စကြဝဠာအစွန်းမှ ပြောင်းလဲမှုကြီး
Vol. 74 Ch. 1024
ပြင်းထန်သော မူးဝေမှု တစ်ခုကို ခံစားလိုက်ရ၏။ မိုဝူကျိ၏ စိတ်စွမ်းအားမှာ အားကောင်းသော်လည်း သူက သတိရှိသေးရုံသာ ထိန်းထားနိုင်လေသည်။ သူ့ပတ်ဝန်းကျင်ရှိ အခြေအနေကို အာရုံမခံနိုင်တော့ပေ။ သူ အာရုံခံစားမိသည့် တစ်ခုတည်းသောအရာမှာ အာကာပြင် လျင်မြန်စွာ ကူးပြောင်းနေခြင်းပင် ဖြစ်သည်။
မရေတွက်နိုင်သော အာကာပြင် ကူးပြောင်းမှုများနောက် ဧရာမကျောက်တုံးကြီး၏ အပိုင်းအစတစ်ခုပေါ်သို့ သူဆင်းသက်သည့်အချိန်၌ မိုဝူကျိ၏ ခြေထောက်တို့မှာ တုန်ရီနေသည်။
ဘေးပတ်ဝန်းကျင်ကို မကြည့်နိုင်သေးခင်ပင် မိုဝူကျိသည် အင်မတန် ဝေးကွာသောနေရာတစ်ခုဆီသို့ သူ ကူးပြောင်းလာမှန်း သိပြီးလေပြီ။
သူ့ခြေထောက်အောက်ရှိ ဧရာမကျောက်တုံးကြီးကို ကြည့်လိုက်သောအခါ သတ္တကမ္ဘာကျောက်တုံး အမှန်ပင် ဖြစ်နေလေ၏။ ယွမ်မိုမှာ ဘေးနားတွင် သတိလစ်ကာ လဲကျနေသည်။ အာကာပြင်ကူး ပြောင်းခြင်းကြောင့် သူ၏ အသိ ပြန်လည် မလာသေးချေ။
သတ္တကမ္ဘာကျောက်တုံး၏ အရှေ့တွင် အဆုံးမဲ့မည်းမှောင်နေသော အာကာပြင်ဝဲကတော့ ၇ ခု ရှိနေဆဲ ဖြစ်သည်။ ယခင်က ဘယ်ဘက်အစွန်ဆုံးတစ်ခုထဲသို့ မိုဝူကျိ ဝင်ဖူးသည်။ ထိုအရာမှာ ကောင်းကင်ဘုံအလွန်သို့ ဦးတည်နေမှန်း သူသိသည်။
“ဝူကျိ… မင်းရဲ့ကျင့်ကြံဆင့်က ဘယ်အဆင့်လဲ။ ဘာဖြစ်လို့ မင်းကျ ဘာမှမခံစားရတာတုန်း”
ယွမ်မိုသည် နောက်ဆုံးတွင်တော့ နိုးလာကာ သူက တအံ့တသြ မေးလိုက်၏။
“ကျုပ်က ကောင်းကင်နတ်ဘုရား အစောပိုင်းအဆင့်မှာပဲ ရှိသေးတာပါ။ ကျုပ် သိပ်မခံစားလိုက်ရတာက ကျုပ်ရဲ့စိတ်စွမ်းအားက နည်းနည်းလေးပိုပြီး အားကောင်းနေလို့ရယ်”
မိုဝူကျိက ဖြေလိုက်သည်။
ယွမ်မိုက ထို့ထက်ပို၍ မမေးတော့ချေ။ အကြောင်းမှာ ထိုနှစ်တွေတုန်းက မိုဝူကျိသည် အင်မော်တယ်ဧကရာဇ် အစောပိုင်းအဆင့်တွင်သာ ရှိသော်လည်း သွေစောင်းအာကာပြင်ပင်လယ်ကျွန်းကို ဖြတ်ကျော်နိုင်ခဲ့ပြီး အရှင်မဟာဧကရာဇ်ရှစ်ပါးဆီမှာ ငြိမ်းချမ်းမှုကို ရယူနိုင်ခဲ့သည်။ ယခု မိုဝူကျိသည် နတ်ဘုရားကုန်းမြေသို့ ရောက်နေသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်ရာ ယခင်ကထက် အဆများစွာ ပို၍ အားကောင်းလာမည်သာ ဖြစ်သည်။
“ယွမ်မို … အရင်တုန်းက ကျုပ် ဘယ်ဘက်အစွန်ဆုံး ဝဲကတော့ထဲ ဝင်သွားလိုက်တော့ ကောင်းကင်ဘုံအလွန်ကို ရောက်သွားခဲ့တယ်။ မင်းကို နတ်ဘုရားကုန်းမြေရဲ့ ယုမျိုးနွယ်ဆီ ခေါ်သွားတဲ့ ဝဲကတော့က ဘယ်တစ်ခုလဲ”
မိုဝူကျိက အဆုံးမရှိ မည်းမှောင်နေသော ဝဲကတော့ ၇ ခုကို ညွှန်ပြလိုက်သည်။
ယွမ်မိုက ဘယ်ဘက်မှ စရေတွက်လျှင် ၅ ခုမြောက် ဝဲကတော့ကို ညွှန်ပြကာ
“ငါက ဒီတစ်ခုကနေ ဝင်ခဲ့တာ”
မိုဝူကျိသည် နားမလည်နိုင်ဘဲ ဖြစ်နေသည်။ ယခင် သူက အနီးဆုံးတွင် ရှိနေသည့် အာကာပြင်ဝဲကတော့ထဲ ဝင်ခဲ့ကာ စကြဝဠာအစွန်းဆီ ရောက်သွားခဲ့သည်။ စကြဝဠာအစွန်းနှင့် အင်မော်တယ်ကမ္ဘာမှာ နီးကပ်သည်မှာ အမှန်ပင် ဖြစ်၏။ ၎င်းတို့အား မဟာစည်းမျဉ်းတူ ဘုံပေါ်မှ တည်ရှိမှုများဟုပင် ခေါ်ဆိုကြလေသည်။ ယခု ယွမ်မိုက ၅ ခုမြောက်တစ်ခုမှ ဝင်ကာ နတ်ဘုရားကုန်းမြေဆီသို့ ရောက်လာခဲ့သည်။ ၆ ခုမြောက်နှင့် ၇ ခုမြောက်တို့သည် နတ်ဘုရားကုန်းမြေထက် ပိုဝေးသော နေရာတစ်ခုဆီသို့ ခေါ်ဆောင်သွားမည်လော။
“ဝူကျိ… ငါတို့ ဒီနေရာက မြန်မြန်ထွက်မှဖြစ်မယ်။ ယုမျိုးနွယ်ကလူတွေ ဒီနေရာထိ လိုက်လာနိုင်တယ်”
မိုဝူကျိသည် ဝဲကတော့များကို ငေးစိုက်ကြည့်နေသေးသည်ကို သတိပြုမိကာ ယွမ်မိုက စိုးရိမ်တကြီး ပြောလိုက်သည်။
မိုဝူကျိက ခေါင်းခါလိုက်သည်။
“ကျုပ်တို့တွေက ပြန်သွားလို့ ရပေမဲ့ ယုမျိုးနွယ်ကတော့ ဒီနေရာကို လုံးဝလာနိုင်မှာ မဟုတ်ဘူး”
“ဘာဖြစ်လို့လဲ”
ယွမ်မိုက မေးလိုက်သည်။
“ဘာဖြစ်လို့လဲဆိုတော့ ကျုပ်က အဲ့ဒီကမ္ဘာဦး နတ်ဝိညာဉ်သွေးကြောကို ထုတ်ယူလိုက်တော့ ယုမျိုးနွယ်က ဘယ်လိုနည်းနဲ့ ဒီကို လာတော့မှာလဲ။ ကျုပ်တို့ ပြန်သွားမယ်ဆိုရင်တောင် ဒီနည်းလမ်းကို သုံးပြီး နောက်တစ်ကြိမ် ပြန်လာလို့ ရချင်မှ ရတော့မှာ”
မိုဝူကျိက ရှင်းပြလိုက်၏။
အကယ်၍ မိုဝူကျိကသာ ထိုကမ္ဘာဦးနတ်ဝိညာဉ်သွေးကြောကို ဆွဲမထုတ်ယူခဲ့ပါက နတ်ဘုရားကုန်းမြေကို ဤနေရာမှ သူစိတ်တိုင်းကျ ဝင်နိုင်မည်ဟု မိုဝူကျိက ယုံကြည်သည်။ သို့သော် ထိုနတ်ဝိညာဉ်သွေးကြောကို ဆွဲထုတ်လိုက်သည်နှင့် နတ်ဘုရားကုန်းမြေသို့ ပြန်သွားရန် အခွင့်အရေးတစ်ကြိမ်သာ ရှိလေတော့သည်။ မည်သည့်နေရာ၌ ပြန်လည် နေရာချထားရမှန်း သိနေလျှင်ပင် သူ၏ အင်အားဖြင့် နတ်ဝိညာဉ်သွေးကြောကို ထိုနေရာသို့ ပြန်ထားနိုင်လိမ့်မည် မဟုတ်ပေ။
ယွမ်မိုက စိတ်သက်သာသွားကာ သက်ပြင်းချလိုက်ပြီး
“ဒါဆို အခု ငါတို့ ဘယ်သွားကြမှာလဲ”
“စကြဝဠာအစွန်းကိုလေ။ ကျုပ်နောက်က လိုက်ခဲ့… ကျုပ်တို့ အတူတူ ဝင်ကြမယ်”
သူ မဟာကင်းမဲ့ပင်လယ်နယ်မြေမှ သတ္တကမ္ဘာကျောက်တုံးသို့ ရောက်ခဲ့လျှင်ပင် သတ္တကမ္ဘာကျောက်တုံးမှ မဟာကင်းမဲ့ ပင်လယ်နယ်မြေသို့ ပြန်သွားရန်မှာ မဖြစ်နိုင်လောက်မှန်း မိုဝူကျိက အလွန်သေချာသည်။
မိုဝူကျိက ထိုသို့ပြောလိုက်ပြီးနောက် ဘယ်ဘက်အစွန်ဆုံးရှိ ဝဲကတော့ထဲကို တွေဝေခြင်းမရှိဘဲ ဝင်သွားလိုက်၏။
နောက်တစ်ဖန် အာကာပြင်က ဆက်တိုက် ကူးပြောင်းသွားပြန်သည်။ မိုဝူကျိ၏ စိတ်စွမ်းအားမှာ အင်မတန် အားကောင်းသော်လည်း အာကာပြင်ထဲမှ ကူးပြောင်းခြင်း သဘောတရားအား နားလည်သဘောပေါက်နိုင်စွမ်း မရှိချေ။
မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်နှင့်တစ်ပြိုင်နက် မိုဝူကျိသည် ဤနေရာမှာ ကောင်းကင်ဘုံအလွန်မှန်း သိလိုက်သည်။
ဤနေရာမှာ အဆုံးအစမဲ့ ကျတ်တီးနယ်မြေတစ်ခု ဖြစ်နေသေးသည့်အပြင် စိတ်ပျက်စရာကောင်းစွာ မည်းမှောင်နေသေးသည်။ ကျိုးပဲ့ပျက်စီးနေသည့် မှော်ရတနာအမျိုးမျိုးနှင့် မရေတွက်လောက်အောင် များပြားသော အလောင်းများက မြေပြင်အနှံ့ ပြန့်ကျဲလဲကျနေလေသည်။
“ဝူကျိ… ငါက ဒီမှာ ဘာဖြစ်လို့ ဘယ်မိုးမြေစည်းမျဉ်းရဲ့ အထိန်းအချုပ်ကို မခံရတာလဲ။ ပြောရမယ်ဆိုရင် ငါက တာအိုဧကရာဇ်အဆင့်ကို ကျော်လွန်ပြီးသားဖြစ်တဲ့အပြင် ကနဦးနတ်ဘုရားအဆင့်ကို ရောက်နေပြီလေ။ အင်မော်တယ်ကမ္ဘာက ပိုင်ဆိုင်တဲ့ လောကနယ်မြေထဲမှာဆို ငါ နည်းနည်းလောက်တော့ အထိန်းအချုပ် ခံရမှာ မဟုတ်ဘူးလား”
မိုဝူကျိနောက်မှ ဆင်းသက်လိုက်ပြီးနောက် ယွမ်မိုက အံ့အားသင့်စွာ မေးလိုက်သည်။
မိုဝူကျိက ပြန်ဖြေလိုက်သည်မှာ
“ကျုပ်ကတော့ ဒီနေရာကို အင်မော်တယ်ကမ္ဘာစစ်စစ် မဟုတ်ဘူးထင်တာပဲ။ နတ်ဘုရားကမ္ဘာက အဆင့်မြင့် ကျင့်ကြံသူတွေ တိုက်ခိုက်ကြရင်းနဲ့ နတ်ဘုရားမျှော်စင်ကို ပေါ်ပေါက်လာစေတဲ့အချိန်တုန်းက ဒီနေရာဟာ တမူထူးတဲ့ အာကာပြင် လောကနယ်မြေ ဖြစ်နိုင်တယ်”
မိုဝူကျိက စကားပြောရင်းနှင့် စိတ်စွမ်းအားကို အပြင်ဘက်သို့ အတောမသတ် ဖြန့်ကျက်လိုက်သည်။
လွန်ခဲ့သောနှစ်ပေါင်းများစွာက သူ၏ စိတ်စွမ်းအားမှာ ဤနေရာတွင် အနည်းငယ် ထိန်းချုပ်ခံခဲ့ရသော်လည်း ယခုမူ စိတ်စွမ်းအားကို အထိန်းအချုပ်မရှိ ပေါ့ပေါ့ပါးပါး ဖြန့်ကျက်နိုင်လေသည်။
မိုဝူကျိက ကောင်းကင်ဘုံအလွန် မြို့ရင်ပြင်အနှံ့ အလွန်လျင်မြန်စွာ စေ့စေ့စပ်စပ် ကြည့်နိုင်လိုက်သည်။ ဟိုးယခင် အင်မတန် စည်ကားသိုက်မြိုက်ခဲ့သော ကောင်းကင်ဘုံအလွန် မြို့ရင်ပြင်မှာ လက်ရှိတွင် ဝိညာဉ် တစိုးတစိမျှပင် မကျန်တော့ဘဲ နှိုင်းမရလောက်အောင် ပျက်စီးသွားလေပြီ။ လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်တို့လည်း မရှိတော့ချေ။
ကောင်းကင်ဘုံအလွန် လူသားပိုင်နက်ကော ကောင်းကင်ဘုံအလွန် မိစ္ဆာပိုင်နက်ပါ လူသူကင်းမဲ့သော ကျတ်တီးနယ်မြေအလား ခြောက်ကပ်ကာ ဟာလာဟင်းလင်း ဖြစ်နေလေ၏။
“စကြဝဠာအစွန်းကို တစ်ချက် သွားကြည့်ကြည့်ရအောင်… နေဦး… ဒီကို လူလာနေတယ်”
မိုဝူကျိသည် စကြဝဠာအစွန်းသို့ သွားချင်ပါက စောင့်ဖို့ လိုအပ်ကြောင်း သိသည်။
ခပ်လှမ်းလှမ်း တစ်နေရာမှ အာကာပြင်စွမ်းအား လှုပ်ခတ်မှု သေးသေးလေးကို မိုဝူကျိက ချက်ချင်း ဖမ်းဆုပ်နိုင်လိုက်သည်။ သူက ထိုနေရာသို့ မသွားပေ။ အကြောင်းမှာ ထိုနေရာမှ လူ ၂ ယောက်က ဤနေရာသို့ အမြန်လာနေသောကြောင့် ဖြစ်သည်။ သူတို့၏စွမ်းအားများအရ သူတို့သည် နတ်ဘုရားမျိုးနွယ်၏ ကျင့်ကြံသူများ သေချာပေါက် မဟုတ်ချေ။
အချိန်ခဏလေး ကြာပြီးနောက် အလွန်အမင်း အိုမင်းနေပုံပေါ်သော အကြီးအကဲ ၂ ယောက်က မိုဝူကျိ၏ အရှေ့တွင် ပေါ်လာသည်။
“ဂိုဏ်းချုပ်မို… ခင်ဗျား ပြန်လာတယ်လား”
စကားပြောလိုက်သည့်တစ်ယောက်မှာ တစ်ကိုယ်လုံး မီးခိုးနက်ရောင် ဝတ်ဆင်ထားသောအမျိုးသား ဖြစ်သည်။ မရဏစွမ်းအားက သူ့အား ဝန်းရံနေကာ သူ၏အသံမှာ တုန်ယင်နေသည်။
“တာအိုသခင်မို… တကယ်ပဲ ခင်ဗျား ဖြစ်နေတာကိုး…”
နောက်ထပ် အကြီးအကဲတစ်ယောက်ကလည်း စိတ်လှုပ်ရှားစွာ တအံ့တသြ ရေရွတ်လိုက်လေ၏။
မိုဝူကျိက သူ့မျက်လုံးများကို သူမယုံနိုင်ဖြစ်ကာ မေးလိုက်သည်မှာ
“ခင်ဗျားတို့က လုကျီတင်းနဲ့ နီကိုင်လား”
မီးခိုးရောင်ဝတ်စုံနှင့်လူက အမြန် ပြန်ဖြေလိုက်သည်မှာ
“ကျုပ်တို့ပါပဲ။ ကျုပ်က ဝိညာဉ်လှည့်ပတ်တာအိုက လုကျီတင်းပါ။ ကျုပ်တို့တွေ ကောင်းကင်ဘုံအလွန်မှာ အသက်ရှင်ဖို့အတွက် တိုက်ခိုက်နေကြရင်း ဒီက မရဏစွမ်းအားရဲ့နှိပ်စက်တာကို ခံနေရတယ်ဗျာ”
မိုဝူကျိ၏ ရင်ထဲတွင် ဝမ်းနည်းမှုက လွှမ်းမိုးသွားသည်။ ဝိညာဉ်လှည့်ပတ်တာအိုမှ လုကျီတင်းအပေါ် သူ၏ထင်မြင်ချက်မှာ အင်မတန် နက်ရှိုင်းလွန်းသည်။ လုကျီတင်းသည် တာဝန်သိတတ်သည့် လူတစ်ဦးလည်း ဖြစ်ပေသည်။ ယခင်အချိန်က လုကျီတင်း၊ ဧကရီဝမ်လန်နှင့် တခြားသူအချို့ကြောင့်သာ မဟုတ်ပါက လူသားမျိုးနွယ်မှာ စကြဝဠာအစွန်း၌ နတ်ဘုရားမျိုးနွယ်၏ လက်ထဲတွင် ပျက်စီးပျောက်ကွယ်သွားပေလိမ့်မည်။ ထိုနှစ်တွေတုန်းက လုကျီတင်းသည် အဖြူစွတ်စွတ် ဝတ်စားဆင်ယင်ထားကာ အင်မတန် ရည်မွန်ကြည့်ကောင်းသော ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ ယနေ့ လုကျီတင်းမှာမူ မရဏစွမ်းအားတို့ဖြင့် ပြည့်နေသည့် ခန္ဓာကိုယ်နှင့် အခေါင်းတလားထဲမှ တွားသွားတက်လာကာစ ပုံစံပေါက်နေလေ၏။
“တာအိုသခင်မို… ကျုပ်က သွေးမျိုးနွယ်က နီကိုင်ပါ”
နောက်ထပ် အကြီးအကဲတစ်ယောက်က သူ့ကိုယ်သူ စိတ်ပြန်ထိန်းလိုက်ကာ သူက မိုဝူကျိဆီသို့ ဦးညွှတ်လိုက်၏။
လွန်ခဲ့သောနှစ်များတွင် နီကိုင်မှာ အရပ်ရှည်ရှည်၊ ဗလတောင့်တောင့်၊ တစ်ခေါင်းလုံး ဆံပင်အနီရောင်နှင့် အထင်ကြီးလောက်စေသည့် အရှိန်အဝါရှိသည်။ ယခုမူ သူသည်လည်း လုကျီတင်းလိုပင် ညှိုးငယ် ထိုင်းမှိုင်းနေလေသည်။
“ကျုပ်တို့တွေ ကျတ်တီးနယ်မြေထဲမှာ ပုန်းအောင်းနေကြတာ။ ဒီနေ့အထိ အသက်ရှင်နိုင်နေသေးတာ နတ်ဘုရားမျိုးနွယ်က ကျတ်တီးနယ်မြေထဲထိ လိုက်မရှာချင်ကြလို့ပါ။ စောစောတုန်းက လူသားမျိုးနွယ်ရဲ့စွမ်းအားကို အာရုံခံမိလိုက်တာနဲ့ ကျုပ်တို့တွေ အမြန်လာကြည့်တာဗျ။ ကျုပ်တို့ ဒီနေရာမှာ ဂိုဏ်းချုပ်မိုကို တွေ့ရလိမ့်မယ်လို့ လုံးဝမထင်ထားဘူးဗျာ… ဒါတကယ့်ကို…”
လုကျီတင်းမှာ အရမ်းကို စိတ်ခံစားချက် ပြင်းထန်နေဆဲ ဖြစ်သည်။
သူသည် သေဖို့ အလွန်နီးကပ်နေလေပြီ။ သို့သော်လည်း ဝိညာဉ်လှည့်ပတ်တာအိုအကြောင်းကို စိုးရိမ်ပူပန်မိနေဆဲ ဖြစ်၏။ သူ အင်မော်တယ်ကမ္ဘာမှ အထက်ဘုံကနေတစ်ဆင့် ထွက်လာပြီးကတည်းက သူ့တွင် ပြန်သွားရန် အခွင့်အရေး မရခဲ့ချေ။
မိုဝူကျိက လုကျီတင်းနှင့် နီကိုင်အတွက် ဆေးလုံး ၂ လုံးကို ထုတ်ယူလိုက်ကာ
“ခင်ဗျားတို့နှစ်ယောက်စလုံး ဒဏ်ရာတွေ အရင်ကုလိုက်ပါဦး။ ပြန်ကောင်းသွားမှ ကျုပ်တို့တွေ စကားဆက်ပြောကြတာပေါ့”
လုကျီတင်းသည် မိုဝူကျိမှာ ထိပ်တန်းအဆင့် ဆေးလုံးဧကရာဇ်တစ်ယောက် ဖြစ်ကြောင်း သိသည်။ မိုဝူကျိ၏ ဆေးလုံးများအပေါ် သိပ်များများစားစား မမျှော်လင့်ထားသော်လည်း သူက တွေဝေခြင်းမရှိဘဲ ဆေးလုံးကို မျိုချပစ်သည်။
အချိန်တိုလေးအတွင်းမှာပင် လုကျီတင်းသည် ပတ်ဝန်းကျင်၏ သဘာဝစွမ်းအားကို စုပ်ယူလို့ရနိုင်သည့်အဖြစ်အား ဝမ်းသာအံ့သြစွာ တွေ့ရှိလိုက်ရသည်။ ထို့အပြင် သူ၏ အသက်ဓာတ်မှာ လျင်မြန်စွာ ပြန်လည်ကောင်းမွန် အားပြည့်လာကာ ဤအချိန်ရောက်သည့်အခိုက်တွင် မရဏစွမ်းအားမှာလည်း ပျောက်ကွယ်သွားလေပြီ။
အမွေးတိုင်တစ်တိုင်စာ အချိန်လေးအတွင်း၌ပင် လုကျီတင်း၏ ပုံပန်းသဏ္ဍန်မှာ သိသိသာသာ နဂိုပုံစံအခြေအနေသို့ ပြန်ကောင်းသွားလေ၏။ အနည်းငယ် အံဝင်ခွင်ကျ မဖြစ်ပုံပေါ်နေသည့် မီးခိုးရောင် အင်မော်တယ်ဝတ်ရုံမှအပ သူ့ထံမှ အသေကောင်လို ခံစားချက်မျိုး ဆက်မပေးတော့ချေ။
“ဂိုဏ်းချုပ်မို… ဒါ ဘယ်လိုဆေးလုံးလဲ။ စွမ်းလှချည်လားဗျ”
လုကျီတင်းက သူ၏ ပြန်လည်ကောင်းမွန်လာသော ကျင့်ကြံဆင့်၊ အသက်ဓာတ်နှင့် ပတ်ဝန်းကျင်ထဲတွင် လွှမ်းမိုးထားသော အင်မော်တယ်စွမ်းအားကို အာရုံခံလိုက်သည်။
နီကိုင်မှာလည်း ထိုနည်းတူပင် အံ့သြသွားသည်။ သူက အနီရောင်ဆံပင်နှင့် ဗလတောင့်တောင့် လူတစ်ယောက် ပြန်ဖြစ်သွား၏။ သူက အင်မော်တယ်ဧကရာဇ် ပြီးပြည့်စုံခြင်းအဆင့်၏ စွမ်းအားကိုလည်း ပြန်လည်ရရှိသွားသည်။
ယွမ်မိုက ပြုံးကာ
“အင်မော်တယ်ကမ္ဘာမှာ မတွေ့နိုင်တဲ့ ဝူကျိရဲ့အထင်ကြီးစရာဆေးလုံးတွေကို ကျုပ်က ကိုယ်တွေ့ ကြုံဖူးပြီးသားဗျ”
မိုဝူကျိက သူ နတ်ဘုရားကုန်းမြေသို့ မည်သို့မည်ဖုံ ဝင်ရောက်နိုင်ခဲ့သည့်အကြောင်းကို မပြောပြသော်လည်း မိုဝူကျိ၏ဆေးလုံးများမှာ နတ်ဘုရားအဆင့်ဆေးလုံးများ ဖြစ်မည်ဟု ယွမ်မိုက ခန့်မှန်းပြီးသားဖြစ်သည်။
“တာအိုသခင်မို… ခင်ဗျားရဲ့ဆေးလုံးတွေက တကယ်ကို အရမ်းအစွမ်းထက်တာပဲဗျာ။ ကျုပ်ရဲ့ဒဏ်ရာတွေ အကုန်လုံး သက်သာသွားရုံတင်မကဘူး၊ ကျုပ်ရဲ့ကျင့်ကြံဆင့်လည်း နည်းနည်း တိုးတက်သွားတယ်ဗျ။ ဒါက အင်မော်တယ်ဆေးလုံး လုံးဝမဟုတ်ဘူးပဲ။ အသက်ကယ်ပေးတဲ့အတွက် နီကိုင် တာအိုသခင်မိုကို ကျေးဇူးတင်ပါတယ်”
နီကိုင်က မိုဝူကျိဘက်လှည့်ကာ နောက်တစ်ကြိမ် ထပ်မံ ဦးညွှတ်လိုက်ပြန်သည်။
မိုဝူကျိက ခေါင်းခါလိုက်ပြီး
“ဆေးလုံးတွေက အရေးကြီးတဲ့ ကိစ္စ မဟုတ်ပါဘူးဗျာ။ ဂိုဏ်းချုပ်လု… ကျုပ် မိန်းမ စုယင်အကြောင်း သတင်းလေး ဘာလေးများ ရထားသေးလား”
ဤဆေးလုံးများမှာ နတ်ဘုရားကမ္ဘာထဲတွင်ပင် လူတိုင်းတတ်နိုင်သည့် အရာမျိုး မဟုတ်ပေ။ ဤသည်မှာ မိုဝူကျိ ကိုယ်တိုင် ဖော်စပ်ထားသော အဆင့် ၅ နတ်ဆေးလုံးဖြစ်သည့် အသက်ဓာတ် နတ်ဆေးလုံး ဖြစ်သည်။ ဤနတ်ဆေးလုံး၏ ဆေးဖော်နည်းအတွက် အောင်းမျိုးနွယ်ကို ကျေးဇူးတင်ရပေမည်။ ဟိုယခင် အောင်းမျိုးနွယ်က သူ့အား အသက်ဓာတ်စွတ်ပြုတ် ဖော်စပ်ခိုင်းခဲ့လေရာ သူတို့က သူ့ကို စွတ်ပြုတ်အတွက် သုံးရမည့် ပါဝင်ပစ္စည်းများကို ပြောပြခဲ့သည်။ ထို့နောက်ပိုင်းတွင်ကား သူ အဆင့် ၅ နတ်ဆေးလုံးဘုရင် ဖြစ်လာသည့်နောက် သူက စွတ်ပြုတ်အား စတင် စိတ်ဖြာပိုင်းခြားကြည့်ကာ သူ့ကိုယ်ပိုင် အသက်ဓာတ်ဆေးလုံးကို ဖော်စပ်နိုင်ခဲ့သည်။ ဆေးလုံး၏ အမည်အတွက်ကား မိုဝူကျိက အသက်ဓာတ်နတ်ဆေးလုံးဟုသာ စွတ်ပြုတ်နာမည်ကို ပြန်ယူသုံးထားလိုက်၏။
မိုဝူကျိတွင် သူ့ကိုယ်ပိုင် အသက်ဓာတ်ချီသွေးကြော ရှိလေရာ ဤကဲ့သို့ဆေးလုံးမျိုးမှာ သူ့အတွက် သိပ်အသုံးမဝင်ချေ။ လုကျီတင်းနှင့် နီကိုင်တို့အား ကုသရန် ဤအဆင့် ၅ နတ်ဆေးလုံးများကို သုံးခြင်းမှာ ခြင်တစ်ကောင်ကို သတ်ရန် အမြောက်ကို သုံးလိုက်ခြင်းနှင့်သာ တူနေလေတော့၏။
လုကျီတင်းက ခေါင်းခါလိုက်ပြီး
“နတ်ဘုရားချောက်ကမ်းပါး ကုန်းမြေထဲမှာ နတ်ဘုရားမျိုးနွယ်တွေက ရုတ်တရက်ကြီး ပေါ်လာကြပြီး တခြားမျိုးနွယ်အားလုံးကို သတ်ဖြတ်ရင်း စကြဝဠာအစွန်းထိ ရောက်လာကြတယ်။ အဲ့ဒီတုန်းက ကျုပ်က ကျိုးပျက်နယ်မြေထဲမှာ ရှိနေတာကြောင့်မို့လို့ ပထမဆုံးအကြိမ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးကနေ လွတ်မြောက်သွားခဲ့တယ်။ အဲဒီနောက်ကျ ကျုပ် ကူးပြောင်းအစီအရင်ကို သုံးပြီး ထွက်ပြေးနိုင်ခဲ့တယ်။ ပြီးတော့ နတ်ဘုရားမျိုးနွယ်တွေ မီမလာခင် ကောင်းကင်ဘုံအလွန်ကို ကျုပ် ရောက်လာခဲ့ပြီး ကောင်းကင်ဘုံအလွန်မှာ ကျုပ် တာအိုရောင်းရင်းနီကိုင်နဲ့ တွေ့နိုင်ခဲ့ပြီးတော့ ကျုပ်တို့တွေ အတူတူ ထွက်ပြေးတိမ်းရှောင်နေကြတာ။ တခြားကိစ္စကိုတော့ ကျုပ်လည်း သေချာမသိဘူး”
နီကိုင်က သက်ပြင်းချကာ
“အဲ့ဒီလူတွေက အရမ်းကို ကြောက်စရာကောင်းလွန်းတယ်။ မိစ္ဆာမျိုးနွယ်က ကျီကူဆိုလည်း ထိပ်တန်းအဆင့် တာအိုဧကရာဇ်တစ်ယောက်ပါပဲ။ ဒါပေမဲ့ သူတောင် ပြန်ခုခံဖို့ ဘာအင်အား ဘာအခွင့်အရေးမှ မရလိုက်ဘဲ အသတ်ခံလိုက်ရတာကို ကျုပ်မျက်စိနဲ့ အတပ်မြင်ခဲ့ရတာဗျ။ ကျုပ်လည်း ပြန်မတိုက်ရဲတာနဲ့ ချက်ချင်းပဲ ကျုပ်ရဲ့အသက်ဓာတ်ကို လောင်ကျွမ်းစေပြီး ကောင်းကင်ဘုံအလွန်ထဲကို ထွက်ပြေးခဲ့ရတယ် ”
မိုဝူကျိသည် ယခုတွင်ကား အင်မော်တယ်ဧကရာဇ် အဆင့်နယ်ပယ်ကို ကျော်လွန်နေသော အဆင့်မြင့်ကျင့်ကြံသူများက စကြဝဠာအစွန်းသို့ ရောက်လာကြပြီမှန်း သေချာသွားလေသည်။ သို့မဟုတ်ပါက မဟာဧကရာဇ် တစ်ယောက်သည် တိုက်ကွက်တစ်ကွက်တည်းနှင့်ပင် အသက်ရှင်ကျန်ရစ်နိုင်စွမ်း မရှိဘူးဆိုသည်မှာ တော်တော်ကြီးကြီး မဖြစ်နိုင်သည့်အရာ ဖြစ်သည်။ မိုဝူကျိက ကျီကူကို ကောင်းကောင်းသိသည်။ ကျီကူမှာ အကြီးအကဲတစ်ယောက်သာ ဖြစ်သော်လည်း မိစ္ဆာမျိုးနွယ်၏ ထိပ်တန်းအဆင့် ပညာရှင်တစ်ယောက် ဖြစ်နေဆဲပင်။
“တာအိုသခင်မို… ဒီလူတွေ ဘယ်ကနေ လာကြတာလဲဆိုတာ ခင်ဗျား သိသလား”
နီကိုင်က ရုတ်တရက် ထမေးလိုက်သည်။
မိုဝူကျိက ပြန်မေးလိုက်သည်။
“တာအိုရောင်းရင်းနီကိုင်… သူတို့တွေ ဘယ်ကနေ လာမှန်း ခင်ဗျားသိနေတာများလား”
နီကိုင်က ခေါင်းငြိမ့်ပြသည်။
“မှန်ပါတယ်… သူတို့ ဘယ်က လာမှန်း ကျုပ် သိတယ်ဗျ”
***