နတ်ဘုရားကုန်းမြေ၏ ယုမျိုးနွယ်
Vol. 74 Ch. 1020
“ငါ့နာမည်က ရှင်းမူ”
ဆံဖြူအကြီးအကဲသည် မိုဝူကျိ၏ မေးခွန်းကို မဖြေဘဲ ထိုအစား သူက သူ့နာမည်ကို မိုဝူကျိအား ပြောပြလိုက်သည်။
မိုဝူကျိက စိတ်ထဲတွင် ထိုသူ့နာမည်မှာ ထိုသူနှင့် မည်မျှ လိုက်ဖက်သင့်တော်ကြောင်း အံ့သြစွာ ရေရွတ်မိသည်။
ရှင်းမူက ဆက်ပြောလိုက်သည်။
“နောက်ဆုံး ထွက်ပေါ်ထားတဲ့ နတ်ဘုရားသိုက်မြုံမှာ ဘာတွေဖြစ်ပျက်သွားလဲဆိုတာ မင်းသိတယ်မလား”
မိုဝူကျိက သတိထားရင်း ခေါင်းငြိမ့်လိုက်သည်။
“ဟုတ်ကဲ့… ကျုပ် ပြန်ရောက်လာတော့ ကြားမိပါတယ်”
ရှင်းမူက ခေါင်းငြိမ့်ကာ မေးလိုက်သည်။
“သူတို့ပြောပြတဲ့ အဲ့ဒီကျူးကျော်ကျင့်ကြံသူတွေကို မင်း ဘယ်လိုထင်လဲ။ နတ်ဘုရားနယ်မြေနဲ့ နတ်ဘုရားကုန်းမြေတို့က အဲ့လောက် တာဝန်အကြီးစားတွေ ထမ်းဆောင်ဖို့ လွှတ်လိုက်တာ… အဲ့ဒီကျူးကျော်ကျင့်ကြံသူတွေက ငါတို့ နတ်ဘုရားကမ္ဘာအပေါ် အထင်သေးရဲလိမ့်မယ်လို့ မင်းထင်လား”
ထိုကိစ္စများအကြောင်း ဘာမှမသိသော်လည်း မိုဝူကျိက ထိုအပေါ် ထင်မြင်ချက်ရှိသည့်ပုံ ဟန်ဆောင်ကာ
“ကျူးကျော်ကျင့်ကြံသူတွေက ကျူးကျော်ကျင့်ကြံသူတွေအနေနဲ့ပဲ ဆက်လက်တည်ရှိနေမယ်လို့ ကျုပ်ယုံကြည်တယ်။ တဖြည်းဖြည်းနဲ့ နောက်ဆုံးမှာ ကျုပ်တို့ နတ်ဘုရားကမ္ဘာကပဲ အနိုင်ရရှိမှာ အသေအချာပါပဲ”
ရှင်းမူက မဲ့ကာ
“သူတို့မျက်လုံးထဲမှာ ငါတို့တွေက ဘာတွေလဲ ဆိုတာ မင်းသိလား”
မိုဝူကျိက ခေါင်းခါလိုက်သည်။
ရှင်းမူက အေးစက်စက် အသံဖြင့် ပြောလိုက်သည်။
“သူတို့မျက်လုံးထဲမှာ နတ်ဘုရားနယ်မြေနဲ့ နတ်ဘုရားကုန်းမြေက ကျင့်ကြံသူတွေက ကျူးကျော်ကျင့်ကြံသူတွေတဲ့။ သူတို့ကမှ တာအိုကျင့်ကြံခြင်းရဲ့ နတ်ဘုရားအစစ်တွေလို့ သူတို့က ယုံကြည်ထားကြတယ်”
မိုဝူကျိက မတုန်လှုပ်ပေ။ အားလုံးသည် တစ်ဖက်နှင့်တစ်ဖက် ဆန့်ကျင်ပြိုင်ဆိုင်နေကြသည်ဖြစ်ရာ တစ်ဖက်ကို မှိုချိုးမျှစ်ချိုးပြောရန် တစ်ဖက်က အကောင်းဆုံးကြိုးစားကြမည်သာ ဖြစ်သည်။ သူတို့သည် နဂိုမူလ မဟုတ်ဘဲ တစ်ဖက်က နဂိုမူလဖြစ်သည်ဟု မည်သူကမျှ ယုံကြည်လိမ့်မည် မဟုတ်ပေ။
ရှင်းမူက အသာ တုံ့ပြန်လိုက်သည်။
“မင်း ကြည့်ရတာ သဘောမတူတဲ့ပုံပါလား”
မိုဝူကျိ၏တုံ့ပြန်မှုကို မစောင့်ဘဲ ရှင်းမူက ဆက်ပြောလိုက်သည်။
“အရိုးသားဆုံး ဝန်ခံရရင် သူတို့တွေဟာ တကယ်ပဲ တာအိုကျင့်ကြံခြင်းနတ်ဘုရားအစစ်တွေမို့လို့ သူတို့ပြောတာက မှန်တယ်။ သူတို့က ကောင်းကင်စည်းမျဉ်းတွေရဲ့ ဂရုစိုက်မှုနဲ့ ပူပန်မှုတွေကို တကယ်ရရှိထားတဲ့ မျိုးနွယ်ပဲ။
အသိဉာဏ်ပညာအရဖြစ်စေ ခန္ဓာကိုယ်အရဖြစ်စေ သူတို့တွေက ငါတို့တွေထက် သာလွန်နေတယ်။ သူတို့ရဲ့မောက်မာဂုဏ်မောက်မှုကြောင့် တခြားမျိုးနွယ်တွေအကုန်လုံးကို သူတို့သတ်ချင်တိုင်းသတ်၊ ဖြတ်ချင်တိုင်းဖြတ်လို့ရတဲ့ ပုရွက်ဆိတ်လို တည်ရှိမှုမျိုးအဖြစ် သတ်မှတ်ထားတာကွ”
“စီနီယာ…”
ရှင်းမူက ဟိုဘက်လူတွေ မှန်ကြောင်း ပြောဆိုနေသည်ကို ကြားသောအခါ မိုဝူကျိသည် ချက်ချင်း မပျော်မရွှင် စိတ်မသက်မသာဖြစ်သွားသည်။
သူ စကားတစ်ခွန်း ရေရွတ်ရသေးစဉ် ရှင်းမူက သူ့ကို တားလိုက်သည်။
“မင်း ဘာပြောချင်လဲ ငါသိတယ်။ ဒါပေမဲ့ ငါ မင်းကို လိမ်နေတာ မဟုတ်ဘူး။ နတ်ဘုရားကမ္ဘာမှာရှိတဲ့ ကျင့်ကြံသူတိုင်းက သူတို့နဲ့ တကယ့်ကို မယှဉ်နိုင်တာ။
ဘာနေရာမှာပဲဖြစ်ဖြစ် ငါတို့တွေက သူတို့တွေကို မယှဉ်နိုင်ဘူးကွ။ နတ်ဘုရားမျိုးနွယ်လို့ခေါ်တဲ့ မျိုးနွယ်တစ်ခုကို မင်း ကြားဖူးမလား မသိဘူး”
နတ်ဘုရားမျိုးနွယ်…
မိုဝူကျိ၏ ရင်ထဲ အံ့သြသွားသည်။
နတ်ဘုရားမျိုးနွယ်အား ဘယ်လိုလုပ် သူ မသိဘဲ နေပါ့မည်နည်း။ စကြာဝဠာအစွန်းရှိ နတ်ဘုရားမျိုးနွယ်မှာ သူ၏ ဦးဆောင်မှုအောက်တွင် အဖျက်ဆီးခံခဲ့ရသည်။ ထို့အပြင် နတ်ဘုရား ချောက်ကမ်းပါးကုန်းမြေကိုလည်း မျိုးနွယ်စုအမျိုးမျိုးအနက် နယ်မြေများကို အသီးသီး ခွဲခြားကန့်သတ်ထားလေသည်။
သူက နတ်ဘုရားချောက်ကမ်းပါးကုန်းမြေ၏ ရှေးဟောင်းကျိန်စာ မှော်အက္ခရာများကို ပြန်စဉ်းစားမိသွားသည်။ ထိုစဉ်တုန်းက သူသည် မှော်အက္ခရာများအကြောင်း ဘာမှမသိသေးသဖြင့် ထိုအရာများကို မမှတ်သား မရေးထွင်းခဲ့ပေ။ ယခု ပြန်စဉ်းစားကြည့်ပါမှ ထိုကျိန်စာမှော်အက္ခရာများသည် အာကာပြင်လမ်းကြောင်း၏ စွမ်းအားတစ်ခုကို အတူခေါ်ဆောင်လာဟန် ရှိလေသည်။ ထိုအာကာပြင်လမ်းကြောင်းမှာ နတ်ဘုရားမျိုးနွယ်ဆီသို့ ဦးတည်နေသည့်လမ်းကြောင်းများလေလားဟု သူက တွေးလိုက်သည်။
“သူတို့က နတ်ဘုရားမျိုးနွယ်လား”
မိုဝူကျိက တအံ့တသြ ရေရွတ်လိုက်သည်။
ရှင်းမူက ခေါင်းငြိမ့်ကာ
“ကြည့်ရတာ နတ်ဘုရားမျိုးနွယ်ကို မင်း ကြားဖူးပုံပဲ။ အရိုးသားဆုံးပြောရရင် နတ်ဘုရားကမ္ဘာရဲ့ ကျင့်စဉ်တစ်ဝက်လောက်က နတ်ဘုရားမျိုးနွယ်ရဲ့ပညာရှင်တွေ ချန်ရစ်ထားခဲ့တဲ့ဟာတွေရယ်။ ဒါကြောင့် ရှုထောင့်တစ်ခုကနေကြည့်ကြည့်ရင် သူတို့ရဲ့စကားတွေက မမှားဘူး။ သူတို့တွေဟာ အခမ်းနား အကြီးမြတ်ဆုံး သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတဲ့သူတွေဆိုတာ အမှန်ပဲ။ တာအိုကျင့်ကြံခြင်းမှာ မျက်နှာသာအပေးခံရသူတွေပေါ့”
မိုဝူကျိက လက်နှစ်ဖက်ကို ယှက်လိုက်ရင်း တုံ့ပြန်လိုက်သည်။
“စီနီယာ… သူတို့တွေက တာအိုကျင့်ကြံခြင်းမှာ မျက်နှာသာအပေးခံရသူတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့တွေက အခမ်းနား အကြီးမြတ်ဆုံး သွေးမျိုးဆက်ဖြစ်တယ် ဆိုတဲ့အချက်ကိုတော့ ကျုပ် လက်မခံဘူး”
ရှင်းမူသည် မိုဝူကျိ၏ ငြင်းခုံမှုကို သိပ်အလေးထား မနေဘဲ ဆက်ပြောလိုက်သည်။
“နတ်ဘုရားမျိုးနွယ်က အမြဲတမ်း သူတို့ကသာလျှင် နတ်ဘုရားကမ္ဘာရဲ့ နတ်ဘုရားအစစ်တွေလို့ ယုံကြည်ထားကြတာ။ နတ်ဘုရားကမ္ဘာကို ဘယ်လိုနည်း ဘယ်လိုပုံစံနဲ့ပဲ ရောက်လာခဲ့ ရောက်လာခဲ့… ရောက်လာသမျှ ကျင့်ကြံသူတွေ၊ ပညာရှင်တွေ၊ ဘယ်သူမဆို အားလုံးဟာ သူတို့နတ်ဘုရားမျိုးနွယ်အတွက် အနစ်နာခံ၊ အသုံးခံဖို့ ပူဇော်ဆက်သခံရမယ်တဲ့။
ငါ မင်းကို သေချာအနီးကပ် စောင့်ကြည့်နေရတဲ့ အကြောင်းအရင်းက မင်းရဲ့မွေးရာပါ အစီအရင်တာအိုစွမ်းရည်ကြောင့်ပဲ။ နတ်ဘုရားနယ်မြေပဲဖြစ်ဖြစ် နတ်ဘုရားကုန်းမြေပဲဖြစ်ဖြစ်၊ အစီအရင်တာအို တစ်ခုတည်းကပဲ နတ်ဘုရားမျိုးနွယ်တွေကို အချိန်ခဏလောက် ထိန်းထားနိုင်လိမ့်မယ်”
“စီနီယာ… စီနီယာက ကျုပ်ကို နတ်ဘုရားမျိုးနွယ်ရဲ့ ပညာရှင်တွေကို ခုခံတားဆီးဖို့ နတ်ဘုရားသိုက်မြုံဆီကို သွားစေချင်တာလား”
မိုဝူကျိက ချက်ချင်း မေးလိုက်သည်။
အကယ်၍ ထိုသို့ဖြစ်နေလျှင် မိုဝူကျိသည် ရှောင်သာသွားလိုက်မည် ဖြစ်သည်။ သူ့အား ကာကွယ်ပေးမည့် နတ်ဘုရားဘုရင် အနည်းငယ်လောက် ရှိမည့်အခြေအနေမှလွဲ၍ ထိုနေရာသို့သွားခြင်းသည် သူ့ကိုယ်သူ သွားသေသကဲ့သို့သာ ဖြစ်နေလိမ့်မည်။
ရှင်းမူက အကျယ်ကြီး အော်ရယ်လိုက်ပြီး
“ငါက ရှေ့ဖြစ်မယ့်ဟာတွေကို ကြိုမသိနိုင်ပါဘူးကွာ။ ငါ မင်းကို ငါ့အတွက် ကိစ္စတစ်ခုလုပ်ပေးဖို့ တောင်းဆိုတုန်းက နတ်ဘုရားနယ်မြေနဲ့ နတ်ဘုရားကုန်းမြေတို့က အချိတ်အဆက်မှ မမိသေးတာ။ ဒီကိစ္စတွေကို ငါ ဘယ်လိုလုပ် သိမှာတုန်းကွ။
ဟိုး နှစ်များစွာတုန်းက ငါ လူတစ်ယောက်ဆီမှာ ကျေးဇူးကြွေးတစ်ခု တင်ဖူးတယ်။ အခု အဲ့ဒီလူရဲ့မျိုးဆက်က အကူအညီတံဆိပ်ပြားကို ထုတ်ပြီး သူက ငါ့ကို သူ့အတွက် ကာကွယ်ရေးအစီအရင်တစ်ခု ကူညီခင်းကျင်းပေးဖို့ တောင်းဆိုလာတယ်။
ငါက အခုလို လူအိုကြီးတစ်ယောက် ဖြစ်နေပြီလေ… ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ့ကို ကူညီပေးဖို့ မင်းဆီ လာတောင်းဆိုရတာပဲ”
လက်စသတ်တော့ ထိုအကြောင်းကြောင့် ရှင်းမူက မိုဝူကျိအား လာရှာသည်ကိုး….
ရှင်းမူက စောစောတုန်းက နတ်ဘုရားမျိုးနွယ်အကြောင်း မိုဝူကျိကို ပြောပြရသည့် အကြောင်းအရင်းအား မိုဝူကျိ နားလည်သည်။ ရှင်းမူက သူ့ကို ဆုတစ်ခု ပေးလိုက်ခြင်းသာ ဖြစ်သည်။ မိုဝူကျိသည် ရှင်းမူအား မရွံမုန်းဘဲ မနေနိုင် ဖြစ်မိသည်။ စန်းကျန့်ရှင်းနှင့် နှိုင်းယှဉ်ပါက ရှင်းမူသည် အင်မတန် တွန့်တိုလွန်းသည်။ သူက သူတင်နေသည့်အကြွေးကို ဆပ်ရန် မိုဝူကျိအား အကူအညီတောင်းသည်။ အပြန်အလှန်အနေဖြင့် သူက သတင်းတချို့ကိုသာ ဆုအဖြစ် မိုဝူကျိအား ပေးသည်။
မိုဝူကျိသည် နတ်ဘုရားကုန်းမြေကိုကော နတ်ဘုရားနယ်မြေကိုပါ စိတ်မဝင်စားပေ။ ဤနေရာကို သူ မကြိုက်ပါက ဤနေရာမှ ထွက်သွားလိုက်ရုံသာ ရှိသည်။
“ကျုပ် စီနီယာကို ကူညီပြီး ကျေးဇူးကြွေးပြန်ဆပ်ပေးဖို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ကျုပ် လူအများကြီးနဲ့ ပြဿနာတက်ထားတယ်။ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ကနေ ထွက်လိုက်တာနဲ့ ကျုပ်ရဲ့ခေါင်းအတွက် လူတချို့က ကျုပ်နောက်ကို လိုက်လာကြမှာကိုပဲ စိုးရိမ်မိပါတယ်”
မိုဝူကျိက ပွင့်ပွင့်လင်းလင်း ပြောပြလိုက်သည်။
ရှင်းမူက ခေါင်းငြိမ့်ကာ
“မင်းတို့ သေမျိုးနယ်မြေက လူတွေက အရမ်းအားကောင်းကြတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက စိုက်ပျိုးရေးဧကရာဇ်ကလည်း ပါရမီရှင်တပည့်တချို့ကို သတ်ပစ်ခဲ့တာတောင်မှ ကောင်းကောင်းမွန်မွန် အသက်ဆက်ရှင်နိုင်သေးတဲ့အပြင် သေမျိုးနယ်မြေကိုပါ ထူထောင်လိုက်သေးတယ်”
မိုဝူကျိက စိတ်ထဲတွင် အေးစက်စွာ လှောင်ရယ်လိုက်သည်။
ကောင်းကောင်း အသက်ရှင်တယ် ဟုတ်လား…
ထိုသို့ဆိုလျှင် အဘယ်ကြောင့် စိုက်ပျိုးရေးဧကရာဇ်သည် သူများ အသတ်ခံလိုက်ရသည်ဟူသော ကောလာဟလများ ထွက်နေရသနည်း။
ရှင်းမူသည် မိုဝူကျိအား ကူးပြောင်းအစီအရင်အဆောင်နှစ်ခု ပေးလိုက်သည်။
“ဒီအဝါရောင်ကူးပြောင်းအဆောင်က မင်းကို ယုမျိုးနွယ်ပရဝဏ်အနား တစ်နေရာရာထိ ချက်ချင်း ပို့ပေးလိမ့်မယ်။ ယုမျိုးနွယ်က ငါ့ကျေးဇူးရှင်ရဲ့မျိုးနွယ်ပဲ။ အစိမ်းရောင်အဆောင်က မင်းကို နိဗာနတာအိုမြို့အပြင်ကို ပို့ပေးလိမ့်မယ်။ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်အပြင်ကို ရောက်ပြီးရင်တော့ မင်းမှာ မင်းရဲ့ဝှက်ဖဲတွေ အများကြီးရှိသေးတယ်လို့ ငါ ယုံကြည်တယ်။
အိုး ဟုတ်သားပဲ… ဒီမှာ ဒါလေးက တံဆိပ်ခတ်စာစောင် အဆောင်ပဲ။ ဒါကို ယုမျိုးနွယ်ဝင် တစ်ယောက်ယောက်ကို ပြလိုက်တာနဲ့ ဘာလုပ်ရမယ်ဆိုတာ သူတို့သိလိမ့်မယ်။ ဒါပါပဲ… မင်း အခုပဲ သွားလို့ရပြီ”
ပြောရင်းဖြင့် ရှင်းမူက တံဆိပ်ခတ်စာစောင် အဆောင်တစ်ခုကို ထုတ်ယူလိုက်သည်။
မိုဝူကျိသည် ဤဘိုးတော် ကပ်စေးနှဲပုံကို စိတ်ထဲတွင် သက်ပြင်းချမိသည်။ သူ့လို အားကောင်းသော ပညာရှင်တစ်ယောက်က မိုဝူကျိအား အဆင့်မြင့် မျက်နှာဖုံးတစ်ခုလောက် လက်ဆောင်ပေးလိုက်လျှင် သေသွားမှာမို့လို့လား…
ယခု ရှင်းမူက သူ့အား ထွက်ခွာရန် စိုက်ကြည့်နေလေရာ အဝါရောင်အဆောင်ကို ချိုးလိုက်ပြီး ထွက်သွားရုံသာ သူ တတ်နိုင်တော့သည်။
အဝါရောင်အလင်းတန်းတစ်ခုက လွှမ်းခြုံလာပြီး မိုဝူကျိအား ခေါ်ဆောင်သွားလေသည်။
ပြင်းထန်သော အာကာပြင်လှုပ်ခတ်မှုတစ်ခုကို ခံစားလိုက်ရကာ မိုဝူကျိ၏ စိတ်စွမ်းအားမှာလည်း စတင်ဝေဝါးလာသည်။ သူ့စိတ်ထဲတွင် ထိုနေရာမှာ မည်မျှတောင် ဝေးသနည်းဟု တွေးနေမိသည်။
ကံကောင်းထောက်မစွာပင် ကူးပြောင်းအဆောင်မှာ အာကာပြင်စွမ်းအားများ ကုန်ခန်းသွားပြီဖြစ်ကာ မိုဝူကျိသည် အာကာပြင်မှ ပြုတ်ကျသွားသည်။
“ဘုန်း”
မိုဝူကျိ ဆင်းသက်လိုက်သည့်အခါ ဧရာမရွံ့တွင်းကြီးတစ်ခု ဖြစ်ပေါ်သွားသည်။ မိုဝူကျိသည် ဝိဇ္ဇာကိုယ်ထည်အဆင့်ထဲ ရောက်နှင့်နေပြီးသား ဖြစ်၍သာ ကံကောင်းသွားသည်။ ပင်ပန်းသည့်ပုံစံ ပေါက်နေသည်မှလွဲ၍ တခြားမည်သည့် ဒဏ်ရာမှ မရရှိလိုက်ချေ။
ဤအခိုက်အတန့်၌ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ အရင်းအမြစ်တိုက်ပွဲအတွက် သုံးခဲ့သော ကူးပြောင်းအစီအရင်တံခါးပေါက်မှာ ရှင်းမူ တည်ဆောက်ထားခြင်းဖြစ်မည်ဟု မိုဝူကျိက သဘောပေါက်လိုက်သည်။
ရွံ့တွင်းထဲမှ ထွက်လာလိုက်ပြီးသည့်နောက် မိုဝူကျိသည် တံဆိပ်ခတ်စာစောင် အဆောင်ကို ထုတ်ယူလိုက်သည်။ အဆောင်ပေါ်တွင် ဦးတည်ရာများကို ရှင်းရှင်းလင်းလင်း ပြသထားသည်။ ၎င်းသည် ယုမျိုးနွယ်ဆီသို့ ညွှန်ပြနေခြင်း ဖြစ်မည်။
မိုဝူကျိက သူ့ပစ္စည်းများကို ကောက်ယူပြီးနောက် မျက်နှာဖုံးတပ်လိုက်သည်။ သူက သူ့ကိုယ်သူ မျက်နှာဝါ ပညာရှင်ဆန်ဆန် ကျင့်ကြံသူတစ်ယောက်အဖြစ် ပြောင်းလိုက်ပြီး ယုမျိုးနွယ်ဆီသို့ ဦးတည်သွားလိုက်သည်။
ဤမျက်နှာဖုံးကို ချူယို့က သူ့အား လက်ဆောင်ပေးထားခြင်း ဖြစ်ကာ ၎င်းသည် သူ့အား အကြိမ်ကြိမ် အခါခါ ကူညီခဲ့သည်။ ရှင်းမူက အရမ်းကပ်စေးနှဲသဖြင့် မိုဝူကျိမှာ မတတ်သာဘဲ သူ့ကိုယ်ပိုင်မျက်နှာဖုံးကို နောက်တစ်ခါ ထပ်သုံးလိုက်ရပြန်သည်။
ရှင်းမူ၏စကားများမှာ မမှားချေ။ အကြောင်းဟူကား တံဆိပ်ခတ်စာစောင်အဆောင်နှင့် လမ်းရှာသည်မှာ တစ်နာရီပင် မရှိသောသေးခင် မိုဝူကျိသည် “နတ်ဘုရားကုန်းမြေ၏ ယုမျိုးနွယ်” ဟူသည့် စာလုံးများနှင့် ရှေးဟောင်းဆိုင်းဘုတ်တစ်ခုကို မြင်လိုက်ရသည်။
ဤဆိုင်းဘုတ်အား မိုဝူကျိက ငေးကြည့်နေစဉ် အရိပ်တချို့က မိုဝူကျိအနား ဆင်းသက်လာသည်။
“ခင်ဗျား ဘယ်သူလဲ။ ဘာဖြစ်လို့ ဒီနေရာနားမှာ ခိုးကြောင်ခိုးဝှက် လုပ်နေရတာလဲ”
စကားပြောသောလူကို ကြည့်ရသည်မှာ ချမ်းသာသည့်မိသားစုတစ်စု၏ အလိုလိုက်ခံသားတစ်ယောက် ဖြစ်ဟန်ရှိသည်။ ဤလူနှင့် သူ့ဘေးမှလူများ၏ သွေးစသွေးနများကို ကြည့်ခြင်းအားဖြင့် ဤငတိသည် ပြင်းပြင်းထန်ထန်တိုက်ပွဲတစ်ခုကို ရှုံးလာမှန်း မိုဝူကျိက သိလိုက်သည်။ ထိုသည်က သူတို့တွေ ဤနေရာအထိ ထွက်ပြေးလာရသည့်အကြောင်းအရင်း ဖြစ်ပေလိမ့်မည်။
မိုဝူကျိက ညင်သာစွာ ပြောလိုက်သည်။
“ကျုပ်က ယုမျိုးနွယ်ရဲ့ဧည့်သည့်ပါ။ ပြီးတော့ ကျုပ် သူတို့ကို သွားတွေ့မလို့ လုပ်နေတာပါဗျာ”
“ခင်ဗျားက ယုမျိုးနွယ်ရဲ့ဧည့်သည်လား”
အလိုလိုက်ခံ မျက်နှာဖြူနှင့်လူက မိုဝူကျိအား မသင်္ကာဟန်ဖြင့် အကဲဖြတ်လိုက်သည်။ ခဏကြာပြီးနောက် သူက ဆက်ပြောလိုက်သည်။
“ကျွန်တော်က ယုမျိုးနွယ်ရဲ့ ယုချီပါ။ ယုမျိုးနွယ်မှာ ခင်ဗျားလိုဧည့်သည်မျိုး ရှိသေးမှန်း ကျွန်တော် ဘာဖြစ်လို့မကြားဖူးရတာလဲ”
လက်စသတ်တော့ ဤလူသည် ယုမျိုးနွယ်ဝင်တစ်ယောက် ဖြစ်နေသည်ကိုး။ ဤသည်က ကိစ္စများကို ပိုမိုအဆင်ချောသွားစေသည်။ မိုဝူကျိက တံဆိပ်ခတ်စာစောင်အဆောင်ကို ထုတ်ယူကာ ယုချီကို ပေးလိုက်သည်။
“ဒါက စာစောင်အဆောင်ပါ”
ဘာမှထပ်မမေးတော့ဘဲနှင့် မိုဝူကျိက ယုချီကို စာစောင်အဆောင် ပေးလိုက်သည်။ တကယ်တမ်းတွင် မိုဝူကျိသည် ဤငတိအား အတုအယောင်ဖြစ်နေဖို့ မျှော်လင့်နေလေသည်။ ထိုမှသာ သူ လမ်းပျောက်သွားသည်ဟူ၍ ဆင်ခြေပေးကာ ဤနေရာမှ သူ ထွက်သွားနိုင်ပေလိမ့်မည်။ ဤသို့ဆိုပါက ရှင်းမူသည် သူ့အား အပြစ်တင်နိုင်လိမ့်မည် မဟုတ်ပေ။ ယုချီနှင့်သူ့လူများအတွက်မူကား မိုဝူကျိသည် သူတို့အား စိတ်ထဲ သိပ်မထည့်ထားပေ။ သူတို့ထဲမှ အားအကောင်းဆုံးမှာ ကောင်းကင်နတ်ဘုရား အဆင့် ၆ တွင်သာ ရှိ၏။
ယုချီသည် စာစောင်အဆောင်ကို ယူလိုက်ကာ စိတ်လှုပ်ရှားစွာ တုံ့ပြန်လိုက်သည်။
“ဒါဆို ခင်ဗျားက ကျွန်တော်တို့ကို ကာကွယ်ရေးအစီအရင် ကူညီခင်းကျင်းပေးဖို့ ဒီကိုရောက်လာတဲ့ အစီအရင်ဆရာကိုး။ ဆရာ ဘယ်ကလာတာလဲ မေးပါရစေ”
“ကျုပ်ဘယ်ကမှန်း မင်းမသိဘူးလား”
မိုဝူကျိက မေးလိုက်သည်။
ယုချီက ခေါင်းခါလိုက်ကာ
“ကျွန်တော် မသိဘူးခင်ဗျ။ ကျွန်တော် သိတာဆိုလို့ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ကျွန်တော့်ယုမျိုးနွယ်က ကာကွယ်ရေးအစီအရင် ခင်းကျင်းဖို့အတွက် အဓိကရည်ရွယ်ချက်နဲ့ အကူအညီတံဆိပ်ပြားကို စေလွှတ်ခဲ့တယ်ဆိုတာပဲ။ အဲ့ဒီနောက်မှာတော့ ဘာသတင်းမှ ထပ်မကြားရတော့ဘူး…”
မိုဝူကျိသည် ယုချီ၏စကားများကို နားလည်သော်လည်း သူ့စိတ်ထဲတွင်မူ သေသေချာချာ ရှင်းမပြသည့်အတွက် ရှင်းမူအား ကျိန်ဆဲနေလိုက်သည်။
“ကျုပ်နာမည်က မိုရှင်းဟယ်ပါ။ လမ်းပြပေးပါဦး”
မိုဝူကျိသည် ယုချီ၏ အမေးကို ဖြေမနေတော့ဘဲ အသာ ပြောလိုက်သည်။
“အစီအရင်ဆရာမို… ကျွန်တော့်နောက်က လိုက်ခဲ့ပါဗျာ”
ယုချီသည် ယခုအထိ စိတ်လှုပ်ရှားနေဆဲဖြစ်သည်။
အကြောင်းမှာ သူ၏ မျိုးနွယ် ပင့်ဖိတ်ထားသော အစီအရင်ဆရာကို သူက ခေါ်ဆောင်လာသောကြောင့် ဖြစ်သည်။ သူ့အတွက်မူ ဤကိစ္စမှာ ကောင်းသောအရာဖြစ်သည်။ ဤကိစ္စကြောင့် ယုမျိုးနွယ်ထဲရှိ သူ၏ရာထူးမှာ မြင့်သွားမည့်အပြင် ပိုများသော ကျင့်ကြံရေးအရင်းအမြစ်များကိုပင် ရရှိတော့မည် ဖြစ်သည်။
……………..
ယုမျိုးနွယ်၏ ကာကွယ်ရေးအစီအရင်ကို ကြည့်ရသည်မှာ အချိန်တော်တော်ကြာကတည်းက တည်ရှိခဲ့ပုံပေါ်သည်။ မိုဝူကျိ၏ ခန့်မှန်းချက်အရ ၎င်းသည် အဆင့် ၅ ကာကွယ်ရေးအစီအရင် ဖြစ်သည်မှာ လုံးဝသေချာသည်။
ယုချီ၏ လမ်းပြမှုအောက်တွင် မိုဝူကျိက ကာကွယ်ရေးအစီအရင်ထဲ ဝင်လိုက်သည်။ အစီအရင်ထဲသို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် သိပ်သည်းသော နတ်ဝိညာဉ်စွမ်းအားတို့က မိုဝူကျိဆီ တိုးဝှေ့ဝင်လာသည်။ မိုဝူကျိက စိတ်ထဲတွင် အံ့သြသွားသည်။ အကြောင်းမှာ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ပင်လျှင် ဤမျှသိပ်သည်းသော နတ်ဝိညာဉ်စွမ်းအားတို့ မရှိချေ။ ဤယုမျိုးနွယ်တွင် ကြီးမားသော သမိုင်းတစ်ခုခု ရှိကိုရှိရမည်။
သိပ်မကြာခင်ပင် မိုဝူကျိသည် ယုမျိုးနွယ်၏ ကာကွယ်ရေးအစီအရင် အတွင်း၌ များစွာသော အဆင့်နိမ့် ဝိညာဉ်ပိတ်လှောင်ရေး နတ်ဘုရားအစီအရင်များ ရှိနေကြောင်း သိလိုက်သည်။ သို့သော် နတ်ဝိညာဉ်စွမ်းအားများသည် အလွန်သိပ်သည်းလွန်းသဖြင့် အဆင့်နိမ့် ဝိညာဉ်ပိတ်လှောင်ရေး နတ်ဘုရားအစီအရင်များသည် စွမ်းအားများကို ပိတ်လှောင်၍ မရနိုင်ဘဲ ဖြစ်နေသည်။ မိုဝူကျိအား ပို၍ အံ့သြသွားစေသည်မှာ ဤနေရာ၌ အဆင့်နိမ့် ဝိညာဉ်ပိတ်လှောင်ရေး အစီအရင်များသာ လုံးဝရှိမနေပါက ဤနေရာတွင်ရှိနေမည့် နတ်ဝိညာဉ်စွမ်းအားတို့သည် မည်မျှထိ သိပ်သည်းသွားနိုင်မည်နည်း ဟူသည့် အချက်ပင် ဖြစ်၏။
***