← Chapters

ယုမျိုးနွယ်က ဖမ်းထားသောလူ

Vol. 74 Ch. 1022

ယုမျိုးနွယ်က ဖမ်းထားသောလူ

Vol. 74 Ch. 1022

“အစီအရင်ဆရာမို… ဘယ်လိုနေလဲ”

မိုဝူကျိက ဝဲကတော့နတ်ဝိညာဉ်စွမ်းအားကို စိုက်ကြည့်နေမှန်း သတိထားမိကာ ယုဖုန်းယွိက အမြန် မေးလိုက်သည်။ သူက အနည်းငယ် သံသယဝင်နေကာ ဤနေရာရှိ ကမ္ဘာဦးနတ်ဝိညာဉ်စွမ်းအားကို မိုဝူကျိက အာရုံခံနိုင်လိုက်မည်ကို စိုးရိမ်နေသည်။

သို့သော် သူသည် မိုဝူကျိအား ဤနေရာသို့ ခေါ်လာခဲ့ပြီးပြီဖြစ်ရာ မိုဝူကျိသည် ဤနေရာရှိ ကမ္ဘာဦးနတ်ဝိညာဉ်စွမ်းအားကို အာရုံခံမိခဲ့လျှင်ပင် ဤနေရာမှ မိုဝူကျိ ဘယ်လိုနည်းနှင့်မှ ပြန်ထွက်သွားနိုင်မည် မဟုတ်ပေ။ သို့မဟုတ်ပါက သူသည် မိုဝူကျိအား ဤနေရာသို့ ခေါ်လာဖို့ကို စဉ်းပင်စဉ်းစားမည် မဟုတ်ချေ။

ဤကမ္ဘာဦးနတ်ဝိညာဉ်စွမ်းအားကြောင့် ယုဖုန်းယွိ၏ လက်ထဲတွင် အဆင့် ၄ နတ်ဘုရားအစီအရင်ဆရာ ၇ ယောက် ၈ ယောက်လောက် အသက်ပျောက်သွားပြီးလေပြီ။ ထိုကြောင့် ထိုကိစ္စအား သူက စိတ်ထဲထားမနေချေ။ အဆင့် ၅ နတ်ဘုရားအစီအရင်ဘုရင်တစ်ယောက်ပင် ဤနေရာ၌ သေခဲ့ဖူးသေးသည်။

မိုဝူကျိက အသာပြုံးကာ

“ကျုပ်ရဲ့ဂိုဏ်းမှာ ဝိညာဉ်ပိတ်လှောင်ရေး နတ်ဘုရားအစီအရင်တွေအတွက် တမူထူးတဲ့နည်းလမ်း ရှိတယ်။ တကယ်တော့ ဒီနေရာမှာရှိတဲ့ နတ်ဘုရားဝိညာဉ်စွမ်းအားတွေ အကုန်လုံးကို အပြီးအပိုင် ပိတ်လှောင်နိုင်မယ်လို့ ကျုပ်မှာ ယုံကြည်ချက်ရှိတယ်။ အဲ့လိုလုပ်ဖို့ဆိုရင် ဒီနတ်ဘုရားဝိညာဉ်စွမ်းအားရဲ့ မူလဇာစ်မြစ်ကို သိဖို့လိုအပ်တယ်။ ဒါကြောင့် ကျုပ် အထဲကို ဝင်ကြည့်ဖို့ လိုလိမ့်မယ်ဗျ”

“နတ်ဘုရားအစီအရင်ဆရာမို… ဒီနည်းလမ်းကို မစဉ်းစားနေပါနဲ့လား။ ကျုပ်ရဲ့ယုမျိုးနွယ်က အထဲကို လူတွေ လွှတ်ကြည့်ပြီးပြီ။ ဒါပေမဲ့ တစ်ယောက်မှ အသက်ရှင်လျက် ပြန်မထွက်လာနိုင်ကြဘူး”

ယုဖုန်းယွိက မိုဝူကျိ၏ အကြံကို ငြင်းပယ်လိုက်၏။

မိုဝူကျိက တွေးလိုက်သည်။

ခင်ဗျားကြီးက ဘယ်သူ့ကို လာနောက်ဖို့ ကြိုးစားနေတာလဲ…

မိုဝူကျိက ခေါင်းခါရင်း ဆက်ပြောလိုက်သည်မှာ

“တကယ်လို့ အဲ့ဒါ ဘယ်ကလာတာလဲသာ ကျုပ် မသိဘူးဆိုရင် ပြီးပြည့်စုံတဲ့ ဝိညာဉ်ပိတ်လှောင်ရေး နတ်ဘုရားအစီအရင်ကို ခင်းကျင်းဖို့ရာ ကျုပ်အတွက် ခက်ခဲနေမှာပဲ စိုးရတယ်။ အစီအရင်ကို ခင်းကျင်းနိုင်ခဲ့ရင်တောင်မှ သိပ်သည်းတဲ့ နတ်ဝိညာဉ်စွမ်းအားတွေက အချိန်တစ်ခုကြာတဲ့အခါမှာ စိမ့်ထွက်လာပြီးတော့ နောက်တစ်ကြိမ် ပြန်လည်ခင်းကျင်းဖို့ လိုအပ်လာဦးမှာပဲ။ ဒီမှာရှိနေတဲ့ နတ်ဝိညာဉ်စွမ်းအားတွေကို သုံးပြီး ဝိညာဉ်သိုလှောင်ရေးအစီအရင်ကို လည်ပတ်စေမှသာ အချိန်အကြာကြီး တာရှည်ခံနိုင်လိမ့်မယ်ဗျ။ အဲ့လို ဝိညာဉ်သိုလှောင်ရေးအစီအရင် ရဖို့ဆို နတ်ဝိညာဉ်စွမ်းအားရဲ့ ဇာစ်မြစ်ကို ကျုပ် သိဖို့ လိုတယ်”

မိုဝူကျိက အလကား သက်သက်မဲ့ ပြောနေခြင်း မဟုတ်ပေ။ ဤနေရာသည် ကမ္ဘာဦးနတ်ဝိညာဉ်စွမ်းအားရှိသည့် နေရာတစ်ခု ဖြစ်နေသည်။ ထို့ကြောင့် ဝိညာဉ်ပိတ်လှောင်ရေး အစီအရင်ကို အသုံးချနိုင်ဖို့ရာအတွက် တစ်ခုတည်းသောနည်းလမ်းမှာ အရင်းအမြစ်ကို အသုံးပြုရန် ဖြစ်၏။ အမှန်တွင် အစီအရင် ခင်းကျင်းနိုင်ရန် အထဲသို့ မိုဝူကျိ ဝင်စရာတော့ မလိုချေ။။

မိုဝူကျိ၏ နောက်ဆုံး စကားအနည်းငယ်မှာ သူ့အပေါ် သက်ရောက်မှုရှိသောကြောင့် အံ့သြမှုဖြင့် ယုဖုန်းယွိ၏ ရင် အစုံမှာ ခုန်သွားသည်။ အချိန်ကာလတစ်ခုကြာပြီးနောက် ယုမျိုးနွယ်က အဆင့် ၄ နတ်ဘုရားအစီအရင်ဆရာ ၁ ယောက် ၂ ယောက်လောက်ကို ရှာရန်လိုသည်မှာလည်း ဤအချက်ကြောင့်ပင် ဖြစ်သည်။ အဆင့် ၄ နတ်ဘုရားဝိညာဉ် အစီအရင်တစ်ခု ခင်းကျင်းရန် ယုမျိုးနွယ်က ကြိုးစားသည့်အခါတိုင်း ၎င်းသည် ဖြည်းဖြည်းချင်း ကျိုးပေါက်လာမြဲဖြစ်သည်။

အစီအရင်တာအိုပညာရှင်၏ အမွေဆက်ခံသူတစ်ယောက် အနေဖြင့် မိုဝူကျိတွင် သူ၏ တမူထူးသည့် ပညာစွမ်းရည် တကယ်ရှိ၏။

ထိုသို့တွေးမိကာ ယုဖုန်းယွိက တုံ့ပြန်လိုက်သည်မှာ

“ဒီနေရာ စတင်ပေါ်ထွက်လာတုန်းက လူတစ်ယောက်လည်း ဒီမှာ ပေါ်လာခဲ့တယ်။ ကျုပ် အဲ့ဒီလူကို ဒီခေါ်လာပေးပြီးတော့ ခင်ဗျားက သူ့ကို အထဲကအခြေအနေတွေကို မေးမြန်းကြည့်ရင်ကော”

ကမ္ဘာဦးနတ်ဝိညာဉ်စွမ်းအား ပေါ်လာသော နေရာတွင် တစ်စုံတစ်ယောက်က တကယ်ပေါ်လာသည်လော… ချက်ချင်းပင် မိုဝူကျိက စိတ်ဝင်စားသွားကာ

“ကောင်းသားပဲ… တာအိုရောင်းရင်းယုကို အဲ့ဒီလူကို ဒီခေါ်လာပေးဖို့ တောင်းဆိုပါရစေ”

ယုဖုန်းယွိ လှုပ်ရှားသည်မှာ မြန်၏။ အမှာစကားတစ်ခွန်းတည်းဖြင့် ငေးငိုင်နေသော အရပ်ရှည်ရှည်နှင့် ပုခုံးသာသာဆံပင်ရှိသည့် လူတစ်ယောက်ကို ခေါ်လာစေလိုက်သည်။

ယွမ်မိုလား…

မိုဝူကျိသည် ဤ မျက်နှာမည်းမည်း အရပ်ရှည်ရှည်နှင့်လူကို ကြည့်ကာ သူ့ရင်ထဲတွင် အံ့သြတုန်လှုပ်သွားသည်။ ဤလူမှာ သေချာပေါက် ယွမ်မို ဖြစ်နေသည်။ အဘယ်ကြောင့်များ သူက နတ်ဘုရားကုန်းမြေတွင် ရောက်နေရသနည်း။ ထို့ထက် အဘယ်ကြောင့်များ ယုမျိုးနွယ်၏ လက်ထဲတွင် ရောက်နေရသနည်း။ ဤကမ္ဘာဦးနတ်ဝိညာဉ်စွမ်းအား၏ မူလဇာစ်မြစ်နှင့် သူက ဘယ်လိုများ သက်ဆိုင်နေသနည်း။

“ဒီအစီအရင်ဆရာကို အထဲက အခြေအနေအကုန်လုံးကို သေချာသိအောင် ပြောပြလိုက်”

ယုဖုန်းယွိက အခြေအနေကိုပြောပြရန် ယွမ်မိုအား အသံပြတ်ပြတ်ဖြင့် ခပ်အုပ်အုပ် ညွှန်ကြားလိုက်သည်။

ယွမ်မိုက မိန်းမောတွေဝေလျက် သူ့ခေါင်းကို မော့လိုက်သည်။ သူ့ကို ကြည့်ရသည်မှာ စိတ်ဓာတ်ကျနေပုံ ပေါ်သည်။ သူ၏ ကျင့်ကြံဆင့်မှာ ပရမ်းပတာဖြစ်နေသော်လည်း ယွမ်မိုမှာ ကနဦးနတ်ဘုရားအဆင့် ၁ တွင် ရောက်နေပြီဖြစ်ကြောင်း မိုဝူကျိက ပြောနိုင်သည်။

မိုဝူကျိသည် စိတ်ထဲတွင် ဒေါသမီးတောက်နေပြီ ဖြစ်သည်။ ဤအခိုက်အတန့်၌ သူလုပ်ချင်နေသည်မှာ ဤယုမျိုးနွယ်ကို အမြစ်ပြတ်သုတ်သင် ရှင်းလင်းပစ်ရန်သာ ဖြစ်သည်။ နှမြောစရာကောင်းသည်မှာ ထိုသို့လုပ်ရန် သူက အရမ်းကို အားနည်းနေသေးလွန်းသည်။

ဤသို့ တွေးရင်းဖြင့် မိုဝူကျိက လက်ခါကာ

“တာအိုရောင်းရင်းယု… သူက အစီအရင်တာအိုအကြောင်း မသိတော့ အဲ့လိုက အသုံးဝင်လိမ့်မယ်လို့ ကျုပ်တော့ မထင်ဘူး။ သူ့ကို ကျုပ်ကို အောက်ထဲ ခေါ်သွားခိုင်းလိုက်ပါ။ ကျုပ် ကိုယ်တိုင် သွားစစ်ဆေးကြည့်မယ်”

ဤနေရာတွင် သူ့ဘာသာသူ ကိုယ်လွတ်ရုန်းပြေးဖို့အထိ သူက တတ်နိုင်သေးသည်။ သူနှင့်အတူ ယွမ်မိုကိုပါ ခေါ်သွားဖို့ရန်မှာကား မဖြစ်နိုင်သည့် အိမ်မက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။ သူက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ တပည့်ဖြစ်ကြောင်း ထောက်ပြဖို့ရန်မှာလည်း ထိုသို့လုပ်ခြင်းက စောစောသေသွားဖို့သာ ဖြစ်စေလိမ့်မည်။ ဤမျှ ကြီးမားသော လျို့ဝှက်ချက်ကြီးတစ်ခုကို ရှာတွေ့လိုက်ပါက နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်၏ ကျောင်းတော်သခင်လောင်းပင်လျှင် နှုတ်ပိတ်ခံရမည် ဖြစ်လေရာ သူ့လို တပည့်လေး တစ်ယောက်ဆိုလျှင်ကား ပြောစရာပင် မလိုတော့ချေ။

မိုဝူကျိက အောက်ထဲဆင်းချင်သေးသည်ကို ကြားသောအခါ သူက မျက်မှောင်ကျုံ့လိုက်သည်။ သို့သော် မိုဝူကျိ၏ စောစောတုန်းက စကားများကို ငြင်းဆိုရန်မှာလည်း သူ့အတွက် ခက်နေပြန်သည်။ ဤနေရာအား ထာဝရပိတ်လှောင်ထားနိုင်မည့် ဝိညာဉ်ပိတ်လှောင်ရေး နတ်ဘုရားအစီအရင်တစ်ခု…  ထိုအရာမှာ ယုမျိုးနွယ်အတွက် အလွန်အရေးကြီးနေလေ၏။

သို့မဟုတ်ပါက ယုမျိုးနွယ်သည် အစီအရင်ဆရာများကို ခဏခဏ ဆက်လက် ဖိတ်ခေါ်နေရပေလိမ့်မည်။ ရေရှည်တွင် ထိုအရာသည် သူတို့အတွက် ပြဿနာတစ်ခု ဖြစ်လာလိမ့်မည်။

ပြောရမည်ဆိုလျှင် ယုမျိုးနွယ်၏ တောင်ထဲတွင် နာမည်ကျော် အဆင့် ၄ နတ်ဘုရားအစီအရင်ဆရာများ ဆက်တိုက် ပျောက်ဆုံးနေပါက တခြားသူများက အဘယ်ကြောင့် သံသယမဝင်ဘဲ နေပါ့မည်နည်း။

အများကြီး စဉ်းစားပြီးသည့်နောက်တွင် ယုဖုန်းယွိက ခေါင်းငြိမ့်လိုက်၏။

“ကောင်းပြီလေ… ကျုပ် ယုနန်ကိုပါ ခင်ဗျားနောက် လိုက်ဆင်းခိုင်းလိုက်မယ်။ ယုနန်…”

“ရှိပါတယ်ခင်ဗျ”

လိမ္မာပါးနပ်ပုံပေါ်သော လူတစ်ယောက်က လမ်းလျှောက်လာသည်။ ဤလူကို ကြည့်ကာ မိုဝူကျိက သက်ပြင်းချလိုက်သည်။ အကြောင်းမှာ ထိုလူသည် နတ်ဘုရားအုပ်စိုးသူ အဆင့် ၁ တွင်ရှိသော ကျင့်ကြံသူတစ်ယောက် ဖြစ်နေသောကြောင့်ဖြစ်သည်။ သူက ယခင် နတ်ဘုရားအုပ်စိုးသူတစ်ယောက်ကို သတ်ဖူးသော်လည်း ထိုစဉ်က ပုံမှန်အခြေအနေမျိုး မဟုတ်ခဲ့ချေ။

“အစီအရင်ဆရာမို… ကျုပ်တို့ အရင်တုန်းက အခေါက်ရေအနည်းငယ်စာ ဆင်းကြည့်ဖူးတယ်။ ကျုပ်တို့မြင်ရတဲ့ တစ်ခုတည်းသောအရာက တစ်ခြမ်းဖြူ တစ်ခြမ်းမီးခိုးရောင် ဖြစ်နေတဲ့ ကျောက်တုံးတစ်ခုပဲ…”

ယုဖုန်းယွိသည် မိုဝူကျိအား အောက်မဆင်းရန် သိမ်းသွင်းဖို့ရာအတွက် အကောင်းဆုံး ဆက်လက်ကြိုးစားကြည့်နေသေးသည်။

မည်သူမျှ အသက်ရှင်လျက် ပြန်မထွက်လာဘူး ဟူသော သူ့အလိမ်အညာကိုကား ယုဖုန်းယွိမှာ လုံးလုံး မေ့နေပြီ ဖြစ်သည်။

မိုဝူကျိကလည်း မသိချင်ယောင်ဆောင်နေသဖြင့် သူ့အား အလိမ်ဖော် မနေတော့ပေ။

“တာအိုရောင်းရင်းယုက အစီအရင်တာအိုမှာမှ မကျွမ်းကျင်တဲ့ဟာ။ တစ်ခါတစ်လေမှာ နတ်ဝိညာဉ်စွမ်းအားက မျက်စိရှေ့မှာ ရှိနေရင်တောင် မမြင်ဘဲလွဲတတ်တယ်ဗျ။ ဒီလိုဆိုရင်ကော ဘယ်လိုလဲ… တာအိုရောင်းရင်းယုနန်ကို ကျုပ်နဲ့ ပုခုံးထိ ဆံပင်ဖားလျားချထားတဲ့ဒီလူကို အောက်ချခိုင်းလိုက်ပါ။ ဒီလူ့ဆီကနေ အသေးစိတ် အချက်အလက်တချို့ကို မေးမြန်းရှာဖွေဖို့ လိုရင်လိုနေဦးမှာ”

မိုဝူကျက သူ့ကို အစီအရင်တာအိုတွင် မကျွမ်းကျင်သဖြင့် လွတ်သွားသည့်ကိစ္စမျိုးရှိနေလိမ့်မည်ဟု ပြောသည်ကို ကြားသောအခါ ယုဖုန်းယွိမှာ ဒေါပွနေသည်။ ထို့နောက်တွင် မိုဝူကျိတွင် နောက်ထပ်ရက်အနည်းငယ်သာ အသက်ရှင်နိုင်တော့မည့်အကြောင်း တွေးမိကာ သူက သူ့စိတ်သူ ပြန်ထိန်းလိုက်သည်။

“ကဲ ဒါဆို သွားကြရအောင်”

ထိုသို့ပြောပြီးနောက် မိုဝူကျိက အရင်ခုန်ချလိုက်သည်။ သူက ယုနန်သည် ယွမ်မိုအား သူနှင့်အတူ ခေါ်လာလိမ့်မည်ဟု ယုံကြည်သည်။

မိုဝူကျိ၏ ခန့်မှန်းချက်အတိုင်းပင် ယုနန်သည် ယွမ်မိုကို ဆွဲခေါ်ကာ မိုဝူကျိနောက် ထပ်ကျပ်မကွာ နတ်ဘုရားဝိညာဉ်စွမ်းအား ဝဲကတော့ထဲသို့ ခုန်ဆင်းလိုက်သည်။

သူ့တာဝန်မှာ အလွန်ရှိးရှင်းသည်။ မိုဝူကျိအား စောင့်ကြည့်ရန်သာ ဖြစ်သည်။

ကြီးမားသော ဝဲကတော့စွမ်းအားတစ်ခုကို ခံစားလိုက်ရပြီး သူ၏စိတ်စွမ်းအားသည် နှေးကွေးလေးကန်လာကာ မိုဝူကျိ၏ ဝိဇ္ဇာကိုယ်ထည်ပင်လျှင် မသက်မသာခံစားလိုက်ရသည်။

ကံကောင်းစွာပင် မိုဝူကျိ၏ ဝိညာဉ်သိုလှောင်ရေးလမ်းကြောင်းသည် အချိန်မှီ စတင်လည်ပတ်လာကာ တစ်လျှောက်လုံး အသိမလွတ်ဘဲ နေနိုင်လိုက်လေသည်။

မိနစ်အနည်းငယ် ကြာပြီးနောက် မိုဝူကျိသည် ခြေအစုံဖြင့် မြေကြီးပေါ်သို့ ဆင်းသက်လိုက်သည်။ အင်မတန်ကြီးမားသော တစ်ခြမ်းဖြူ တစ်ခြမ်းမီးခိုးရောင် ဖြစ်နေသော ကျောက်တုံးရင်ပြင်ကြီးတစ်ခုက တကယ် တည်ရှိနေလေသည်။

ရင်ပြင်ပေါ်သို့ မိုဝူကျိ ဆင်းသက်လိုက်သည့်အခိုက် သူက အစီအရင်အလံ ဆယ်ခုကျော်ကို ချက်ချင်း ပစ်လွှတ်လိုက်ပြီး သူ၏လခြမ်းကွေး ပုဆိန်လှံရှည်ကို ဆွဲထုတ်လိုက်သည်။

သူ ဤသို့ လုပ်ပြီးသည်နှင့် ယုနန်က ယွမ်မိုနှင့် ဆင်းသက်လာ၏။ ယုနန် မြေပေါ်ရောက်သည်အထိ မစောင့်တော့ဘဲ မိုဝူကျိက လှံချက်တစ်ချက်ကို ယုနန်ဆီ လှမ်းရိုက်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ယုနန်၏ ရင်ဘက်ဆီသို့ မမြင်နိုင်သည့် လက်သင်္ကေတတစ်ခုကို ရိုက်ထုတ်လိုက်၏။

သေရေးရှင်ရေး ကံကြမ္မာစက်ဝန်းသည် မိုဝူကျိ၏ အကောင်းဆုံး အလစ်ဖမ်းတိုက်ကွက်အဖြစ် သတ်မှတ်နိုင်သည့် သဏ္ဍန်မဲ့ အချိန်စည်းမျဉ်းတစ်ခုကိုပါ ခေါ်ဆောင်လာလေသည်။

ယွမ်မိုကို ဆွဲချုပ်ထားသော ယုနန်သည် ရင်ပြင်ပေါ်သို့ ဆင်းပင် မဆင်းသက်ရသေးခင် သေစေလောက်သည့်စွမ်းအားကြီးတစ်ခုက သူ့ဆီ တရှိန်ထိုးရောက်ရှိလာမှန်း ခံစားနိုင်လိုက်သည်။ သူက မိုဝူကျိသည် သူ့အား အလစ်ဖမ်းတိုက်ခိုက်လိမ့်မည်ဟု မထင်ထားချေ။ အကြောင်းမှာ ကောင်းကင်နတ်ဘုရားတစ်ယောက်က နတ်ဘုရားအုပ်စိုးသူ တစ်ယောက်အား ဘယ်လိုလုပ်များ အလစ်ဖမ်း တိုက်ခိုက်ရဲပါလိမ့်မည်နည်း။

အလွန်တိုတောင်းလှသော စက္ကန့်လေးအတွင်း ယုနန်သည် မိုဝူကျိက သူ့အတွက် အလစ်ချောင်းတိုက်ခိုက်ရန် စောင့်နေမှန်း အတည်ပြုလိုက်သည်။ ဤအခြေအနေ အချိန်အခါတွင် သူ၏ ကမ္ဘာဦးဝိညာဉ်မှာ နှေးကွေးလေးကန်နေသည့်အနေအထား၌ ရှိနေသည်။ ဤကဲ့သို့အခြေအနေမျိုးတွင် ကောင်းကင်နတ်ဘုရားတစ်ယောက်က သူ့အား အောင်မြင်စွာ အလစ်ဖမ်းတိုက်ခိုက်ရန် လုံးဝမဖြစ်နိုင်သည်တော့ မဟုတ်ချေ။

ယုနန်သည် ယွမ်မို၏ သေခြင်း၊ ရှင်ခြင်းကို ဂရုစိုက်မနေအားဘဲ သူက သူ့အား တစ်ဖက်သို့ ပစ်လွှတ်ပစ်လိုက်သည်။ ထို့နောက် သူက သူ၏နတ်သဘာဝစွမ်းအားကို အရှိန်ပြင်းပြင်း လောင်ကျွမ်းစေလိုက်ကာ ဝဲကတော့စိတ်စွမ်းအား၏ အချုပ်အနှောင်မှ လွတ်မြောက်ရန် ကြိုးစားလိုက်သည်။

သိပ်မကြာခင်ပင် သူ၏ ပတ်ဝန်းကျင်ရှိ အာကာပြင်မှာ စတင်စေးပျစ်လာသဖြင့် ယုနန်သည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။ အချိန်တွေ နှေးကွေးနေသယောင် ထင်ရကာ တစ်စက္ကန့်လေးကိုပင် တစ်ရာစုလောက် ကြာနေသည်ဟု ခံစားလိုက်ရသည်။

ထိုတိုတောင်းလွန်းသောစက္ကန့်လေးသည် သေရေးရှင်ရေး ကံကြမ္မာစက်ဝန်းအတွက် လုံလောက်နေလေပြီ။ မီးခိုးနှင့်အဖြူ စက်ဝန်းရာက ယုနန်၏ကိုယ်ပေါ်သို့ ကျရောက်သွားသည်။ မရဏစွမ်းအားက ယုနန်၏ ကိုယ်အနှံ့ ရစ်ပတ်လွှမ်းခြုံကာ သူ၏ အသက်ဓာတ်မှာ သေရေးရှင်ရေး ကံကြမ္မာ စက်ဝန်း၏ စုပ်ယူခြင်းကို ခံနေရလေသည်။ မိုဝူကျိဆီမှ လှုပ်ရှားမှုတစ်စုံတစ်ရာ မရှိပါဘဲနှင့် သေရေးရှင်ရေး ကံကြမ္မာ စက်ဝန်းသည် ယုနန်၏ အသက်ဓာတ်ကို အရှိန်ပြင်းစွာ စုပ်ယူနေပြီ ဖြစ်သည်။

“မင်းကများ ငါ့ကို အလစ်တိုက်ရဲတယ်ပေါ့”

ယုနန်က မိုဝူကျိအား  ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

ယုနန်က ထိုစကားများကို ပြောလိုက်ရုံရှိသေးစဉ် မိုဝူကျိ၏ လခြမ်းကွေးပုဆိန်လှံရှည်က ပက်ခနဲ သွေးမြူတစ်ကွက်ကို ထွက်သွားစေလိုက်သည်။ ယုနန်၏ စွမ်းအားဗဟိုချက်နှင့် ဝိညာဉ်လမ်းကြောင်းများမှာ အပြီးအပိုင် ဖျက်ဆီးခံလိုက်ရသည်။

“ကျုပ် မင်းကို တကယ့်ကို ပိုတွက်မိသွားတာပဲ။ နတ်ဘုရားအုပ်စိုးသူတစ်ယောက်က လုံးဝကို ပြန်မခုခံနိုင်ပါလား”

မိုဝူကျိက ယုနန်အား အဆုံးသတ်လိုက်ပြီးနောက် အထင်သေးစွာ ပြောလိုက်သည်။

နောက်ဆုံးထွက်သက်လေးသာ ကျန်တော့သော ယုနန်မှာ အလွန်အမင်း ဒေါသထွက်နေသည်။ သူ၏ စိတ်စွမ်းအားနှင့် သဘာဝစွမ်းအားတို့မှာ အစောပိုင်းဝဲကတော့၏ အထိန်းအချုပ်ကို ခံထားရသည်။ မိုဝူကျိသည် သူ့အား စက်ဆုပ်ဖွယ်ကောင်းစွာ အလစ်ဖမ်းတိုက်သည့်အပြင် အာကာပြင်အချုပ်အနှောင် အစီအရင်ကိုပင် ခင်းကျင်းထားသေးသည်။ ဤအချိန်တွင် သူက သူ့အား အားနည်းသည်ဟုပင် ကဲ့ရဲ့ပြောဆိုနေသေးသည်။ လူတစ်ယောက်က ဘယ်လိုလုပ် ဤမျှစက်ဆုပ်စရာ ကောင်းနေရသနည်း။

မိုဝူကျိသည် ယုနန်အား စကားဆက်ပြောရန် စောင့်မနေဘဲ သူက အစီအရင်အလံအနည်းငယ်ကို ထပ်ပြီး ပစ်လွှတ်လိုက်၏။ သူက ထိုနောက်ဆုံးအသက်ဓာတ်လေးကို သူစောစောက ခင်းကျင်းထားသော အစီအရင်အတွင်း ပိတ်လှောင်နိုင်လိုက်သည်။

ဘေးတွင် ကျရောက်နေသော ယွမ်မိုက မိုဝူကျိအား တအံ့တသြ ကြည့်လိုက်သည်။ သူက မိုဝူကျိသည် အဘယ်ကြောင့် ယုနန်အား သတ်ချင်ရသနည်းကို လုံးလုံး မစဉ်းစားတတ်ချေ။

မိုဝူကျိက သူ့မျက်နှာဖုံးကို ချွတ်ကာ ယွမ်မို၏ ပါးစပ်ထဲသို့ ကုသဆေးလုံးတစ်လုံး ထည့်လိုက်ပြီးမှ စကားပြောလိုက်သည်။

“ ယွမ်မို… မင်း ဘယ်လိုလုပ်ပြီး ဒီလိုအခြေအနေမျိုးကို ရောက်သွားရတာလဲ”

“ ဝူကျိ… မင်း ဘယ်လိုလုပ် ဒီရောက်နေတာလဲ”

ယွမ်မိုက အလွန်အံ့အားသင့်သွားပုံ ပေါ်ကာ သူက ယုနန် အဘယ်ကြောင့် လုပ်ကြံခံရသနည်းကို နောက်ဆုံးတွင် သဘောပေါက်သွားတော့သည်။

နောက်ခဏအကြာတွင် သူ၏ နတ်သဘာဝစွမ်းအား ပြန်လည် စတင်လည်ပတ်လာပုံနှင့် သူ၏ ဒဏ်ရာများ လျင်မြန်စွာ ပျောက်ကွယ်သွားပုံတို့ကိုကြည့်ကာ သူက အံ့သြသွားသည်။

အမွေးတိုင်တစ်ဝက်စာ ကြာပြီးနောက် ယွမ်မိုက မျက်လုံးများကို ဖွင့်လိုက်သည်။ သူ့ဒဏ်ရာများမှာ လုံးဝ အရှင်းပျောက်သွားပြီဖြစ်ကာ သူ့ကျင့်ကြံဆင့်မှာ အနည်းငယ်ပင် ပို၍ သန့်စင်သွားလေသည်။ ဤကဲ့သို့ ကမ္ဘာဦးနတ်ဝိညာဉ်စွမ်းအားရှိသော နေရာမျိုးတွင် ပြန်လည်ကုစားခြင်းသည် ကျင့်ကြံဆင့်တွင် သိသိသာသာ တိုးတက်လာစေလေ၏။ အကယ်၍ ယုမျိုးနွယ်တွင် ယွမ်မို၏ ဝိညာဉ်ကို ထုတ်ယူနိုင်သည့် နတ်ဘုရားဘုရင်တစ်ယောက် ရှိမနေသည့်အချက်ကြောင့်သာ မဟုတ်ပါက ယွမ်မိုသည် ယနေ့အထိပင် အသက်ရှင်ချင်မှ ရှင်နိုင်ပေလိမ့်မည်။

ယွမ်မိုက မေးခွန်းများ ဆက်လက်မေးချင်သေးသည်ကို သတိပြုမိသဖြင့် မိုဝူကျိက ယွမ်မိုအား ဆက်မမေးရန် သူ့လက်ကို အမြန်ထုတ်တားလိုက်သည်။

“အရင်ဆုံး မင်း ဘယ်လိုလုပ် ဒီရောက်နေရတာလဲနဲ့ စကြဝဠာအစွန်းမှာ အခု ဘယ်လို အခြေအနေရှိနေလဲဆိုတာ ကျုပ်ကို ပြောပြ”

ယွမ်မိုက ယုနန်အား လက်ညိုးထိုးပြကာ ပြောလိုက်သည်။

“ဒီကောင့်ကို အရင် ရှင်းပစ်လိုက်ရအောင်။ တော်ကြာ ကျုပ်တို့ပြောတာတွေ သူကြားသွားဦးမယ်”

ထိုသို့ဆိုသဖြင့် မိုဝူကျိက အသံလုံ ကန့်သတ်ချက်တစ်ခုကို ကန့်သတ်လိုက်သည်။

“အခု ပြောလို့ရပြီ။ ဒီကောင့်ကိုတော့ အခု သတ်လို့မရသေးဘူး။ သူ့ကို သတ်လိုက်ရင် ယုဖုန်းယွိဆိုတဲ့ဘိုးတော်ကို အသိပေးသလို ဖြစ်သွားလိမ့်မယ်”

ယုနန်သည် ယုမျိုးနွယ်၏ နတ်ဘုရားအုပ်စိုးသူ ကျင့်ကြံသူ ဖြစ်ရာ သူ၏ ဝိညာဉ်ကျောက်ပြား မရှိဘူးဟု ပြောလျှင်ပင် မိုဝူကျိက ယုံလိမ့်မည်မဟုတ်ပေ။

ယွမ်မို၏ မျက်လုံးများမှာ နီရဲလာကာ သူက ပြောလိုက်သည်။

“ဝူကျိ… ငါ မင်းကို စိတ်ပျက်စေမိတဲ့အတွက် တောင်းပန်ပါတယ်ကွာ။ စကြဝဠာအစွန်းလည်း သွားပြီ ထင်တယ်”

“ ယွမ်မို… ဖြည်းဖြည်းချင်း ပြောပြကွာ”

ယွမ်မိုမှာ မည်သို့သောသူမျိုးမှန်း သိသဖြင့် မိုဝူကျိ၏ ရင်ထဲ လေးသွားသည်။ အကယ်၍ အရေးကြီးသည့်ကိစ္စ သို့မဟုတ် လေးနက်သည့်ကိစ္စ မဟုတ်ပါက သူက မိုဝူကျိအား စိတ်ပျက်စေမိပြီဟု ပြောလိမ့်မည်မဟုတ်ပေ။ ယွမ်မိုသည် သူ့အား စိတ်ပျက်စေသည့်ကိစ္စမျိုး လုပ်လိမ့်မည်မဟုတ်ကြောင်း သူက ယုံကြည်သည်။ ထို့ကြောင့် မိုဝူကျိက သူ့အား ယုံကြည်ကြောင်း သက်သေပြရန် ယွမ်မိုအား မိုကြီးဟု ပြောင်းခေါ်လိုက်သည်။

ယွမ်မိုက ခေါင်းငြိမ့်ကာ အသက်ပြင်းပြင်း ရှုလိုက်၏။

“မင်းထွက်သွားပြီးတဲ့နောက် နှစ်နည်းနည်းကြာတော့ မင်းရဲ့မိန်းမ စုယင်ရယ် လင်းဂူရယ် စကြဝဠာအစွန်းကို ရောက်လာတယ်…”

“စုယင်နဲ့ လင်းဂူတို့က စကြဝဠာအစွန်းကို သွားခဲ့တာလား”

မိုဝူကျိက အံ့အားလွန်းစွာ မေးလိုက်သည်။ သူ စုယင်ကို စိတ်အပူဆုံးဖြစ်သော်လည်း သူမအကြောင်း မည်သည့်သတင်းမျှ ကြားခွင့် မရခဲ့ချေ။

***

All Chapters