တာအိုရောင်းရင်း ကူလင်း
Vol. 61 Ch. 839
" ဂြိုဟ်အဆင့် ဂိုဏ်းခေါင်းဆောင်ကြီး... အင်း.... " ဝမ်ပေါင်လဲ့မှာ သူ၏ မင်းဧကရာဇ်ချပ်ဝတ်တန်ဆာကြီးအား ချွတ်လိုက်ပြီးနောက် သူ၏ ဓမ္မစစ်သင်္ဘောကြီးထဲ၌ တင်ပျဉ်ခွေထိုင်နေ၏။ သူသည် ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာအားလုံးကို ပြန်လည်စဉ်းစားတွေးတောလိုက်ပြီးနောက် မျက်လုံးများ မှေးသွားသည်။
" ငါ ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို တိုက်နိုင်ဖို့အတွက် အချိန်ပေးဖို့ လိုသေးတယ် " ဝမ်ပေါင်လဲ့မှာ သူ၏ခန္ဓာကိုယ်ထဲရှိ ထာဝရကြယ်မီးတောက်နှင့် သူ အားဖြည့်ပေးနေသည့် ဂြိုဟ်အဆင့် လက်ဖဝါးကြီးအား အာရုံခံကြည့်လိုက်ပြီးနောက် သက်ပြင်းအရှည်ကြီး ချလိုက်၏။
သူသည် ထို လက်ဖဝါးကြီးအား မည်မျှပင် အားဖြည့်ပေးနေစေကာမူ ၎င်းမှာ အများဆုံး ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားတစ်စိတ်တစ်ပိုင်းကိုသာ ပိုင်ဆိုင်နိုင်လိမ့်မည်ဖြစ်ကြောင်း နားလည်ထားသည်။ သူသည် ၎င်းအား အသုံးပြုကာ ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ လက်မှ ထွက်ပြေးလွတ်မြောက်နိုင်ရန် သို့မဟုတ် တိုက်ကွက်အနည်းငယ်ခန့်အား ခုခံတွန်းလှန်နိုင်ရန်လောက်သာ ကြိုးစားကြည့်နိုင်ပေသည်။ သို့သော် ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်အား သတ်ဖြတ်ဖို့ပင် မဆိုထားနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်ရန်မှာ လုံးဝမဖြစ်နိုင်သေးပေ။
" ငါ ဝူချန်းရဲ့ လက်ရိုးတွေကို သန့်စင်နိုင်မယ်ဆိုရင်တော့ .... " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးရင်း မျက်ဝန်းများအရောင်လက်သွား၏။ ဝမ်ပေါင်လဲ့မှာ ဝူချန်း၏ ယခင်ဘဝတုန်းက လက်ရိုးများအား ရရှိခဲ့ပြီးနောက် ၎င်းတို့အား သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးနှင့် ပေါင်းစည်းခဲ့၏။ ယခုတွင် ၎င်းတို့မှာ သူ၏ ဝှက်ဖဲတစ်ချက်အဖြစ် သတ်မှတ်၍ ရနေပြီဖြစ်သည်။ ၎င်းတို့မှာ နတ်ဘုရားလက်နက်တစ်ခုကဲ့သို့ ဖြစ်နေပြီမဟုတ်ပါလော။
ဝမ်ပေါင်လဲ့မှာ အပြန်လမ်းတွင် ၎င်းတို့အား သန့်စင်နိုင်ရန် ကြိုးစားကြည့်ခဲ့ပါသော်လည်း သူ၏ ထာဝရကြယ်မီးတောက်မှာ ရှုပ်ထွေးလွန်းနေသလို အရေအတွက် နည်းပါးလွန်းနေခဲ့၏။ ၎င်းမှာ ဂြိုဟ်အဆင့် လက်ဖဝါးကြီးအား သန့်စင်နိုင်ပါသော်လည်း ဝူချန်း၏ ယခင်ဘဝမှ လက်ရိုးများအား ၎င်းတို့၏ မူလစွမ်းအားများကို ထုတ်လွှတ်နိုင်စွမ်းရှိသည့် အနေအထားသို့ ပြန်ရောက်အောင် သန့်စင်ပေးနိုင်ရန်မှာ ခဲယဉ်းပေလိမ့်မည်။
" ဒီအချက်ကို ကြည့်ရင် ဝူချန်းရဲ့ အရင်ဘဝတုန်းက ကျင့်ကြံခြင်းအဆင့်က အနိမ့်ဆုံး... ထာဝရကြယ်အဆင့်မှာ ရှိနေခဲ့လောက်တယ် " ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ နှုတ်ဆိတ်သွားလိုက်ပြီးနောက် ဝူချန်း၏ ယခင်ဘဝမှ လက်ရိုးများကို သန့်စင်လိုသည့် အတွေးများအား မေ့ပျောက်ထားလိုက်၏။ ထို့နောက် သူသည် မျက်လုံးများမှိတ်ကာ တရားထိုင်လိုက်ပြီး နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းသို့ ပြန်ရောက်ပါက ဆောင်ရွက်ရမည့် အရာများကို အစီအစဉ်ဆွဲနေလိုက်တော့သည်။
ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွား၏။ နှစ်ရက်တိတိ ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့၏ ဓမ္မစ်သင်္ဘောကြီးမှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ ပိုင်နက်ထဲသို့ ချောချောမွေ့မွေ့ ရောက်ရှိလာတော့သည်။ သူသည် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ဂိုဏ်းခေါင်းဆောင်ကြီးအား သွားရောက်ဂါရဝပြုခဲ့ခြင်း မရှိဘဲ သူ၏ ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်း ရှိရာ ဂြိုဟ်ဆီသို့ ဦးတည်သွားလိုက်၏။
သူသည် ထိုဂြိုဟ်ပေါ်မှ ထွက်ခွာလာခဲ့စဉ်တုန်းက ရုပ်သေးရုပ်အမြောက်အမြား ချန်ရစ်ခဲ့ပြီး ၎င်းတို့အား သူ၏စခန်းကို တည်ဆောက်ပေးထားရန် အမိန့်ပေးခဲ့သည်။ ထို့ကြောင့် သူပြန်ရောက်လာသည့် အချိန်တွင် ထိုနေရာကြီးမှာ ယခင်တုန်းကကဲ့သို့ ဟင်းလင်းပြင်ကြီး ဖြစ်မနေတော့ဘဲ စစ်တပ်စခန်းတစ်ခုနှင့် အဆောက်အဦမျိုးစုံဖြင့် ပြည့်နှက်နေတော့သည်။ ရုပ်သေးရုပ်များမှာ ဆောက်လုပ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြဆဲပင်။
ထိုအတောအတွင်း ၎င်းတို့ ဖန်တီးတည်ဆောက်ခဲ့သည့် စစ်သင်္ဘော အရေအတွက်မှာလည်း အစင်းရေ တစ်သောင်းဝန်းကျင်ခန့် ရှိသောကြောင့် ထို စစ်တပ်စခန်းကြီးမှာ အင်အားတောင့်တင်းနေသည့်ပုံ ပေါက်နေတော့သည်။
သို့သော် ထို စစ်သင်္ဘောကြီးများ၏ အဆင့်အတန်းမှာ ကွဲပြားခြားနားနေကြမည် ဖြစ်သည်။ သူသည် ကုန်ပစ္စည်းအလုံအလောက် မရှိခဲ့သောကြောင့် အနည်းငယ်ခန့် အရေအသွေး နိမ့်ပါးသည့် ပစ္စည်းများကိုသာ အသုံးပြုကာ ထို စစ်သင်္ဘောကြီးများအား တည်ဆောက်ခဲ့ရ၏။ သို့သော်လည်း ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ စိတ်ကျေနပ်နေဆဲပင်။
ထို့ကြောင့် သူသည် လိုအပ်သည့် ကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်လိုက်ပြီးနောက် ဆော့ကစားနေကြသည့် ဝူလေးနှင့် မြည်းလေးတို့အား လျစ်လျူရှုကာ သူ၏ လျှို့ဝှက်အခန်းထဲသို့ တစ်ယောက်တည်း ဝင်သွားလိုက်ပြီး တင်ပျဉ်ခွေ ထိုင်ချလိုက်၏။ ဝမ်ပေါင်လဲ့မှာ သူ၏စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီးနောက် အချိန်ဖြုန်းနေခြင်း မရှိဘဲ သူ၏ ညာဘက်လက်အား မြှောက်လိုက်၏။ ထို့နောက် သူ ၎င်းအား ဝှေ့ယမ်းလိုက်သောအခါ ကျောက်စိမ်းပေလွှာတစ်ခု ပေါ်ပေါက်လာသည်။ ထို ကျောက်စိမ်းပေလွှာ ပေါ်ပေါက်လာသည်နှင့် သူသည် အဆင့်မြင့်စစ်တပ်တစ်ခုအား စိန်ခေါ်ရန် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းဆီ၌ ခွင့်တောင်းလိုက်တော့သည်။
" အက်ကွဲကြောင်းတပ်ရင်း အဆင့်နှစ်စစ်တပ်ကို စိန်ခေါ်ချင်ပါတယ် "
ဝမ်ပေါင်လဲ့မှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ အဆင့်တစ်စစ်တပ်အား စိန်ခေါ်ပါက အနိုင်ရရှိနိုင်လောက်မည် မဟုတ်ကြောင်း ခံစားနေရ၏။ ထို့အပြင် အဆင့်လေးစစ်တပ်၏ ခေါင်းဆောင်ကြီးမှာ သူ့အား ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့သည် မဟုတ်ပါလော။ ထိုမျှသာမက ဝမ်ပေါင်လဲ့မှာ နတ်သမီးလင်ယို၏ စစ်တပ်ဖြစ်သော အဆင့်ငါးစစ်တပ်ကိုလည်း စိန်ခေါ်မည် မဟုတ်ပေ။
သို့ဖြစ်ရာ အဆင့်နှစ်နှင့် အဆင့်သုံး စစ်တပ်တို့သာ ကျန်ရှိတော့ပေသည်။ သူသည် ထိုစိန်ခေါ်မှုတိုက်ပွဲထဲ၌ ထိခိုက်နစ်နာဆုံးရှုံးမှုများနှင့် မလွဲမသွေ ကြုံတွေ့ရမည်သာ ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အချိန်ဖြုန်းနေရန် ဆန္ဒမရှိသဖြင့် ယခုလို ချက်ချင်းစိန်ခေါ်လိုက်ခြင်းဖြစ်၏။
ထို စိန်ခေါ်မှုတိုက်ပွဲထဲတွင် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက် ပါနေသည်ဖြစ်ရာ သူ၏ တောင်းဆိုချက်အား ခွင့်ပြုချက် ပေးနိုင်ရန် အချိန်အနည်းငယ်ခန့် ကြာမြင့်နိုင်ပေသည်။ ဝမ်ပေါင်လဲ့တစ်ယောက် ခွင့်ပြုချက်ရမည့်အချိန်ကို စောင့်ဆိုင်းနေစဉ် သူနှင့် အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီးတို့၏ တိုက်ပွဲကြီးနှင့် ပတ်သတ်သော သတင်းများမှာ ဖြည်းဖြည်းချင်း ပျံ့နှံ့စပြုလာတော့သည်။
ထို တိုက်ပွဲကြီးနှင့် ပတ်သတ်သည့် သတင်းအချက်လက်များ အားလုံးကို ကွယ်ဝှက်ထားနိုင်ရန်မှာ မဖြစ်နိုင်ပေ။ အခြားအဖွဲ့အစည်းများမှ ကျင့်ကြံသူများမှာလည်း ထိုတိုက်ပွဲကြီးအား အဝေးမှနေ၍ လှမ်းကြည့်နေခဲ့ကြသည် မဟုတ်ပါလော။ တစ်ချိန်ထဲမှာပင် ထိုတိုက်ပွဲကြီးကြောင့် ထွက်ပေါ်လာခဲ့သည့် တုန်ခါမှုလှိုင်းများမှာလည်း အလွန်အင်မတန်မှ အားကောင်းနေခဲ့၏။ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများ၏ ကြားရှိတိုက်ပွဲများကို အခြားသူများ စိတ်ဝင်စားကြသည်မှာ အထူးအဆန်းမဟုတ်ပေ။ ထို့အပြင် နဂါးနက်တပ်ရင်း ခေါင်းဆောင်ဟောင်းကြီး၏ ကျင့်ကြံခြင်းအဆင့်မှာ အများကြီး လျော့ကျသွားခဲ့ရသည်ဖြစ်ရာ ထိုသတင်းများမှာ ပို၍ပင် စိတ်လှုပ်ရှားစရာ ကောင်းနေတော့သည်။
" လုံနန်ကျစ်ကတော့ အခုမှပြန်ရောက်လာတာကို လုပ်ချလိုက်ပြန်ပြီဟေ့။ သူက အက်ကွဲကြောင်းနက်တပ်ရင်း လက်ထောက်ခေါင်းဆောင်ကြီးရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဖျက်ဆီးဖြစ်ခဲ့တာတဲ့ "
" လုံနန်ကျစ်က တိုင်းတစ်ပါးနယ်မြေတွေထဲမှာ အခွင့်အလမ်းတွေအများကြီး ရှာတွေ့ခဲ့တဲ့ပုံပဲ။ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က အများကြီးတိုးတက်သွားပြီကွ။ သူက ဝိညာဉ်ကြားခံနယ်အဆင့်ကနေ ထာဝရဝိညာဉ်အဆင့်ကို တန်းရောက်သွားတာ "
" နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းထဲမှာ နောက်ထပ် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက် ထပ်ပေါ်လာပြီပေါ့ "
" လုံနန်ကျစ်က ပြန်ရောက်ရောက်ချင်း ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းကို တိုက်ခိုက်ခဲ့ပြီးတော့ အသာစီးရသွားခဲ့တာတဲ့ဟ "
သတင်းအချက်အလက်မျိုးစုံမှာ အဆင်မပြတ် ပျံ့နှံ့နေကြသောကြောင့် နတ်မျက်လုံး လူမှုအဖွဲ့အစည်းတစ်ခုလုံးမှာလည်း လှုပ်လှုပ်ရွရွ ဖြစ်နေရတော့သည်။ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းသားများလည်း ထိုသတင်းများကို ကြားသိထားပြီးသား ဖြစ်သည်။ သူတို့သိရှိထားသည့် အရာများမှာ ပြင်ပကမ္ဘာထဲမှ ကောလာဟလများထက်ပင် ပို၍တိကျနေ၏။
ထိုဖြစ်ရပ်ကြီးကြောင့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းသားများမှာ တအံ့တဩ ဖြစ်နေကြရ၏။ ထို့အပြင် သူတို့၏ဂိုဏ်းထဲတွင် ဝိညာဥ်အက်ကွဲကြောင်းတပ်ရင်းက အဆင့်နှစ်တပ်ရင်းအား စိန်ခေါ်တော့မည်ဆိုသည့် သတင်းများမှာလည်း စတင်ပျံ့နှံ့လာသည်။ ထို့ကြောင့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း တစ်ခုလုံးမှာ ဆူညံပွက်လောရိုက်သွားကြပြန်သည်။
ထာဝရဝိညာဉ်အဆင့် အောက်တွင်ရှိနေသည့် ကျင့်ကြံသူများသာမက ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများပင်လျှင် ထိုကိစ္စကြီးအပေါ် အာရုံအပြည့် စိုက်ထားကြသည်။ ဥပမာပြရလျှင် နတ်သမီးလင်ယိုမှာ သူမ၏ဂြိုဟ်မှ ထွက်ခွာလာပြီး ဝမ်ပေါင်လဲ့နှင့် ဆုံတွေ့နိုင်ရန် ဝိညာဥ်အက်ကွဲကြောင်းတပ်ရင်း ရှိရာသို့ ချက်ချင်း ဦးတည်ပျံသန်းလာ၏။
သူတို့မှာ မိနစ်သုံးဆယ်ခန့်သာ တွေ့ဆုံခဲ့ကြပါသော်လည်း နတ်သမီးလင်ယို ထွက်ခွာသွားချိန်တွင် သူမ၏ အဆင့်ငါးစစ်တပ်မှာ နတ်သမီးလင်ယိုသည် သူမ၏ စိတ်ဆန္ဒအလျောက် ဝိညာဥ်အက်ကွဲကြောင်းတပ်ရင်း၏ လက်အောက်ခံတစ်ယောက် ဖြစ်လာရန် ဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ တစ်ချိန်ထဲမှာပင် သူမသည် သူမ၏စစ်တပ်မှာ ဝိညာဥ်အက်ကွဲကြောင်းတပ်ရင်းနှင့် ယခင်တုန်းထက်ပင် ပို၍ ပူးပေါင်းဆောင်ရွက်ကာ အတူလက်တွဲသွားကြမည်ဖြစ်ကြောင်း ကြေညာလိုက်သေးသည်။
နတ်သမီးလင်ယို ထွက်ခွာသွားပြီးနောက် အဆင့်လေးစစ်တပ်၏ ခေါင်းဆောင်ကြီးဖြစ်သူမှာ တစ်ခဏမျှ စဉ်းစားတွေးတောကာ ရယ်မောလိုက်၏။ ထို ခေါင်းဆောင်ကြီးမှာ ယခင်တုန်းက နယ်စပ်ဒေသအနီးရှိ အနက်ရောင် ချပ်ဝတ်တန်ဆာများ ဆင်မြန်းထားသော ပိုးကောင်ကြီးပေါ်တွင် လဲလျောင်းကာ ဝမ်ပေါင်လဲ့အား ကူညီပေးခဲ့သည့် ပုဂ္ဂိုလ်ကြီး ဖြစ်ပေသည်။ သူသည် သူ၏ လက်အောက်ငယ်သားတစ်ယောက်ကို စေလွှတ်ကာ ဝိညာဥ်အက်ကွဲကြောင်းတပ်ရင်းဆီသို့ လက်ဆောင်ကြီးတစ်ခု ပေးပို့လိုက်၏။
ထို လက်ဆောင်ကိုကြည့်လျှင် သူ၏ စေတနာများကို သိမြင်နိုင်ပေသည်။
ထိုအခြင်းအရာများ အားလုံးကြောင့် နတ်မျက်လုံး အဖွဲ့စည်းထဲမှ လူတိုင်းမှာ လုံနန်ကျစ်ဆိုသည့် အမည်အား ပါးစပ်မှ မချနိုင်လောက်အောင် ဖြစ်နေရတော့သည်။ ထိုစဉ်တွင် အဖွဲ့အစည်းအားလုံး၏ အနီးကပ်စောင့်ကြည့်ခြင်းကို ခံနေရသော ဝမ်ပေါင်လဲ့မှာ ကျောက်စိမ်းပေလွှာတစ်ခုကို ကိုင်ထားရင်း အာကာသကြီးထဲရှိ ကျင့်ကြံသူတစ်ယောက်အား လှမ်း၍ နှုတ်ဆက်နေ၏။
သူ နှုတ်ဆက်နေသည့် ပုဂ္ဂိုလ်ကြီးမှာ အဆင့်လေးစစ်တပ်၏ လက်ထောက်ခေါင်းဆောင်ကြီးဖြစ်ပြီး တမူထူးခြားသော ကျင့်ကြံခြင်းစွမ်းအားများကို ပိုင်ဆိုင်ထားသည့် ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ပေသည်။
ထိုကျောက်စိမ်းပေလွှာမှာမူ အဆင့်လေးစစ်တပ်၏ ခေါင်းဆောင်ကြီးပေးပို့ခဲ့သော လက်ဆောင်တစ်ခု ဖြစ်ပေသည်။ ထိုကျောက်စိမ်းပေလွှာထဲတွင် အဆင့်နှစ်စစ်တပ်၏ အချက်အလက် အကြောင်းအရာများအားလုံးကို အသေးစိတ်ဖော်ပြထား၏။
" အချိန်စက်ဝိုင်းတပ်ရင်း ဆိုပါလား... နာမည်က ထူးဆန်းလိုက်တာ " ဝမ်ပေါင်လဲ့မှာ ထိုကျောက်စိမ်းပေလွှာအား ဖတ်ရှုလိုက်ပြီးနောက် နတ်သမီးလင်ယို သူ့ဆီသို့ လာရောက်လည်ပတ်ခဲ့စဉ်တုန်းက ပြောခဲ့သည့်စကားများနှင့် ချင့်ချိန်နှိုင်းဆကြည့်လိုက်သောအခါ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ အဆင့်နှစ်စစ်တပ်အကြောင်း ကောင်းကောင်းကြီး နားလည်သွားတော့သည်။
" စစ်တပ်ခေါင်းဆောင်ကြီး တာအိုရောင်းရင်း ကူလင်းက အလယ်အလတ် ထာဝရဝိညာဉ်အဆင့်မှာ ရှိတယ်။ သူ့ရဲ့ လက်အောက်မှာက ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံသူငါးယောက် ရှိတယ်။ ပြီးရင် သူတို့ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံက အဆင့်တစ်စစ်တပ်နဲ့ မတူဘူး။ အချိန်စက်ဝိုင်းတပ်ရင်းက တပ်ရင်းခွဲတွေ မဖွဲ့ထားတာမလို့ သူတို့ရဲ့ စစ်တပ်ထဲမှာပဲ အင်အားတွေအကုန်လုံးကို စုစည်းထားတာ " ဝမ်ပေါင်လဲ့မှာ ထိုသို့ စဉ်းစားတွေးတောကာ အကောင်းအဆိုး အကျိုးအပြစ်များကို ချင့်ချိန်သုံးသပ်ကြည့်လိုက်ပြီးနောက် အချက်တစ်ချက်အား သတ်မှတ်လိုက်၏။
" ဒီတိုက်ပွဲရဲ့ အဓိက အချက်က တာအိုရောင်းရင်း ကူလင်းမဟုတ်ဘဲ ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံသူငါးယောက်ပဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်ကာ သူ၏လက်ဖဝါးကို ငုံ့ကြည့်လိုက်၏။ ထို့နောက် သူ ထိုလက်ဖဝါးကို လှန်လိုက်သောအခါ လက်စွပ်ငါးကွင်း ပေါ်ပေါက်လာသည်။
ထို လက်စွပ် ငါးကွင်းစလုံးမှာ အရောင်အမျိုးမျိုး ရှိကြပြီး နတ်သမီးလင်ယိုမှာ သူ့ဆီသို့ လာရောက်လည်ပတ်ခဲ့စဉ်တုန်းက ပေးခဲ့ခြင်း ဖြစ်၏။ သူ ၎င်းတို့အား အသုံးပြုလိုက်ပါက ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်အား နှစ်နာရီတိတိ ချုပ်နှောင်ထားနိုင်စွမ်း ရှိသွားမည်ဖြစ်သည်။
" စိတ်ဝင်စားစရာပဲ။ ကြည့်ရတာ အဆင့်တစ်စစ်တပ်ကို မုန်းနေတဲ့လူတွေ အများကြီး ရှိနေတုန်းပဲ ထင်တယ်။ နတ်သမီးလင်ယိုက ငါ့ကို အချုပ်အနှောင် လက်စွပ်တွေ ပေးခဲ့ပြီးတော့ အဆင့်လေးစစ်တပ်ရဲ့ ခေါင်းဆောင်ကြီးကလည်း ငါ့ကို အသေးစိတ်အချက်အလက်တွေ ပေးပို့ပေးခဲ့တာ။ အပေါ်ယံကနေ ကြည့်ရင် သူတို့က စိတ်ရင်းစေတနာအမှန်နဲ့ အဲလို လုပ်ခဲ့ကြတဲ့ပုံ ပေါ်ပေမဲ့ တကယ်တမ်းတော့ ငါ့ရဲ့ နောက်ဆုံး ရည်မှန်းချက်ပန်းတိုင်က အဆင့်တစ်စစ်တပ် ဖြစ်နေမှန်း သိထားကြလို့သာ သူတို့က အဲဒီလိုလုပ်ခဲ့ကြတာ။ သူတို့က ငါ အဆင့်တစ်စစ်တပ်နဲ့ တိုက်ခိုက်ပြီးတော့ အဲဒီစစ်တပ်ကို အားလျော့သွားအောင် လုပ်စေချင်နေကြတာပဲ " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်လက်သွား၏။ သူ၏ ဉာဏ်ရည်ဉာဏ်သွေးမျိုးနှင့်ဆိုလျှင် ထိုအချက်အား မစဉ်းစားမိစရာ အကြောင်းမရှိပေ။
" ဘာပဲဖြစ်ဖြစ်ပါ။ ငါတို့ အကုန်လုံးက လိုအပ်ချက်ကိုယ်စီ ရှိကြတာပဲလေ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ ပြုံးလိုက်ပြီးနောက် တစ်စုံတစ်ခုအား သတိထားမိသွားသည့်ပုံဖြင့် ခေါင်းမော့ကြည့်လိုက်၏။ ထိုအခါ မိုးကောင်းကင်ကြီးမှာ တုန်ရီသွားပြီး ကောင်းကင်းယံထဲ၌ ဧရာမ အာကာသတွင်းနက်ကြီးတစ်ခု ပေါ်ပေါက်လာသည်။ ၎င်းမှာ လိုဏ်ခေါင်းကြီးတစ်ခုနှင့် တူနေပြီး ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်း ရှိရာ ဂြိုဟ်ကြီးပေါ်တွင်လည်း တည်ကြည်မှုအပြည့်ရှိသော စကားသံကြီးတစ်သံ ထွက်ပေါ်လာသည်။
" အချိန်စက်ဝိုင်းတပ်ရင်းကို စိန်ခေါ်ဖို့ တောင်းဆိုထားတဲ့ ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်း။ မင်းတို့ရဲ့ တောင်းဆိုချက်ကို ခွင့်ပြုလိုက်တယ်။ နောက် အသက်ရှူကြိမ် ဆယ်ကြိမ်နေရင် စိန်ခေါ်မှုတိုက်ပွဲ စမယ် "
" မြန်လှပါလား " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားပြီး ရှေ့သို့ အလျင်အမြန် ပျံထွက်သွားလိုက်၏။ ထို့နောက် သူ၏ညာဘက်လက်ကို မြှောက်လိုက်သောအခါ သူ၏ မင်းဧကရာဇ်ချပ်ဝတ်တန်ဆာကြီးမှာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး သူ၏ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံခြင်းစွမ်းအားများမှာလည်း ချက်ချင်းဆိုသလိုပင် ပေါက်ကွဲထွက်ပေါ်လာတော့သည်။ သူသည် ရပ်တန့်သွားခြင်းမရှိဘဲ ကောင်းကင်ယံထဲရှိ အာကာသတွင်းနက်ကြီးဆီသို့ ကြယ်ပျံတစ်လုံးကဲ့သို့ ဦးတည်သွား၏။
ထို့နောက် သူသည် ထိုအာကာသတွင်းနက်ကြီးထဲသို့ ဝင်ရောက်သွားပြီး ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားတော့သည်။
သူ ပြန်လည်ပေါ်ပေါက်လာချိန်တွင် သူသည် နတ်ဧကရာဇ် တရားမျှတမှုဂြိုဟ်၏ အနောက်မြောက်အရပ်သို့ ရောက်နေပြီဖြစ်သည်။ သူသည် ဥက္ကာပျံများဖြင့် ပြည့်နှက်နေသော နယ်မြေတစ်ခုထဲ၌ ပေါ်ပေါက်လာခြင်းဖြစ်၏။
ထို နယ်မြေကြီးထဲတွင် ဥက္ကာပျံမြောက်မြားစွာ ရှိနေကြပြီး ၎င်းတို့မှာ အရပ်မျက်နှာအနှံ့သို့ အရှိန်အဟုန်ပြင်းစွာ ပျံ့လွင့်နေကြသည်။ အဝေးမှ ကြည့်လိုက်မည်ဆိုပါက ၎င်းမှာ ဥက္ကာပျံပင်လယ်ကြီးတစ်စင်းနှင့် တူနေ၏။ အချိန်စက်ဝိုင်းတပ်ရင်းမှာ ထိုနယ်မြေထဲ၌ တည်ရှိနေခြင်းဖြစ်သည်။ ဥက္ကာပျံတိုင်းပေါ်တွင် စခန်းများ ရှိနေကြပြီး လက်ရှိတွင် အနက်ရောင် အဝတ်အစားများ ဆင်မြန်းထားကြသည့် ကျင့်ကြံသူများမှာ ဝမ်ပေါင်လဲ့ ပေါ်ပေါက်လာသည့် နေရာအား အေးစက်စက် မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြ၏။
ထို ကျင့်ကြံသူများမှာ မရေမတွက်နိုင်လောက်အောင် များပြားနေကြ၏။ ထို့အပြင် ဥက္ကာပျံများ၏ ကြားတွင်လည်း စစ်သင်္ဘောကြီးများမှာ ရစ်ဝဲနေကြသေးသည်။ ၎င်းတို့မှာ အရာအားလုံးကို ချုပ်နှောင်နိုင်စွမ်းရှိသော နယ်နိမိတ်တစ်ခုကို ဖန်တီးထားသည့်ပုံ ပေါက်နေ၏။
ထို ကျင့်ကြံသူပေါင်း မြောက်မြားစွာထဲတွင် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကိုပင် တုန်ရီသွားစေနိုင်ပြီး လမင်းငါးစင်းနှင့် တူသည့် အငွေ့အသက်ငါးခု ရှိနေကြသည်။ ၎င်းတို့မှာ ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် အငွေ့အသက်များဖြစ်ကြပြီး ၎င်းတို့ထဲ၌ အဖျက်စွမ်းအားများ ကိန်းအောင်းနေကြ၏။ ထို အငွေ့အသက်ငါးခု၏ ကြားရှိ ဥက္ကာပျံတစ်လုံးပေါ်တွင်မူ သက်လတ်ပိုင်း လူကြီးတစ်ယောက်မှာ တင်ပျဉ်ခွေထိုင်နေသည်။ ထိုလူကြီးမှာ အဖြူရောင်ဝတ်ရုံများကို ဆင်မြန်းထားပြီး ဆံပင်ရှည်များကို ပိုင်ဆိုင်ထား၏။ သူ၏ ပုံစံမှာ ကြော့ရှင်းမှုအပြည့် ရှိပါသော်လည်း သူသည် လက်ထဲတွင် သားရဲအရိုးတစ်ချောင်းကို ကိုင်ကာ ၎င်းအား တစ်ကိုက်ပြီးတစ်ကိုက် ဝါးစားနေသည်။
ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် မျက်လုံးများ မှေးသွားရ၏။ ထို့နောက် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ထို အဖြူရောင်ဝတ်ရုံနှင့်လူကြီး ရှိရာဘက်သို့ လှမ်း၍ ဦးညွှတ်အရိုအသေပေးလိုက်တော့သည်။
" မင်္ဂလာပါ တာအိုရောင်းရင်း ကူလင်း "
" လုံနန်ကျစ်။ မင်း ရှေ့ထွက်လာပြီးတော့ ငါနဲ့ အရက် တစ်ခွက်နှစ်ခွက်လောက် အတူတူ သောက်ရဲလား " တာအိုရောင်းရင်း ကူလင်းမှာ ကျောချမ်းဖွယ်ရာကောင်းသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့ဘက်သို့ လှည့်လာ၏။ ထို့နောက် သူသည် အေးစက်စက်ပြုံးကာ လှမ်းမေးလိုက်တော့သည်။