိုက်တော့သည်။

ထို့နောက် ဝတ်ရုံဝါနှင့် အမျိုးသားက ဆက်မပြောခင် ခဏတာ ရပ်လိုက်ပြီး  “ ဒီတစ်ခါ အရင်းအမြစ်တိုက်ပွဲအတွက် မတူညီတဲ့ စစ်ဆေးမှု နှစ်မျိုး ရှိတယ်။ ပထမဆုံးက ကျောင်းတော်ရဲ့ ကျင့်ကြံရေး လျို့ဝှက်နယ်မြေဆီ ဝင်ပြီး အရင်းအမြစ် ကျောက်ပြား လိုက်ရှာရမယ် ”

ထိုသို့ပြောပြီးနောက် ဝတ်ရုံဝါနှင့် နတ်ဘုရားဘုရင်က လက်ဝါးအရွယ်ရှိ အနက်ရောင်ကျောက်ပြားကို ထုတ်ကာ ပြောလိုက်သည်  “ ဒါက အရင်းအမြစ် ကျောက်ပြားပဲ … အရင်းအမြစ် ကျောက်ပြားရဲ့ အရေအတွက်က ပါဝင်မဲ့ ကျင့်ကြံသူအရေအတွက်ပေါ် မူတည်နေတယ်။ ဒါက တစ်ယောက်ကို တစ်ခုနှုန်းနဲ့ဆိုတော့ ကျောက်ပြားတစ်ခုချင်းစီက တစ်မှတ်တန်တယ်။ ကျောက်ပြား များများ စုဆောင်းမိတာက အမှတ်များများ စုဆောင်းမိတာနဲ့ အတူတူပဲ

ပါဝင်မဲ့ တပည့်တွေကို တစ်ခု သတိပေးစရာ ရှိသေးတယ်။ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ရဲ့ အရင်းအမြစ် လျို့ဝှက်နယ်မြေက အမြဲတမ်း နယ်မြေအသစ်ပဲ။ ဘယ်သူကမှ အဲဒီနေရာကို မရှာဖူးဘူး။ ဒါကြောင့်မလို့ မင်းတို့တွေ လျို့ဝှက်နယ်မြေထဲ ဝင်သွားတာနဲ့ ပြိုင်ပွဲက စတင်ပြီ။ လျို့ဝှက်နယ်မြေက ရတနာအများကြီး ရှိနေတာဆိုတော့ ဘယ်သူပဲ ရရ သိမ်ထားခွင့် ရှိတယ်။ မင်းတို့တွေ ဘာရလာတယ်ဆိုတာ ကျောင်းတော်ကို ပြန်ပြီး တင်ပြစရာ မလိုဘူး။ အရင်းအမြစ်တိုက်ပွဲထဲ ဝင်ပြီးသွားရင် မင်းတို့ရဲ့ သေခြင်းရှင်ခြင်းက မင်းတို့အပေါ်မှာပဲ တာဝန်ရှိတယ်။ တကယ်လို့ ကြောက်နေရင် အခု နောက်ပြန်ဆုတ်လို့ ရသေးတယ် ”

မည်သူကမှ နောက်ပြန်မဆုတ်ကြပေ။ လူဘယ်လောက်ကများ သေခြင်းတရားကို ကြောက်ရွံ့နေမည်နည်း။ လူအားလုံးက သေမင်းနှုတ်ခမ်းဝ ဖြတ်ကျော်ခဲ့ကြသူများသာ ဖြစ်ကြသည်။ ကြောက်ရွံ့နေသူများသည် ဤနေရာအထိပင် ရောက်လာမည် မဟုတ်ပေ။

ဝတ်ရုံဝါနှင့် နတ်ဘုရားဘုရင်သည် မည်သူမှ နောက်ဆုတ်မည် မဟုတ်ကြောင်း သိပြီး သူက ခေါင်းတစ်ချက် ညိတ်ကာ ဆက်ပြောလိုက်သည်  “ ဒုတိယ စစ်ဆေးမှုက ပထမစစ်ဆေးမှုပြီးမှ စလိမ့်မယ်။ အရင်းအမြစ် ကျောက်ပြားရှာဖို့ လျို့ဝှက်နယ်မြေထဲ မဝင်ခင် အားလုံးကို အရင်ဆုံး အသိပေးရဦးမယ်။ မင်းတို့က ဘယ်နေရာက ဖြစ်ဖြစ် မင်းတို့ ရလာတဲ့ ဆုလာဘ်က မင်းတို့တစ်ဦးတည်း အပိုင်ပဲ။ ဒါပေမဲ့ စွမ်းအားစုစည်းရေး အစီအရင်လိုမျိုး ဆုလာဘ်က တခြားသူတွေနဲ့ စုလို့ ရတယ်။ အဆင့် ၃ စွမ်းအားစုစည်းရေး အစီအရင် နေရာတစ်ရာစာကို ပေါင်းလိုက်ရင် အဆင့် ၄ စွမ်းအားစုစည်းရေး အစီအရင်ကို ခင်းကျင်းနိုင်ခွင့် ရမယ်။ အဆင့် ၄ စွမ်းအားစုစည်းရေး အစီအရင် ဆယ်နေရာစာကို ပေါင်းလိုက်ရင် အဆင့် ၅ စွမ်းအားစုစည်းရေး အစီအရင်ကို ခင်းကျင်းခွင့် ရလိမ့်မယ် … ”

ဝတ်ရုံဝါနှင့် နတ်ဘုရားဘုရင်က ခဏတာ တမင်သပ်သပ် ရပ်ထားလိုက်သည်။ မည်သူကမှ မဆန့်ကျင်ကြောင်း မြင်ပြီးနောက် သူက အစီအရင်အလံ ဆယ်ခုကို ထုတ်လိုက်သည်။

ကျောက်တုံးပေါ်၌ အာကာပြင် အစီအရင်ဂိတ်ပေါက်တစ်ခု ရုတ်ချည်း ပေါ်လာသည်။

“ ကောင်းပြီ … ပါဝင်ယှဉ်ပြိုင်မဲ့ တပည့်တို့ အာကာပြင် ကူးသန်းရေး အစီအရင်ကနေ ဖြတ်ပြီး ဝင်လို့ ရပြီ။ ဒါက မင်းတို့ကို အရင်းအမြစ်ကျောက်ပြား ရှာဖို့ လျို့ဝှက်နယ်မြေဆီ ခေါ်သွားပေးလိမ့်မယ်။ အချိန်ကာလက တစ်နှစ်ဖြစ်ပြီးတော့ တစ်နှစ်ပြည့်တာနဲ့  အားလုံးက နိဗ္ဗာန်အသိပညာရပ် စင်မြင့်ဆီ ပြန်ရောက်လာလိမ့်မယ်  ” နတ်ဘုရားဘုရင်က ဂိတ်ပေါက်ကို ညွှန်ပြကာ ပြောလိုက်သည်။

မိုဝူကျိက ပထမစစ်ဆေးမှုသည် တစ်နှစ်ကြာမြင့်လိမ့်မည်ဟု မထင်ထားပေ။ အကယ်၍ သူသာ သိခဲ့လျှင် ရွိုက်ကောနှင့် တာ့ဟွမ်ကိုလည်း သူနှင့်အတူ ခေါ်လာပေမည်။

“ ဝူကျိ … ငါတို့တွေ အာကာပြင် အစီအရင်ထဲ ဝင်သွားရင် သေချာပေါက် အတူတူ ရှိမှာ မဟုတ်တော့ဘူး။ လျို့ဝှက်နယ်မြေရဲ့ စည်းမျည်းတွေကြောင့် ငါတို့တွေ ကောင်းကောင်း ဆက်သွယ်လို့လည်း ရမှာ မဟုတ်ဘူး။ အဲဒါကြောင့် မင်း ဂရုစိုက်နော် ” ပိုင်ယွဲ့က စိုးရိမ်စွာ ပြောလိုက်သည်။

မိုဝူကျိက မည်မျှပင် အားကောင်းစေကာမူ ကနဦး နတ်ဘုရားအဆင့်သာ ရှိနေသေး၏။

***

All Chapters