အခန်း (၁၀၁၉)
Vol. 73 Ch. 1019
“ ဝူကျိ .. ငါတို့ အရင်းအမြစ်ကျောက်ပြားတွေ အတူတူ ထားမလား။ ငါ့ဆီမှာ အရင်းအမြစ်ကျောက်ပြား ၂၇ ခု ရှိတယ် ” ပိုင်ယွဲ့က အသံတိုးတိုးဖြင့် ပြောလိုက်ရင်း မိုဝူကျိထံ ကျောက်ပြားများ လွဲပေးလိုက်သည်။
မိုဝူကျိက ပိုင်ယွဲ့ကို အတော်လေး အံ့အားသင့်မိသွားသည်။ သူက ကောင်းကင်နတ်ဘုရား အဆင့် ၂ မျှ ဖြစ်ကာ အရင်းအမြစ်ကျောက်ပြား ၂၇ ခု ရရှိခဲ့သည်။ သူက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ စစ်ဆေးမှု၌ အဆင့် ၄ ရခဲ့သည်မှာ မထူးဆန်းတော့ပေ။
မိုဝူကျိက ပိုင်ယွဲ့ကို မငြင်းပယ်လိုက်ပေ။ အကယ်၍ အားလုံးက သူတို့အရင်းအမြစ်ကျောက်ပြားများ မပေါင်းလျှင် မိုဝူကျိက ပထမနေရာ ရလိမ့်မည်ဟု အသေအချာ သိနေသည်။ ယခု အားလုံးက အရင်းအမြစ်ကျောက်ပြားများစွာ စုပေါင်းလိုက်သည့်အခါ မိုဝူကျိက သူ့အနေနှင့် ပထမနေရာ ရနိုင်ပါ့မလား မသေချာတော့ပေ။
နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ သဘောထားကို ကြည့်ခြင်းအားဖြင့် လူများကို အရင်းအမြစ်ကျောက်ပြားများ စုစည်းရန် အားပေးအားမြှောက် လုပ်နေမှန်း သိသာလှသည်။
ပိုင်ယွဲ့၏ အရင်းအမြစ်ကျောက်ပြားများ ထည့်ပေါင်းလိုက်သည့်အခါ မိုဝူကျိတွင် စုစုပေါင်း ၄၀၃၁ ခု ရှိသွားလေ၏။ သူက သူ့ကိုယ်ပိုင် အမှတ်အသားပြား၏ ကူးသန်းရေး ဝဲကယက်ကို နှိုးဆွလိုက်ပြီးနောက် အရင်းအမြစ်ကျောက်ပြားများကို ထုတ်ယူလိုက်သည်။
မိုဝူကျိက အရင်းအမြစ်ကျောက်ပြားများစွာ လွဲပေးလိုက်ကြောင်း တွေ့သောအခါ ပိုင်ယွဲ့က တအံ့တဩ မေးလိုက်သည် “ ဝူကျိ … မင်း အရင်းအမြစ်ကျောက်ပြား ဘယ်လောက်တောင် ရလာတာလဲ ”
မိုဝူကျိက ရယ်မောလိုက်ရင်း ပြန်ဖြေတော့မည့်ဆဲဆဲတွင် ဝမ်ရုက နောက်တစ်ဖန် လျှောက်လှမ်းလာကြောင်း သတိပြုမိလိုက်၏။ ဝမ်ရု ရောက်ရှိလာမှုကြောင့် မိုဝူကျိက ပြန်မဖြေဘဲ ချုပ်ထိန်းထားလိုက်သည်။
“ အစ်ကိုကြီး ဝူကျိ … အစ်ကိုကြီး ပိုင်ယွဲ့ … ” ဝမ်ရုက အနည်းငယ် ဦးညွှတ်ကာ နှုတ်ဆက်လိုက်၏။ သူမ ခန္ဓာကိုယ် ပြန်မတ်မလာခင် အမျိုးသမီးတစ်ယောက်၏ ရနံ့သင်းသင်းလေးကို ရလိုက်၏။
မိုဝူကျိနှင့် ပိုင်ယွဲ့တို့က သူမ အပြုအမူတစ်ခုတည်းဖြင့် အမျိုးသမီးတစ်ယောက်၏ နူးညံ့လှသည့် သဘောတရားကို ပြသသွားခဲ့နိုင်သောကြောင့် ချီးကျူးမိလိုက်ကြသည်။
“ အရင်တုန်းက ကျွန်မ ညီမလေးရဲ့ အပြုအမူက အလွန်ဆိုးသွားခဲ့ပါတယ်။ အဲဒါကြောင့် ကျွန်မ အပြစ်ရှိသလို ခံစားနေလို့ … ”
ဝမ်ရု စကားဆုံးအောင်အထိ မစောင့်ဆိုင်းဘဲ မိုဝူကျိက လက်ခါကာ “ ဒီကိစ္စက ပြီးသွားပါပြီ။ ပြီးတော့ မင်းကလည်း တောင်းပန်ပြီးပြီဆိုတော့ ငါတို့ အဆုံးသတ်ပြီးပြီလေ ”
မိုဝူကျိက ထိုအမျိုးသမီးကို နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ အမျိုးသမီး တစ်ယောက်အဖြစ် မဆက်ဆံသင့်ကြောင်း ကောင်းစွာ သိထားသည်။
“ မင်းက ဝူကျိရဲ့ နာမည်ကို သိတယ်လား ” ဘေးတွင် ရပ်နေသည့် ပိုင်ယွဲ့က မရေမရာ မေးလိုက်သည်။
မိုဝူကျိက ရယ်မောကာ “ ကြည့်ရတာ မိန်းမကလေး ဝမ်ရုက နားပါးပုံပဲ။ ကျုပ်တို့တွေ စောစောက အတော်လေး လှမ်းတဲ့နေရာမှာ ရှိနေတာ သေချာပါတယ် ”
ထိုစဉ် မိုဝူကျိက ဘာမှဖုံးကွယ်ထားဖို့ စိတ်ကူးမရှိချေ။ ဝမ်ရု သူ့ဆီ ချည်းကပ်လာသည့် ရည်ရွယ်ချက်မှာ သူ့အား စမ်းသပ်ရန်သာ ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ သူ ရရှိလာသည့် အရင်းအမြစ်ကျောက်ပြား အရေအတွက်ကို ကြေညာတော့မည် ဖြစ်ရာ သူ့အနေနှင့် ဤအမျိုးသမီးဖြင့် အချိန်ဆက်ဖြုန်းနေစရာ မလိုတော့ပေ။
ဝမ်ရု၏ မျက်နှာထားမှာ အနည်းငယ် နီသွားလေ၏။ နေရခက်သည့် အမူအယာကြောင့် ပိုင်ယွဲ့က သူ့စကားကိုပင် နောင်တရမိသွားသည်။ သူက ဝမ်ရု၏ တုံ့ပြန်မှုအား မည်သို့ ပြန်လည် တုံ့ပြန်ရမည်မှန်း မသိတော့ပေ။
လက်ရှိ မီးခိုးရောင် ဝတ်ရုံနှင့် နတ်ဘုရားဘုရင်၏ အသံက ထပ်မံ ထွက်ပေါ်လာသည် “ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ရဲ့ အရင်းအမြစ်တိုက်ပွဲ ရလဒ် ထွက်ပေါ်လာပါပြီ။ နံပါတ်တစ်က အရင်းအမြစ်ကျောက်ပြားပေါင်း ၄၀၃၁ ခုနဲ့ သေမျိုးနယ်မြေရဲ့ မိုဝူကျိပါ … ”
အဆင့်များ ထွက်ပေါ်လာသည့်အခါ နိဗ္ဗာန်အသိပညာရပ် စင်မြင့်ပေါ်တွင် အသက်ရှုသံပင် ကြားရလောက်အောင်အထိ တိတ်ဆိတ်သွားသည်။
ဤသည်က မှားယွင်းနေတာလား …
သေမျိုးနယ်မြေတွင် လူတချို့သာ ရှိလေရာ အရင်းအမြစ်ကျောက်ပြား လေးထောင်ကျော် ဘယ်လိုလုပ် ရလာတာလဲ ….
သေမျိုးနယ်မြေမှာ စစ်ဆေးမှုတုန်းက ဝင်သွားတဲ့ လူနှစ်ယောက်တည်း ရှိတာ မဟုတ်ဘူးလား …
နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ စစ်ဆေးမှု ပြီးဆုံးသွားသည်မှာ ၁၁ နှစ် ရှိပြီ ဖြစ်သော်လည်း ထို ၁၁ နှစ်လေးအတွင်း ကောင်းကင်နတ်ဘုရားအဆင့် မည်မျှအထိ တက်လှမ်းနိုင်မည်နည်း။ ကောင်းကင်နတ်ဘုရားများက ဤမျှပင် အံ့ဖွယ် ဖြစ်နေပြီလား။
လူများစွာက မိုဝူကျိကို မသိကြသော်လည်း သူ့နာမည် ပေါ်ထွက်လာသည်နှင့် အားလုံး၏ အကြည့်များက မိုဝူကျိနှင့် ပိုင်ယွဲ့ဆီ ကျရောက်လာသည်။ သူတို့က မိုဝူကျိကို မသိလျှင်ပင် အားလုံး ကြည့်နေသည့်သူက မိုဝူကျိ ဖြစ်မည်မှန်း မှန်းဆမိလိုက်ကြ၏။
ဖူဖန်း၏ ပထမဆုံး အမူအယာမှာ သေမျိုးနယ်မြေမှ မိုဝူကျိနှင့် ပိုင်ယွဲ့အား ကြည့်လိုက်ခြင်း ဖြစ်၏။ သိပ်မကြာခင် သူက မိုဝူကျိ ခန္ဓာကိုယ်ဆီ အကြည့်ရောက်သွားသည့်အခါ မိုဝူကျိက လီဝူကျန့်ကို သတ်လိုက်သူမှန်း သေချာသိသွားသည်။
အကယ်၍ ကြေညာချက်ကြောင့်သာ မဟုတ်လျှင် ဖူဖန်းအနေနှင့် မိုဝူကျိအား လမ်းပေါ်တွေ့လျှင်ပင် မိုဝူကျိသည် နတ်ဘုရားအုပ်စိုးသူအဆင့် တစ်ယောက်ကို သတ်နိုင်လိမ့်မည်ဟု ယုံကြည်မိမည် မဟုတ်ပေ။ မိုဝူကျိက ကိုင်ကျိကို အလွယ်လေး သတ်ပစ်နိုင်လိမ့်မည်ဟုလည်း ယုံကြည်နိုင်မည် မဟုတ်ပေ။
“ အစ်ကိုကြီးမိုက ဒီလောက်တောင် အရင်းအမြစ်ကျောက်ပြား အများကြီး ရလာတာလား ” ဝမ်ရုက မိုဝူကျိအား တအံ့တဩ ကြည့်လိုက်သည်။ သူမက မိုဝူကျိသည် သူမ၏ ပင်းထန်းဝါးကို ယူသွားသည့်သူ ဖြစ်လိမ့်မည်ဟု သံသယ ဝင်လာမိတော့သည်။ ယခုအခါမှ သူမက မိုဝူကျိ၏ နာမည်အပြည့်အစုံကို သိလိုက်ခြင်း ဖြစ်၏။
မိုဝူကျိက ရယ်ရယ်မောမောဖြင့် ရိုးရိုးရှင်းရှင်း တည့်တိုးသာ ဖြေလိုက်တော့သည် “ ကျုပ်က ကံတော့ နည်းနည်းကောင်းတယ်လေ။ ကျုပ် ကျင့်ကြံသူနှစ်ယောက် တိုက်နေတာကို တွေ့လိုက်ရတာ။ နှစ်ယောက်လုံးကလည်း အသေအကြေဖြစ်သွားတာဆိုတော့ ကျုပ်က ကြားကနေ အခွင့်ကောင်း ယူလိုက်တာပေါ့ ”
အကယ်၍ ဝမ်ရုသာ ဤသို့ အခြေအနေမျိုး တစ်ခါမှ မဖြစ်ဖူးကြောင်း မသိလျှင် မိုဝူကျိသည် အမှန်အတိုင်း ပြောနေခြင်းလားဟု သံသယ ဝင်လာမိနိင်သည်။
ပိုင်ယွဲ့က မိုဝူကျိ လက်မောင်းအား စိတ်လှုပ်ရှားစွာ ကိုင်ဆွဲထားလိုက်ရင်း “ ဝူကျိ … မင်း တကယ်ကြီး ပထမနေရာ ရခဲ့တာပဲ။ ငါတို့ သေမျိုးနယ်မြေက ပထမရတာကွ … ဟားဟား ”
သူက မိုဝူကျိသည် အရင်းအမြစ်ကျောက်ပြားများစွာ ရခဲ့မှန်း သိသော်လည်း အရေအတွက် အတိအကျကို ယခုမှ သိလိုက်ရခြင်း ဖြစ်၏။
တစ်ချိန်တည်းဆိုသလို နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ ရင်ပြင်တွင် ရှိနေသော ရလဒ်အား စောင့်ဆိုင်းနေကြသည့် အားလုံးက ဆူဆူညံ့ညံ့ ဖြစ်လာကြသည်။
သေမျိုးနယ်မြေကဲ့သို့သော နေရာက ပထမနေရာ ရသွားတာလား ….
ဘာတွေ ဖြစ်နေတာလဲ … ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူနှစ်ယောက်နှင့် မွဲတေနေသည့် နယ်မြေက ပထမနေရာ ရသွားတာလား …
အားလုံးရှေ့တွင် ရှိနေသော ဧရာမ ပိတ်ကားချပ်ကြီး၌ သေမျိုးနယ်မြေသည် ပထမ ရသွားကြောင်း ရှင်းရှင်းလင်းလင်း ရေးသားထားသည်။ မိုဝူကျိက ပထမနေရာ ရသွားခြင်း ဖြစ်၏။
အားလုံး၏ အာရုံက သေမျိုးနယ်မြေဆီသာ ရောက်ရှိနေကြပြီး မည်သူကမှ ဒုတိယနေရာကို ဂရုမစိုက်ကြပေ။
မိုဝူကျိက အဆင့် ၂ ရသွားသူမှာ အရင်းအမြစ်ကျောက်ပြားပေါင်း ၂၇၂၆ ဖြင့် ကျူရှန်း ဖြစ်နေ၏။ ထိုသူမှာ ကြယ်ဖုံးတောင်မှ ဖြစ်ပေသည်။
ကြယ်ဖုံးတောင်အကြောင်းကို မိုဝူကျိက တော်တော်များများ ကြားဖူးထားသည်။ ယခင် နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ စစ်ဆေးမှုအတွင်း ကြယ်ဖုံးတောင်သည် ပထမနေရာ ချိတ်ခဲ့သည်။ ယခင် ပါရမီရှင် တပည့် ကျီဖေးယန်သည်လည်း ပထမနေရာ ရရှိခဲ့သည်။ ယခုအခါ ကျူရှန်းကလည်း ကြယ်ဖုံးတောင်က ဖြစ်နေသည်။
ထိုစဉ် မိုဝူကျိက ကျူရှန်းအား အရင်းအမြစ်ကျောက်ပြား ပြိုင်ပွဲ လုပ်ပေးသည့်အတွက် ကျေးဇူးတင်မိသွားသည်။ မဟုတ်လျှင် မိုဝူကျိက နံပါတ် ၂ သို့မဟုတ် နံပါတ် ၃ သာ ဖြစ်လောက်သည်။ မည်သို့ပင်ဆိုစေကာမူ နံပါတ် ၂ ဖြစ်စေ၊ နံပါတ် ၃ ဖြစ်စေ မသင်္ကာ ဖြစ်ခံရမည့်အတူတူ ပထမနေရာကိုသာ အရယူပစ်လိုက်မည်။
နာမည်များက တစ်ခုပြီး တစ်ခု ထွက်လာသောကြောင့် မိုဝူကျိက အာရုံမစိုက်ထားတော့ပေ။
အဆင့်ကြေညာချက် ထုတ်ပြီးသည့်နောက်တွင် သူက အရင်းအမြစ်များစွာကို စုဆောင်းပြီး ပိုင်ယွဲ့နှင့်အတူ သေမျိုးနယ်မြေသို့ မြန်မြန် ပြန်လာလိုက်ကြသည်။ သူနှင့် ပိုင်ယွဲ့အတွက် အရေးကြီးဆုံးအရာမှာ သေမျိုးနယ်မြေ၌ ထိပ်တန်းအဆင့် စွမ်းအားစုစည်းရေး အစီအရင် ခင်းကျင်းရန် လိုအပ်နေခြင်း ဖြစ်၏။
မိုဝူကျိက အဆင့် ၅ အစီအရင်ဘုရင် ဖြစ်နေပြီ ဖြစ်ရာ ပိုင်ယွဲ့၏ အကူအညီဖြင့် သူတို့က ထိပ်တန်း အဆင့် ၅ နတ်စွမ်းအားစုစည်းရေး အစီအရင်ကို လဝက်အတွင်း ခင်းကျင်းနိုင်ခဲ့သည်။
သိပ်သည်းလွန်းသော နတ်ဝိညာဉ်စွမ်းအားများက သေမျိုးနယ်မြေဆီ စီးဆင်းလာကြသည်။ ထိုစဉ် တခြားသူများက မည်မျှ စိတ်မပျော်စေကာမူ မည်သူကမှ သေမျိုးနယ်မြေ၏ စွမ်းအားစုစည်းရေး အစီအရင်အား ထောက်ပြပြောဆို၍ မရတော့ပေ။
“ ဝူကျိ … ဒီတစ်ခေါက် အရင်းအမြစ်တိုက်ပွဲမှာတုန်းက ငါ ရှေးဦးမူလ နတ်ဝိညာဉ်စွမ်းအားနဲ့ မကျင့်ကြံနိုင်ခဲ့ဘူး။ ငါ့အင်အားက အရမ်းကို အားနည်းနေသေးတယ်။ အခု စွမ်းအား စုစည်းရေး အစီအရင် ခင်းကျင်းပြီးရင် ငါ သေမျိုးနယ်မြေမှာ တံခါးပိတ် ကျင့်ကြံမလို့ ဆုံးဖြတ်ထားတယ်။ ပြီးတော့ မင်းလည်း အပြင်မထွက်တာ ပိုကောင်းတယ်။ ကိုင်ကျိနဲ့ လီဝူကျန့်တို့ကို သတ်ထားတာဆိုတော့ အပြန်သီးသန့် နတ်ဘုရားဂိုဏ်းရော၊ ကျင့်ကြံသူများ အစုအရုံးအဖွဲ့ရော မင်း ထွက်လာတာနဲ့ ပြဿနာ ရှာကြလိမ့်မယ်။ မင်းကို လွယ်လွယ်နဲ့ လွတ်ပေးမှာ မဟုတ်လောက်ဘူး ” ပိုင်ယွဲ့က သူ့အင်အားအကြောင်း ကောင်းကောင်း သိပေသည်။ သူက အဆင့်တူအတွင်းရှိ ကျင့်ကြံသူအများစုကို မကြောက်သော်လည်း သူ့ကျင့်ကြံဆင့်မှာ အလွန်နိမ့်ကျနေသည်ဟု ခံစားမိနေသည်။
ပိုင်ယွဲ့က မိုဝူကျိအား ဆက်ပြောစရာ မရှိတော့ပေ။ ကိုင်ကျိကို သတ်ပြီးနောက် အဆင့်တက်လာသည့် လီဝူကျန့်ကို သတ်ပစ်နိုင်ခြင်းကား မိုဝူကျိသည် သေမျိုးနယ်မြေမှ ဖြစ်နေ၍ သူ ဝမ်းသာမိကြောင်းသာ ပြောမိလိမ့်မည်။
“ ငါ သိပါပြီ ” မိုဝူကျိကလည်း ဆက်လက် ကျင့်ကြံဖို့သာ ရည်ရွယ်ထားသည်။ ချီချွမ်း၏ ချီသွေးကြောများက ပွင့်နေပြီ ဖြစ်ရာ သူ့ကမ္ဘာဦး စိတ်ဝိညာဉ် တစ်ဝက်လောက်က လူသားတာအို၏ ကမ္ဘာဦး စိတ်ဝိညာဉ်အဖြစ် ပြောင်းလဲပြီးလေပြီ။ တာ့ဟွမ်နှင့် ရွိုက်ကောတို့၏ ကျင့်ကြံဆင့်မှာလည်း အလျှင်အမြန် တိုးတက်နေသောကြောင့် မိုဝူကျိက တံခါးပိတ် လေ့ကျင့်ရန် ဆုံးဖြတ်ထားသည်။ သူက နတ်ဘုရားအုပ်စိုးသူအဆင့် တက်လှမ်းဖို့ အခွင့်အရေး ထွက်မရှာခင် ကောင်းကင်နတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့်အထိ ရောက်လိုမိသည်။
မိုဝူကျိက ထိုစကားကို ရေရွတ်ပြီးနောက် သတင်းပို့ ဓားပျံတစ်ချောင်းက သူ့ရှေ့ ကျရောက်လာသည်။
မိုဝူကျိက သတင်းပို့ ဓားပျံကို ဆုပ်ကိုင်ထားပြီးနောက် သူ့အမူအယာမှာ ပျက်ယွင်းလာသည်။
“ ဘာလို့လဲ ” ပိုင်ယွဲ့က မြန်မြန် မေးလိုက်သည်။
“ ကျောင်းတော်ရဲ့ စီနီယာတစ်ယောက်က ငါ့ကို တာဝန်တစ်ခု ပေးလို့။ ငါ သူ့ကို ကတိပေးထားတာ ကြာပြီဆိုတော့လေ သေမျိုးနယ်မြေကနေ ခဏ ထွက်သွားရဦးမယ် ထင်တယ် ” မိုဝူကျိက ပြန်ဖြေလိုက်သည်။
သူ့အား တောင်းဆိုထားသူမှာ ဟုန်မုန့်စွမ်းအင်အကြောင်း ထုတ်ပြောသူ ဖြစ်ပြီး တာဝန်တစ်ခု ပြီးစီးရန် ပြောထားခြင်း ဖြစ်၏။ ဤလူက စန်းကျန့်ရှန်း၏ မိတ်ဆွေ ဖြစ်နေသောကြောင့် နိဗာနကုန်းမြေ၌ ထိပ်တန်း ပညာရှင်တစ်ယောက် ဖြစ်မည်မှာ ယုံမှားဖွယ် မရှိပေ။
မိုဝူကျိက အပြင်ထွက်ရန် လိုအပ်ကြောင်း ကြားသောအခါ ပိုင်ယွဲ့၏ အမူအယာမှာ ပျက်ယွင်းသွားသည်။ ဤအချိန်မျိုး၌ မိုဝူကျိအား တာဝန်တစ်ခု ပေးအပ်ခြင်းမှာ သေတွင်းဆီ ပို့နေသလို မဟုတ်ပါလော။
သိပ်မကြာခင် မိုဝူကျိက တည်ငြိမ်သွားပြီး “ ပိုင်ယွဲ့ … အဲဒီ စီနီယာက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ရဲ့ ပညာရှင်ထဲက တစ်ယောက်ဆိုတော့ ငါ့ကိုတော့ သေတွင်း မပို့လောက်ပါဘူးကွာ။ ပြီးတော့ ငါက သူ့ကို ငြင်းဖို့ အကြောင်းပြချက် မရှိဘူးကွ … ငါ ရွိုက်ကောနဲ့ တာ့ဟွမ်ကို ခေါ်သွားလိုက်မယ်။ ဒီနေရာကို မင်းနဲ့ ချီချွမ်းဆီ အပ်ခဲ့ပါတယ်ကွာ … တကယ်လို့ ငါ တော်တော်ကြာတဲ့အထိ ပြန်ရောက်မလာခဲ့ရင် မင်း သေမျိုးနယ်မြေဆီ တခြားသူတွေကို ဝင်ဖို့ လူရွှေးထားလိုက်တော့ ”
မိုဝူကျိ ရရှိလာသော ပထမနေရာအတွက် ဆုလာဘ်များကြား တပည့်များ လက်ခံနိုင်ခွင့်လည်း ပါပေသည်။ တခြားနည်းဖြင့်ဆိုရလျှင် သူက သေမျိုးနယ်မြေကို ထိန်းချုပ်ခွင့် ရထားသည်။
ပိုင်ယွဲ့လည်း ကူကယ်ရာမဲ့သလို ခံစားမိနေသည်။ သူက ဤတာဝန်ကို ဝင်မကူညီနိုင်သလို၊ နှောင့်လည်း မနှောင့်ယှက်နိုင်သည့်အတွက် ပြန်သာ ပြောလိုက်ရသည် “ မင်းဘာသာ ကောင်းကောင်း ဂရုစိုက်ဦး၊ ချီချွမ်းနဲ့ငါက တံခါးပိတ် လေ့ကျင့်နေဦးမှာဆိုတော့ တပည့်တွေ လက်ခံတာက မင်းရောက်တဲ့အထိ စောင့်လို့ ရတယ် ”
ပိုင်ယွဲ့က အဆင့် ၃ ဆေးလုံးဆရာ ဖြစ်သော်လည်း မိုဝူကျိက ပိုင်ယွဲ့အတွက် ဆေးလုံးတချို့ ပေးကာ ညွှန်ကြားလိုက်သည် “ ပိုင်ယွဲ့ … မင်း ဝမ်ရုလို့ ခေါ်တဲ့ အမျိုးသမီးကို အတော်လေး သတိထားရမယ်။ သူမက မင်းထင်သလောက် မရိုးရှင်းဘူး။ သူမက ကျင့်ကြံဆင့်ကိုပါ ကောင်းကောင်း ဖုံးကွယ်ထားတာ … သူမရဲ့ တကယ့်ကျင့်ကြံဆင့်နဲ့ မင်းကို အလွယ်လေး သတ်သွားလို့ ရတယ် ”
“ ဝမ်ရုရဲ့ အင်အားက ငါ့ထက် ကျော်နေတာလား ” ပိုင်ယွဲ့က မိုဝူကျိ၏ စကားများကြောင့် မျက်လုံးပြူးသွားသည်။
“ ငါ့ကို ယုံစမ်းပါ … မင်း နတ်ဘုရားအုပ်စိုးသူအဆင့် မရောက်ခင် အဲဒီ မိန်းမနဲ့ တစ်ယောက်တည်း မတွေ့နဲ့။ ငါ အရင်သွားနှင့်မယ် ” မိုဝူကျိက နောက်တစ်ခါ သတိပေးပြီးနောက် ရွိုက်ကောနှင့် တာ့ဟွမ်တို့အား ခေါ်သွားလိုက်သည်။
သဟဇာတ နတ်ဘုရား ဖြစ်နေနိုင်သည့် ပညာရှင်တစ်ဦးက သူ့အား တာဝန်ပြီးမြောက်ရန် စေခိုင်းလာသည်။ မိုဝူကျိက သူ့အား ငြင်းဆန်ရန် အခွင့်အရေးပင် မရှိပေ။
ကံကောင်းစွာဖြင့် သူ့လူသားကမ္ဘာသည် လက်ရှိ ကီလိုမီတာငါးထောင် အကျယ်အဝန်း ရှိနေပြီ ဖြစ်ရာ စည်းမျည်းများမှာလည်း ရျွိက်ကောနှင့် တာ့ဟွမ်တို့၏ ကျင့်ကြံရေး စည်းမျည်းများထက် ပို၍ မြင့်ပေသည်။ ရွိုက်ကောနှင့် တာ့ဟွမ်တို့က သူ့လူသားကမ္ဘာထဲ ယခင်ထက် မြန်မြန်ဆန်ဆန် ဆက်လက်၍ ကျင့်ကြံနိုင်လိမ့်မည်။
မိုဝူကျိက သူ့ခန္ဓာကိုယ်အား သေချာဖုံးကွယ်ကာ လူသားကမ္ဘာမှ ထွက်လာလိုက်သည်။ သူက သဟဇာတ နတ်ဘုရားတစ်ဦးနှင့် တွေ့ဆုံပြီး တာဝန် လက်ခံမည် ဖြစ်ရာ သူ မိုဝူကျိက သေမျိုးနယ်မြေမှ ထွက်သွားပြီ ဖြစ်ကြောင်း တစ်လောကလုံးကို အသိပေးနေ၍ မဖြစ်ပေ။
မိုဝူကျိ မျှော်လင့်မထားသည်က သူ သေမျိုးနယ်မြေ၏ ကာကွယ်ရေး အစီအရင်အပြင်ဘက် ထွက်လိုက်သည်နှင့် အားကောင်းသော ကမ္ဘာဦး စိတ်ဝိညာဉ်တစ်ခုက သူ့အား ခေါ်ဆောင်သွားတော့သည်။
သူ ကြမ်းပြင်ပေါ် ရောက်လာပြီးနောက် ကျောက်အိမ်တစ်လုံးရှေ့ ရပ်နေသည်ကို တွေ့လိုက်ရသည်။ အိမ်အတွင်း၌ ကျောက်ထိုင်ခုံပေါ်တွင် ဆံဖြူအဘိုးအိုတစ်ယောက် ထိုင်နေသည်။ သူက မကြာခင် သေဆုံးတော့မည့်ဟန် ပေါ်နေ၏။
မိုဝူကျိက ဤလူသည် မရိုးရှင်းကြောင်း အသေအချာ သိထား၏။ ဤနေရာတွင် ထိုင်နေရုံဖြင့် သူ့အား သေမျိုးနယ်မြေမှ ခေါ်ဆောင်လာဖို့ ကမ္ဘာဦး စိတ်ဝိညာဉ်ကို အသုံးပြုခြင်းက သာမာန်လူများ လုပ်နိုင်သည့်အရာ သေချာပေါက် မဟုတ်ပေ။
“ မိုဝူကျိက စီနီယာကို ဂါရဝပြုပါတယ်ခင်ဗျ … စီနီယာက ကျုပ်ကို ဘာများညွှန်ကြားပေးချင်တာပါလဲ ” မိုဝူကျိက လက်နှစ်ဖက် ယှက်ကာ မေးလိုက်သည်။
***