ပင်းထန်းဝါး
Vol. 73 Ch. 1012
လေးရက်တာ သွားလာပြီးနောက် မိုဝူကျိက ဘေးပတ်လည်ရှိ အေးစက်မှု၏ ဆွဲဆောင်မှုကို ခံလိုက်ရပြီး ရပ်တန့်လိုက်တော့သည်။ သူက အေးစက်မှု အရင်းအမြစ်ဆီ ချည်းကပ်သွားသည့်အခါ ရေခဲ ရေတံခွန်တစ်ခု ရှိနေကြောင်း သတိပြုမိလိုက်သည်။
သဘောတရားအရပြောရလျှင် ရေသည် လုံလုံလောက်လောက် အပူချိန်နိမ့်ကျသွားလျှင် ရေခဲအဖြစ် ပြောင်းလဲသွားမည် ဖြစ်၏။ သူရှေ့တွင် ရှိနေသော ရေခဲရေတံခွန်က ရေခဲမဟုတ်သေးဘဲ ရေအဆင့်သာ ဖြစ်နေသေး၏။ ထိုသို့ဆိုလျှင်ပင် ထိုမှ ထွက်ပေါ်နေသော အေးစက်မှုမှာ မိုဝူကျိ၏ ရုပ်ခန္ဓာအဆင့်နှင့်ပင် တောင့်ခံထားနိုင်ရုံမျှလေး ဖြစ်၏။
မိုဝူကျိက ထိုသို့မျိုး အစွန်းရောက်နေသည့် အခြေအနေမျိုးအောက်တွင် သာမာန် ကောင်းကင်နတ်ဘုရားပင် မှော်ရတနာ ကာကွယ်မှု မရှိဘဲ တောင့်ခံနိုင်လိမ့်မည် မဟုတ်မှန်း သေချာသိနေသည်။
ရေခဲအဖြစ် မပြောင်းလဲသွားသည့် ရေတံခွန်က သန့်စင်သော ရေခဲသဘာဝ ရတနာတစ်မျိုးမှ ဖြစ်တည်လာခြင်းသာ ဖြစ်ပေမည်။ စည်းမျည်းများကြောင့် မည်မျှပင် အေးစက်နေစေကာမူ အေးခဲမသွားပေ။
မိုဝူကျိက သူ့စိတ်စွမ်းအားဖြင့် အာရုံခံကြည့်လိုက်ပြီး ရေခဲရေတံခွန်ဆီ သွားလိုက်သည်။
သူ့အနေနှင့် ဤကဲ့သို့ ရတနာမျိုး လက်လွှတ်မပေးချင်သည်မှာ ပုံမှန်ကိစ္စရပ် ဖြစ်၏။
မိုဝူကျိက ရေခဲ ရေတံခွန်ဆီ ရောက်လာသည်နှင့် တစ်ယောက်ယောက် ရှိနှင့်နေပြီးသား ဖြစ်ကြောင်း သိလိုက်သည်။ ဤနေရာ၌ တစ်ယောက်မက အနည်းဆုံး သုံးယောက်လောက် ရှိနေခဲ့သည်။ အမှတ်အသားများကို ကြည့်ခြင်းဖြင့် သူတို့သည် ရောက်ခါစ ဖြစ်ပြီး ရေတံခွန် အတွင်းပိုင်း ဝင်သွားခြင်းသာ ဖြစ်ပေမည်။
ရေခဲ ရေတံခွန်သည် ရေတံခွန် ပါသည့် ဂူတစ်ခုလိုမျိုး ဖြစ်နေပြီး အတွင်းပိုင်းအထိ ရှည်လျားလျက် တည်ရှိသည်။ ရေခဲ သဘာဝ စည်းမျည်းများက အရမ်းအားကောင်းလွန်းသည့်အတွက် မိုဝူကျိ၏ စိတ်စွမ်းအားပင် ဟန့်တားခံထားရသည်။ သူ မြင်သမျှ အရာအားလုံးမှာ ခပ်ဝါးဝါးသာ ဖြစ်၏။
မိုဝူကျိက သူ့ကိုယ်ပိုင် အငွေ့အသက်နှင့် ခန္ဓာကိုယ်ကို သေချာဖုံးကွယ်ထားလိုက်ပြီး လေလွှတ်မြောက်ရေး နည်းစနစ်ကို ထုတ်သုံးလိုက်သည်။ သူက လေတစ်ချက် အဝှေ့ဖြင့် ဂူအတွင်းပိုင်းသို့ ဝင်ရောက်လိုက်သည်။
သူက ဂူအတွင်းရှိ ရတနာများကို လက်လွတ်ခံမည် မဟုတ်ပေ။
အမွေးတိုင်ဝက်စာ အချိန်လေးအတွင်း မိုဝူကျိက ဧရာမ ရေကန်ကြီးရှေ့ ရပ်တန့်သွားသည်။ အပြင်ဘက်ရှိ ရေခဲ ရေတံခွန် စွမ်းအားက အားကောင်းသော်လည်း ဤရေကန်ကား ကြေးမုံတစ်ချပ်အလား ငြိမ်သက်နေသည်။
ရေကန်ဆီ ဦးတည်သွားနေကြသည့် လူသုံးယောက် ရှိပြီး မိုဝူကျိကို အံ့အားသင့်သွားစေသည်က သူအနေနှင့် ထိုသုံးယောက်ထဲမှ တစ်ယောက်ကို မှတ်မိပေသည်။
ထိုသူမှာ ကနဦး နတ်ဘုရား အဆင့် ၆ ဖြစ်သည့် ဝမ်ရု ဖြစ်၏။ သူမက ကနဦး နတ်ဘုရားအဆင့်သာ ရှိသေးသော်လည်း ဤသို့အစွန်းရောက် အေးစက်သည့် နေရာမျိုုး၌ အမှန်တကယ် ရပ်နေနိုင်သည်။ သို့သော် မိုဝူကျိက ဝမ်ရုသည် ဤနေရာ၌ မည်သို့ ရပ်နေနိုင်ကြောင်း နားလည်သွားသည်။ ဝမ်ရု ဖြစ်စေ သို့မဟုတ် သူမဘေးရှိ တခြားအမျိုးသားနှစ်ယောက် ဖြစ်စေ သူတို့ကို အဆောင်တမျိုးမျိုးက ကူညီပေးထား၏။
မိုဝူကျိက အဆင့် ၃ အဆောင်ဆရာ တစ်ယောက် ဖြစ်ကာ သူ့အနေနှင့် ဤအဆောင်ကို မမှတ်မိသော်လည်း အနည်းဆုံး အဆင့် ၄ အဆောင် ဖြစ်ကြောင်း သိပေသည်။
ဝမ်ရုဘေးတွင် ရပ်နေသည့် အမျိုးသားတစ်ယောက်မှာ အသားဖြူဖြူနှင့် ဝတ်စုံနီ ဝတ်ဆင်ထား၏။ သူက ကောင်းကင်နတ်ဘုရားအဆင့် ၉ ဖြစ်လေသည်။ နောက်တစ်ယောက်မှာ အစိမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားပြီး အရပ်ရှည်ရှည် ပိန်ပါးပါး ဖြစ်ကာ သူလည်း ကောင်းကင်နတ်ဘုရားအဆင့် ၉ ဖြစ်ပေသည်။
မိုဝူကျိက ဝတ်စုံနီနှင့် အမျိုးသားဆီမှ သိပ်သည်းလှသော ဝိညာဉ်စွမ်းအားများကို ခံစားမိနေသည်။ ကြည့်ရသည်မှာ ထိုသူက ကိုင်ကျိထက် ပို၍ အားကောင်းဟန် ပေါ်၏။
နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်အတွင်း ကောင်းကင်နတ်ဘုရား စစ်ဆေးမှုအရ ကိုင်ကျိ၏ ရလဒ်ကို ကိုးကားကြည့်လိုက်လျှင် ထိုဝတ်စုံနီ အမျိုးသားကား သေချာပေါက် ထိပ်တန်း ငါးယောက်ထဲတွင် ပါပေလိမ့်မည်။ ဝမ်ရုကဲ့သို့သော အလှလေးကို လိုက်နိင်သူမှာ အရည်အချင်း ရှိသူသာ ဖြစ်ပေလိမ့်မည်။
“ စီနီယာအစ်ကိုဖေး … ကျွန်တော်ကြားတာတော့ ဒီပင်းထန်းဝါးကနေ ရေခဲရေကန် ထွက်ပေါ်တဲ့အခါ ဘေးပတ်လည်က ပိုပြီး အေးစက်လာလိမ့်မယ်တဲ့။ ကျွန်တော်တို့ အဆောင်က အဆင့် ၄ ပဲ ရှိတာဆိုတော့ ကျွန်တော်တို့ကို ကာကွယ်ပေးနိုင်ပါ့မလား ” ပိန်ပါးပါး အရပ်ရှည်ရှည် အမျိုးသားက မေးလိုက်သည်။
သူ့လေသံအရ ဝတ်စုံနီ အမျိုးသားအား စီနီယာအစ်ကိုဟု ခေါ်မှန်း သိလိုက်သည်။
သို့သော်လည်း မိုဝူကျိ စိတ်ထဲ တုန်လှုပ်မိသွားသည်။
ပင်းထန်းဝါးတဲ့လား ….
ဒီရေကန်ထဲမှာ ပင်းထန်းဝါးက ဘယ်လိုလုပ် ရှိနေမှာလဲ …
မိုဝူကျိက ယခင် မမြင်ဖူးသော်လည်း နှစ်ကြိမ်နှစ်ခါ ကြားဖူးပေသည်။ ပထမတစ်ကြိမ်မှာ နတ်ဘုရားဘုရင် ဝတ်ရုံစိမ်း ချန်ထားခဲ့သော အမွေအနှစ်ဆီမှ ဖြစ်ပြီး ဒုတိယအကြိမ်မှာ ချီပင်းထံမှ ဖြစ်၏။
ဤသည်မှာ ထိပ်တန်းအဆင့် ပြိုုင်ဖက်ကင်း ရတနာ ဖြစ်ပြီး အဆင့်မဲ့ဟုလည်း ကောလဟာလများလည်း ထွက်ပေါ်နေသည်။ တခြားနည်းဖြင့်ဆိုရလျှင် ဤဆေးပင်၏ အဆင့်နိမ့်ဆုံးမှာ အနည်းဆုံး အဆင့် ၇ ဖြစ်၏။ အဆင့် ၇ ကျော်လွန်သွားသော ဆေးပင်များအနေနှင့် နတ်ဘုရားကုန်းမြေ၌ မှတ်တမ်းအနည်းငယ်သာ ရှိပေသည်။
ပင်းထန်းဝါးက များစွာ အသုံးဝင်ပေသည်။ အသွေးအသား ခန္ဓာကိုယ်နှင့် ကမ္ဘာဦး စိတ်ဝိညာဉ်ကို ဖွဲ့စည်းခြင်းမှာ ပင်းထန်းဝါး၏ သာမာန်အကျဆုံး အသုံးပြုမှု တစ်ခု ဖြစ်၏။
ကောလဟာလများအရ ဝိညာဉ်ကြော သန့်စင်ပေးသည့် ရတနာများအနက် နံပါတ်တစ်အဖြစ် သိကြပေသည်။ ဝိညာဉ်သန့်စင် တာအိုအသီးက ပင်းထန်းဝါးနှင့် ယှဉ်လိုက်လျှင် အမှိုက်သာသာ ဖြစ်သွားတော့သည်။
ရေခဲ သဘာဝ ဝိညာဉ်ကြောနှင့် ကျင့်ကြံသူများက ပင်းထန်းဝါးကို အချိန်တစ်ခုအထိ အသုံးပြုပေးသည့်အခါ ဝိညာဉ်ကြောများက ပြစ်ချက်ကင်း ဝိညာဉ်ကြောအဖြစ်ပင် ပြောင်းလဲသွားနိုင်သည်။
ထိုသို့ဆိုလျှင်ပင် ပင်းထန်းဝါး၏ အဓိက အသုံးဝင်ဆုံးအရာ မဟုတ်သေးပေ။ အသုံးဝင်ဆုံးအရာမှာ သန့်စင်နိုင်စွမ်း ဖြစ်၏။ ဤပင်းထန်းဝါး ရှိထားခြင်းက ကျင့်ကြံနေစဉ်အတွင်း စိတ်ကယောက်ကယက် အတွေးများကို ဖယ်ရှားပစ်ပေးပြီး မတည်မငြိမ် ဖြစ်နေသည့် စည်းမျည်းများဆီမှ သန့်စင်သည့် နတ်ဝိညာဉ်စွမ်းအားများကို စုပ်ယူပေးနိုင်သည်။
ဤတစ်ခုတည်းက ကြောက်ဖို့ ကောင်းနေလေပြီ။ မိုဝူကျိက အားလုံးထက် အဘယ်ကြောင့် မြန်မြန်ဆန်ဆန် ကျင့်ကြံနိုင်သနည်း။ သူ့ချီသွေးကြော ၁၀၈ ခုအပြင် သူ့လူသားတာအိုက ရှုပ်ထွေးလှသော တာအိုစည်းမျည်းများကို ဖယ်ရှားပေးပြီး အသန့်စင်ဆုံး ဖြစ်သည့် နတ်ဝိညာဉ်စွမ်းအားများကို စုပ်ယူနိုင်သည်။ ပင်းထန်းဝါးက အတော်လေး အဖိုးတန်သည်မှာ သိသာလှပေသည်။
ယခင် မိုဝူကျိက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်မှ ပညာရှင်များသည် အရင်းအမြစ် ကျောက်ပြားများကို မချထားခင် နေရာအနှံ့ ရှာဖွေပြီးလောက်ပြီဟု ထင်မှတ်မိခဲ့သည်။ ယခု သူက ကိုယ်ပိုင် ခန့်မှန်းချက်ကို မေးခွန်းပြန်ထုတ်လာမိတော့သည်။ အကယ်၍ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ ပညာရှင်များသာ အမှန်တကယ် ရောက်ရှိခဲ့လျှင် သူတို့က ပင်းထန်းဝါးကို လျစ်လျူရှုထားမည် မဟုတ်ပေ။ ထို့အပြင် သူတို့က ပင်းထန်းဝါးကို အရင်းအမြစ်တိုက်ပွဲတွင် ပါဝင်သည့် တပည့်များအတွက် ချန်ထားပေးခဲ့မည် မဟုတ်ချေ။ တခြားအမြင်မှ ကြည့်လျှင် ပင်းထန်းဝါးသည် ဟုန်မုန့်စွမ်းအင်ထက်ပင် ပို၍ အဖိုးတန်ပေသည်။
“ ကျွန်မတို့ကို ကာကွယ်ပေးနိုင်လောက်မှာပါ။ ကျွန်မ သိသလောက်တော့ ပင်းထန်းဝါးက အချိန်ကန့်သတ်ချက်နဲ့ ပေါ်လာတာတဲ့။ ပြီးတော့ ဆယ်ရှိုက်စာခန့်လေးပဲ ပေါ်လာမှာ …. ကျွန်မတို့အဆောင်က အဆင့် ၄ ထိပ်တန်းဆိုတော့ အအေးဓာတ် နောက်တဆ မြင့်လာရင်တောင် ကျွန်မတို့ကို ကာကွယ်ပေးနိုင်လောက်မှာပါ။ ပြီးတော့ ကျွန်မတို့အဆောင်က အမွေးတိုင်ငယ်စာ တစ်တိုင်စာတော့ ကာကွယ်ပေးနိုင်တယ်။ ကျွန်မတို့ ရသမျှ အဲဒီအချိန်လေးအတွင်းမှာ အစ်ကိုကြီးဖေးက ပင်းထန်းဝါးကို သိမ်းပြီးလောက်ပါပြီ ” မိုဝူကျိကို အံ့ဩသွားစေသည်က ပြောလိုက်သူမှာ ဝမ်ရု ဖြစ်နေ၏။
ပိန်ပါးပါး အမျိုုးသားက ခေါင်းညိတ်ပြကာ “ အမှန်ပဲ …. စီနီယာအစ်ကိုဖေးက မဟာကောင်းကင်နတ်ဘုရားထဲ အဆင့် ၅ ဆိုတော့ ပင်းထန်းဝါးကို ရဖို့ ဆယ်ရှိက်စာတောင် မလိုလောက်ဘူး ”
ဝမ်ရု၏ ကျင့်ကြံဆင့်မှာ အချိန်အတော်ကြာ တန့်နေသော်လည်း သူမ အသိပညာမှာ အမျိုးသားနှစ်ယောက်ထက် အောက်ကျခြင်း မရှိပေ။ အကြောင်းမှာ သူမက ကျောက်စိမ်းပေလွှာ အမျိုးမျိုးနှင့် ရှေးဟောင်းစာလိပ်အမျိုးမျိုးကို ဖတ်ရှုရတာ နှစ်သက်၍ ဖြစ်သည်။ နတ်ဘုရား အုပ်စိုးသူများ သို့မဟုတ် လောကနတ်ဘုရားများပင် သူတို့ နားမလည်သည့်အရာများ ဝမ်ရုကို လာမေးကြသည်။
မိုဝူကျိက သူတို့စကားဝိုင်း မည်မျှ အဓိပ္ပါယ်မရှိကြောင်း နှာခေါင်းရှုံ့လိုက်မိသည်။
နတ်ဘုရားဘုရင် ဝတ်ရုံစိမ်းဆီမှ မိတ်ဆက်စာအုပ်အရ ပင်းထန်းဝါးသည် ရေခဲကန်ထဲသာ ပေါက်လေ့ ရှိသည်။ ၄၈ နာရီတိုင်း တစ်ခါ ပေါ်လာလေ့ ရှိပြီး ထွက်ပေါ်လာသည့်အခါတိုင်း ၄၉ ရှိုက်စာ ကြာမြင့်ပေသည်။ ထို့အပြင် ဘေးပတ်လည်ရှိ အေးစက်မှုမှာ ဆယ်ဆမက တိုးမြင့်သွားပြီး တစ်ဆ မဟုတ်သည်မှာ သေချာလှသည်။
ယခု အပူချိန်ကို ကြည့်လိုက်ပါက ဆယ်ဆမက တိုးမြင့်သွားလျှင် အဆင့် ၅ အဆောင်နှင့်ပင် အအေးဒဏ်ကို ကာကွယ်ပေးဖို့ရာ မဖြစ်နိုင်လောက်ပေ။
ပင်းထန်းဝါးကို အရယူဖို့ရာကား ပေါ်ထွက်လာသည့်အချိန် တစ်ခုတည်းသာ ဖြစ်နိုင်ပေသည်။ မဟုတ်လျှင် ပင်းထန်းဝါးက နှောင့်ယှက်ခံလိုက်ရသည်နှင့် ပြန်လည် ပျောက်ကွယ်သွားလိမ့်မည်။ ပင်းထန်းဝါး ပြန်လည် ပျောက်ကွယ်သွားပုံ ဖြစ်စဉ်ကို နတ်ဘုရားဘုရင် ဝတ်ရုံစိမ်းက ထိုအရာသည် ဤလောကမှ သူ့ဘာသာ ဖယ်ရှားလိုက်သလို ပျောက်သွားမည် ဖြစ်ကြောင်း မှတ်တမ်းတင်ထားသည်။ သို့သော်လည်း ကြည့်ရသည်မှာ ပင်းထန်းဝါးသည် ပင်ကိုယ် အာကာပြင် ရွေ့ပြောင်းစွမ်းရည် ပါရှိနေခြင်း ဖြစ်နေနိုင်သည်။
အကယ်၍ ဝမ်ရုသာ လျှောက်ပြောနေခြင်း မဟုတ်လျှင် သူမတွင်လည်း သူမဘာသာ ရည်ရွယ်ချက်များ ရှိနေခြင်းသာ ဖြစ်ပေမည်။
မိုဝူကျိက လော့ကျမ်းစာရွက်ကို ထုတ်ဖို့ သတိထားကာ အဆင်သင့် ပြင်ထားလိုက်သည်။ သူ့ရုပ်ခန္ဓာ ဝိဇ္ဇာတပိုင်းအဆင့်ဖြင့် သာမာန် အအေးဓာတ်ကို မကြောက်ပေ။ သို့သော်လည်း အကယ်၍ အေးစက်မှုက ဆယ်ဆမက ဖြစ်လာခဲ့လျှင် သူ့ဝိဇ္ဇာတပိုင်း ရုပ်ခန္ဓာပင် သေသည့်အထိ အေးခဲသွားလိမ့်မည်။
ဝတ်စုံနီနှင့် အမျိုးသားက ခေါင်းညိတ်ကာ “ ဝမ်ရု ပြောတာ မှန်တယ်။ ငါ ပင်းထန်းဝါးကို တန်း ယူနိုင်လိမ့်မယ် ”
အချိန်ကျော်လွန်လာသည်နှင့် မိုဝူကျိ၏ အာရုံတစ်ဝက်လောက် ဝမ်ရုဆီတွင် ရှိနေသည်။ မိုဝူကျိက ထိုအမျိုးသမီးသည် မရိုးရှင်းကြောင်း ခံစားမိနေ၏။
လေးနာရီကြာမြင့်ပြီးနောက် ငြိမ်သက်နေသည့် ရေပြင်၌ လှိုင်းတွန့်လေးများ ပေါ်လာသည်။
မိုဝူကျိက ပင်းထန်းဝါး ထွက်ပေါ်လာတော့မည်မှန်း သိလိုက်သည်။
တခြားသုံးယောက်လည်း ပင်းထန်းဝါး ထွက်ပေါ်လာတော့မည်မှန်း သိပုံပေါ်လေသည်။ သူတို့ကလည်း ရေပြင်ကို စိုက်ကြည့်နေကြ၏။ ဖေးမျိုးရိုးနှင့် ကျင့်ကြံသူက ဝင်ယူဖို့ အဆင်သင့် ပြင်ထားလိုက်သည်။
“ ဘန်း ” ရေကန်မှ ရေမွှားများ စင်ထွက်လာသော်လည်း ရေခဲကဲ့သို့ အသံထွက်ပေါ်နေသည်။
တောက်ပကြည်လင်နေသည့် ရေခဲဝါးလေးက ဖြည်းဖြည်းချင်း ရေကန်ထဲမှ ထွက်ပေါ်လာသည်။ ရေခဲဝါးပင်၏ အတက်လေးများက ဖြူဆွတ်နေပြီး နှင်းနှင့် တူသည်။ စုစုပေါင်း ပွင့်ချပ် ခြောက်ခု ရှိ၏။ ဘေးပတ်လည်ရှိ အပူချိန်က သိသိသာသာ လျော့ဆင်းသွားသော်လည်း ရနံ့သင်းသင်းလေးကို တားဆီးထားနိုင်စွမ်း မရှိပေ။
ဝတ်စုံနီနှင့် အမျိုးသားက ကြောင်အမ်းသွားလေ၏။ ဝမ်ရုပြောစကားအရ ဆယ်ရှိုက်စာမျှ ကြာမည် ဖြစ်ကာ ယခုအခါ လုံးဝ အကုန်လုံး ပေါ်ထွက်လာသင့်ပေသည်။ ယခု ထွက်ပေါ်လာသောနှုန်းဖြင့် ဆယ်ရှိုက်စာ ကမည် မဟုတ်ပေ။
အေးစက်မှုက သိသိသာသာ တိုးလာပြီးနောက် ဝတ်စုံနီနှင့် အမျိုးသားက သူ့ကာကွယ်ရေး အဆောင် အက်ကွဲလာသံကို ကြားလိုက်ရသည်။ ထိုအခါက သူက ဝမ်ရုအား စိုးရိမ်တကြီး လှည့်ကြည့်လိုက်၏။
“ စီနီယာအစ်ကိုဖေး … ဒီအအေးဒဏ်က တစ်ဆမကဘူး။ တကယ်လို့ ဆက်တက်နေဦးမယ်ဆိုရင် မြန်မြန် ထွက်သွားတာ ကောင်းလိမ့်မယ် ” ဝတ်စုံနီ အမျိုးသား၏ ညွှန်ကြားချက်ကိုပင် မစောင့်တော့ဘဲ ပိန်ပါးပါး ကျင့်ကြံသူက စိုးရိမ်စွာ အော်ပြောလိုက်သည် “ တစ်ခုခုတော့ မှားနေပြီ ”
ဝတ်စုံနီနှင့် အမျိုးသားက တစ်ခုခု မှားယွင်းကြောင်း သတိပြုမိလိုက်သည့်အချိန် သူ့ခန္ဓာကိုယ်မှာ ဖြတ်ခနဲ ဖြစ်သွားသည်။ သူ အရင်ဆုံး ဤနေရာမှ ထွက်သွားရမည်။
သူက မလှုပ်ရှားလိုက်နိုင်ခင် သတ်ဖြတ်ရေး အလင်းတန်းနှစ်ချက်က သူ့ကို ပိတ်လှောင်ထားပြီး ဝင်ရောက်လာသည်။
“ ဝုန်း ” ထိုစဉ် ဝတ်စုံနီ အမျိုးသားကို ကာကွယ်ပေးထားသော အဆောင်က ပျက်စီးသွားတော့သည်။
“ ဝမ်ရု … မင်း …” ဝတ်စုံနီ အမျိုးသားက ဝမ်ရုအား မချိတင်ကဲ ကြည့်လိုက်သည်။ သူ့အား လုပ်ကြံသည့်သူက ကနဦး နတ်ဘုရားအဆင့် ၆ ဖြစ်လိမ့်မည်ဟု မျှော်လင့်မထားမိပေ။ ပို၍ ဆိုးရွားသည်မှာ သူမက အမြဲလိုလို ညင်သာ နူးညံ့နေတတ်သူ ဖြစ်နေသေး၏။
ဝမ်ရုက သိမ်သိမ်မွေ့မွေ့ ပြောလိုက်သည် “ ကျွန်မရဲ့ ဘေးမှာ သေသွားတာ ရှင့်အတွက် ဂုဏ်ယူစရာပဲလေ။ ကောင်းကောင်း အနားယူပါ”
ထိုသို့ပြောပြီးနောက် ပိန်ပါးပါး အမျိုးသားကလည်း ဝမ်ရုဆီမှ လုပ်ကြံခြင်း ခံရပြီးနောက် ရေခဲအဖြစ် ပြောင်းလဲသွားပြီ ဖြစ်၏။ သူက အအေးဓာတ်ကို ရုန်းကန်တွန်းလှန်နေပြီးသား ဖြစ်ရာ ဝမ်ရုသာ သူ့အား မလုပ်ကြံခဲ့လျှင် သူ့အနေနှင့် ထွက်ပြေးသွားနိုင်လောက်၏။ ယခု ဝမ်ရုက သူ့အား လုပ်ကြံလိုက်သည် ဖြစ်ရာ မည်သို့ အသက်ဆက်ရှင်နိုင်မည်နည်း။
“ ဝမ်ရု … ငါ ဖေးယီတောက် သေရမယ်ဆိုရင်တောင် မင်းလိုမျိုး စက်ဆုပ်ဖို့ ကောင်းတဲ့သူကိုပါ အတူတူ ဆွဲခေါ်သွားမယ် ” ဝတ်စုံနီ အမျိုးသားက အော်ပြောလိုက်ရင်း သူ့ခန္ဓာကိုယ်က အပိုင်းပိုင်း အစစ ဖြစ်သွားသည်။ သို့သော်လည်း သူ့ပျက်စီးလာသည့် ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အနီရောင် အလင်းတန်းက ဝမ်ရုအား ချိန်ရွယ်ထားပေသည်။
ဖေးယီတောက် ပြောသကဲ့သို့ သူ သေဆုံးသွားလျှင်ပင် ဝမ်ရုကိုပါ အပါဆွဲခေါ်သွားမည် ဖြစ်၏။
သူ့တိုက်ခိုက်မှုကို မှားယွင်းတွက်ချက်မိသည်က နှမြောစရာ ကောင်းလှပေသည်။ အနီရောင်အလင်းတန်းက ဝမ်ရုဆီ ကျရောက်လာသော်လည်း အဖြူရောင်အလင်းတန်းအဖြစ်သာ အဆုံးသတ်သွားသည်။ ကြည့်ရသည်မှာ ဝမ်ရုဘေးပတ်လည်ရှိ အဆောင်တစ်ခုခု ပျက်စီးသွားသည်နှင့် ပေါ်နေသည်။ ဝမ်ရုက ဖေးယီတောက်ကဲ့သို့ ပေါက်ကွဲမထွက်သွားပေ။ သူမက မျက်လုံးပိတ်လျက် ထိုင်လိုက်ပြီး သူမ ခန္ဓာကိုယ်မှ အအေးဓာတ်ကို ဖယ်ရှားဖို့ လုပ်လိုက်သည်။ ထိုစဉ် သူမက ပင်းထန်းဝါးကို အာရုံမစိုက်နိုင်တော့ပေ။ အများဆုံး သူမအနေနှင့် နောက်ထပ် ၄၈ နာရီမျှ စောင့်ဆိုင်းရမည် ဖြစ်၏။
မိုဝူကျိက အံ့ဩမိသွားသည်။ အကြောင်းမှာ ဤအမျိုးသမီးက သေချာပေါက် ကနဦး နတ်ဘုရားအဆင့် ၆ မဟုတ်ပေ။ မိုဝူကျိက ဖေးယီတောက်သည် ဝမ်ရုနှင့် တစ်ယောက်ချင်း ယှဉ်ပြိုုင်တိုက်ခိုက်လျှင်ပင် ဝမ်ရုအတွက် ပြိုင်ဖက် မဟုတ်သေးပေ။
ဒီအမျိုးသမီး သူမကိုယ်သူမ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်က ဘာများလဲ ….
သူမက ဘာလုပ်ဖို့ ကြိုးစားကြိုးစား မိုဝူကျိနှင့် မသက်ဆိုင်ပေ။ ဝမ်ရုက သူမဘာသာ ကုသနေစဉ် မိုဝူကျိ၏ တစ်ကိုယ်လုံးမှာ လေအလား ပြောင်းလဲသွားပြီး ပင်းထန်းဝါးဆီ ဦးတည်လိုက်တော့သည်။
***