← Chapters

သတိပေးချက်များနှင့် ခြိမ်းခြောက်မှုများ

Vol. 61 Ch. 840

သတိပေးချက်များနှင့် ခြိမ်းခြောက်မှုများ

Vol. 61 Ch. 840

အကယ်၍ သူ၏ ခန္ဓာကိုယ်အစစ်သာ ထိုနေရာတွင် ရှိနေခဲ့ပါက ဝမ်ပေါင်လဲ့မှာ မလုပ်ရဲကြောင်း ပြန်ဖြေလိုက်မည်သာဖြစ်သည်။ သို့သော် သူ၏ ဝိညာဉ်ခန္ဓာကိုယ်မှာ အဆိပ်အားလုံးနီးပါး ပြီးနေသည် မဟုတ်ပါလော။ သူ၏ ဝိညာဉ်ခန္ဓာကိုယ်အား အဆိပ်ခတ်နိုင်သည့်အရာ လုံးဝမရှိခြင်း မဟုတ်ပါသော်လည်း ထိုကဲ့သို့သော ပစ္စည်းများမှာ အလွန်အင်မတန်မှ တန်ဖိုးကြီးမားလှသောကြောင့် ၎င်းတို့အား အသုံးပြုနိုင်မည့် လူအရေအတွက်မှာ မရှိသလောက် နည်းပေသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်ခုံးများပင့်မိသွားပြီး ချက်ချင်းဆိုသလိုပင် ရယ်မောလိုက်၏။ ထို့နောက် သူသည် ရဲစွမ်းသတ္တိအပြည့်ရှိကာ သေခြင်းတရားကို ကြောက်ရွံ့နေခြင်း မရှိသည့်ပုံ ဟန်ဆောင်လိုက်သည်။

" ကျွန်တော် လုံနန်ကျစ် တာအိုရောင်းရင်း ကူလင်းရဲ့ အရက်ကို သောက်ကိုသောက်ရမှာပေါ့ဗျ " ဝမ်ပေါင်လဲ့မှာ ထိုသို့ပြန်ဖြေလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ သက်တံ့ရှည်ကြီးတစ်ခုအသွင် ပြောင်းလဲသွား၏။ ထို့နောက် သူသည် ရှေ့သို့ပြေးထွက်လာပြီး ဥက္ကာပျံပေါင်း မြောက်မြားစွာအား ကျော်ဖြတ်သွားလိုက်သည်။ သူသည် သူ့အား ရန်လိုနေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြသော အချိန်စက်ဝိုင်းတပ်ရင်း ကျင့်ကြံသူများကိုပင် ဂရုစိုက်နေခြင်းမရှိပေ။ ထိုသို့ဖြင့် သူသည် ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံသူ ငါးယောက်အား ကျော်ဖြတ်လာပြီးနောက် တာအိုရောင်းရင်း ကူလင်း ထိုင်နေသည့် ဥက္ကာပျံပေါ်သို့ ရောက်ရှိလာတော့သည်။

သူသည် ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် အနည်းငယ်လေးပင် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ တာအိုရောင်းရင်း ကူလင်းနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်၏။ ထို့နောက် သူသည် စားပွဲပေါ်ရှိ အရက်ခွက်ကို လှမ်းယူကာ ခေါင်းမော့၍ တစ်ကျိုက်တည်း မော့သောက်ပစ်လိုက်တော့သည်။ သူသည် ထိုအရက်၏ အရသာကိုပင် သေသေချာချာ ခံစားနေခြင်းမရှိဘဲ ၎င်းအား ချက်ချင်းပင် ချီးကျူးလိုက်၏။

" ကောင်းလိုက်တဲ့ အရက် "

သူ ထိုသို့ဆိုလိုက်သည်နှင့် သူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော တာအိုရောင်းရင်း ကူလင်းမှာ မျက်ဝန်းများ အရောင်တောက်ပသွား၏။ သူသည် ဝမ်ပေါင်လဲ့အား ခေါင်းအစ ခြေအဆုံး သေသေချာချာ အကဲခတ်လိုက်ပြီးနောက် သူ၏လက်ထဲမှ သားရဲအရိုးအား အောက်သို့ချလိုက်သည်။ ထို့နောက် သူသည် သူ၏လက်၌ အဆီများ ပေကျံနေသည်ကိုပင် ဂရုစိုက်နေခြင်းမရှိဘဲ သူ၏ အရက်ခွက်ကိုမြှောက်ကာ မော့သောက်လိုက်ပြီးနောက် တည်ကြည်မှုအပြည့်ရှိသော လေသံဖြင့် ဆိုလိုက်၏။

" လုံနန်ကျစ်။ မင်းက ထာဝရဝိညာဉ်တစ်ပိုင်းအဆင့်မှာပဲ ရှိနေသေးတာကို ငါ့ရဲ့ အဆင့်နှစ်စစ်တပ်ကို စိန်ခေါ်ရဲတယ်ပေါ့။ မင်း ရူးနေတာလားကွ "

" မကြိုးစားကြည့်ဘဲနဲ့ ဘယ်သိနိုင်ပါ့မလဲဗျ " ဝမ်ပေါင်လဲ့မှာမူ ရယ်မောကာ အရက်ထည့်ထားသည့် ဘူးသီးခြောက်အား ကိုင်မြှောက်၍ နောက်ထပ်တစ်ခွက် ထပ်ငှဲ့လိုက်၏။

" မင်း ရှုံးသွားရင်ဘယ်လိုလုပ်မလဲ " တာအိုရောင်းရင်း ကူလင်းမှာ အမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ ဆက်လက်မေးမြန်းလိုက်သည်။

" ကျွန်တော် မရှုံးလောက်ပါဘူး " ဝမ်ပေါင်လဲ့မှာလည်း သူ၏ အရက်ခွက်အား တစ်ကျိုက်တည်းနှင့် ကုန်သွားအောင် မော့သောက်လိုက်ပြီး နှုတ်ခမ်းအား လျှာဖြင့်လျက်ကာ ပြန်ဖြေလိုက်၏။ သူ ထိုအရက်အား ချီးကျူးခဲ့သည်မှာ မမှားပေ။ ၎င်း၏ အရသာမှာ အမှန်တကယ်ပင် တမူထူးခြားနေ၏။

" မင်း အနိုင်ရသွားမယ် ဆိုရင်ရော " တာအိုရောင်းရင်း ကူလင်းက ထပ်မေးလိုက်ပြန်သည်။

" ကျွန်တော် အနိုင်ရသွားမယ်ဆိုရင် အဆင့်တစ်စစ်တပ်ကို စိန်ခေါ်နိုင်ဖို့ ဆက်ပြီးတော့ ပြင်ဆင်ရမှာပေါ့ " ဝမ်ပေါင်လဲ့မှာ မျက်စိပေကလပ်ပေကလပ်နှင့် တာအိုရောင်းရင်း ကူလင်းအား ကြည့်ကာ ပြန်ဖြေလိုက်သည်။

ထိုအဖြေကြောင့် တာအိုရောင်းရင်း ကူလင်းမှာ မျက်လုံးများ မှေးသွား၏။ သူသည် ဝမ်ပေါင်လဲ့အား တစ်ခဏမျှ စိုက်ကြည့်နေလိုက်ပြီးနောက် ရုတ်တရက်ဆိုသလို ရယ်မောကာ သူ၏ ညာဘက်လက်အား မြှောက်လိုက်သည်။ ထိုအခါ သူ၏ ကျင့်ကြံခြင်းစွမ်းအားများ အားလုံးမှာ ပေါက်ကွက်ထွက်ပေါ်လာပြီး အလယ်အလတ် ထာဝရဝိညာဉ်အဆင့် အငွေ့အသက်များမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။ တစ်ချိန်ထဲမှာပင် သူ၏ ဘေးပတ်ပတ်လည်တွင် ရှိနေကြသည့် ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံသူ ငါးယောက်၏ ကျင့်ကြံခြင်းစွမ်းအားများမှာလည်း ပျံ့လွင့်လာကြ၏။ ထိုနေရာတစ်ဝိုက်ရှိ အချိန်စက်ဝိုင်း ကျင့်ကြံသူ အယောက်တစ်သိန်းမှာလည်း ထိုနည်းတူပင်။ ထို့ကြောင့် လေမုန်တိုင်းကြီးတစ်ခုမှာ ထို ဥက္ကာပျံနယ်မြေထဲ၌ တိုက်ခတ်နေသကဲ့သို့ ဖြစ်နေတော့သည်။

အဝေးမှ ကြည့်လိုက်မည်ဆိုပါက ထိုနယ်မြေကြီးထဲတွင် ဧရာမဝဲကြီးတစ်ခု ပေါ်ပေါက်လာသည်ကို မြင်နိုင်ပေသည်။ ၎င်းမှာ သားရဲကြီးတစ်ကောင်၏ ပါးစပ်နှင့် တူပြီး ဝမ်ပေါင်လဲ့အား ဝါးမျိုပစ်ချင်နေသည့်ပုံ ပေါက်နေ၏။ ဝမ်ပေါင်လဲ့မှာမူ မျက်ဝန်းများ အေးစက်စွာတောက်ပသွားသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်အား ဖုံးလွှမ်ထားသည့် မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီးထဲရှိ သလင်းကျောက်နီစွမ်းအားများ နိုးထလာသဖြင့် ထာဝရဝိညာဉ်အဆင့် စွမ်းအင်လှိုင်းတစ်မျိုးမှာ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ ထို့အပြင် ၎င်းနှင့်အတူ ဖိနှိပ်ချုပ်တည်းအားကောင်းသော အငွေ့အသက်တစ်မျိုးလည်း ထွက်ပေါ်လာ၏။ ၎င်းမှာ တာအိုရောင်းရင်း ကူလင်း၏ အငွေ့အသက်လောက် အားမပြင်းပါသော်လည်း လူအများ၏ အမြင်တွင် သူသည် တာအိုရောင်းရင်း ကူလင်းအား ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရှိသည့်ပုံ ပေါက်နေ‌တော့သည်။

ထို့အပြင် ဝမ်ပေါင်လဲ့မှာ သူ၏ ခန္ဓာကိုယ်ထဲမှ ထာဝရကြယ်မီးတောက်ကြောင့် သူ့ကိုယ်သူယုံကြည်မှုအပြည့် ရှိနေ၏။ တာအိုရောင်းရင်း ကူလင်းမှာလည်း ထိုအချက်အား သတိထားမိသွားသည်ပုံပင်။ ထို့ကြောင့် သူသည် အရောင်တလက်လက် တောက်ပနေသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား အကဲခတ်လိုက်ပြီးနောက် သူ၏ ညာဘက်လက်ကို အောက်သို့ ဖြည်းဖြည်းချင်း ပြန်ချလိုက်တော့သည်။

ထိုအခါ ဘေးပတ်ပတ်လည်ရှိ အချိန်စက်ဝိုင်း ကျင့်ကြံသူအားလုံး၏ ကျင့်ကြံခြင်းစွမ်းအား အငွေ့အသက်များမှာလည်း လွင့်ပါးပျောက်ကွယ်သွားကြ၏။ တာအိုရောင်းရင်း ကူလင်း၏ ကျင့်ကြံခြင်းစွမ်းအားများ လွင့်စင်ပပျောက်သွားသောအခါ လေထုကြီးထဲတွင် ရှိနေခဲ့သည့် ဖိနှိပ်အားများမှာလည်း ပျောက်ကွယ်သွားတော့သည်။

ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ အဓိပ္ပါယ်လေးနက်သည့် အကြည့်တစ်ခု ဖျတ်ခနဲ ပေါ်ပေါက်လာ၏။ သူသည် ထိုသို့ ဖြစ်လာနိုင်ခြေရှိသည်ဟု ခန့်မှန်းမိထားပြီးသား ဖြစ်သောကြောင့် သူ၏ မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီးအား ချွတ်ကာ တာအိုရောင်းရင်း ကူလင်းအား စိုက်ကြည့်နေလိုက်တော့သည်။

စားပွဲတစ်လုံးသာ ခြားနေသည့် သူတို့နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် အသက်ရှူကြိမ် သုံးကြိမ်ခန့် စိုက်ကြည့်နေလိုက်ကြ၏။ ထို့နောက် တာအိုရောင်းရင်း ကူလင်းမှာ သူ၏ အကြည့်ကို ပြန်လည်ရုပ်သိမ်းသွားပြီး တည်ကြည်စွာ ဆိုလိုက်တော့သည်။

" မင်း ငါ့အရက်ကို ကြိုက်လား "

" မဆိုးပါဘူးဗျ " ဝမ်ပေါင်လဲ့မှာ တစ်စုံတစ်ခုအား စဉ်းစားတွေးတောနေသည့် အမူအရာဖြင့် ပြုံးကာ ပြန်ဖြေလိုက်သည်။

" အဲတာဆိုလည်း ဒီအရက်ကို မင်းပဲ ယူသွားလိုက်တော့။ အချိန်စက်ဝိုင်းတပ်ရင်းက အရှုံးပေးတယ် " တာအိုရောင်းရင်း ကူလင်းမှာ ထိုသို့ဆိုကာ မတ်တပ်ထလာပြီး စကြဝဠာကြီးအား ခေါင်းမော့ကြည့်လိုက်၏။ သူ၏ စကားသံကြီးမှာ မိုးခြိမ်းသံနှင့် တူနေပြီး ဟင်းလင်းပြင်ကြီးထဲရှိ အနက်ရှိုင်းဆုံးနေရာအထိ ပျံ့နှံ့သွားတော့မည့်ပုံ ပေါက်နေသည်။ သူသည် ထိုသို့ဆိုလိုက်ပြီးနောက် ရယ်မောကာ နောက်သို့လှည့်သွားပြီး ဥက္ကာပျံပေါ်မှ ထွက်ခွာသွား၏။ ဘေးပတ်ပတ်လည်ရှိ အချိန်စက်ဝိုင်းတပ်ရင်း၏ ကျင့်ကြံသူများနှင့် စစ်သင်္ဘောကြီးများမှာလည်း ထိုနည်းတူပင်။ သူတို့အားလုံးမှာ လေပေါ်သို့ ပျံတက်ကာ တာအိုရောင်းရင်း ကူလင်းနောက်သို့ လိုက်သွားကြပြီး အဝေးသို့ ထွက်ခွာသွားကြတော့သည်။

ခဏအကြာတွင် ဝမ်ပေါင်လဲ့ တစ်ယောက်သာလျှင် ထိုနေရာ၌ ကျန်ရစ်ခဲ့၏။

" စိတ်ဝင်စားစရာပဲ " ဝမ်ပေါင်လဲ့မှာ ထိုနေရာတွင် မလှုပ်မယှက်ရပ်ကာ မျက်လုံးများ မှေးသွားပြီး အရက်ထည့်ထားသည့် ဘူးသီးခြောက်အား ကိုင်မြှောက်လိုက်၏။ သူသည် ၎င်းအား အားပါးတရ မော့သောက်လိုက်ပြီးနောက်အချက်တစ်ချက်အား ရှင်းလင်းပြတ်သားစွာ နားလည်သွားတော့သည်။ အမှန်တွင် သူသည် ထိုနေရာသို့ ရောက်မလာခင်ကတည်းက ထိုအချက်အား ခန့်မှန်းမိထားပြီးသား ဖြစ်၏။ သို့သော် သူ တာအိုရောင်းရင်း ကူလင်း၏ အမူအရာများကို မြင်လိုက်ရသည့်အချိန်တွင် သူ၏ ခန့်မှန်းချက်မှာ ပို၍ပင် သေချာသွားရတော့သည်။

ထို ခန့်မှန်းချက်မှာ... တာအိုရောင်းရင်း ကူလင်းသည် သူနှင့် မတိုက်ခိုက်ချင်သည့် အချက်ပင်။

နတ်သမီးလင်ယိုနှင့် အဆင့်လေးစစ်တပ် ခေါင်းဆောင်ကြီးတို့မှာ သူ့အား အတိုင်းအတာတစ်ခုအထိ ကူညီပေးခဲ့ပါသော်လည်း သူတို့၏ ရည်ရွယ်ချက်မှာ အခြားစစ်တပ်များ အားလျော့သွားအောင် လုပ်ရန်သာ ဖြစ်သည်။ သူတို့၏ အဓိကပစ်မှတ်မှာ အဆင့်တစ်စစ်တပ် ဖြစ်ပါသော်လည်း အဆင့်နှစ်စစ်တပ် အားလျော့သွားလျှင်လည်း သူတို့အတွက် အကျိုးရှိပေသည်။

တာအိုရောင်းရင်း ကူလင်းမှာလည်း စစ်တပ်ခေါင်းဆောင်ကြီးတစ်ယောက် ဖြစ်နေပြီး အလယ်အလတ် ထာဝရဝိညာဉ်အဆင့်အထိ တက်လှမ်းထားနိုင်ခဲ့သည်ဖြစ်ရာ ဉာဏ်နည်းသူတစ်ယောက် မဖြစ်နိုင်ပေ။ သူသည်လည်း ကြီးမားသော ရည်မှန်းချက်များ ပိုင်ဆိုင်ထားရပေမည်။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့်နှင့် တိုက်ရည်ခိုက်ရည်စွမ်းအားများကို သတိထားမိလိုက်ပြီးနောက် ၎င်းတို့အား သူ သိရှိထားပြီးသားဖြစ်သော အချက်အလက်များနှင့် ပေါင်းစည်းကာ ချင့်ချိန်သုံးသပ်ပြီးသွားသောအခါ ဝမ်ပေါင်လဲ့မှာ အမှန်တကယ်ပင် အဆင့်နှစ်စစ်တပ်အား ခြိမ်းခြောက်နိုင်စွမ်းရှိနေကြောင်း သိလိုက်ရသဖြင့် အရှုံးပေးလိုက်ခြင်း ဖြစ်ပေသည်။

သူသည် ထိုသို့အရှုံးပေးလိုက်ရသည်မှာ ရှက်စရာမဟုတ်ဟု မှတ်ယူထား၏။ သူ၏ ပန်းတိုင်မှာ အလွန်အင်မတန်မှ ရိုးစင်းပြီး ယုတ်မာရက်စက်သည့် အကြံအစည်တစ်ခုဟုပင် သတ်မှတ်၍မရပေ။ ၎င်းမှာ သဘာဝကျသည့် နည်းဗျူဟာတစ်ခုဟုပင် ဆိုနိုင်ပေသည်။ သူသည် ဝမ်ပေါင်လဲ့နှင့် အဆင့်တစ်စစ်တပ် သူသေကိုယ်သေ တိုက်ခိုက်ကြသည်ကို ကြည့်ချင်နေခြင်းဖြစ်၏။

ထိုသို့သာဆိုပါက သူသည် တစ်ဘဝတွင် တစ်ကြိမ်သာရနိုင်သည့် အခွင့်အရေးမျိုးကို ရရှိပိုင်ဆိုင်သွားမည်ဖြစ်သည်။

တာအိုရောင်းရင်း ကူလင်းမှာ ထိုအခွင့်အရေးအား ရရှိနိုင်ရန်အတွက် ယခုလို အရှုံးပေးလိုက်ရသည်ကို စိတ်ထဲတွင် ထည့်ထားခြင်း မရှိပေ။

" သူတို့တွေ အကုန်လုံးက ဉာဏ်များတဲ့ မြေခွေးအိုကြီးတွေပဲ " ဝမ်ပေါင်လဲ့မှာ ဘူးသီးခြောက်ထဲမှ အရက်များကို ကုန်အောင်သောက်လိုက်ပြီးနောက် မတ်တတ်ထလာပြီး သူ၏ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ ဥက္ကာပျံများထဲမှ ထွက်ခွာလာ၏။ သူသည် သူ၏ ဝိညာဉ်အက်ကွဲကြောင်းဆီသို့ ပြန်ရန် အလို့ငှာ တည်နေရာပြောင်းရွှေ့ခြင်း ဝဲကြီးထဲသို့ ဝင်ရောက်သွားရန် ပြင်လိုက်စဉ်မှာပင် ခြေလှမ်းများရပ်တန့်သွားရ၏။ ထို့နောက် သူသည် နောက်သို့လှည့်ကာ မလှမ်းမကမ်းရှိ စကြဝဠာကြီးအား လှမ်းကြည့်မိလိုက်တော့သည်။

သူ ထိုသို့ လှည့်ကြည့်လိုက်သည်နှင့် စကြဝဠာကြီးထဲ၌ ထစ်ချုန်းသံကြီးတစ်သံ ထွက်ပေါ်လာပြီး ဟင်းလင်းပြင်ကြီးထဲရှိ အခြားနယ်မြေတစ်ခုမှ ဆန့်ထွက်လာသည့်ပုံ ပေါ်သော လက်ဖဝါးကြီးနှစ်ခုကို မြင်လိုက်ရသည်။ ၎င်းတို့မှာ ဟင်းလင်းပြင်ကြီးအား ဆုပ်ကိုင်ကာ ဆုတ်ဖြဲပစ်လိုက်၏။ ထို့ကြောင့် မိုးကောင်းကင်ကြီးကိုပင် တုန်ရီသွားစေနိုင်သည့် အသံကြီးသစ်တစ်သံ ထွက်ပေါ်လာပြီး ဧရာမ အက်ကွဲကြောင်းကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။

ထို အက်ကွဲကြောင်းကြီးထဲတွင် အလွန်အင်မတန်မှ အရွယ်အစားကြီးမားသည့် အနက်ရောင် လူရိပ်ကြီးတစ်ခု ရှိနေ၏။ ထိုလူရိပ်ကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ချွန်ထက်နေသည့် ဆူးချွန်များဖြင့် ပြည့်နှက်နေပြီး ၎င်းမှာ တမူထူးခြားသော အငွေ့အသက်တစ်မျိုးကို ပိုင်ဆိုင်ထားသည့်ပုံပင်။ ၎င်းဆီမှ ထွက်ပေါ်နေသည့် ကျင့်ကြံစွမ်းအင်လှိုင်းများမှာလည်း အလယ်အလတ် ထာဝရဝိညာဉ်အဆင့်တွင် ရှိနေ၏။ ထို လူရိပ်ကြီးမှာ... အဆင့်တစ်စစ်တပ်မှ ရီနျှန်ကျစ် ဖြစ်ပေသည်။

သူ၏နောက်တွင်မူ စွမ်းအင်လှိုင်းကိုးခု ရှိနေ၏။ ၎င်းတို့အား ထုတ်လွှတ်နေသည့် ကျင့်ကြံသူများထဲတွင် အမျိုးသားများသာမက အမျိုးသမီးများလည်း ပါနေကြပြီး သူတို့ အားလုံးမှာ တမူထူးခြားသော ချပ်ဝတ်တန်ဆာများကို ဆင်မြန်းထားကြ၏။ ထို ချပ်ဝတ်တန်ဆာများမှာ ဓမ္မစစ်သင်္ဘောကြီးများ မဟုတ်ကြပါသော်လည်း သူတို့၏ တိုက်ရည်ခိုက်ရည်စွမ်းအားများကို မြှင့်တင်ပေးနိုင်စွမ်း ရှိနေဆဲပင်။ ထို ကျင့်ကြံသူ ကိုးယောက်စလုံးမှာ ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံသူများဖြစ်ကြ၏။ သူတို့မှာ အဆင့်တစ်စစ်တပ်ထဲမှ ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် တိုက်ခိုက်ရေးသမား ကိုးယောက် ဖြစ်ရပေမည်။

သူတို့၏ နောက်တွင်မူ မရေမတွက်နိုင်လောက်အောင် များပြားသော စစ်သင်္ဘောကြီးများမှာ မျက်စိတစ်ဆုံး ပြည့်နှက်နေ၏။ ထိုမြင်ကွင်းအား မြင်လိုက်ရသူတိုင်းမှာ စိတ်ဝိညာဉ်ထဲ၌ တုန်လှုပ်ချောက်ချားသွားရမည်သာ ဖြစ်သည်။ ထို့အပြင် ထို စစ်သင်္ဘောကြီးများထဲတွင် ထာဝရဝိညာဉ်အဆင့် စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေသော ဓမ္မစစ်သင်္ဘော ငါးစင်း ရှိနေသေးသည်။

ထို ဓမ္မစစ်သင်္ဘော ငါးစင်းကြောင့် ဝမ်ပေါင်လဲ့မှာ သူငယ်အိမ်များ ကျဉ်းမြောင်းသွားရ၏။

၎င်းတို့အားလုံး၏ နောက်တွင် နန်းတော်တစ်ခုမှာ လေထဲ၌ ရစ်ဝဲနေ၏။ ထို နန်းတော်ထဲတွင် မည်သူ့ကိုမှ မမြင်ရပေ။ သို့သော် ထို နန်းတော်ထဲမှ ထွက်ပေါ်နေသည့် စကြဝဠာကြီးတစ်ခုလုံးအား ဖိနှိပ်ချုပ်တည်းပစ်နိုင်စွမ်း ရှိလောက်အောင် အစွမ်းထက်သော အငွေ့အသက်ကြီးကို အာရုံခံမိလိုက်ပါက ၎င်းထဲရှိ လူပုဂ္ဂိုလ်မှာ မည်သူမည်ဝါဖြစ်ကြောင်း သိနိုင်ပေသည်။

ထို ပုဂ္ဂိုလ်ကြီးမှာ အဆင့်တစ်စစ်တပ်၏ ခေါင်းဆောင်ကြီးဖြစ်သူ ကူမော့ ဖြစ်ပေသည်။ သူသည် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းထဲတွင် ဂိုဏ်းခေါင်းဆောင်ကြီးပြီးလျှင် အစွမ်းအထက်ဆုံး ကျင့်ကြံသူဖြစ်ပြီး ထာဝရဝိညာဉ် ထိပ်ဆုံးအဆင့်တွင် ရှိနေ၏။

" လုံနန်ကျစ်။ ငါ မင်းကို အဆင့်တစ်စစ်တပ်နဲ့ ပူးပေါင်းခွင့်‌ နောက်ထပ်တစ်ကြိမ် ထပ်ပေးမယ် " ဝမ်ပေါင်လဲ့တစ်ယောက် တုန်လှုပ်ချောက်ချားနေစဉ် ရီနျှန်ကျစ်မှာ တည်ကြည်စွာဆိုလိုက်၏။ သူ၏ စကားသံကြီးမှာ အက်ကွဲကြောင်းကြီးထဲမှ ထွက်ပေါ်လာပြီး စကြဝဠာကြီးထဲ၌ ပျံ့နှံ့သွားသည်။

သူသည် ဝမ်ပေါင်လဲ့အား သူတို့နှင့်ပူးပေါင်းရန် ဖိတ်ခေါ်နေခြင်းမဟုတ်ဘဲ ခြိမ်းခြောက်နေခြင်းသာ ဖြစ်သည်။ ထို့အပြင် သူသည် မေးခွန်းမေးနေခြင်း မဟုတ်ဘဲ သတိပေးနေခြင်းလည်း ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာမူ နှုတ်ဆိတ်သွား၏။ သူသည် ရီနျှန်ကျစ်နှင့် ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံသူကိုးယောက်အား ဂရုမစိုက်ပါသော်လည်း ဓမ္မစစ်သင်္ဘော ငါးစင်းကြောင့် ခေါင်းခဲနေရ၏။ ထို့အပြင် ကူမော့လည်း... ရှိနေသေးသည်။

" စကားပြန်မပြောဘူးပေါ့။ ဟုတ်ပြီလေ။ အဲတာဆို ငါ မင်းကို နောက်ထပ်အခွင့်အရေးတစ်ခု ထပ်ပေးမယ်။ မင်း ငါ့ကို သဘောမကျဘူးလား။ ငါ မင်း စိန်ခေါ်မှာကို စောင့်နေတယ် " ရီနျှန်ကျစ်မှာ မျက်လုံးများ မှေးသွားပြီး ထပ်ပြောလိုက်ပြန်သည်။

ဝမ်ပေါင်လဲ့မှာမူ ခေါင်းမော့ကာ ရီနျှန်ကျစ်အား တည်ကြည်စွာ စိုက်ကြည့်နေလိုက်၏။ သူသည် ထို အက်ကွဲကြောင်းကြီးထဲရှိ စစ်တပ်ကြီးမှာ အဆင်သင့်ဖြစ်နေသည်ကိုလည်း မြင်နေရသည်။ ထို့ကြောင့် သူသည် စကားတစ်ခွန်းမှ ပြောနေခြင်းမရှိဘဲ နောက်သို့လှည့်ကာ တည်နေရာပြောင်းရွှေ့ခြင်း ဝဲကြီးထဲသို့ ဝင်ရောက်သွားလိုက်ပြီးနောက် ချက်ချင်းပျောက်ကွယ်သွားတော့သည်။

သူ ပျောက်ကွယ်သွားသောအခါ ရီနျှန်ကျစ်၏ မျက်ဝန်းများထဲ၌ နောင်တရနေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ အကယ်၍ ဝမ်ပေါင်လဲ့သာ သူတို့အား စိန်ခေါ်လိုက်မည်ဆိုပါက အရာအားလုံးမှာ သူစီစဉ်ထားသည့်အတိုင်း ဖြစ်သွားမည် မဟုတ်ပါလော။ သူသည် အဆင့်တစ်စစ်တပ်အား စိန်ခေါ်လိုက်ခြင်း ဖြစ်သည်ဟု သတ်မှတ်နိုင်ပေသည်။

" ထားပါတော့။ သူက စဉ်းစားဆင်ခြင်ဉာဏ်မရှိတဲ့ လူတစ်ယောက်မှ မဟုတ်ဘဲ " ရီနျှန်ကျစ်မှာ ထိုသို့ရေရွတ်လိုက်ပြီးနောက် နောက်သို့လှည့်ကာ ခပ်လှမ်းလှမ်းရှိ နန်းတော်ကြီးအား ဦးညွှတ်အရိုအသေပေးလိုက်၏။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်သည်။ ထိုအခါ အက်ကွဲကြောင်းကြီးမှာ ချက်ချင်းဆိုသလိုပင် ပြန်ပိတ်သွားပြီး စကြဝဠာကြီးမှာလည်း ပုံမှန်အတိုင်းပြန်ဖြစ်သွား၏။

တစ်ချိန်ထဲမှာပင် ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်းဆီသို့ ပြန်ရောက်လာသည့် ဝမ်ပေါင်လဲ့မှာ သုန်မှုန်နေသည့် မျက်နှာအမူအရာဖြင့် ပြန်လည်ပေါ်ပေါက်လာသည်။ သူသည် အချိန်အတော်အတန်ကြာအောင် မလှုပ်မယှက် ရပ်ကာ အတွေးများထဲ၌ နစ်မျောနေ၏။ ထို့နောက် သူသည် မျက်ဝန်းများထဲ၌ ဆုံးဖြတ်ချက်ပြတ်သားသည့် အရိပ်အယောင်များ ပေါ်ပေါက်လာပြီး ရှဲ့ဟေးရန် ပေးခဲ့သည့် ဆက်သွယ်ရေးကျောက်စိမ်းပေလွှာကို ထုတ်ယူကာ သူ့ဆီသို့ အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်တော့သည်။

" တာအိုရောင်းရင်း ဟေးရန်။ မင်း အရင်တုန်းကပြောဖူးတဲ့ သတင်းအကြောင်း မေးချင်လို့။ အဲဒီသတင်းထဲမှာ ငါ ထာဝရဝိညာဉ်အဆင့်ကို တက်လှမ်းနိုင်မယ့် အခွင့်အရေးတစ်ခု တကယ်ပဲ ရှိနေတယ်ဆိုရင်... ငါ လိုချင်တယ်ကွာ "

All Chapters