← Chapters

မထွက်ခွာမီ

Vol. 74 Ch. 1023

မထွက်ခွာမီ

Vol. 74 Ch. 1023

ယွမ်မိုက ခေါင်းငြိမ့်ကာ

“စကြဝဠာအစွန်းမှာ ငါ ရှိနေတဲ့အပြင် ဂျူနီယာညီမလေး ဝမ်လန်လည်း ရှိနေတော့ စုယင်နဲ့လင်းဂူတို့က စကြဝဠာအစွန်းမှာပဲ ကျင့်ကြံနေကြတာ .. ဘယ်သူကမှ ဘာမှမပြောရဲပါဘူး။ စုယင်နဲ့လင်းဂူတို့ရဲ့ ပါရမီက အရမ်းကောင်းတဲ့အပြင် အစိမ်းရောင်ကျောက်တွေလည်း အများကြီးရှိတော့ သူတို့နှစ်ယောက်စလုံးရဲ့ ကျင့်ကြံဆင့်တွေက မြန်မြန်ဆန်ဆန်ကြီးကို တိုးတက်သွားတယ်။ ဒါပေမဲ့ နည်းနည်းကြာလာတဲ့အခါမှာ စုယင်က မင်းကို အရမ်းလွမ်းလာတာနဲ့ မင်းကို ရှာဖို့ဆိုပြီး အင်မော်တယ်ကမ္ဘာဆီ သွားဖို့ ဆုံးဖြတ်လိုက်တယ်။ အဲ့ဒီအချိန်မှာပဲ စကြဝဠာနံရံရဲ့ အာကာပြင်လမ်းကြောင်းက ပွင့်လာတယ်လေ”

“ကောင်းကင်ဘုံအလွန် စကြဝဠာနံရံရဲ့ အာကာပြင်လမ်းကြောင်းလား”

နတ်ဘုရားကမ္ဘာက လူတွေက စကြဝဠာအစွန်းထဲကိုဝင်ဖို့ စကြဝဠာနံရံလမ်းကြောင်းကို အသုံးပြုခဲ့သည်များလား…

ယွမ်မိုက ခေါင်းငြိမ့်ကာ

“ဟုတ်တယ်… စကြဝဠာအစွန်းက အဆင့်မြင့်ကျင့်ကြံသူ တော်တော်များများက စကြဝဠာနံရံလမ်းကြောင်းထဲ ဝင်ခဲ့ကြတယ်။ အဲ့ဒီနေရာကနေ ပြန်ထွက်လာတဲ့ အဆင့်မြင့် ကျင့်ကြံသူတွေက နတ်ဘုရားသလင်းကျောက်အစစ်တွေ အများကြီးပဲ ရလာကြတယ်။ အဲ့ဒါကြောင့်မို့လို့ ကျင့်ကြံရေးအရင်းအမြစ်တွေ တိုးပွားလာပြီး ကျင့်ကြံဆင့်တွေ မြန်မြန် တိုးတက်လာကြတယ်။ စုယင်နဲ့လင်းဂူတို့က အင်မော်တယ်ကမ္ဘာကို ပြန်သွားချင်ကြတာဆိုတော့ သူတို့ကလည်း သူတို့ရဲ့ကျင့်ကြံဆင့်ကို အရမ်းကို တိုးတက်ချင်နေကြတယ်လေ။ သူတို့ရဲ့ကျင့်ကြံနှုန်းကို မြန်တယ်လို့ ပြောလို့ ရနေပြီဆိုပေမဲ့ သူတို့က အဲ့ဒါကို နှေးလွန်းတယ် ထင်နေကြတုန်းပဲ”

“သူတို့ကပါ စကြဝဠာနံရံလမ်းကြောင်းထဲကို ဝင်သွားလိုက်တာလား”

မိုဝူကျိ၏ ရင်ထဲတွင် အံ့သြတုန်လှုပ်သွားသည်။ ထိုနေရာမှာ သွားလည်၍ ကောင်းသော နေရာမဟုတ်ပေ။ ထိုနှစ်တွေတုန်းက မိုဝူကျိသည် ထိုနေရာသို့ တစ်ခါ သွားဖူးသည်။

ယွမ်မိုက သက်ပြင်းချကာ

“ဟုတ်တယ်… ဂျူနီယာညီမလေးဝမ်လန်က သူတို့ကို စိတ်ပူလို့ အတူလိုက်သွားတယ်။ နောက်ဆုံးမှာတော့ အဲ့ကိုသွားပြီးနောက် သူတို့ ၃ ယောက်ထဲက ဘယ်သူမှ ပြန်မထွက်လာတော့ဘူး။ နောက်ကျတော့ လူတစ်ယောက်က လမ်းကြောင်းထဲကို ထပ်သွားခဲ့ပြီး ပျောက်သွားတယ်လို့ သိကြရပြန်တယ်။ ငါကိုယ်တိုင် လမ်းကြောင်းထဲ ဝင်မို့လို့ လုပ်နေတဲ့အချိန်မှာပဲ စကြဝဠာအစွန်းမှာ ကိစ္စတစ်ခု ဖြစ်ပျက်သွားခဲ့တယ်”

“ဘာဖြစ်ခဲ့တာလဲ”

မိုဝူကျိမှာ ပို၍ ပို၍ စိတ်ပူလာလေသည်။ စကြဝဠာအစွန်းတွင် မကောင်းတာ တစ်ခုခုများ ဖြစ်ပျက်ခဲ့ပါက အင်မော်တယ်ကမ္ဘာတွင်လည်း တစ်ခုခု ဖြစ်ပျက်လိမ့်မည်ဟု ဆိုလိုနေသည် မဟုတ်ပါလော။ ထိုနှစ်တွေတုန်းက သူသည် အရမ်းအားနည်းနေသေးကာ စကြဝဠာအစွန်းမှ အင်မော်တယ်ကမ္ဘာသို့ ဝင်ရန် တားဆီးထားသည့် အဟန့်အတားကို ထိုးဖောက် မဝင်ရောက်နိုင်ခဲ့ပေ။ သူ့ထက်များစွာ အားပိုကောင်းသော တစ်စုံတစ်ယောက်ကသာ ထိုနေရာတွင် ပေါ်လာခဲ့ပါက မည်သို့ ဖြစ်သွားမည်နည်း။

“နတ်ဘုရားမျိုးနွယ်ရဲ့ ထိပ်တန်း အဆင့်မြင့်ကျင့်ကြံသူတွေ နတ်ဘုရားချောက်ကမ်းပါး ကုန်းမြေထဲမှာ ရုတ်တရက်ကြီး ပေါ်လာကြတယ်။ အဲ့ဒီလူတွေက နတ်ဘုရားချောက်ကမ်းပါး ကုန်းမြေထဲက တခြားကျင့်ကြံသူတိုင်းကို သတ်ဖြတ်ခဲ့ကြတယ်။ သူတို့က သတ်ရင်းဖြတ်ရင်းနဲ့ စကြဝဠာအစွန်းထိ ရောက်လာကြတယ်။ စကြဝဠာအစွန်းက နတ်ဘုရားမျိုးနွယ်နဲ့ တိုက်ခိုက်ဖို့ထိ အားမကောင်းဘူး ဖြစ်နေတယ်။

အားလုံးက သူတို့ရဲ့အင်မော်တယ်နယ်မြေဆီကို ပြန်ဆုတ်လာကြပြီး သူတို့ရဲ့ကမ္ဘာကို ပိတ်ပစ်လိုက်ဖို့ နည်းလမ်းတွေကို စဉ်းစားခဲ့ကြတယ်။ အဲ့ဒီတုန်းက ငါက ကောင်းကင်ဘုံအလွန်မှာ စကြဝဠာနံရံပေါ်လာဖို့အတွက် စောင့်နေတာ။ အဲ့ဒီနတ်ဘုရားမျိုးနွယ်က ထိပ်တန်းအဆင့်မြင့်ကျင့်ကြံသူတွေ ရောက်လာကြောင်း  သိလိုက်ရတော့ ငါ စကြဝဠာအစွန်းကို ကူညီဖို့ အမြန်သွားခဲ့တယ်…”

ယွမ်မိုက ပြောနေရင်းဖြင့်ပင် သူ့လေသံမှာ တဖြည်းဖြည်း ပိုပိုလေးနက်လာပြီး

“ငါ မထင်မှတ်ထားတာက စကြဝဠာအစွန်းကို  မပြန်နိုင်ခင်မှာပဲ နတ်ဘုရားမျိုးနွယ်စုဝင်တွေက ကောင်းကင်ဘုံအလွန်အထိ သတ်ရင်းဖြတ်ရင်း ရောက်လာကြတာကိုပဲ။ ငါ ရင်ဆိုင်တိုက်ခိုက်ခဲ့ရတဲ့သူက ရုပ်ရည်သန့်သန့် ခပ်ချောချော တစ်ယောက် ….  ပြောရမယ်ဆို ငါက အင်မော်တယ်ကမ္ဘာအရ ပြောရမယ်ဆိုရင် ထိပ်တန်းအဆင့် အင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်သလို ထိပ်တန်းအဆင့် တာအိုဧကရာဇ်တစ်ယောက် ဆိုပေမဲ့လည်း  ဒီခပ်ချောချောကောင်ရဲ့ ရှေ့လည်းရောက်ရော ငါ သူ့ရဲ့ ရိုက်ချက် တစ်ကွက်ကိုတောင် မခုခံနိုင်လိုက်ဘူး။ ကံကောင်းတာက အဲ့ဒီအချိန်မှာပဲ စကြဝဠာနံရံက ပွင့်လာတယ်… အဲ့ကောင် စကြဝဠာနံရံကနေ ရတနာတွေ အများကြီးပြုတ်ကျလာတာကို အံ့သြနေတုန်း အခွင့်အရေးကို အသုံးချပြီး ငါထွက်ပြေးလာခဲ့တာ…. ”

“ပြီးတော့ရော မင်း ဘယ်လိုလုပ် ဒီရောက်လာတာလဲ”

မိုဝူကျိက သိချင်ဇောနှင့် မေးလိုက်သည်။

ယွမ်မိုက ဖြေလိုက်သည်  “အစောပိုင်းမှာ အဲကောင်က ငါ့နောက်ကို လိုက်လာလိမ့်မယ်လို့ ထင်ထားတာ။ ဒါပေမဲ့ သူက လိုက်မလာဘူး။ အဲ့ဒီအခြေအနေမှာပဲ အာကာပြင် အစီအရင်တံခါးပေါက်တစ်ခုက ရုတ်တရက်ကြီး ရှေ့တည့်တည့်မှာ ပေါ်လာတယ်။ သိပ်စဉ်းစားမနေဘဲ ငါ အဲ့ဒီအာကာပြင်အစီအရင်တံခါးထဲ ချက်ချင်း တိုးဝင်လိုက်တာပဲကွာ …”

“ပြီးတော့ ဒီရောက်လာတာလား”

ယွမ်မိုက ခေါင်းခါကာ

“မဟုတ်ဘူး… သတ္တကမ္ဘာကျောက်တုံး လို့ ရေးထွင်းထားတဲ့ ဧရာမကျောက်တုံးကြီးတစ်ခုပေါ် ရောက်သွားတယ်”

“သတ္တကမ္ဘာကျောက်တုံးကို  မြင်ခဲ့တယ်လား”

မိုဝူကျိက အလွန်အမင်း အံ့သြစွာ မေးလိုက်သည်။ သတ္တကမ္ဘာကျောက်တုံးကို ရောက်သွားသည်နှင့် အင်မော်တယ်ကမ္ဘာသို့ ပြန်လို့ရနိုင်လိမ့်မည်ဖြစ်ကြောင်း မိုဝူကျိက သိထားသည်။

ယွမ်မိုက ခေါင်းငြိမ့်ကာ

“ဟုတ်တယ်… အဲ့ဒါက သတ္တကမ္ဘာကျောက်တုံးပဲ။ သတ္တကမ္ဘာကျောက်တုံးပေါ်မှာ မည်းမှောင်နေတဲ့ အာကာပြင်ဝင်ပေါက် ၇ ခုကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်။ ငါလဲ ခဏလောက် တွေဝေနေပြီးမှ နောက်ကနေ ဟိုကောင် လိုက်လာမှာစိုးတာနဲ့  လမ်းကြောင်းတစ်ခုကို ရွေးပြီး ဝင်လာလိုက်တာ။ အဲ့လိုနဲ့  ဒီကို ရောက်လာတာပဲ”

မိုဝူကျိက ယခုမှ အဖြစ်အပျက်များကို သဘောပေါက်သွားသည်။ သတ္တကမ္ဘာကျောက်တုံးတွင် ကောင်းကင်ဘုံအလွန်ဆီသို့ ဦးတည်နေသော အာကာပြင်လမ်းကြောင်းတစ်ခု ရှိသည်မှာ တကယ် ဖြစ်သည်။ ထိုနှစ်တွေတုန်းက ကောင်းကင်ဘုံအလွန်သို့ ရောက်အောင် သတ္တကမ္ဘာကျောက်တုံးကို သူ အမြဲအသုံးပြုခဲ့ရသည်။ ယွမ်မို၏ ရှင်းပြချက်အရဆိုပါက သတ္တကမ္ဘာကျောက်တုံးမှ ကောင်းကင်ဘုံအလွန်သို့ သွားသည့် လမ်းကြောင်းမှာ ပုံသေဖြစ်သွားပြီဟု မိုဝူကျိက သံသယဝင်မိသည်။

ဆိုလိုသည်မှာ အာကာပြင်အစီအရင်တံခါး ပေါ်လာပါမှသာ ကောင်းကင်ဘုံအလွန်၏ မှော်အက္ခရာမှ သတ္တကမ္ဘာကျောက်တုံးဆီသို့ ဦးတည်သွားနိုင်လိမ့်မည်ဟူ၍ ဖြစ်သည်။ ဤသို့ဖြစ်နိုင်ချေမှာ အရမ်းကို နည်းလွန်းသည်။ ကောင်းကင်ဘုံအလွန်ဆီသို့ ပြန်သွားသော အာကာပြင်လမ်းကြောင်းကို မရွေးမိသဖြင့် ယွမ်မို၏ ကံမှာ မဆိုးလှချေ။

ယွမ်မိုက ဆက်ပြောလိုက်သည်မှာ

“ဒီရောက်ပြီးတော့ ဒီမှာရှိနေတဲ့ သိပ်သည်းတဲ့ နတ်ဝိညာဉ်စွမ်းအားကြောင့် အံ့သြသွားရတယ်။ အဲ့ဒါအပြင်ကို ဒီ နတ်ဝိညာဉ်စွမ်းအားက ကမ္ဘာဦးစွမ်းအားတစ်မျိုးကိုပါ ရှိနေသေးတယ်။ အဲ့ဒါနဲ့  ဒီမှာ မြန်မြန် စတင်ကျင့်ကြံလိုက်တယ်။ ရက်နည်းနည်းလေးနဲ့တင် ငါရဲ့အိမ်မက်နယ်ပယ်ကို အာရုံခံနိုင်လိုက်တယ်။ အဲ့ဒါက တာအိုဧကရာဇ်ထက် သေချာပေါက် အများကြီး ပိုပြီးမြင့်တယ်လေ။ ဒါနဲ့ပဲ ငါလည်း တွေဝေမနေဘဲ တက်လှမ်းဖို့ ဆုံးဖြတ်လိုက်တယ်”

မိုဝူကျိသည် ယွမ်မို၏ ကနဦးနတ်ဘုရားအဆင့်သို့ တက်လှမ်းရန် ဆုံးဖြတ်ချက်က ယုမျိုးနွယ်အား သတိပေးသလို ဖြစ်သွားမည်မှန်း တွက်ဆကာ သက်ပြင်းသာ ချလိုက်၏။

အမှန်ပင်…

ယွမ်မိုက သက်ပြင်းချရင်း တုံ့ပြန်လိုက်သည်မှာ

“ ငါ ရုတ်တရက် အဆင့်တက်သွားတာက ဒီကာကွယ်ရေးအစီအရင်ကို ဖျက်ဆီးပစ်မယ့် မိုးကြိုးစမ်းသပ်ချက်ကို ဖြစ်စေလိုက်မယ်လို့ ထင်မထားမိဘူး။ ဒီနေရာက နတ်ဝိညာဉ်စွမ်းအားတွေ ချက်ချင်း စိမ့်ထွက်လာပြီး ငါ့ကို သူတို့ တွေ့သွားကြတယ်”

မိုဝူကျိက အံ့သြမနေတော့ပေ။ မိုဝူကျိသည် သတ္တကမ္ဘာကျောက်တုံးအား ထိုနေရာတွင် မည်သူလာထားသွားမှန်း မတွေးတတ်ချေ။ နှစ်တွေအများကြီး ကြာပြီးသည့်နောက်တွင် ကာကွယ်ရေးအစီအရင်မှာ အားနည်းနေလောက်ပြီ ဖြစ်သည်။ ထို့ကြောင့်သာ ယွမ်မို၏ မိုးကြိုးစမ်းသပ်ချက်က ထိုအစီအရင်ကို ဖျက်ဆီးပစ်နိုင်လိုက်ခြင်း ဖြစ်သည်။

“ဝူကျိ… ငါတို့ ဒီနေရာမှာ အကြာကြီး နေလို့ မဖြစ်ဘူး။ ဒီမှာ ဆက်နေနေမယ်ဆိုရင် ယုမျိုးနွယ်က သေချာပေါက် ရိပ်မိသွားလိမ့်မယ်”

ယွမ်မိုက ထပ်ပြောလိုက်သည်။

“ခဏလောက် စောင့်ဦး…  တစ်ချက် ကြည့်ကြည့်လိုက်ဦးမယ်”

မိုဝူကျိက တုံ့ပြန်လိုက်၏။

မိုဝူကျိ ယခု ဖြစ်ချင်နေသည်မှာ ယုမျိုးနွယ်အား သူတို့၏ ဝိညာဉ်ပိတ်လှောင်ရေး အစီအရင် ခင်းကျင်းပေးရန်မဟုတ်ဘဲ စကြဝဠာအစွန်းသို့ ပြန်သွားပြီး ထိုမှတဆင့် စကြဝဠာနံရံသို့ ပြန်ရန် ဖြစ်သည်။ ထို့အပြင် နတ်ဘုရားမျိုးနွယ်မှ အဆင့်မြင့်ကျင့်ကြံသူများ စကြဝဠာအစွန်းသို့ ရောက်လာနိုင်သည့် နည်းလမ်းအား သူက တကယ် အဖြေရှာချင်မိသည်။

မိုဝူကျိက ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်းကို သုံးကာ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ပြီး ဤနေရာတွင် တခြားထူးထူးခြားခြား ဘာမှမရှိကြောင်း သိလိုက်သည်။ အမှန်ပင် မီးခိုးရောင်နှင့်အဖြူရောင် ရောနေသော ဧရာမကျောက်တုံးကြီးတစ်ခုသာ ရှိနေကာ တခြားဘယ်အရာကိုမျှ သဲလွန်စရှာမတွေ့ချေ။

ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်းက မည်သည့်အရာကိုမှ သတိမပြုမိသော်လည်း မိုဝူကျိတွင် စိတ်ဝိညာဉ်မျက်လုံး ရှိသေးသည်။ သူ၏ ကျင့်ကြံဆင့်နှင့် အစီအရင် တာအိုအဆင့်မှာ နိမ့်ကောင်းနိမ့်နိုင်သော်လည်း သူ့တွင် နည်းလမ်းများ လုံးဝမရှားပါးပေ။

ကောင်းကင်နတ်ဘုရားအဆင့် ၂ ထိ ကျင့်ကြံပြီးပြီဖြစ်ရာ မိုဝူကျိ၏ စိတ်ဝိညာဉ်မျက်လုံးမှာ ပို၍ပင် အစွမ်းထက်လာလေသည်။ သူ၏ စိတ်ဝိညာဉ်မျက်လုံးကို အသက်သွင်းလိုက်သည့်နှင့် တစ်ပြိုင်နက် ဧရာမကျောက်တုံးကြီး ပတ်ပတ်လည်ရှိ အရာအားလုံးနှင့် ၎င်း၏ အစွန်အဖျားနားတွေထိပါ အသေးစိတ် ပေါ်လာလေသည်။

သိပ်မကြာခင်ပင် မိုဝူကျိသည် ကျောက်တုံး၏ အောက်ခြေ၌ သိသာသော အမှတ်အသားတစ်ခုကို တွေ့သွားသည်။ ထိုနေရာမှာ သိပ်သည်းသော နတ်ဝိညာဉ်စွမ်းအားတို့ စိမ့်ထွက်နေသော နေရာ ဖြစ်နေ၏။

မိုဝူကျိက ချက်ချင်းပင် အစီအရင်အလံ ဆယ်ခုကျော်ကို ပစ်လွှတ်လိုက်သည်။ သူက အဆင့် ၅ နတ်ဘုရားအစီအရင်ဘုရင် ဖြစ်လေရာ ထိုအလံများကို ပစ်လွှတ်လိုက်သည့်အချိန်တွင် မိုဝူကျိ၏ရှေ့၌ သိသာထင်ရှားသော နတ်ဝိညာဉ်သွေးကြော အရင်းအမြစ်တစ်ခု ပေါ်လာလေ၏။

“ဒါက နတ်ဝိညာဉ်သွေးကြောလား”

ယွမ်မိုသည် နတ်ဘုရားကုန်းမြေသို့ ရောက်ရောက်ချင်း အဖမ်းခံခဲ့ရသော်လည်း နတ်ဝိညာဉ်သွေးကြောကိုတော့ သိသေးသည်။

မိုဝူကျိက လေးနက်စွာ ဖြေလိုက်သည်မှာ

“ဒါက နတ်ဝိညာဉ်သွေးကြောတစ်ခု ဖြစ်ရုံတင် မကဘူး… နတ်ဘုရားကမ္ဘာထဲမှာ အဖိုးအတန်ဆုံး နတ်ဝိညာဉ်သွေးကြောပဲ ”

မိုဝူကျိဆီတွင် သူ့ထာဝရကမ္ဘာထဲတွင် တည်ရှိနေသည့် ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော အနည်းငယ် ရှိသေး၏။ သို့သော် သူ့သိုလှောင်လက်စွပ်ထဲမှ နတ်ဝိညာဉ်သွေးကြောတချို့မှာ တကယ့်ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော၏ တစ်ဝက်လောက်ပင် မကောင်းကြောင်း သူက သေချာသည်။ ယခု သူ၏ မျက်စိရှေ့မှောက်တွင် ရှိနေသည့် နတ်ဝိညာဉ်သွေးကြောနှင့် နှိုင်းယှဉ်ကြည့်ပါက ၎င်းတို့မှာ နတ်ဝိညာဉ်သွေးကြောများဟု ခေါ်ဖို့ပင် မထိုက်တန်တော့ပေ။

ဤသည်မှာ ကမ္ဘာဦး နတ်ဝိညာဉ်သွေးကြောတစ်ခု ဆိုသည်မှာ လွဲစရာမရှိချေ။ နှစ်ပေါင်းများစွာ ကုန်ဆုံးခမ်းခြောက်လာသည့်တိုင် ဤကမ္ဘာဦးနတ်ဝိညာဉ်သွေးကြောသည် အင်မတန် သိပ်သည်းသော နတ်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်နေဆဲ ဖြစ်၏။

“အဲ… အာကာပြင်အစီအရင်တံခါး ပေါ်လာပြီ”

ယွမ်မိုက အံ့သြဝမ်းသာစွာ ရေရွတ်လိုက်သည်။

ယွမ်မို ပြောသည်မှာ မှန်လေသည်။ မိုဝူကျိက ဤကမ္ဘာဦးနတ်ဝိညာဉ်သွေးကြောကို ဖော်ယူလိုက်သည့်အချိန်တွင် ဝိုးတိုးဝါးတားအစီအရင်တံခါးတစ်ခုက မီးခိုးနှင့်အဖြူရောင် ဧရာမကျောက်တုံး၏ ဘေးတွင် ပေါ်လာလေသည်။

ဘေးမှ ကြည့်နေသော ယုနန်သည် ဤအစီအရင်တံခါးကို မြင်လိုက်သောအခါ အားကုန်သုံး၍ စတင် ရုန်းကန်လေတော့သည်။ အစီအရင်တံခါး ပေါ်လာမှုသည် မိုဝူကျိက ခဏနေ သူ့ကို သတ်တော့မည်ဟု ဆိုလိုနေလေ၏။

“ဝူကျိ… ဒီအာကာပြင်အစီအရင်တံခါးကနေ ငါတို့တွေ ထွက်ပြေးကြမှာလား”

ယွမ်မိုက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

မိုဝူကျိက ထိုကမ္ဘာဦးနတ်ဝိညာဉ်သွေးကြောကို လက်ညိုးထိုးပြလိုက်သည်။

“ဒါပေါ့ ကျုပ်တို့တွေ ထွက်သွားကြမယ်… ဒါပေမဲ့ ကျုပ်က ယုမျိုးနွယ်ကို ဒီနတ်ဝိညာဉ်သွေးကြောကို လွယ်လွယ်လေးနဲ့ ပိုင်ဆိုင်ခွင့်မပြုနိုင်ဘူး ”

ထိုသို့ပြောကာ မိုဝူကျိသည် ပိုများသော အစီအရင်အလံများကို ဆက်တိုက်ပစ်လွှတ်လိုက်သည်။ နတ်ဝိညာဉ်သွေးကြောမှာ ပိုမိုထင်ရှားလာကာ ပို၍သိပ်သည်းသော နတ်ဝိညာဉ်စွမ်းအားက အရပ်လေးမျက်နှာလုံးတွင် တရဟော တိုးပွားလာလေသည်။

မိုဝူကျိက ယွမ်မိုဘက်လှည့်ကာ

“ ယွမ်မို… ဒီအာကာပြင်အစီအရင်တံခါးကနေ အရင်ထွက်သွားလိုက်။ ဒီနတ်ဝိညာဉ်သွေးကြောကို သိမ်းပြီးတာနဲ့ ကျုုပ် နောက်ကနေ လိုက်လာခဲ့မယ်”

“ကောင်းပြီလေ”

ယွမ်မိုက တုန့်ဆိုင်းမနေဘဲ အာကာပြင်အစီအရင်တံခါးဆီသို့ ပြေးဝင်သွားပြီးနောက် ပျောက်ကွယ်သွားသည်။

…………………..

တစ်ချိန်တည်းမှာပဲ ယုဖုန်းယွိသည် ကမ္ဘာဦးစွမ်းအားမှာ ယခင်ကထက် ပိုမိုသိပ်သည်းလာသဖြင့် နတ်ဝိညာဉ်စွမ်းအား ဝဲကတော့ကို သိချင်စိတ်ဖြင့် စိုက်ကြည့်လိုက်၏။

ဤသို့သာ ဆက်လက်ဖြစ်နေပါက ဝိညာဉ်ပိတ်လှောင်ရေး အစီအရင်ကို ယုမျိုးနွယ်က ခင်းကျင်းနိုင်ခဲ့လျှင်ပင် အဓိပ္ပာယ်ရှိတော့မည် မဟုတ်ပေ။ ကမ္ဘာဦးစွမ်းအားကို ပညာရှင်များက တွေ့ရှိသွားသည်နှင့်တစ်ပြိုင်နက် ယုမျိုးနွယ်မှာ ပုရွက်ဆိတ်တစ်ကောင်လိုမျိုး တည်ရှိမှုအဖြစ်သာ ကျန်ရှိပေလိမ့်မည်။

ယုမျိုးနွယ်သည် နတ်ဘုရားအစီအရင်ဆရာတချို့ကို သတ်ဖြတ်နေခဲ့စဉ် ထိုလူများမှာ အားကောင်းသော နောက်ခံမရှိသည့်သူတွေသာ ဖြစ်သည်။ တကယ့်ပညာရှင်များသာ ဤအရာကို သိရှိသွားပါက ယုမျိုးနွယ်သည် စက္ကန့်ပိုင်းအတွင်း အမြစ်ပြတ်သုတ်သင်ရှင်းလင်းခြင်းကို ခံရပေလိမ့်မည်။

“အဲ့ခွေးကောင်က ဘာတွေလုပ်နေတာလဲ။ ယုနန်ဆီက အမှာစကား ရောက်လာသေးလား”

ယုဖုန်းယွိက ထိတ်လန့်ခြောက်ခြားစွာ အံကို ကျိတ်လိုက်၏။

“မရောက်သေးပါဘူး။ ကျွန်တော် ယုနန်ကို တတ်နိုင်သမျှ မြန်မြန်အမှာစကား ပို့ဖို့ သတိပေးပြီးပါပြီ။ ဟင်…”

ယုဖုန်းယွိ၏ ဘေးတွင် ရပ်နေသော နတ်ဘုရားအုပ်စိုးသူက သူ့စကားကို ဆုံးအောင်မပြောရသေးခင် သူက “ဟင်” ခနဲ ဖြစ်သွားသည်။

“ဘာဖြစ်တာလဲ”

ယုဖုန်းယွိက စိုးရိမ်တကြီး မေးလိုက်သည်။

“ယုနန်ရဲ့ဝိညာဉ် အဖျက်ဆီးခံလိုက်ရပြီ”

နတ်ဘုရားအုပ်စိုးသူက ဆက်ပြောလိုက်သည်မှာ

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ယုနန်က နတ်ဘုရားအုပ်စိုးသူတစ်ယောက်ပဲဟာ။ အဲ့ဒီပုရွက်ဆိတ်က ကောင်းကင်နတ်ဘုရားအဆင့် အစောပိုင်းမှာပဲ ရှိသေးတာလေ…”

“သေချင်းဆိုး ပုရွက်ဆိတ်ကောင်ကများ ငါ့ရဲ့ယုမျိုးနွယ် အမိုးအောက်မှာ လှုပ်ရှားရဲတယ်လား… ယုမင်ရီနဲ့ ယုယီ… မင်းတို့နှစ်ယောက် ငါနောက်လိုက်ခဲ့…”

ကမ္ဘာဦးနတ်စွမ်းအား ဝဲကတော့သည် ရုတ်ချည်း ကမောက်ကမ အခြေအနေသို့ ရောက်ရှိသဖြင့် ယုဖုန်းယွိက ဆက်မပြောတော့ပေ။ ကြောက်မက်ဖွယ် အက်ကြောင်းကြီးတစ်ခုက သူတို့၏ အရှေ့ရှိ အာကာပြင်ထဲတွင် ပေါ်လာလေသည်။

“မကောင်းတော့ဘူး… ဒီနေရာက အာကာပြင်က ပြိုလဲပျက်စီးကုန်တော့မယ်။ မြန်မြန် ထွက်ပြေးကြ…”

ယုဖုန်းယွိက ပြီးအောင်ပင် မပြောရသေးခင် သူတို့အရှေ့မှ ပြင်းထန်သော အာကာပြင်ပြိုလဲမှုကြီးက နေရာအနှံ့ကို လွှမ်းခြုံအုပ်မိုးသွားသည်။ ကြောက်မက်ဖွယ် အာကာပြင် ဝဲကတော့အောက်တွင် ယုဖုန်းယွိပင် ပြေးမလွတ်နိုင်ချေ။ အချိန်တိုလေးအတောအတွင်း ယုမျိုးနွယ်မှာ အစအနပါမကျန် ပျောက်ဆုံးသွားလေတော့သည်။

***

All Chapters